အခန်း ၃၁
Vol. 4 Ch. 31
အခန်း(၃၁)
တစ်ချိန်တည်းမှာပင် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ ခြောက်ဦးသည်လည်း လှုပ်ရှားလိုက်ကြသည်။
မည်သို့ပင် ဖြစ်စေကာမူ၊ ဝမ်ရှောင်ဝိန်သည် သူတို့၏ ဌာနခွဲခေါင်းဆောင် ဖြစ်ပြီး နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့သော ညီအစ်ကိုများ ဖြစ်ကြသည်။ ဤအချိန်တွင် သူတို့၌ အခြားရွေးချယ်စရာ မရှိချေ။
ထို့အပြင် တစ်ဖက်လူသည် ထင်သလောက် အင်အားကြီးပုံမရချေ။
ခုနစ်ယောက် နဲ့ သုံးယောက်...
အားသာချက်မှာ သူတို့၏လက်ထဲ၌ ရှိနေ၏။
ဝမ်ရှောင်ဝိန်ဘက်မှ ဓားထုတ်လိုက်သည့် အခိုက်အတန့်မှာပင် မော့လျူရှင်းတို့သည်လည်း လှုပ်ရှားလိုက်ကြသည်။ နှစ်ဖက်စလုံးသည် နားလည်မှုတစ်ခု ရှိနေသကဲ့သို့ အကြီးအကဲ ခြောက်ဦးသည် ကျန်းမင် နှင့် လင်းလန်တို့ကို ဦးတည်ကာ တိုက်ခိုက်လာကြပြီး ၊ ဝမ်ရှောင်ဝိန်သည် မော့လျူရှင်းထံသို့ ပြေးဝင်လာ၏။
ချွင် ချွင်…
နှစ်ဖက်စလုံး၏ ဓားများသည် လေထဲတွင် တချွင်ချွင် ဖြင့် ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။
မီးပွားများ လွင့်စင်ကာ ဓားအချင်းချင်း ထိခတ်နေပြီး ၊ နှစ်ဖက်အင်အားမှာ ညီမျှနေပုံရသည်။
ကျန်းမင်ဘက်တွင်မူ ၊ သူသည် လူသုံးဦး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
"ဟားး..."
"ကြည့်ရတာ... မင်းတို့က ငါ့ကို လွယ်ကူတဲ့ပစ်မှတ်လို့ ထင်နေကြပုံပဲ..."
"လူသုံးယောက်ပဲလား..."
မဟာအကြီးအကဲ ဖန်ကျင့်၊ ဒုတိယအကြီးအကဲ ဝူရွှမ်နှင့် တတိယအကြီးအကဲ တင်ကွေတို့သည် ကျန်းမင်၏ လှောင်ပြောင် သရော်သော စကားများကို ကြားလိုက်ရသဖြင့် သူတို့၏ မျက်နှာများမှာ ချက်ချင်းဆိုသလို မည်းမှောင်ကျသွား၏။
"ကောင်လေး... မင်း ရိုင်းစိုင်းလှချည်လား..."
မဟာအကြီးအကဲ ဖန်ကျင့်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရှေ့သို့ တိုးဝင်လာကာ ကျန်းမင်ထံသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
လက်ဝါးရိုက်ချက်၏ လေအဟုန်သည် ပြင်းထန်သော အတွင်းအားများကို ဆောင်ကျဉ်းလျက် လျှပ်စီးမိုးကြိုးအလား ကျရောက်လာသည်။
ဟွန့်…
ကျန်းမင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တစ်ချိန်တည်းမှာပင် နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်ကာ သူ့ လက်ဝါးဖြင့် ပြန်လည် ရိုက်ထုတ်လိုက်သည်။
ဗုန်း။
လက်ဝါးနှစ်ခု ထိပ်တိုက် တွေ့ဆုံခဲ့လေရာ ၊ ပြင်းထန်သော အတွင်းအားများ ပေါက်ကွဲထွက်လာ၏။
ဂျွတ်။
"အား..."
မဟာအကြီးအကဲ ဖန်ကျင့်၏ လက်မောင်းရိုးမှာ ပြုတ်ထွက်သွားခဲ့ပြီး ၊ သူ၏ ခန္ဓာကိုယ်မှာလည်း အနောက်သို့ လွင့်ထွက်သွားသည်။
"အစ်ကိုကြီး..."
ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့က အလန့်တကြား အော်ဟစ်လိုက်ကြပြီး ၊ တစ်ချိန်တည်းမှာပင် ဘယ်နှင့်ညာ ညှပ်လျက် ကျန်းမင်ထံသို့ ပြေးဝင်လာကြသည်။
ဒုတိယအကြီးအကဲ ဝူရွှမ်သည် အလွန်အလေးချိန်စီးသော ဓားမကြီးတစ်လက်ကို ဆုပ်ကိုင်ထားသည်။ ထိုဓားမကြီးသည် အသွားမရှိသော်လည်း၊
ကျောက်ခဲနှင့် သံထည်များကို တစ်ချက်တည်းဖြင့် ခွဲပစ်နိုင်သည်။
ဝူရွှမ်၏ ဓားမကြီးသည် ကျန်းမင်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့ပြီး တစ်ချက်တည်းနှင့် သူ၏ ဦးခေါင်းကို ရိုက်ခွဲပစ်ရန် ရည်ရွယ်ထားပုံပေါ်သည်။
တတိယအကြီးအကဲ တင်ကွေ သည် ချိတ်ဓားကောက် နှစ်လက်ကို အသုံးပြုပြီး ၊ ဓားကောက်များ၏ ဓားသွားများမှာ အေးစက်စွာ တောက်ပနေ၏။ သူသည် ကျန်းမင်၏ အောက်ပိုင်းကို ချိန်ရွယ်ထားသည်။
နှစ်ဦးစလုံးသည် အဆင့်(၈) အလယ်အလတ်အဆင့်ရှိ သိုင်းပညာရှင်များ ဖြစ်ကြပြီး ၊ နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းလာခဲ့ကြသော သူငယ်ချင်းကောင်းများ ဖြစ်ကြသဖြင့် သူတို့၏ ပူးပေါင်းမှုမှာ ဟာကွက်မရှိ ပြီးပြည့်စုံသည်။
ထိုအချိန်တွင် ၊
ချွင်...
ကျန်းမင်၏ ဓားမှာ ဓားအိမ်မှ ထွက်ပေါ်လာခဲ့ပြီး အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။ သူသည် ကျားငါးကောင် တံခါးပိတ်ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
ဝှစ်...
ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော အားအဟုန်က ထိုလေးလံသော ဓားမကြီးကို ထိမှန်သွားလေ၏။
ဗုန်း...
ဝူရွှမ်၏ ဓားမကြီးသည် အစွမ်းထက်သော်လည်း ၊ ကျန်းမင်၏ ကျားငါးကောင် တံခါးပိတ်ဓားသိုင်းက ပို၍ အစွမ်းထက်သည်။
"အား..."
ဝူရွှမ်၏ အော်ဟစ်သံနှင့် အတူ ၊ သူ၏ ခန္ဓာကိုယ်မှာ ထိုပြင်းထန်သော အားအဟုန်ကြောင့် နောက်ပြန်လွင့်ထွက်သွားခဲ့သည်။ သူသည် အနောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာသွားခဲ့ရသည်။
သူ၏ လက်ဖဝါးတစ်ခုလုံး စုတ်ပြဲသွားခဲ့ပြီး ၊ ကျန်းမင်၏ ထိုးနှက်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ဝက်မှာ ထုံကျင်နေ၏။
ဒေါင်...
ကျန်းမင်သည် နောက်ထပ် ဓားတစ်ချက် ထပ်မံ ထုတ်သုံးလိုက်ပြီး ပြင်းထန်သော အားအဟုန်ဖြင့် တတိယအကြီးအကဲ၏ ချိတ်ဓားကောက်ကို ဆွဲဖယ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်ဖြင့် ကန်ထုတ်လိုက်၏။
ဗုန်း...
ထိုကန်ချက်သည် တတိယအကြီးအကဲ တင်ကွေ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
ပြင်းထန်သော အားအဟုန်ကြောင့် သူ၏ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်သွားခဲ့သည်။
သွေးအန်သံ...
တင်းကွေသည် သွေးအမြောက်အမြား အန်ထုတ်လိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စက္ကူစွန်တစ်ခု ကဲ့သို့ အနောက်သို့ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
သူသည် မည်သည့် အသက်ရှူသံမျှ မရှိတော့ချေ။
[ သတ်ဖြတ်မှုအမှတ် +၂၀၀ ]
"ညီ(၃)..."
မဟာအကြီးအကဲ ဖန်ကျင့်နှင့် ဒုတိယအကြီးအကဲ ဝူရွှမ်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း တင်ကွေ သည် အသက်ပျောက်သွားခဲ့ပြီ ဖြစ်ရာ ဤဘဝတွင် သူတို့၏ ခေါ်သံကို ပြန်လည် ခေါ်ထူးနိုင်တော့မည် မဟုတ်ချေ။
ကျန်းမင်မှာ ဤရလဒ်အပေါ် အနည်းငယ်မျှ အံ့ဩခြင်း မရှိချေ။ သွေးဓားဘိုးဘေးပင်လျှင် နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်၏ ကန်ချက်ကို မခံယူနိုင်ချေ။
သူတို့က ဘာကောင်မို့လို့လဲ…
အကယ်၍ သူတို့ ခြောက်ဦးစလုံး အတူတကွ တိုက်ခိုက်လာပါက၊ မိမိအနေဖြင့် အနည်းငယ်မျှ အားထုတ်ရဦးမည် ဖြစ်သော်လည်း နှမြောစရာကောင်းစွာဖြင့် လူသုံးဦးသာ လာရောက်ခဲ့သည်။
"အော်မနေကြနဲ့... ငါ အခုပဲ မင်းတို့ကို သူနဲ့ သွားတွေ့ခိုင်းမယ်..."
ချွင်...
သူသည် ဓားနှစ်လက်ကို ပစ်လွှတ်လိုက်သည်။
ဝှစ်...
ဖန်ကျင့်နှင့် ဝူရွှမ်တို့ နှစ်ဦးစလုံးသည် လျှပ်တပြတ် တောက်ပသွားသော အလင်းတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ၊ ဓားမြှောင်တစ်လက်သည် သူတို့၏ လည်ချောင်းထဲသို့ စိုက်ဝင်သွားခဲ့လေပြီ။
"သိပ်မြန်လွန်းတယ်..."
[ သတ်ဖြတ်မှုအမှတ် +၂၀၀ ]
[ သတ်ဖြတ်မှုအမှတ် +၂၀၀ ]