← Chapters

အခန်း ၁၂၂

Vol. 12 Ch. 122

အခန်း ၁၂၂

Vol. 12 Ch. 122

Chapter 122

~

အခန်း ၁၂၂ : ရုတ်တရက် နှင်းကျလာပြီ...

~

​' ဟူး..မနေ့က ရာသီဥတု သာယာနေတာလေ.. ဘာလို့ ရုတ်တရက် နှင်းတွေ ကျလာရတာလဲ.. ဒီဇင်ဘာလရဲ့ ကောင်းကင်က မိန်းမတစ်ယောက်ရဲ့ စိတ်လိုပဲ ချက်ချင်းကို ပြောင်းလဲသွားတတ်တာပဲ.. '

​ယန်ကျီဝမ်သည် အိမ်တံခါးဝတွင် ရပ်ကာ ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိ၏ ။

​ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်၍ ညစာစားပြီးသွားကြလေပြီ ။

​ယန်ဖူကွေ့က စားပွဲခုံတွင် လက်ဖက်ရည်သောက်နေစဉ် ယန်ကျီဝမ်၏ သက်ပြင်းချသံကို ကြားလိုက်ရပြီး ရယ်ကာ ဆူလိုက်၏ ။

​" ဒုတိယသား.. မင်းက လူပျိူပဲ.. မိန်းမတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးဘဲနဲ့ ဘာတွေများ သက်ပြင်းချစရာ ရှိနေလို့လဲ.. "

​" အဘိုးကြီး.. နားမလည်ပါဘူး.. "

​ယန်ကျီဝမ်က ခေါင်းခါပြီး ...

​" ကျွန်တော့်ရဲ့ ရုပ်ရည်..ခန္ဓာကိုယ်အချိုးအစားနဲ့ ငွေရှာနိုင်စွမ်းအရဆိုရင် ကျွန်တော်သာ လိုချင်ရင် မိနစ်ပိုင်းအတွင်း အဖေ့အတွက် ချွေးမတစ်ယောက် ရှာပေးနိုင်တယ်.. ယုံလား.. "

​ယန်ဖူကွေ့က လှောင်လိုက်သည် ။

​" အချိန်မကျသေးပါဘူး.. မင်း အိပ်မက်မက်နေပြီ.. မင်းကိုယ်မင်း ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲ ပြန်ကြည့်စမ်း.. မင်းမှာ အဲဒီစွမ်းရည် တကယ်ရှိတယ်ဆိုရင်တောင် နောက်နှစ်ကုန်အထိ မင်းအသက်က ပြည့်သေးတာ မဟုတ်ဘူး.. "

​" မှန်ပါတယ်.. "

​ယန်ကျီဝမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည် ။

​" ဒီရာသီဥတုကို ကြည့်ရတာ မနက်ဖြန် ငါးမျှားလို့ ရမယ်မထင်ဘူး.. "

​ယန်ဖူကွေ့၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ...

​" ဟာ.. မဟုတ်ဘူး.. ငါ တကယ်ကို မစဉ်းစားမိဘူး.. မနက်ဖြန်က စနေနေ့လေ.. ကံဆိုးလိုက်တာ.. ငါ့ပိုက်ဆံတွေ.. "

​တစ်ရက် ငါးမမျှားရလျှင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားပေမည် ။

​" ဒါပေမယ့်လည်း ကောင်းပါတယ်.. ကျွန်တော် ငါးမျှားနေတာ ကြာပြီဆိုတော့ နည်းနည်း ပင်ပန်းနေပြီ.. အနားယူဖို့ အခွင့်ကောင်းပဲ.. "

​ယန်ကျီဝမ်သည်တော့ ဂရုစိုက်ပုံမပေါ် ။

​သူ သိမ်းဆည်းထားသည့် ရမှတ်များက အချိန်အတော်ကြာအောင် သုံးရန် လုံလောက်နေပြီ ဖြစ်သည် ။ ထို့အပြင် လက်ရှိ ရာသီဥတုအခြေအနေကလည်း အပြင်ထွက်ရန် အဆင်မပြေ ။

​" အား.. ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ.. ငါ့နှလုံးသားလေး ကွဲတော့မှာပဲ.. "

​ယန်ဖူကွေ့က ခေါင်းခါပြီး အထပ်ထပ်အခါခါ သက်ပြင်းချနေသဖြင့် ယန်ကျီဝမ် ရယ်ချင်စိတ် ပေါက်လာသည် ။

​" ယေးးး... နှင်းကျနေတယ်.. နှင်းကျနေတယ်.. "

​ထိုအခိုက် အငယ်နှစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာပြီး ဆီးနှင်းထဲတွင် ဆော့ကစားနေကြသည် ။ ယန်ဖူကွေ့က ဆူငေါက်လိုက်၏ ။

​" မင်းတို့နှစ်ယောက် မြန်မြန် ပြန်ဝင်ခဲ့ကြ.. အအေးမိနေမယ်.. ဆေးဖိုး ကုန်လိမ့်မယ်.. "

​သို့သော် အငယ်နှစ်ယောက်က ဂရုမစိုက် ။ ယန်ကျီဝမ်ကိုပါ ဖိတ်ခေါ်လိုက်ကြသေးသည် ။

​" အစ်ကိုနှစ် ... လာလေ.. သားတို့နဲ့ ဆော့ရအောင်.. "

​" မဆော့တော့ဘူး.. မင်းတို့နှစ်ယောက်ပဲ ဆော့.. "

​ယန်ကျီဝမ်က ခေါင်းခါပြီး ငြင်းလိုက်သည် ။ သူ လက်ပိုက်ထားရင်း အနည်းငယ် အေးစိမ့်လာသလို ခံစားလိုက်ရသည် ။

​အရင်ဘဝတုန်းက သူသည် တောင်ပိုင်းသားဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံးတွင် နှင်းကို တစ်ကြိမ်သာ မြင်ဖူးခဲ့၏ ။ လက်ရှိ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရမ်းအားကောင်းနေသော်လည်း ချမ်းနေသလို ခံစားနေရဆဲပင် ။

​

​ယန်ကျီဝမ် သူ့စောင်ထဲ ပြန်ဝင်ရန် လုပ်နေစဥ် အလယ်ခြံဝင်းထဲမှ လူတစ်ယောက် ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည် ။ သေချာကြည့်လိုက်ပြီး ယန်ကျီဝမ်က မသေချာသလို မေးလိုက်၏ ။

​" အဖေ.. အဲ့တာ ဟဲယွီဆွေ လို့ ထင်လား.. "

​" ဘယ်မှာလဲ.. "

​ယန်ဖူကွေ့က ထွက်လာပြီး ကြည့်လိုက်သည် ။

​" တကယ်ကို သူပဲဟ.. ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဘာလို့ အိမ်ထဲမှာ မနေတာလဲ.. သူ ဒီမှာ ဘာလာလုပ်တာလဲ.. "

​ဟဲယွီဆွေ လည်း ယန်မိသားစုမှ သားအဖနှစ်ယောက်ကို သတိပြုမိသွားပြီး ခဏတာ တွန့်ဆုတ်သွားသော်လည်း အနားသို့ လျှောက်လာခဲ့သည် ။

​ဟဲယွီဆွေ ချဉ်းကပ်လာသောအခါ ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

​" ယွီဆွေ.. တစ်ခုခု လိုအပ်လို့လား.. "

​ဟဲယွီဆွေ ၏ မျက်နှာသေးသေးလေးက အအေးဒဏ်ကြောင့် နီရဲနေပြီး အပြင်ဘက်တွင် အတော်ကြာအောင် ရှိနေခဲ့ပုံရသည် ။ သူမက နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်၏ ။

​" တတိယဦးလေး.. ပြောင်းဖူးမှုန့် နည်းနည်းလောက် ချေးပေးလို့ ရမလားဟင်.. သမီး အများကြီး မလိုပါဘူး.. တစ်ကျင်းလောက်ဆို ရပါတယ်.. "

​ထိုစကားကို ကြားလျှင် ယန်ဖူကွေ့ လန့်သွားပြီး...

​" မင်းတို့မိသားစုရဲ့ ရိက္ခာတွေ ဘယ်ရောက်သွားလို့လဲ.. ရှာကျူး စားစရာတွေ ဝယ်လာတာကို ငါ တွေ့လိုက်ပါသေးတယ်.. "

​ဟဲယွီဆွေ က ခါးသီးစွာဖြင့်...

​" သူ တခြားတစ်ယောက်ကို ပေးလိုက်တာ.. အိမ်မှာ ဘာမှ မကျန်တော့ဘူး.. သမီးမှာလည်း ပိုက်ဆံ မရှိဘူးလေ.. "

ယန်သားအဖ ချက်ချင်း နားလည်သွား၏ ။ ကျားမိသားစုမှ လွဲ၍ တခြားသူ မဖြစ်နိုင်ချေ ။

​ရှာကျူးက တကယ်ကို တစ်ခုခုပင် ။ ကျားမိသားစုကို ကူညီရန်အတွက် ညီမအရင်းကို အငတ်ထားရက်၏။ အရူးဆိုသည့် နာမည်နှင့် လိုက်ပေသည် ။

ဤကိစ္စနှင့် ပက်သက်၍ ဟဲယွီဆွေ နှင့် ရှာကျူးတို့ အငြင်းအခုံ ဖြစ်ခဲ့ကြသေးသည် ။ နောက်ပိုင်းတွင် ဟဲယွီဆွေ က ယီမိသားစုထံသို့ ရိက္ခါချေးရန် သွားခဲ့သော်လည်း ယီကျုံးဟိုင်က မရှိဟုဆိုကာ သူမကို ငြင်းပယ်ခဲ့၏ ။

​ထို့နောက် သူမ အိမ်နောက်ဖေးရှိ နားမကြားသော အဘွားကြီးထံသို့ သွားခဲ့သော်လည်း ထိုအဘွားကြီးက ပို၍ပင် ဆိုးသေးသည် ။ ဟဲယွီဆွေ လာနေသည်ကို မြင်လျှင် သူမ၏ အစားအစာအားလုံးကို ဖွက်ထားလိုက်သည် ။

​သူမ နောက်ဖေးခြံနှင့် အလယ်ခြံတစ်ဝိုက်တွင် လျှောက်သွားပြီး အိမ်တိုင်းတွင် တံခါးများ ပိတ်ထားသည်ကို တွေ့လိုက်ပြီးနောက် အိမ်ရှေ့ခြံသို့ ရောက်လာကာ ယန်မိသားစု၏ သားအဖနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ခြင်းပင် ။

​ယန်ဖူကွေ့က သူ၏ ဒုတိယသားကို မသိစိတ်ကနေ လှမ်းကြည့်လိုက်သည် ။ အိမ်ထဲက စားနပ်ရိက္ခာအားလုံးကို ဒုတိယသားက ရှာဖွေယူဆောင်လာခဲ့ခြင်း ဖြစ်ရာ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချရမည် မဟုတ်ပါလော ။

​" ငါ့ကို ခဏစောင့်.. "

​ယန်ကျီဝမ် ထိုစကားကို ပြောပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည် ။ မကြာမီပင် အိတ်တစ်လုံးကို ကိုင်ပြီး ထွက်လာကာ ဟဲယွီဆွေ ကို ကမ်းပေးလိုက်သည် ။

​" ရော့.. ဒါကို ယူသွားလိုက်.. မလောက်ရင် ထပ်လာယူလို့ ရတယ်.. "

​ဟဲယွီဆွေ က အိတ်ကိုကြည့်ပြီး သူမ၏ လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည် ။

​" အစ်ကို ကျီဝမ်.. ဒါ... အရမ်းများလွန်းတယ်..ညီမ တစ်ကျင်းလောက်ပဲ လိုတာပါ.. "

​" ပေးတဲ့အချိန်မှာ ယူသွားလိုက်စမ်းပါ.. "

​ယန်ကျီဝမ်က ပြောလိုက်သည် ။

​" မင်းရဲ့အစ်ကိုကို ငါ အထင်သေးတာ မဟုတ်ဘူး.. ဒါပေမယ့် သူ့စရိုက်နဲ့ဆိုရင် မင်း နောက်ထပ် စားစရာ ရှိလာမှာ မဟုတ်ဘူး.. မင်း ဒီလိုပဲ ဆက်ပြီး ငတ်နေတော့မလို့လား.. "

​ဟဲယွီဆွေ သည် ယန်ကျီဝမ် အမှန်အတိုင်း ပြောနေမှန်း သိ၏ ။

​" ဒါပေမယ့်.. ညီမ အစ်ကို့ကို မြန်မြန် ပြန်မဆပ်နိုင်မှာ ကြောက်လို့ပါ.. "

​ဟဲယွီဆွေ က ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည် ။

​သူမ ယခု အသက်ဆယ့်လေးနှစ်သာ ရှိသေးပြီး ကျောင်းတက်နေဆဲ ဖြစ်သောကြောင့် အလုပ်လုပ်နိုင်ရန် နောက်ထပ် နှစ်အနည်းငယ် ကြာပေဦးမည်။ ရှာကျူးကို ကြည့်လိုက်လျှင်လည်း ယုံကြည်စိတ်ချရမည့်ပုံ မပေါ်ချေ ။

​" အဆင်ပြေပါတယ်.. အခု ယူသွားပြီး စားလိုက်.. မလောက်ရင် ငါ့ကို ပြန်လာရှာလို့ရတယ်.. နောက်ကျ အလုပ်လုပ်တဲ့အခါ အေးအေးဆေးဆေး ပြန်ဆပ်ပေါ့.. တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်တော့ လုံးဝ ပြန်မဆပ်လည်း ရပါတယ်.. "

​ယန်ကျီဝမ်က အနေရမခက်စေရန် ဟာသနှော၍ပြောလိုက်သည် ။

​ဟဲယွီဆွေ ၏ မျက်လုံးများတွင် ကျေးဇူးတင်သည့် မျက်ရည်များ ဝဲတက်လာ၏ ။ ခြံဝင်းတစ်ခုတည်းက အိမ်နီးချင်းဖြစ်သော်လည်း သူမ၏ အစ်ကိုအရင်းထက်ပင် ပို၍ နွေးထွေးနေသေးသည် ။

​" ကောင်းပြီ.. မြန်မြန်ပြန်သွားတော့.. အအေးမမိစေနဲ့.. "

​ယန်ကျီဝမ်က လက်ဝှေ့ယမ်းပြလိုက်သည် ။

​" အစ်ကို ကျီဝမ်.. ညီမလေး သေချာပေါက် ပြန်ဆပ်ပါ့မယ်.. "

​ဟဲယွီဆွေ က တည်ကြည်စွာ ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည် ။

​ဟဲယွီဆွေ ထွက်သွားပြီးနောက် ယန်ဖူကွေ့ သက်ပြင်းချကာ ပြောလိုက်သည် ။

​" ဒီ ရှာကျူးက တကယ်ကို ထူးခြားတာပဲ.. ဘယ်သူက ကိုယ့်ညီမအရင်းကို ငတ်အောင် ထားရက်မှာလဲ.. သူ တကယ်ကို လူမဆန်ဘူး.. "

​ယန်ကျီဝမ်က တွေးလိုက်မိ၏ ။

' နောက်ပိုင်းဆိုရင် ဒီထက်တောင် ပိုဆိုးလာလိမ့်ဦးမယ်.. ဒါက အစပဲ ရှိသေးတယ်.. '

​" ဘာလို့ တခြားသူတွေရဲ့ ကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေရမှာလဲ.. ကိုယ့်ဘဝကိုပဲ ကောင်းကောင်းနေထိုင်တာ အကောင်းဆုံးပါ.. "

​ယန်ကျီဝမ်က သိပ်ဂရုမစိုက်ပေ ။

​" မှန်ပါတယ်.. "

​ယန်ဖူကွေ့က သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည် ။ နောက်ပိုင်းရက်များ ပိုပိုပြီး ခက်ခဲလာနေရာ ကိုယ့်မိသားစု ပြည့်ပြည့်စုံစုံ စားနေရသည်က ကံကောင်းသည်ပင် ။

​ယန်ကျီဝမ်က ရုတ်တရက် စ လိုက်သည် ။

​" အဘိုးကြီး.. ကျွန်တော် ဟဲယွီဆွေ ကို ပြောင်းဖူးမှုန့်တွေ အများကြီး ပေးလိုက်တာကို အဖေ စိတ်မဆိုးဘူးလား.. ဒါ နည်းနည်းတော့ ထူးဆန်းတယ်နော် .. "

​" မင်းရဲ့ အဘိုးကြီးကို ဘယ်လိုလူစားမျိုး ထင်နေတာလဲ.. "

​ယန်ဖူကွေ့က စိတ်တိုသွားပြီး...

​" ငါတို့အားလုံးက ခြံဝင်းတစ်ခုတည်းမှာ နေတဲ့ အိမ်နီးချင်းတွေပဲလေ.. တစ်ယောက်ယောက် အကူအညီလိုအပ်နေတာကို တွေ့ရင် ကူညီရမှာပေါ့.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ...

​" ဒါဆို ကျားမိသားစုအတွက် အလှူငွေ ကောက်ခံတဲ့ ပြီးခဲ့တဲ့ ခြံဝင်းအစည်းအဝေးတုန်းက ဘာလို့ ထပ်မလှူခဲ့တာလဲ.. "

​" သူတို့မိသားစုက တကယ်ပဲ ဒီလောက် ဒုက္ခရောက်နေလို့လား.. "

​ယန်ဖူကွေ့က သူ့ကို စိုက်ကြည့်ကာ ပြောသည် ။

​" သူတို့ တကယ် ဒုက္ခရောက်နေရင်တောင် ယီကျုံးဟိုင် ရှိနေသေးတာပဲ မလား.. ဒါပေမယ့် ပြောရရင် ပြီးခဲ့တဲ့တစ်ခေါက်က အလျင်စလို ထွက်လာမိလို့ ငါ့ရဲ့ ငါးဆယ်ဖန့်ကို ပြန်ယူဖို့ မေ့သွားတယ်.. နှမြောစရာကောင်းလိုက်တာ.. "

​ဤစကားများကြောင့် ယန်ကျီဝမ် အူတက်အောင် ရယ်လိုက်မိသည် ။

​အချိန်တန်သည်ကို မြင်လျှင် ယန်ကျီဝမ်က ခြံထဲတွင် ဆော့ကစားနေသည့် အငယ်နှစ်ယောက်ကို အော်ခေါ်လိုက်သည် ။

​" ကလေးနှစ်ကောင်.. ပြန်လာခဲ့ကြတော့.. အအေးမိနေဦးမယ်.. "

​" ဟုတ်.. သိပါပြီ.. "

​အငယ်နှစ်ယောက်က ယန်ကျီဝမ်ကို အလွန် ကြောက်ရွံ့နာခံနေဆဲပင် ။ သူ၏ ခေါ်သံကို ကြားလျှင် နာခံမှုရှိရှိ အိမ်ထဲ ပြန်ဝင်လာကြ၏ ။

​ ယန်ကျီဝမ်လည်း အိမ်ထဲသို့ ပြန်ဝင်သွားပြီး သူ့စောင်ထဲသို့ တိုးဝင်လိုက်သည် ။ ဤကဲ့သို့ ရာသီဥတုမျိုး၌ သူ အပြင်ဘက်တွင် နောက်ထပ် တစ်စက္ကန့်ပင် မနေချင်တော့ပေ ။

​ညဘက်တွင် အေးစိမ့်စိမ့်လေတွေက တဟူးဟူး တိုက်ခတ်နေပြီး နှင်းတွေ အိမ်ခေါင်မိုးပေါ် ကျဆင်းလာသံကို ကြားနေရ၏ ။ နှင်းတွေက ပိုပိုပြီး သည်းထန်လာသလိုပင် ။

​ကံကောင်းထောက်မစွာဖြင့် ယန်ဖူကွေ့က အိပ်ရာမဝင်ခင် မီးဖိုကို မီးမွှေးထားလိုက်သည်။ မဟုတ်လျှင် သူတို့အားလုံး အေးခဲသွားနိုင်သည် ။

All Chapters