← Chapters

အာဒိကပ္ပလောက၏ ပထမဆုံး စံပြပရိယာယ်

Vol. 11 Ch. 149

အာဒိကပ္ပလောက၏ ပထမဆုံး စံပြပရိယာယ်

Vol. 11 Ch. 149

လီချန်ရှို့သည် ကျောက်ကုန်းမင်ထံ အသံပို့လွှတ်နေစဉ် သူ၏အတွေးများကို အစီအစဉ်တကျ ဖြစ်အောင် လုပ်လိုက်၏။

လိုက်လျောညီထွေ စီစဉ်ထားမှုသည် လက်ငင်းအကျိုးကိုသာကြည့်၍ စီစဉ်ထားခြင်းမဟုတ်ပေ။

သူ့တွင် အချိန်သိပ်မရှိတော့သော်လည်း သူသည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ကိစ္စများကိုပင် ထည့်တွက်ရမည် ဖြစ်သည်။ သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းကို စဉ်းစားရပေမည်။

ထို့ပြင် ထည့်တွက်ရမည့် လွန်စွာအရေးကြီးသော အချက်များလည်း ရှိပေသေးသည်။

သူသည် သူ၏တာအိုဂိုဏ်းမှ တပည့်ဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်း၍ တာအိုဘိုးဘေးနှင့် တန်ခိုးရှင်သုံးပါးဘက်မှ ရပ်တည်ရမည်ဖြစ်သည်။ သူသည် တာအိုကျောင်းတော်သုံးကျောင်းသည် မိသားစုကြီးတစ်စုကဲ့သို့ဖြစ်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားရပေမည်။

သူသည် ရန်ကျောင်းတော်၏ ဂုဏ်သိက္ခာကို ထည့်တွက်ရန်လို၏။ သူသည် တန်ခိုးရှင်များ၏မာနနှင့် စွမ်းအားကြီးသော ပညာရှင်များ၏မာနကို မထိခိုက်စေအောင်ပြုရမည်ဖြစ်သည်။ သူသည် သူ့ဒုက္ခသူရှာ၍ မရပေ။

သူ့ထံတွင် စည်းမျဉ်းသုံးခုအပြင်၊ “ စည်းမျဉ်းပြဌာန်းရန် ပြင်ဆင်မှု ”ငါးချက်နှင့် “ လုပ်ဆောင်မှုအစီအစဉ် ကိုးခု ” တို့လည်း ရှိလေသည်။

နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်မှာ သူ ဝံ့ကြွား၍ မရပေ။

ဝံ့ကြွားခြင်းသည် တာအိုလမ်းစဉ်တွင် ရှောင်ကြဥ်ရမည့် အရာတစ်ခုဖြစ်သည်။

လီချန်ရှို့တစ်ယောက် သူမှတ်မိနေသော အတိတ်ဘဝမှ ကိစ္စများအကြားတွင် သူ့အတွက် အထင်ရှားဆုံးဥပမာတစ်ခုမှာ ယန်ရှို့အသတ်ခံရသည့် ရာဇဝင်သမိုင်းပင်။ ယန်ရှို့သည် ဝံ့ကြွားခဲ့၍ နောက်ဆုံးတွင် သေခဲ့ရခြင်း ဖြစ်သည်။

လီချန်ရှို့ အာဒိကပ္ပလောကသို့ ရောက်ရှိလာပြီးနောက် သူ့အပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိခဲ့သော ဒဏ္ဍာရီတစ်ခုမှာ လိပ်နက်ကြီး၏ ခြေလက်များကို ဖြတ်ခံခဲ့ရသည့် ဒဏ္ဍာရီပင်။

ထိုလိပ်နက်ကြီးတွင် မည်သည့်အပြစ်မှ မရှိပေ။ ၎င်း၏ ခန္ဓာကိုယ်သည် အဆမတန်ကြီးထွားနေခဲ့ခြင်းသာ ရှိသည်။ ထို့ကြောင့် ၎င်း၏ ခြေလက်များကို ကောင်းကင်ဘုံထောက်တိုင်အဖြစ်သုံးရန် ဖြတ်တောက်ခဲ့ကြလေသည်။

ထိုကိစ္စသည် ကိုယ်တိုင်က ဝံ့ဝံ့ကြွားကြွားမနေသော်လည်း ထင်ပေါ်နေလျှင် ဒုက္ခများမည်ဖြစ်ကြောင်း အကောင်းဆုံးသက်သေပင်။

အကယ်၍ ထိုလိပ်နက်ကြီးသာ ပုံမှန်အတိုင်း ပုန်းအောင်းနေပြီး ဟွင်းသွမ်းပင်လယ်ကို စောစီးစွာ သွားရောက်၍ ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေခဲ့ပါက တန်ခိုးရှင်များသည် အခြားဂိုဏ်းများကို ကောင်းကင်ဘုံထောက်တိုင်များကို ပြုလုပ်ပေးရန် ခိုင်းစေမည်သာဖြစ်သည်။ သူတို့အတွက်လည်း လိပ်နက်ကြီးကို သတ်ဖြတ်ရန် လွယ်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် တတ်နိုင်လျှင် သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်မပြလိုချေ။

သူသည် သူ့အကြောင်းမသိသေးသော သူများကို သူ့အကြောင်းသိသွားစေရန် ကိုယ်တိုင် သဲလွန်စသွားပေးမည် မဟုတ်ပေ။

‘ ကိုယ်ကိုယ့်ကို ကာကွယ်ခြင်းရဲ့ အစောပိုင်းအဆင့်အရ ငါ အားကိုးအားထားပြုနိုင်မယ့် နောက်ခံတစ်ဦးကို ရှာပြီး ငါ့အကြောင်း သူများတွေ မသိသွားအောင် ဘာသဲလွန်စမှာ မပေါ်သွားဖို့ လုပ်ရမယ် ’

‘ လောကသုံးပါးထဲမှာ ငါ့နာမည်ကို ဘယ်သူမှ မသိလေ ကောင်းလေပဲ ’

‘ ငါ့ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်း အလယ်အလတ်အဆင့်ရဲ့ အစွမ်းက ရွှေကုသိုလ်ခန္ဓာကိုယ်ရယ်၊ နောက်ခံရယ်.. လောကသုံးပါးထဲမှာ ငါ့ကိုသိတဲ့သူ မရှိတာရယ်ပဲ... ’

‘ အဲဒီလိုမလုပ်ရင်လည်း ငါ့အတွက် ဖုံးကွယ်ပေးထားတဲ့ တန်ခိုးရှင်ရဲ့ဆောင်ရွက်ချက်က အကျိုးမရှိသလိုဖြစ်အောင် လုပ်မိသွားမှာပဲ... ’

လီချန်ရှို့သည် အနာဂတ်တွင် တာအိုရသေ့ချန်ကမ်းဟူသော အမည်တုအပြင် “ တာအိုရသေ့လေးရွှမ်းဒူ ” နှင့် “ သခင်လေးရွှမ်းဒူ ” ဟူသော အမည်ကို အသုံးပြု၍ ကမ္မနှောင်ကြိုးများကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုကိစ္စများကို ဂရုတစိုက် ပြင်ဆင်ရမည်ဖြစ်သည်။

‘ အခု.. ငါ ဒီကိစ္စကို ဖြေရှင်းရမယ်... ’

ကျောက်ကုန်းမင်သည် အနောက်ကျောင်းတော်မှ တန်ခိုးရှင်၏ တပည့်ကို ရိုက်နှက်ခဲ့၏။ ပင်လယ်စောင့်နတ်မင်းသည် ထိုကိစ္စတွင် ကြားညပ်နေလေသည်။ လီချန်ရှို့သည် နောင်တွင် အနောက်ကျောင်းတော်က လက်စားချေမည်ကို စိုးရိမ်နေ၏။ ထိုကိစ္စတွင် အခက်အခဲသုံးခုရှိ၏။

‘ ငါ တန်ခိုးရှင်ရဲ့တပည့်ကို သတ်လို့မရဘူး ’

နောင်တွင် အနောက်ကျောင်းတော်သည် တန်ခိုးရှင်၏ ဂုဏ်သိက္ခာကို အကြောင်းပြ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို လက်စားချေမည့်ကိစ္စမှာ ဖြစ်နိုင်ချေများလေသည်။

သူသည် ကျောက်ကုန်းမင်ကို ယခုမှ ပထမဆုံးတွေ့ဖူးခြင်းပင်။ သူသည် ကျောက်ကုန်းမင်၏ အကျင့်စရိုက်ကို အသေးစိတ်မသိပေ။ သူထိုအကြောင်းကို ပိုတွေးလေလေ ပို၍ စိတ်ရှုပ်လာလေလေ ဖြစ်နိုင်မည့် ဖြစ်နိုင်ချေလည်းရှိ၏။ သူသည် နှစ်ဖက်စလုံး၏ ဂုဏ်သိက္ခာကို ထည့်တွက်ရပေမည်။

ထို့ကြောင့် လီချန်ရှို့သည် သူ၏ စည်းမျဉ်း၊ စည်းကမ်း၊ ပြင်ဆင်မှုနှင့် လုပ်ဆောင်ချက်များအပေါ်တွင် မူတည်၍ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်လိုက်လေသည်။ သူသည် သူ၏နတ်အာရုံကို အသုံးပြု၍ ကျောက်ကုန်းမင်ထံသို့ အသံပို့လွှတ်လိုက်၏။

ထိုသို့ဖြင့်...

ကျောက်ကုန်းမင်းသည် ထိုအသံပို့လွှတ်မှုကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွား၏။

သို့သော် လီချန်ရှို့၏ အကင်းပါးသော စကားလုံးများသည် ကျောက်ကုန်းမင်အတွက် အရေးအကြီးဆုံးဖြစ်သော ဂိုဏ်းတွင်းမှ ညီလေး၊ ညီမလေးများ၏ အသက်အန္တရာယ်နှင့် ပတ်သက်သောကြောင်းအရာကို ထိုကိစ္စအတွင်းသို့ ဆွဲသွင်းခဲ့လေသည်။ ထို့ကြောင့် ကျောက်ကုန်းမင်သည် ခပ်သွက်သွက်ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်လေတော့သည်။

လီချန်ရှို့ စကားပြောပြီးသွားသောအခါ ကျောက်ကုန်းမင်သည် ထိုကဲ့သို့သောနည်းလမ်းကို သုံးခြင်းသည် သင့်တော်ပေမည်လောဟု တွေးမိသွား၏။ ထိုနည်းလမ်းသည် အတန်ငယ် ဉာဏ်နီဉာဏ်နက်များသကဲ့သို့ ဖြစ်နေပေသည်။ သို့သော် ပင်လယ်စောင့်နတ်မင်းပြောသည့်အတိုင်း အမှန်ပင် အကျိုးဖြစ်ထွန်းမည်ဆိုပါက ထိုခါးကုန်းတာအိုရသေ့အိုကြီးကို သတ်ပစ်ခြင်းထက် ပို၍ ကောင်းသည်ဟု ခံစားနေရ၏။

ကျောက်ကုန်းမင်သည် သူ့ဘာသာ တွေးတောလိုက်၏။

‘ ဒီတောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းက ရန်ကျောင်းတော်က တပည့်တစ်ဦးပဲ... ’

‘ နှမြောစရာပဲ... သူသာ ကျဲကျောင်းတော်ကို ဝင်ခဲ့ရင် ကောင်းမှာပဲ။ သူ့မှာ ကုသိုလ်တွေလည်းရှိတယ် အကြံဉာဏ်တွေလည်း ထုတ်နိုင်တယ်... ’

‘ သူက ကောင်းကင်ဧကရာဇ်ဆယ်ပါးထက်တောင် ပိုပြီး အားကိုးအားထားပြုရသေးတယ် ’

လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ဘုံကျောင်းအောက်ရှိ မြေအောက်နက်နက်ရှိုင်းရှိုင်းနေရာတွင် ပုန်းအောင်းနေလေသည်။ သူသည် စက္ကူကိုယ်ပွားကို အချိန်မရွေး ထွက်ပြေးစေနိုင်ရန် ပြင်ဆင်ထားလေသည်။

သူသည် သူ၏စိတ်တန်ခိုးကို သုံး၍ ခြံဝန်အတွင်းရှိ ပညာရှင်နှစ်ဦးကို လေ့လာလိုက်သည်။ ထို့နောက် သူသည် ဘေးမှ စောင့်ကြည့်နေသော အောင်းရိကို ဆက်သွယ်လိုက်ပြီး သတိပေးချက် အခုတစ်ရာကျော်မျှ ပေးလိုက်လေသည်။

တစ်နာရီကြာပြီးနောက် လီချန်ရှို့သည် နတ်အာရုံသုံး၍ အသံပို့လွှတ်လိုက်၏။

“ ကျွန်တော် အသင့်ဖြစ်ပါပြီ.... ကျွန်တော် ဆရာကျောက်ကိုပဲ ဒုက္ခခံခိုင်းရတော့မှာပဲ... ”

ခြံဝန်းအတွင်းရှိ ကျောက်ကုန်းမင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးကို ပြန်သိမ်းလိုက်ပြီး ခါးကုန်းတာအိုရသေ့ကြီးကို ငုံ့ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

“ ထစမ်း... ခင်ဗျား ကျုပ်နဲ့အတူ ဝိညာဉ်တောင်ကိုသွားရမယ် ”

မြေပြင်ပေါ်ရှိ ခါးကုန်းတာအိုရသေ့ကြီးသည် မျက်မှောင်ကြုတ်၍ ကျောက်ကုန်းမင်ကို စူးစူးဝါးဝါးကြည့်လိုက်ကာ အေးစက်စက်ပြောလိုက်၏။

“ ငါက ဘာလို့သွားရမှာလဲ ”

ကျောက်ကုန်းမင်က အော်ပြောလိုက်၏။

“ ဒီနေ့ ခင်ဗျား ကျုပ်တို့ရဲ့ တာအိုဂိုဏ်းကို အနိုင်ကျင့်ခဲ့တယ်။ ကျုပ် ခင်ဗျားရဲ့ ဆရာဦးလေးနှစ်ယောက်ကို ဒီကိစ္စအတွက် ရှင်းပြခိုင်းမလို့ပဲ ”

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်ပြီး ဆရာကျောက်၏ သရုပ်ဆောင်မှုသည် သိပ်၍ ခံစားချက်မပါသေးဟု ခံစားလိုက်ရ၏။ ဆရာကျောက်သည် အတန်ငယ် ဝမ်းနည်းနေသည့်ဟန် ရှိနေသင့်ပေသည်။

ထိုကိစ္စသည် တာအိုဂိုဏ်းများနှင့် အနောက်ကျောင်းတော်အကြားတွင် ပဋိပက္ခများဖြစ်ပေါ်လာအောင် ဖိအားပေးမှု၏ ပထမအဆင့်ပင်။

ခါးကုန်းတာအိုရသေ့အိုကြီးသည် ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းထခုန်လိုက်၏။ သူသည် လက်ထဲတွင် တုတ်ကောက်ကြီးကိုင်ထားပြီး တစ်စုံတစ်ယောက်ကို ရိုက်လိုနေသည့်ဟန် ရှိလေသည်။

ကျောက်ကုန်းမင်သည် ရှေ့သို့ ခြေလှမ်းဝက်တိုးလိုက်၏။ သူ၏ မျက်ဝန်းအတွင်းမှ အကြည့်များတွင် ခြိမ်းခြောက်သည့်အရိပ်အယောင်များ ရှိနေပြီး သူ၏မုတ်ဆိတ်မွေးများသည် လှုပ်ယမ်းနေပေသည်။

ခါးကုန်းတာအိုရသေ့အိုကြီးသည် အလိုလို တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အကြောက်တရားများနှင့် ပြည့်နှက်နေလေသည်။

ထိုနေရာကို ကျောက်ကုန်းမင်က ချိတ်ပိတ်ထားဆဲဖြစ်သည်။ ခါးကုန်းတာအိုရသေ့အိုကြီးသည် ကျဲကျောင်းတော်မှ အပြင်ဂိုဏ်းတပည့်၏ အစွမ်းကို ကြုံတွေ့ခဲ့ရလေပြီ။ သူသည် ထိုအခြေအနေမှ မလွတ်မြောက်နိုင်ကြောင်း သိ၏။

ခါးကုန်းတာအိုရသေ့ကြီးက မကျေမနပ်ပြောလိုက်၏။

“ ဒီနေ့ မင်းတို့ဂိုဏ်းကသာ ငါ့ကို အကွက်ဆင်ခဲ့တာလေ... အဲဒါကို ပြောင်းပြန်တွေလုပ်ပြီး ဘာလို့ ငါ့ကိုလာ စွပ်စွဲနေရတာလဲ။ အခု ငါဘယ်လောက် ဒဏ်ရာတွေရထားလည်းဆိုတာ ကြည့်လိုက်ပါဦး။ ငါ မင်းတို့ရဲ့ မြစိမ်းနန်းတော်ကိုသွားပြီး ဒီကိစ္စကို တိုင်တန်းရမှာပဲ ”

“ ခင်ဗျားက ဒဏ်ရာရတယ်ဟုတ်လား... ”

ကျောက်ကုန်းမင် သရော်ပြုံး ပြုံးလိုက်၏။ သူသည် မကြာသေးခင်က သူ့ထံသို့ တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်း အသံပို့လွှတ်၍ ပြောထားသော နည်းလမ်းကို ပြန်တွေးမိလိုက်၏။ သူ မျက်နှာမဲ့လိုက်၏။

ထို့နောက် ရုတ်တရက် ကျောက်ကုန်းမင်သည် ဆိုင်းမဆင့်ဘုံမဆင့် ညီးတွားလိုက်၏။ သူသည် ပါးစပ်ဟကာ သွေးများအန်လိုက်လေသည်။ သူသည် ရင်ဘတ်ကို ဖျစ်၍ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်၏။

တချိန်တည်းမှာပင် ကျောက်ကုန်းမင်၏ ကိုယ်ရောင်ကိုယ်ဝါသည် အားနည်းသွားပြီး သူ၏တာအိုသင်္ကေတများသည်လည်း ပျက်ဆီးသွားလေသည်။ သူ၏ မူလကိုယ်ရောင်ကိုယ်ဝါသည် ပျောက်ကွယ်သွားပြီး ရုတ်ခြည်းပင် ဒဏ်ရာအပြင်းအထန်ရထားသူ တစ်ဦးကဲ့သို့ ဖြစ်သွားလေ၏။

ကျောက်ကုန်းမင်က အံကြိတ်၍ ပြောလိုက်သည်။

“ ကျုပ်က ခင်ဗျားရဲ့ နတ်ရတနာကြောင့် ဒဏ်ရာရသွားတယ်ဆိုတာ အသိသာကြီးပဲ။ ကျုပ်တို့ တိုက်ခိုက်နေတုန်းက ခင်ဗျားက ကျုပ်ရဲ့ တာအိုအခြေခံကို ထိခိုက်အောင် လုပ်ခဲ့တာ။ နောက် နှစ်ပေါင်းတစ်သောင်းလောက်ကြာရင်တောင် ကျုပ်ရဲ့ ဒီဒဏ်ရာက ပြန်ပျောက်ပါ့မလား မသိဘူး။ လာ... ခင်ဗျားကျုပ်နဲ့ ဝိညာဉ်တောင်ကို လိုက်ခဲ့။ ဒီနေ့ ကျုပ်တို့ရဲ့ ကိစ္စက မပြီးပြတ်သေးဘူး ”

ခါးကုန်းတာအိုရသေ့အိုကြီး မျက်လုံးပြူးသွား၏။ သူသည် အခြားသူများကို အကောက်ကြံခဲ့ဖူးသော်လည်း ကိုယ်တိုင်တော့ ထိုကဲ့သို့ အခြေအနေမျိုးကို မကြုံခဲ့ဖူးပေ။

ရုပ်တုမှ တဆင့်စောင့်ကြည့်နေသော လီချန်ရှို့သည် စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်၏။ ထိုအဆင့်သည် အခက်ခဲဆုံးအဆင့်ပင်။

ဆရာကျောက် လက်တန်းသရုပ်ဆောင်သွားမှုသည် အတော်လေး ပြောင်မြောက်ကြောင်းကိုမူ သူဝန်ခံရပေမည်။ အာဒိကပ္ပလောကခေတ်ဦးကတည်းက ယခုတိုင်အောင် နေထိုင်ခဲ့သည့် ပရိယာယ်များသော မြေခွေးအိုကြီး ပီသပါပေသည်။

ဒုတိယအဆင့်မှာ ‘ အခြေအနေမှန်ကို မသိမသာပြောင်းလဲ၍ ဒဏ်ရာရသွားကြောင်း ပရိယာယ်ဆင်ကာ မိမိဘက်မှ အသာစီးရအောင် ပြုလုပ်ခြင်း ’ပင်။

တတိယအဆင့်မှာ ထိုအခြေအနေကို ကွဲပြားသော အခြေအနေ ခြောက်မျိုးနှင့် လိုက်လျောက်ညီထွေသည့် တုံ့ပြန်ချက် ခြောက်မျိုး အဖြစ်ပိုင်းခြားခြင်းပင်။

ကျောက်ကုန်းမင်သည် သူ၏ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။

“ ပင်လယ်စောင့်နတ်မင်းက ပိုတောင်ဆိုးဆိုးဝါးဝါး ခံခဲ့ရသေးတယ်။ သူ့ရဲ့ ကိုယ်ပွားက ခင်ဗျားဖိအားပေးလို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ရတယ်။ သူ့အတွက် ကိုယ်ပွားတစ်ယောက်ရအောင် ကျင့်ကြံဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သူရဲ့ တာအိုအခြေခံဘယ်လောက်ထိခိုက်သွားပြီး တာအိုအတတ်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားလိမ့်မလဲ။ ခင်ဗျား ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲ ”

ခါးကုန်းတာအိုရသေ့အိုကြီးသည် ဒေါသတကြီးပြောလိုက်၏။

“ မင်းက ပေါက်ကရတွေ ပြောနေတာပဲ။ မင်းက ငါ့ကို သွားပုတ်လေလွင့်စွပ်စွဲနေတာ... ”

ကျောက်ကုန်းမင် အော်ပြောလိုက်သည်။

“ ကျုပ်မှာ သက်သေပြစရာ ဒဏ်ရာတွေရှိတယ်။ ခင်ဗျားက တရားခံပဲ။ ဒီကိစ္စကို ထိပ်တိုက်ဖြေရှင်းဖို့ ခင်ဗျား ကျုပ်နဲ့အတူ ဝိညာဉ်‌တောင်ကို လိုက်ခဲ့ ”

“ မင်း..ကျောက်ကုန်းမင်.. မင်းမှာ အရှက်ရော ရှိသေးရဲ့လား ”

ခါးကုန်းတာအိုရသေ့ကြီးသည် ဒေါသတကြီးအော်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွား၏။ သူသည် သူ၏လမ်းလျှောက်တုတ်ကို ကောက်လိုက်ပြီး သူ၏ ပခုံးကို သူ့ဘာသာ ရိုက်ချလိုက်သည်။

အရိုးကျိုးသွားသောအသံကို လီ(၁၀၀)ပတ်လည်အတွင်း ကြားလိုက်ရလေသည်။

ခါးကုန်းတာအိုရသေ့ကြီး၏ လက်တစ်ဖက်သည် တွဲလောင်းဖြစ်သွား၏။ သူ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။

“ မင်းက ဒီကိစ္စအတွက် တရားခံပဲ။ မြစိမ်းနန်းတော်ကို သွားမယ်... ”

ထိုအခြင်းအရာကို မြင်သောအခါ ကျောက်ကုန်းမင်သည် အံကြိတ်၍ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ရုတ်တရက် သူသည် ခေါင်းမော့၍ သွေးများ ထွေးထုတ်လိုက်သည်။

ခါးကုန်းတာအိုရသေ့အိုကြီးသည်လည်း စိတ်ဆုံးဖြတ်ကာ လက်မြှောက်၍ သူ့ရင်ဘတ်ကိုသူ မညှာမတာရိုက်လိုက်လေသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေသည်ဟုပင် ထင်ရလေသည်။

ထို့နောက် ကျောက်ကုန်းမင်၏ ခန္ဓာကိုယ်သည် တုန်ခါလာလေတော့သည်။ သူထွေးထုတ်လိုက်သော သွေးများသည်လည်း အငွေ့ပြန်သွားလေ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပုံမှန်အဖြစ်သို့ ပြန်ရောက်သွားပြီး သူသည် ပြန်၍အားအင်ပြည့်လာလေသည်။ သူ၏ မုတ်ဆိတ်မွေးများသည်လည်း ရှင်းလင်းနေ၏။

သူသည် သူ၏အင်္ကျီလက်အတွင်းရှိ နတ်တန်ခိုးအလွှာများဖြင့် လွှမ်းခြုံထားသော ပုံရိပ်ဖမ်းစက်လုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ သူသည် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးကို တည်တည်ငြိမ်ငြိမ်မြှောက်လိုက်ပြီး ပုံရိပ်ဖမ်းစက်လုံးကို ဖွင့်လိုက်လေသည်။

ရုတ်ခြည်းပင် ကျောက်ကုန်းမင်၏ အရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် ခါးကုန်းတာအိုရသေ့အိုကြီး သူ့ကိုယ်သူ ရိုက်နှက်နေသောပုံပင်။

ခါးကုန်းတာအိုရသေ့အိုကြီးသည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြိး တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေသည်။

သို့သော် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးသည် ၎င်းတို့၏ အစွမ်းကို ပြန်ထုတ်လိုက်ပြီဖြစ်သဖြင့် နှစ်ခါနာခဲ့သော ခါးကုန်းတာအိုရသေ့အိုကြီးသည် မလှုပ်ရှားနိုင်အောင် ပြန်ဖြစ်သွားလေတော့သည်။

ထိုအရာသည် စတုတ္ထမြောက်အခြေအနေအတွက် တတိယအဆင့်ပင်။ ထိုအဆင့်ကို “ အခြားသူများကို အကွက်ဆင်၍ ဆုပ်လည်းစူး၊ စားလည်းရူးဖြစ်စေခြင်း ” ဟု အမည်ပေးထား၏။

ကိစ္စများသည် လီချန်ရှို့ မျှော်လင့်ထားသည်ထက် ပို၍ ချောမွေ့ခဲ့ပေသည်။ ကျောက်ကုန်းမင်သည် ခါးကုန်းတာအိုရသေ့အိုကြီးကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“ မိတ်ဆွေ တာအိုရသေ့ကြီး... ခင်ဗျားက ဘာလို့ ကျုပ်ရှေ့မှာ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေရတာလဲ။ ခင်ဗျားက ကျုပ်ရဲ့ နာမည်ဂုဏ်သတင်းကို ဘာအကြောင်းပြချက်မှမရှိဘဲ ညစ်နွမ်းအောင် လုပ်ချင်လို့လား။ ခင်ဗျားက ဒီကိစ္စကို အသုံးချပြီး တာအိုဂိုဏ်းတွေနဲ့ အနောက်ကျောင်းတော်ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်လာအောင် လုပ်ချင်နေလာလား.... အင်း..ကြည့်ရတာ ကျုပ်တော့ မိတ်ဆွေကောင်းတချို့ကိုရှာပြီး ဒီပစ္စည်းလေးကိုလေ့လာဖို့ ပေးရတော့မယ့်ပုံပဲ။ ကျုပ်သာ အမှတ်မမှားဘူးဆိုရင် မိတ်ဆွေတာအိုရသေ့ကြီး.. ခင်ဗျားက အနောက်ကျောင်းတော်ရဲ့ တတိယတပည့်လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်မလား ”

သူဆက်ပြောလိုက်သည်။

“ ခင်ဗျားရဲ့ ဆရာဦးလေးနှစ်ယောက်က ဝိညာဉ်တောင်မှာ အခြေချနေရတာ မလွယ်ကူမှန်းတော့ ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းမျိုးကိုသုံးပြီးတော့ တခြားသူတွေရဲ့ ရတနာကိုယူဖို့ကြံတာကတော့ နည်းနည်းလေး ဂုဏ်သိက္ခာမရှိသလို ဖြစ်မနေဘူးလား ”

“ မင်း...မင်း... ”

ခါးကုန်းတာအိုရသေ့အိုကြီး၏ နှုတ်ခမ်းများသည် အဆက်မပြတ် တုန်ယင်လာလေတော့သည်။ သူသည် ရုတ်တရက် ခေါင်းငုံ့၍ သွေးများ အန်ထုတ်လိုက်၏။ သူ၏ မျက်လုံးများတွင် ပူဆွေးမှုများ၊ နာကြည်းမှုများဖြင့် ပြည့်နေလေသည်။

“ ကျောက်ကုန်းမင်... မင်းက ဖြောင့်မတ်ပြီး ဘွင်းဘွင်းရှင်းရှင်း လုပ်တတ်တဲ့ အကျင့်စရိုက်ရှိတယ်လို့ လူတိုင်းကပြောကြတယ်။ ငါ ဒီနေ့ ကိုယ်တွေ့ကြုံခဲ့ရပါပြီ။ ငါတကယ်ကို ကိုယ်တွေ့ကြုံခဲ့ရပါပြီ ”

ကျောက်ကုန်းမင်သည် လက်နောက်ပစ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့််လိုက်သည်။ သူသည် ရင်ထဲမှ သက်ပြင်းချလိုက်၏။

‘ သူဒီလို လုပ်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး... ’

သို့သော် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းသည် မှန်ခဲ့ပေသည်။ ကျောက်ကုန်းမင်သည် တာအိုဂိုဏ်းများမှ ညီ၊ ညီမများပေါ်တွင်သာ သစ္စာရှိသူဖြစ်ပြီး အပြင်ဂိုဏ်းမှ တပည့်များကိုမူ ကျီးထိုးထိုး၊ ခွေးစားစား ဂရုမစိုက်သူဖြစ်သည်။ သူသည် အနောက်ကျောင်းတော်နှင့် တာအိုဂိုဏ်းများအကြားတွင် ပဋိပက္ခများဖြစ်လာမည်အရေးကို ကာကွယ်ရန်အပြင် သူ၏ တာအိုဂိုဏ်းမှ ညီ၊ ညီမများကို ကာကွယ်နိုင်ရန်အတွက်ပါ ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ပေမည်။

ထို့နောက် ကျောက်ကုန်းမင်သည် တုံဏိဘာဝေဆက်နေလိုက်ပြီး ခါးကုန်းတာအိုရသေ့အိုကြီး စတင် စကားပြောလာမည့်အချိန်ကို စောင့်နေလိုက်သည်။

ထိုအခိုက်တွင် ခါးကုန်းတာအိုရသေ့အိုကြီးသည် တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ သူသည် သူ၏‌ဒေါသများကို မျိုသိပ်၍ အေးစက်စက်ပြောလိုက်သည်။

“ မိတ်ဆွေ တာအိုရသေ့... ခင်ဗျား ဘာလုပ်ချင်လဲ... ”

“ ကျုပ် ဘာလုပ်ချင်လဲ ဟုတ်လား။ ခင်ဗျားက ဒီနေ့ ကျုပ်ကိုအရှက်ခွဲခဲ့တာပဲ...ကျုပ်က ဘာလုပ်နိုင်ဦးမှာလဲ ”

ကျောက်ကုန်းမင် တည်ငြိမ်စွာပြောလိုက်သည်။

“ ကျုပ်တို့ ရှင်းရှင်းပဲ ပြောရအောင်... မိတ်ဆွေတာအိုရသေ့ ... ခင်ဗျား ဒီကိစ္စကို ဖြေရှင်းချင်လား။ ကျုပ်တို့ ဒီကိစ္စကို သိုသိုသိပ်သိပ်ပဲ ဖြေရှင်းမလား...ဒါမှမဟုတ် လူသိရှင်ကြား ဖြေရှင်းချင်လား... ”

ခါးကုန်းတာအိုရသေ့အိုကြီးသည် ဒေါသထွက်လွန်းလှသဖြင့် သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ခါနေလေတော့သည်။ သူသည် လီ(၁၀၀)ပတ်လည်အတွင်းရှိ ပတ်ဝန်းကျင်ကို ဒေါသတကြီး ဖျက်ဆီးပစ်လိုနေ၏။ သို့သော် သူသည် သူ၏ ကုသိုလ်များကို ဖြုန်းတီးမပစ်လိုပေ။

သူသည် ပင်လယ်ငြိမ်သက် နတ်ပုလဲများ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် ခြေဆောင့်ချင်သည်ကိုပင် မဆောင့်နိုင်ခဲ့ချေ။

ခါးကုန်းတာအိုရသေ့အိုကြီးသည် အေးစက်စက်ပြောလိုက်၏။

“ ကျုပ်တို့ သိုသိုသိပ်သိပ် ဖြေရှင်းရင်ဘယ်လိုဖြစ်မှာလဲ၊ လူသိရှင်ကြားဖြေရှင်းရင်‌ရော ဘယ်လိုဖြစ်မှာလဲ ”

“ မိတ်ဆွေ တာအိုရသေ့ကြီး... ကျုပ်တို့ ဒီကိစ္စကို သိုသိုသိပ်သိပ်ဖြေရှင်းမယ်ဆိုရင် ကျုပ် ဒီနေ့ပဲ ကိစ္စတွေကို ရှင်းအောင်လုပ်လိုက်မယ်။ မိတ်ဆွေ တာအိုရသေ့ကြီးကသာ ကြီးမြတ်တဲ့တာအိုတရားကြီးကို တိုင်တည်ပြီး ကျိန်ဆိုမယ်ဆိုရင် ကျုပ် အခုချက်ချင်း ဒီပစ္စည်းကို ခြေမွှပစ်လိုက်မယ် ”

ကျောက်ကုန်းမင်သည် သူ၏လက်ထဲရှိ ဓမ္မရတနာ ပုံရိပ်ဖမ်းစက်လုံးကို ဝှေ့ယမ်းပြလိုက်သည်။

“ လူသိရှင်ကြား ရှင်းချင်တယ်ဆိုရင်တော့ ဒီပစ္စည်းကို ကျုပ်ရဲ့ ညီမသုံးယောက်ဆီယူသွားပြီး ကြည့်ခိုင်းရတော့မှာပေါ့။ ပြီးရင်တော့ ကျုပ်ရဲ့ ဂိုဏ်းက ချီကျင့်ကြံသူတွေ စုဝေးတဲ့ ရွှေနတ်လိပ်ကျွန်းနဲ့ ဖမ်းလိုင်ကျွန်းကို ဆက်ရသွားရမှာပဲ။ ကျုပ်သူတို့ကို အမြင်ပွင့်သွားအောင်လုပ်ပြီး သတိထားဖို့ ပြောရမှာပေါ့။ ရှေးခေတ်ကထက်စာရင် အခုအာဒိကပ္ပခေတ်မှာ ကောက်ကျစ်မှုတွေပိုများလာပြီ။ နောက်ဆုံး အဲဒါတွေအလုပ်မဖြစ်ဘူးဆိုရင်လည်း ဗလာနတ္ထိကျောက်စိမ်းနန်းတော်နဲ့ ကောင်းကင်ဘုံခုံရုံးတွေကို ဆက်သွားရမှာပေါ့လေ... ကျုပ် အလယ်ကျွန်းအနှံ့လျှောက်သွားပြီး ဒီကိစ္စကို ပြောရမယ် ”

ကျောက်ကုန်းမင် စကားစရပ်လိုက်၏။ သူ၏ ခေါင်းထဲတွင် ပင်လယ်စောင့်နတ်မင်း၏ အကြံသည် ပဲ့တင်ထပ်နေလေသည်။

မည်သည်များဖြစ်နေကြောင်း သူနားမလည်သော်လည်း ထိုကိစ္စသည် လမ်းဆုံးအဆင့်ကို ရောက်လာပေပြီ။ ထိုသို့ဖြစ်လာခြင်းသည် ပင်လယ်စောင့်နတ်မင်း၏ အစီအစဉ်အတိုင်းသာ ဖြစ်လေသည်။

‘ ငါသာ ငါ့ရဲ့ဂိုဏ်းထဲက ညီတွေ၊ ညီမတွေကို ထည့်မတွက်ဘူးဆိုရင် ငါဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး ’

‘ ဒါပေမဲ့ ဒီခံစားချက်က သိပ်တော့မဆိုးဘူးပဲ ’

ထို့ကြောင့် ကျောက်ကုန်းမင်က ပြောလိုက်သည်။

“ ခင်ဗျား သမုဒ္ဒရာလေးစင်းထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်က ဒီကိုလာတာ တောင်သမုဒ္ဒရာရဲ့ ပင်လယ်စောင့်နတ်မင်းနဲ့ စကားပြောဖို့လာခဲ့တာပဲ ”

ခါးကုန်းတာအိုရသေ့အိုကြီးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားလေသည်။ သူဆုံးဖြတ်ချက်ချလိုက်ပေပြီ။ သူ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ဒီကိစ္စမှာ... ကျွန်တော်မှားခဲ့ပါတယ်။ ကျွန်တော် ကြီးမြတ်တဲ့တာအိုတရားကြီးကို တိုင်တည်ပြီး ကျိန်ဆိုပါမယ် ”

“ နပေါဦး... နပေါဦး... ”

ကျောက်ကုန်းမင် ပြုံး၍ ပြောလိုက်သည်။

“ ခဏလောက်‌ နေပါဦး ”

ခါးကုန်းတာအိုရသေ့အိုကြီးသည် အတန်ငယ် နားမလည်နိုင်ဖြစ်သွား၏။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် တောင်သမုဒ္ဒရာအတွင်းမှ နဂါးဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။

နဂါးခေါင်းနှင့် အဘိုးကြီးသည် တိမ်စီး၍ ရောက်လာ၏။ သူသည် လေထဲမှနေ၍ ဦးညွှတ်လိုက်ပြီး သူ၏နတ်တန်ခိုးများကိုသုံး၍ ကျောက်ကုန်းမင်ထံသို့ အဝတ်စတစ်စကို လှမ်းပေးလိုက်သည်။

နဂါးခေါင်းနှင့် အကြီးအကဲသည် မည်သည့်စကားမှ မပြောဘဲ တိမ်စီးကာ ပြန်ထွက်ခွာသွားလေတော့သည်။

ထိုအရာသည် လီချန်ရှို့ အစီအစဉ်၏ အဆင့်ငါးဖြစ်လေသည်။

“ ရန်သူကို စိတ်အာရုံပြောင်းလွဲအောင်လုပ်၍ သူ၏ အမုန်းတရားများကို နဂါးမျိုးနွယ်နှင့် ကျဲကျောင်း‌တော်အပေါ်တွင်သာ ပုံချစေခြင်း ”ဟု အမည်ပေးထား၏။

ခါးကုန်းတာအိုရသေ့အိုကြီးသည် အဘယ်သို့ နားမလည်ဘဲနေမည်နည်း။

သူ၏အမြင်တွင် ကျဲကျောင်းတော်နှင့် နဂါးမျိုးနွယ်သည် သူ့ကို ပစ်မှတ်ထား၍ ထောင်ချောက်ဆင်ခဲ့ခြင်းဟုထင်သွားပေမည်။ နဂါးမျိုးနွယ်သည် အသာတကြည် အဆုံးပေးရန် စိတ်ကူးမရှိဟုသာ ထင်သွားမည်ဖြစ်သည်။

ကျောက်ကုန်းမင်သည် အဝတ်စကို ပစ်ပေးလိုက်၏။ ခါးကုန်းတာအိုရသေ့အိုကြီးသည် နတ်တန်ခိုးပါသော အဝတ်စကိုဖမ်း၍ ဖွင့်ကြည့်လိုက်၏။ ထိုအပေါ်တွင် စာလုံးလေးများ အများအပြားရေးသားထားလေသည်။

ပထမအဆင့်သည် ကျိန်စာကို ရွတ်ဆိုရန်ဖြစ်သည်။

ထိုကျိန်စာတွင် ခါးကုန်းတာအိုရသေ့အိုကြီးသည် သူ၏ ထွက်ဆိုချက်ကို ဖော်ပြရမည်ဖြစ်သည်။ သူသည် အနာဂတ်တွင် ကျဲကျောင်းတော်၊ နဂါးမျိုးနွယ်နှင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို အခက်တွေ့အောင် လုပ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောရပေမည်။ သူသည် ယနေ့တွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရမည်ဖြစ်၏။ ဖောက်ဖျက်ပါက သူသည် ကြီးမြတ်သောတာအိုတရား၏ လျစ်လျူရှုမှုကိုခံရပြီး သူ၏ ကုသိုလ်များကိုလည်း သုညအထိလျှော့ချခံရပေမည်။ ထို့ပြင် သူ၏ ကံကြမ္မာသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

မည်မျှ ရက်စက်ပေသနည်း။

မည်မျှ အသေးစိတ်သော ကျိန်စာပေနည်း။

ကျောက်ကုန်းမင်သည် သူ၏လက်အတွင်းရှိ ပုံရိပ်ဖမ်းစက်လုံး ဓမ္မရတနာကို ဝှေ့ယမ်းပြလိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“ မိတ်ဆွေ တာအိုရသေ့ကြီး... ဘာတွေများ စောင့်နေတာလဲ။ အဲဒီရိုးရှင်းတဲ့ တာအိုကျိန်စာလေးက အဲ့လောက်တောင် ရွတ်ရခက်နေလို့လား... ”

ထိုအခိုက်တွင် ကျဲကျောင်းတော် အပြင်ဂိုဏ်းမှ တပည့်၏ ဖြောင့်မတ်သောမျက်နှာထားသည် ခါးကုန်းတာအိုရသေ့အိုကြီး၏ မျက်လုံးထဲတွင် လွန်စွာ ကျက်သရေယုတ်နေလေတော့သည်။

ခါးကုန်းတာအိုရသေ့အိုကြီးသည် အံကြိတ်လိုက်၏။ ကျိန်စာအတွင်းမှ အကြောင်းအရာများသည် သူ့ကို ထိန်းချုပ်ရန်သာဖြစ်သည်။ ယခုမှစ၍ သူသည် နဂါးမျိုးနွယ်အပေါ် ကြံစည်နေခြင်းများကို လက်လျှော့လိုက်ရမည်ဖြစ်ပြီး ဤနေရာသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ မလာဘဲနေရမည်ဖြစ်သည်။ သူသည် ထိုကိစ္စအကြောင်းကို မည်သူ့ကိုမှလည်း ပြောရ၍မရပေ။

သူသည် နောင်တွင် အနောက်ကျောင်းတော်၏ ကိစ္စများတွင် ဝင်ရောက်လုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။

အမှန်တွင် ခါးကုန်းတာအိုရသေ့အိုကြီးသည် ထိုကျိန်စာကို မကျိန်ဆိုလျှင်လည်း ထိုကိစ္စကို မည်သူ့ကိုမှ ပြန်ပြောပြ၍ ရမည်မဟုတ်ပေ။

သူသည် တန်ခိုးရှင်၏တပည့်တစ်ဦးဖြစ်သဖြင့် သူ၏ဂုဏ်သိက္ခာကို အလေးထားလေသည်။

သို့သော် ထိုအခိုက်တွင် သူသည် ကျောက်ကုန်းမင်တစ်ယောက် အခြားမည်သည့်ကိစ္စများကို လျှို့ဝှက်ထားကြောင်း မသိသေးပေ။ လက်ရှိတွင် ဤကိစ္စကို သိနိုင်သောအခြားသူမှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားသော စက္ကူကိုယ်ပွား၏ ပိုင်ရှင်သာ ရှိလေသည်။

လီချန်ရှို့သည် အောင်းရိကို သူယခင်က ရွတ်ဆိုခဲ့သော ကျိန်စာပုံစံအတိုင်းပင် ရေးရန်မှာလိုက်ပြီး နောက်ထပ် ကျိန်စာ ခြောက်ဆယ်ရာခိုင်နှုန်း ထပ်ဖြည့်ခဲ့လေသည်။ သူ တွေး၍ရသမျှ ကိစ္စအားလုံးကို ထည့်ရေးခိုင်းခဲ့၏။ ထို့နောက်သူသည် အောင်းရိအား ကျိန်စာကိုအချောသပ်ခိုင်းလိုက်ပြီး တောင်သမုဒ္ဒရာနဂါးနန်းတော်မှ ပညာရှင်တစ်ဦးကို ထိုနေရာသို့ စေလွှတ်၍ ကျိန်စာများရေးထားသည့် အဝတ်စကို ပို့စေလိုက်၏။

မကြာမီ ခါးကုန်းတာအိုရသေ့အိုကြီးသည် တင်ပျဉ်ခွေထိုင်၍ ကျိန်စာကို ရွတ်ဆိုလိုက်၏။ သူ့ကဲ့သို့ အဆင့်မြင့်ပညာရှင်တစ်ဦးက ကျိန်ဆိုလိုက်ခြင်းဖြစ်သဖြင့် ကောင်းကင်တာအိုသည် ချက်ချင်းပင် ထိုကျိန်စာကို အာရုံခံခဲ့မိလေသည်။ ကောင်းကင်အစွမ်း လှိုင်းလုံးများ ကျဆင်းလာပြီး ကောင်းကင်တာအိုသည် ခါးကုန်တာအိုရသေ့အိုကြီး၏ ကျိန်စာကို မှတ်တမ်းတင်ထားလိုက်လေတော့သည်။

ဘေးတွင် ရပ်နေသော ကျောက်ကုန်းမင်သည် မျက်တောင်ခတ်လိုက်၏။ သူသည် ထိုကျိန်စာပါ အကြောင်းအရာများကို ကြားသောအခါ သူ၏ မှော်အစွမ်းများကိုသုံး၍ အဝတ်စပေါ်ရှိ ပြွတ်သိပ်နေသော လက်ရေးကိုကြည့်လိုက်၏။

သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေတော့သည်။

‘ ဒီ တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းကတော့... ’

‘ ငါသူနဲ့ မိတ်ဆွေဖွဲ့မှရမယ်... သူ့ကို ရန်သူအဖြစ်ခံလို့မရဘူး ’

All Chapters