← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း (၂၉၉)

ဆယ်ယွမ်တန် ယပ်တောင်ဝိုင်း

“ရှင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ”

ဟွာကျွင်း အနားသို့ တိုးကပ်သွားရင်း သူတို့ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေကြသည်ကို မြင်သဖြင့် မေးလိုက်၏။

အဘိုးလု: “မင်း လာတာ အတော်ပဲ။ ဒီကလေးတွေက ပြတိုက်ကို လူသိများအောင်လို့ ‘လိုက်ဖ်’ (Live stream) လွှင့်ပြီး မိတ်ဆက်ပေးချင်လို့တဲ့”

“ဟုတ်တယ် အစ်မဟွာကျွင်း၊ ညီမတို့ ဒီမှာ လက်မှတ်ဖိုးလည်း မပေးရဘဲ လေ့လာခွင့်ရနေတာဆိုတော့ ပြတိုက်ကို လူသိများအောင် ပြန်ကူညီပေးချင်လို့ပါ။ အစ်ရော ကင်မရာရှေ့မှာ ပါချင်လား”

ဟွာကျွင်း အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်၏။

“မပါရစေနဲ့တော့။ ကျွန်မ လူအများကြီးရှေ့ဆို နေရခက်တတ်လို့ ပါ။ ရှင်တို့ပဲ ဆက်လုပ်ကြပါနော်”

စကားပြောပြီးနောက် သူမက ဘေးသို့ ခပ်လှမ်းလှမ်း ဆုတ်ခွာကာ သူတို့ ကိရိယာများ ဆင်ယင်နေသည်ကို စောင့်ကြည့်နေသည်။

ကျောင်းသား၊ ကျောင်းသူများထဲတွင် ကျန်းချန်ချန် ဟုခေါ်သော အလွန်ချောမောလှပသည့် မိန်းကလေးတစ်ဦး ပါဝင်၏။ သူမတွင် ရှည်လျားသော ဆံကေသာရှိပြီး ရှေးဟောင်းဝတ်စုံကို ဆင်မြန်းထားရာ လှုပ်ရှားမှုတိုင်းတွင် ရှေးဆန်သော အလှတရားများ ထွက်ပေါ်နေ၏။ သူမက တိုက်ရိုက်ထုတ်လွှင့်မည့်သူအဖြစ် ရွေးချယ်ခံထားရပုံရသည်။

မီးအလင်းအမှောင်များ အဆင်သင့်ဖြစ်ပါက ကျန်းချန်ချန်သည် ပြကွက်မှန်ဗီရိုတစ်ခု၏ ရှေ့တွင် မတ်တတ်ရပ်ကာ လိုက်ဖ်ကြည့်ရှုသူများကို ပြတိုက်အကြောင်း စတင်မိတ်ဆက်ပေးတော့၏။

ဤကျောင်းသားများသည် သူတို့ကျောင်း၏ တရားဝင်အကောင့်တွင် ကြိုတင်အကြောင်းကြားထားကြသဖြင့် လိုက်ဖ်စတင်သည်နှင့် ကျောင်းနေဖက် အများအပြားက ဝင်ရောက်အားပေးကြသည်။ ထို့ပြင် ကျန်းချန်ချန်၏ လှပသော ရုပ်ရည်၊ ကြည်လင်သော အသံနှင့် ပြတ်သားသော ဗီဇာတို့ကြောင့် ကြည့်ရှုသူဦးရေ တဖြည်းဖြည်း ပိုမိုများပြားလာ၏။

ကြည့်ရှုသူ တိုးပွားလာသည်ကို မြင်သောအခါ ကျန်းချန်ချန် ပြသထားသော ပစ္စည်းများကို လိုက်လံရှင်းပြရင်း တစ်ခါတစ်ရံတွင် ကြည့်ရှုသူများနှင့် စကားပြောကာ မေးခွန်းများကို ဖြေကြားပေးသည်။

“ဟုတ်ကဲ့ပါရှင်၊၊ ဒါတွေက သီးသန့်စုဆောင်းထားတဲ့ ပစ္စည်းတွေပါ။ ပစ္စည်းစုဆောင်းထားတဲ့ အစ်မက တကယ့်ကို စိတ်ကောင်းရှိပါတယ်။ သူ ဒီပြတိုက်ကို တည်ဆောက်ပေးထားရုံတင်မကဘဲ ညီမတို့ကိုလည်း အခမဲ့ သုတေသနလုပ်ခွင့် ပေးထားတာပါ”

“ပြတိုက်တည်နေရာကလည်း ရှာရတာ အရမ်းလွယ်ကူပြီး ပတ်ဝန်းကျင် ရှုခင်းတွေကလည်း တကယ့်ကို လှပပါတယ်။ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးပါပဲ”

“ပြတိုက်ထဲမှာလည်း ဓာတ်ပုံရိုက်လို့ကောင်းမဲ့ နေရာအချို့ ရှိပါတယ်။ အလင်းအမှောင်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်စီစဉ်ပေးထားပါတယ်။ ကျွန်မတို့ ကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံအချို့ကိုလည်း နောက်မှ အကောင့်မှာ တင်ပေးပါမယ်”

“ဆိုင်ဖွင့်တာ မကြာသေးတော့ လက်မှတ်ဈေးနှုန်းကလည်း အရမ်းတန်ပါတယ်။ တစ်ယောက်ကို (၂၀) ယွမ်ပဲ ကျသင့်ပါတယ်”

“ဟမ်၊ ဘယ်သူလဲ။ အဲဒီအမျိုးသားလား”

ကျန်းချန်ချန် ရုတ်တရက် မေးလိုက်၏။ သူမ လှည့်ကြည့်လိုက်ရာ မော့ချွမ်းက သူမ အနောက်တွင် မတ်တတ်ရပ်လျက် ဖုန်းပွတ်နေသည်ကို အမှတ်မထင် မြင်တွေ့လိုက်ရသည်။

“ဪ သူက ပြတိုက်က ဝန်ထမ်းမဟုတ်ပါဘူး။ သူက ဘေးနားက မုန့်ဆိုင်က ဝန်ထမ်းပါရှင်။ အရမ်းချောတာပဲ။ဟုတ်ပါတယ် ညီမတို့အားလုံးလည်း အဲလိုပဲ ထင်ကြပါတယ်”

မော့ချွမ်းသည် သူ့နာမည်ကို ခေါ်သံကြားသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူ သူတို့ကို မော့ကြည့်လိုက်ပြီးနောက် ဖုန်းပြန်ပွတ်ရန် ခေါင်းပြန်ငုံ့သွားသည်။

သူသည် အနားယူသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး သူ့အနောက်တွင်မူ ဗိသုကာပညာရှင်က သီးသန့်ပုံစံဖော်ပေးထားသည့် မြင်ကွင်းရှိ၏။ အပေါ်မီးဆိုင်းများကြောင့် မီးခိုးဖြူရောင် နံရံပေါ်သို့ ဝါးတောများနှင့် လိုက်ကာစများ၏ ပုံရိပ်များ ကျရောက်နေကာ အလင်းနှင့် အမှောင် လှုပ်ခါနေသော ဝါးရိပ်များဖြင့် ဆိတ်ငြိမ် ဆန်းပြားလှပသော အလှတရားတစ်ခုကို ဖန်တီးပေးထားသည်။

မော့ချွမ်းသည် ဆံပင်ကို ပင့်တင်စည်းနှောင်ထားပြီး အနက်ရောင် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားရာ ဤရှေးဟောင်းမြင်ကွင်းနှင့် အချိတ်အဆက်မိမိ တစ်သားတည်းကျနေပြီး ကြည့်ရသူကို အချိန်ခရီးသွားခဲ့ရသလို ခံစားချက်မျိုး ပေးစွမ်းနေ၏။

ကျန်းချန်ချန် ဆက်လက်၍ ပြောလိုက်သည်။

“ဒါဆိုရင် သူ ကင်မရာရှေ့မှာ ပါချင်၊ မပါချင်ကို ကျွန်မ သွားမေးပေးပါမယ်။ ခဏလောက် စောင့်ပေးပါဦးနော်”

ဟွာကျွင်း ပွဲကောင်းတစ်ပွဲ စတော့မည်ကို မြင်သဖြင့် သူမလည်း ဖုန်းထုတ်ကာ လိုက်ဖ်ထဲသို့ ဝင်ကြည့်တော့၏။

ကျန်းချန်ချန်သည် ကင်မရာကိုင်ထားသော ကျောင်းသားနှင့်အတူ မော့ချွမ်းထံ လျှောက်လှမ်းသွားသည်။ သူတို့ မော့ချွမ်းနှင့် ပိုမိုနီးကပ်လာလေ လိုက်ဖ်၏ ကွန်မန့်စာတန်းများ သဲကြီးမဲကြီး တက်လာလေလေ ဖြစ်သည်။

[အရမ်းချောတာပဲ]

[ရှေးဟောင်းပန်းချီကားထဲက ထွက်လာတဲ့အတိုင်းပဲ]

[သူ့မျက်ခုံးကို ကြည့်ပါဦး၊ ဘယ်လောက်တောင် ကြည့်ကောင်းလဲ၊ အစ်ကိုကြီးရဲ့ မျက်ဝန်းတွေထဲမှာ ရေကူးချင်လိုက်တာ]

ဟွာကျွင်း ရယ်လွန်းသဖြင့် မတ်မတ်မရပ်နိုင်တော့ချေ။

ကျန်းချန်ချန် မော့ချွမ်းအနားသို့ သွားကာ ယဉ်ကျေးစွာ မေးလိုက်၏။

“အစ်ကိုမော့ချွမ်း ကင်မရာရှေ့မှာ ခဏလောက် ပါပေးလို့ ရမလား”

မော့ချွမ်း လူအချို့ သူ့ကို ဝိုင်းအုံနေသည်ကို မြင်သောအခါ ကြောင်တောင်တောင်ဖြင့် မော့ကြည့်ပြီး မျက်နှာပျက်သွား၏။

“စိတ်မဝင်စားဘူး။ ကျွန်တော့်ကို လာမနှောင့်ယှက်နဲ့”

ကျန်းချန်ချန် ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။ “အားလုံး မြင်တဲ့အတိုင်းပါပဲ။ သူက ကင်မရာရှေ့မှာ မပါချင်ဘူးတဲ့။ ဒါကြောင့် ညီမတို့ ပြပွဲပစ္စည်းတွေကိုပဲ ဆက်ကြည့်ကြရအောင်နော်”

ထိုသို့ပြောသော်လည်း ကွန်မန့်များကတော့ ဆက်တိုက် တက်နေဆဲ ဖြစ်၏။

[ဘုရားရေ... ငြင်းတာတောင် ဒီလောက်အထိ ချောနေရတာလား]

[တစ်ယောက်ရဲ့ သွေးနဲ့ရေးထားတဲ့ ဆုတောင်းစာပါ၊ အဲ့ဒီ လူငယ်လေးကို ကင်မရာရှေ့ ထွက်လာပေးပါလို့ တောင်းဆိုပါတယ်]

[မုန့်ဆိုင်ကို သွားရင် ဒီမောင်လေးကို မြင်ရမလားဟင်]

[အားလုံး စိတ်မပူကြနဲ့။ ကျွန်တော် အနီးအနားမှာ ရှိနေတာမို့လို့ အရင်ဆုံး သွားပြီး စုံစမ်းပေးမယ်။ ကျွန်တော့်ကို ‘Follow’ လုပ်ထားကြပါ၊ ရောက်တာနဲ့ အကြောင်းကြားပေးမယ် လို့ ကတိပေးပါတယ်၊ ကျွန်တော့်ရဲ့ သတင်းက စိတ်ချရပါတယ်]

[အပေါ်ကလူရေ... ကျွန်မ စောင့်နေမယ်နော်၊ အကြောင်းကြားပေးပါဦး]

[ကျွန်တော်လည်း စောင့်နေမယ်]

ကျန်းချန်ချန်သည် လိုက်ဖ်၏ လမ်းကြောင်းက လုံးဝ လွဲချော်သွားသည်ကို မြင်သောအခါ အတော်လေး စိတ်ပျက်လက်ပျက် ပြုံးလိုက်မိ၏။ “မုန့်ဆိုင်က လောလောဆယ် ပိတ်ထားတာမလို့ ရှင်တို့ လာရင်တောင် သူ့ကို တွေ့ရမှာ မဟုတ်ပါဘူး”

လိုက်ဖ်ကြည့်နေသူ အမြောက်အမြား လာရောက်ရန် ပြင်ဆင်ကြပြီး အခြား အပန်းဖြေနေရာများသို့ ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသွားအချို့ပင် သူတို့ မူလအစီအစဉ်များကို ဖျက်သိမ်းကာ ဤနေရာသို့ လမ်းကြောင်းပြောင်း လာကြတော့သည်။

ဟွာကျွင်း ထိန်းမနိုင်သိမ်းမရ ရယ်မောနေမိ၏။ ဤကျောင်းသားများ ကြိုးစားနေကြသည်ကို မြင်သောအခါ သူမအနေဖြင့်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးသင့်သည်ဟု ခံစားမိသည်။

မုန့်ဆိုင် မဖွင့်သော်လည်း ပြတိုက်အတွင်း၌ အလုပ်လုပ်၍ရသည်ပင်။ အဓိကကတော့ အများပြည်သူ၏ တောင်းဆိုမှုအပေါ်တွင် မူတည်၏။

သူမသည် ဆိုင်သို့ အပြေးပြန်ကာ စားပွဲတစ်လုံးကို ကိုယ်တိုင်သယ်ဆောင်၍ မော့ချွမ်း၏ ရှေ့တွင် ချထားပေးလိုက်သည်။

မော့ချွမ်း ကြောင်အမ်းအမ်းဖြင့် ပြော၏။

“ခင်ဗျား ဘာလုပ်တာလဲ။ ကျွန်တော် ဖုန်းပွတ်ဖို့ စားပွဲမလိုပါဘူး”

“မလောနဲ့။ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်နေပါ”

ထို့နောက် သူမ ဆိုင်သို့ ပြန်သွားပြီး အတော်ကြာ ရှာဖွေကာ သူမထံတွင် ရှိနေသည့် ယပ်တောင်ဝိုင်း အပိုပစ္စည်းများကို သယ်ဆောင်လာပြီး စားပွဲပေါ်သို့ တင်လိုက်၏။

“မော့ချွမ်း ရှင် စာရေးတတ်လား”

“တတ်တာပေါ့”

မော့ချွမ်း ဟွာကျွင်း၏ မျက်နှာပေါ်က အပြုံးသည် လှည့်ကွက်တစ်ခုခု ရှိနေသည်ဟု ခံစားရသဖြင့် သူမကို သံသယဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်လက်ရေးက သိပ်မလှဘူးနော်”

“ကိစ္စမရှိပါဘူး။ ‘ဖူ’ (မင်္ဂလာရှိခြင်း၊ကံကောင်းခြင်း) ဆိုတဲ့ စာလုံးကို ရေးတတ်ရင် ရပြီ။ ကျွန်မ ပြောပြမယ်၊ ခဏနေလို့ လူတွေ လာကြရင် ရှင် ဒီယပ်တောင်တွေပေါ်မှာ ဖူ စာလုံးကို ရေးပေးပြီး တစ်လက်ကို ဆယ်ယွမ်နဲ့ ရောင်းလိုက်ပါ”

မော့ချွမ်း အံ့အားသင့်စွာ မေးလိုက်၏။

“ဒါက ငွေရနိုင်လို့လား၊ ဒီလို ပန်းပွင့်တွေ၊ ပန်းထိုးတွေ မပါတဲ့ ယပ်တောင်အလွတ်တွေကို ဘယ်သူက ဝယ်မှာလဲ”

ဟွာကျွင်း: “ဒီယပ်တောင်တွေကို ဒီအတိုင်း ထားရင်တော့ ဘယ်သူမှ ဝယ်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရှင် စာရေးလိုက်ပြီဆိုရင်တော့ ဒါတွေက တန်ဖိုးရှိသွားပြီလေ”

“တကယ်လား”

မော့ချွမ်း၏ နှုတ်ခမ်းအစုံက ပြုံးချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကွေးညွတ်သွား၏။

“ကျွန်တော့်လက်ရေးက အဲလောက်တောင် ကောင်းလို့လား၊ ကျွန်တော့်လက်ရေးက လူတောမတိုးဘူးလို့ပဲ အမြဲထင်နေခဲ့တာ”

မည်သို့ပင်ဆိုစေ သူ ယခင်က ကျန်းရှီယွဲ့နှင့် အတူတူ လျှောက်သွားဖူးပြီး ထိုလူ့လက်ရေးက တကယ့်ကို လှပလွန်းလှသည်။

ဟွာကျွင်း တည်ကြည်စွာ ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်”

ထို့နောက် မော့ချွမ်း၏ ပုခုံးကို ပုတ်ပေးပြီး ထွက်ခွာသွားသည်။

သူမသည် ထောင့်ချိုးတစ်ခုသို့ မပွင့်တပွင့် လျှောက်သွားပြီးနောက် ချက်ချင်းပင် လှည့်ပြန်လာကာ မော့ချွမ်းကို တိတ်တဆိတ် ချောင်းကြည့်နေ၏။

အမှန်ပင်။ သူက ချီးကျူးစကားကို မလွန်ဆန်နိုင်ပေ။ သူသည် ဖုံးကွယ်မရသော ဝမ်းမြောက်မှုဖြင့် ကိုယ်ကို မတ်လိုက်ပြီး စုတ်တံကို ကိုင်ကာ ယပ်တောင်တစ်လက်ပေါ်တွင် စမ်းသပ်ရေးသားရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကိုယ့်လက်ရေးကို ကိုယ်တိုင် အလွန်ကျေနပ်နေတော့သည်။

မကြာမီ အမှန်တကယ် လူအချို့ ရောက်ရှိလာ၏။ သူတို့မှာ မိန်းကလေးငယ် နှစ်ဦး ဖြစ်သည်။ သူတို့သည် ရှေ့က ကျောင်းသားများကို မေးမြန်း၍ မော့ချွမ်း၏ နေရာကို စုံစမ်းလာကြပုံရပြီး သူထံ တန်းတန်းမတ်မတ် လျှောက်လှမ်းလာကြသည်။

စားပွဲအနောက်တွင် စုတ်တံကို ကိုင်ထားသော မော့ချွမ်းကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများ တောက်ပသွား၏။

“ဟိုလေ”

လှိုင်းကောက်ဆံပင်ရှည်ရှိသည့် မိန်းကလေးက သူမသူငယ်ချင်း၏ လက်ကို ဆွဲကာ ရှေ့သို့ တိုးလာခဲ့သည်။

မော့ချွမ်း မော့ကြည့်ပြီး မေးလိုက်၏။

“ယပ်တောင် ဝယ်မလို့လား။ ကျွန်တော် အခုချက်ချင်း ‘ဖူ’ စာလုံး ရေးပေးမယ်၊၊ တစ်လက်ကို ဆယ်ယွမ်ပါ”

ထိုမိန်းကလေးက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြသည်။ “ဝယ်မယ်၊ ဝယ်မယ်၊ ဝယ်မယ်။ တစ်ယောက်ကို တစ်လက်စီ ပေးပါ”

မော့ချွမ်း စုတ်တံကို ကိုင်ပြီး စတင်ရေးသားလိုက်၏။ ထိုအချိန်တွင် မိန်းကလေးနှစ်ဦးက အရမ်းချောတာပဲ၊ အားးးဟု စိတ်လှုပ်ရှားစွာ တိုးတိုးလေး ရေရွတ်နေကြသည်ကို သူ ကြားလိုက်ရသည်။

သူတို့ သူ့လက်ရေးကို ချီးကျူးနေကြသည်ဟု ထင်မှတ်သဖြင့် သူ၏ လှုပ်ရှားမှုများက ပိုမိုသွက်လက်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ယပ်တောင်နှစ်လက်ပေါ်တွင် စာရေးပြီးသွားသည်။ ဆံပင်တိုနှင့် မိန်းကလေးက ဖုန်းကို မြှင့်တင်ကာ မော့ချွမ်း စာရေးနေသည့် ဘေးတိုက်ပုံစံကို ဓာတ်ပုံရိုက်ယူလိုက်သည်။

“ရပါပြီ၊ ကုဒ် စကင်ဖတ်လိုက်ပါ”

မိန်းကလေးများသည် ကုဒ်စကင်ဖတ်ကာ ယပ်တောင်များကို ယူဆောင်သွားကြပြီး သူတို့မျက်လုံးများကတော့ မော့ချွမ်း၏ မျက်နှာပေါ်ကနေ လုံးဝ မခွာခဲ့ကြချေ။

သူတို့သည် ပြတိုက်ထဲကနေ ပင်မထွက်ခွာရသေးမီ ယပ်တောင်ဓာတ်ပုံများနှင့် မော့ချွမ်း စာရေးနေသည့် ပုံများကို လူမှုကွန်ရက်ပေါ်သို့ ချက်ချင်း တင်ကြပြီး ပြတိုက်ကိုလည်း အလွန်အမင်း ချီးကျူးစကား ဆိုကြ၏။ ထိုညမှာပင် သူတို့တင်ထားသော ပို့စ်များ အကြီးအကျယ် ပျံ့နှံ့သွားခဲ့တော့သည်။

ဟွာကျွင်းသည် ဆော့ဖ်ဝဲလဲထဲက ကြိုတင်စာရင်းသွင်းထားသည့် စာရင်းများကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိ၏။ ပြတိုက်က ဤနည်းလမ်းမျိုးဖြင့် လူကြိုက်များလာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိသလို မော့ချွမ်းလည်း သူ့ကိုယ်သူအကြောင်းရင်းမရှိ အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်သွားမှန်း လုံးဝ သတိမထားမိချေ။

All Chapters