← Chapters

အခန်း ၁၂၄

Vol. 12 Ch. 124

အခန်း ၁၂၄

Vol. 12 Ch. 124

Chapter 124

~

အခန်း ၁၂၄ : ရေထဲသို့ ပြုတ်ကျသွားသော မိန်းကလေး

~

အသံကြားလျှင် ယန်ကျီဝမ် ခေါင်းလှည့်ကြည့်လိုက်၏ ။

​ပန်းပွင့်ပုံလေးများပါသော အနွေးထည် ဝတ်ထားသည့် မိန်းကလေးငယ်တစ်ယောက်က ပတ်ဝန်းကျင်ရှိ လူများထံမှ အကူအညီ တောင်းခံနေသည်ကို သူ မြင်လိုက်ရသည် ။

​သူမနှင့် မဝေးလှသော နေရာတွင် ရေခဲပြင် ကွဲနေပြီး ရေထဲတွင် ရုန်းကန်နေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏ ။ ရေထဲကျသွားသူက ရေကူးတတ်ပုံ မပေါ်ချေ ။

​အကူအညီ တောင်းနေသော မိန်းကလေးကလည်း ရေကူးတက်ပုံ မရဘဲ အလားတူ အဆက်မပြတ် အော်ဟစ်နေရုံသာ တတ်နိုင်တော့သည် ။

​ဤအခြေအနေက အတော်လေး ဖြစ်လေ့ဖြစ်ထ ရှိ၏ ။ မနေ့ညက နှင်းမိုးရွာချခဲ့သော်လည်း ကန်မျက်နှာပြင်၏ တချို့နေရာများတွင် ရေခဲများက သိပ်မထူချေ ။

​ရေခဲပါးသော နေရာများကို သတိမထားမိဘဲ နင်းမိလျှင် ပြုတ်ကျသွားနိုင်သည် ။

​လူအများအပြား စုဝေးလာကြပြီး ယန်ကျီဝမ်လည်း အနားသို့ လျှောက်သွားလိုက်သည် ။

​" ဘယ်သူ ရေကူးတတ်လဲ.. မြန်မြန်ဆင်းပြီး ကယ်ပေးကြပါအုံး.. "

​တစ်ယောက်က အော်ပြောသည် ။

​" ကျုပ် မကူးတတ်ဘူး.. "

​" ကျွန်တော်လည်း မကူးတတ်ဘူး.. "

​လူတိုင်း ခေါင်းခါလိုက်ကြ၏ ။

​လူအရမ်းများသော်လည်း တစ်ယောက်မှ ရေမကူးတတ်ကြ ။

​ဤသည်က ဆင်ခြေပေးနေခြင်းတော့ မဟုတ်ချေ ။ ဤခေတ်တွင် ယခုလိုအခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ ကူညီနိုင်သူတိုင်းလိုလို ကူညီပေးကြသည်သာ ဖြစ်သည် ။

​သို့သော် ကံမကောင်းစွာဖြင့် ဘယ်သူမှ ရေမကူးတတ်ကြ ။ တစ်စုံတစ်ယောက်ကို ကယ်တင်ရန် ကိုယ့်အသက်ကိုပါ စွန့်လွှတ်လိုက်၍ မဖြစ်နိုင် ။ ဤသည်က အဓိပ္ပာယ်မရှိပေ ။

​ရေထဲမှလူက တဖြည်းဖြည်းချင်း နစ်မြုပ်သွားကာ လက်နှစ်ဖက်သာ ရေပေါ်တွင် ကျန်တော့၏ ။

​" ဟူး.. "

​ယန်ကျီဝမ် သက်ပြင်းချလိုက်ပြီး အတွင်းခံဘောင်းဘီသာ ကျန်တော့သည်အထိ အဝတ်အစားများကို အမြန်ချွတ်ကာ ခြေလှမ်းအနည်းငယ် ပြေးပြီး ရေထဲသို့ ဒိုင်ဗင်ထိုး ဆင်းလိုက်သည် ။

​သူ မွေးဖွားချိန်မှ အလယ်တန်းကျောင်းသား အရွယ်အထိ ကျေးလက်ဒေသတွင် နေထိုင်ခဲ့ပြီး ရာသီဥတုပူသည့်အခါ မြစ်ဘေးတွင် မကြာခဏ ဆော့ကစားလေ့ရှိသောကြောင့် ရေကူး အလွန်ကျွမ်းကျင်သည်။

​ဤသို့ ကြုံတွေ့လာရသည့်အခါ သူ ထိုင်ကြည့် မနေနိုင်ပေ ။

​ရေထဲဆင်းလိုက်သည်နှင့် ကန်ရေက အရိုးထဲထိ အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏ ။ သူ အအေးဒဏ်ကို အကြောက်ဆုံး ဖြစ်သော်လည်း မျက်စိရှေ့၌ အသက်တစ်ချောင်း ပျောက်ကွယ်သွားမည်ကိုတော့ မကြည့်ရက်ချေ ။

​" ဟိုမှာ ကြည့်ပါဦး.. လူတစ်ယောက် ရေထဲခုန်ဆင်းသွားပြီ.. အချိန်မီပါစေလို့ မျှော်လင့်ပါတယ်.. "

​ကံကောင်းထောက်မစွာဖြင့် ရေထဲသို့ ပြုတ်ကျသွားသူက သိပ်မဝေးလှ ။ ယန်ကျီဝမ် ခဏတာ ရေကူးသွားပြီး သူမ ရှိရာသို့ ရောက်ရှိသွားသည် ။

​ထိုလူက လုံးဝ နစ်မြုပ်သွားပြီဖြစ်ကာ လှုပ်ရှားမှုမရှိတော့ပေ ။

​ယန်ကျီဝမ်က တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ ကော်လာကို ဆွဲကာ ကမ်းစပ်ဆီသို့ ကူးခတ်လာခဲ့၏ ။

​ထိုလူ၏ အလေးချိန်က လေးလံလွန်းလှရာ ယန်ကျီဝမ် ရေကူးနေစဥ် ကျင်း ၂၀၀ မှ ၃၀၀ အထိ အလေးချိန်ရှိသော ဝက်တစ်ကောင်ကို ဆွဲယူနေရသကဲ့သို့ ခံစားလိုက်ရ၏ ။

​ကံကောင်းထောက်မစွာဖြင့် သူ ခွန်အားတိုးဆေးပြားကို သောက်ထားတာကြောင့် သူ့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်မြင့်မားနေသည် ။ မဟုတ်လျှင် သူမကို ဆွဲခေါ်သွားနိုင်မည် မဟုတ် ။

​ထိုလူက ဝနေခြင်း မဟုတ်ဘဲ ဂွမ်းထည်အင်္ကျီများက ရေစိုသွားလျှင် အလွန်လေးသွားသောကြောင့် ဖြစ်သည် ။

​မိနစ်အနည်းငယ်ကြာပြီးနောက် ယန်ကျီဝမ် ကမ်းစပ်သို့ ရောက်လာခဲ့သည် ။

ထိုအခိုက် ကြင်နာတတ်သည့် လူတစ်ယောက်က ထိုလူကို ကမ်းပေါ်သို့ ဆွဲတင်ရန် ကူညီပေးခဲ့၏ ။

​ကမ်းပေါ်ရောက်ပြီးနောက် ယန်ကျီဝမ်က သူ့ခန္ဓာကိုယ်ကို အမြန်သုတ်လိုက်ပြီး အဝတ်အစားများကို ပြန်ဝတ်လိုက်သည် ။

​အကူအညီတောင်းနေသည့် မိန်းကလေးက သူမ၏ အစ်မ ကယ်ဆယ်ခံရသည်ကို မြင်လျှင် ချက်ချင်း ပြေးလာပြီး အော်ဟစ်လိုက်သည် ။

​" မမ.. မမ အဆင်ပြေရဲ့လား.. ညီမလေးကို စကားပြန်ပြောပါဦး.. "

​သို့သော် ရေထဲပြုတ်ကျသွားသည့် မိန်းကလေး၏ အသားအရေးက ဖြူရော်မဲပြာနေပြီး ခန္ဓာကိုယ်ကလည်း တောင့်တင်းနေလေပြီ ။

​မိန်းကလေးတစ်ယောက်က သူမ၏ လည်ပင်းကို စမ်းကြည့်ပြီး ခေါင်းခါ၍...

​" သူ ရေထဲမှာ ကြာကြာနေလိုက်ရတယ်.. "

​သူမ၏ လက်ချောင်းဖြင့် အသာထိ လိုက်သည်ဖြစ်သော်လည်း ရေခဲတုံးကြီးကို ကိုင်လိုက်မိသလို ခံစားလိုက်ရ၏ ။

​" အဲဒီမှာ ရပ်မနေနဲ့လေ.. မြန်မြန်လုပ်ပြီး ဆေးရုံကို ပို့ကြ.. "

​တစ်ယောက်က အကြံပြုလိုက်သည် ။

​အကူအညီတောင်းနေသည့် မိန်းကလေးက ထိုစကားကို ကြားလျှင် အသက်ကယ်ကွင်းကို ဆုပ်ကိုင်မိလိုက်သလို ရုတ်တရက် သဘောပေါက်သွားသည် ။

​" ဟုတ်တယ်.. မမကို ဆေးရုံပို့ရမယ်.. မမ အဆင်ပြေသွားလိမ့်မယ်.. "

​သို့သော် သူမက အသက် ဆယ့်လေးငါးနှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်ရာ မည်သို့မျှ သယ်မသွားနိုင်ချေ ။

​အကူအညီမဲ့စွာဖြင့် သူမသည် ပတ်ဝန်းကျင်ရှိ လူများထံမှ အကူအညီတောင်းရုံသာ တတ်နိုင်တော့၏ ။

​" ကျေးဇူးပြုပြီး သမီးကို ကူညီကြပါဦးနော်.. "

​စိတ်အားထက်သန်သော လူငယ်အတော်များများက ဤစကားကို ကြားပြီး ကူညီရန် ရှေ့သို့ ထွက်လာခဲ့ကြသည် ။

​" မလှုပ်နဲ့ဦး.. "

​ထိုအခိုက် တစ်ယောက်ယောက်က သူတို့ကို ရပ်တန့်ရန် လှမ်းပြောလိုက်၏ ။

​လူတိုင်း လှည့်ကြည့်လိုက်လျှင် စကားပြောသူက ယန်ကျီဝမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။

​ကယ်တင်ခဲ့သူဖြစ်သဖြင့် လူတိုင်းက မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးစွယ သူ့ကို ကြည့်နေကြ၏ ။

​ယန်ကျီဝမ်က ...

​" ဒီမိန်းကလေး ရေထဲမှာ အချိန်အတော်ကြာသွားတော့ ဗိုက်ထဲမှာ ရေအများကြီး မျိုချထားမိပုံရတယ်.. ကျွန်တော်တို့ အရင်ဆုံး အရေးပေါ်ကုသမှု လုပ်ပေးဖို့ လိုတယ်.. မဟုတ်ရင် ဆေးရုံရောက်တဲ့အထိ သူ ခံနိုင်မှာ မဟုတ်ဘူး.. "

​အကူအညီတောင်းနေသည့် မိန်းကလေးက ထိုသည်ကိုကြားလျှင် သူ့ကို အသနားခံလိုက်သည် ။

​" အစ်ကိုကြီး.. သမီးရဲ့ မမကို ကယ်ပါဦးနော် .. သမီးတို့ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်.. "

​' ဟူး.. '

​ယန်ကျီဝမ် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး..

​' မေ့လိုက်ပါတော့..စမိမှတော့ ဆုံးအောင်ပဲ လုပ်တော့မယ် ...'

​ရေထဲပြုတ်ကျသွားသည့် မိန်းကလေးအနားသို့ သူသွားလိုက်ပြီး သူမ၏ ညီမဖြစ်သူကို မေးလိုက်သည် ။

​" အရေးပေါ်အသက်ရှူနည်းကို သိလား.. "

​မိန်းကလေးက မျက်ရည်ဝဲကာ ခေါင်းခါပြ၏ ။

​ထို့နောက် ယန်ကျီဝမ်က ပတ်ဝန်းကျင်ရှိ မိန်းကလေးများကို ကြည့်လိုက်သည် ။ ရေထဲပြုတ်ကျသွားသူက အမျိုးသမီးဖြစ်နေ၍ အမျိုးသားတစ်ယောက်အနေဖြင့် အနည်းငယ် မသင့်တော်ပေ ။

​ဤသည်ကို မြင်တော့ မိန်းကလေးတွေအားလုံး ခေါင်းခါပြကြသည် ။

​မိန်းကလေးတစ်ယောက်က ပြောလိုက်၏ ။

​" ဒီအရေးပေါ်ကုသမှု နည်းလမ်းကို ကြားတော့ ကြားဖူးပါတယ်.. ဒါပေမယ့် ဘယ်လိုလုပ်ရမှန်း မသိဘူး.. "

​ယန်ကျီဝမ် ခေါင်းခါလိုက်သည် ။

'မေ့လိုက်ပါတော့...ငါကိုယ်တိုင်ပဲ လုပ်လိုက်တာ အကောင်းဆုံးပဲ..'

​ဤအတွေးဖြင့် ယန်ကျီဝမ်သည် ကိုယ်ကို ကိုင်းညွတ်လိုက်၏ ။

​အနီးနားမှ မိန်းကလေးများသည် ယန်ကျီဝမ်၏ လုပ်ရပ်ကို မြင်ပြီး ရှက်ရွံ့စွာဖြင့် လက်ကိုအသုံးပြု၍ မျက်လုံးများကို ကာထားလိုက်ကြသော်လည်း လက်ချောင်းကြား ကွက်လပ်များမှ ချောင်းကြည့်နေကြ၏ ။

​တစ်ဖက်တွင်မူ လူငယ်များမှာ ဤအရေးပေါ်ကုသမှု နည်းလမ်းကို အဘယ်ကြောင့် မသိခဲ့ကြပါသနည်းဟု နောင်တရနေကြသည် ။

​ရေထဲပြုတ်ကျသွားသည့် မိန်းကလေးက အရမ်းကို လှပလွန်းနေသည် မဟုတ်ပါလော။

​အခြေအနေက အရေးတကြီး ဖြစ်နေသောကြောင့် သတိလစ်နေသည့်မိန်းကလေး၏ ညီမကလည်း ဘာမှ မပြောရဲပေ ။

​သူမသည် ယန်ကျီဝမ်က သူမအစ်မ၏ ပါးစပ်ကို နမ်းပြီး ရင်ဘတ်ကို ဖိချနေသည်ကိုသာ ကြည့်နေရ၏ ။ ဤလူသာ သူမ အစ်မကို ကယ်ရန် ရေထဲမဆင်းခဲ့ဘူးဆိုလျှင် သူမအစ်မကို အခွင့်ကောင်းယူနေသည်ဟု သူမ ထင်မိမည်မှာ သေချာသည် ။

​မိနစ်အနည်းငယ်ခန့် ပြုစုပေးပြီးနောက် ..

​" ဝေါ့.. "

​ရေထဲပြုတ်ကျသွားသည့် မိန်းကလေးက ရေအများကြီး အန်ထုတ်လိုက်ရာ ယန်ကျီဝမ်လည်း စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည် ။

​ကံကောင်းထောက်မစွာဖြင့် သူသည် ဤအရေးပေါ်ကုသမှု နည်းလမ်းသိထား၏ ။ အရင်ဘဝက သင်ယူခဲ့ဖူးပြီး ဤလောကသို့ ကူးပြောင်းလာပြီးနောက် အသုံးပြုရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ ။

​ရေမွန်းတာ သက်သာသွားပြီး လူကို ယာယီ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည် ။

​သို့သော် သူ အနားယူ၍ မရသေး ။ ရေထဲ ပြုတ်ကျသွားသည့် မိန်းကလေး၏ ခန္ဓာကိုယ် အပူချိန်က အရမ်းနိမ့်နေဆဲမို့ ဆေးရုံပို့သည်ကသာ ပိုလုံခြုံပေမည် ။

​ထိုအကြောင်းစဥ်းစားရင်း ယန်ကျီဝမ်က ရေထဲကျသွားသည့် မိန်းကလေးကို သူ၏ စစ်အနွေးထည်နှင့် ပတ်ကာ ပွေ့ချီလိုက်ပြီး သူမ၏ ညီမကို ပြောလိုက်သည် ။

​" ဆေးရုံကို အရင် ခေါ်သွားလိုက်မယ်.. နောက်မှ လိုက်ခဲ့တော့.. "

​ထို့နောက် ယန်ကျီဝမ်က သူမကို ပွေ့ချီပြီး ထွက်ပြေးသွား၏ ။

​အမှန်အတိုင်းပြောရလျှင် သူမက အတော်လေး လေးသည် ။ သာမန်လူတစ်ယောက်ဆိုလျှင် သူမကို သယ်ပြေးနိုင်မည် မဟုတ်ချေ ။

​" ဟူး.. ဒီမိန်းကလေးက ကြင်နာတတ်တဲ့သူနဲ့ တွေ့လို့ ကံကောင်းသွားတယ်.. မဟုတ်ရင် သူ သေနေလောက်ပြီ.. "

​" ဟုတ်တယ်.. အဲဒီမိန်းကလေးက တကယ် ကံကောင်းတာ.. "

​တစ်စုံတစ်ယောက်က အကူအညီတောင်းနေသည့် မိန်းကလေး မှင်သက်စွာ ရပ်နေသည်ကို မြင်လျှင် ချက်ချင်း သတိပေးလိုက်သည် ။

​" ကောင်မလေး.. ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ.. ဟိုလူက မင်းကို ဆေးရုံလိုက်ခဲ့ဖို့ ပြောသွားတယ်လေ.. "

​မိန်းကလေးက သတိပြန်ဝင်လာပြီး..

​" သမီး အခုပဲ လိုက်သွားပါ့မယ်.. "

​ထိုသို့ပြောပြီးနောက် သူမက အမီလိုက်ရန် ပြေးထွက်သွား၏ ။

​...

​ဆရာဝန်တစ်ဦး အရေးပေါ်ခန်းထဲမှ ထွက်လာပြီး ယန်ကျီဝမ်က သူ့ဆီသို့ လျှောက်သွားသည် ။

​ဆရာဝန်က...

​" လူနာကို အချိန်မီ ဒီကိုပို့ပြီး အရေးပေါ်ကုသမှုတွေ လုပ်ပေးခဲ့တာ ကောင်းတယ်.. မဟုတ်ရင် သူ့ကို ကယ်တင်ဖို့ အရမ်း ခက်သွားမှာ.. "

​" သူ အဆင်ပြေသွားတာ ကောင်းပါတယ်.. "

​ထိုစကားကိုကြားလျှင် ယန်ကျီဝမ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည် ။

​ဆရာဝန်က အံ့သြတကြီးဖြင့် မေးလိုက်၏ ။

​" လူငယ်လေး.. မင်းက ဆေးကျောင်းသားလား.. "

​" မဟုတ်ပါဘူး.. ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးထားတာပါ.. ဒီနေ့ သုံးရလိမ့်မယ်လို့ တစ်ခါမှ မျှော်လင့်မထားဘူး.. "

​" ဟေ.. ကောင်းပါပြီ.. အဲဒီမိန်းကလေး နိုးလာဖို့ အချိန်အနည်းငယ် လိုလိမ့်ဦးမယ်.. မင်း ပြန်သွားပြီး အဝတ်အစား အရင်လဲလိုက်ဦး.. အအေးမိမှာစိုးလို့.. "

​ဆရာဝန်က ကြင်နာစွာ သတိပေးသည် ။

​" ကျေးဇူးတင်ပါတယ် ဒေါက်တာ.. "

​ယန်ကျီဝမ်က ကျေးဇူးတင်စကားပြောပြီးနောက် ဆရာဝန် ထွက်သွား၏ ။

​မကြာမီပင် မိန်းကလေးကို အရေးပေါ်ခန်းမှ လူနာဆောင်တစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည် ။

​ခဏစောင့်ပြီးနောက် မိန်းကလေး၏ ညီမ ရောက်လာ၏ ။

​ယန်ကျီဝမ်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည် ။

​" အစ်ကိုကြီး.. သမီးရဲ့ မမ ဘယ်လိုနေသေးလဲ.. "

​သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေချေသည် ။

​" သူ အဆင်ပြေသွားပါပြီ.. အထဲမှာ အနားယူနေတယ်.. "

​ယန်ကျီဝမ်က ဆက်ပြော၏ ။

​" မင်း ဒီမှာရှိနေပြီဆိုတော့ ငါ အရင် ပြန်လိုက်တော့မယ်.. သြော်.. ဆေးဖိုးတွေလည်း ငါ ရှင်းပြီးပြီ.. မင်းအစ်မကို သေချာ ဂရုစိုက်လိုက်ပါဦး.. ငါ သွားတော့မယ်.. "

​ထိုစကားနှင့်အတူ ယန်ကျီဝမ်က လှည့်ထွက်သွားသည် ။

​" ကျေးဇူးတင်ပါတယ် အစ်ကိုကြီး.. ဆေးဖိုးတွေ သမီးတို့ ပြန်ဆပ်ပါ့မယ်.. "

​ယန်ကျီဝမ် လက်ကိုဝှေ့ယမ်းပြပြီး ထွက်ခွာသွား၏ ။

​ယန်ကျီဝမ် ထွက်သွားပြီးနောက် မိန်းကလေးက ရုတ်တရက် တုန်လှုပ်သွားပြီး ပြောလိုက်သည် ။

​" အို.. ဒုက္ခပါပဲ..အစ်ကိုကြီးရဲ့ နာမည်ကို မေးဖို့ မေ့သွားပြီ.. "

All Chapters