အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း (၃၀၀)
ပါတီ
မော့ချွမ်း၏ စရိုက်နှင့် ရုပ်ရည်က ပြတိုက်နှင့် အံ့ဩစရာကောင်းလောက်အောင် လိုက်ဖက်လွန်းလှသဖြင့် ပြတိုက်မှာ တရှိန်ထိုး လူကြိုက်များသွားပြီး နောက်တစ်နေ့တွင် ပြတိုက်အဝင်ဝ၌ လူစုလူဝေးဖြင့် အလွန်စည်ကားသိုက်မြိုက်နေတော့၏။
ထိုသို့ စည်ကားနေသော်လည်း ကျောင်းသား၊ ကျောင်းသူများကတော့ ပြတိုက်သို့ ဝင်ရောက်လာသော ဧည့်သည်များကို ယပ်တောင်ဝယ်ရန် တန်းစီနေမည့်အစား အနုပညာလက်ရာများကို ခံစားကြည့်ရှုနိုင်ရန်အတွက် ပြကွက်တစ်ခုချင်းစီ၏ နောက်ခံသမိုင်းကြောင်းနှင့် သေသပ်လှပသော အသေးစိတ်အချက်အလက်များကို အစွမ်းကုန် လိုက်လံရှင်းပြပေးနေကြသည်။
အလွန်စည်ကားနေသော ပထမပြခန်းနှင့် နှိုင်းယှဉ်ပါက ဒုတိယပြခန်းသည် ရှေးဟောင်းအနုပညာကို အမှန်တကယ် စိတ်ဝင်စားသူများကို ပိုမိုဆွဲဆောင်နိုင်ပြီး တတိယပြခန်းကမူ...
ဟွာကျွင်း တိတ်ဆိတ်သော နေရာတစ်ခုတွင် အနားယူချင်သဖြင့် တတိယပြခန်း၏ တံခါးကို တွန်းဖွင့်လိုက်၏။ လူသူရှင်းနေလိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း မျှော်လင့်မထားဘဲ ပြကွက်မှန်ဗီရိုထဲရှိ ဆီစိမ်စက္ကူထီးကို သေသေချာချာ အာရုံစိုက်လေ့လာနေသော ပညာတတ်ပုံစံ အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ဟွာကျွင်း အဘိုးလု ပြောပြဖူးသော ပရော်ဖက်ဆာပိုင်ကို သတိရသွားသည်။ သူက ဆီစိမ်စက္ကူထီးများကို နှစ်ပေါင်းများစွာ သုတေသနပြုလာခဲ့သူဖြစ်ပြီး ဟွာကျွင်း စုဆောင်းထားသော ထီးကို အလွန်စိတ်ဝင်စားနေသူ ဖြစ်သည်။ ဤသူသည် သေချာပေါက် ပရော်ဖက်ဆာပိုင် ဖြစ်ရမည်။
သူမ အနားသို့ လျှောက်သွားပြီး ယဉ်ကျေးစွာ မိတ်ဆက်လိုက်၏။
“မင်္ဂလာပါ ပရော်ဖက်ဆာပိုင်။ ကျွန်မက ဒီပြတိုက်ရဲ့ တာဝန်ခံ ဟွာကျွင်းပါ”
ပရော်ဖက်ဆာပိုင်က ဟွာကျွင်းကို ကြည့်ရန် သူ့မျက်မှန်ကို အနည်းငယ် နှိမ့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားကာ ဟွာကျွင်း၏လက်ကို လှမ်းဆွဲ၍ နှုတ်ဆက်တော့သည်။
“မင်္ဂလာပါ မိန်းကလေးဟွာ၊ မင်းအကြောင်း ကြားဖူးနေတာ ကြာပါပြီဗျာ”
“ဒီဆီစိမ်စက္ကူထီးရဲ့ လက်ရာနဲ့ အပြင်ဘက်က အရောင်တင်ဆီ (သစ်စေး) က ငါတို့ သုတေသနပြုထားတာတွေနဲ့ အများကြီး ကွဲပြားနေတယ်”
သူ ထီးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
ဟွာကျွင်းကလည်း သူကြည့်ရာသို့ လိုက်ကြည့်မိ၏။ သူမက ဤအရာများကို နားမလည်သော်လည်း လေ့လာရန် ကြိုးစားနေသည်။
“ရှင်က ထီးသံကိုင်းတွေရဲ့ လက်ရာကို ပြောတာလား”
“ဟုတ်တယ်။ မိန်းကလေးဟွာ၊ ဒီမှာကြည့်ပါဦး”
ပရော်ဖက်ဆာပိုင် ဖုန်းထုတ်ပြီး ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ပြ၏။ “အဘိုးကြီးလုက ဒီထီးကို အလေးချိန် ချိန်ကြည့်ဖူးတယ်၊ ငါတို့ ပုံတူပြန်လုပ်ထားတဲ့ ထီးတွေထက် ၈၀ ဂရမ်တောင် ပိုပေါ့နေတယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ သိလား”
ဟွာကျွင်း ခေါင်းခါပြလိုက်သည်။
“ဒါက သူ့ရဲ့ထီးသံကိုင်းတွေက ပိုပြီး ပေါ့ပါးနေတာကို ပြတာ။ အဲဒီနောက်ကွယ်မှာ ထူးခြားတဲ့ လက်မှုပညာ ရှိနေရမယ်။ ပြီးတော့ ကြည့်ဦး။ အပေါ်က သုတ်ထားတဲ့ တန်ဆီကလည်း ငါတို့ ပြန်လုပ်ထားတဲ့ တန်ဆီနဲ့ မတူဘူး”
သူက သက်ပြင်းချရင်း ပြော၏။
“ငါတို့ ခေတ်သစ်နည်းပညာနဲ့ လက်မှုပညာတွေက ရှေးခေတ်ထက် ပိုအဆင့်မြင့်တယ်လို့ အမြဲတမ်း ဘဝင်မြင့်ပြီး ထင်နေကြတာ။ ဒါပေမဲ့ အမှန်တော့ ရှေးလူကြီးတွေရဲ့ ဉာဏ်ပညာက အဖိုးတန်ဆုံးပဲ။ နှမြောစရာကောင်းတာက အဲဒီပညာတော်တော်များများက မျိုးဆက်ပြတ်ကျန်ရစ်ခဲ့တာပဲ”
ပညာရပ်ချင်း မတူသဖြင့် ဟွာကျွင်း ဘာပြန်ပြောရမှန်း မသိချေ။ ထိုအချိန်တွင် ပရော်ဖက်ဆာပိုင်သည် ရုတ်တရက် ခွန်အားရှိသော စကားများ ကြားလိုက်ရသည့်အလား စိတ်အားထက်သန်သွားပြီး ဟွာကျွင်း၏လက်ကို ဆွဲပြီး တောင်းဆိုတော့သည်။
“မိန်းကလေးဟွာ ငါ့ကို ပြတိုက်ရဲ့ လစဉ်ကတ် မဟုတ်ဘူး၊ နှစ်ချုပ်ကတ် တစ်ကတ်လောက် လုပ်ပေးပါဦး။ ဒီမှာ ခဏလောက် နေပြီး ဒီရတနာတွေကို သေသေချာချာ သုတေသနလုပ်ချင်လို့ပါ”
ဟွာကျွင်း: “ကတ်လုပ်နေစရာ မလိုပါဘူး။ ရှင် လာချင်တဲ့အချိန် တန်းလာခဲ့လို့ ရပါတယ်။ ဒီထီးကို အခုလို သဘောကျပေးတာနဲ့တင် အားနာလှပါပြီ”
ပရော်ဖက်ဆာပိုင် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းရင်း ပြော၏။
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါ စတူဒီယို တစ်ခုလည်း ထောင်ချင်သေးတာ။ မိန်းကလေးဟွာ ပြတိုက်အပြင်ဘက်မှာ ဆိုင်ခန်းလေးတွေ အများကြီး တွေ့မိတယ်။ အဲဒါတွေထဲက ငှားလို့ရတာ ရှိမလား”
ထိုအိမ်များကို ငှားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ထားခြင်း မဟုတ်ချေ။ ဟွာကျွင်း မုန့်ဆိုင်အတွက် ပိုပြီး သီးသန့်ဖြစ်စေရန် ရည်ရွယ်၍ ဝယ်ထားခြင်း ဖြစ်၏။ ယခု ပရော်ဖက်ဆာပိုင်က မေးလာသည့်အခါ ဟွာကျွင်း တွန့်ဆုတ်သွားမိသည်။
သူမ ဤလမ်းတစ်လမ်းလုံးကို ဝယ်ပြီးကတည်းက တစ်ရက်မှ အေးအေးဆေးဆေး မနေခဲ့ရချေ။
‘အစက အလုပ်သမားတွေ လာကြတယ်၊ ပြီးတော့ အဘိုးလုနဲ့ သူ့လူတွေ ရောက်လာကြတယ်’
သူမအနေဖြင့် ပြတိုက်က ပစ္စည်းများကို လူအများခံစားကြည့်ရှုနိုင်စေရန် မျှော်လင့်သော်လည်း မူလရည်ရွယ်ချက်ကိုတော့ မပျက်စီးစေချင်ချေ။
မည်သို့ပင်ဆိုစေ အလုပ်သမားများလည်း တဖြည်းဖြည်း ထွက်သွားကြပြီ ဖြစ်သလို အဘိုးလုနှင့် သူ့အဖွဲ့လည်း မကြာခင် ထွက်ခွာကြတော့မည် ဖြစ်သည်။ အကယ်၍ ပရော်ဖက်ဆာပိုင်က အိမ်ငှားလိုက်လျှင် သူက ဤနေရာတွင် ရေရှည်နေထိုင်တော့မည် ဖြစ်၏။
ပရော်ဖက်ဆာပိုင် သူမ ခက်ခဲနေသည်ကို မြင်သောအခါ ကတိပေးလိုက်သည်။
“မင်း တားမြစ်ချက်အချို့ကို ငါသိထားတယ်။ စိတ်မပူပါနဲ့၊ ညမှောင်တာနဲ့ ချက်ချင်း ပြန်မယ်။ ပြတိုက်ထဲမှာ မိနစ်ပိုင်းလေးတောင် ပိုမနေပါဘူး”
“ကောင်းပါပြီ။ ဒါဆိုရင် ပြတိုက်ဘေးက အိမ်အသေးလေးကို ရှင့်အတွက် စီစဉ်ပေးဖို့ လူလွှတ်လိုက်ပါ့မယ်။ ပရိဘောဂနဲ့ လိုအပ်တာတွေ အားလုံး ထည့်ပေးထားပါ့မယ်။ ဒါပေမဲ့ အိပ်ရာခင်းနဲ့ စောင်တွေကိုတော့ ရှင့်ဘာသာ ဝယ်ရပါလိမ့်မယ်”
ပရော်ဖက်ဆာပိုင် အလွန်ဝမ်းသာသွားပြီး ကျေးဇူးတင်စကား ပြောရန် ပြင်စဉ် ဟွာကျွင်းက ဆက်ပြော၏။ “ဒါပေမဲ့ ညဘက်ဆိုရင် မုန့်ဆိုင်ဘက်က နည်းနည်း ဆူညံလိမ့်မယ်။ အဲဒါလေးတော့ သည်းခံပေးဖို့ မျှော်လင့်ပါတယ်”
ပရော်ဖက်ဆာပိုင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ပြတိုက်ဆိုင်းဘုတ်တွင် ငါးနာရီ၌ ပိတ်သည်ဟု ရေးထားပြီး မုန့်ဆိုင်ကလည်း ဖွင့်ထားသည့် ပုံစံမပေါ်ချေ။ လမ်းတစ်ခုလုံးကလည်း တိတ်ဆိတ်ခြောက်ကပ်နေ၍ ညဘက်ကျမှ ဘယ်လိုလုပ် ဆူညံနိုင်မည်နည်း။
ဟွာကျွင်း၏ အပြုံးတွင် အားနာရိပ် အနည်းငယ် ပါဝင်နေ၏။
“ကျွန်မတို့က ညဘက်ဆို ပါတီ လုပ်ရတာ ဝါသနာပါလို့ပါ”
“အော်”
ပရော်ဖက်ဆာပိုင် ခေါင်းငြိမ့်ပြသည်။
“လူငယ်တွေပဲ၊ ပျော်ပျော်ပါးပါး နေတာ သဘာဝပါပဲ။ ကိစ္စမရှိပါဘူး၊ ငါလည်း ညဘက် အိပ်ရာဝင်နောက်ကျတတ်လို့ ဆူညံတာကို မကြောက်ပါဘူး”
ထို့နောက် ဟွာကျွင်းသည် အိမ်ခြံမြေအကျိုးဆောင်ကို ရှာ၍ ပရော်ဖက်ဆာပိုင်နှင့် အိမ်ငှားစာချုပ် ချုပ်ဆိုလိုက်သည်။
မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်းက မော့ချွမ်းကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
“ဟူး ကြည့်ရတာ နောက်ကျရင် ကျွန်မတို့ ညတိုင်း ပါတီလုပ်ရတော့မယ် ထင်တယ်”
“ဘာကို ဆိုလိုတာလဲ၊၊ ဘာပါတီလဲ၊ ကျွန်တော်တို့ ဆိုင် ဆက်မဖွင့်တော့ဘူးလား”
မော့ချွမ်းက ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
ဟွာကျွင်း စပီကာ လေးလုံး ဝယ်ယူပြီး မုန့်ဆိုင်အပြင်ဘက်တွင် တပ်ဆင်လိုက်ကာ မီးရောင်စုံအချို့ကိုလည်း ချိတ်ဆွဲလိုက်ရင်း မော့ချွမ်းကို ပြော၏။
“နောက် ညဘက် ဆိုင်ဖွင့်တဲ့အခါ အသံအချို့ကို ဖုံးကွယ်နိုင်အောင်လို့ ဒီမှာ သီချင်းတွေ ဖွင့်ထားရမယ်”
နေဝင်သွားပြီးနောက် အိမ်တွင်းခြံငယ်လေးရှိ မီးလုံးများ လင်းထိန်လာကာ သီချင်းသံများ ထွက်ပေါ်လာကြီး အပတ်ဝန်းကျင် အနေအထား အတော်လေး ကောင်းမွန်သွားသည်။
သီချင်းသံသည် ပရော်ဖက်ဆာပိုင် မျှော်လင့်ထားသလောက် မကျယ်လောင်သည့်အပြင် ကြားထဲတွင် အခန်းအချို့နှင့် ပြတိုက်က ခြားနေသဖြင့် သူ့အပေါ် သက်ရောက်မှုက ပို၍ပင် နည်းပါးလှ၏။ သူ အခန်းတံခါး ပိတ်လိုက်သည်နှင့် မည်သည့်အသံမျှ မကြားရတော့ချေ။
ပရော်ဖက်ဆာပိုင် ခေါင်းရမ်းပြီး ပြုံးလိုက်ကာ အခန်းတွင်း ဓာတ်ပုံအချို့ကို ရိုက်၍ အဘိုးလုထံ ပေးပို့လိုက်၏။ “ငါအခု ပြတိုက်ဘေးမှာ နေနေပြီ။ နောက်နောင် ငါတို့ အိမ်နီးနားချင်းတွေ ဖြစ်သွားကြပြီ”
အဘိုးလု အတော်လေး အံ့အားသင့်သွားပြီး သူ့ထံ စာပြန်လိုက်၏။ “အဲဒီမှာ နေရင်တော့ သူတို့ စည်းကမ်းတွေကို လိုက်နာရမယ်နော်။ ညဘက်ဆို အပြင်ကို လျှောက်မသွားနဲ့”
ဟွာကျွင်း ထိုကဲ့သို့သော စည်းကမ်းမျိုး ထုတ်မထားသော်လည်း အဘိုးလုနှင့် သူ့အဖွဲ့ စတင်ပြောင်းရွှေ့လာစဉ်က မော့ချွမ်းသည် ညတိုင်း သူတို့အိမ်နှင့် မုန့်ဆိုင်ကြားရှိ သံလက်ရန်းတားများကို ဆွဲပိတ်လေ့ရှိပြီး သူတို့ အနှောင့်အယှက် မခံချင်မှန်း ထင်ရှားလှသည်။
သူတို့ဘက်က ဟွာကျွင်းထံ အကူအညီတောင်းစရာ ရှိနေသဖြင့် ညဘက် အပြင်မထွက်ရဟူသော တရားမဝင်စည်းကမ်းကို သူတို့ဘာသာ သတ်မှတ်ထားကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ညဘက် အပြင်မှာ လျှောက်လည်၍ မကောင်းခပေ။ အခန်းထဲမှာ ဖုန်းပွတ်နေရတာက ပိုပျော်စရာကောင်း၏။
ဦးလေးဆွေတွင် အလုပ်သစ်တစ်ခု တိုးလာသည်။ အလုပ်ဆင်းချိန်တွင် လမ်းပေါ်၌ ကမ္ဘာလှည့်ခရီးသွားများ ကျန်ရှိနေခြင်း ရှိ၊ မရှိ စစ်ဆေးပြီးနောက် မပြန်မီ လမ်းမ၏ ခြံစည်းရိုးတံခါးကို သော့ခတ်ရခြင်း ဖြစ်သည်။
ဤအချိန်တွင် ဟွာကျွင်း၏ မုန့်ဆိုင်လေးလည်း အလုပ်စတင် ဖွင့်လှစ်တော့၏။
ယနေ့ ဆိုင်တွင် ရောင်းချသည့် ဟင်းလျာမှာ ဆော့စ်ဖြင့်ချက်ထားသော ဝက်ခြေထောက်စွပ်ပြုတ် ဖြစ်သည်။
ဟွာကျွင်း ဝက်ခြေထောက်များ ဝယ်ယူစဉ် ရောင်းသူအား အတုံးကြီးကြီး တုံးခိုင်းခဲ့၏၊ သေချာပေါက် အတုံးကြီးရမည် ဖြစ်သည်။ အတုံးသေးလျှင် စားရတာ အားမရချေ။ အရိုးတစ်ခုချင်းစီတွင် ချောမွတ်သော ရိုးတွင်းခြင်ဆီ သို့မဟုတ် ဝါး၍ကောင်းသော အဆီနှင့် အရွတ်များ ပါဝင်နေစေရန် သူမ သေသေချာချာ စီစဉ်ထားသည်။
ပထမဦးစွာ အရိုးတို့ကို ရေအေးတွင် ထည့်ကာ ကြက်သွန်မြိတ်နှင့် ဂျင်း တို့ကို ထည့်ပြီး အပေါ်ယံ အမြှုပ်များကို ဖယ်ရှားရန် ပြုတ်လိုက်၏။ ထို့နောက် ထုတ်ယူ၍ ရေနွေးနွေးဖြင့် ဆေးကြောကာ သန့်ရှင်းသော အိုးထဲသို့ ပြန်ထည့်သည်။
ထို့အပြင် ငရုတ်သီးအနှစ် တစ်ဇွန်း၊ ပဲငံပြာရည်အကြည် နှစ်ဇွန်း၊ ပဲငံပြာရည်အနောက် တစ်ဇွန်း၊ နာနတ်ပွင့် နှစ်ပွင့်၊ ကျောက်သကြား အနည်းငယ်နှင့် ဘီယာတစ်ဘူးလုံးကို ထည့်လိုက်သည်။ ထို့နောက် ဝက်ခြေထောက်များ မြုပ်ရုံ ရေထည့်ကာ စတင်ချက်ပြုတ်သည်။
ပွက်ပွက်ဆူလာပါက မီးအားကို အပြင်းမှ အပျော့သို့ လျှော့ချကာ မိနစ် (၄၀) ခန့် ချက်ပြုတ်ရမည်။
အိုးအဖုံးကို ဖွင့်လိုက်သည့်အခါ မွှေးကြိုင်လှသော အနံ့အသက်များ လေထုထဲတွင် ပျံ့လွင့်သွားတော့၏။ အရိုးထဲကနေ အသား လုံးဝ ကွာထွက်သွားသည်အထိ မပြုတ်ထားသဖြင့် အရိုးကိုက်သည့်အခါ ပို၍ အရသာရှိလှပေသည်။
စတုရန်းပုံ ပန်းကန်ပြားပေါ်တွင် အတုံးကြီး နှစ်တုံးကို တင်လိုက်ပြီး ထိုအပေါ်မှ ပျစ်ခဲနေသော ဆော့စ်တစ်ဇွန်းကို ဆမ်းပေးလိုက်သည်။ ကြက်သွန်မြိတ် သို့မဟုတ် နံနံပင်များ ထပ်ထည့်ရန် မလိုတော့ချေ။ ထို အရသာတစ်ခုတည်းနှင့်တင် အလွန် ဆွဲဆောင်မှု ရှိနေ၏။
မုန့်ဆိုင်လေး ဖွင့်သည်နှင့် အားမန်က ကြက်ဥထမင်းကြော် ကြော်ပြီးသဖြင့် ချက်ချင်း သယ်ဆောင်လာခဲ့သည်။
အကယ်၍ ကြက်ဥထမင်းကြော် မစားချင်ပါက ဆိုင်တွင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ကြက်ဥပြုတ်နှင့် ခေါက်ဆွဲများကိုလည်း ရရှိနိုင်ပေသည်။