အခန်း ၃၄
Vol. 4 Ch. 34
အခန်း(၃၄)
နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် အမှန်တကယ် ပျော်ရွှင်စရာကောင်းသော အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြရပြီး ၊ ၎င်းမှာ ဝမ်ရှောင်ဝိန်၏ ဘဝတစ်ခုလုံးတွင် အပျော်ရွှင်ဆုံး အချိန်ကာလလည်း ဖြစ်ခဲ့သည်။
သို့သော်လည်း အလှအပ ဟူသည် လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားတတ်ပြီး မကြာမီမှာပင် သူချစ်ရသူမှာ ရောဂါဖြင့် သေဆုံးသွားခဲ့ရသည်။
သူမ သူ့ကို ထားသွားပြီးနောက်၊ သူသည် နာကျင်ခြင်းနှင့် ပူလောင်သော နှလုံးသားဝေဒနာကို ခံစားခဲ့ရပြီး ၊ ခုနစ်ညတာအတွင်း ဤဓားကွက်ကို နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
လောကအလယ်ရှိ ဓားများအားလုံးသည် သံယောဇဉ် ကင်းမဲ့ကြသော်လည်း ၊ သူ၏ ဓားတစ်လက်တည်းသာလျှင် သံယောဇဉ် အကြီးမားဆုံး ဖြစ်သည်။
ချွင်...
ကျန်းမင်၏ ဓားနှင့် လင်းလန်၏ ဓားတို့သည် ဓားအိမ်ထဲမှ တပြိုင်နက်တည်း ထွက်လာကြသည်။
တစ်ခဏချင်းမှာပင် အခန်းတစ်ခုလုံး လင်းလက်သွား၏။
မည်သည့် ထူးခြားသော လှုပ်ရှားမှုမျှ မရှိဘဲ ဓားနှစ်လက်သည် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။
ချွင်...
ကျန်းမင်၏ ဓားသည် ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။ တောင်ပေါ်မှ ဆင်းသက်လာသော ကျားရဲတစ်ကောင်အလား တားဆီး၍ မရနိုင်လောက်အောင် အားကောင်းလွန်းသည်။
လင်းလန်၏ ဓားမှာ အလွန် မြန်ဆန်သည်။ လျှပ်စီးမိုးကြိုးအလား လျင်မြန်သွက်လက်ကာ ခုခံ၍မရနိုင်လောက်အောင် မြန်ဆန်လွန်းသည်။
နှစ်ဦးစလုံး ပူးပေါင်းလိုက်သည်နှင့် ၊
ဗုန်း...
ကြမ်းပြင်တစ်ခုလုံး ပြင်းထန်သော အားအဟုန်ကြောင့် အထက်သို့ ကြွတတ်လာကာ နေရာအနှံ့ လွင့်ထွက်သွား၏။
ဒုန်း ဒုန်း ဒုန်း။
သုံးဦးစလုံးသည် အနောက်သို့ ပြိုင်တူ ဆုတ်ခွာသွားကြသည်။
ကျန်းမင် နှင့် လင်းလန်တို့မှာ ခြေလှမ်း ရှစ်လှမ်းခန့် နောက်ပြန်ဆုတ်သွားပြီး၊ သူတို့၏ ခြေဖနောင့်များမှာ ကျောက်ပြားများအတွင်းသို့ နစ်ဝင်သွားသည်။
သွေးအန်သံ…
နှစ်ယောက်စလုံး သွေးတစ်လုပ်စာ အန်ထုတ်လိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ ဝမ်ရှောင်ဝိန်သည် ခြေလှမ်း ငါးလှမ်းခန့်သာ နောက်ဆုတ်လိုက်ရပြီး ၊ ကိုယ်ဟန်အနေအထားမှာ ယိမ်းထိုးသွားသည်။ သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး လူတစ်ကိုယ်လုံး ဖရိုဖရဲဖြစ်နေ၏။
"ဘယ်လိုလဲ... ငါ ပြောသားပဲ... သူ့ဓားက သာမန်ပါပဲလို့..."
သွေးများဖြင့် ပေကျံနေသော ကျန်းမင်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
"ဟုတ်တယ်..."
လင်းလန်ကလည်း ထောက်ခံလေသည်။
ဝမ်ရှောင်ဝိန်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်သွားသည်။
အဆင့်(၇) သိုင်းပညာရှင်တစ်ဦးအနေဖြင့် မိမိ၏ ဘဝတစ်ခုလုံးတွင် အကောင်းဆုံးသော ဓားချက်ကို ထုတ်သုံးခဲ့သော်လည်း အဆင့်(၈) သိုင်းသမား နှစ်ဦးကို မသတ်နိုင်ခဲ့ချေ။
‘ဒါ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ’
"ခင်ဗျားရဲ့ ဒီဓားချက်ကိုတော့ နောက်ထပ် ဒုတိယအကြိမ် ထုတ်သုံးဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..."
‘ဘာ…..’
ဝမ်ရှောင်ဝိန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
ဝှစ် …
လင်းလန်မှာ ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။
မိုးကြိုးအလား လျင်မြန်လွန်းသည်။
ဝှစ်...
ဓားအလင်းတစ်ချက် ဖျတ်ခနဲ လင်းလက်သွား၏။
ချွင်...
ဝမ်ရှောင်ဝိန် အံကြိတ်လိုက်သည်။ လင်းလန်၏ ဓားသည် သူ၏လည်ပင်းဘေးမှနေ၍ ဖြတ်သန်းသွားခဲ့ရာ အပေါ်ယံဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
မည်သို့ပင် ဖြစ်စေ ၊ သူသည် အဆင့်(၇)သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး အဆင့်(၈) သိုင်းသမားတစ်ဦး၏ ဓားချက်လောက်တော့ တားဆီးနိုင်သေးသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ကျားရဲတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ ပြင်းထန်သော လေခွင်းသံတစ်ချက် ရောက်ရှိလာပြန်၏။
"ကျားဖြူ ချောက်ကမ်းပါးကို ခုန်ကူးခြင်း” ၊ "လေပြင်းဟောက်သံ" ၊ "တောတောင်ကို လွှမ်းမိုးခြင်း " စသော ကျားငါးကောင် တံခါးပိတ်ဓားသိုင်း၏ ၆၄ကွက်ကို ကျန်းမင်သည် တစ်ချက်တည်းသော ဓားရေးအကွက်တစ်ခုအဖြစ် ပေါင်းစပ်လိုက်သည်။
ဤတိုက်ခိုက်မှု၏ စွမ်းအားသည် နှစ်ဆတိုးသွားပြီး ၊ အဆင့်(၇) အလယ်အလတ် သိုင်းပညာရှင်တစ်ဦး၏ အစွမ်းနီးပါး ရောက်ရှိသွားသည်။
"မဟုတ်ဘူး..."
ဝမ်ရှောင်ဝိန်သည် ဤအခိုက်အတန့်တွင် အားအင်ကုန်ဆုံးနေပြီး အင်အားသစ် မရရှိသေးချေ။
သူ့အနေဖြင့် ဤဓားချက်ကို ခံယူနိုင်မည်မဟုတ်။
ဗုန်း…
ပြတ်သားပြီး သပ်ရပ်သော ဓားချက်သည် သူ၏ နဖူး၊ နှာခေါင်းမှ အောက်အထိ ကျဆင်းသွားသည်။
ချလမ်...
ဝမ်ရှောင်ဝိန်၏ လက်ထဲက အသက်နုတ်ဓားမှာ နှစ်ပိုင်း ကျိုးထွက်သွားပြီး ခန္ဓာကိုယ်သည်လည်း နှစ်ခြမ်းကွဲသွား၏။
[သတ်ဖြတ်မှုအမှတ် +၃၀၀]
‘သေသွားပြီ…’
အဆင့်(၇) သိုင်းပညာရှင် တစ်ဦးသည် အဆင့်(၈) သိုင်းသမားတစ်ယောက်၏ ဓားချက်အောက်တွင် သေဆုံးသွားခဲ့သည်။
"သေစမ်း..."
ကျင်းရှီအကြီးအကဲသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ၊ သူ၏ မျက်လုံးများမှာ ပြင်းထန်စွာ တုန်လှုပ်သွား၏။
ဝမ်ရှောင်ဝိန် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူတို့ အလောင်းဂိုဏ်း၏ တာဝန်သည်လည်း ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ထို့အပြင် …
ထိုအခိုက်အတန့်မှာပင် မော့လျူရှင်းသည် ကျင်းရှီ အကြီးအကဲ၏ ခဏတာ ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ သူ၏ အပြင်းထန်ဆုံး ဓားချက်ဖြင့် ထိုးနှက်လိုက်၏။
ဤဓားချက်သည် ကောင်းကင်ယံမှ ကြွေကျလာသော ကြယ်တံခွန်တစ်ခုအလား မြန်ဆန်ကာ မည်သည့်အရိပ်အယောင်မျှ မကျန်ရစ်ခဲ့ပေ။
ဝှစ်...
ဓားရှည်သည် ကျင်းရှီအကြီးအကဲ၏ လည်ပင်းကို ထိုးဖောက်သွားပြီး နံရံပေါ်သို့ တန်းတန်းမတ်မတ် စိုက်ဝင်သွား၏။
ကျင်းရှီအကြီးအကဲ၏ လက်နှစ်ဖက်က ဓားသွားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေသည်။
"ဖယ်စမ်း..."
ထိုအခိုက်အတန့်မှာပင် ကျန်းမင်၏ အသံ ထွက်ပေါ်လာသည်။ မော့လျူရှင်းသည် အောက်သို့ ငုံ့လိုက်သည်နှင့် တောက်ပသော ဓားအလင်းတစ်ခုက ချက်ချင်း ရောက်ရှိလာ၏။
ဝှစ်...
ကျင်းရှီ အကြီးအကဲ၏ ဦးခေါင်းမှာ လေထဲသို့ မြင့်မားစွာ မြှောက်တတ်သွားလေတော့သည်။
[ သတ်ဖြတ်မှုအမှတ် +၃၀၀]