← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

Chapter 120

~

အခန်း ၁၂၀ : အစည်းအဝေး ပြီးပြီ...

~

​" ထွီ. .."

​ယန်ကျီဝမ်က လှောင်ပြုံးလိုက်ပြီး ..

​" ခင်ဗျား မိသားစုက အရမ်းဆင်းရဲလို့ စားဖို့တောင် မတတ်နိုင်ဘူးဆိုပြီး အဲ့ဒါက ခင်ဗျားရဲ့ ပင်စင်လစာလို့ ပြောနေတာလား.. ကျားကျန်းရှီ.. ခင်ဗျားက ဒီနှစ်မှ အသက် ငါးဆယ်ပဲ ရှိသေးတယ် မလား.. "

​" နိုင်ငံတော်က အမျိုးသားတွေဆိုရင် အသက် ခြောက်ဆယ်.. အမျိုးသမီးတွေဆိုရင် အသက် ငါးဆယ့်ငါးနှစ်မှ ပင်စင်ယူနိုင်တယ်လို့ သတ်မှတ်ထားတာလေ.. ခင်ဗျားက ဆယ်နှစ်လောက် စောပြီး ပင်စင်ယူဖို့ ငွေစုနေပြီပေါ့.. အံ့သြစရာပဲ.. "

​ထိုစကားများ ထွက်လာသည်နှင့် အိမ်နီးချင်းများ ရယ်ချင်သော်လည်း မရယ်ရဲကြ၍ အောင့်ထားရသဖြင့် မျက်နှာများပင် တုန်ရီလာကြ၏ ။

​အဓိကအားဖြင့် သူတို့သည် ကျားကျန်းရှီ၏ ပစ်မှတ်ထားခြင်း ခံရမည်ကို စိုးရိမ်ကြပြီး သူမ သူတို့အိမ်သို့ လာ၍ ပြဿနာရှာမည်ကို ကြောက်ရွံ့ကြသည် ။

​" နင် နဲ့ မဆိုင်ပါဘူး.. "

​ကျားကျန်းရှီက ယုံကြည်မှု အနည်းငယ် ကင်းမဲ့နေသော်လည်း ခေါင်းမော့ကာ ပြန်ပြောလိုက်သည် ။ မည်သို့ပင်ဖြစ်စေကာမူ ဤကိစ္စတွင် သူမ မှားနေခဲ့သည် ။

​ယန်ကျီဝမ်က သူမနှင့် ဆက်မငြင်းခုံချင်တော့ဘဲ..

​" တချို့လူတွေကျတော့လည်း အသက်ကြီးလာရင် တခြားသူတွေက သူတို့ကို ထောက်ပံ့ပေးဖို့ပဲ တစ်နေကုန် တွေးနေကြတာ ...သူတို့ဘက်ကကျတော့ ဘာမှ ပြန်မပေးချင်ကြဘူး.. ကောင်းကင်အောက်မှာ အဲ့ဒီလောက် ကောင်းတဲ့အရာ ဘယ်ရှိနိုင်ပါ့မလဲ.. "

​" ကျုပ် နားမလည်တာက ဘာလို့များ တစ်နေ့တစ်နေ့ ဒီလို အပေါ်ယံကိစ္စတွေနဲ့ပဲ အချိန်ကုန်နေရတာလဲ.. ကိုယ့်ကိုကိုယ် သူများနေရာမှာ ဝင်ခံစားကြည့်ပါအုံး.. လူတွေကို ကောင်းကောင်းဆက်ဆံရင် အသက်ကြီးလာတဲ့အခါ သူတို့က ပြန်ထောက်ပံ့ပေးကြမှာပဲ မဟုတ်ဘူးလား.. "

​ဤစကားကို ကြားသောအခါ ယီကျုံးဟိုင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည် ။ ဤကလေးက သူ့ကို အရိပ်အမြွက် ပြောနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည် ။

​" ပြီးတော့ မင်း.. ကျားဒုံရွှီ.. "

​ယန်ကျီဝမ်က ကျားဒုံရွှီကို လက်ညှိုးထိုးကာ..

​" မင်း တကယ်ကို အရေထူတာပဲ.. မင်းအမေမှာ ယွမ်ငါးရာနီးပါးလောက် ရှိနေတာတောင် မင်း ဘယ်လိုလုပ်ပြီး အိမ်နီးချင်းတွေကို မင်းမိသားစုအတွက် ငွေလှူပေးဖို့ တောင်းဆိုရဲတာလဲ.. "

​" ငါ.. "

​" ဘာ ..ငါ..လဲ.. "

​ယန်ကျီဝမ်က သူ့ကို စကားပြောခွင့် မပေးဘဲ ဆက်ပြောသည် ။

​" မင်း မိသားစု စားဝတ်နေရေး မပြေလည်ရင်တောင် ခြံထဲက တခြားလူတွေက မင်းမိသားစုထက် ဘယ်လောက်တောင် ပိုကောင်းနေလို့လဲ.. မင်း အကူအညီလိုရင် မင်းရဲ့ဆရာ ယီကျုံးဟိုင်ကို သွားရှာလေ.."

​" တပည့်ဆိုတာ ဆရာအတွက် သားတစ်ဝက်နဲ့ တူတယ် ဆိုတဲ့ စကားပုံ ရှိတယ်.. တပည့်တစ်ယောက်က ဆရာ အိုမင်းလာတဲ့အခါ ထောက်ပံ့ပေးဖို့ တာဝန်ရှိသလို ဆရာ့မှာ သားသမီး မရှိတဲ့အတွက် နောင်တစ်ချိန်မှာ မင်းကို အားကိုးရလိမ့်မယ်.. အဲ့ဒါကြောင့် သူ မင်းတို့မိသားစုကို ကူညီသင့်တာ မဟုတ်ဘူးလား.. "

​" သူ့လစာက တစ်လကို ယွမ်တစ်ရာနီးပါး ရှိတယ်.. သူက မင်းကို နည်းနည်းလေး ဖဲ့ပေးရင်တောင် မင်းမိသားစု စားဖို့ လုံလောက်တယ်လေ.. "

​" အဲ့လို ပြောရရင်တော့ မှန်တယ်.. ပထမဦးလေးရဲ့ လစာက အရမ်းများတာပဲ.. နည်းနည်းလေးဆိုရင်တောင် ကျားမိသားစု ရပ်တည်ဖို့ လုံလောက်တယ်.. "

​" ယန်ကျီဝမ် ပြောသလိုပဲ.. ပထမဦးလေးက ဘာမှ မပေးချင်ဘဲ သူ အိုမင်းလာချိန်ကျမှ တခြားသူတွေကို ထောက်ပံ့ခိုင်းချင်နေတာ တကယ် ဖြစ်နိုင်မလား.. "

​" ...... "

​ယန်ကျီဝမ် ပြောသည်ကို နားထောင်ပြီးနောက် လူတိုင်းက သူ့စကားများ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိကာ ချက်ချင်းပင် အချင်းချင်း တီးတိုးဆွေးနွေးလာကြသည် ။

​" ဒိုင်း.."

​" တော်ကြတော့.. "

​ယီကျုံးဟိုင်က စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့်..

​" ဒုံရွှီ.. ဒီကိုလာခဲ့.. "

​ကျားဒုံရွှီ လန့်သွားပြီး ကြောင်အအဖြင့် လျှောက်သွားကာ..

​" ဆရာ.. "

​" ဒီပိုက်ဆံတွေ ယူသွား.. "

​ပြောပြီးနောက် ယီကျုံးဟိုင်က လူတိုင်းကို ထပ်ပြောသည် ။

​" ဒီနေ့ အစည်းအဝေး ဒီမှာပဲ ပြီးပြီ.. အားလုံး လူစုခွဲလိုက်ကြတော့.. "

​ထို့နောက် ယီကျုံးဟိုင်က မျက်နှာ မည်းမည်းဖြင့် အိမ်ထဲသို့ ဝင်သွားတော့၏ ။

​သူ တကယ် ကြောက်လန့်နေမိသည် ။ ယန်လောင်အာ ဆိုသည့် ထိုကောင်လေးကို ဆက်ပြောခွင့် ပေးထားပါက သူ၏ အတွင်းရေးများ အားလုံး ဖော်ထုတ်ခံရ ပေလိမ့်မည် ။

​မူလက အစည်းအဝေးမှာ အောင်မြင်စွာ ပြီးဆုံးတော့မည် ဖြစ်သော်လည်း ထိုကလေး ယန်လောင်အာ ရုတ်တရက် ခုန်ထွက်လာပြီး ပြဿနာများ ဖန်တီးလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ ။

​ ရှာကျူး ဆိုသည့် အရူးကလည်း မဲမဲမြင်ရာ ကိုက်ချင်နေ၏ ။ မည်သို့ကြောင့်များ ဤနတ်ဆိုးကို အကြောင်းမဲ့ နှောင့်ယှက်ရသနည်း ။

​ယခုတော့ အားလုံး သွားပြီ ။ အလှူငွေ ကိစ္စ မအောင်မြင်သည့်အပြင် သူလည်း မျက်နှာပျက်ခဲ့ရလေပြီ ။

​အဓိကလူ ထွက်သွားသည်ကို မြင်သောအခါ အခြားသူများလည်း သူတို့ အိမ်များဆီသို့ ပြန်သွားကြသည် ။ ခြံဝင်းထဲတွင် ကျားမိသားစုနှင့် ရှာကျူးတို့သာ ကျန်ရစ်ခဲ့၏ ။

​ရှာကျူးက ချင်ဟွိုင်ရုကို ကြည့်ကာ ခေါင်းကုတ်ရင်း..

​" ညီမချင်.. တောင်းပန်ပါတယ်.. ငါ.. မင်းတို့ မိသားစုကို ကူညီချင်လို့ပါ.. "

​ချင်ဟွိုင်ရုက အားတင်း၍ ပြုံးပြလိုက်ပြီး ခေါင်းခါကာ..

​" ရပါတယ် ရှာကျူး.. ဒါ နင့်အမှားမှ မဟုတ်တာ.. "

​အမှန်တော့ ချင်ဟွိုင်ရုသည် ရှာကျူးအား ရိုက်သတ်ချင် နေလေ၏ ။ သူ့အကူအညီကို မှီခိုနေရ၍သာ မျိုသိပ်ထားခြင်းဖြစ်သည် ။ ကျိန်ဆဲချင်သည်မှာ ပါးစပ်ကို ယားနေလေပြီ ။

​" အဲ့ဒါဆို ကောင်းတာပေါ့.. "

​ချင်ဟွိုင်ရုက သူ့ကို အပြစ်မတင်ကြောင်း မြင်သောအခါ ရှာကျူးက ချက်ချင်း ပြုံးလိုက်ပြီး..

​" တကယ်က ယန်လောင်အာ ဆိုတဲ့ ခွေးကောင်ရဲ့ အမှားပဲ.. ပိုက်ဆံကို အေးအေးဆေးဆေး လှူလိုက်ရင် ပြီးနေတာကို.. ယွမ်နှစ်ဆယ်လေးကို တွန့်တိုနေတာ. အဲ့ကောင် ယောက်ျားပီသတဲ့လူ မဟုတ်ဘူး.. "

​" ရှာကျူး.. ထွက်သွားစမ်း.. "

​ကျားကျန်းရှီက ရှာကျူးကို စိုက်ကြည့်ကာ နှာခေါင်းကို လက်ညှိုးထိုးပြီး..

​" အားလုံးက နင့်အမှားပဲ လူယုတ်မာကောင်.. နင်သာ အဲ့နတ်ဆိုးကို သွားမဆွရင် ငါ အများကြီး ရနေပြီ.. "

​" ဟေ့.. ဒေါ်လေးကျန်း.. ကျွန်တော့်ကို အပြစ်မတင်နဲ့လေ.. ကျွန်တော်လည်း ယွမ်ဆယ်တောင် ထည့်ခဲ့တာကို.. "

​ရှာကျူးက စိတ်ထိခိုက်ဟန်ဖြင့် ပြောလိုက်သည် ။

​" သွား.. သွား.. ထွက်သွား.. မသွားရင် နင့်ကို ကုတ်ပစ်မယ်.. "

​ကျားကျန်းရှီက ခြိမ်းခြောက်၏ ။

​ရှာကျူးက လည်ပင်းကို ကျုံ့ကာ နောက်သို့ ပြေးထွက်သွားတော့သည် ။

​ကျားဒုံရွှီက ပိုက်ဆံကို ချင်ဟွိုင်ရုဆီ ပေးလိုက်သော်လည်း ကျားကျန်းရှီက လုယူသွားပြီး..

​" ဒါ ငါ့ပိုက်ဆံ.. "

​ကျားဒုံရွှီက ခါးသီးစွာဖြင့်..

​" အမေ.. ဒါက ကျွန်တော်တို့ မိသားစု အသက်ဆက်ဖို့ ပိုက်ဆံတွေလေ.. ဟွိုင်ရုကို ပေးလိုက်ပါ.. "

​" စဉ်းတောင် မစဥ်းစားနဲ့.. ဒါ ငါ့ဥစ္စာ.. ငါထင်တာတော့ ယန်လောင်အာ ဆိုတဲ့ ကောင်လေး ပြောတာ မှန်တယ်.. နင် ယီကျုံးဟိုင်ကို သွားမေးသင့်တယ်.. အိုး.. သူက အသက်ကြီးလာရင်တော့ နင့်ကို ထောက်ပံ့စေချင်ပြီး ငါတို့ မိသားစုကိုတော့ မထောက်ပံ့ချင်ဘူးတဲ့.. ကောင်းကင်အောက်မှာ ဘယ်လိုလုပ် အဲ့လောက် ကောင်းတဲ့အရာ ရှိနိုင်မှာလဲ.. ဟမ့်.. "

​ပြောပြီးနောက် ကျားကျန်းရှီက ပိုက်ဆံကို ယူကာ အိမ်ထဲသို့ ပြန်ဝင်သွားသည် ။

​သူမလက်ထဲ ရောက်ပြီးသား ပိုက်ဆံကို ပြန်ထွက်နိုင်မည်ဟု သူတို့ ထင်နေကြသည်လော ။ အိပ်မက်ထဲပင် မရ ။

​ချင်ဟွိုင်ရုက စိတ်ထိခိုက်စွာဖြင့်..

​" ဒုံရွှီ.. ကျွန်မတို့ အခု ဘာလုပ်သင့်လဲ.. "

​ဤအချိန်တွင် သူမ ကျားကျန်းရှီကို ကျေးလက်ဒေသသို့သာ ပြန်ပို့နိုင်မည်ဆိုပါက ထက မိချေမည် ။ မိသားစုကို အိမ်ဟုပင် မခံစားရတော့သည်အထိ ဒုက္ခပေးသည့် ယောက္ခမပင် ။

​ဤသို့သော ယောက္ခမမျိုးနှင့် မိသားစုအတွက် မည်သို့သောမျှော်လင့်ချက်မျိုး ရှိနိုင်ပါတော့မည်နည်း ။ သို့သော် သူမ ကျားဒုံရွှီ၏ စရိုက်ကို သိထား၏ ။ မည်သို့သော အခြေအနေကို ရောက်ရောက် ကျားဒုံရွှီက ထိုသို့ လုပ်ရက်မည် မဟုတ်ချေ ။

​အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျားဒုံရွှီက သက်ပြင်းချကာ..

​" ကံမကောင်းပေမယ့်လည်း ဘဝကို ဆက်လျှောက်ရမှာပဲလေ.. ဆရာ့ဆီကနေ ပိုက်ဆံ သွားချေးလိုက်ပါ့မယ်.. "

​ချင်ဟွိုင်ရု နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ဘာမှ မပြောတော့ပေ ။

​ထိုသည်ကို မြင်သောအခါ ကျားဒုံရွှီက သူမ၏ ပခုံးကို ဖက်ကာ နှစ်သိမ့်ပေးလိုက်သည် ။

​" စိတ်မပူပါနဲ့.. ငါ ရှိနေသရွေ့ မင်းနဲ့ ကလေးတွေ ဗိုက်မဆာစေရပါဘူး.. "

​" အင်း.. "

​ဇနီးဖြစ်သူကို နှစ်သိမ့်ပြီးနောက် ကျားဒုံရွှီက ယီမိသားစုထံသို့ ထွက်လာခဲ့သည် ။ သူ အခန်းထဲ မဝင်ခင် တံခါးကို မှီကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏ ။

​" ဆရာ.. "

​အခန်းထဲတွင် တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေသော ယီကျုံးဟိုင်က အသံကြားတော့ မော့ကြည့်လိုက်သည် ။ ကျားဒုံရွှီ ဖြစ်နေသည်ကို မြင်လျှင် စိတ်သက်သာရာ ရသွားပြီး..

​" ဘာလို့ ဒီရောက်လာတာလဲ.. "

​' ဒီတပည့်က ငါ စိတ်ဆိုးနေမှန်း သိလို့ စိုးရိမ်ပြီး ရောက်လာတာပဲ.. ကြည့်ရတာ သားသမီးလို ရိုသေလေးစားမှု ရှိသေးတယ် ထင်ပါရဲ့.. '

​သို့သော် နောက်တစ်ခဏတွင် သူ၏ မျက်နှာ ညှိုးကျသွားတော့သည် ။

​ကျားဒုံရွှီက ထစ်ထစ်ငေါ့ငေါ့ဖြင့်..

​" ဆရာ.. တကယ်တော့ ကျွန်တော် လာတာက.. ဆရာ့ဆီက ပိုက်ဆံ ချေးချင်လို့ပါ.. "

​' ပိုက်ဆံချေးမလို့.. '

​ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားပြီး..

​" ငါ မင်းကို ယွမ်လေးဆယ် ပေးထားပြီးသား မဟုတ်ဘူးလား.. "

​ထို ယွမ်လေးဆယ်တွင် ရှာကျူးထံမှ ဆယ်ယွမ်အပြင် ကျန်သုံးဆယ်မှာ သူ၏ ငွေများ ဖြစ်သည် ။ ယန်ဖူကွေ့ လှူဒါန်းထားသော ပြားငါးဆယ်နှင့် ပတ်သက်၍ကား ထည့်မတွက်တော့ချေ ။ ယန်ဖူကွေ့သာ ဤအကြောင်းကို သိပါက သေချာပေါက် ဒေါသထွက်သွား ပေလိမ့်မည် ။ ငါးဆယ်ဖန့်ဟူသည်က ဝက်သားတစ်ကျင်း ဝယ်ရန် လုံလောက်သည့် ပမာဏနီးပါးပင် ။

​ကျားဒုံရွှီ၏ မျက်နှာ နီရဲသွားပြီး ခေါင်းငုံ့ကာ..

​" ပိုက်ဆံတွေ.. အမေ ယူသွားလို့ပါ.. "

​" ...... "

​ယီကျုံးဟိုင် ပြောစရာ စကားပင် မရှိတော့ ။ သို့သော် သူ ကျားကျန်းရှီ၏ စရိုက်ကိုလည်း သိထား၏ ။ ထိုအဘွားကြီးက ပီရှူးကောင်ကဲ့သို့ပင် ။ ပိုက်ဆံများ သူမလက်ထဲ ရောက်သွားပြီ ဆိုပါက ပြန်ထုတ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ ။

​အကူအညီမဲ့စွာဖြင့် ငွေသွားယူရန် သူ၏ အခန်းထဲ ပြန်ဝင်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ ။

​ခဏကြာ သူ ပြန်ထွက်လာပြီး ကျားဒုံရွှီကို ဆယ်ယွမ်တန် ငွေစက္ကူကြီး နှစ်ရွက် ပေးလိုက်သည် ။

​" ဒုံရွှီ.. မင်းရဲ့ အဒေါ်ကြီးက တစ်နှစ်ပတ်လုံး ဆေးသောက်နေရတယ် ဆိုတာ မင်းလည်း သိပါတယ်.. ဆရာ့ မိသားစုမှာလည်း ပိုက်ဆံ အများကြီး မကျန်တော့ဘူး.. ဒီပိုက်ဆံကို စားစရာဝယ်ဖို့ အရင်ယူသွားလိုက်ဦး.. ကျန်တာ နောက်မှ ဆက်ပြောကြတာပေါ့.. "

​" ယန်ကျီဝမ်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့.. ဆရာ့ မိသားစုလည်း ရုန်းကန်နေရတာပါ.. ငါ မင်းကို မကူညီချင်လို့ မဟုတ်ဘူးဆိုတာ ဆရာ့ကို နားလည်ပေးရမယ်.. "

​" ဆရာ.. ကျွန်တော် သိပါတယ်.. တခြား ဘာမှ မတွေးပါဘူး.. ဆရာ ကျွန်တော့်အတွက် လုပ်ပေးခဲ့တဲ့ အရာ အားလုံးကို ကျွန်တော် မှတ်မိပါတယ်.. ဆရာ အသက်ကြီးလာတဲ့အခါမှာလည်း ကျွန်တော် သေချာပေါက် ထောက်ပံ့ပေးသွားမှာပါ.. "

​ကျားဒုံရွှီက တည်ကြည်စွာဖြင့် ကတိပေးလိုက်သည် ။

​" ကောင်းပြီ.. ကောင်းပြီ.. မင်း အရင် ပြန်တော့.. "

​" ကျေးဇူးတင်ပါတယ် ဆရာ.. "

​ကျေးဇူးတင်စကား ပြောပြီးနောက် ကျားဒုံရွှီ ပြန်ထွက်လာခဲ့သည် ။

​ညတွင် ခိုစျေး(မှောင်ခိုစျေး)သို့ သွားရန် သူ စီစဉ်လိုက်သည် ။ ဤယွမ်နှစ်ဆယ်ဖြင့်ဆိုလျှင် နောက်လ လစာထုတ်သည်အထိ စားသောက်ရန် လုံလောက်လေပြီ ။

All Chapters