အခန်း ၁၂၅
Vol. 12 Ch. 125
Chapter 125
~
အခန်း ၁၂၅ : ယွီလီ
~
ဆေးရုံမှ ထွက်လာပြီးနောက် ယန်ကျီဝမ် ခြံဝင်းသို့ ပြန်လာခဲ့သည် ။
ယန်ကျီဝမ် တံခါးဝထဲဝင်လိုက်သည်နှင့် ယန်ဖူကွေ့နှင့် တည့်တည့်တိုး၏ ။ ယန်ဖူကွေ့က ယန်ကျီဝမ် ရေစိုနေသည်ကို မြင်လျှင် စိုးရိမ်တကြီးမေးလိုက်သည် ။
" ဒုတိယသား.. မင်း ဘာဖြစ်လာတာလဲ.. ရေထဲ ပြုတ်ကျတာလား.. မင်း အဆင်ပြေရဲ့လား.. "
" ဘာမှမဖြစ်ပါဘူး.. လူတစ်ယောက် ရေထဲပြုတ်ကျသွားလို့ ကျွန်တော် ဆင်းကယ်လိုက်တာ.. "
ယန်ကျီဝမ်က သူ့အဖေ စိတ်ပူမည်ကို စိုးရိမ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည် ။
" ဪ.. နားလည်ပြီ.. ဒါဆို မြန်မြန်သွားပြီး အဝတ်အစားလဲလိုက်.. အအေးပတ်နေအုံးမယ်.. "
ယန်ဖူကွေ့က အလျင်အမြန် တိုက်တွန်းလိုက်သည် ။
ယန်ကျီဝမ် ခေါင်းညိတ်ပြီး အဝတ်အစားလဲရန် အိမ်ထဲသို့ ဝင်သွားသည် ။
သူ အဝတ်အစားများ လဲနေစဥ် သူ၏ စစ်အနွေးထည်ကို ပြန်ယူရန် မေ့သွားခဲ့သည်ကို ရုတ်တရက် သတိရသွား၏ ။ ရေထဲပြုတ်ကျသွားသော မိန်းကလေးကို နွေးအောင် ထိုအင်္ကျီ ပတ်ပေးထားခဲ့ပြီး ပြန်ထွက်လာတော့ ပြန်ယူဖို့ မေ့ခဲ့သည် ။
ထို့ကြောင့် သူ အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားမိလိုက်၏ ။ ထိုအင်္ကျီက ရဖို့ရန် မလွယ်ပေ ။
အဝတ်အစားလဲပြီးနောက် ယန်ကျီဝမ်သည် မီးဖိုဘေးတွင် အပူသွားလှုံလိုက်သည် ။
ရန်ရွေ့ဟွား အပြင်မှ ပြန်လာပြီး ယန်ကျီဝမ်ကို မြင်မြင်ချင်း ဆူငေါက်လိုက်၏ ။
"ဒုတိယသား.. ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါ လုပ်နေတာလဲ.. ရေနစ်တဲ့သူကို ကယ်ရတာ လွယ်တယ်များ မှတ်နေလား ..မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.. "
မိခင်ဖြစ်သူက သူ့ကို စိတ်ပူနေမှန်း သိသောကြောင့် ယန်ကျီဝမ်က ပြုံးပြီး..
" အဆင်ပြေပါတယ်.. ကျွန်တော် ယုံကြည်မှုရှိလို့ ဆင်းကယ်ခဲ့တာပါ.. ယုံကြည်မှုမရှိရင် စိတ်လိုက်မာန်ပါ မလုပ်ပါဘူး.. "
သူ၏ မိခင်က သူ့ကို မလွှတ်ပေးခင် အချိန်အတော်ကြာအောင် ဆူပူကြိမ်းမောင်းနေခဲ့သေးသည် ။
ယန်ဖူကွေ့က သူ့ကို ရေနွေးတစ်ပန်းကန် ငှဲ့ပေးရင်း..
" ဒါက ကောင်းမှုတစ်ခုဖြစ်ပေမယ့် နောင်မှာ ပိုဂရုစိုက်ဖို့ လိုသေးတယ်.. "
" နားလည်ပါပြီ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ရေနွေးပန်းကန်ကိုယူကာ ဖြည်းဖြည်းချင်း သောက်လိုက်သည် ။
ဗိုက်ထဲရောက်သွားသော ရေနွေးနှင့်အတူ သူ့ခန္ဓာကိုယ်မှာလည်း သိသိသာသာ နွေးထွေးလာခဲ့သည် ။
...
တစ်ဖက်တွင်လည်း ...
နေ့တစ်ဝက်ခန့် ကြာပြီးနောက် ။
ကယ်တင်ခံရသော မိန်းကလေး ဖြည်းဖြည်းချင်း သတိရလာခဲ့သည် ။
မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ မိဘများနှင့် ညီမဖြစ်သူတို့ကို မြင်လိုက်ရ၏ ။
" အဖေ.. အမေ.. သမီး ဘယ်ရောက်နေတာလဲ.. "
သူမက တိုးတိုးလေး ရေရွတ်လိုက်သည် ။
မိဘများ စကားမပြောနိုင်ခင်မှာပင် ညီမငယ်က စိတ်လှုပ်ရှားစွာဖြင့်..
" မမ.. နောက်ဆုံးတော့ နိုးလာပြီ.. သမီးကို သေလောက်အောင် လန့်သွားအောင် လုပ်တာပဲ.. ဘူး..ဟူးဟူးးး.. "
ထိုသို့ပြောရင်း ညီမငယ်ဖြစ်သူက ငိုချလိုက်တော့သည် ။
အမှန်အတိုင်းပြောရလျှင် ဤကိစ္စမှာ သူမ၏အမှား မကင်းပေ ။
ဟောက်ဟိုင်သို့ သွားကစားရန် အတင်းအကျပ် ပူဆာခဲ့သူမှာ သူမဖြစ်ပြီး သူမ၏ အစ်မကို အဖော်လိုက်ခဲ့ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည် ။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ ။
သူမ၏ ညီမငယ်ကို မြင်မှ ကုတင်ပေါ်တွင် လှဲနေသော မိန်းကလေးလည်း အသိစိတ် ပြန်ဝင်လာသည် ။
သူမ ရေထဲ ပြုတ်ကျသွားခဲ့ပြီး သူမ၏ အသိစိတ်များ မှုန်ဝါးနေချိန်တွင် တစ်ယောက်ယောက်က သူမကို ကယ်တင်လိုက်သည်ဟု ခံစားခဲ့ရသည် ။
" ယွီလီ.. သမီး အဆင်ပြေသွားတာ အရမ်းဝမ်းသာပါတယ်.. "
သူမ၏ ဖခင်က စိုးရိမ်မှုများဖြင့် ပြောလိုက်သည် ။
တိုက်ဆိုင်စွာပင် ယန်ကျီဝမ် ကယ်တင်ခဲ့သော မိန်းကလေးမှာ မူရင်းဝတ္ထုထဲက ယန်ကျီချန်း၏ အနာဂတ်ဇနီး ယွီလီ မှလွဲ၍ အခြားသူမဟုတ်ပေ ။ ထို့အပြင် ကလေးမလေးက ယွီလီ၏ ညီမငယ်၊ ဟဲယွီဆွေ၏ အနာဂတ် အထက်တန်းကျောင်းနေဖက် ယွီဟိုက်တန်ပင် ဖြစ်သည် ။
" ဖေဖေနဲ့ မေမေ့ကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်.. "
ယွီလီက အပြစ်ရှိသလို ပြောလိုက်သည် ။
ထို့နောက် သူမ၏ ညီမငယ် ယွီဟိုက်တန်ကို ကြည့်ကာ..
" ဟိုက်တန်.. ဘယ်သူက အစ်မကို ကယ်ခဲ့တာလဲ.. မှတ်မိသေးလား.. "
အမေယွီက...
" ဟုတ်တယ်.. တစ်ယောက်ယောက်က ငါတို့ရဲ့ လီလီကို ကယ်ခဲ့တာ.. သူတို့အိမ်ကိုသွားပြီး ကျေးဇူးတင်ကြောင်း သေချာသွားပြောရမယ်.. "
ယွီဟိုက်တန်သည် ထိုစကားကို ကြားလျှင် တွန့်ဆုတ်သွားပြီး ...
" ဘာဖြစ်တာလဲ ဟိုက်တန်.. "
ယွီလီက သူမကို နားမလည်စွာဖြင့် ကြည့်လိုက်သည် ။
ယွီဟိုက်တန်က ရှက်ရွံ့စွာဖြင့်..
" မမ ..သမီး တောင်းပန်ပါတယ်.. အဲဒီအချိန်တုန်းက အခြေအနေက အရမ်းအရေးပေါ်ဖြစ်နေလို့ အဲ့အစ်ကိုကြီးရဲ့ နာမည်ကို မေးဖို့ မေ့သွားတယ်.. "
" ကောင်မလေး.. ဘယ်လိုလုပ် ဒီလိုတွေ ပေါ့ဆရတာလဲ.. "
အမေယွီက ထိုစကားကို ကြားသောအခါ သူမကို အပြစ်တင်လိုက်သည် ။
အဖေယွီက လက်ဝှေ့ယမ်းလိုက်ပြီး..
" ဘာမှ မဖြစ်ဘူး.. ဟိုက်တန်လည်း ယွီလီအတွက် စိတ်ပူနေခဲ့တာကိုး.. ဒါပေမယ့် သူ့ကျေးဇူးကိုတော့ ငါတို့ ပြန်ဆပ်ရမယ်.. မနက်ဖြန် လမ်းပေါ်ထွက်ပြီး စုံစမ်းကြည့်ရအောင်.. ငါတို့ရဲ့ ကျေးဇူးရှင်ကို ရှာဖို့ သိပ်မခက်လောက်ပါဘူး.. "
မိသားစုက စကားအနည်းငယ် ထပ်ပြောကြသည် ။
" ယွီလီ.. သမီး အရင်ဆုံး ကောင်းကောင်း အနားယူသင့်တယ်.. "
အမေယွီက ယွီလီနှင့် စကားပြောပြီးနောက် ယွီဟိုက်တန်အား..
" ဟိုက်တန်.. နင့် အစ်မကို သေချာဂရုစိုက်နော်.. နောက်မှ အမေ လာကူပေးမယ်.. "
" ဟုတ်ကဲ့ပါ.. "
ထို့နောက် အဖေယွီနှင့် အမေယွီမိတို့က သူတို့၏ ခြောက်နှစ်အရွယ် သားလေးကို ခေါ်ကာ ပြန်သွားကြသည် ။
ယွီလီက သူတို့နှင့် ပြန်လိုက်သွားချင်ခဲ့သော်လည်း ယခုအချိန်တွင် သူမ၌ ခွန်အား လုံးဝမရှိ ။ ထို့ကြောင့် တစ်ည နေရန် ဆုံးဖြတ်လိုက်သည် ။
မိဘများ ထွက်သွားသည်နှင့် ယွီဟိုက်တန်က ရေကာတာပွင့်သွားသည့်အလား စကားများလာတော့သည် ။
" မမ.. မမ မသိဘူးနော်... အဲဒီအချိန်တုန်းက အခြေအနေက အရမ်းအရေးပေါ်ဖြစ်နေလို့ အကူအညီတောင်းဖို့ အကျယ်ကြီး အော်နေခဲ့ရတာ.. ဒါပေမယ့် ဘယ်သူမှ ရေမကူးတတ်ကြဘူး.. ညီမလေး စိတ်ပျက်နေတဲ့ချိန်မှာပဲ အရမ်းချောတဲ့ အစ်ကိုကြီးတစ်ယောက်က ရေထဲ ရုတ်တရက် ခုန်ဆင်းသွားတယ်.. "
ယွီဟိုက်တန်က ယန်ကျီဝမ်၏ ကယ်ဆယ်ရေးလုပ်ရပ်များကို အစ်မဖြစ်သူအား ပြောပြနေသည် ။
ယွီလီ နားထောင်နေရင်း တစ်ခုခု မှားနေသည်ကို သတိထားမိလာ၏ ။ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့်..
" ဟိုက်တန်.. အဲဒီလူက ငါ့ကို နမ်းပြီး ရင်ဘတ်ကို ဖိတယ်လို့ နင်ခုနက ပြောလိုက်တာလား.. "
'ဒါက တစ်ယောက်ယောက်ကို ကယ်တင်နေတာလား.. ဒါမှမဟုတ် အခွင့်ကောင်းယူနေတာလား..'
" အင်း ဟုတ်တယ်.. "
ယွီဟိုက်တန်က နားမလည်သော်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
" အစ်မတစ်ယောက်က ဒါကို အရေးပေါ်ကုသမှုလို့ ခေါ်တယ်လို့ ပြောတာကို ကြားလိုက်တယ်.. အဲဒီတုန်းက ညီးမလေး အရမ်းစိတ်လှုပ်ရှားနေလို့ မေ့သွားတာ.. "
" ဟူးးး..."
ယွီလီ သက်ပြင်းချလိုက်သည် ။
'သူ ငါ့ကို တကယ်ကယ်နေခဲ့တာပဲ.. ဒါဆိုရင်တော့ ငါ သူ့ကို အပြစ်မတင်ပါဘူးလေ..'
သို့သော်လည်း သူမက..
" ဟိုက်တန်.. ဒီအကြောင်း အဖေနဲ့ အမေကို မပြောနဲ့.. တခြား ဘယ်သူ့ကိုမှလည်း မပြောနဲ့နော်.. "
" နားလည်ပါတယ်.. ဂုဏ်သတင်းကြောင့်မလား.. "
ယွီဟိုက်တန်က ခေါင်းညိတ်ကာ အခက်တွေ့နေဟန်ဖြင့်..
" အဲဒီတုန်းက လူအများကြီး မြင်သွားကြတော့ မပြောဘဲနေလို့ရမလား မသိဘူး.. "
ယွီလီလည်း ထိုစကားကို ကြားလျှင် စိုးရိမ်သွားသည် ။
'ဒီကိစ္စကို လျှို့ဝှက်ထားလို့ မရလောက်ဘူး ထင်တယ်.. ဒါပေမယ့် သူတို့က ငါ့ကို သိကြမှာမဟုတ်ပါဘူးလေ.. ဒါကြောင့် အဆင်ပြေလောက်မှာပါ..'
ယွီလီက သူမကိုယ်သူမ နှစ်သိမ့်လိုက်သည် ။
သို့သော် ယွီဟိုက်တန်က နောက်ပြောင်ကာ..
" မမ.. တကယ်လို့ သတင်းပြန့်သွားရင်တောင် ဘာဖြစ်လဲ.. အဲဒီအစ်ကိုကြီးက မမနဲ့ ရွယ်တူလောက်ပဲ.. သူက အရပ်လည်းရှည်တယ်.. ချောလည်းချောတယ်.. ပြီးတော့ အရမ်းလည်း သဘောကောင်းပုံရတယ်.. မမရဲ့ ယောက်ျားဖြစ်ခွင့်ပေးလိုက်ရင် မကောင်းဘူးလား.. ဟီးဟီးးး.. "
" အရိုက်ခံချင်နေပြီလား.. "
ယွီလီ၏ လှပသော မျက်နှာလေး နီရဲသွားပြီး ရိုက်ရန် လှမ်းလိုက်ရာ ယွီဟိုက်တန်က အမြန် ထွက်ပြေးသွားသည် ။
" အဲဒါ အမှန်ပဲလေ.. "
ယွီဟိုက်တန်က ...
" စာအုပ်တွေထဲမှာ အသက်ကယ်ပေးတဲ့ ကျေးဇူးကို အဲဒီလူနဲ့ လက်ထပ်ပြီး ပြန်ဆပ်သင့်တယ်လို့ ရေးထားတာပဲ.. မမ.. မမရဲ့အသက်ကို အဲဒီအစ်ကိုကြီးက ကယ်တင်ခဲ့တာ.. သူက အစ်မကို ဆေးရုံကို အချိန်မီ မပို့ပေးခဲ့ရင် မမ အသက်ရှင်မှာ မဟုတ်ဘူး.. ပြီးတော့ သူက ဆေးကုသစရိတ်ကိုတောင် ရှင်းပေးသွားသေးတယ်.. သူ့ရဲ့ကြင်နာမှုကို ပြန်ဆပ်သင့်တာ မဟုတ်ဘူးလား.. "
" ဝတ္ထုစာအုပ်တွေ သိပ်မဖတ်ပါနဲ့.. ပိုပြီး လေးလေးနက်နက် တွေးစမ်းပါ.. "
ယွီလီက သူမကို ခပ်ပေါ့ပေါ့ ဆုံးမလိုက်ပြီး ကျေးဇူးဆပ်ရန် လိုအပ်ကြောင်းကိုမူ လက်ခံတွေးတောမိသည် ။ သို့သော် သူ့ကို လက်ထပ်ရမည်လော။
သူမက ဆန္ဒရှိလျှင်ပင် သူက ဆန္ဒရှိမည် မသေချာ ။
'အဲဒါကလွဲလို့.. အဲဒီလူနဲ့ ငါနဲ့.. အဲဒီအချိန်တုန်းက ငါ သတိလစ်နေခဲ့ပေမယ့် အဲဒီလူနဲ့ ရင်းနှီးတဲ့ အထိအတွေ့တွေတော့ ရှိခဲ့တာပဲ.. '
ထိုအကြောင်းကို တွေးမိသည်နှင့် ယွီလီ၏ မျက်နှာက ပို၍ပင် နီရဲလာသည် ။
'ဟိုက်တန် ပြောသလို အဲဒီလူက တကယ်ပဲ ချောလား...တကယ်လို့များ.. တကယ်လို့များ.. '
သူမ ဘာတွေ တွေးနေမှန်း မသိတော့သော်လည်း ယွီလီ၏ လှပသော မျက်နှာလေးက နားရွက်ဖျားအထိ နီရဲနေလေပြီ ။
ရုတ်တရက် ကုတင်ဘေးရှိ စစ်အနွေးထည်ကို သူမ သတိပြုမိသွားပြီး..
" ဟိုက်တန်.. ဒီအင်္ကျီက ဘာလဲ.. "
" အိုး.. အဲဒါ.. အဲ့အစ်ကိုကြီးရဲ့ဟာလေ.. သူ အမြန် ထွက်သွားတော့ မေ့သွားတယ်ထင်ရဲ့.. "
ယွီဟိုက်တန်က ပြန်ဖြေသည် ။
ယွီလီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး..
" ဒါဆို သူ့ဆီ ပြန်ပေးသင့်တယ်.. ဒီအင်္ကျီက စျေးမပေါဘူး.. "
ယွီဟိုက်တန်က လက်ကိုဝှေ့ယမ်းကာ..
" ရပါတယ်.. အဖေက လမ်းမှာ စုံစမ်းကြည့်မယ်လို့ ပြောတယ်.. သူ့ကို ရှာတွေ့မှာပါ.. "
ယွီလီ ခေါင်းညိတ်လိုက်သည် ။
ယွီဟိုက်တန်က ရုတ်တရက် ပြောလိုက်သည် ။
" မမ.. တောင်းပန်ပါတယ်.. မမကို ဟောက်ဟိုင်မှာ ကစားဖို့ ဆွဲခေါ်လာမိတာ ညီမလေးအပြစ်ပါ.. ညီမလေးကြောင့်သာ မဟုတ်ရင် မမလည်း... "
ယွီလီက ပြုံးလိုက်ပြီး...
" ငါအဆင်ပြေပါတယ်.. ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့.. ပြီးတော့ ဒီလို မတော်တဆမှုမျိုးကို ဘယ်သူက ကြိုသိနိုင်မှာလဲ.. "
" ကျေးဇူးတင်ပါတယ် မမ.. "
ယွီဟိုက်တန်က အကြိမ်ကြိမ် ခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြုံးကာ ထပ်စနောက်လိုက်ပြန်သည် ။
" မမ.. ညီမလေးတကယ်ပြောတာ.. အဲဒီအစ်ကိုကြီးကို တကယ် စဥ်းစားကြည့်သင့်တယ်.. သူက အရပ်ရှည်ပြီး ချောရုံတင်မကဘူးနော်... စစ်ဝတ်စုံလည်း ဝတ်နိုင်တယ်ဆိုတော့ သူ့မိသားစုနောက်ခံလည်း ကောင်းရမယ်.. ပြီးတော့ သူက သဘောလည်းကောင်းတယ်.. မီးခွက်ထွန်းရှာရင်တောင် ဒီလောက်ကောင်းတဲ့လူကို တွေ့နိုင်မှာ မဟုတ်ဘူး.. မမ.. ဒီလိုအခွင့်အရေးကောင်းကို လုံးဝ လက်လွတ်မခံသင့်ဘူး.. "
ယွီလီက ရှက်ရွံ့ပြီး ဒေါသထွက်သွားကာ သူမကို ရိုက်ရန် ခြေလှမ်းပြင်လိုက်ပြီး..
" ကဲ ..ဒီကလေးမ.. အခုထိ စကားများနေတုန်းပဲ.. "
" ဟီးဟီး.. နောက်တစ်ခါ မစရဲတော့ပါဘူး.. "