အခန်း ၁၂၆
Vol. 12 Ch. 126
Chapter 126
~
အခန်း ၁၂၆ : ကျေးဇူးတင်ကြောင်း လာပြောကြခြင်း
~
နောက်တစ်နေ့မနက်ခင်းတွင် ...
ခြံဝင်းထဲရှိ အလုပ်သွားရမည့် သူများအားလုံး ထွက်သွားကြလေပြီ ။
နွေရာသီကျောင်းပိတ်ရက် ဖြစ်နေသဖြင့် ယန်ဖူကွေ့ ကျောင်းသွားစရာ မလို ။ ယနေ့တွင် နှင်းများမကျဘဲ နေရောင် အနည်းငယ် မြင်နေရ၍ သူမြတ်နိုးရသော ပန်းအိုးများကို နေပူစာလှုံရန် အိမ်ပြင်သို့ ထုတ်ထားလိုက်သည် ။ အိမ်ထဲတွင်သာ အမြဲထားနေမည်ဆိုလျှင် ပန်းများ သေသွားနိုင်၏။
" ချမ်း..."
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ယန်ဖူကွေ့ လန့်သွားသည် ။
" ဘယ်သူလဲ.. မနက်စောစောစီးစီး ..လူလိုမသိကြဘူး. "
ယန်ဖူကွေ့ ညည်းညူလိုက်သည် ။
ထိုစဉ် လူအတော်များများ ခြံဝင်းပေါက်ဝသို့ ရောက်ရှိလာကြ၏ ။
" လောင်ယန်.. "
တံခါးဝမှ မသေချာသော အသံတစ်သံ ထွက်ပေါ်လာသည် ။
ယန်ဖူကွေ့ လှည့်ကြည့်လိုက်ရာ သူနှင့် ရွယ်တူခန့်ရှိမည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏ ။ ကြည့်ရသည်မှာ သူတို့က လင်မယား ဖြစ်ဟန်တူသည် ။
သူတို့နောက်တွင် မိန်းကလေးနှစ်ယောက်နှင့် ယောကျာ်းလေးတစ်ယောက်လည်း ပါလာသေးသည် ။ မိန်းကလေးတစ်ယောက်မှာ သူ၏ ဒုတိယသားနှင့် ရွယ်တူခန့်ရှိပြီး နောက်တစ်ယောက်မှာ တတိယသားနှင့် ရွယ်တူလောက် ရှိပေမည် ။ အသက်လတ်ပိုင်း လူကြီး၏ လက်ထဲတွင် ကြေးမောင်းတစ်ခု ကိုင်ထားပြီး အသံထွက်လာသည်က ထိုသူဖြစ်ကြောင်း ပြောစရာပင် မလိုတော့ပေ ။
ယန်ဖူကွေ့က ထိုလူကြီးအား သေချာစွာ စိုက်ကြည့်ပြီးနောက် မှတ်မိသွားကာ ပါးစပ်ဟ၍..
" လောင်ယွီ.. ဘယ်လိုလုပ် ရောက်လာတာလဲ.. "
" အိုး.. တိုက်ဆိုင်လိုက်တာဗျာ.. "
အဖေယွီက ခြံဝင်းထဲသို့ ပျော်ရွှင်စွာ ဝင်လာပြီး ရယ်မောကာ..
" လောင်ယန်.. ကျေးဇူးလာတင်တာပါ.. "
" ကျေးဇူးလာတင်တာ.. ဘာကိစ္စလဲ... "
ယန်ဖူကွေ့ အနည်းငယ် ရှုပ်ထွေးသွားသည် ။
အထူးသဖြင့် အမေယွီ၏ လက်ထဲမှ အိတ်ကို မြင်လိုက်ရချိန်တွင် ပို၍ပင် နားမလည်နိုင် ဖြစ်သွား၏ ။ ထိုအိတ်ထဲတွင် ဂျုံမှုန့်တစ်ဝက်ခန့်နှင့် ကြက်ဥအနည်းငယ် ပါလာသည်ကို တွေ့လိုက်ရသောကြောင့်ပင် ။ ယခုလို ခက်ခဲနေချိန်တွင် ဤမျှလောက် ပေးနိုင်ခြင်းမှာ အတော်လေး ရက်ရောသည်ဟု သတ်မှတ်၍ ရနေလေပြီ ။
ထို့ကြောင့် ယန်ဖူကွေ့ ပို၍ပင် ခေါင်းရှုပ်သွားသည် ။
အဖေယွီက ပြုံးလိုက်ပြီး..
" ယန်ကျီဝမ်က ခင်ဗျားရဲ့ သား မလား.. "
" ဟုတ်တယ်.. "
" သူ မနေ့က ဟောက်ဟိုင်ကို သွားတယ် မလား.. "
" အင်း.. ဟုတ်တယ်.. ရေထဲကျသွားတဲ့ လူတစ်ယောက်ကို ကယ်ခဲ့တယ်လို့လည်း သူပြောတယ်.. "
" မှန်တာပေါ့.. "
အဖေယွီက လက်ခုပ်တီးလိုက်ပြီး..
" သူ ကယ်ခဲ့တဲ့သူက ကျုပ်ရဲ့ အကြီးဆုံးသမီး ယွီလီလေ.. သမီး.. ဒီကို လာခဲ့ပါဦး.. "
" မင်္ဂလာပါ ဦးလေး.. "
ယွီလီက ရှေ့သို့ တိုးလာပြီး နှုတ်ဆက်လိုက်သည် ။
" အိုး.. ကောင်းပါပြီ.. "
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး အဖေယွီကို ကြည့်ကာ..
" ဒါဆို ခင်ဗျားတို့ လာကျေးဇူးတင်တာက ကျုပ်ရဲ့ ဒုတိယသားက ခင်ဗျားသမီးကို ကယ်ခဲ့လို့ပေါ့.. "
" ဒါပေါ့ဗျာ.. "
အဖေယွီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး..
" မနေ့က လမ်းမှာ မေးကြည့်တော့ ကလေးနာမည်က ယန်ကျီဝမ်တဲ့.. ဒီနားမှာ နေတယ်လို့လည်း ကြားလိုက်တယ်.. ခင်ဗျားရဲ့သားများ ဖြစ်နေမလားလို့ တွေးနေမိတာ.. အခု ဒီရောက်လာတော့ တကယ်ကို တိုက်ဆိုင်တာပဲဗျာ.. "
သူနှင့် ယန်ဖူကွေ့ ဟောက်ဟိုင်တွင် ဆုံဖူးကြပြီး ငါးမျှားဖော်များ ဖြစ်ကြ၏ ။
" ခင်ဗျားရဲ့ ဒုတိယသားရော ဘယ်မှာလဲ.. ကျုပ် သူ့ကို ကျေးဇူးတင်စကား သေချာပြောရဦးမယ်.. သူ အလုပ်သွားပြီလား.. "
" ဘယ်ကလာ.. သူ အိပ်တုန်းရှိသေးတယ်.. မနိုးသေးဘူး .."
ယန်ဖူကွေ့က ခေါင်းခါလိုက်ပြီး..
" သူ ဒီနှစ်မှ အထက်တန်းကျောင်း ပြီးတာဆိုတော့ အလုပ် မရသေးဘူးလေ.. "
ထိုစကားကို ကြားသောအခါ ယွီဟိုက်တန်က ယွီလီ၏ အင်္ကျီလက်ကို ဆွဲကာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည် ။
' မမ.. အဲဒီလူက အလုပ်တောင် မရှိသေးဘူးတဲ့...'
ဤခေတ်ရှိ မိန်းကလေးများ အားလုံးက အလုပ်အကိုင်ရှိသော ယောကျာ်းများနှင့်သာ လက်ထပ်လိုကြသည် ။ သို့မှသာ သူတို့၏ ဘဝကို ပိုမိုကောင်းမွန်စွာ ရပ်တည်နိုင်မည် ဖြစ်ပြီး ဤခေတ်အခါက အလုပ်အကိုင်များမှာ မျိုးဆက်တစ်ခုမှ နောက်တစ်ခုသို့ လက်ဆင့်ကမ်းပေးနိုင်သော သံပန်းကန် များ ဖြစ်သောကြောင့်ပင် ။ မျက်မမြင်ချိန်းတွေ့ရာ၌လည်း အဓိက မေးခွန်းများမှာ အလုပ်ရှိ မရှိ နှင့် အိမ်ရှိ မရှိ ဆိုသည်ပင် ။ ရုပ်ရည်အသွင်အပြင်မှာ နောက်ဆုံးမှသာ စဉ်းစားရမည့် အရာဖြစ်၏ ။
ယန်ကျီဝမ်၏ အရင်ဘဝနှင့် အတူတူပင် ဖြစ်သည် ။ ထိုခေတ်က လူများမှာ ကား ၊ အိမ် နှင့် ဘဏ်စုငွေများ အကြောင်းကိုသာ မေးမြန်းကြသည် ။ ဤခေတ်၏ အရှိန်အဟုန်က ပို၍ မြန်ဆန်နေခြင်းသာ ကွာခြားပေမည် ။ လိုအပ်သော အချက်အလက်များ ပြည့်စုံသည်နှင့် တစ်ပြိုင်နက် လက်ထပ်စာချုပ်ကို ချက်ချင်း ရရှိနိုင်သည် ။
သူတို့က နှစ်ပေါင်းများစွာ ညီအစ်မများ ဖြစ်ကြရာ ယွီလီက တစ်ချက်ကြည့်လိုက်ရုံဖြင့် ညီမဖြစ်သူ၏ အဓိပ္ပယ်ကို နားလည်သွားပြီး ပြန်လည် စိုက်ကြည့်လိုက်သည် ။ သူတို့ ယနေ့ ဤနေရာသို့ ရောက်နေခြင်းမှာ မျက်မမြင်ချိန်းတွေ့ရန် မဟုတ်ဘဲ ကျေးဇူးတင်ကြောင်း လာရောက်ပြောကြားရန်သာ ဖြစ်သည် ။
" ဒါဆို ပိုတောင် အဆင်ပြေသေးတယ်.. သွားရလာရတဲ့ အချိန်တွေ သက်သာသွားတာပေါ့.. "
အဖေယွီက ပြုံးလိုက်ပြီး..
" လောင်ယန်.. ခင်ဗျားရဲ့ ဒုတိယသား ထွက်လာပြီး ကျုပ်တို့ တွေ့လို့ ရမလား.. "
" ရတာပေါ့.. ခင်ဗျားတို့ အားလုံး အထဲဝင်ကြလေ.. ကျုပ် အဲဒီကောင်လေးကို သွားနှိုးလိုက်ဦးမယ်.. "
ယန်ဖူကွေ့က ယွီမိသားစုကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး ရန်ရွေ့ဟွားအား ဧည့်ခံရန် ပြောထားခဲ့ကာ ယန်ကျီဝမ်၏ အခန်းထဲသို့ ဝင်သွားသည် ။
" ဒုတိယသား.. မင်းကို လူလာရှာနေတယ်.. မြန်မြန်ထတော့.. "
ထိုသို့ပြောရင်း ယန်ဖူကွေ့က ယန်ကျီဝမ် ခြုံထားသော စောင်ကို အတင်း ဆွဲဖယ်လိုက်သည် ။
" ဟာဗျာ.. "
ယန်ကျီဝမ် လန့်နိုးသွားပြီး စောင်ကို ပြန်ဆွဲခြုံကာ မျက်လုံးမှိတ်ထားပြီး မကျေမနပ်ဖြင့်..
" အဖေကလည်း ဘာလုပ်တာလဲ.. ကျွန်တော့ကို ချမ်းသေအောင် လုပ်နေတာလား.. "
" မြန်မြန်ထစမ်းပါ.. မနေ့က မင်းကယ်လာတဲ့သူက ကျေးဇူးတင်ဖို့ လာနေကြပြီ.. "
ယန်ဖူကွေ့က အကူအညီမဲ့စွာ ပြောလိုက်သည် ။
" အဲဒါက ဘာများ အရေးကြီးနေလို့လဲ.. သာမန် ကူညီလိုက်ရုံလေးပဲကို.. "
သူ ထိုသို့ ပြောနေသော်လည်း ယန်ကျီဝမ် အိပ်ရာမှ ထလိုက်ရသည် ။ အဝတ်အစား လဲလှယ်ပြီးနောက် ယန်ဖူကွေ့ နောက်မှ လိုက်ထွက်လာခဲ့သည် ။
ထို့နောက် သူ ယွီမိသားစုကို တွေ့လိုက်ရ၏ ။
သူ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက ယွီလီထံတွင် ခဏတာ ရပ်တန့်သွားသည် ။ အမှန်အတိုင်း ပြောရလျှင် ဤမိန်းကလေးမှာ အတော်လေး ချောမောလှသည် ။ ဖရဲစေ့ပုံစံ မျက်နှာသွယ်သွယ် ၊ ဝင်းပသော အသားအရေနှင့် နူးညံ့သော အသွင်အပြင် ရှိပေသည် ။ သူ မနေ့က ကယ်တင်ခဲ့သော မိန်းကလေးပင် ဖြစ်ရမည် ။
မနေ့က သူမ၏ မျက်နှာမှာ ဖြူရော်နေပြီး ဆံပင်များကလည်း ရှုပ်ပွနေခဲ့သည် ။ အရေးပေါ် အခြေအနေ ဖြစ်နေသောကြောင့် သူ သေချာ အာရုံမစိုက်မိခဲ့ချေ ။
နောက်ထပ် မိန်းကလေး တစ်ယောက်ကလည်း ရုပ်ရည်မဆိုးလှသော်လည်း အနည်းငယ် ငယ်ရွယ်ပုံရကာ တတိယသားဖြစ်သူ ယန်ကျီဖန့်နှင့် ရွယ်တူခန့်သာ ရှိလိမ့်မည် ။
" ဟ.. ပစ္စည်းကောက်တဲ့ ကောင်လေး.. "
အဖေယွီက ရုတ်တရက် အာမေဍိတ်သံဖြင့် ပြောလိုက်သည် ။
လူတိုင်းက သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည် ။ ယန်ကျီဝမ်လည်း အံ့အားသင့်သွား၏ ။
' ပစ္စည်းကောက်တဲ့ ကောင်လေး ဟုတ်လား.. '
' သူ ငါ့ကို ပြောနေတာလား.. '
သို့သော် သူ ဟောင်ဟိုင်တွင် ငါးသွားမျှားတိုင်း ငါးအများကြီး ရသဖြင့် ထိုသို့ခေါ်သည်ကလည်း မမှား ။
ဤလူက သူ့ကို ထိုသို့ ခေါ်နိုင်သည်ဆိုလျှင် သူသည်လည်း ငါးမျှား ဝါသနာပါသူ တစ်ဦး ဖြစ်ပေလိမ့်မည် ။
အဖေယွီအံ့အားသင့်သွားပြီး ယန်ဖူကွေ့အား..
" လောင်ယန်.. ပစ္စည်းကောက်တဲ့ ကောင်လေးက ခင်ဗျားရဲ့ ဒုတိယသားလား.. "
ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့်..
" ဒါ ကျုပ်ရဲ့ ဒုတိယသားပါ.. ဒါပေမယ့် ခင်ဗျားပြောတဲ့ ပစ္စည်းကောက်တဲ့ ကောင်လေး ဆိုတာက ဘာကို ပြောတာလဲ.. "
အဖေယွီက အားကျသည့်လေသံဖြင့် ...
" ဒီကောင်လေးက ဟောက်ဟိုင်မှာ ငါးမျှားရင် အမြဲတမ်း ငါးတွေ အများကြီး ရတတ်လို့လေ.. အဲဒါကြောင့် ပစ္စည်းကောက်တဲ့ ကောင်လေးလို့ ခေါ်ကြတာပေါ့.. ဟောက်ဟိုင်မှာ ငါးမျှားတဲ့ လူတိုင်းက သူ့ကို အဲဒီနာမည်နဲ့ပဲ ခေါ်ကြတာ.. "
" သြော်.. အဲဒီလိုကိုး.. "
ယန်ဖူကွေ့ စဉ်းစားကြည့်လိုက်ရာ ထိုနာမည်ပြောင်က အတော်လေး လိုက်ဖက်နေကြောင်း တွေ့လိုက်ရသည် ။ သူက ယန်ကျီဝမ်ဘက်သို့ လှည့်ကာ..
" ဒုတိယသား.. မနေ့က မင်း ကယ်ခဲ့တဲ့ မိန်းကလေးနာမည်က ယွီလီ တဲ့.. ငါနဲ့ လောင်ယွီကလည်း သိနေတဲ့ မိတ်ဆွေတွေပဲ.. ဒီနေ့ သူတို့က မင်းကို ကျေးဇူးလာတင်ကြတာ.. "
" ဒါက ကျေးဇူးတင် လက်ဆောင်လေးပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါ ရဲဘော်လေး.. "
အမေယွီက စားပွဲပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် ။
ယန်ကျီဝမ်က နှိမ့်ချသော လေသံဖြင့်..
" အားနာစရာကြီး... အဲဒီလို အခြေအနေမျိုးမှာ ဘယ်သူမဆို ကူညီကြမှာပါပဲ.. "
ထိုကားကို ကြားသောအခါ ယွီဟိုက်တန်က ချက်ချင်းပင်..
" အဲဒါ မဟုတ်ဘူးနော်.. မနေ့က သမီးအကူအညီ တောင်းနေတာ အရမ်းကြာနေပြီ.. အစ်ကို တစ်ယောက်တည်းကပဲ ဆင်းကယ်ခဲ့တာ.. "
အဘယ်ကြောင့်ဆိုသော် တခြားသူများက ရေမကူးတတ်သောကြောင့် ပင်တည်း ။ ယန်ကျီဝမ် အစက ထိုသို့ ပြန်ပြောချင်ခဲ့သော်လည်း နောက်ပိုင်းတွင် တွေးကြည့်လိုက်ရာ ရှင်းပြနေရန် မလိုအပ်ကြောင်း နားလည်လိုက်သည် ။
ဤအချိန်တွင် ယွီလီသည် စစ်အနွေးထည်တစ်ထည်ကို လက်ထဲတွင် ကိုင်ထားကာ ယန်ကျီဝမ်ထံသို့ လျှောက်လာခဲ့သည် ။
" ဟို.. ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်.. ဒါက အစ်ကို့ရဲ့ အင်္ကျီပါ.. "
ယန်ကျီဝမ်၏ ချောမောသော မျက်နှာကို ကြည့်ရင်း မနေ့က ကယ်ဆယ်ခဲ့စဉ်က အဖြစ်အပျက်များကို ညီမဖြစ်သူ ပြန်ပြောပြထားသည်ကို သတိရသွားကာ ယွီလီ၏ ပါးပြင်များ ရဲတက်လာသည် ။
" ရပါတယ်.. ကိစ္စမရှိပါဘူး.. "
ယန်ကျီဝမ်က စစ်ဝတ်စုံကို လှမ်းယူလိုက်သည် ။ ဤအင်္ကျီ ပျောက်သွားပြီဟုပင် သူ ထင်ထားခဲ့ခြင်း ဖြစ်သည် ။ မနေ့ညက ထိုအကြောင်းကို ပြန်တွေးမိတိုင်း သူ ရင်ထဲတွင် နှမြော၍ နေလို့မကောင်းပေ ။
" ကျေးဇူးတင်ပါတယ်ရှင်.. "
ထိုသို့ပြောပြီး ယွီလီက ခေါင်းငုံ့ကာ အပြင်သို့ ပြေးထွက်သွား၏ ။ အဖေယွီနှင့် အမေယွီတို့မှာ ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည် ။
ထို့နောက် သူတို့လည်း ယန်ဖူကွေ့အား နှုတ်ဆက်ကာ သူမနောက်သို့ လိုက်သွားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။
ယန်ဖူကွေ့ ရှုပ်ထွေးသွားသည် ။ သူ အကူအညီမဲ့ဟန်ဖြင့် ညည်းတွားလိုက်၏ ။
" အိုး.. ဒီ လောင်ယွီကတော့လေ.. သူ လာလည်တာ ရှားပါတယ်ဆိုမှ.. ငါ သေချာ သိမ်းထားတဲ့ လက်ဖက်ခြောက်လေးနဲ့ ဧည့်ခံမလို့ကို.. "