အခန်း ၄၀
Vol. 4 Ch. 40
အခန်း(၄၀)
သို့သော်လည်း လင်းရုံရုံ၏ ပေါက်ကွဲမှုသည် နှစ်စက္ကန့်မျှသာ ကြာမြင့်ပြီး သူမသည် စိတ်ခံစားချက်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
အမျိုးသားများသည် ဒေါသတကြီးဖြင့် အော်ဟစ်တတ်သော အမျိုးသမီးများကို သဘောမကျတတ်ပေ။
"ဟီးဟီး..."
"သခင်လေး... ရှင်က တကယ်ကို အသည်းမာပြီး ရက်စက်တဲ့လူပဲ..."
"ဒါပေမဲ့... ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး..."
လင်းရုံရုံက ပြောရင်းဆိုရင်း ၊ ခေါင်းပေါ်မှ ခမောက်ကို ဆွဲချွတ်ပစ်လိုက်သည်။ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သော အလှတရားလေး ထွက်ပေါ်လာလေ၏။
ကျန်းမင်မှာ လူတိုင်း၏ လည်ချောင်းမှ တံတွေးမြိုချသံများကို ကြားလိုက်ရသည်။
ဆိပ်ကမ်းဂိုဏ်းဝင် အမျိုးသားများသည် လင်းရုံရုံကို အလိုလောဘများဖြင့် ရှက်ရွံ့ခြင်းမရှိ စိုက်ကြည့်နေကြသည်။
သူမသည် ဤအရာကို ကောင်းကောင်း သိရှိထားသဖြင့် စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။ သို့သော်လည်း ကျန်းမင်၏ အကြည့်မှာ ယခင်အတိုင်းပင် ပြောင်းလဲခြင်း မရှိချေ။
သူမ မလှပသောကြောင့် မဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့် လင်းရုံရုံတစ်ယောက် အလွန် လှပသည်ကို သူ ဝန်ခံသည်။ သို့သော်လည်း ဤကဲ့သို့သော အလှတရားမျိုးမှာ အလွန် အန္တရာယ်များသည်။
ကျန်းမင်သည် သူမ၏ မျက်နှာကို မြင်တွေ့လိုက်ရချိန်တွင် တစ်စုံတစ်ယောက်ကို သတိရမိသွားသည်။ ထို့ကြောင့် သူမအပေါ် ရှိနေသော အသိအမှတ်ပြုမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဆိပ်ကမ်းဂိုဏ်း၏ တပည့်အချို့မှာ ကျန်းမင်၏ ရုပ်ရည်ကို မှတ်မိသွားကြဟန်တူပြီး ၊ ကျန်ရှိနေသော သိုင်းပညာရှင်ထံသို့ အပြေးအလွှား သွားရောက်ကာ တိုးတိုးတိတ်တိတ် သတင်းပို့လိုက်ကြသည်။
ထိုသိုင်းပညာရှင်သည် နားထောင်ပြီးနောက် မျက်ဝန်းထဲ၌ အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားပြီး ၊ မျက်မှောင်ကြုတ်လိုက်၏။
လူတိုင်း လင်းရုံရုံ၏ အလှတရားအပေါ် အံ့ဩမှင်သက်နေကြစဉ်မှာပင် ၊ လင်းရုံရုံသည် သူမ၏ နူးညံ့သော လက်ကလေးကို မြှောက်လိုက်ရာ လက်နက်ပုန်းဖြစ်သော ငွေရောင် အပ်နှစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ထိုအပ်များပေါ်တွင် သွေးနှင့်ထိသည်နှင့် အသက်ပျောက်စေနိုင်သော ပြင်းထန်သည့် အဆိပ်များကို လိမ်းကျံထားသည်။
ကျန်းမင်သာ ခံလိုက်ရပါက ၊ အဆင့်(၆) သိုင်းပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် ချက်ချင်း အသက်ပျောက်ရပေလိမ့်မည်။
ငွေအပ်များကို ပစ်လွှတ်လိုက်သည်နှင့် လင်းရုံရုံ တစ်ယောက် ပြုံးလိုက်မိသည်။ ဤလောကတွင် သူမ၏ ဆွဲဆောင်မှုကို ငြင်းပယ်နိုင်သူ မရှိချေ။ အကယ်၍ ရှိခဲ့ပါက ထိုသူမှာ လူသေ သို့မဟုတ် သေတော့မည့်လူသာ ဖြစ်ရမည်။
သို့သော်လည်း ငွေအပ်များသည် ကျန်းမင်၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်မီ အခိုက်အတန့်မှာပင် ကျန်းမင်သည် လှုပ်ရှားလိုက်သည်။
ချွင် ချွင်..
အသက်နုတ်ယူသံ နှစ်ချက် ထွက်ပေါ်လာခဲ့၏။
သေးငယ်သော ငွေအပ်နှစ်ချောင်းသည် အနောက်သို့ လွင့်စဉ်ထွက်သွားသည်။
"မလုပ်နဲ့..."
"အား..."
လင်းရုံရုံ၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမသည် လက်နှစ်ဖက်ဖြင့် မျက်လုံးများကို အုပ်ထားပြီး အဆိပ်ဖြေဆေး တစ်လုံးကို အမြန် သောက်သုံးလိုက်သည်။
"အား... ငါ့ရဲ့ မျက်လုံးတွေ..."
သူမ၏ နာကျင်စွာ အော်ဟစ်နေသော အသံကြောင့် ဘေးနားတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော လူသုံးယောက်စလုံး အံ့အားသင့်သွားကြသည်။
သုံးဦးစလုံး တိုက်ခိုက်နေရာမှ တပြိုင်နက်တည်း ရပ်တန့်သွားသည်။
"မင်းတို့ကောင်တွေ..."
"ဘယ်သူက ဒီလောက်အထိ သတ္တိကောင်းပြီး သူမကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ..."
ဓားကြီး ချောင်ရှန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မုလောင်စန်း နှင့် ဟုန်ဖူတို့ကို ချက်ချင်း လျစ်လျူရှုလိုက်သည်။
" ချောင်ရှန့်... သူ့ကို သတ်ပစ်.. သူ့ကို သတ်ပစ်..."
"သူက ကျွန်မရဲ့ မျက်လုံးတွေကို ကန်းအောင် လုပ်လိုက်တာ..."
လင်းရုံရုံသည် ချောင်ရှန့်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သနားစရာကောင်းစွာ အော်ဟစ်ငိုကြွေးနေခဲ့သည်။
ချောင်ရှန့်သည်လည်း သူမကို ကြည့်ကာ အလွန်ပင် စိတ်မကောင်းဖြစ်နေမိသည်။
သို့သော်လည်း နောင်တွင် လင်းရုံရုံ အနေဖြင့် မျက်စိကန်းသွားခဲ့ပါက ၊ သူမသည် သူ့ကို ဘယ်တော့မှ ထားသွားတော့မည် မဟုတ်ကြောင်း တွေးမိလိုက်ပြီး ဤအခြေအနေမှာ ထင်သလောက် မဆိုးရွားကြောင်း ခံစားလိုက်ရပြန်သည်။
သူမ၏ စကားကြောင့် သူသည် မသိမသာ ပြုံးလိုက်မိသည်။
သို့သော်လည်း သူသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ကျန်းမင်ကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။
စိတ်ထဲတွင် ကျန်းမင်၏လုပ်ရပ်ကို ကျေးဇူးတင်နေခဲ့သော်လည်း ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"ကောင်လေး... မင်း ငါ့ရဲ့ မိန်းမကို ဒဏ်ရာရအောင် လုပ်တယ်... ဒီနေ့ မင်း မုချ သေရမယ်..."
"ငါ ဓားကြီး ချောင်ရှန့်က နာမည်မရှိတဲ့ ကောင်တွေကို မသတ်ဘူး... မင်းရဲ့ နာမည်ကို ပြောစမ်း..."
သို့သော်လည်း ကျန်းမင် မပြောရသေးမီမှာပင် ဆိပ်ကမ်းဂိုဏ်း၏ မုလောင်စန်းက ဖြတ်၍ ပြောဆိုလိုက်၏။
"ဟားဟားဟား..."
" ချောင်ရှန့်... မင်း ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ... နာမည်မရှိတဲ့ကောင်ကို မသတ်ဘူး ဟုတ်လား... ကျုပ် မင်းကို ပြောပြမယ်... သူ ဘယ်သူလဲဆိုတာ..."
"သူက မင်းတို့ရဲ့ ဖောက်ပြန်မှုတွေကို ပေါ်ပေါက်အောင် လုပ်ခဲ့တဲ့ ကျန်းမင်ပဲ... ငါတို့ ဆိပ်ကမ်းဂိုဏ်းက လိုက်လံ သတ်ဖြတ်နေတဲ့လူပေါ့..."
ဤအချိန်တွင် မုလောင်စန်းတို့သည်လည်း လက်အောက်ငယ်သားများထံမှ ကျန်းမင်၏ အထောက်အထားကို သိရှိသွားကြပြီ ဖြစ်၏။
‘ဘာ…’
ဤစကား ထွက်လာသည်နှင့် ချောင်ရှန့်သာမက ဆိုင်အပြင်ဘက်၌ မိုးခိုနေကြသော လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
"သူက ကျန်းမင် ဟုတ်လား..."
"မိဘကို သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာကောင်လား..."
လူတိုင်း မယုံကြည်နိုင် ဖြစ်နေကြ၏။ သူတို့မျက်စိရှေ့က ခန့်ညားထက်မြက်လှသော လူငယ်ဓားသမားလေးသည် မကြာသေးမီက စုန့်ချွင်းမြို့တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် မိစ္ဆာကောင် ကျန်းမင် ဖြစ်နေခဲ့သည်။
ဗုန်း။
ကျန်းမင်သည် စားပွဲကို ရိုက်ချလိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူသည် အပြင်ဘက်တွင် မိုးခိုနေကြသော လူများထံသို့ ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းတို့ ပါးစပ်ကနေ အာပလာတွေ လျှောက်ပြောမနေကြနဲ့..."
"တကယ့် အမှန်တရားက ကျန့်ဝမ်မြို့တော်က စူးမိသားစုက ငွေကြေးဂိုဏ်း ၊ ဆိပ်ကမ်းဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး ကျုပ်ရဲ့ မိဘတွေကို သတ်ဖြတ်ခဲ့တာ... ပြီးတော့ ကျုပ် ကိုလည်း အခုထိ လိုက်လံ သတ်ဖြတ်နေကြတုန်းပဲ”
‘ဘာ…’
ကျန်းမင်၏စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ပို၍ တုန်လှုပ်သွားကြသည်။