အခန်း ၃၉
Vol. 4 Ch. 39
အခန်း(၃၉) အသည်းမာပြီး ရက်စက်သော ဓားသမား
ဗုန်း ဗုန်း ဗုန်း။
သုံးယောက်သား အပြင်းအထန် တိုက်ခိုက်နေကြသည်။
စားပွဲတော်တော်များများ ကွဲကြေကုန်ပြီး ၊ တိုက်ပွဲအခြေအနေမှာ ချက်ချင်းပင် ရှုပ်ထွေးသွားသည်။
ဆိုင်ငယ်လေးအတွင်း၌ မိုးခိုနေကြသော ကုန်သည်များနှင့် သိုင်းသမားများမှာ မိုးသည်းထန်စွာ ရွာသွန်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဆိုင်၏ အပြင်ဘက်တံခါးဆီသို့ အလုအယက် ပြေးပုန်းလေတော့သည်။
ထောင့်တစ်နေရာတွင် ရှိနေသော ကျန်းမင်တစ်ဦးတည်းသာလျှင် အေးအေးလူလူဖြင့် အရက်ဆက်သောက်နေခဲ့သည်။
အခြားတစ်ဖက်တွင်မူ ၊ ခိုးရာလိုက်ပြေးခဲ့သော အလှလေးသည် ဆိုင်အတွင်း၌ ရှိနေပြီး သို့သော် သူမ၏ ခြေလှမ်းများက ကျန်းမင်ရှိရာ ထောင့်လေးဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာ၏။
ဤဆိုင်ငယ်လေးအတွင်း၌ ဤလူငယ်တစ်ဦးတည်းသာလျှင် အင်အားကြီးမားသော သိုင်းပညာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လိုက်သည်။
ဆိုင်ထဲတွင် ဆက်ရှိနေခြင်းမှာ သူသည် ကြောက်ရွံ့ခြင်းမရှိကြောင်း ဖော်ပြနေခြင်းပင်။
တစ်နည်းအားဖြင့် သူသည် ဤဆိပ်ကမ်းဂိုဏ်းသားများကို အလေးအနက်မထားကြောင်း ပြောပြနေသည်။
ထို့ကြောင့် သူမအနေဖြင့် နည်းလမ်းနှစ်ခု ပြင်ဆင်ထားရမည်။ အကယ်၍ ချောင်ရှန့်သာ မနိုင်ခဲ့ပါက ၊ သူမသည် ချက်ချင်းပင် ဤလူငယ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စောင့်ရှောက်မှုကို တောင်းခံရပေလိမ့်မည်။
ဤအမျိုးသားသည် သူမကို ငြင်းပယ်လိမ့်မည် မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။ မည်သို့ပင်ဖြစ်စေ ၊ လှပပြီး အားကိုးရာမဲ့နေသော အမျိုးသမီးငယ်လေးတစ်ဦး၏ အကူအညီတောင်းခံမှုကို မည်သည့်အမျိုးသားမဆို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပေ။
လင်းရုံရုံသည် ကိုယ့်ကိုယ့်ကိုယ် အပြည့်အဝ ယုံကြည်ထား၏။ သူမ အရွယ်ရောက်လာသည့်အချိန်မှစ၍ သူမ မအောင်နိုင်ခဲ့ဖူးသော အမျိုးသားတစ်ဦးမျှ မရှိခဲ့ဖူးချေ။
ဖုန်းဒုတိယသခင်နောက်သို့ အနှစ်နှစ်ဆယ်ကျော် လိုက်ပါခဲ့သော ဓားကြီး ချောင်ရှန့်ပင်လျှင် သူမ၏ တစ်ညတာ ဆွဲဆောင်မှုအောက်တွင် ကျရှုံးခဲ့ရသည်။
"သခင်လေး... ကျွန်မကို ကူညီပါဦး..."
သူမသည် ကျန်းမင်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး နှုတ်ခမ်းကို ကိုက်လျက် နူးညံ့သော အသံလေးဖြင့် ပြောဆိုလိုက်သည်။ သူမ၏ အပြုအမူသည် သူမကို ကာကွယ်စောင့်ရှောက်ပေးလိုစိတ် တဖွားဖွား ဖြစ်ပေါ်လာစေသည်။
အမျိုးသားများအနေဖြင့် ငြင်းပယ်ဖို့ ခက်ပေသည်။
လင်းရုံရုံသည် ဆိုင်ထဲသို့ ဝင်ရောက်လာကတည်းက ကျန်းမင်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
အစောပိုင်းက သဲသဲကွဲကွဲ မမြင်ရသော်လည်း ယခုလို အနီးကပ် မြင်လိုက်ရချိန်တွင် ဤလူငယ်သည် အလွန်ချောမောကြောင်း သိရှိလိုက်ရ၏။
လူငယ်ဓားသမား သူရဲကောင်းလေးသည် အလှလေးကို ကယ်တင်ပေတော့မည်။
ကျန်းမင်သည် သူမအတွက် ထိုသိုင်းပညာရှင်များနှင့် အသက်လု တိုက်ခိုက်တော့မည်ကို တွေးမိလိုက်တိုင်း သူမ ရင်ခုန်နေမိသည်။
ထိုအချိန်တွင် ပတ်ပတ်လည်၌ ရှိနေသော ဆိပ်ကမ်းဂိုဏ်း၏ တပည့်များနှင့် ကျန်ရှိနေသော သိုင်းပညာရှင်တစ်ဦးသည်လည်း ကျန်းမင်ရှိရာ နေရာသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ကြသည်။
သို့သော်လည်း သူတို့သည် အနားသို့ မချဉ်းကပ်ရဲကြချေ။ အကြောင်းရင်းမှာ ကျန်းမင်သည် မရိုးရှင်းကြောင်း ခံစားမိကြသောကြောင့် ဖြစ်၏။
သို့သော် အခြားသူများက ကျန်းမင်ကို မျက်မှန်းတန်းမိနေကြသည်။
"သခင်လေး... ကျွန်မကို ကူညီပါဦးရှင်... ကျွန်မ သခင်လေးအတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ..."
လင်းရုံရုံက ထပ်မံ၍ အနားသို့ တိုးကပ်လာခဲ့ရာ သူမ၏ နွေးထွေးသော ခန္ဓာကိုယ် နှင့် မွှေးပျံ့လှသော ရနံ့များသည် ကျန်းမင်ထံသို့ သက်ရောက်မှု ရှိလာခဲ့သည်။
သူမသည် မိမိအတွက် အပြင်းအထန် တိုက်ပွဲဝင်နေသော ချောင်ရှန့်ကို လုံးဝ လျစ်လျူရှုထား၏။ ယခု သူမ လိုချင်သည်မှာ ဤသခင်လေး တစ်ယောက်သာ ဖြစ်သည်။
ဤအရာကို မြင်သည်နှင့် ကျန်းမင်သည် တစ်စုံတစ်ခုကို တွေးမိလိုက်ပုံရပြီး ၊ နှုတ်ခမ်းသားများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ သူသည် လက်ထဲမှ အရက်ခွက်ကို ဖြည်းညင်းစွာ ချလိုက်သည်။
ထို့နောက် အေးစက်စွာ ပြောဆိုလိုက်၏။
"မင်းကို ကူညီရမယ် ဟုတ်လား... ကျုပ်က ဘာဖြစ်လို့ မင်းကို ကူညီရမှာလဲ... မင်းရဲ့ ဒီလိုမျိုး သာမန်ရုပ်ရည်လေး တစိခုအတွက်နဲ့လား..."
"ဒါမှမဟုတ် မင်းက ကျုပ်ကို စိတ်နှလုံးသား ဖြူစင်တဲ့လူလို့ ထင်နေတာလား..."
"ဟားးဟားး..."
"မင်းတို့ ဆက်လုပ်ကြပါ... ကျုပ်က ဒီတိုင်း ပြဇာတ်ကောင်းတစ်ပုဒ်ကို ထိုင်ကြည့်နေရုံပဲ..."
ဤစကားများ ထွက်လာသည်နှင့် လူတိုင်း အံ့အားသင့်နေကြသည်။
လင်းရုံရုံ၏ ဟန်ဆောင်ပန်ဆောင် သနားစရာကောင်းသော အမူအရာပင်လျှင် တောင့်တင်းသွားသည်။
ကျန်းမင်သည် ဤကဲ့သို့သော စကားမျိုးကို ပြောထွက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"နင်... နင်..."
လင်းရုံရုံတစ်ယောက် ကျန်းမင်၏ စကားများကြောင့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။
သူမသည် ဒေါသတကြီးဖြင့် လက်ညိုးငေါက်ငေါက် ထိုးရင်း ၊ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လို့နေ၏။
ဤအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ ကျန်းမင်အပေါ် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမ၏ အလှအပကို အသိအမှတ်မပြု၊ မခံစားတတ်သော လူများအတွက် သူမတွင် နည်းလမ်းတစ်ခုသာ ရှိသည်။
၎င်းမှာ ထိုသူအား သေတွင်းသို့ ပို့ဆောင်ပေးခြင်းပင်။
ကျန်းမင်သည် တစ်ဖက်လူ၏ တုံ့ပြန်မှုအပေါ် စိတ်ထဲတွင် အတော်လေး ကျေနပ်သွားသည်။ သူ၏ စကားလုံးများသည် ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည် ဟု ထင်မှတ်မထားခဲ့ချေ။
"အိုင်း... တကယ်လို့ အာဖေးသာ ဒီလိုအမှန်တရားကို နားလည်ခဲ့ရင် သူ ဒီလောက်အထိ သနားစရာကောင်းတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘူး..."
သူသည် စိတ်ထဲကနေ ညည်းတွားလိုက်မိသည်။
(T/N - အာဖေး - အခြားဇာတ်လမ်းထဲက ဇာတ်ကောင် နေမှာပေါ့ )