အခန်း ၃၈
Vol. 4 Ch. 38
အခန်း(၃၈)
နှစ်ယောက်စလုံး အထဲသို့ ဝင်ရောက်လာခဲ့ကြပြီး နေရာယူလိုက်ကြသည်။ လူတိုင်း၏ အကြည့်များက ထိုလူနှစ်ဦးထံ ကျရောက်နေဆဲပင်။
သို့သော်လည်း ကျန်းမင်၏ အကြည့်သည် စားသောက်ဆိုင်၏အပြင်ဘက်တွင် ရှိနေ၏။
"စားပွဲထိုး ... အရက်ကောင်း တစ်အိုးလောက် နွေးပြီး ချပေး... ပြီးတော့ ဟင်းပွဲအချို့လည်း ချပေးဦး..."
ဝင်ရောက်လာသော နှစ်ဦးအနက်မှ ထွားကြိုင်းသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
သူသည် ခါးတွင် ချိတ်ဆွဲထားသော ဓားကြီးကို ဖြုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
သို့သော်လည်း သူတို့သည် ခေါင်းပေါ်မှ ခမောက်များကို ချွတ်ပစ်ရန် စိတ်ကူးမရှိကြပုံရသည်။
ယင်းက ဆိုင်အတွင်းရှိ လူတိုင်းကို စိတ်ပျက်သွားစေသည်။ ထို့ကြောင့် သူတို့သည် ၎င်းတို့နှစ်ဦး၏ အထောက်အထားကို တိုးတိုးတိတ်တိတ် ခန့်မှန်းနေကြသည်။
မကြာမီမှာပင် အရက်နှင့် ဟင်းပွဲများ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် ၊
တောက် တောက် တောက်။
မိုးရေပြင်ပေါ် နင်းလျှောက်လာသော ခြေသံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ရောက်ရှိလာသူ အရေအတွက်မှာ အလွန်များပြားပြီး ၊ လူအရေအတွက် နှစ်ဆယ်ကျော်ခန့် ရှိလောက်သည်။
ထိုလူများသည် ဆိုင်ငယ်လေးအတွင်းသို့ အလုအယက် တိုးဝင်လာကြသဖြင့် မူလကတည်းက သိပ်မကျယ်ဝန်းလှသော ဆိုင်ငယ်လေးမှာ ချက်ချင်းဆိုသလို ပြည့်ကျပ်သွား၏။
သို့သော်လည်း မည်သူမျှ ဒေါသမထွက်ရဲချေ။ အကြောင်းမှာ ဝင်ရောက်လာသော လူတိုင်း၏ လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကြပြီး ၊ အကြည့်များမှာလည်း ရက်စက်ခက်ထန်လွန်းသည်။
ထိုအထဲမှ လူသုံးဦး၏ နားထင်များမှာ ဖောင်းကြွနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ အတွင်းအားသည် အလွန်နက်ရှိုင်းကြောင်း ဖော်ပြနေသည်။
"ဟားး...."
"နောက်ဆုံးတော့ ဖောက်ပြန်တဲ့ မင်းတို့စုံတွဲကို ရှာတွေ့ခဲ့ပြီ..."
ထိုသုံးဦးအနက် ကျောကုန်းသော်လည်း စူးရှတောက်ပသော မျက်လုံးများရှိသည့် အသက်ကြီးကြီး တစ်ယောက်က အေးစက်စွာ ပြောဆိုလိုက်သည်။
သူသည် အစောပိုင်းက ဝင်ရောက်လာခဲ့သော အမျိုးသားနှင့် အမျိုးသမီးကို စိုက်ကြည့်နေသည်။
"ဟူး..."
အစောပိုင်းက ဝင်ရောက်လာခဲ့သော အမျိုးသားက သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်းတို့ ဘာဖြစ်လို့ ဒီလောက်အထိ အတင်းအကျပ် လိုက်လံ ဖိအားပေးနေရတာလဲ..."
"အားလုံးက အတူတူ သေတွင်းထဲကနေ ရုန်းထွက်လာခဲ့ကြတဲ့ ညီအစ်ကိုကောင်းတွေပဲ... ဘာဖြစ်လို့ မိန်းမတစ်ယောက်အတွက်နဲ့ ဒီနေ့လို အခြေအနေမျိုးအထိ ရောက်သွားရတာလဲ..."
"မင်း ပါးစပ်ပိတ်ထားစမ်း... ချောင်ရှန့်... ငါ မုလောင်စန်းမှာ မင်းလို ညီအစ်ကိုမျိုး မရှိဘူး..."
ခမောက်ဆောင်းထားသော အမျိုးသား၏ စကားမဆုံးသေးမီမှာပင် ၊ နောက်မှ ဝင်ရောက်လာခဲ့သော သုံးဦးအနက်မှ ခပ်ဝဝ အမျိုးသားတစ်ဦးက အော်ဟစ်ပြောဆိုလိုက်သည်။
‘ချောင်ရှန့်…..မုလောင်စန်း…’’
ဤအမည်နှစ်ခုကို ကြားလိုက်ရသည်နှင့် ၊ ဆိုင်အတွင်းရှိ သိုင်းသမားများနှင့် ကုန်သည်များမှာ ၎င်းတို့၏ အထောက်အထားကို ချက်ချင်း သိရှိသွားကြသည်။
ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ လေးဦး ဖြစ်ကြသည့် ဓားကြီး ချောင်ရှန့်၊ ဉာဏ်ပညာဓား မာချွမ်း၊ သံမဏိခြေထောက် ရေပေါ်ပျံ မုလောင်စန်း နှင့် လခြမ်းဓားသွား ဟုန်ဖူတို့ပင် ဖြစ်သည်။
ဤလေးဦးသည် စုန့်ချွင်းမြို့ရှိ ဆိပ်ကမ်းဂိုဏ်း ဌာနခွဲ၏ အကြီးအကဲ လေးဦး ဖြစ်ပြီး၊ စုန့်ချွင်းမြို့တွင် အရေးပါသော လူကြီးမင်းများ ဖြစ်ကြသည်။
ထိုလေးဦး၏ နောက်ခံကို နားလည်လိုက်သည်နှင့် ၊ လူတိုင်းသည် ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ မည်သူဖြစ်ကြောင်းကိုလည်း ချက်ချင်း မှန်းဆနိုင်ခဲ့သည်။
ဤရက်ပိုင်းအတွင်း ဆိပ်ကမ်းဂိုဏ်းအတွင်း၌ ပွက်လောရိုက်နေသည့် အကြောင်းအရာ နှစ်ခုသာ ရှိသည်။
ပထမတစ်ခုမှာ ဆိပ်ကမ်းဂိုဏ်း၏ တပည့် ကျန်းမင်သည် မိဘများကို သတ်ဖြတ်ခဲ့သည်။ ထိုမျှ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်သားကို ဂိုဏ်းနှစ်ခုစလုံးမှ လက်ခံနိုင်ခြင်း မရှိသောကြောင့် လိုက်လံသတ်ဖြတ်ရန် ဝရမ်းထုတ်ပြန်ထားသည်။
နောက်တစ်ခုမှာ ဓားကြီး ချောင်ရှန့်သည် ဖုန်းဒုတိယသခင်ကြီး၏ ကိုယ်လုပ်တော် တစ်ဦးနှင့် ထွက်ပြေးသွားသောကြောင့် ဂုဏ်သိက္ခာကြီးမားသော ဆိပ်ကမ်းဂိုဏ်း ဌာနခွဲခေါင်းဆောင်မှာ အရှက်ကွဲခဲ့ရသည်။
ယခုအခါ ချောင်ရှန့် ထွက်ပေါ်လာပြီ ဖြစ်ရာ ထိုအမျိုးသမီး၏ အဆင့်အတန်းမှာလည်း ပြောစရာပင် မလိုတော့ပေ။
"ချောင်ရှန့်... မင်းလို ကျေးဇူးကန်းပြီး အရှက်မရှိတဲ့ကောင်... ဖုန်းဒုတိယသခင်က မင်းကို ကောင်းကောင်း ဆက်ဆံခဲ့တာ မင်းက ဒီလိုမျိုး အောက်တန်းကျတဲ့ ကိစ္စကို လုပ်ခဲ့ရတယ်လို့ကွာ ..."
"မိတ်ဆွေရဲ့ ဇနီးကို မမက်မောသင့်ဘူး တဲ့..."
"ဒီနေ့ မင်းသာ အသာတကြည် အဖမ်းခံမယ်ဆိုရင် ငါတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အတိတ်က သံယောဇဉ်ကို ထောက်ထားပြီး မင်းကို သက်သက်သာသာ သေခွင့်ပေးမယ်... မဟုတ်ရင်တော့ မင်း ဓားသုံးချက်ဒွါရခြောက်ပေါက် ဒဏ်ကို ခံစားရလိမ့်မယ်..."
မုလောင်စန်းက ဆက်ပြောလိုက်သည်။
‘ ညီအစ်ကိုနှစ်ယောက်….’
ဤအချိန်မှသာ ယခုတစ်ကြိမ် ရောက်ရှိလာသူများအနက် ဉာဏ်ပညာဓား မာချွမ်း မပါဝင်သည်ကို လူတိုင်း သတိထားမိကြသည်။
အခြား သိုင်းပညာရှင်တစ်ဦ၏ အမည်ကို မသိရသော်လည်း ဆိပ်ကမ်းဂိုဏ်း၏ ဖိတ်ကြားမှုကို ခံခဲ့ရသည်ကို ထောက်ဆကြည့်ရုံဖြင့် သူ၏ အဆင့်အတန်းမှာ နိမ့်ကျလိမ့်မည် မဟုတ်ချေ။
"ဟွန်း..."
“ အဲ့ကောင်မှာ ဇနီးသုံးယောက် ၊ မယားငယ် လေးယောက် နဲ့ အလှလေးတွေ အများကြီး ရှိနေတာ... သူ ဘယ်တုန်းက ကျုပ်တို့လို ညီအစ်ကိုတွေကို ထည့်တွက်ဖူးလို့လဲ..."
ဓားကြီး ချောင်ရှန့်သည် ခမောက်ကို ချွတ်ပစ်လိုက်ရာ ၊ အသက်သုံးဆယ်ကျော်အရွယ် တည်ကြည်သော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"ငါ အသက် ၁၂နှစ်ကတည်းက သူ့နောက်ကို လိုက်လာခဲ့တာ... အခုဆိုရင် အနှစ်နှစ်ဆယ်ကျော် ရှိပြီ..."
"သေတွင်းထဲကနေ အတူတူ ဖြတ်သန်းလာခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ညီအစ်ကို သံယောဇဉ်..."
"ငါက သူ့ရဲ့ ကိုယ်လုပ်တော်လေး တစ်ယောက်ကိုပဲ သဘောကျမိတာပါ... သူက ဒီလောက်လေးတောင် သည်းမခံနိုင်ဘူး... သူက ငါ ချောင်ရှန့်ရဲ့ ညီအစ်ကို ဖြစ်ဖို့ မထိုက်တန်ဘူး..."
"လက်နက်ထုတ်ကြ... ဒီနေ့ ငါ့ လက်ထဲက ဓားကြီးနဲ့... မင်းတို့တွေက ငါ့ရဲ့ ညီအစ်ကိုလို့ ခေါ်ဖို့ အရည်အချင်း ရှိမရှိ ကြည့်ရတာပေါ့..."
ချွင်...
ထိုသို့ပြောပြီးသည်နှင့်၊ ချောင်ရှန့်သည် ဓားကို ဆွဲထုတ်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်..."
မုလောင်စန်း နှင့် ဟုန်ဖူ တို့သည်လည်း အားနာမနေတော့ဘဲ ချက်ချင်းလက်ငင်း တိုက်ခိုက်လေတော့၏။