ဖြောင့်မတ်သော ဆရာကျောက်
Vol. 11 Ch. 148
“ ဒါ...ဒါက... ”
ဟောင်းနွမ်းစုတ်ပြဲသော အဝတ်များကို ဝတ်ဆင်ထားသည့် ခါးကုန်းတာအိုရသေ့အိုကြီးသည် တိမ်ပေါ်တွင် ကြက်သေသေသွား၏။ သူသည် တန်ခိုးရှင်၏ တပည့်ဖြစ်ပြီး အာဒိကပ္ပလောက၏ ပညာရှင်တစ်ဦးလည်း ဖြစ်သော်ငြား ရုတ်တရက် မမျှော်လင့်ထားသည်များဖြစ်သွားသဖြင့် ကြောင်သွားလေသည်။
‘ သူက ပေါက်ကွဲသွားတာလား... ’
‘ သူက ပေါက်ကွဲသွားရုံတင်မဟုတ်သေးဘူး... သူက... ’
‘ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ပြီး စကားပြောဖို့ ဘာအခွင့်အရေးမှ မရအောင် လုပ်လိုက်တာပဲ... ’
‘ ဒါက ဘာလမ်းစဉ်လဲ... ’
‘ ငါ အပြင်လောကကိုမထွက်တာ နှစ်တစ်သောင်းကျော်လောက်ပဲ ရှိဦးမယ်။ တာအိုဂိုဏ်းတွေရဲ့ ချီကျင့်ကြံသူတွေက ဒီလောက်တောင် စည်းလွတ်ဘောင်လွတ် ဖြစ်နေပြီလား... ’
ထိုခါးကုန်းတာအိုရသေ့အိုကြီးသည် မည်သည့်စကားမှတောင် မပြောခဲ့ရသေးပေ။ သူသည် အနောက်ကျောင်းတော်မှလူများ ပြောလေ့ပြောထရှိသည့် နှုတ်ဆက်စကားလေးသာ ဆိုခဲ့ခြင်းပင်။
“ မိတ်ဆွေတာအိုရသေ့... မိတ်ဆွေက အနောက်နဲ့ ရေစက်ရှိတာပဲ။ ကျုပ်တို့ မိတ်ဆွေဖွဲ့ကြတာပေါ့... ”
‘ အဲဒါက ထူးဆန်းနေလို့လား။ ပြဿနာတစ်ခုခုများ ရှိလို့လား။ ဘာလို့ အဲဒီလို ဖြစ်သွားတာလဲ... ’
‘ ဘာလို့ သူက သူ့ရဲ့ကိုယ်ပွားကို ကိုယ့်ကိုယ်ကို ဖောက်ခွဲခိုင်းလိုက်ရတာလဲ ’
‘ အနောက်ကျောင်းတော်က ကျောင်းတော်သုံးကျောင်းအကြားမှာ ရန်တိုက်ပေးနေတယ်ဆိုတဲ့ လျှို့ဝှက်ချက် ပေါ်သွားလို့လား။ တကယ်လို့ အဲ့လျှို့ဝှက်ချက် ပေါ်သွားပြီဆိုရင် ပြဿနာတက်တာ ကြာရောပေါ့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ’
‘ ဟ... ’
ခါးကုန်းတာအိုရသေ့အိုကြီးသည် အတွေးများနေစဉ် ရုတ်တရက် သူ့အနောက်မှ ထွက်ပေါ်လာသော အေးစက်စက် ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
ထိုအခါမှသာ သူ့အား တာအိုသင်္ကေတများက ဝန်းရံထားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ၏ပတ်ပတ်လည်ကို ထိုတာအိုသင်္ကေတများက ချိတ်ပိတ်ထား၏။ ထိုအတတ်ကား စကြဝဠာချိတ်ပတ်အတတ်ပင်။
ထိုခါးကုန်းတာအိုရသေ့အိုကြီးသည် ပုံမှန်ဆိုလျှင် လွန်စွာအမြော်အမြင်ရှိပြီး မည်သူ့ကိုမှ အားကိုရန်မလိုဘဲ တစ်ကိုယ်တော် အစွမ်းပြနိုင်လေသည်။ သူသည် မကြာသေးခင်က ကျဲကျောင်းတော်မှ ကျောက်ကုန်းမင်ကို အရေးမစိုက်ခဲ့ပေ။ ထို့ကြောင့် သူသည် ပင်လယ်စောင့်နတ်မင်း၏ ကိုယ်ပွားကို ရပ်တန့်၍ အသေးအဖွဲကိစ္စလေးများပြောရန် ပေါ်ပေါ်ထင်ထင် ထွက်လာခြင်းပင်။
သို့သော် သူ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပွားခဲ့၏။
ပင်လယ်စောင့်နတ်မင်း၏ ကိုယ်ပွားသည် သူ့ကိုယ်သူ ဖောက်ခွဲသွား၏။ ပြာများပင် လေနှင့်မျောသွားပြီဖြစ်သည်။ ကျောက်ကုန်းမင်သည်လည်း ဒေါသထွက်နေပုံရလေသည်။
ထိုကိစ္စသည် သူ့အပေါ် အကွက်ချကြံစည်ထားသကဲ့သို့ပင်။
ထိုအခိုက်တွင် ခါးကုန်းတာအိုရသေ့အိုကြီးသည် အံ့အားသင့်နေ၏။ သူသည် ကျဲကျောင်းတော်မှ အပြင်ဂိုဏ်းတပည့်များကို လျှော့တွက်မိခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားလေတော့သည်။
ခါးကုန်းတာအိုရသေ့အိုကြီးသည် နောက်လှည့်ကြည့်လိုက်ရာ ကျောက်ကုန်းမင်သည် ဆယ်လီကျော်အကွာသို့ ရောက်လာပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုအခိုက်တွင် ကျောက်ကုန်းမင်ကို အပြာနုရောင်တောက်ပနေသော ပုလဲလုံး နှစ်ဆယ့်လေးလုံးက ဝန်းရံထား၏။ သူ၏ လက်ထဲတွင် ရွှေချထားသော သစ်သားကြာပွတ်ကို ကိုင်ထား၏။ သူ၏ တုတ်ခိုင်သော ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ ထွက်နေလေသည်။
ပုလဲလုံး နှစ်ဆယ့်လေးလုံးသည် ခါးကုန်းတာအိုရသေ့အိုကြီး၏ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို ရပ်တန့်ထားလေသည်။ ကျောက်ကုန်းမင်တစ်ယောက် တိုက်ခိုက်လိုနေခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။
ခါးကုန်းတာအိုရသေ့ကြီးသည် ပို၍ အံ့အားသင့်သွား၏။ သူ၏ လက်ထဲတွင် အဖြူရောင်ကြာပန်းတစ်ပွင့်ကို ကိုင်လိုက်ပြီး စကြဝဠာချိတ်ပိတ်အတတ်မှ ဖောက်ထွက်နိုင်ရန် သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လျှို့ဝှက်လုပ်ရှားလိုက်သည်။
ခါးကုန်းတာအိုရသေ့ကြီးက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“ မိတ်ဆွေ တာအိုရသေ့... ဘာလို့ ဒီလိုလုပ်နေရတာလဲ... ”
“ ဘာလို့လဲ ဟုတ်လား... ”
ကျောက်ကုန်းမင်၏ မျက်နှာထားသည် အလွန်အမင်း မှုန်မှိုင်းနေ၏။ သူ၏ ထူထဲသော မုတ်ဆိတ်များသည် အဆက်မပြတ် တုန်ခါနေလေသည်။
ကျောက်ကုန်းမင် အေးစက်စက်ပြောလိုက်၏။
“ မိတ်ဆွေ တာအိုရသေ့... ခင်ဗျားက ကျုပ်ရဲ့ ဂိုဏ်းက ဂိုဏ်းသားကို အနိုင်ကျင့်ခဲ့တာလေ။ ခင်ဗျားက ကျုပ်ကျောက်ကုန်းမင်ကိုတောင် အလေးထားလို့လား။ ဟင်း...ကျုပ် ကျောက်ကုန်းမင်က အရေထူတဲ့သူမဟုတ်ဘူး။ ခင်ဗျားကျုပ်ကို အလေးမထားရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ဒီလိုဖိအားပေးရင်တော့ ခင်ဗျားက ကျုပ်ရဲ့တာအိုဂိုဏ်းကို အရှက်ရအောင် လုပ်နေတာပဲ။ ခင်ဗျား ကျုပ်ရဲ့ တာအိုဂိုဏ်းကို အရှက်ခွဲရင်.. ကျဲကျောင်းတော်ကို အရှက်ခွဲရင်.. ကျုပ်ရဲ့ဆရာနဲ့ ကျုပ်ရဲ့ဆရာဦးလေးနှစ်ယောက်ကို အရှက်ခွဲရင်... ခင်ဗျား ဘာလို့ အဲဒီလိုလုပ်ရတာလဲ... ခင်ဗျားကတော်တော် လူမဆန်တဲ့သူပဲ ”
ခါးကုန်းတာအိုရသေ့ကြီး မျက်မှောင်ကြုတ်လိုက်သည်။
‘ အဲ့ဂိုဏ်းကလူတွေက ရူးကုန်တာလား... ’
‘ ဒါက အကျိုးအကြောင်း ဆီလျော်လို့လား... ’
“ မိတ်ဆွေတာအိုရသေ့... မိတ်ဆွေက... ”
ကျောက်ကုန်းမင် အော်ပြောလိုက်သည်။
“ ပေါက်ကရတွေ ပြောမနေနဲ့တော့။ တိုက်ကွက်ကြည့်... ”
သူ၏ လက်ထဲမှ ရွှေချထားသော သစ်သားကြာပွတ်သည် တောက်ပစွာ လင်းလက်လာသည်။ သူ၏ ပတ်ပတ်လည်ရှိ ပင်လယ်ငြိမ်သက် နတ်ပုလဲလုံး နှစ်ဆယ့်လေးလုံးသည်လည်း ပုန်းကွယ်သွားကြ၏။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သူနှင့် ခါးကုန်းတာအိုရသေ့ကြီး၏ အကြားရှိ အကြားအလပ်ကို ဖြတ်သန်း၍ ချိတ်ပိတ်အလွှာကို ဖောက်ထွင်းကာ ခါးကုန်းတာအိုရသေ့ကြီး၏ ရှေ့တွင် ပေါ်လာလေတော့သည်။
ခါးကုန်းတာအိုရသေ့ကြီးသည် တုန်လှုပ်သွားသည်။
ကျောက်ကုန်းမင်သည် လေလွင့်သွားလာခြင်းဖြင့်ပင် အချိန်ကုန်နေသူတစ်ယောက်ဟူ၍သာ သူ သိထားခြင်းဖြစ်သည်။ သူသည် ကျဲကျောင်းတော်၏ အပြင်ဂိုဏ်း တပည့်တစ်ဦး ဖြစ်ကြောင်းကိုလည်း သိ၏။ သို့သော် ကျောက်ကုန်းမင်ထံတွင် ထိုမျှစွမ်းအားကြီးသည့် မှော်အစွမ်းများပါဝင်သော ဓမ္မရတနာရှိကြောင်းကိုမူ သူမသိခဲ့ပေ။
ရုတ်ခြည်းပင် ခါးကုန်းတာအိုရသေ့ကြီး၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လက်သွား၏။
သူ၏ ခြေထောက်အောက်တွင် ကြာပန်းတစ်ပွင့် ဖူးပွင့်လာ၏။ ပွင့်ဖတ်အလွှာများသည် ခါးကုန်းတာအိုရသေ့ကြီးကို လွှမ်းခြုံသွားသည်။
သို့သော် နောက်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခု လက်သွားပြီး ရွှေရောင်ကြာပွတ်သည် အောက်သို့ ကျဆင်းလာလေသည်။ ကြာပွင့်ဖတ်များသည် ထိုရွှေရောင်ကြာပွတ်ကြောင့် တစ်စစီ ပျက်ဆီးသွားတော့မတတ် ဖြစ်သွား၏။
ကောင်းကင်နှင့်မြေကြီးကို ပင်လယ်ငြိမ်သက် နတ်ပုလဲနှစ်ဆယ့်လေးလုံးက ချိတ်ပိတ်ထား၍သာ တော်သေးပေသည်။ မဟုတ်လျှင် သက်ရှိမည်မျှ ထိခိုက်သွားမည်ကို မည်သူအတတ်ပြောနိုင်ပေမည်နည်း။
တောင်အထက်ရှိ ကောင်းကင်ပေါ်တွင် ကျောက်ကုန်းမင်သည် သူ၏ ရွှေရောင်ကြာပွတ်ကြီးကို ယမ်း၍ ကြာပွင့်များကို ရိုက်နေ၏။ သူသည် အော်၍ ကျဲကျောင်းတော်တွင် အသုံးများသော ဆဲနည်းများနှင့် ဆဲဆိုနေပေသည်။
မကြာမီ ကျောက်ကုန်းမင်သည် ကြာပွင့်ဖတ်များကို ဖယ်ရှားနိုင်လိုက်ပြီး ခါးကုန်းတာအိုရသေ့ကြီးကို ဖမ်းဆွဲလိုက်လေသည်။ ထို့နောက် မျက်နှာကို ခပ်ပြင်းပြင်း ရိုက်လိုက်၏။
မည်မျှ အစွမ်းကြီးပေသနည်း။
*****
‘ ငါ ခုနက ဘာဖြစ်သွားတာလဲ... ’
ကျောက်ကုန်းမင်သည် ခါးကုန်းတာအိုရသေ့ကြီးကို ရိုက်နေချိန်တွင်...
ချုံတောင်လေးပေါ်ရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ လီချန်ရှို့သည် ထက်ခြမ်းကွဲသွားတော့မတတ် ခံစားနေရသော သူ၏ နဖူးကိုကိုင်၍ နာကျင်စွာ ညီးတွားလိုက်သသည်။ စက္ကူကိုယ်ပွားသည် ယခုပင် လျင်မြန်စွာ ပေါက်ကွဲသွားခဲ့၏။ သူသည် စက္ကူကိုယ်ပွားအတွင်းရှိ သူ၏စိတ်ကို ပြန်၍ ထုတ်ရန်ပင် အချိန်မရခဲ့ပေ။
ထိုအရာကား သူ၏ယခင်ဘဝတွင် လမုန့်ပွဲတော်၌ ဆော့ကစားခဲ့သော ဗျောက်အိုးကဲ့သို့ပင်ဖြစ်သည်။ သူသည် ထိုဗျောက်အိုးကို မပစ်လွှတ်နိုင်သေးခင် ဗျောက်အိုးသည် သူ၏လက်အတွင်း၌ ပေါက်သွားသကဲ့သို့ပင်။ စက္ကူကိုယ်ပွားသည် ၎င်းကိုယ်၎င်း ဖောက်ခွဲလိုက်ရာ စက္ကူကိုယ်ပွားအတွင်းရှိ သူ၏စိတ်သည်လည်း ထိခိုက်သွားလေသည်။
သို့သော် လီချန်ရှို့သည် ထိုအခြေအနေကို ထည့်သွင်းစဉ်းစားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုအခိုက်တွင် သူသည် နာကျင်မှုကိုသာ ခံစားလိုက်ရခြင်းပင်။ သူ၏ မူလဝိညာဉ်အား မထိခိုက်သွားခဲ့ပေ။
နာကျင်မှုသည် အတန်ကြာသောအခါ ပြန်၍ ပျောက်ကွယ်သွား၏။ လီချန်ရှို့သည် ကုလားထိုင်အဝိုင်းပေါ်တွင်ထိုင်၍ ကောင်းကင်ပေါ်တွင် တိုက်ခိုက်နေသော ပညာရှင်နှစ်ဦးကို ကြည့်ရန် အခြားစက္ကူကိုယ်ပွားကို ထပ်၍အသုံးပြုလိုက်သည်။
ထိုတိုက်ပွဲသည် ပြင်းထန်သောတိုက်ပွဲဟု ဆိုနိုင်၏။ သို့သော် ထိုတိုက်ပွဲသည် တစ်ဖက်မှ ကျန်တစ်ဖက်ကို ရက်ရက်စက်စက် ရိုက်နှက်နေခြင်းသာ။
လီချန်ရှို့သည် ထိုအခြင်းအရာကို မြင်လိုက်သော်လည်း လုံးဝ ဝမ်းမသာပေ။ ဝမ်းသာစရာ မည်သည့်ကိစ္စမှ မရှိချေ။ သူသည် အန္တရာယ်ကို ပါးပါးနပ်နပ် ရှောင်ရှားနိုင်ခဲ့၏။ သူသည် လတ်တလောတွင် ဖြစ်ပွားခဲ့သော သူ၏ စိတ်နေစိတ်ထား အနည်းငယ်ပြောင်းလဲလာမှုကို တွေးတောနေမိသည်။ တစ်လအတွင်းမှာပင် သူသည် ကြီးမားသောအမှားနှစ်ခု ပြုလုပ်ခဲ့မိ၏။
မကြာခင်က သူ၏ ဆရာဘွားဘွား ဂိုဏ်းသို့ပြန်လာစဉ် လီချန်ရှို့သည် သူ လုံလုံလောက်လောက် ပြင်ဆင်ထားပြီးပြီဟု ထင်ခဲ့သော်လည်း အခြေခံအကျဆုံးကိစ္စတစ်ခုဖြစ်သော သူ့ဆရာ၏ ဆရာသည် ယောက်ျားလော၊ မိန်းမလောဆိုသည့် ကိစ္စကိုလျစ်လျူရှုခဲ့မိ၏။ သို့သော် မည်သည့် ပြဿနာကြီးကြီးမားမားမှ မဖြစ်ခဲ့သဖြင့် တော်သေးပေသည်။
လီချန်ရှို့သည် နောင်တွင် ထိုသို့အမှားမျိုး မလုပ်မိစေရန် ကိုယ့်ကိုယ်ကို သတိပေးခဲ့သည်။
သို့သော် ယနေ့တွင် ကျောက်ကုန်းမင်ထွက်ခွာသွားတော့မည့် အချိန်၌ သူ့အား အနောက်ကျောင်းတော်က ပစ်မှတ်ထားနေလောက်ကြောင်း လီချန်ရှို့ ခန့်မှန်းခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် ကျောက်ကုန်းမင်၏ အနောက်သို့ ပေါ်ပေါ်ထင်ထင် လိုက်သွားမိလိုက်၏။
သူ့ထံတွင် အရံအစီအစဉ်များ မရှိခဲ့ပါက သူသည် အနောက်မှ သတ်ဖြတ်ခြင်းကို ခံခဲ့ရနိုင်ပေသည်။
လီချန်ရှို့ ဇောချွေးများ ပြန်လာ၏။ သူသည် မျက်လုံးမှိတ်၍ ခါးသက်သက် သက်ပြင်းချလိုက်သည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂရုတစိုက်မပြုမူမိခဲ့၍ လုံခြုံရေးအတွက် အရေးကြီးဆုံးအရာတစ်ခုကို ဆုံးရှုံးခဲ့ရလေသည်။ ထိုအရာကား တည်ငြိမ်မှုပင်။
သူသည် သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်ရန် လိုအပ်နေပေပြီ။
ခါးကုန်းတာအိုရသေ့အိုကြီး ရုတ်တရက်ပေါ်လာမှုကို သတိပေးမှုအဖြစ် သဘောထားရပေမည်။ လီချန်ရှို့ သူ့ကိုယ်သူ စစ်ဆေးလိုက်၏။ သူ၏ နောက်ကွယ်တွင် အရှင်ရွှမ်းဒူ ရှိလာသော အချိန်မှစ၍ သူ၏ စိုးရိမ်ပူပန်မှုများသည် များစွာလျော့နည်းလာခဲ့ပေသည်။ ထို့အတူ ပို၍လည်း သတိလက်လွတ်ဖြစ်လာ၏။
ယခုကိစ္စပြီးဆုံးသွားလျှင် သူသည် “ စိတ်ငြိမ်သုတ္တန် ”ကို ဆက်၍ ပြီးပြည့်စုံအောင်လုပ်ရမည်ဖြစ်ပြီး...
ယောက်ျားများသည် ကိုယ့်ကိုယ်ကိုယ် မညှာသင့်ပေ။
သူသည် စိတ်ငြိမ်သုတ္တန်ကို အကြိမ်သုံးထောင် အလွတ်ကျက်မှတ်ပေမည်။
လီချန်ရှို့သည် သူ၏ စိတ်အခြေအနေကို ပြန်၍ပြင်ဆင်လိုက်ပြီး တည်ငြိမ်လာအောင် ပြုလုပ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အခြေအနေကို မည်သို့ကိုင်တွယ်ရမည်နည်းဟု တွေးလိုက်၏။
သူ သူ၏စိတ်အခြေအနေကို ပြန်လည်သုံးသပ်နေစဉ် အချိန်ပိုင်းလေးအတွင်း ကျောက်ကုန်းမင်သည် ခါးကုန်းတာအိုရသေ့ကြီးကို သွေးအန်စေသည်အထိ ရိုက်နှက်ထားပြီးဖြစ်သည်။
ကျောက်ကုန်းမင်သည် သတ်တော့မသတ်ခဲ့ပေ။ သို့သော် သူသည် သစ်သားကြာပွတ်ကိုဆုပ်ကိုင်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်နေ၏။
ခါးကုန်းတာအိုရသေ့ကြီး၏ ကာကွယ်နတ်အလင်း တောက်ပသွား၏။ သူသည် ကာကွယ်နတ်ရတနာနှစ်ခုကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။
ခါးကုန်းတာအိုရသေ့ကြီး သူ့ကိုယ်သူ ဆက်၍ မကာကွယ်နိုင်တော့သောအခါ ကျောက်ကုန်းမင်သည် သူ့ပတ်လည်ရှိ ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးကို ဆင့်ခေါ်၍ ခါးကုန်းတာအိုရသေ့ကြီးကို ရပ်တန့်လိုက်သည်။ ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးသည် ပါချီပါချက် မဟုတ်ပေ။ ၎င်းတို့သည် အရှင်လင်းပေါင်ထျန်းကျွမ်းကိုယ်တိုင် ချီးမြှင့်ထားသော အမြုတေနတ်ရတနာများဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးတို့ ကွဲထွက်သွားစဉ်က ကြွေမွကွဲထွက်သွားသော ဟွင်းသွမ်းပုလဲများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမုဒ္ဒရာလေးစင်း၏ အစွမ်းသည် စကြဝဠာတစ်ခုကို ဖန်တီးနိုင်၏။
ထိုအခိုက်တွင် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးသည် ခါးကုန်းတာအိုရသေ့အိုကြီးကို ဖိနှိပ်ထား၏။ ထို့ကြောင့် ခါးကုန်းတာအိုရသေ့ကြီးသည် ဆိုးဆိုးဝါးဝါး အရေးနိမ့်နေလေသည်။ သူသည် တစ်လက်မမျှပင် မရွေ့နိုင်ပေ။
ခါးကုန်းတာအိုရသေ့ကြီး၏ မျက်နှာသည် ဒဏ်ရာဒဏ်ချက်များဖြင့် ရောင်ကိုင်းနေ၏။ သူ၏ နဖူးမှ သွေးများစီးကျနေပြီး သူ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများဖြင့် ပြည့်နေလေသည်။ သူ၏ အဝတ်များသည် စုတ်ပြဲနေပြီး နေရာအနှံ့တွင် အပေါက်များဖြစ်နေ၏။ သူ၏ တစ်ကိုယ်လုံးတွင် သွေးများပေနေလေသည်။
လီချန်ရှို့ မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
ပထမဆုံး ထိုကိစ္စသည် သူ့အပေါ်မည်သို့ အကျိုးသက်ရောက်နိုင်ကြောင်း တွေးတောလိုက်၏။ ထို့နောက် သူသည် ထိုကိစ္စကို တာဝန်မယူရရန် မည်သို့လုပ်ရမည်ကို တွေးတောလိုက်သည်။
လီချန်ရှို့သည် ခါးကုန်းတာအိုရသေ့အိုကြီးကို မစော်ကားဝံ့ပေ။ ထို့ပြင် သူ့ထံတွင် မှန်းဆချက်အချို့ ရှိနေ၏။
‘ ဒီ ကျောက်ကုန်းမင်က အရူးများလား... ’
‘ ငါ ကျောက်ကုန်းမင်နဲ့ စကားပြောတုန်းက အတွေးလွန်ခဲ့တာလား... ’
မဟုတ်နိုင်ချေ။ လီချန်ရှို့သည် ရန်ကျောင်းတော်မှ အကြီးဆုံးတပည့်သည် ဉာဏ်နီဉာဏ်နက်များသူတစ်ဦး ဖြစ်သည်ဟု ခံစားနေရဆဲပင် ဖြစ်သည်။
ကျောက်ကုန်းမင်သည် တာအိုဂိုဏ်းများက တန်ခိုးရှင်သုံးပါး၏ မာနကို အကြောင်းပြ၍ တိုက်ခိုက်ခဲ့ခြင်းမှာ ထိုအချက်၏ သက်သေပင်။ သို့သော် ကျောက်ကုန်းမင်သည် အမှန်ပင် ထိုကဲ့သို့ တွေးမိခြင်းလည်း ဖြစ်နိုင်ပေသည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက ထိုစွမ်းအားကြီးသော ပညာရှင်၏ ဂုဏ်သိက္ခာကို အလေးထားတတ်မှုနှင့် တာအိုဂိုဏ်းများအပေါ် လေးစားမှုသည် အလွန်အားကောင်းသည်ဟု ဆိုနိုင်ပေသည်။
‘ ဟာ... နတ်ဘုရားဘွဲ့စစ်ပွဲကြီး အတွင်းမှာ ကျောက်ကုန်းမင်က ‘ ကျောင်းတော်သုံးကျောင်းက တစ်မိသားစုတည်းပဲ။ ကျုပ်တို့အကုန်လုံးက မိတ်ဆွေတွေပဲ ’ ဆိုပြီး ကြွေးကြော်ခဲ့တာမလား။ သူက သူအနိုင်ယူခဲ့တဲ့ ချန်ကျောင်းတော်က အာကာသနတ်မင်းဆယ့်နှစ်ပါးကို မသတ်ခဲ့ဘူး... ’
သို့သော် ဆရာကျောက်၏ ကံကြမ္မာသည် လွန်စွာ ဆိုးဝါးခဲ့လေသည်။ နောက်ဆုံးတွင် ချန်ကျောင်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော တာအိုရသေ့လုယာသည် ကျန်းကျစ်ယာကို ကျမ်းစာမျှားခုနှစ်စင်းကျိန်စာအား အသုံးပြု၍ ကျောက်ကုန်းမင်ကို သေသည်အထိ ကျိန်စာတိုက်ကာ နတ်ဘုရားစာရင်းထဲတွင် ထည့်သွင်းရန် လှုံ့ဆော်ခဲ့လေသည်။
ထိုအခိုက်တွင် လီချန်ရှို့သည် အတွေးတစ်ခု ရသွားလေသည်။ သူသည် ရုတ်တရက် ယုံချင်ရွှမ်းယာကို တွေးမိလိုက်၏။
လောကကြီးတွင် လီချန်ရှို့ မခန့်မှန်းနိုင်သော လူများလည်း ရှိပေသေးသည်။ ထိူလူများသည် အစဉ်အမြဲ အကောင်းဘက်မှ မြင်ကျသူများဖြစ်၏။ ကျောက်ကုန်းမင်သည်လည်း ထိုကဲ့သို့သော လူစားမျိုးပင် ဖြစ်နိုင်ပေသည်။
အမှန်တွင် ထိုသို့မှလွဲ၍လည်း အခြားမဖြစ်နိုင်ချေ။ လီချန်ရှို့သည် ကျောက်ကုန်းမင်ကဲ့သို့ အာဒိကပ္ပလောက၏ ပညာရှင်တစ်ဦးကို လေးစားသမှုဖြင့်သာ ဖြည့်တွေးပေးနေခြင်းဖြစ်၏။ သူသည် ကျောက်ကုန်းမင်အပေါ်တွင် မည်သည့်လှည့်စားမှုမှ လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
ထို့ပြင် သူသည် ရန်ကျောင်းတော်မှ တပည့်တစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ကျောက်ကုန်းမင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိအောင်လုပ်ရန် မလိုပေ။
သူသည် ဤအခြေအနေကို ဖြေရှင်းရပေမည်။ သူသည် ကျောက်ကုန်းမင်ကို ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို ရေးသားထားသော စာအုပ်ကို အကိုးအကားအဖြစ်သုံးရန် ပေးလိုက်ပေမည်။ သူသည် ‘ ကောင်းကင်တာအို လမ်းစဉ်ကို လိုက်ခြင်း ’နှင့် ‘ သေမျိုးများကို ကာကွယ်စောင့်ရှောက်ခြင်း ’ဟူသော အကြောင်းပြချက်များကို သုံး၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ အလျင်အမြန်တိုးတက်လာရသည့်အကြောင်းကို ရှင်းပြလိုက်မည်ဖြစ်ပြီး ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ရပေမည်။
သို့သော် လီချန်ရှို့ မမျှော်လင့်ထားသည်မှာ ကျောက်ကုန်းမင် ဆက်လက်လုပ်ဆောင်လိုက်သော အပြုအမူများသည် လီချန်ရှို့ မျှော်မှန်းထားသည်ထက် ကျော်လွန်လာသဖြင့် လီချန်ရှို့သည် ထိုအပြုအမူများကို လုံးဝနားမလည်နိုင်တော့ပေ။ လီချန်ရှို့တစ်ယောက် ဇောချွေးများပင် ပြန်လာ၏။
ထိုကျဲကျောင်းတော်မှ တပည့်သည် ခါးကုန်းတာအိုရသေ့ကြီးကို ရိုက်နှက်ပြီးသော်လည်း မကျေနပ်နိုင်သေးချေ။ သူသည် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးကို အသုံးပြု၍ ခါးကုန်းတာအိုရသေ့အိုကြီးကို ချုပ်နှောင်ကာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းဆီသို့ တွန်းကာ ခေါ်ဆောင်သွား၏။
လီချန်ရှို့ ဆွံ့အသွားလေသည်။
‘ ဒီ ဆရာကျောက်ကရော အဆိပ်ပြင်းတာလား ’
‘ ငါလို့ ပမွှားပင်လယ်စောင့်နတ်မင်းလေးက ဒီလို ကမ္မနှောင်ကြိုးမျိုးမှာ ဘယ်လိုလုပ် ဝင်ပတ်သတ်ဝံ့မှာလဲ ’
‘ အဲ့ ခါးကုန်းတာအိုရသေ့အိုကြီးက တန်ခိုးရှင်ရဲ့ တပည့်ပဲ... ’
‘ ကျောက်ကုန်းမင်ကပဲ သူ့ကို ရိုက်နှက်တာဆိုရင် သူက အရှုံးကိုလက်ခံပြီး နှုတ်ပိတ်ထားမှာပဲ။ သူ့ရဲ့ မှော်အစွမ်းတွေက နိမ့်လို့ ရှုံးရတယ်ဆိုပြီးပဲ ပြောမှာ... ’
‘ ဒါပေမဲ့ အနောက်ကျောင်းတော်က ဒီကိစ္စကို မကျေနပ်လို့ သူတို့ရဲ့ဒေါသတွေကို ကြားကမြေစာပင် ပင်လယ်စောင့်နတ်မင်းအပေါ် ပုံချရင် ငါ့လို မထင်မရှားဂိုဏ်းလေးက ပမွှားတပည့်လေးက အဲ့ကိစ္စကို ဘယ်လိုရင်ဆိုင်နိုင်မှာလဲ ’
‘ အရှင်ရွှမ်းဒူက ငါ့ကို ကူညီခဲ့တယ်ဆိုရင်တောင် ငါ ဒီကိစ္စကို သူ့ကို ဘယ်လိုရှင်းပြရမှာလဲ ’
လီချန်ရှို့တစ်ယောက် ရယ်ရမလို၊ ငိုရမလိုဖြစ်သွား၏။ သူသည် ထိုကိစ္စကို ဖြေရှင်းရန်နည်းလမ်းကို အလျင်အမြန်တွေးတောလိုက်သည်။
တချိန်တည်းမှာပင် စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ် သုံးစေ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းသို့ သွားခိုင်းလိုက်သည်။
ကျောက်ကုန်းမင်သည် ဘုံကျောင်းအသေးလေးအပေါ်သို့ ပျံသန်းလာပြီး မြေပေါ်သို့ ဆင်းသက်လိုက်သည်ကို သူမြင်လိုက်ရ၏။ ထို့နောက် ကျောက်ကုန်းမင်သည် ခါးကုန်းတာအိုရသေ့အိုကြီးကို ဘုံကျောင်းအတွင်းသို့ လွှင့်ပစ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ သွားပြီး ပင်လယ်စောင့်နတ်မင်းကို တောင်းပန်လိုက် ”
လီချန်ရှို့၏ ခြေထောက်များ ပျော့ခွေသွားသည်။ သူ၏ ခန္ဓာကိုယ်သည် မြေအောက်လျှို့ဝှက်ခန်းအတွင်းရှိ စားပွဲခုံအောက်သို့ ကျုံ့ဝင်သွားတော့မလိုပင် ဖြစ်သွားလေသည်။
ခါးကုန်းတာအိုရသေ့အိုကြီးသည် ပင်လယ်ငြိမ်သက် နတ်ပုလဲများ၏ ဖိနှိပ်မှုကို ခံထားရ၏။ သူသည် မြေကြီးပေါ်တွင် မှောက်နေပြီး မလှုပ်မရှားနိုင် ဖြစ်နေလေသည်။ သူ၏မျက်ဝန်းများအတွင်းတွင် ပူဆွေးမှုများ၊ နာကြည်းမှုများဖြင့် ပြည့်နေလေသည်။
‘ မင်းပြောနေတာတွေက အကျိုးအကြောင်းတောင် ဆီလျော်ရဲ့လား... ’
‘ ကျောင်းတော်သုံးကျောင်းရဲ့ တာအိုဂိုဏ်းတွေက မတော်မရော်တွေလုပ်နေတာပဲ ’
‘ အနောက်ကျောင်းတော်ကလည်း ပုံမှန်ဆို မတော်မရော်တွေ လုပ်တတ်တယ်ဆိုပေမယ့် ကျဲကျောင်းတော်က အကြီးဆုံးတပည့်ရယ် ပင်လယ်စောင့်နတ်မင်းရယ်နဲ့ ယှဉ်လိုက်ရင် ဘာမှမပြောပလောက်တော့ဘူး... ’
ခါးကုန်းတာအိုရသေ့အိုကြီးသည် မျက်စိမှိတ်၍ တုံဏိဘာဝေနေလိုက်သည်။ သူ၏ မူလဝိညာဉ်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေလေသည်။
ကျောက်ကုန်းမင်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ ဘာလဲ...ခင်ဗျားက သေချင်ယောင်ဆောင်ရဲသေးတယ်ပေါ့လေ။ ခင်ဗျားက ပင်လယ်စောင့်နတ်မင်းရဲ့ ကိုယ်ပွားကို သူ့ကိုယ်သူဖောက်ခွဲအောင် ဖိအားပေးပြီးတော့ တာအိုဂိုဏ်းကို စော်ကားခဲ့တယ်။ ကျုပ်က ဒီကိစ္စကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ ”
ထိုအခိုက်တွင် ကျောက်ကုန်းမင်သည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၏။
“ ဆရာကျောက်...ဆရာကျောက်... ဘာမှ ဆက်မပြောပါနဲ့တော... ဒီကိစ္စက ပြီးဆုံးတော့မှာပါ ”
“ အိုး... ”
ကျောက်ကုန်းမင်သည် မြေအောက်တစ်နေရာကို ကြည့်လိုက်၏။ သူသည် စက္ကူကိုယ်ပွား ပုန်းအောင်းနေသော နေရာကို ကြည့်နေခြင်းပင်။
သူ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ မကြောက်ပါနဲ့... ကျုပ်တို့ဘက်က မှန်နေတာပဲ ”
လီချန်ရှို့ သူ့နဖူးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားလိုက်ရ၏။ သို့သော် သူချက်ချင်းပင် ပြန်၍ အာရုံစိုက်လိုက်၏။ သူသည် ကျောက်ကုန်းမင်၏ အကျင့်စရိုက်အရ ထိုအခြေအနေကိုဖြေရှင်းရန် နည်းလမ်းတစ်ခုနှင့် အရံအစီအစဉ်နှစ်ခုကို တွေးတောထားပြီဖြစ်သည်။
ထိုကိစ္စကို ဖြေရှင်းရန် လီချန်ရှို့သည် ရှေးဦးစွာ ကျောက်ကုန်းမင်ကို နားဝင်အောင် နားချရမည်ဖြစ်သည်။ ထို့နောက်မှ ကျောက်ကုန်းမင်ကို ခါးကုန်းတာအိုရသေ့အိုကြီးအား ကိုင်တွယ်စေရမည်ဖြစ်သည်။
သို့သော် သူကိုယ်တိုင် ထွက်ကာ ဖြေရှင်း၍ မရပေ။
လီချန်ရှို့ ဆက်၍အချိန်ဆွဲမနေဝံ့တော့ပေ။ သူသည် ချက်ချင်းပင် စက္ကူကိုယ်ပွားကို သုံး၍ အသံတစ်ခု ပို့လွှတ်လိုက်၏။
“ ဆရာကျောက်... ကျွန်တော်တို့ဘက်က မှန်တယ်ဆိုပေမယ့် အဲ့ခါးကုန်းတာအိုရသေ့ကြီးနောက်ကွယ်က ဆရာနှစ်ပါးက... ဆရာကျောက်.. ဆရာကျောက်ရဲ့ ဂုဏ်သတင်းက ကျဲကျောင်းတော်မှာ မြင့်မားလွန်းပါတယ်။ ပြီးတော့ ကျဲကျောင်းတော်မှာ ဆရာကျောက်လိုပဲ ဖြောင့်မတ်တဲ့ ပညာရှင်တွေအများကြီး ရှိပါသေးတယ်။ တကယ်လို့ အနောက်ကျောင်းတော်ကသာ ဆရာကျောက်ကို ပစ်မှတ်ထားရင် ကျဲကျောင်းတော်ကလည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး... ”
“ တကယ်လို့ ဒီကိစ္စသာ ကြီးထွားသွားရင် အနောက်ကျောင်းတော်နဲ့ ကျဲကျောင်းတော်ကြားမှာ ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ် ”
“ အဲဒီလိုသာ ဖြစ်လာပြီဆိုရင် အသေအပျောက်တွေလည်း သေချာပေါက်ရှိလာမှာပဲ။ ဆရာကျောက်ရဲ့ ညီနောင် တာအိုရသေ့တွေ ဒဏ်ရာအနာတရ ရသွားမှာကို ဆရာကျောက် ကြည့်ရက်ရဲ့လား ”
“ ဆရာကျောက်... ဆရာကျောက်က ကျွန်တော့်လို မထင်မရှားပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါဘူး။ ဆရာကျောက်ရဲ့ စကားတွေ၊ အပြုအမူတွေက အာဒိကပ္ပလောကရဲ့ တိုးတက်မှုအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်... ”
ကျောက်ကုန်းမင်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။ သူသည် မုတ်ဆိတ်မွေးကို သပ်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ သူသည် စက္ကူကိုယ်ပွားထံသို့ တိုက်ရိုက်အသံပို့လွှတ်လိုက်၏။
“ ခင်ဗျားပြောတာ အကျိုးအကြောင်းဆီလျော်ပါတယ်...ဒါပေမဲ့ ဒီလူက ခင်ဗျားရဲ့ ကိုယ်ပွားကို ကိုယ့်ကိုယ်ကို ဖော်ခွဲပစ်အောင် ဖိအားပေးခဲ့တာပဲ... ”
“ ကျွန်တော်က ရန်ကျောင်းတော်က ချီကျင့်ကြံသူတစ်ဦးပါ။ ကျွန်တော်က ဆရာကျောက်နဲ့ တစ်ဖက်တည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဆရာကျောက်ထက် အများကြီး ဝါနုပါတယ် ”
လီချန်ရှို့ က အသံပို့လွှတ်၍ သက်ပြင်းချလိုက်၏။
“ ကျွန်တော့်ရဲ့ ရုပ်သွင်အစစ်ကို တခြားသူတွေကို မပြချင်တဲ့အကြောင်းက ကျွန်တော်တို့ ရန်ကျောင်းတော်က အမြဲ အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်ပဲနေခဲ့တဲ့ ကျောင်းတော်တစ်ခုဖြစ်နေလို့ပါ။ ကျွန်တော်သာ အမွှေးတိုင်ပူဇော်မှုကရတဲ့ ကုသိုလ်တွေကို ပေါ်ပေါ်ထင်ထင်စုဆောင်းနေမယ်ဆိုရင် ကျွန်တော်တို့ကျောင်းတော်က ပညာရှင်က သဘောကျမှာ မဟုတ်ပါဘူး... ”
“ ကျွန်တော်တို့ကျောင်းတော်က ပညာရှင်က လောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အရေးမစိုက်ဘူးဆိုပေမယ့် သူက ကျောင်းတော်သုံးကျောင်းအကြားက ဆက်ဆံရေးကိုတော့ တော်တော်လေး ဂရုစိုက်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ သူက ကျဲကျောင်းတော်နဲ့ ချန်ကျောင်းတော်ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် စိတ်ထိခိုက်နေခဲ့တာပါ။ သူက တော်တော်လေး စိုးရိမ်နေပါတယ် ”
“ အဲဒါကြောင့် အနောက်ကျောင်းတော်ကသူတွေသာ ကျွန်တော့်ကို တွေ့သွားရင် ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပွားကို ချက်ချင်းဖောက်ခွဲပစ်ဖို့ ကြံထားတာပါ။ ကျွန်တော် အဲ့အနောက်ကျောင်းတော်ကသူတွေနဲ့ နည်းနည်းတောင် မပတ်သက်ချင်ပါဘူး... ”
ကျောက်ကုန်းမင် သဘောပေါက်သွားပုံ ရလေသည်။ ထို့နောက် သူသည် ခေါင်းငုံ့၍ တွေးတောလိုက်၏။ သူပြောလိုက်သည်။
“ ကျုပ်တို့ သူ့ရဲ့တာအိုကို ဖျက်ဆီးပစ်လိုက်ပြီး ဒီနေရာမှာပဲ တစ်ခါတည်းလက်စတုံးလိုက်ရင်ရော ဘယ်လိုလဲ... ”
“ ကျွန်တော်တို့ ဒီကိစ္စကို တန်ခိုးရှင်မသိအောင် ဘယ်လိုလုပ်ဖုံးကွယ်ထားနိုင်မှာလဲ ”
“ အဲဒီလိုဆို ကျုပ်တို့ ဘာလုပ်ရမလဲ ”
လီချန်ရှို့က ပြောလိုက်သည်။
“ ကျွန်တော်တွေးထားတဲ့ နည်းလမ်း တစ်ခုကို ပြောပြလို့ရမလားခင်ဗျာ... အစ်ကိုကျောက် ကျွန်တော့်ကိုယုံတယ်ဆိုရင် အဲ့နည်းလမ်းကိုသုံးဖို့ စဉ်းစားကြည့်ပေါ့... ”
“ ဟေး... ခင်ဗျားက ကျုပ်ကို အပြင်လူလို ဆက်ဆံနေတာလား... ”
ကျောက်ကုန်းမင်းသည် သူ၏လက်ကိုဝှေ့ယမ်း၍ လီချန်ရှို့၏ စက္ကူကိုယ်ပွားထံ အသံပို့လွှတ်လိုက်၏။
“ ကျောင်းတော်သုံးကျောင်းဆိုတာ မိသားစုတစ်စုလိုပဲ။ ကျုပ်က ခင်ဗျားကိုမယုံရင် အဲ့ခါးကုန်းကို ယုံရမှာလား... ခင်ဗျားဆီမှာရှိတဲ့ နည်းလမ်းကိုသာ ကျုပ်ကိုပြောပါ ”