← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း(၃၅)

ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ ဘေးတစ်ဖက်သို့ လိမ့်သွားသည်။ ထိုအချိန်မှသာ ဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သော သူ၏လက်နှစ်ဖက်မှာ အားအင်ကင်းမဲ့စွာဖြင့် ပျော့ခွေကျသွားသည်။

"မသေနိုင်ဘူးလို့သာ ပြောနေတာ... နောက်ဆုံးတော့လည်း သေရတာပဲ မဟုတ်လား..."

ကျန်းမင်သည် ကျင်းရှီအကြီးအကဲ၏ ဦးခေါင်းပေါ်သို့ တံတွေးတစ်ချက် တွေးထုတ်လိုက်သော်လည်း ၊သူ၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

သူ သတ်ဖြတ်မှုအမှတ်ကို အောင်မြင်စွာ ခိုးယူလိုက်နိုင်သည်။

ဟားးး…..

……

"မင်း ဘာလုပ်နေတာလဲ..."

မော့လျူရှင်းသည် အလောင်းများပေါ်တွင် လိုက်လံရှာဖွေနေသော ကျန်းမင်၏ လုပ်ရပ်များကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေ၏။

သိုင်းလောကအတွင်း လှည့်လည်သွားလာနေကြသော သိုင်းသမားများမှာ ငွေကြေးချို့တဲ့လေ့ မရှိပေ။ သူတို့သည် ငွေကြေးများကို လက်ထဲရောက်အောင် အလွယ်တကူ ရှာဖွေနိုင်ကြသည်။

ကျန်းမင်သည် သူ့ကို ဂရုမစိုက်ဘဲ အလောင်းများကိုသာ ဆက်လက် ရှာဖွေနေခဲ့သည်။ လူသတ်ပြီး အလောင်းများကို ရှာဖွေခြင်းမပြုပါက အလကား အလုပ်လုပ်ရသည်နှင့် တူပေလိမ့်မည်။

ထို့အပြင် ဤလူများသည် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြသဖြင့် ချမ်းသာကြသည်။

ကျန်းမင်သည် အလောင်းထံမှ ရရှိသော ငွေစက္ကူအထပ်လိုက်ကို ရင်ဘက်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် ဖြည်းညင်းစွာ ထရပ်လိုက်၏။

"မကောင်းတော့ဘူး... ကိစ္စတစ်ခုခု ဖြစ်ပျက်သွားပြီ..."

ထိုအချိန်တွင် ဆိပ်ကမ်းဂိုဏ်း၏ အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

"အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြစို့..."

မော့လျူရှင်းက ပြောဆိုလိုက်ပြီး၊ သူတို့ သုံးဦးစလုံးသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်လိုက်ကြသည်။ ထို့နောက် အမိုးပေါ်သို့ ခုန်တတ်လိုက်ပြီး ညအမှောင်ထဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

သူတို့ ထွက်ခွာသွားပြီးနောက် စက္ကန့်ပိုင်းအကြာတွင် ဆိပ်ကမ်းဂိုဏ်းအတွင်း အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာ၏။

"မကောင်းတော့ဘူး..."

"ဌာနခွဲခေါင်းဆောင် သေဆုံးသွားပြီ..."

"အကြီးအကဲတွေရော..."

"အကြီးအကဲတွေကို သွားခေါ်စမ်း..."

"အကြီးအကဲတွေလည်း သေကုန်ကြပြီ..."

ဆိပ်ကမ်းဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။

…..

ထိုအချိန်တွင် ကျန်းမင်တို့ သုံးဦးသည် လမ်းတော်တော်များများကို ကျော်ဖြတ်ကာ ဝေးကွာသော နေရာသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

တောက် တောက်။

သုံးယောက်သား အိမ်ခေါင်းမိုးပေါ်မှ လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုအတွင်းသို့ ဆင်းသက်လိုက်ကြ၏။

"ကူညီပေးခဲ့တဲ့အတွက် ညီအစ်ကိုနှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်... မင်းတို့နှစ်ယောက်သာ မကူညီခဲ့ရင် ကျုပ် အနေနဲ့ ဒီတာဝန်ကို ဒီလောက်လွယ်လွယ်ကူကူနဲ့ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး..."

မော့လျူရှင်းက ကျေးဇူးတင်ကြောင်း ပြောကြားရင်း ဦးညွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ သူ၏ အင်္ကျီလက်အတွင်းမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ ကျန်းမင်တို့ကို ကမ်းပေးလိုက်သည်။

"ဒါက အဆင့်မြင့် နဂါးကျားဆေးလုံးပဲ... ဒဏ်ရာတွေကို ပြန်လည် ကုသတဲ့နေရာမှာ အလွန် အစွမ်းထက်တယ်... မင်းတို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအတွက် ဆေးတစ်လုံးတည်း သောက်လိုက်ရုံနဲ့ နာရီဝက်အတွင်းမှာ လုံးဝ ပျောက်ကင်းသွားလိမ့်မယ်..."

‘အဆင့်မြင့် နဂါးကျားဆေးလုံး….’

လင်းလန်၏ မျက်ဝန်းအတွင်း၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လှစ်ဟသွားသည်။ ဤအရာမှာ ငွေရှိသော်လည်း ဝယ်ယူရန် ခဲယဉ်းသော ရတနာတစ်ပါး ဖြစ်သည်။ မှောင်ခိုဈေးကွက်တွင် အဆင့်မြင့် နဂါးကျားဆေးလုံး တစ်လုံးလျှင် ငွေစင် ငါးထောင်ခန့်အထိ ပေးရလေ့ရှိပြီး ဝယ်ယူရန်ပင် မလွယ်ကူချေ။

အကြောင်းမှာ ဤအဖိုးတန် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးဆရာကြီးများမှာ ဆေးဘုရင်ချိုင့်ဝှမ်းမှ ဆေးဆရာကြီး အနည်းငယ်မှလွဲ၍ မည်သူမျှ မရှိသောကြောင့် ဖြစ်သည်။

ထိုဆေးဆရာကြီးများသည် တစ်နှစ်လျှင် ဆေးနှစ်အိုးခန့်သာ ဖော်စပ်လေ့ရှိသည်။ ထိုဆေးများအနက် အများစုမှာ ကျင့်ကြံမှုကို တိုးတက်စေသော ဆေးများသာ ဖြစ်ပြီး ကုသဆေးများကို အနည်းငယ်မျှသာ ဖော်စပ်လေ့ရှိသည်။

တစ်ခါတစ်ရံတွင် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ဖော်စပ်ခြင်း မရှိကြချေ။

ထို့ကြောင့် ဤအဆင့်မြင့် နဂါးကျားဆေးလုံး၏ အဖိုးတန်မှုသည် ‘နှလုံးသားမဲ့ဓားသမား’ လင်းလန်ကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

သူသည် ပုလင်းကို ဂရုတစိုက်ဖြင့် လှမ်းယူလိုက်ပြီး ဆေးတစ်လုံးကို ထုတ်ယူကာ အခြားပုလင်းအလွတ်တစ်ခုထဲသို့ ထည့်လိုက်ပြီး ၊ ကျန်ရှိနေသော ဆေးလုံးကိုမူ ကျန်းမင်ထံသို့ ကမ်းပေးလိုက်သည်။

ကျန်းမင်သည် ဆေးလုံးများအကြောင်းကို အများကြီး နားမလည်သဖြင့် သူ့ရင်ဘက်ထဲသို့ ပေါ့ပေါ့တန်တန် ထည့်သိမ်းလိုက်သည်။

သူ့တွင် နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ် ရှိနေသဖြင့် ဤကဲ့သို့သော ဒဏ်ရာအသေးစားလေးများကို တရားထိုင်ခြင်းဖြင့် ကုသနိုင်သည်။ သူ့အနေဖြင့် ဤဆေးလုံးကို အသုံးပြုရန် မလိုအပ်ချေ။

သို့သော်လည်း အလကားရသော အရာကို အဘယ့်ကြောင့် ငြင်းဆန်မည်နည်း။ မည်သို့ပင်ဖြစ်စေ ၊ သူသည် နောက်ဆုံးအချိန်ထိ အားစိုက်ထုတ်ခဲ့ရသည် မဟုတ်လော။

လူနှစ်ယောက်ကို ပို၍ သတ်ဖြတ်ခဲ့ခြင်းမှာ မိမိအနေဖြင့် သတ်ဖြတ်မှုအမှတ်ကို ရယူလိုခြင်းကြောင့် ဖြစ်သော်လည်း ၊ မည်သို့ပင်ဖြစ်စေ သူ့အပေါ်တွင် အကြွေးတင်နေသည် မဟုတ်လော။

"ဒါဆိုရင် ကျုပ်တို့ ဒီမှာတင် လမ်းခွဲကြစို့... နောက်နောင် မင်းတို့ ကြယ်တိမ်ဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင် မာမိသားစုက ဆန်စပါးဆိုင်ကို လာရှာလို့ရတယ်..."

"ဒါဆို နှုတ်ဆက်ခဲ့ပါတယ်..."

မော့လျူရှင်း ထွက်ခွာသွားပြီးနောက် လင်းလန်သည်လည်း နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

နောက်ဆုံးတွင်မူ လူသူကင်းမဲ့သော လမ်းကြားလေးထဲ ကျန်းမင်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ဒေါင်။

ရုတ်တရက်ပင် ကျန်းမင်သည် ဓားကို မြေပြင်ပေါ်သို့ ထောက်ကာ အားပြုလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အင်အားကုန်ခမ်းသွားပုံရသည်။

အစောပိုင်းက သူ လှုပ်ရှားခဲ့သော ကျားငါးကောင် တံခါးပိတ်ဓားသိုင်း၏ ထိုဓားရေးအကွက်သည် ကျွမ်းကျင်မှုအရ လေးဆယ်ကျော်သာ ရှိသေးပြီး ၊ နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်မှာလည်း ပြီးပြည့်စုံမှု မရှိသေးသောကြောင့် သူ့အဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။

"ဒါက ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ပင်ပန်းနွမ်းနယ်သွားတယ်ဆိုတဲ့ ခံစားချက်မျိုးလား..."

ကျန်းမင်တစ်ယောက် မချိုမချဉ် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။

သူတစ်ပါးအပေါ် အမြဲသတိထားရမည်။ အစောပိုင်းက သူသည် မိမိ၏ အင်အားကုန်ခမ်းနေသော အခြေအနေကို အခြားသူများ၏ ရှေ့မှောက်တွင် မဖော်ပြခဲ့ချေ။

ဘေးကင်းလုံခြုံသော နေရာသို့ ရောက်ရှိလာမှသာ အမှန်အတိုင်း ပြသရဲတော့သည်။

All Chapters