အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း (၂၉၈)
အချိုပွဲဆိုင်လေး ဖွင့်လှစ်ခြင်း
နာဘု သတိပြန်ရလာသော်လည်း ခန္ဓာကိုယ်မှာ အလွန်အားနည်းနေဆဲ ဖြစ်၏။ သူမသည် သူ့ဒဏ်ရာကို သေသေချာချာ စစ်ဆေးကြည့်ရာ အနာ ရောင်ရမ်းသည့် လက္ခဏာများ ရှိနေသည်ကို တွေ့ရသည်။ သူ နေ့ခင်းဘက်တွင် အဖျားတက်ခဲ့သော်လည်း အဖျားကျဆေး သောက်ပြီးနောက် ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်သွား၏။
ဒေါ်လေးပန်းကမူ အိပ်ရာမှထကာ အလုပ်လုပ်နိုင်နေပြီ ဖြစ်သည်။ သူမသည် တစ်နေရာတည်းတွင် ငြိမ်ငြိမ်မနေတတ်သည့် လူစားမျိုး ဖြစ်ပေရာ ဟွာကျွင်းကို မြင်သည်နှင့်တစ်ပြိုင်နက် အကင်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် ဇွတ်အတင်း ပူဆာတော့၏။
“အားမောက်လည်း အခု နေကောင်းသွားပြီပဲ။ အိမ်မှာ အသစ်ဝယ်ထားတဲ့ သိုးသားတွေက မသုံးဘဲ ထားရင် မကြာခင် ပျက်စီးကုန်တော့မှာ”
သူမ ဘာမှမတတ်နိုင်ဘဲ ဒေါ်လေးပန်းကို ဖျောင်းဖျရသည်။
“ဒေါ်လေးပန်းရယ် နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီး အနားယူပါဦးနော်။ သိုးသားတွေကို ကျွန်မ ဝယ်ပြီး တည်းခိုခန်းမှာ သိမ်းထားပေးပါတယ်။ အားမန်က သုံးဖို့ အစီအစဉ် ရှိပါတယ်”
ဒေါ်လေးပန်း သက်ပြင်းချရင်း ညည်းတွား၏။
“ငါသာ ဒီထက်ပိုပြီး အလုပ်လက်မဲ့ နေနေရရင်တော့ တစ်ကိုယ်လုံး မှိုတက်တော့မှာပဲ”
သူမလည်း သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။ “ဒေါ်လေးပန်းတို့ကို ဒုက္ခရောက်စေခဲ့မိပြီ”
မုန့်ဆိုင်သို့ ပြန်ရောက်သည့်အခါ ကျောက်လုအာ သူမကို စောင့်ဆိုင်းနေသည်။ သူမသည် ဟွာကျွင်းကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းထရပ်ကာ စိုးရိမ်တကြီး မေးမြန်းတော့၏။
“တော်သေးတာပေါ့၊၊ ရှင် အများကြီး လန့်သွားလား”
သူမ ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
“မလန့်ပါဘူး။ အားလုံးရဲ့ အကူအညီကြောင့်ပါ”
“ကျွန်မအဖေကလည်း သတင်းကြားကြားချင်း တော်တော်လေး စိတ်ပူသွားတာ။ ဒါကြောင့်မလို့ ကျွန်မကို ရှင့်ဆီ သီးသန့်လာကြည့်ခိုင်းတာပါ။ ရှင် တစ်ခုခု လိုအပ်တာရှိရင် သူ့ကိုသာ ပြောပါ။ သူ သေချာပေါက် ကူညီပေးပါလိမ့်မယ်။ စုဝမ်ကလည်း ကျွန်မ လာမယ်ဆိုတာ ကြားလို့ ရှင့်ကို နှုတ်ဆက်ပေးဖို့ မှာလိုက်သေးတယ်။ သူ အားတဲ့ရက်ကျရင် ရှင့်ဆီ လာခဲ့မယ်တဲ့”
ဟွာကျွင်း၏ ပုံမှန်အတိုင်း တည်ငြိမ်နေသော စိတ်ခံစားချက်ကို မြင်တွေ့ရမှသာ ကျောက်လုအာ စိတ်အေးလက်အေး ဝင်ထိုင်လိုက်ပြီး ဆက်လက်၍ ပြောတော့သည်။ “တကယ်လို့ အခြား မိန်းကလေးတစ်ယောက်ယောက်သာဆိုရင် ဒီလိုမျိုး အဖြစ်အပျက်မျိုးနဲ့ ကြုံပြီးရင် အိပ်ရာကနေတောင် ထရဲတော့မှာ မဟုတ်ဘူး။ ရှင်ကတော့ ထူးထူးခြားခြားပဲ။ ဟိုပြေးဒီပြေးနဲ့ အရာအားလုံးကို စီစဉ်နေနိုင်သေးတယ်”
သူမသည် ချက်ချင်းပင် တွေးတောတွက်ချက်လိုက်ရင်း ပြော၏။ “ဒါကြောင့်မို့လို့ ညီမအဖေကို ပြောလိုက်တယ်။ ညီမလည်း ဟွာကျွင်းလိုမျိုး ဖြစ်ချင်တယ်။ အပြင်ကို ပိုပြီး ထွက်ချင်တယ်လို့။ မဟုတ်ရင် အိမ်ထဲမှာပဲ တစ်နေကုန် ပိတ်မိနေတာက ကြောင်တစ်ကောင် မွေးထားသလိုပဲ။ ကြောင်တွေ ဘယ်လောက်တောင် ကြောက်တတ်လဲဆိုတာ အစ်မ ကြည့်ပါဦး”
ယခင်တစ်ကြိမ် ကျောက်လုအာသည် ဟွာကျွင်း၏အိမ်တွင် ရက်အတော်ကြာ တည်းခိုနေထိုင်ရင်း နေ့စဉ် လှည့်လည်သွားလာခဲ့သဖြင့် သူမ၏ အရည်အချင်းနှင့် စိတ်နေသဘောထားများ ပြောင်းလဲသွားသည်။ သူမ အိမ်တော်သို့ ပြန်ရောက်သွားသည့်အခါ လုံးဝ သက်တောင့်သက်သာမရှိတော့ဘဲ ယခင်ကကဲ့သို့ တစ်နေကုန် ပိတ်မနေနိုင်တော့ချေ။
ဟွာကျွင်း ကျောက်လုအာ နှစ်သက်တတ်သော ကိတ်မုန့်များနှင့် ဖျော်ရည်များကို ယူဆောင်လာပေးရင်း ပြောလိုက်၏။
“ရှင် ဒီကို မလာတာ ရက်အတော်ကြာပြီ။ အများကြီး စား”
ကျောက်လုအာ နှုတ်ခမ်းလေးစုဝိုင်းလျက် ပြုံးကာ ပြော၏။
“ဟွာကျွင်းက ညီမအကြောင်းကို အသိဆုံးပဲ”
သူမသည် သရက်သီးကိတ်မုန့်ကို ဇွန်းဖြင့် တစ်ဇွန်းခပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း မျက်လုံးလေးများ မှေးစင်းလျက် သက်တောင့်သက်သာဖြင့် ခေါင်းရမ်းကာ ရေရွတ်လိုက်သည်။
“တကယ်ကို အရသာရှိတာပဲ။ အခုမှပဲ အသက်ပြန်ရှင်လာသလို ခံစားရတယ်”
ကျောက်လုအာ ရောက်မလာသည်မှာ ကြာပြီဖြစ်၍ ပြောစရာ စကားလုံးများ မြောက်မြားစွာ ရှိနေ၏။ ဟွာကျွင်းသည် ကျောက်လုအာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း နားထောင်ပေးနေသည်။
“အရင်ကြိမ်က ရှင် ရောင်းတဲ့ ရေခဲမုန့်က တကယ်ကို ကောင်းတာ။ နောက်ပိုင်းကျတော့ ဝယ်လို့ကို မရတော့ဘူး”
“ပြီးတော့ ဒီကိတ်မုန့်တွေဆိုရင်လည်း ကျွန်မ စားချင်တိုင်း တန်းစီရတာ အရမ်းကြာတယ်။ တခြားလူတွေနဲ့ အလုအယက် တိုးဝှေ့နေရတာထက်စာရင် ရှင် အခုထက် ဈေးနည်းနည်း ပိုတိုးပြီး ရောင်းရင်တောင် ပိုကောင်းဦးမယ်။ တကယ်ကို အခက်အခဲ ဖြစ်ရတယ်”
ကျောက်လုအာ ပြောလေ စိတ်မရှည်လေ ဖြစ်လာပြီး စားပွဲပေါ်သို့ပင် မှီချလုနီးပါး ဖြစ်သွား၏။
ဟွာကျွင်း: “ဘာခက်တာမှတ်လို့လဲ။ ရှင် စားချင်တဲ့အချိန်ကျရင် ဆိုင်ထဲကို တိုက်ရိုက်သာ ဝင်လာခဲ့။ ကျွန်မ မရှိရင်လည်း ဟွာရှန့် ဒါမှမဟုတ် မော့ချွမ်းကို ရှာပြီး ရှင့်အတွက် တစ်ပွဲလောက် ယူခိုင်းလိုက်ရင် အဆင်ပြေတာပဲ မဟုတ်လား”
“အဲဒါက ဘယ်လိုလုပ် တူမှာလဲ”
ကျောက်လုအာ ကိုယ်ကို ပြန်မတ်လိုက်ရင်း ပြော၏။ “ကျွန်မ ကိတ်မုန့် ရလာရင်တောင် ဘယ်နေရာမှာ ထိုင်စားရမှာလဲ။ အိမ်ပြန်သယ်သွားရင် အရည်ပျော်သွားမှာကို စိုးရိမ်ရတယ်၊၊ ပြီးတော့ ဒီဆိုင်မှာကျတော့လည်း အေးအေးဆေးဆေး ထိုင်စားစရာ နေရာမရှိဘူး။ ရှင် မသိလို့ပါ၊ ကျွန်မ သူငယ်ချင်း မိန်းကလေး တော်တော်များများက ဒီအချက်ကြောင့်ပဲ မုန့်ဆိုင်ကို မလာရဲ ဖြစ်နေကြတာ”
“အဲလိုလား…” ဟွာကျွင်း တစ်ခဏ စဉ်းစားရင်း ပြောလိုက်၏။
“အချိုပွဲတွေအတွက် သီးသန့်နေရာတစ်ခု ရှိနေပြီး ပုံမှန် ထမင်းလာစားတဲ့ ဧည့်သည်တွေနဲ့ သီးခြားစီ ခွဲခြားထားနိုင်မယ်ဆိုရင်တော့ ဒီပြဿနာက ပြေလည်သွားမှာပဲ”
“ဟုတ်တယ်”
ကျောက်လုအာ ဟွာကျွင်း၏ ပုခုံးကို ပုတ်လိုက်ရင်း စိတ်လှုပ်ရှားစွာပြောတော့သည်။
“ဟုတ်ပါ့၊ ဟုတ်ပါ့၊ ဟုတ်ပါ့။ ဟွာကျွင်း ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုခုကို မြန်မြန်လေး စဉ်းစားပေးဦး။ ဒါမှ ကျွန်မတို့ သူငယ်ချင်းတွေလည်း အတူတူ ဆုံစည်းဖို့ နေရာကောင်းတစ်ခု ရမှာ”
ဆိုင်ပိတ်ရမည့် အချိန်သို့ ရောက်ရှိလာပြီး ကျောက်လုအာသည် စား၍မကုန်သေးသော မုန့်များကို သယ်ဆောင်လျက် ပြန်လည်ထွက်ခွာသွား၏။ သူမသည် ကုလားထိုင်တွင် ထိုင်ရင်း အတွေးနက်နေမိသည်။ မော့ချွမ်း စားပွဲခုံများကို သန့်ရှင်းရေးလုပ်ကာ သိမ်းဆည်းနေ၏။ သူမ ငိုင်တိုင်တိုင် ဖြစ်နေသည်ကို မော့ချွမ်း မြင်သောအခါ မေးလိုက်သည်။
“ခင်ဗျား ဘာဖြစ်နေတာလဲ၊၊ မိန်းကလေးကျောက် ပြန်သွားတာနဲ့ ခင်ဗျား ဝိညာဉ်ပါ လွင့်သွားသလိုပဲ”
သူသည် အဝတ်စုတ်ကို ပုခုံးပေါ်သို့ တင်လိုက်ရင်း သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
“ခင်ဗျား ဘာတွေ တွေးနေတာလဲ”
“ကျွန်မ နောက်ထပ် ဆိုင်တစ်ဆိုင် ထပ်ဖွင့်ဖို့ စဉ်းစားနေတာပါ”
မော့ချွမ်း: “အခုအချိန်မှာ နေရာတိုင်းက ငွေလိုနေတာ။ ခင်ဗျားက ဘာဖြစ်လို့ ဆိုင်အသစ် ထပ်ဖွင့်ချင်နေရသေးတာလဲ”
ဟွာကျွင်းက သူ့ကို ဂရုမစိုက်တော့ဘဲ ရေရွတ်လိုက်၏။
“မုန့်ဆိုင်ရဲ့ အရှေ့ဘက်က လွတ်နေတဲ့ မြေကွက်လပ်ကို ရွေးချယ်ပြီး သက်တောင့်သက်သာရှိမဲ့ အိမ်လေးတစ်လုံး ဆောက်မယ်။ ပထမထပ်မှာ နူးညံ့တဲ့ ဆိုဖာထိုင်ခုံတွေ ထားပြီး ဒုတိယထပ်ကိုတော့ သီးသန့်အခန်းတွေအဖြစ် ဖန်တီးမယ်။ ငါ ဒီဇိုင်းထုတ်ပေးမဲ့သူတစ်ယောက်ကို ချက်ချင်းရှာပြီး မြေပုံဆွဲခိုင်းရမယ်”
မော့ချွမ်း နားမလည်နိုင် ဖြစ်သွား၏။
“အဲဒါဆိုရင် ဒီမုန့်ဆိုင်နဲ့ ဘာထူးမှာလဲ၊၊ ဘာဖြစ်လို့ ဒုက္ခခံပြီး မုန့်ဆိုင်နောက်တစ်ဆိုင် ထပ်ဖွင့်နေဦးမှာလဲ”
သူမ၏ လေသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။
“ရှင် နားမလည်ပါဘူး၊ ကျွန်မက ကိတ်မုန့်တွေနဲ့ လက်ဖက်ရည်တွေကို ဒီဆိုင်ကနေ သီးသန့်ခွဲထုတ်ပြီး မိန်းကလေးတွေ သဘောကျမဲ့ အချိုပွဲဆိုင် သီးသန့် ဖွင့်ချင်တာ”
“ရူးနေပြီ၊ တကယ်ကို ရူးနေပြီ”
မော့ချွမ်း မတ်တတ်ရပ်လိုက်ရင်း ပြော၏။
“ခင်ဗျား သဘောရှိတာသာ လုပ်ပါ။ ဒါပေမဲ့ ကြိုပြီး ပြောထားပါရစေ။ ကျွန်တော်ကတော့ ဒီဆိုင်တစ်ဆိုင်တည်းကိုပဲ တာဝန်ယူမှာနော်”
“ကျွန်မတို့ဆီမှာ လူအင်အား လိုအပ်နေလို့လား”
သူမ အိမ်သို့ ပြန်ရောက်သည့်အခါ စာရွက်နှင့် ကလောင်ကို ထုတ်ယူ၍ စိတ်ကူးစိတ်သန်း အားလုံးကို ချရေးလိုက်ပြီးနောက် နောက်ရက်တွင် ဒီဇိုင်းထုတ်မည့်သူထံသို့ သယ်ဆောင်သွားတော့သည်။
၎င်းသည် ခြံဝင်းလေး ပါရှိသော နှစ်ထပ်အိမ်လေး ဖြစ်ရမည်ဖြစ်ပြီး ပတ်ပတ်လည်တွင် ပန်းမန်များနှင့် အစိမ်းရောင် အပင်ငယ်လေးများ ဝန်းရံထားရမည်။ ခြံဝင်းအတွင်း၌လည်း စားပွဲနှင့် ကုလားထိုင်များ ထားရှိရမည်ဖြစ်ကာ အိမ်အတွင်းရှိ အသေးစိတ် အချက်အလက် အားလုံးမှာလည်း သပ်ရပ်ပြီး သက်တောင့်သက်သာ ရှိနေရမည် ဖြစ်သည်။ မီးဆိုင်းများ၊ ဖယောင်းတိုင်ခုံများ၊ မီးအိမ်များနှင့် စားပွဲခင်းများ အားလုံးကို သေသေချာချာ ရွေးချယ်ရမည်။
သူမ စားပွဲတင်မီးအိမ်အောက်တွင် ခေါင်းစိုက်လျက် အချက်အလက်များကို ရှာဖွေကာ မှတ်တမ်းတင်၏။ ရာ ဟွာရှန့် အခန်းထဲသို့ ဝင်လာသည်ကိုပင် သတိမပြုမိပေ။
ဟွာရှန့်သည် ပထမတန်း အင်္ဂလိပ်ဖတ်စာအုပ် ကို ကိုင်ဆောင်ထားရင်း အလွန်ပင် ခံရခက်သော မျက်နှာထားဖြင့် မေးရှာ၏။
“မမ သမီး ဒီနိုင်ငံခြားဘာသာစကားကို သေချာပေါက် သင်ရမှာလား”
သူမက ဟွာရှန့်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ပြော၏။
“အင်္ဂလိပ်စာတင်မကဘူး၊ ကျန်တဲ့အရာအားလုံးကိုလည်း သင်ယူရမယ်။ နောက်နောင်ကျရင် ဆိုင်ရဲ့ အလုပ်ကိစ္စတွေကို စိတ်ပူနေစရာ မလိုတော့ဘူး။ စာကိုပဲ အာရုံစိုက်ပြီး ဖတ်ပါ၊ အိမ်စာလုပ်ပါ၊ ညဘက်ကျရင် အိမ်မှာ အေးအေးဆေးဆေး နားပါ”
ဟွာရှန့်သည် စာမဖတ်ချင်သဖြင့် နှုတ်ခမ်းလေးစူကာ ဟွာကျွင်းကို အသနားခံ၏။
“မမရယ်... သမီးကို ဆိုင်မှာပဲ အလုပ်လုပ်ခွင့်ပေးပါ။ သမီး အလုပ်လုပ်ရတာကို ဝါသနာပါလို့ပါ။ ကျေးဇူးပြုပြီးတော့…”
“အော်... ဒါနဲ့”
သူမ စာရွက်ပေါ်တွင် မှတ်တမ်းတင်ရန်အတွက် ခေါင်းကို ထပ်မံငုံ့လိုက်ရင်း ရေရွတ်လိုက်သည်။
“ဆိုင်မှာ စာအုပ်စင်တွေလည်း လိုအပ်လိမ့်မယ်။ စာအုပ်တွေ အများကြီး ထားရမယ်။ အဲဒီမိန်းကလေးတွေအားလုံးက စာဖတ်ရတာကို ဝါသနာပါကြတာကိုး”
ဟွာရှန့်သည် ဟွာကျွင်းတစ်ယောက် စိတ်ကူးများထဲတွင်သာ အာရုံစိုက်နေသည်ကို မြင်တွေ့ရသောအခါ အသနားခံမှုက အရာထင်မည်မဟုတ်မှန်း သဘောပေါက်သွားပြီး နှုတ်ခမ်းလေးစူလျက် စာအုပ်ကို ကိုင်ကာ ထွက်ခွာသွားတော့၏။
မော့ချွမ်း အခန်းတံခါးဝမှ ဖြတ်သွားရင်း ပြုံးကာ လှမ်းပြောလိုက်၏။
“ဘာမှ ထပ်ပြီး မတွေးနဲ့တော့ ဟွာရှန့်။ မင်း အသက်အရွယ်က စာကို သေသေချာချာ ဖတ်ရမဲ့အရွယ်ပဲ။ အရာအားလုံးကို မြန်မြန်လေး သင်ယူထား။ မင်း မမက စက်တင်ဘာလကျရင် မင်းကို ကျောင်းပို့တော့မှာ”
ဟွာရှန့် ညည်းတွားလိုက်မိသော်လည်း ဘာမှတတ်နိုင်တော့ပေ။
ဟွာကျွင်းသည် သူမ တွေးတောမိသမျှ အရာအားလုံးကို ချရေးပြီးနောက် စားပွဲတင်မီးအိမ်ကို ပိတ်လိုက်ကာ ကုတင်ပေါ်တွင် သက်တောင့်သက်သာဖြင့် လှဲလျောင်းလိုက်၏။
ရက်များကို ရေတွက်ကြည့်ရာ ဖင်းရှန့်ဆိုင်က ရေမွှေးများမှာလည်း နောက်ထပ် ရက်အနည်းငယ်အတွင်း စတင်ရောင်းချတော့မည် ဖြစ်သည်။ ထိုအချိန်ကျပါက နောက်ထပ် ငွေအမြောက်အမြား အကောင့်ထဲသို့ ဝင်ရောက်လာမည်ဖြစ်ပြီး ဤငွေများကို ရွာအတွင်း၌ အသုံးပြုမည်ဖြစ်ရာ လောလောဆယ်တွင် ခေတ်သစ်ငွေကြေးအဖြစ် ပြောင်းလဲရန် စိတ်ပူနေစရာ မလိုချေ။
သူမသည် နေ့လယ်အချိန်အထိ အိပ်ရာမှ မထခဲ့ချေ။ နေ့ခင်းပိုင်းတွင် ဒီဇိုင်းပုံထုတ်မည့်သူနှင့် အစီအစဉ်များကို ဆွေးနွေးရန် ချိန်းဆိုထား၏။ ထို့နောက် သက်တောင့်သက်သာဖြင့် မျက်နှာပေါင်းတင်မတ်စ်ကို ကပ်လိုက်ရင်း ဆိုဖာပေါ်တွင် လှဲလျောင်းကာ တိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ပစ္စည်းအမျိုးမျိုးကို စတင်မှာယူတော့၏။
ရိက္ခာပစ္စည်းများ
ဆန်၊ ဆပ်ဆန်၊ ဂျုံမှုန့်၊ ခေါက်ဆွဲခြောက်၊ အသင့်စားခေါက်ဆွဲ၊ စစ်သုံးမုန့်ခြောက်၊ သကြားဖြူ၊ ဆား၊ အမဲသားစည်သွပ်ဘူး၊ ငါးသေတ္တာဘူး။
ဆေးဝါးပစ္စည်းများ
ပတ်တီးများ၊ ရောင်ရမ်းမှုကျဆေးများ၊ သွေးတိတ်ဆေးများ၊ အရေးပေါ် နှလုံးအားဆေးများ၊ ပဋိဇီဝဆေးများ၊ ဝမ်းပိတ်ဆေးများ၊ ပိုးသတ်ဆေး၊ အယ်လ်ကိုဟောဂွမ်းစများ၊ အဖျားကျကပ်ခွာများနှင့် အဖျားကျဆေးများ။
ထို့အပြင် ညကြည့်မှန်ပြောင်းများ၊ စစ်သုံးဓားမြှောင်များ၊ ကြိုးများ၊ ပုဆိန်များနှင့် စကားပြောစက် များ။
ဤအရာအားလုံးကို ဝယ်ယူပြီးနောက် သူမ ဖုန်းကို ချလိုက်ကာ အပြင်သို့ ထွက်၍ လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်၏။
သူမ ပြတိုက် အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ဆရာကြီးလု၏ ကျောင်းသားများ တစ်နေရာတည်းတွင် စုဝေးလျက် တစ်စုံတစ်ရာကို အလေးအနက် ဆွေးနွေးနေကြသည်ကို မြင်တွေ့လိုက်ရတော့သည်။