အစ်ကိုကြီးသည် သင်ကြားရေးအလုပ်ကို ပြန်လုပ်၍ စိတ်တည်ငြိမ်မှု၏ အကျိုးကျေးဇူးများကို ဖြန့်ဝေပေတော့မည်
Vol. 11 Ch. 150
ခါးကုန်းတာအိုရသေ့ကြီး ထွက်သွားသောအခါ သူ၏ မျက်နှာထားသည် လွန်စွာရှုပ်ထွေး၍ သုန်မှုန်နေသည်။
သူသည် အနောက်ကျောင်းတော်မှ အစွမ်းကြီးသော ပညာရှင်တစ်ဦးဖြစ်သော်လည်း ရှုံးနိမ့်ခဲ့ပြီး မချင့်မရဲဖြစ်ခဲ့ရ၏။
ကျောက်ကုန်းမင်မှာမူ စိတ်ပျော်နေ၏။
သူသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့သော်လည်း ထိုသူသည် မည်သို့မှ ပြန်မပြောနိုင်ပေ။ နောက်ဆုံးတွင် ထိုသူကပင် သူ့ကို တောင်းပန်ခဲ့ရသေး၏။
ထိုခံစားချက်သည် အမှန်ပင် သူ့အတွက် မကြုံစဖူးဖြစ်ပြီး ဆန်းသစ်လေသည်။
ကျောက်ကုန်းမင်သည် မြေကြီးပေါ်သို့ လွှင့်ပစ်ထားသော အဝတ်စကိုကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ချောင်းလေးများကို မသိမသာ ကွေး၍ ကျိန်စာများရေးထားသော အဝတ်စကို လှမ်း၍ဆွဲယူလိုက်ပြီး သူ၏အင်္ကျီလက်အတွင်းသို့ ထည့်လိုက်လေ၏။
‘ ပစ္စည်းကောင်းလေးပဲ... ’
ထိုအသေးအဖွဲကိစ္စကို ပြီးဆုံးအောင်လုပ်ပြီးသောအခါ ကျောက်ကုန်းမင်က ပြောလိုက်၏။
“ မိတ်ဆွေ တာအိုရသေ့... အဲ့ခါးကုန်း ထွက်သွားပါပြီ။ ထွက်လာခဲ့လို့ရပါပြီ ”
လီချန်ရှို့သည် ထွက်ခဲ့မည်ဖြစ်ကြောင်း အသံပို့လွှတ်၍ ပြောလိုက်သည်။ သို့သော် ခေတ္တကြာပြီးနောက် ကြင်နာတတ်သော မျက်နှာထားရှိသည့် ဆံပင်ဖြူများရှိနေသော တာအိုရသေ့အိုကြီးသည် မြေကြီးအတွင်းမှ ထွက်လာလေသည်။ မကြာခင်က ထိုစက္ကူကိုယ်ပွားသည် မြေအောက်တွင် အတန်ငယ် နက်နက်ရှိုင်းရှိုင်းနေရာ၌ နေ,နေခဲ့သဖြင့် မြေပေါ်သို့ရောက်ရန် ခေတ္တမျှ အချိန်ယူရခြင်းပင်။
တာအိုရသေ့အိုကြီးသည် သူ၏လက်ကိုမြှောက်၍ နတ်တန်ခိုး အကာအရံအလွှာတစ်ခုကို ဖန်ဆင်းလိုက်၏။ သူသည် ကျောက်ကုန်းမင်ကို ဦးညွှတ်၍ ပြောလိုက်သည်။
“ ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကျောက်... ”
“ ဟားဟားဟား... ”
ကျောက်ကုန်းမင် ရုတ်တရက် ရယ်မောလိုက်၏။
“ ကျုပ်က တိုက်ခဲ့တာလား။ ခင်ဗျားကို ကျုပ်ကိုတိုက်ဖို့ လမ်းညွှန်ခဲ့တာလား။ ဒီနေ့ ပြဿနာကနေ ကျုပ်ကိုလွတ်အောင်လုပ်ပေးလို့ ကျုပ်ကတောင် ခင်ဗျားကို ကျေးဇူးတင်ရဦးမယ် ”
“ ဆရာကျောက်... ဘာတွေပြောနေ... ”
“ ကျုပ်ကို ဆရာကျောက်ဆိုပြီး မခေါ်ပါနဲ့... ကျုပ် ကျောက်ကုန်းမင်က မိတ်ဆွေဖွဲ့ရတာကို သဘောကျတယ်။ ခင်ဗျားနဲ့ကျုပ်နဲ့ တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေတာအိုရသေ့လို့ပဲ ခေါ်ကြတာပေါ့ ”
လီချန်ရှို့ ဆွံ့အသွား၏။
‘ ဒါပေမဲ့ ကျွန်တော်က ဆရာကျောက်ရဲ့ မိတ်ဆွေဖြစ်ချင်တာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဇာတ်လမ်းထဲ ဆရာကျောက်ကို ဝင်မလာစေချင်ဘူး။ ကျွန်တော်က ဆရာကျောက်ကို သစ္စာမစောင့်သိချင်ဘူး ’
သို့သော် ထိုစကားများကို ထုတ်ပြော၍ မရပေ။
လီချန်ရှို့သည် ထိုစကားများကို ထုတ်ပြော၍ မရသည့်အပြင် စက္ကူကိုယ်ပွားကိုလည်း လှိုက်လှိုက်လှဲလှဲ ပြုံးခိုင်းလိုက်ရ၏။ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ကျောက်ကုန်းမင်ကို ပြောလိုက်၏။
“ အဲဒီလိုဆို ကျွန်တော်မငြင်းတော့ပါဘူး။ ကျွန်တော် ဆရာကျောက်ကို မိတ်ဆွေတာအိုရသေ့လို့ပဲ ခေါ်ပါတော့မယ် ”
“ ဟားဟားဟား ”
ကျောက်ကုန်းမင် ထပ်၍ ရယ်မောလိုက်၏။
“ ပင်လယ်စောင့်နတ်မင်း ခင်ဗျားက စိတ်ဝင်စားစရာကောင်းတဲ့ သူပဲ။ ဒါနဲ့ ခင်ဗျားရဲ့ တာအိုနာမည်က ဘာလဲ ”
ကျောက်ကုန်းမင်သည် ထိုသို့ပြောပြီးနောက် စက္ကူကိုယ်ပွားကို ဦးညွှတ်၍ သူ့ကိုယ်သူ တရားဝင်မိတ်ဆက်လိုက်၏။
“ ကျုပ်က ကျဲကျောင်းတော်က ချီကျင့်ကြံသူ ကျောက်ကုန်းမင်ပါ ”
“ ကျွန်တော်က... ”
လီချန်ရှို့ အတွေးများသွား၏။
သူသည် သူ့ကိုယ်သူ ‘ သခင်လေးရွှမ်းဒူ ’ဟု ခေါ်၍မရသေးပေ။
အရှင်ရွှမ်းဒူကို အခြားသူများသည် ထိုကဲ့သို့ နှစ်ပေါင်းများစွာ ခေါ်ခဲ့သဖြင့် အရှင်ရွှမ်းဒူသည် သူ့ကိုယ်သူ ထိုအမည်သုံး၍ ခေါ်ခဲ့ခြင်းပင်။ ထို့ကြောင့် လီချန်ရှို့အနေဖြင့် ထိုအမည်ကိုသုံးရန် အကျိုးအကြောင်းမဆီလျော်ပေ။
ထိုအမည်ကိုသုံးရန် သူရှက်ခြင်း၊ မရှက်ခြင်းနှင့် မဆိုင်ပေ။
“ ကျွန်တော်က ကိုယ့်ကိုယ်ကို တာအိုရသေ့ချန်ကမ်းလို့ခေါ်ပါတယ် ”
“ အိုး...ချန်ကမ်းဟုတ်လား... အဲဒါက နာမည်ကောင်းပဲ ”
ကျောက်ကုန်းမင်သည် မသိမသာ နိမိတ်ဖတ်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မသိနိုင်ခဲ့ပေ။ သို့သော် သူသည် ထိုက်ကျိပန်းချီကား၏ တာအိုသင်္ကေတများကို တွေ့ရှိခဲ့သဖြင့် ပင်လယ်စောင့်နတ်မင်းသည် ရန်ကျောင်းတော်မှ ဖြစ်ရမည်ဟု အတည်ပြုလိုက်၏။
“ မိတ်ဆွေတာအိုရသေ့ချန်ကမ်း ... ခင်ဗျား ခုနတုန်းက ပြောခဲ့တဲ့ ပရိယာယ်က တော်တော်လေး အံ့အားသင့်စရာကောင်းတာပဲ။ အခု ကျုပ်အဲဒါကို တွေးကြည့်မှ အဲဒါက တော်တော်လေးပြောင်မြောက်တာပဲ ”
ကျောက်ကုန်းမင် ခေတ္တမျှတွေးတောလိုက်၏။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
“ ကျုပ် နောက်ကျရင် ဒီပရိယာယ်ကို သုံးလို့ရလား ”
လီချန်ရှို့တစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ အနာဂတ်မှာ စီးပွားရေးနတ်မင်းဖြစ်လာမယ့် ဒီလူက ဆက်ပြီး တခြားသူတွေဆီက အမြတ်ထုတ်နေဦးမှာလား ’
“ မိတ်ဆွေသာ ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် နောက်ကျ ဒီပရိယာယ်ကို မိတ်ဆွေ သုံးတာ၊ မသုံးတာက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ဒီပရိယာယ်ကလည်း အရေးပေါ်အခြေအနေအတွက် ထုတ်သုံးခဲ့ရတာမလား... ”
“ မိတ်ဆွေ... ဒီပရိယာယ်ကို သုံးမယ်ဆိုရင်တော့ သေချာစဉ်းစားဖို့တော့ လိုမယ်နော်။ အဲဒါကို သုံးရင် မိတ်ဆွေရဲ့ ဂုဏ်သိက္ခာကို အလွယ်တကူထိခိုက်စေလိမ့်မယ် ”
“ ဟားဟားဟား... ”
ကျောက်ကုန်းမင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
သူသည် ခေါက်ယပ်တောင်လေးကိုထုတ်လိုက်ပြီး အဖြူရောင်ပုလဲလုံးတစ်လုံးကိုလည်း ထပ်ထုတ်လိုက်၏။ ထို့နောက် ပြုံး၍ ပြောလိုက်၏။
“ ဒီရတနာက ခင်ဗျားရဲ့ ကိုယ်ပွားသေသွားတုန်းက ပြုတ်ကျသွားတာပဲ။ ဒီပုလဲလုံးက ကျုပ် ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ။ မိတ်ဆွေတာအိုရသေ့ ... ကျုပ်ကိုသာ မိတ်ဆွေလို့သဘောထားတယ်ဆိုရင် ဒီလက်ဆောင်တွေကို လက်ခံလိုကပ်ပါ။ မငြင်းပါနဲ့... ”
“ ဒါက... ကျေးဇူးတင်ပါတယ် မိတ်ဆွေတာအိုရသေ့... ”
စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးသည် ခေါက်ယပ်တောင်ကို ထက်၍ ယူလိုက်ရ၏။ သို့သော် ပုလဲလုံးကို ယူလိုက်သောအခါတွင် လီချန်ရှို့ ရင်ခုန်သွား၏။
‘ ဟွင်းသွမ်းဝိညာဉ်ပုလဲလုံး... ’
ထိုပုလဲလုံးသည် ဟွင်းသွမ်းပင်လယ်တွင်သာ တွေ့ရသော ရတနာတစ်ခုဖြစ်သည်။ ၎င်းကိုအသုံးပြု၍ အမြုတေနတ်ရတနာတစ်ခု ပြုလုပ်နိုင်၏။ ထို့ပြင် ၎င်းကို မူလအနှစ်သာရပုလဲအဖြစ်လည်း ပြုလုပ်၍ရ၏။ ၎င်းကို ချောင်းမြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနိုင်ပြီး ဝိညာဉ်အခြေခံနှင့် အဓိကနေရာများကို ဖျက်ဆီးပစ်နိုင်လေသည်။
‘ ဆရာကျောက်က နာမည်ကျော်တဲ့အတိုင်းလည်း ရက်ရောတယ်လို့ပဲ ငါပြောနိုင်တော့တယ်။ သူက အမြုတေနတ်ရတနာတစ်ခုကို ဘာမှမဟုတ်သလို ပေးပစ်နေတာပဲ ’
‘ တကယ်လို့ ငါသာ ကျဲကျောင်းတော်ရဲ့ အတွင်းစည်းဂိုဏ်းတပည့် တာအိုရသေ့သိုပေါင်နဲ့ ကြုံခဲ့ရရင်... သူက ပိုပြီးများပေး... ’
‘ အာ... သူနဲ့ မကြုံတာအကောင်းဆုံးပါပဲ ”
“ မိတ်ဆွေတာအိုရသေ့... ”
စက္ကူကိုယ်ပွားတာအိုရသေ့အိုကြီးက အလေးအနက်ပြောလိုက်သည်။
“ ကျုပ် ခုနတုန်းက ပြောခဲ့တဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေ အမွှေးတိုင်ပူဇော်မှုကနေ ကုသိုလ်အများကြီးရနေရတဲ့ လျှို့ဝှက်ချက်က တကယ့်လျှို့ဝှက်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ အမှန်တော့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေ များပြားလာတဲ့ ကိစ္စမှာ တခြားအရေးကြီးတဲ့ ပစ္စည်းတစ်ခု ရှိပါသေးတယ် ”
“ အိုး... ”
ကျောက်ကုန်းမင်သည် လက်နောက်ပစ်၍ ပြုံးကာ ပြောလိုက်သည်။
“ မိတ်ဆွေတာအိုရသေ့... ခင်ဗျားက တကယ်ပဲ တစ်ခုခုကို ဖုံးကွယ်ထားတာကိုး... ”
စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးက အလျင်စလို ပြောလိုက်၏။
“ ကျွန်တော်က ခုနတုန်းက မိတ်ဆွေနဲ့ မရင်းနှီးသေးလို့ပါ။ အဲ့တော့ ကျွန်တော်လည်း အကုန်မပြောလိုက်ရဲဘူးလေ... ”
“ မှန်တာပေါ့... ”
ကျောက်ကုန်းမင် လက်ဝှေ့ယမ်း၍ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“ အခုတော့ ကျုပ်တို့က အအခက်အခဲတွေကို အတူရင်ဆိုင်ပြီးခဲ့ပြီပဲ။ ကျုပ်တို့ ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာပြီ ”
လီချန်ရှို့ ဆွံ့အသွား၏။
ထိုအရာသည် အဆိပ်မညီမလေးသုံးခဲ့သော နည်းလမ်းအတိုင်းပင်ဖြစ်သည်။
သို့သော် အဆိပ်မညီမလေးသည် အဓိပ္ပာယ်မရှိသော အတွေးများကို တွေးတတ်၏။ ကျောက်ကုန်းမင်မှာမူ ကျင့်ကြံခြင်းအဆင့်မြင်သူတစ်ဦးဖြစ်သည့်အပြင် ရတနာများလည်းရှိသဖြင့် ထိုစကားကို ပုံမှန်အတိုင်းပင် ပြောခဲ့၏။
‘ ထားလိုက်ပါတော့... ငါ ဘာမှပြောလို့လည်း ရတာမှမဟုတ်တာ။ ပြီးတော့ သူငါ့ကို ဘုံကျောင်းထဲဆွဲခေါ်သွားပြီး မဟာမိတ်ဖွဲ့ဖို့ ပြောနေမှ ပိုဆိုးနေမယ်... ’
ထိုအခိုက်တွင် တာအိုရသေ့အိုကြီးသည် ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို ရေးသားထားသော အဖုံးထူနှင့် စာအုပ်ကို ထုတ်လိုက်၏။ သူသည် ထိုစာအုပ်ကို ယခင်က ကျောက်စိမ်းဧကရာဇ်ကို ပေးခဲ့ဖူး၏။ ယခုတွင် ကျောက်ကုန်းမင်ကို ပေးရပေတော့မည်။
ထိုစာအုပ်ထဲတွင်ပါသော ဩဝါဒများမှာ သေမျိုးများကို ကောင်းမှုများလုပ်ရန် တိုက်တွန်းထားမှုများနှင့် ကိုးကွယ်သူများ အေးချမ်းသာယာသော ဘဝကိုနေနိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းများသာဖြစ်သည်။
အကယ်၍ ကျဲကျောင်းတော်မှ သူများသည် ထိုစာအုပ်ပါ အကြောင်းအရာများကို ကိုးကားအသုံးချ၍ အမွှေးတိုင်ပူဇော်မှုများ ရခဲ့ပါက လီချန်ရှို့သည်လည်း ကုသိုလ်အချို့ရမည်ဖြစ်သည်။
ထိုအရာသည် ကောင်းသောအရာပင်။ ထို့ပြင် အများအားဖြင့် အမွှေးတိုင်ပူဇော်သောကိစ္စများသည် စကြဝဠာတိုက်တစ်သောင်းလုံးတွင် လုပ်ဆောင်ကြလေသည်။
ကျောက်ကုန်းမင်သည် စာအုပ်ကိုကိုင်၍ အတန်ကြာ ဂရုတစိုက်ဖတ်ရှုလိုက်၏။ မကြာမီ သူသဘောပေါက်သွားပြီး သက်ပြင်းချလိုက်လေသည်။
“ အမှန်ပဲ... တာအိုဂိုဏ်းတွေက လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ ဒီကိစ္စက ကျုပ်တို့ မျိုးဆက်က ချီကျင့်ကြံသူတွေ လျစ်လျူရှုထားလေ့ရှိတဲ့ ကိစ္စပဲ။ အခုလို လမ်းညွှန်ပြသတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေတာအိုရသေ့ခင်ဗျာ... နောက်ဆုံးတော့ ဒီနေ့မှာ ကျွန်တော်နားလည်သွားပါပြီ။ ဒီအမွှေးတိုင်ပူဇော်မှုကရတဲ့ ကုသိုလ်က အရေးပါတာမဟုတ်ဘူး... ကျုပ် ပြန်ရောက်ရင် သူတို့ကို အေးအေးချမ်းချမ်းပဲ ကျင့်ကြံဖို့ ပြောလိုက်ပါမယ် ”
လီချန်ရှို့ပင် စိတ်လှုပ်ရှားသွားရ၏။
သူထင်သလိုပင် ကျောက်ကုန်းမင်တစ်ယောက် မည်သည့်အရာကို တွေးနေကြောင်း သူမသိနိုင်ပေ။
ကျောက်ကုန်းမင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းမှ ထွက်ခွာသွားသောအခါ သူသည် စိတ်ဓာတ်တက်ကြွနေပြီး ပျော်ရွှင်နေသော မျက်နှာထားရှိလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ “ ပျက်ပြား ”နေသော ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်နေ၏။
လီချန်ရှို့ ဂရုတစိုက် တွက်ချက်လိုက်ပြီး မည်သည့်အရာများဆက်၍ ဖြစ်လာနိုင်သည်ကို နိမိတ်ဖတ်လိုက်သည်။
ခါးကုန်းတာအိုရသေ့အိုကြီးသည် တာအိုကျိန်စာဆိုထားသဖြင့် မည်သည့်ကိစ္စကိုမှ ထုတ်ပြောနိုင်မည်မဟုတ်ပေ။ သူသည် ကျောက်ကုန်းမင်နှင့် နဂါးမျိုးနွယ်ကိုအသုံးချ၍ ပြဿနာကို ဖြေရှင်းခဲ့ရ၏။
ကြိုမမြင်နိုင်သော ရုတ်တရက်ထွက်ပေါ်လာသည့် အန္တရာယ်များကို ရှောင်လွှဲ၍ မရပေ။ ထို့ကြောင့် သူသည် သူ၏ စက္ကူကိုယ်ပွားများကို အချိန်မရွေး ဖောက်ခွဲပစ်နိုင်ရန် ပြင်ဆင်ထားခဲ့ခြင်းပင်။
ဤအကြိမ်တွင် ကျောက်ကုန်းမင်၏ ပြင်းထန်သော ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဖြစ်နိုင်ချေ အမျိုးမျိုး တိုးပွားလာ၏။
ရှေးဦးစွာ အနောက်ကျောင်းတော်သည် နဂါးမျိုးနွယ်နှင့် ကျဲကျောင်းတော်အကြားတွင် ကိစ္စတစ်ခုခုရှိနေရမည်ဟု ထင်သွားနိုင်ချေများ၏။ အကယ်၍ သူတို့သာ ဂရုတစိုက်စစ်ဆေးခဲ့ပါက အောင်းရိသည် ရွှေနတ်လိပ်ကျွန်းတွင် ကျင့်ကြံနေသည်ကို သိရှိသွားမည်ဖြစ်သည်။
ထိုသို့ဖြစ်ခဲ့ပါက နဂါးမျိုးနွယ်အပေါ်သို့ ကျရောက်နေသော ဖိအားများသည် အတန်ငယ် လျော့နည်းသွားပေမည်။
သို့သော် ဆိုးကျိုးမှာ အကယ်၍ အနောက်ကျောင်းတော်သည် နဂါးမျိုးနွယ်ကို သိမ်းသွင်းရန် အကြံကို လက်မလျှော့သေးလျှင် နောင်တွင် သူတို့သည် နဂါးမျိုးနွယ်အပေါ် အကွက်ဆင်ရာတွင် ပို၍ ဂရုတစိုက် ကြံစည် အစီအစဉ်ဆွဲတော့မည် ဖြစ်သည်။
ယေဘုယျအားဖြင့် ထိုကိစ္စသည် သူ့အတွက် ကောင်းသောကိစ္စတစ်ခုဖြစ်သည်။
‘ အနောက်ကျောင်းတော် ငါ့ကို ရှာနေနိုင်တဲ့ ဖြစ်နိုင်ချေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါစိတ်ပူနေတုန်းပဲ။ အခုလောလောဆယ်တော့ အဲ့ကိစ္စကို ပူစရာမလိုသေးပါဘူး... ’
‘ ဒီကိစ္စကိုအသုံးချပြီး အနောက်ကျောင်းတော်က နဂါးမျိုးနွယ်ကို သိမ်းသွင်းဖို့လုပ်နေတဲ့ကိစ္စမှာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ယာယီ လွတ်ကင်းနေအောင် လုပ်တာက ဆိုးတဲ့ကိစ္စတော့မဟုတ်ပါဘူး... ’
လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ဘုံကျောင်းတွင် အမွှေးတိုင်ပူဇော်မှု အဆက်မပြတ်စေရန် တာဝန်ယူရသော အဘိုးကြီးကို ခေါ်လိုက်ပြီး သူ့ကို ရွှေ၊ ငွေ အနည်းငယ်ပေးလိုက်၏။ စက္ကူကိုယ်ပွားသည် ထိုအဘိုးကြီးအား ခေတ္တနေလျှင် မြို့တွင်းမှ ကိုးကွယ်သူများကို နှစ်သိမ့်ပေးရန် တာဝန်ပေးလိုက်၏။
ထို့နောက် လီချန်ရှို့သည် သူ၏ စိတ်တန်ခိုးကိုသုံး၍ အောင်းရိထံသို့ အသံပို့လွှတ်ကာ ထိုကိစ္စကို ရှင်းလင်းသုံးသပ်ပြလိုက်၏။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ ကျောက်ကုန်းမင်နှင့် ရင်းနှီးမှုရအောင်ယူရန် အောင်းရိကို ပြောလိုက်၏။ အရေးကြုံသောအခြေအနေတွင် သူသည် နဂါးမျိုးနွယ်ကို ကူညီနိုင်ပေလိမ့်မည်။
လီချန်ရှို့သည် သူ၏ လက်ထောက်နတ်မင်းကို ကောင်းမွန်စွာ ဂရုစိုက်၏။
သူသည် ဆရာကျောက် သူ၏စာအုပ်ကို ပို၍စိတ်ဝင်စားလာစေရန် အောင်းရိပြောရမည့် အဓိကစကားလုံးအချို့ကိုလည်း သင်ပေးလိုက်သည်။ ကျောက်ကုန်းမင်သည် သစ္စာရှိပြီး သူတို့အတွက် ဂုဏ်ကျက်သရေတိုးစေမည်ဖြစ်ကြောင်း အောင်းရိကို ပြောလိုက်၏။
အကယ်၍ သူသည် ကျောက်ကုန်းမင်နှင့် မိတ်ဆွေဖွဲ့လိုလျှင် သူ၏ ဂုဏ်သိမ်ကို နှိမ့်ချ၍ ကျောက်ကုန်းမင် မျက်နှာရအောင် လုပ်ရမည်ဖြစ်သည်။
ထို့နောက် သူသည် နောက်သို့ခြေတစ်လှမ်း ပြန်ဆုတ်၍ ကျောက်ကုန်းမင် သူနှင့် အဆင့်အတူတူဖြစ်လာမည့် အချိန်ကို စောင့်ရပေမည်။ ထို့နောက် သူသည် သူ၏ကျင့်ကြံခြင်းအဆင့်သည် နိမ့်ပြီး သူသည် အစွမ်းမထက်သဖြင့် ကျောက်ကုန်းမင်ကဲ့သို့ ပညာရှင်တစ်ဦးနှင့် မိတ်ဆွေမဖွဲ့ဝံ့ကြောင်းပြောရပေမည်။
ထို့အခါ ကျောက်ကုန်းမင်သည် သူ၏လက်ကိုဝှေ့ယမ်း၍ “ ကျုပ် မိတ်ဆွေဖွဲ့တဲ့အခါမှာ ဘယ်တုန်းကမှ ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်ခဲ့ဘူး ” ဟူသောစကားကဲ့သို့ စကားတစ်ခွန်း ပြောပေလိမ့်မည်။
ထိုအကြောင်းများအပြင် လီချန်ရှို့သည် အောင်းရိအား နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်နိုင်ရန် ညွှန်ကြားချက် တစ်ရာကျောက်လောက်ကိုလည်း ပေးလိုက်သေး၏။
ထိုကိစ္စကို ကိုင်တွယ်ပြီးသောအခါ လီချန်ရှို့သည် အမှောင်ထဲမှနေ၍ အခြေအနေကို သုံးလခန့် ဆက်၍ စောင့်ကြည့်နေခဲ့လေသည်။
မည်သည့် နောက်ဆက်တွဲပြဿနာမှ မရှိကြောင်း အတည်ပြုပြီးသောအခါ သူသည် စက္ကူကိုယ်ပွားကို သက်သာအနေအထားတွင် ပြန်၍ ထားလိုက်လေတော့သည်။
“ ငါ စက္ကူရုပ်နောက်တစ်သုတ် ထပ်ပို့ရမယ် ”
ချုံတောင်လေးရှိ မြေအောက်လျှို့ဝှက်ခန်းထဲတွင် လီချန်ရှို့သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် သူ၏အရှေ့ စားပွဲခုံပေါ်တွင် တင်ထားသော စက္ကူရုပ်များအပေါ်တွင် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ စက္ကူကိုယ်ပွားအချို့သည် ကျွန်းထိုး၍ ခုန်ထလိုက်ကြ၏။ ၎င်းတို့သည် လီချန်ရှို့ကို တညီတညွတ်တည်း အလေးပြုလိုက်ကြ၏။
လီချန်ရှို့ ရယ်လိုက်၏။ သို့သော် လျင်မြန်စွာပင် မျက်နှာပိုးသတ်လိုက်လေသည်။ သူသည် လေလှိုင်းအသံဖမ်းအတတ်ကိုသုံးလိုက်ပြီး သူ၏အသံကို လင်းအယ်ထံသို့ ပို့လွှတ်လိုက်ကာ သူသည် အခန်းအောင်းကျင့်ကြံမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ထို့နောက် သူသည် ထရပ်၍ အခန်းထောင့်တစ်နေရာသို့ လျှောက်သွားလိုက်၏။
သူသည် နဂါးမျိုးနွယ်ကို ကောင်းကင်ဘုံခုံရုံးများလက်အောက်သို့ သွတ်သွင်းရန် ကြံစည်နေသည်မှာ တစ်နှစ်ရှိခဲ့လေပြီ။ ယခုတွင် ထိုကိစ္စသည် လုံခြုံမည့်ပုံ မရတော့ချေ။
လီချန်ရှို့သည် သူ့ကိုယ်သူ အချိန်မီ ပြန်လည်သုံးသပ်ခဲ့ရာ သူ၏စိတ်အခြေအနေသည် မည်သည်ကြောင့် မတည်မငြိမ်ဖြစ်နေရခြင်းကို နားလည်သွားပြီး သူ၏ တာအိုနှလုံးသားကို သန်မာအောင်လုပ်ခဲ့၏။
‘ နောက်ထပ် အရှင်ရွှမ်းဒူက အရေးကြုံတဲ့အချိန်မှာ ပေါ်လာမှာ မဟုတ်ဘူးဆိုပြီး တွေးရမယ်။ ပြီးတော့ အဲ့အခြေအနေ တချို့မှာ တခြားဂိုဏ်းနှစ်ခုက ပညာရှင်နှစ်ယောက်လည်း ပါလာနိုင်တယ်လို့ တွေးထားရမယ်။ အခြေအနေတွေက ကွဲပြားသွားနိုင်တယ်... ’
လီချန်ရှို့သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ၏ အတွေးများကို အစီအစဉ်တကျစီလိုက်ပြီး စတင်တွေးတောလိုက်လေတော့သည်။
နဂါးမျိုးနွယ် ကောင်းကင်ဘုံခုံရုံးများလက်အောက်သို့ ဝင်မည့်ကိစ္စကို အတွေ့ကြုံနုသော သူတစ်ယောက်က လုပ်ဆောင်နေသည်ဟု ထင်သွားအောင်လုပ်ရပေမည်။ ထို့မှသာ “ သစ်ခွပန်း ” နှင့် “လေးခွ ”တို့၏ အကောက်ကြံခံရခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် ထိုကိစ္စသည် စွမ်းအားကြီးသူ နှစ်ယောက်ဖြစ်သည့် “ ညလင်းလက်ဖက်ရည်ခွက် ”နှင့် “ ဝါးခြင်း ”တို့၏ အာရုံစိုက်မှုကို ခံရနိုင်ပေသည်။
သူသည် ထိုကိစ္စအားလုံးကို ထည့်သွင်းစဉ်းစားရပေမည်။
လအနည်းငယ်ကြာပြီးနောက်...
“ လင်းအယ်တို့မှာ စက္ကူတွေ ကုန်တော့မယ် ”
“ အစ်ကိုချန်ရှို့က အခန်းအောင်းကျင့်တာကနေ ထွက်မလာသေးဘူးလား ”
“ ဟုတ်တယ်.. အစ်ကိုကြီးက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အခန်းအောင်းကျင့်ကြံမယ်လို့ လင်းအယ်ကို ပြောခဲ့တာ။ အခုထက်ထိ အစ်ကိုကြီးက အခန်းအောင်းကျင့်တာက ထွက်မလာသေးဘူး ”
လင်းအယ်နှင့် ယုံချင်ရွှမ်းယာတို့သည် ချုံတောင်လေးပေါ်ရှိ ပြန်၍ တည်ငြိမ်အေးချမ်းခဲ့သည်မှာ ကြာပြီဖြစ်သော ဝိညာဉ်သားရဲမွေးမြူရေးခြံအတွင်းတွင် လမ်းလျှောက်၍ နူးညံ့စွာ စကားစမြည်ပြောနေကြ၏။
ယုံချင်ရွှမ်းယာ အတန်ငယ်ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
လင်းအယ် ပြုံး၍ ပြောလိုက်သည်။
“ အစ်မယုံချင်... ပျော်စရာကိစ္စများ ရှိနေလို့လား... ”
“ မရှိပါဘူး... ”
ယုံချင်ရွှမ်းယာ ပြောလိုက်၏။
“ အစ်ကိုချန်ရှို့တစ်ယောက် အချိန်အကြာကြီး အခန်းအောင်းကျင့်နေတာဆိုတော့ တစ်စုံတစ်ခုကို နားလည်သွားလို့ ဖြစ်ရမယ်လို့ တွေးမိသွားလို့ပါ။ သူ အဆင့်နည်းနည်း တက်သွားလောက်တယ် ”
လီချန်ရှို့သည် ဆေးဖော်ဆောင်မှ ထွက်ရန် ပြင်လိုက်စဉ်တွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်မြှင့်၍ ဖော်ပြလိုက်၏။
သူသည် တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်အထိ မြှင့်လိုက်လေသည်။
ဉာဏ်အလင်းအပွင့်မှုကို ရရန် မလွယ်ကူပေ။
ထို့နောက် လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်းမှ ဖြည်းဖြည်းချင်း လျှောက်၍ ထွက်လာလေသည်။ သူသည် သူ့ပတ်လည်တွင် ချိတ်ထားသော အာရုံခံကျောက်မျက်ကို အကြိမ်အနည်းငယ်ကြည့်လိုက်၏။ ထို့နောက် ဆေးဖော်ဆောင်ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များကို ပိတ်လိုက်လေသည်။
လီချန်ရှို့သည် သူအခန်းအောင်းကျင့်ကြံရာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ညီမလေးသည် သူ့ကို အာရုံခံမိလိမ့်မည်ဟု တွေးထား၏။
အပူရှပ်နေသည့် ဝိညာဉ်သားရဲကို ရှာရန် ကြိုးစားနေသည့် လှပသောမိန်းမပျိုနှစ်ဦးသည် သူ့ကို လုံးဝသတိမထားမိမည်ဟု သူမမျှော်လင့်ခဲ့ပေ။
‘ ငါ ဖုံးကွယ်ခြင်းအနုပညာ ဓမ္မမန္တန်ကိုများ သုံးမိထားလို့လား ’
လီချန်ရှို့သည် သူ၏အခြေအနေကို ပြန်၍ စစ်ဆေးလိုက်ပြီး လျင်မြန်စွာ ခေါင်းခါလိုက်၏။ သူ၏ ညီမလေးကို စိတ်ငြိမ်သုတ္တန် အကြိမ်သုံးရာ ကူးခိုင်းရမည်ဖြစ်ကြောင်း သူ မှတ်ထားလိုက်သည်။
ထို့နောက် သူတို့သည် အတူတကွ ထိုစိတ်ငြိမ်သုတ္တန်ကို အကြိမ်သုံးထောင် အလွတ်ကျက်မည်ဖြစ်သည်။
လီချန်ရှို့သည် ဝိညာဉ်သားရဲမွေးမြူရေးခြံသို့ ပျံသန်းသွားလိုက်၏။ သူမတို့နှစ်ယောက်သည် နောက်ဆုံးတွင် လီချန်ရှို့ကို တွေ့သွားခဲ့ပေပြီ။
“ အစ်ကိုကြီး... ”
“ အစ်ကိုချန်ရှို့... ”
နှစ်ကြိမ်အော်ပြီးသွားသောအခါ သူမတို့သည် ရှေ့သို့ အတူတကွထွက်လာကြ၏။ သို့သော် သူမတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြလေသည်။
လင်းအယ် စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ အစ်ကိုကြီး... ပိုပြီး အာရုံစိုက်ကျင့်ကြံခဲ့တာလား။ ဘာလို့ ကိုယ့်ကိုယ်ကို မညှာမတာ ခိုင်းရတာလဲ ”
“ အစ်ကိုချန်ရှို့... အစ်ကို ဘာလို့ မျက်တွင်းတွေချိုင့်ပြီး မျက်ဝန်းတွေ ညိုနေရတာလဲ။ အစ်ကိုက ဘာလို့ နွမ်းနယ်နေတဲ့ပုံ ပေါက်နေရတာလဲ ”
လီချန်ရှို့ ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ ကျင့်ကြံရတာက တော်တော်လေး ပင်ပန်းတယ်။ အင်း... အတင်းအဆင့်တက်အောင် လုပ်တာက တကယ်မလွယ်ဘူးပဲ။ အစ်ကို နောက်မှ ဆေးဖော်ဆောင်ကိုသွားပြီး တစ်ရေးလောအိပ်လိုက်ပါမယ်။ အစ်ကို ဒီကိုအရင်လာပြီး ညီမတို့က လာကြည့်တာပါ ”
ယုံချင်ရွှမ်းယာက လျင်မြန်စွာ ပြောလိုက်၏။
“ အစ်ကိုချန်ရှို့... ခဏလောက် သွားအနားယူလိုက်ပါ။ ရွှမ်းယာ အခု ပြန်တော့မှာပါ... ”
ထိုသို့ပြောပြီးနောက် ယုံချင်ရွှမ်းယာသည် ခပ်သွက်သွက် ဦးညွှတ်၍ စိုးရိမ်သည့်မျက်နှာထားဖြင့် ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွားလေတော့သည်။
လီချန်ရှို့သည် မျက်တောင်ခတ်လိုက်ပြီး သူ့တွင် စွမ်းရည်အသစ်တစ်ခု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိသွား၏။
လင်းအယ် ရှေ့သို့ကိုင်း၍ လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။
“ အစ်ကိုကြီး... အစ်ကိုကြီးက တကယ်ပင်ပန်းနေတာလား ဒါမှမဟုတ် တမင်ဟန်ဆောင်ထားတာလား ”
လီချန်ရှို့သည် သူ၏လက်ကိုမြှောက်၍ သူမ၏ ချောမွေ့သော နဖူးလေးကို ရိုက်လိုက်၏။ ထို့နောက် သက်ပြင်းချ၍ ပြောလိုက်သည်။
“ အစ်ကို တကယ်ပင်ပန်းနေတာပါ။ ညီမလေးရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေတော့ ညီမလေးကို ပြောပြလို့မရတဲ့ အကြောင်းတွေ အများကြီးရှိတယ်။ နောက်ကျရင်... ထားလိုက်ပါတော့။ ညီမလေးရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ.. လျှောက်သွားလာမနေနဲ့ ”
“ ဟုတ်ကဲ့... ”
လင်းအယ် ပျော်ရွှင်စွာ ပြုံးလိုက်၏။
လီချန်ရှို့က ဆက်ပြောလိုက်သည်။
“ မနက်ဖြန်ကျရင် ညီမလေး ကျောက်ပြားတွေကို သယ်ပြီး ဆေးဖော်ဆောင်မှာ အစ်ကို့ကို လာရှာလိုက်။ ညီမလေးရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တဖြည်းဖြည်း အစ်ကို့ကို မီလာတော့မှာပဲ။ နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ဆို ညီမလေးလည်း တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်လောက်ပြီ။ အဲဒီအခါကျမှ အစ်ကို ညီမလေးကို တိုက်ခိုက်တဲ့နေရာမှာ သုံးတဲ့ အတတ်တချို့ကို သင်ပေးမယ်။ ပြီးတော့... တိုက်ပွဲပြီးရင် ကမ္မနှောင်ကြိုးတွေကို ဘယ်လိုဖြတ်တောက်ရမယ်ဆိုတာလည်း သင်ပေးမယ်။ ကောင်းကောင်းသင်ယူ... အဲဒါတွေက အစ်ကို နည်းနည်းချင်း သင်ယူခဲ့ရတဲ့ လျှို့ဝှက်ချက်တွေပဲ ”
လင်းအယ် မျက်တောင်ခတ်လိုက်ပြီး ရိုရိုကျိုးကျိုး နာခံလိုက်သည်။
လီချန်ရှို့ ထပ်မံသမ်းဝေလိုက်ပြီး ဆေးဖော်ဆောင်ထံသို့ ပြန်၍ ပျံသန်းသွားလိုက်သည်။ သူသည် အမှန်ပင် အတန်ငယ် အနားယူရန် လိုအပ်နေပေသည်။
သို့သော် သူမအိပ်ဝံ့သေးပေ။ သူသည် တရားထိုင်၍ သူ့စိတ်ကို အနားပေးရန် မှိန်းရုံလောက်သာ မှိန်းရပေမည်။
*******
ထိုအချိန်တွင် အနောက်ကျွန်းရှိ လူသူကင်းရှင်းသော တစ်နေရာရှိ ပြောင်မြောက်သော မန္တန်အစီအရင်ကြီး၏အောက်တွင် အဝတ်များ စုတ်ပြဲနေသော တာအိုရသေ့အိုကြီးသည် မြေပြင်ပေါ်တွင်လဲနေပြီး ဒဏ်ရာများရှိနေသော သူ၏မျက်နှာပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာလေသည်။ သူ၏ ပတ်ပတ်လည်တွင် ပင်လယ်ငြိမ်သက် နတ်ပုလဲ နှစ်ဆယ့်လေးလုံးက လှည့်ပတ်နေ၏။
‘ ဟင်း... မင်းက အရင်တုန်းက ငါ့ ညီမရဲ့ မိတ်ဆွေကောင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အခုတော့ ငါ မှော်ဆန်တဲ့ ပရိယာယ်တစ်ခု ရလာပြီဆိုတော့ ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးအတွက် ဘယ်လိုလုပ် ငါ့ရဲ့ဒေါသကို မဖြေဘဲ နေနိုင်မှာလဲ ’
ကျောက်ကုန်းမင် သူ့ဘာသာ တွေးတောလိုက်၏။ သူသည် နောက်ဆက်တွဲ အဆင့်များကို ဂရုတစိုက်လေ့လာလိုက်ပြီး ပင်လယ်ငြိမ်သက် နတ်ပုလဲများကို ယုံကြည်မှုရှိရှိ ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် ပုံရိပ်ဖမ်းစက်လုံး ဓမ္မရတနာများနှင့် ကျိန်စာပါသော အဝတ်စကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ကျောက်ကုန်းမင်သည် အံကြိတ်၍ မကျေမနပ်ပြောလိုက်သည်။
“ ဟေး... ဒီနေ့ ခင်ဗျား ကျုပ်ကို အနိုင်ကျင့်ခဲ့တယ် ”
မြေပြင်ပေါ်တွင် လဲနေသော ပုဂ္ဂိုလ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထခုန်လိုက်၏။ သူသည် ကျောက်ကုန်းမင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ကျောက်ကုန်းမင်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ သွေးများအန်နေပေပြီ။
“ ကျုပ်ရဲ့ တာအိုအခြေခံက ခင်ဗျားကြောင့် ထိခိုက်သွားပြီ။ အဲ့ဒဏ်ရာက နောက်နှစ်တစ်သောင်းကျော်ကြာရင်တောင် ပျောက်ချင်မှ ပျောက်တော့မှာ... ”
“ ခင်ဗျား ကျုပ်နဲ့အတူ ဝိညာဉ်တောင်ကို လိုက်ခဲ့... ကျုပ်တို့ ဒီနေ့အတွက် မပြီးပြတ်သေးဘူး... ”