အခန်း ၁၂၁
Vol. 12 Ch. 121
Chapter 121
~
အခန်း ၁၂၁ : ယန်ကျီချန်း အိမ်သို့ ပြန်ရောက်လာခြင်း...
~
ယန်မိသားစု....
ယန်မိသားစု ညစာစားနေကြသည် ။ ယနေ့ညစာက ရန်ရွေ့ဟွား ချက်ထားသော မန်ထို နှင့် ငါးစွပ်ပြုတ်ပင် ။
အရသာက ယန်ကျီဝမ်၏ လက်ရာလောက် မကောင်းသော်လည်း ယန်ကျီဝမ်၏ လမ်းညွှန်မှုကြောင့် ရန်ရွေ့ဟွား၏ ဟင်းချက်လက်ရာက လက်ခံနိုင်စရာ အဆင့်တွင် ရှိနေသည် ။ အထူးသဖြင့် ယန်ကျီဖန့်က ငါးစွတ်ပြုတ်နှင့် မန်ထိုများကို စားရင်း အလွန် ကျေနပ်နေပုံပေါ်၏ ။
ထို့ကြောင့်ပင် သူ ယန်ကျီဝမ်၏ စကားတိုင်းကို နားထောင်ခဲ့ခြင်းဖြစ်သည် ။ တစ်ချိန်တည်းမှာပင် ယန်ကျီချန်းအပေါ် ကြီးမားသော အထင်သေးမှုကို ခံစားလိုက်ရ၏ ။ အိမ်တွင် ကောင်းမွန်သော အစားအသောက်များ ရှိနေပါလျက်နှင့် ဒုက္ခခံရန် ထွက်သွားခဲ့သော သူ့အစ်ကိုသာ အရူးမဟုတ်လျှင် ဤလောက၌ အရူးမရှိနိုင်တော့ပေ ။
" အဖေ.. အမေ.. "
ထိုအခိုက် ယန်ကျီချန်း အပြင်မှ ရုတ်တရက် လျှောက်ဝင်လာသည် ။
" အဟွတ်.. အဟွတ်.. "
ယန်ကျီဖန့် လန့်သွားပြီး မန်ထို နင်သွား၏ ။ သူ ငါးစွပ်ပြုတ်ကို ကမန်းကတန်း သောက်ချလိုက်မှသာ လည်ချောင်းထဲမှ အစားအစာများ ရှောကျသွားသည် ။
'မကောင်းဆိုးဝါးအကြောင်းပြောရင် မကောင်းဆိုးဝါး ရောက်လာတတ်တယ်ဆိုတာ တကယ် မှန်တာပဲ... သူ့အကြောင်း တကယ် ပြောလို့မရဘူး..'
ယန်ကျီချန်းက အခန်းထဲ ဝင်ဝင်ချင်း စားပွဲပေါ်ရှိ အစားအစာများကို မြင်လိုက်ရသည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆွံ့အသွားပြီး....
" ဝါးး.. "
ငါးစွပ်ပြုတ်နှင့် ပေါင်းထားသည့် မန်ထိုများ ။ သူ အိမ်ပြောင်းသွားပြီးကတည်းက ဤမျှကောင်းသော အစားအစာကို မစားရသေးချေ ။ အထူးသဖြင့် ပြောင်းဖူးမှုန့်ဈေးများ မြင့်တက်လာချိန်တွင် အသက်ရှင်ရန်ပင် မနည်း ရုန်းကန်နေရ၏။
ထိုကြောင့် သူ ဒီတစ်ခေါက် ပြန်လာခဲ့ခြင်းပင် ။ သူ အိမ်ပြန်ပြောင်းချင်နေသည် ။ အိမ်မှာနေလျှင် အစားအသောက်အတွက် ပိုက်ဆံပေးရမည် ဖြစ်သော်လည်း အပြင်မှာ ငတ်နေခြင်းထက်စာလျှင် ပိုကောင်းသည် မဟုတ်ပါလော ။
" သားကြီး.. ဘာလို့ ပြန်လာတာလဲ.. "
ယန်ဖူကွေ့ အနည်းငယ် အံ့သြသွားပြီး တစ်စုံတစ်ခုကို တွေးမိကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည် ။
" မင်း မိဘထောက်ပံ့ကြေး ပေးဖို့ ပြန်လာတာလား.. "
လကုန်ခါနီးနေပြီဖြစ်ရာ ထိုသို့ ဖြစ်သင့်သည်ဟု သူ တွေးလိုက်မိ၏ ။
ထိုစကားကို ကြားသောအခါ ယန်ကျီချန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည် ။ သူ ဝင်လာသည်နှင့် ထောက်ပံ့ကြေးအကြောင်း အရင်မေးခံလိုက်ရ၏ ။ ဤသည်က အဖေတစ်ယောက် မေးသင့်သော မေးခွန်းလော ။ သူ အတော်ကြာ ပြန်မရောက်သေးသည်မို့ အပြင်မှာ သူ ဘယ်လိုနေလဲဆိုသည်ကို သူတို့ စိုးရိမ်သင့်သည် မဟုတ်ပါလော ။
' ငါ တကယ်ပဲ နှစ်ယွမ်လောက်တောင် အရေးမပါဘူးလား.. '
ယန်ကျီချန်းက သူ့ရင်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည် ။
" ကျီချန်း.. စားပြီးပြီလား.. "
ရန်ရွေ့ဟွားက မေးလိုက်သည် ။
ယန်ကျီချန်းမှာ ထိုစကားကြောင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားမိ၏ ။ သူ့အမေက အကောင်းဆုံးပင် ။ အနည်းဆုံးတော့ သူ့ကို ဂရုစိုက်ဖော် ရသေးသည် ။
သို့သော် နောက်တစ်စက္ကန့်မှာပင် ရန်ရွေ့ဟွား ဆက်ပြောသည်ကို သူ ကြားလိုက်ရသည် ။
" ဒါပေမဲ့ ဒီညအတွက် စားစရာက ကွက်တိပဲ ရှိတယ်.. နင် ပြန်လာမယ်ဆိုတာ ငါတို့ မသိလို့ ဘာမှပိုလုပ် မထားမိဘူး.. "
ယန်ကျီချန်း.... " ... "
ယခုတော့ သူ့ နှလုံးသားကွဲကြေသွားရလေပြီ ။ ဤသည်များ အားလုံးက ဒုတိယသားဖြစ်သည့် ထိုခွေးကောင်ကြောင့်ပင် ။
ယန်ကျီဝမ်က မိဘတွေကို ထောက်ပံ့မည်ဟု ကတိပေးထားသောကြောင့် အဖေနှင့် အမေ၏ အာရုံက ယန်ကျီဝမ်အပေါ်၌သာ ရှိနေပြီး သူ့အကြောင်းကို လုံးဝ မစဉ်းစားကြတော့ချေ ။ ဤအချိန်တွင် သူ လှည့်ပြီး ထွက်သွားချင်သော်လည်း သူ့ဗိုက်က တကွီကွီမြည်နေသောကြောင့် လှည့်ထွက်ရန် အားမရှိတော့ ။
ပြန်သွားလျှင် အငတ်ဘေးနှင့် ရင်ဆိုင်ရမည် ။ ထိုအရာနှင့် ယှဉ်လျှင် မာနက မည်မျှ အရေးပါသနည်း ။ သူ ခဏတာ တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် မျက်နှာတင်းတင်းဖြင့် ပြောလိုက်သည် ။
" အဖေ.. အမေ.. ကျွန်တော် အိမ်ပြန်ပြောင်းချင်တယ်.. "
"ဟမ်.. "
ရန်ရွေ့ဟွားနှင့် ယန်ဖူကွေ့တို့ အံ့အားသင့်သွားကြသည် ။ ထို့နောက် ယန်ဖူကွေ့က မေးလိုက်၏ ။
" ရုတ်တရက်ကြီး ဘာလို့ ပြန်ပြောင်းချင်ရတာလဲ.. "
" ပြောင်းဖူးမှူန့်ဈေးတွေ တက်သွားလို့ သူ စားဖို့ မတတ်နိုင်တော့လို့ ဖြစ်ရမယ်.. "
ယန်ကျီဖန့်က ကြားဖြတ်ကာ လှောင်လိုက်သည် ။
ယန်ကျီချန်း၏ မျက်နှာက ပို၍ မည်းမှောင်သွား၏ ။ အချိန်မှားနေ၍သာ မဟုတ်လျှင် ဤကျိန်စာသင့် တတိယသားကို သူ ကောင်းကောင်း ရိုက်နှက်မိမှာ သေချာသည် ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သည့် သားတစ်ယောက်ဖြစ်သဖြင့် ယန်ဖူကွေ့က သူ့အကြောင်းကို ကောင်းကောင်း နားလည်သည် ။ သူ့ကို ကြည့်လိုက်သည်နှင့် တတိယသား ခန့်မှန်းချက်က မှန်ကန်ကြောင်း ယန်ဖူကွေ့ သိလိုက်၏ ။
အကြီးဆုံးသားမှာ ပုံမှန်အလုပ်တစ်ခုရှိလျှင် အဆင်ပြေသော်လည်း သူ့ကို ယာယီအလုပ်သမားအဖြစ်ပင် သတ်မှတ်မထားချေ ။ သူ့အလုပ်က ကံတရားအပေါ်၌သာ မူတည်နေသည် ။ သူ ကံမကောင်းလျှင် တစ်လ ဆယ်ယွမ်ပင် မရ ။
ရန်ရွေ့ဟွားက ဂရုမစိုက်သည့် လေသံဖြင့် ...
" ထွက်သွားချင်တုန်းကလဲ နင်ပဲ .. အခု နင်က ပြန်ပြောင်းချင်နေပြန်ပြီ.. ကျီချန်း.. အမေ မင်းကို ဆူနေတာ မဟုတ်ဘူးနော်.. ဒါပေမဲ့ နင် ဘာလို့ ဒီလောက် ဒုက္ခပေးနေရတာလဲ.. "
ယန်ကျီချန်းက ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးများတွင် မလိုလားအပ်သော အရိပ်အယောင်များ ပေါ်လွင်နေသည် ။ သူ ပြန်သွားနိုင်လျှင်ပင် ပြန်မသွားတော့ပေ ။ အပြင်မှာ နေရသည်က မခံနိုင်အောင် ဆိုးရွားလွန်းလှသည် ။
" ဟင်း.. ငါ ဒီကိစ္စကို ကန့်ကွက်စရာ မရှိပါဘူး.. "
မည်သို့ပင် ဆိုစေကာမူ သူ၏ သားပင် ဖြစ်သည် ။ ယန်ဖူကွေ့ ခဏတာ စဉ်းစားပြီးနောက် လက်လျှော့လိုက်သည် ။ သို့သော်လည်း သူ ယန်ကျီဝမ်ကို ကြည့်ကာ မေးလိုက်၏ ။
" ဒုတိယသား.. မင်းရဲ့ အမြင်က ဘယ်လိုလဲ.. "
ယန်ကျီချန်း၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ပေါ်လာသည် ။ သူ အိမ်ပြန်လာသည်ကို ဒုတိယသားထံသို့ ခွင့်တောင်းရမည်ကို သူ နားမလည်နိုင်ချေ ။ ယန်ကျီဝမ် သဘောမတူလျှင် ပြန်လှည့်ရမည်လော ။ သူကရော သူတို့ သားအရင်း မဟုတ်ဘူးလား ။
ယန်ဖူကွေ့က အကြီးဆုံးသား၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို သတိပြုမိပြီး ရှင်းပြလိုက်သည် ။
" သားကြီး.. မပျော်မရွှင် မဖြစ်ပါနဲ့.. ဒီမိသားစုကို လောလောဆယ် ဒုတိယသားက ထောက်ပံ့ပေးနေတာဆိုတော့ သူ့ အမြင်ကို ငါတို့ မေးရမှာပဲ.. "
ဤစကားများတွင် ချဲ့ကားပြောဆိုခြင်း အလျဉ်းမရှိပေ ။ မိသားစုထဲရှိ စားနပ်ရိက္ခာများအားလုံးကို ယန်ကျီဝမ်က တဖြည်းဖြည်းချင်း ပြန်ယူလာပေးခဲ့ခြင်းဖြစ်သည် ။ ဂေါ်ဖီထုပ်ကဲ့သို့သော အရာများမှလွဲ၍ အခြားဟင်းသီးဟင်းရွက် အများစုကိုလည်း ယန်ကျီဝမ်က ပြန်ယူလာပေးသောကြောင့် ဤစကားများမှာ မှားယွင်းနေခြင်း မရှိပေ ။
" အဖေတို့ပဲ ဆုံးဖြတ်ပါ.. "
ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် ။
သူ ယန်ကျီချန်း၏ အခြေအနေကို ဂရုမစိုက် ။ ထို့အပြင် ဤမိသားစုတွင် သူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ချေ ။ ယန်ကျီချန်းသည်လည်း ယန်ဖူကွေ့၏ သားဖြစ်သောကြောင့် သဘာဝအတိုင်း ယန်ဖူကွေ့ကသာ ဆုံးဖြတ်ချက်ချရပေမည် ။
ယန်ကျီဝမ်၏ အမူအရာကို မြင်လျှင် ယန်ဖူကွေ့က ခေါင်းညိတ်ပြီး ...
" သားကြီး.. မင်း နေချင်ရင် ပြန်လာလို့ ရတယ်.. ဒါပေမယ့် အခုချိန်မှာ ကောက်ပဲသီးနှံဈေးတွေက အရမ်းကြီးနေတော့ စားစရာအတွက် လစဉ် ၇ ယွမ် ပေးရမယ်ဆိုတာကို မင်း သိထားရမယ်.. သဘောတူလား.. "
" ကျွန်တော် သဘောတူတယ်.. "
သူ ဘာများ လုပ်နိုင်ဦးမည်နည်း ။ သူ ငတ်ပြီး သေတော့မလို ဖြစ်နေပြီ ။ ငြင်းဆန်ချင်လျှင်ပင် ငြင်းဆန်လို့ မရတော့ ။
သူ ခေါင်းညိတ်သည်ကို မြင်တော့ ယန်ဖူကွေ့က ဆက်ပြောသည် ။
" ပြီးတော့ အရင်က သတ်မှတ်ထားတဲ့ မိဘထောက်ပံ့ကြေး ၂ ယွမ်ကိုတော့ လျှော့ပေးလို့ မရဘူး.. "
" ဘာလို့လဲ.. "
ယန်ကျီချန်း အနည်းငယ် မကျေမနပ် ဖြစ်သွားသည် ။ သူ ပြန်ပြောင်းလာတော့မည်ကို မည်သို့ကြောင့် ထောက်ပံ့ကြေး ပေးနေရဦးမည်နည်း ။ အရင်က သူ ပေးစရာ မလိုခဲ့ပေ ။
" ဘာလို့လဲဆိုတော့ ဒုတိယသားကလည်း ပေးနေတာမို့လို့ပဲ.. ငါတို့ မိသားစုက အမြဲတမ်း တရားမျှတမှုကို လက်ကိုင်ထားတယ်.. "
ယန်ဖူကွေ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။
ဤသည်က အချက်အလက်တစ်ခု ဖြစ်သည် ။ ယန်ကျီဝမ်က စားနပ်ရိက္ခာများအားလုံးကို ယူလာပေးသောကြောင့် အစားအသောက် ကုန်ကျစရိတ်ကို ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ယန်ကျီဝမ်က သူ့ကို မိဘထောက်ပံ့ကြေးအဖြစ် လစဉ် ယွမ် ၅ ယွမ် ပေးနေသေးသည် ။ ယန်ကျီချန်းအတွက် သူ ၂ ယွမ်သာ တောင်းဆိုခဲ့ခြင်းမှာ အလွန်ရက်ရောနေလေပြီ ။
ယန်ကျီချန်း တိတ်ဆိတ်နေသည်ကို မြင်တော့ ယန်ဖူကွေ့က ပြောလိုက်သည် ။
" မင်း သဘောမတူရင်လည်း ကိစ္စမရှိဘူး.. ငါတို့ မိသားစုက တရားမျှတမှုကို တန်ဖိုးအထားဆုံးပဲ.. ဒါကြောင့် မင်းဘာသာမင်း ဆုံးဖြတ်နိုင်တယ်.. "
" ကောင်းပြီ.. ကျွန်တော် သဘောတူတယ်.. "
ယန်ကျီချန်းက အံကြိတ်ကာ သဘောတူလိုက်သည် ။
တစ်လကို ဆယ်ယွမ်နီးပါး ပေးရမည်ဖြစ်သော်လည်း သူ့တွင် သေချာသော ဝင်ငွေမရှိ ။ သူ မည်သို့ကြောင့် အိမ်မှ ထွက်ရသည်အထိ မိုက်မဲခဲ့ရသနည်း ။ စိတ်ပျက်စရာ အကောင်းဆုံးမှာ ယခုအချိန်တွင် ကောက်ပဲသီးနှံ ဈေးနှုန်းများ မြင့်တက်လာခြင်းပင် ။ သူ၏ ကံကြမ္မာက ဆိုးရွားလှချေသည် ။
" မင်း သဘောတူတာ ကောင်းတယ်.. "
ယန်ဖူကွေ့က ပြုံးပြီး မေးလိုက်သည် ။
" သားကြီး.. ဘယ်တော့ ပြန်ပြောင်းဖို့ စီစဉ်ထားလဲ.. "
" အခု ချက်ချင်းပဲ.. "
ယန်ကျီချန်းက လှည့်ထွက်သွားပြီးနောက် သူ၏ ကိုယ်ပိုင်ပစ္စည်းများပါသည့် အဝတ်အိတ်တစ်လုံးဖြင့် ပြန်ဝင်လာသည် ။
ယန်ဖူကွေ့က ထိုမြင်ကွင်းကို ကြည့်ပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏ ။
အကြီးဆုံးသားက ကြိုတင်ပြင်ဆင်ပြီး ရောက်လာပုံရသည် ။ သူ့ကို ကြည့်ရသည်မှာ မည်သို့သော အခြေအနေမျိုးကိုမဆို သဘောတူမည့်ဟန်ပင် ။ သူ အစောကြီးကတည်းက သိခဲ့လျှင် ပိုတောင်းသင့်သည် ။ ယခုတော့ သူ ရှုံးနိမ့်သွားသလို ခံစားလိုက်ရ၏ ။
ယန်ကျီချန်းက သူ့ပစ္စည်းများကို အခန်းထဲ ယူသွားတော့မည့်အချိန်မှာပင် ယန်ကျီဖန့်က ရုတ်တရက် ပြောလိုက်သည် ။
" အဖေ.. မေးစရာတစ်ခု ကျန်သေးတယ်.. "
ယန်ကျီချန်းက ရပ်လိုက်ပြီး မနှစ်မြို့ဟန်ဖြင့် စိုက်ကြည့်လိုက်၏ ။
" ပြောလေ.. "
" ဖေဖေ.. အစ်ကိုကြီး ပြန်ပြောင်းလာတာကို သားဘာမှ ကန့်ကွက်စရာ မရှိပါဘူး.. ဒါပေမယ့် အခု အငယ်နှစ်ယောက်က သားနဲ့ အတူတူနေနေကြတာ.. "
ယန်ဖူကွေ့က ရုတ်တရက် နားလည်သွားပြီး လက်ကို ဝှေ့ယမ်းကာ ...
" ဒါ အသေးအဖွဲ ကိစ္စလေးပါ.. အငယ်နှစ်ယောက်ကို ငါတို့နဲ့အတူ ပြန်အိပ်ခိုင်းလိုက်မယ်.. "
ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ မောင်နှမ နှစ်ယောက်သည် ထိုစကားကို ကြားသောအခါ စိတ်မပါ့တပါဖြင့် နှာခေါင်းရှုံ့လိုက်ကြ၏ ။
သို့သော် သူတို့၏ အဖေက အမိန့်ပေးလိုက်ခြင်းဖြစ်ပြီး သူတို့က ငယ်ရွယ်၍ ပြောပိုင်ခွင့်မရှိသောကြောင့် သဘောတူရုံသာ တတ်နိုင်တော့သည် ။