အခန်း ၃၃
Vol. 4 Ch. 33
အခန်း(၃၃) ဓားတစ်ချက်စာတောင် မခံနိုင်ဘူး
"အဲဒီတိုက်ပွဲမှာ မင်းတို့ ကြယ်တိမ်ဂိုဏ်းရဲ့ ဆုံးရှုံးမှုကလည်း မသေးဘူးမလား... ကြားရသလောက် ဂိုဏ်းထဲက အကြီးအကဲ ဆယ်ယောက်မှာ ကိုးယောက် သေဆုံးသွားခဲ့ရပြီး ဂိုဏ်းချုပ်ကိုယ်တိုင်လည်း ထျန်းချန်နတ်ဘုရားဓားကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်ဆိုပဲ”
"ဒါကြောင့်လည်း မင်းတို့တွေ သိုင်းလောကထဲမှာ နှစ်ပေါင်း ရှစ်ဆယ်တိုင်တိုင် ပျောက်ကွယ်သွားခဲ့ရတာပေါ့..."
"ငါ ပြောတာ... မှန်တယ်မလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် မော့လျူရှင်းမှာ မျက်မှောင်ကြုတ်သွား၏။၎င်းမှာ ဂိုဏ်း၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။
သူတို့ ကြယ်တိမ်ဂိုဏ်းသည် ပြင်ပလောကနှင့် အဆက်အဆံ သိပ်မရှိပေ။ သို့သော် ဤလူများသည် အဘယ့်ကြောင့် သိရှိနေကြသနည်း။
"သူနဲ့ ဘာဖြစ်လို့ စကားတွေ အများကြီး ပြောနေမှာလဲ... သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ကိစ္စအားလုံး ပြီးသွားမှာပဲလေ”
ဝမ်ရှောင်ဝိန်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များသာ ရှိနေသည်။
သူသည် ဤတစ်ခေါက် ကျင်းရှီအကြီးအကဲကို ဖိတ်ခေါ်ရန်အတွက် ကုန်ကျစရိတ် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ အကယ်၍ တစ်ဖက်အဖွဲ့ကို အပြတ်မရှင်းနိုင်ဘဲ တစ်ယောက်၊ နှစ်ယောက် လွတ်မြောက်သွားပါက သူ့အနေဖြင့် အရှုံးကြီးရှုံးရပေတော့မည်။
ထိုစကားကြောင့် ကျင်းရှီ အကြီးအကဲသည် လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ကာ တိုက်ကွက်ကို အသင့်ပုံဖော်ထားပြီး ၊ ဝမ်ရှောင်ဝိန်ကလည်း ဓားကို ဆုပ်ကိုင်လျက် အသင့်ပြင်ဆင်ထားသည်။
မော့လျူရှင်း၏ မျက်လုံးများက လေးနက်မှု အပြည့်ရှိနေသည်။ ကျင်းရှီ အကြီးအကဲသည် အဆင့်(၇) အလယ်အလတ် အဆင့်သာ ရှိသေးသော်လည်း ၊ သူ ကျင့်ကြံထားသော အလောင်းကောင် ကျင့်စဉ်မှာ ဓားလှံမတိုးနိုင်သဖြင့် အဆင့်တူ သိုင်းသမားများကြားတွင် သူ့ကို အသာစီးရနိုင်သူမှာ လူနည်းစုသာ ရှိသည်။
ထို့အပြင် ဝမ်ရှောင်ဝိန်သည်လည်း အဆင့်(၇) သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြန်သေး၏။
အဆင့်(၇) သိုင်းပညာရှင်နှစ်ဦးကို ရင်ဆိုင်ရချိန်တွင် မော့လျူရှင်းပင်လျှင် အနည်းငယ် အခက်တွေ့မိသည်။
"မိတ်ဆွေတို့နှစ်ဦး... အရင်ဆုံး ထွက်သွားကြပါ..."
"မင်းတို့ ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းကို ကူညီဖို့ ကတိပေးထားတဲ့ ကိစ္စက ပြီးဆုံးသွားခဲ့ပြီ... အခုပဲ ဒီနေရာကနေ ထွက်သွားကြတော့... ကျုပ် ဒီလူနှစ်ယောက်ကို တားဆီးပေးထားမယ်... မင်းတို့ လွတ်မြောက်ဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်..."
မော့လျူရှင်းက ကျန်းမင်တို့နှစ်ဦးကို ထွက်သွားရန် တိုက်တွန်းလိုက်သည်။
"မလိုဘူး..."
သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ကျန်းမင်သည် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းပင်။
"ဒီအလောင်းကောင်က အင်အားကြီးတာ မှန်ပေမဲ့... သူ့ဘေးနားမှာ ရှိနေတဲ့လူကတော့... ဟုတ်ချင်မှ ဟုတ်လိမ့်မယ်..."
ကျန်းမင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဝမ်ရှောင်ဝိန်ကို ကြည့်ကာ အေးအေးလူလူ ပြောဆိုလိုက်သည်။
"မှန်တယ်..."
လင်းလန်ကလည်း ပြောပြောဆိုဆိုဖြင့် ရှေ့တိုးလာ၏။
"ကောင်းတယ်... ကောင်းတယ်... သိပ် ကောင်းတယ်..."
ဝမ်ရှောင်ဝိန်တစ်ယောက် စော်ကားခံလိုက်ရသဖြင့် 'ကောင်းတယ်' ဟူသော စကားလုံးကို သုံးကြိမ် ဆက်တိုက် ပြောဆိုလိုက်သည်။
သူ၏ မျက်လုံးများမှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုအလား ဒေါသမီးလျှံများဖြင့် တောက်လောင်နေခဲ့သည်။
" ကျင်းရှီအကြီးအကဲ... ကျုပ်ကို ကူညီပြီး မော့လျူရှင်းကို စက္ကန့်သုံးဆယ်လောက်ပဲ ထိန်းထားပေး... ကျုပ် ကိုယ့်အခြေအနေကို မသိတဲ့ ဒီကောင်နှစ်ကောင်ကို သွားသတ်လိုက်ဦးမယ်..."
ထိုသို့ပြောပြီးသည်နှင့် ဝမ်ရှောင်ဝိန်သည် ကျန်းမင်တို့နှစ်ဦးထံ ပြေးဝင်သွား၏။ မော့လျူရှင်းသည် တားဆီးရန်ဟန်ပြင်လိုက်သော်လည်း ၊ သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ကျင်းရှီအကြီးအကဲက အရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်သည်။
"သေချင်နေတာပဲ..."
မော့လျူရှင်းသည် ကြိမ်းမောင်းလိုက်ပြီး သူ၏ဓားဖြင့် ကျင်းရှီ အကြီးအကဲကို တိုက်ခိုက်လိုက်သည်။
ခွင် ခွင် ..
နှစ်ဖက်စလုံး မျက်စိတစ်မှိတ်အတွင်းမှာပင် အကွက်ပေါင်းများစွာ ဖလှယ်ပြီးခဲ့ပြီး ၊ တိုက်ပွဲသည် ပို၍ ပြင်းထန်လာ၏။
တစ်ချိန်တည်းမှာပင် ဝမ်ရှောင်ဝိန်၏ ဓားသည်လည်း ကျန်းမင်တို့နှစ်ဦးထံ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝှစ် ဝှစ် !
သူသည် တစ်ကွက်တည်းဖြင့် ဓားချက် ၄၉ချက် ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ ဓားစွမ်းအင်များသည် ကျန်းမင်တို့နှစ်ဦးကို ဘေးပတ်ပတ်လည် ဝန်းရံထားပြီး ပိတ်ဆို့ထား၏။
ထို့နောက် ချက်ချင်းဆိုသလို အဆိုပါ ဓားချက် ၄၉ချက်သည် တစ်ခဏချင်းမှာပင် တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။
ဤသည်မှာ အပြင်းထန်ဆုံး နှင့် စိတ်အားအထက်သန်ဆုံး ဓားချက်ပင်။
"အချစ်ဓား ဝိညာဉ်နှုတ်ခြင်း၊ ကြေခွဲခြင်း ခုနှစ်ည..."
ဤအရာမှာ ဝမ်ရှောင်ဝိန် အချစ်ရေးတွင် ပြင်းထန်သော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရပြီးနောက် နားလည် သဘောပေါက်ခဲ့သော ဓားကွက် ဖြစ်သည်။
ဝမ်ရှောင်ဝိန်၏ အသက်နုတ်ဓား ကို အချစ်ဓား ဟုလည်း ခေါ်ဆိုသေးသည်။
မော့လျူရှင်း တစ်ချက် မှားယွင်းသွားခဲ့သည်မှာ ဟန်ပိုင်၏ ဇနီးသည်ကို သူ ပြန်ပေးဆွဲခဲ့ခြင်း မဟုတ်ဘဲ သူမကိုယ်တိုင် သူနှင့်အတူ ခိုးရာလိုက်ပြေးဖို့ ဆန္ဒရှိခဲ့ခြင်းပင်။
သူတို့နှစ်ဦးသည် မြင်မြင်ချင်း ချစ်မိသွားသော်လည်း ၊ သို့သော် အချိန်ကာလနှောင်းခဲ့ရသည်။
အလှလေးသည် အခြားလူတစ်ယောက်၏ ဇနီးသည်တစ်ယောက် ဖြစ်နေ၏။
သို့သော်လည်း အချစ် ဟူသော စကားလုံးမှာ လူတိုင်း အနာကျင်ရဆုံး စကားလုံးပင်။
မိမိချစ်ရသူသည် အခြားလူတစ်ယောက်၏ အောက်တွင် ညည်းတွားမြည်တမ်းနေသည်ကို နားထောင်နေရသည်မှာ နှလုံးသားတစ်ခုလုံးကို ဓားဖြင့် မွှန်းလိုက်သလိုပင် ညတိုင်း အိပ်မပျော်နိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်ချကာ ရူးသွပ်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့၏။