အခန်း ၁၂၇
Vol. 12 Ch. 127
Chapter 127
~
အခန်း ၁၂၇ : အဖေ သဘောတူတယ်..
~
ယန်ကျီဝမ်က ယန်ဖူကွေ့၏ ညည်းညူနေမှုများကို လျစ်လျူရှု ထားလိုက်၏ ။
သူ နိုးလာစဥ်က အနည်းငယ် မူးဝေနေခဲ့သော်လည်း လူများထွက်သွားပြီးနောက်တွင်မှ သတိပြန်ဝင်လာခဲ့သည် ။
သူ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
" အဘိုးကြီး.. ခုနက မိန်းကလေးနာမည်က ဘယ်လိုခေါ်တာ.. "
ယန်ဖူကွေ့က အနည်းငယ် ရှုပ်ထွေးသွားပြီး...
" ယွီလီလေ.. မင်း သူ့ကို သိလို့လား.. "
' သူ့ကို သိသလား ဟုတ်စ.. '
' သူ့ကို ကောင်းကောင်းကြီး သိတာပေါ့... '
ယန်ကျီဝမ်သာ ဤလောကသို့ ကူးပြောင်းမလာခဲ့လျှင် သူမသည် အနာဂတ်တွင် ယန်ဖူကွေ့၏ ချွေးမ ။ အကြီးဆုံးချွေးမ ဖြစ်လာမည့်သူပင် ။
ယန်ကျီဝမ် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ သူ မတော်တဆ ကယ်လိုက်မိသူက ယွီလီ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထား။ ဤသည်က တိုက်ဆိုင်လွန်းလှ၏ ။
သို့သော် ယွီလီသည် ငယ်စဥ်အခါက အမှန်တကယ်ပင် ချောမောလှပသည်ကိုမူ ဝန်ခံရပေမည် ။
သူမ၏ အသားအရေက လိုရှောင်အဲလောက် မဖြူသော်လည်း ညိုချောလေးဟု ဆိုရမည် ။ ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်ရည်ကတော့ အပြစ်ပြောဖွယ်မရှိ ။ မနေ့က သူလုပ်ခဲ့သည့် လုပ်ရပ်က အလကားမဖြစ်ခဲ့ချေ ။
သူ ခေါင်းခါလိုက်ပြီး...
" မဟုတ်ပါဘူး.. ကျွန်တော် သူ့ကို မသိဘူး.. ဒီအတိုင်း မေးကြည့်တာ.. "
ယန်ဖူကွေ့က ဂရုမစိုက်ဟန်ဖြင့် နောက်ပြောင်လိုက်သည်။
" ဒုတိယသား.. မင်း တကယ့်ကို မဆိုးဘူးပဲ.. မနေ့က မင်း ငါ့အတွက် ချွေးမတစ်ယောက် ရှာပေးမယ်လို့ ပြောတုန်းက တကယ်ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး.. အဘိုးကြီးယွီရဲ့ အကြီးဆုံးသမီးက မဆိုးဘူးနော်.. သူရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း အရမ်းကောင်းသလို ယွီမိသားစုရဲ့ နောက်ခံကလည်း သန့်ရှင်းတယ်.. သူ မင်းနဲ့ တကယ် လိုက်ဖက်တယ်.. "
ယန်ကျီဝမ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ...
" သူက ကျေးဇူးတင်စကား ပြောဖို့ လာတာပါ.. အဘိုးကြီးကလည်း အဝေးကြီး တွေးနေပြန်ပြီ.. "
" ဘာဖြစ်လို့လဲ.. အဘိုးကြီးယွီနဲ့ ငါက အသိမိတ်ဆွေတွေပဲလေ... ပြီးတော့ မင်းကလည်း သူ့ကို ကယ်ခဲ့တာဆိုတော့ ဒီလိုနဲ့ အဝင်အထွက်ရှိရင်းကနေ အဆင်ပြေသွားမှာပေါ့.. "
ထိုသို့ပြောပြီးနောက် ယန်ဖူကွေ့က လှည့်ကာ ဗီရိုထဲတွင် တဖျပ်ဖျပ်နှင့် လှန်လှောရှာဖွေနေသည်။ ယန်ကျီဝမ်က စပ်စုသည့် အမူအရာဖြင့် မေးလိုက်၏။
" အဖေ.. ဘာရှာနေတာလဲ.. "
" မင်း ပြီးခဲ့တဲ့တစ်ခါ ငါ့ကိုပေးထားတဲ့ လက်ဖက်ခြောက်ကို ရှာနေတာလေ.. အဘိုးကြီးယွီဆီ သွားလည်ရင် ယူသွားဖို့အတွက် ရှာနေတာ.. "
ယန်ဖူကွေ့က ရှာဖွေရင်းနှင့် ပြန်ပြောသည်။
ထိုသည်ကို ကြားလျှင် ယန်ကျီဝမ်၏ မျက်နှာက ချက်ချင်း ညှိုးမှောင်သွားတော့၏။
' ဒီအဘိုးကြီးကတော့ တကယ့်ကို အတည်ပေါက် ပြောနေတာပဲ.. '
' သူ တကယ်ပဲ ယွီလီကို ချွေးမတော်ဖို့ စီစဥ်နေတာလား.
.'
' ယွီလီက သင့်တော်ပေမဲ့ တကယ်လို့ ငါယူလိုက်ရင် အစ်ကိုကြီး မိန်းမရတော့မှာ မဟုတ်ဘူး.. '
မှန်ပေသည် ။ ထိုအချက်ကို သူ ဂရုမစိုက်ပေ။ သူ၏ အကြီးဆုံးအစ်ကို ကို အထင်မကြီး ။ ယွီလီသာ ထိုလူ့နောက်သို့ လိုက်သွားမိပါက ဘဝတစ်ခုလုံး မှားယွင်းသွားပေလိမ့်မည်။
...
တခြားတစ်ဖက်တွင်မူ...
ယွီမိသားစုဝင်များက အိမ်ပြန်လမ်းတွင် လမ်းလျှောက်နေကြသည်။ ယွီဟိုက်တန်က ယွီလီ၏ လက်မောင်းကို ချိတ်ကာ စပ်ဖြီးဖြီးဖြင့် မေးလိုက်၏။
" မမ.. ခုနက အစ်ကိုကြီးကို ဘယ်လိုမြင်လဲ.. "
" ညည်းက ဘာကို ဆိုလိုတာလဲ.. ဘာအစ်ကိုကြီးလဲ.. "
ယွီလီက နားမလည်ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။
" ဟမ့်.. "
ယွီဟိုက်တန်က နှာခေါင်းရှုံ့လိုက်ပြီး...
" မမနော်.. မသိချင်ယောင်ဆောင်မနေနဲ့.. ညီမလေး ဘာ ပြောနေလဲဆိုတာ မမအသိဆုံးပဲကို.. "
" ...သူ.. တော်တော်လေးတော့ တော်ပါတယ်.. "
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ယွီလီသည် နောက်ဆုံး၌ ထိုစကားတစ်ခွန်းကို မရဲတရဲပြောလိုက်သည်။
ဘေးနားမှ လျှောက်လာသော အမေယွီက ထိုစကားကို ကြားလိုက်လျှင် မျက်လုံးများ တောက်ပသွားကာ ဝမ်းသာအားရဖြင့်...
" လီလီ.. ညည်း အဲဒီလူငယ်လေးကို သဘောကျသွားတာလား.. "
အဖေယွီကလည်း သူတို့ဘက်သို့ လှည့်ကြည့်လာ၏။
" မဟုတ်ပါဘူးအမေကလည်း.. ဟိုက်တန် လျှောက်ပြောနေတာတွေကို နားမယောင်ပါနဲ့.. "
ယွီလီက ရှက်ရွံ့စွာဖြင့် လက်ခါပြရင်း ငြင်းလိုက်သည်။
" အောင်မယ်.. ရှိတော့လည်း ဘာဖြစ်လဲအေ.. အဲဒီလူငယ်လေးက ရုပ်ရည်ကော စရိုက်ကော ကောင်းမွန်တဲ့သူပဲ.. ငါ့သမီး လီလီနဲ့ ထိုက်တန်ပါတယ်.. "
အမေယွီက ပြုံးစိစိဖြင့် ပြောလိုက်၏။
ယွီလီသည် ယခုနှစ်တွင် အသက် ၁၈ နှစ် ပြည့်ခဲ့ပြီဖြစ်ရာ အိမ်ထောင်ပြုရန် အရွယ်ရောက်နေလေပြီ ။ သူမသည် သမီးဖြစ်သူအတွက် အောင်သွယ်တစ်ဦးကိုပင် အကူအညီတောင်းထားပြီး ဖြစ်သော်လည်း သမီးဖြစ်သူက ချောမောလှပသဖြင့် အခြေအနေကောင်းမွန်သော အိမ်ထောင်ဖက်တစ်ဦးကိုသာ ရှာဖွေပေးချင်သောကြောင့် ယခုထက်ထိ ရွေးချယ်နေဆဲ ဖြစ်သည်။
အမေယွီက စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလိုက်၏။
" ဒါပေမယ့်လည်း အဲဒီလူငယ်လေးက အလုပ်မရှိသေးဘူးလေ.. ပြီးတော့ သူ့မိသားစုမှာလည်း အိမ်အများကြီး ရှိတာမဟုတ်ဘူး.. လီလီသာ သူ့ဆီ ရောက်သွားရင် ဒုက္ခရောက်ရလိမ့်မယ်.. "
" အမေကလည်း.. အခြေအနေဆိုတာ ဒုတိယအချက်ပါ.. အဓိက က မမ သူ့ကို သဘောကျဖို့ပဲလေ.. "
ယွီဟိုင်တန်က ထိုစကားကို ကြားလျှင် ချက်ချင်းပင် ပြန်လည်ငြင်းခုံလိုက်သည်။ သူမသည် အသက်ငယ်သေးသော်လည်း ကိုယ်ပိုင်ထင်မြင်ချက် ပြတ်သားသူတစ်ဦး ဖြစ်သည်။
သူမက စိတ်ကူးယဉ်ဆန်စွာဖြင့်...
" ကိုယ်ချစ်တဲ့သူနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီး တူတူကြိုးစားရတာ ဘယ်လောက်တောင် ရိုမန်တစ်ဆန်လဲ.. "
ယွီလီက ညီမဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ခေါက်လိုက်ပြီး...
" ညည်းကို ပုံပြင်စာအုပ်တွေ လျှော့ဖတ်ပါလို့ ငါပြောထားတယ်မလား.. "
" ကလေးမလေး.. ညည်းက ဘာသိလို့လဲ.. "
အမေယွီက ဆုံးမစကားဆိုလိုက်၏။
" အိမ်ထောင်ဖက်ရှာတယ်ဆိုတာ အခြေအနေကောင်းတဲ့သူကို ရှာရတာဟဲ့.. မဟုတ်ရင် ဒုက္ခတွင်းထဲ ဆင်းရုံပဲ ရှိမယ်.. ညည်းက ငတ်တဲ့ဒဏ်ကို မသိသေးလို့ပါအေ.. "
" သမီးက ဘာလို့မသိရမှာလဲ.. နေ့တိုင်း ပြောင်းဖူးပေါင်းအကြမ်းနဲ့ ချဥ်ဖက်တွေပဲ စားနေရတာကို.. ဗိုက်ပြည့်အောင်တောင် မစားရဘူး.. "
ယွီဟိုင်တန်က ပြန်လည်ချေပသည်။
ဖခင်ယွီက သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။ ဤကလေးမက ယခုပင်လျှင် ညည်းညူနေလေပြီ။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ပြောင်းဖူးပေါင်းအကြမ်းကိုပင် စားနိုင်တော့မည် မဟုတ်ချေ။
ရိက္ခာများ ပြတ်လပ်လာပြီး ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သူရရှိသည့် လစာလေးဖြင့် မိသားစုကို မနည်းရုန်းကန် ကျွေးမွေးနေရ၏ ။ အကယ်၍ ကုန်စျေးနှုန်းများသာ ဆက်လက်မြင့်တက်နေပါက မိသားစုတစ်ခုလုံး ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သူက ယွီလီကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်၏။
" လီလီ.. သမီး ယန်မိသားစုရဲ့ ဒုတိယသားကို တကယ်ပဲ သဘောကျမိလို့လား.. "
" သမီးကတော့ သူ မဆိုးဘူးလို့ ထင်တာပဲ.. အဖေကလည်း အဝေးကြီးတွေ လျှောက်မတွေးပါနဲ့.. "
ယွီလီက ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်သည်။ သူမ၏ညီမ ပြောပြခဲ့သည့် ကယ်တင်ခံရစဥ်က မြင်ကွင်းကို ပြန်လည်တွေးတောမိရုံဖြင့်ပင် သူမ၏မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ ပူထူသွား၏။ ခုနကလည်း သူမသည် ယန်ကျီဝမ်ကို ခိုးကြည့်ခဲ့သေးသည်။ သို့သော် ရှက်စိတ်ကြောင့် အနီးကပ် သေချာတော့ မကြည့်ရဲခဲ့။
" ယန်မိသားစုရဲ့ ဒုတိယသားနဲ့ သမီးကို ငါ သဘောတူတယ်.. "
ဖခင်ယွီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
မည်သို့ပင် ဖြစ်စေကာမူ သူ၏သမီးအရင်းဖြစ်သဖြင့် သူမ၏ စရိုက်ကို သူအသိဆုံးပင်။ သူမ၏ ပါးစပ်မှ မဆိုးပါဘူးဟု ပြောထွက်လာခြင်းက တကယ်တော့ အလွန်ကောင်းမွန်သည့် မှတ်ချက်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ ရှက်နေ၍သာ ထိုသို့ ပြောခြင်းဖြစ်၏။
ယွီလီ ချက်ချင်းပင် ရှုပ်ထွေး သွားသည်။ သူမက မဆိုးပါဘူးဟု ပြောရုံမျှဖြင့် ဖခင်ဖြစ်သူက မည်သို့ကြောင့် ချက်ချင်း သဘောတူလိုက်ရသနည်း။ သူမ ဆိုလိုသည်က ထိုအဓိပ္ပာယ် မဟုတ်ချေ။ သူမအနေဖြင့် ယန်ကျီဝမ်အပေါ် အထင်ကြီးလေးစားမှု ရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း အိမ်ထောင်ဖက်အဖြစ် စဥ်းစားရန်အထိတော့ စောလွန်းသေးသည် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်မူ ယွီဟိုက်တန်က စိတ်လှုပ်ရှားစွာဖြင့်..
" အဖေလည်း သမီးပြောတာကို သဘောတူတယ်မလား.. သမီးသိသားပဲ.. လူနှစ်ယောက် အတူတူရုန်းကန်ပြီး ကြိုးစားရတာက တကယ့်ကို အရိုမန်တစ်ဆန်ဆုံးပဲ.. "
" ဟိုက်တန်.. ညည်း ခဏလောက် ပါးစပ်ပိတ်ထားစမ်း.. "
အမေယွီက ယွီဟိုက်တန်ကို စိုက်ကြည့်ကာ ငေါက်လိုက်ပြီးနောက် အဖေယွီကို ရှုပ်ထွေးဟန်ဖြင့် လှည့်မေးလိုက်သည်။
" အဘိုးကြီး... အဲဒီလူငယ်လေးက အလုပ်လည်းမရှိ..အိမ်လည်းမရှိတာကို.. လီလီ့ကို မီးပုံထဲ တွန်းပို့မလို့လား.. ကျုပ်တော့ ဒါကို လုံးဝ သဘောမတူနိုင်ဘူး.. ကျုပ်သမီး လီလီက ဒီလောက်ချောတာ.. ဒီထက် ပိုကောင်းတဲ့သူကို ရှာလို့ရတာပဲ.. "
" မိန်းမ.. မင်း ဘာသိလို့လဲ.. "
အဖေယွီက...
" ငါက သူ့ကို အရည်အချင်းရှိတဲ့သူလို့ ဘာလို့ သတ်မှတ်ရလဲ နင်တို့ သိကြလား.. "
" သမီးသိတယ်.. "
ယွီဟိုက်တန်က လက်မြှောက်ကာ ဝင်ပြောလိုက်သည်။
" အဖေနဲ့ အဲဒီအဘိုးကြီး ပြောနေတာ သမီးကြားတယ်.. အဲဒီအစ်ကိုကြီးက ငါးမျှားတာ အရမ်းကျွမ်းကျင်လို့မလား.. "
" မှန်တယ်.. "
အဖေယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။
" ဒါဆို သူ တစ်နေ့ကို ငါးဘယ်လောက်ဖမ်းနိုင်လဲ နင်တို့ သိလား.. "
သူတို့ ပြန်ဖြေသည်ကို မစောင့်ဘဲ အဖေယွီက ပြောလိုက်တော့သည်။
" တစ်နေ့ကို ကျင်းတစ်ရာ တိတိပဲ.. ပိုလည်းမပိုဘူး လျော့လည်းမလျော့ဘူး.. နေ့တိုင်းနီးပါး အဲဒီအတိုင်းပဲ ဖမ်းနိုင်တာ.. "
" နင်တို့ စဥ်းစားကြည့်လေ.. ငါးတစ်ကျင်းကို နှစ်မော့နဲ့ ရောင်းရင် ကျင်းတစ်ရာကို ဘယ်လောက်ရမလဲ.. "
" ယွမ်နှစ်ဆယ်လေ.. "
ယွီဟိုက်တန်က အလျင်အမြန်ပင် တွက်ချက်ကာ အံ့အားသင့်စွာဖြင့် ဝင်ပြောလိုက်သည်။
" ဟာ.. အစ်ကိုကြီးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ.. "
အမေယွီနှင့် ယွီလီတို့လည်း ထိုစကားကြောင့် မှင်တက်သွားသည်။ တစ်နေ့ကို ယွမ် ၂၀ ဆိုလျှင် တစ်လကို ယွမ်ခြောက်ရာအထိ ရနိုင်သည် မဟုတ်ပါလော။ ဤသည်က နည်းပါးသည့် ပမာဏ မဟုတ်ချေ။
အဖေယွီက ခေါင်းညိတ်ကာ...
" ဒါက အရင်က စျေးနှုန်းနော်.. အခု ကုန်စျေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ တခြားပစ္စည်းတွေလည်း စျေးတက်ကုန်ပြီ.. လက်ရှိ ငါးဒိုင်တွေရဲ့ အဝယ်စျေးက တစ်ကျင်ကို သုံးမော့အထိ ရှိနိုင်တယ်.. ဒါပေမယ့် လက်ရှိ ရာသီဥတုက ငါးဖမ်းဖို့ သိပ်တော့ အဆင်မပြေလှဘူး.. "
" ဒါကြောင့် ယန်မိသားစုရဲ့ ဒုတိယသားက အလုပ်မရှိဘူးဆိုပေမယ့် ပုံမှန်အလုပ်လုပ်နေတဲ့သူတွေထက် ဝင်ငွေက အများကြီး ပိုများတယ်.. "
အမေယွီက စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင်...
" အဲဒီလိုဆိုရင်တော့ သူနဲ့ လီလီ ကို ကျုပ်လည်း သဘောတူတယ်.. "
ဤမျှ အရည်အချင်းရှိသည့် သားမက်လောင်းကို သူမ မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။ ထို့အပြင် ငွေရှိနေမှတော့ အလုပ်တစ်ခုရရန်ဆိုသည်က မိနစ်ပိုင်းမျှသာ ကြာပေလိမ့်မည်။ အဆိုးဆုံးအခြေအနေမျိုး ရောက်လျှင်ပင် အလုပ်တစ်ခုကို ငွေပေး၍ ဝယ်ယူလိုက်ရုံသာ ဖြစ်သည်။
အသက် ခုနစ်နှစ်သာ ရှိသေးသည့် ယွီလျန်က ရုတ်တရက် ဝင်မေးလိုက်၏။
" ဖေဖေ.. မေမေ.. မမက အဲဒီအစ်ကိုကြီးနဲ့ လက်ထပ်လိုက်ရင် သားတို့အိမ်မှာ ငါးတွေ အများကြီး စားရတော့မှာလားဟင်... "
ထိုသို့ပြောရင်း သူ သွားရည်များကိုပင် မျိုချလိုက်မိသည်။ သူ နောက်ဆုံး အသားစားခဲ့ရသည်မှာ လွန်ခဲ့သော နှစ်လကျော်က ဖြစ်ကြောင်း မှတ်မိနေဆဲပင်။ ငါးသားက ဝက်သားလောက် အရသာမရှိသော်လည်း အသားက အသားပင် ဖြစ်သည် မဟုတ်ပါလော။
" အို.. အဖေတို့ မေမေတို့ကလည်း.. ဆက်ပြောနေကြတော့.. သမီး မပြောတော့ဘူး.. "
ယွီလီသည် မိသားစုဝင်များက သူမကို စနောက်နေကြသည်ကို မြင်လျှင် ရှက်လွန်းလှသဖြင့် ဆက်၍ နားမထောင်ရဲတော့ ။ မျက်နှာကို အုပ်ကာ ရှေ့မှ အပြေးနှင်သွားတော့သည်။
အမေယွီက ရယ်မောလိုက်ပြီး...
" ဒီကလေးမကတော့ ရှက်နေတုန်းပဲ.. အဲဒီလူငယ်လေးက လီလီ့ကို ကယ်တင်ခဲ့တာဆိုတော့ ဒီအကြွေးကို အကြောင်းပြပြီး အဝင်အထွက် လုပ်လို့ရတာပေါ့.. အိမ်ပြန်ရောက်ရင် လီလီ့ကို ကျုပ်သေချာ ဖျောင်းဖျရမယ်..အိုတော် ဒီ လိုသားမက်ကောင်းမျိုးကိုတော့ လက်လွတ်မခံနိုင်ဘူး.. "