← Chapters

မင်းက ငါ့ကို ဖိအားပေးနေတာပဲ

Vol. 81-85 Ch. 1216

မင်းက ငါ့ကို ဖိအားပေးနေတာပဲ

Vol. 81-85 Ch. 1216

*ဒူးထောက်တယ်*

*ထန်မင်လီက တကယ်ကြီး ဒူးထောက်လိုက်တာပဲ*

*ငါတို့အမြင်မှာ လက်လှမ်းမမီနိုင်တဲ့ နတ်ဘုရားလိုလူက ဒီဘာမဟုတ်တဲ့ ငမွဲရှေ့မှာ ဒူးထောက် လိုက်တယ်လား*

*ပြီးတော့ တလေးတစားနဲ့ ကျုပ်ဘုရင်လို့တောင် ခေါ်လိုက်သေးတယ်*

*ဘာလို့ ဒီလိုဖြစ်ရတာလဲ*

ယခုတစ်ခေါက်သည် ချမ်မိသားစု ရူးရမည့် အလှည့်ပင်။ ယဲ့ဖန်က ထန်မင်လီကိုပင် ဒူးထောက်အောင် လုပ်နိုင်သဖြင့် ချမ်မိသားစု ပျက်စီးရမည်ဟူသော စကားက ဟာသ မဖြစ်နိုင်တော့ပါ။

ချမ်ပေါ်ထုံသည်လည်း စိုးရိမ်စိတ်ကြောင့် တုန်လှုပ်သွားပြီး ဒယိမ်းဒယိုင်ဖြင့် ထရပ်၍ ယဲ့ဖန်ကို လက်ညှိုးထိုးကာ အော်လေသည်။

“ဖျင်အန်းတစ်မြို့လုံး မဟုတ်သေးဘူး ဟွိုင်အန်း စီရင်စုတစ်ခုလုံးမှာ ထန်မင်လီကို ဒူးထောက်အောင် လုပ်နိုင်တာ တစ်ယောက်ပဲ ရှိတယ်၊ မင်းက ဘယ်သူလဲ”

“ဟားဟား …”

ယဲ့ဖန်က လက်ပိုက်၍ ခပ်အေးအေး ပြန်ထိုင်လိုက်သည်။

“ခင်ဗျား ဒီမေးခွန်းကို မေးတယ်ဆိုမှတော့ အဖြေကို သိနေပြီးသား မဟုတ်ဘူးလား”

“ငါ မင်းကို ထုတ်ပြောစေချင်တာ”

သူသည် ယုံချင်စိတ် မရှိသလို လက်လျှော့ချင်စိတ်လည်း မရှိပေ။ ချင်ပေါ်ထုံသည် ယဲ့ဖန်အား ထုတ်ပြောစေ ချင်နေ၏။ သို့မှသာ သူ သေရမည်ဆိုလျင်တောင်မှ စိတ်ရှင်းရှင်းနှင့် သေနိုင်ပေမည်။

တစ်ခဏအတွင်း ချမ်မိသားစုဝင်များအားလုံး မျက်ရည်လည်ရွဲ ဖြစ်ကာ ချောက်ချားလာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်အား စိုးရိမ်တကြီး ကြည့်လာသည်။ ယဲ့ဖန် ပြောလာမည့် စကားက အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ဖြစ်နေမည်ကို စိုးရိမ်နေသည့်ပုံပင်။

အရူးတွေ သေချာနားထောင်ထား၊ မင်းတို့ရှေ့က စော်ကားခံရ၊ ဖိနှိပ်ခံရတဲ့အပြင် သူခိုးလို့ စွပ်စွဲခံရတဲ့လူက …”

“ဟွိုင်အန်းစီရင်စုရဲ့ အရှင်သခင် ယဲ့ဘုရင်ပဲ”

ထန်မင်လီက သုန်မှုန်နေသော မျက်နှာထားဖြင့် ငေါ့တော့တော့ ပြောကာ ထူးဆန်း၍ ရက်စက်သော အပြုံးမျိုး ပြုံးနေသည်။

လူတိုင်း အော်လည်းမအော်နိုင်၊ ငိုလည်းမငိုနိုင်ဘဲ ကြက်သေ သေနေမိသည်။ သူတို့အားလုံး နေရာမှာတင် ခံစားချက်မဲ့စွာ ရပ်နေပြီး စကား တစ်ခွန်းမှ မပြောနိုင်တော့ချေ။ သူတို့၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ကို ဆွဲထုတ် ထားသကဲ့သို့ သတိလက်လွတ် ဖြစ်နေကြလေသည်။

*ယဲ့ဘုရင်*

*ဒီလူက တကယ် ယဲ့ဘုရင်ပဲ*

သူတို့ ငိုချင်နေပါသော်လည်း ငိုမရ ဖြစ်နေ၏။ သူတို့ထဲတွင် ချမ်ရှုရန်က အထိတ်လန့်ဆုံးပင်။ အဘယ်ကြောင့် ဆိုသော် ယခင်က ယဲ့ဖန်က ယဲ့ဘုရင် မဖြစ်နိုင်ဟု သရော်ခဲ့သည်။ ယဲ့ဖန်ထံမှ ဟုတ်မှန်ကြောင်း ပြန်ကြားခဲ့ရ သော်လည်း သူမက သူ့ကို ပိုမို၍ လှောင်ပြောင် စော်ကားခဲ့သေးသည်။

အဆုံးသတ်တွင်မူ ယဲ့ဖန်က သူမကို ပြန်လည်၍ အရှက်ခွဲနိုင်ခဲ့သည်။

*ယဲ့ဖန်က … တကယ်ပဲ ယဲ့ဘုရင်ပါလား*

*ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်ရတာလဲ*

ထိုအခိုက်တွင် ချမ်ဖုန်း၏ မျက်နှာက တော်တော်လေး မည်းမှောင်နေ၏။ သူ ထပ်ခါထပ်ခါ စော်ကားခဲ့ပြီး သတ်ရန်ပင် ကြံစည်ခဲ့မိသည့်သူက ယဲ့ဘုရင် ဖြစ်၍နေသည်။ ကြောက်စရာကောင်းသော နတ်ဆိုးကိုမှ သူ ရန်စမိခဲ့သည်။

သူ့မျက်နှာပေါ်မှ မောက်မာသော အမူအရာများ လွင့်ပြယ်သွားပြီး ကြောက်စိတ်များသာ ထင်ကျန်နေလေသည်။ ယဲ့ဘုရင်သည် ထန်မင်လီထက် ပို၍ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။

တစ်လတည်းနှင့် ဟွိုင်အန်း စီရင်စုကို စုစည်းသိမ်းပိုက်နိုင်ခဲ့သူ။ တစ်လအတွင်း မရေတွက်နိုင်သော သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သူ။ တစ်လတည်းနှင့် နိုင်ငံအနှံ့ ကျော်ကြားလာသူ။ သူသည် နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လေသည်။

ယခင်က မရှိခဲ့ဖူးသလို နောင်လည်း သူလိုလူ ထပ်ရှိလာမည် မဟုတ်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် သူတို့ မိတ်ဆွေဖြစ်နိုင်မည့် အခွင့်အရေး ရှိခဲ့သည်။ ထန်မိသားစုကဲ့သို့ သူတို့လည်း ယဲ့ဖန်လည်း ဂုဏ်သတင်း တိုးမြင့်လာပြီး ယဲ့ဖန်၏ အရှိန်အဝါကြောင့် အင်အားကြီးကာ ဟွိုင်အန်း စီရင်စု၌ လွှမ်းမိုးနိုင်သော အင်အားစု ဖြစ်လာနိုင်ခဲ့သည်။

သို့သော် ယခုအခါ၌ … ဘာမှမဖြစ်နိုင်တော့ချေ။ သူတို့သည် ယဲ့ဖန်နှင့် မိတ်ဆွေ မဖြစ်နိုင်ရုံသာမက အကြီးအကျယ် ရန်စခဲ့မိသေးသည်။ သူတို့ ဘာမှမရနိုင်တော့သည့်အပြင် အရာအားလုံး ဆုံးရှုံးရပေတော့မည်။ သူတို့ နောင်တရကာ စိတ်ပျက်နေကြသည်။

လက်ရှိတွင် ချမ်မိသားစုဝင်များအားလုံးသည် သေခြင်းထက်ဆိုးသော ဘဝဟူသော အဓိပ္ပာယ်ကို နားလည် သွားလေသည်။

ချမ်ပေါ်ထုံ ထိုင်ခုံပေါ်သို့ အားယုတ်စွာ ပြန်လဲကျသွားပြီး သူ့တစ်ကိုယ်လုံး ဆယ်နှစ်စာမျှ ပိုအိုစာသွားပုံ ပေါ်သည်။ သူ၏ စိတ်ဓာတ်နှင့် အားအင်တို့ ချက်ချင်း ချုံးချုံးကျသွားတော့သည်။

သူ့မျက်နှာပေါ်၌ စိတ်ပျက်၍ ခါးသီးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ယဲ့ဖန်က သူတို့ကို အစမှအဆုံးတိုင် အခွင့်အရေးများစွာ ပေးခဲ့သော်လည်း သူတို့ ထပ်ခါထပ်ခါ လွဲချော်ခဲ့သည်။ နောက်ဆုံးတွင် ယဲ့ဖန် သည်းခံနိုင်စွမ်း ကုန်ဆုံးကာ ဒေါသထွက်ခဲ့ရသည်။

*မိုက်လိုက်တာ*

*မဖြစ်နိုင်လိုက်တာ*

ချမ်ပေါ်ထုံ ကိုယ့်ကိုယ်ကိုယ်သာ နာနာချချင်မိတော့သည်။

“ဖျင်အန်းမြို့က ယန်မိသားစုခေါင်းဆောင်က မွေးနေ့ပွဲအတွက် ခရမ်းရွှေရောင် သုံးချောင်းထောက် မီးပြင်းဖို လက်ဆောင် ပေးပါတယ်”

“ဖျင်အန်းမြို့ရဲ့ ထုံမိသားစုက မွေးနေ့ပွဲအတွက် တန်ဖိုးကြီး အစိမ်းရောင် ဆွဲသီးတစ်စုံ လက်ဆောင် ပေးပါတယ်”

“ဟွိုင်အန်းမြို့ လင်းမိသားစုက မွေးနေ့ပွဲအတွက် ချူယန် ယွင်ဖေး နှစ်ဘီးတပ် စစ်ရထား လက်ဆောင် ပေးပါတယ်”

“ကျင်းကျန်းမြို့က နလန်ရှောင်က မွေးနေ့ပွဲအတွက် ချမ်ခွန်း လက်ကောက် လက်ဆောင်ပေးပါတယ်”

ထိုအခိုက်တွင် တံခါးဝမှ သတင်းပို့သံများ ထွက်ပေါ်လာ၏။ ကြီးမားသော နောက်ခံရှိကြသော ပုဂ္ဂိုလ်ကြီးများက လက်ထဲ၌ လက်ဆောင်များ ပိုက်၍ ပြုံးကာ ဝင်လာကြသည်။

ဤသည်ကိုမြင်ပြီး ချမ်မိသားစုဝင်များအားလုံး ကြက်သေ သေသွားလေသည်။ ထိုပုဂ္ဂိုလ်များထဲမှ မည်သူမဆိုသည် ချမ်မိသားစုထက် ရာထူးကြီးကာ အဆင့်အတန်း မြင့်မားလွန်းသည်။ သို့သော်ငြားလည်း ထိုသူများက သူတို့ ချမ်မိသားစု၏ မွေးနေ့ပွဲကို ကိုယ်တိုင် လာကြသည်တဲ့လား။

ထိုပုဂ္ဂိုလ်ကြီးများနှင့် သူတို့ လုံးဝ မသိကြပါ။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ သူတို့သည် ချမ်မိသားစုကြောင့် လာသည် မဟုတ်ဘဲ သူတို့၏ အရှင်သခင် ယဲ့ဖန်အတွက် လာခြင်း ဖြစ်နိုင်ပေသည်။

ယဲ့ဘုရင် ဟုတ်ခြင်း မဟုတ်ခြင်းကို သူတို့ ယခု ရှင်းလင်းစွာ ယုံကြည်သွားလေပြီ။ ယဲ့ဖန်သည် ယဲ့ဘုရင်သာ ဖြစ်သည်။ သို့ရာတွင် သူတို့ ယုံကြည်သွားသည့်အချိန်မှာပင် ပို၍ စိတ်ပျက်လာကြသည်။ ဤဟွိုင်အန်း စီရင်စုတွင်း၌ မည်သူက ယဲ့ဘုရင်ကို ဆန့်ကျင်ရဲသနည်း။

ချမ်ပေါ်ထုံသည် မျက်စိရှေ့မှာ အိပ်မက်ဆန်သော မြင်ကွင်းကိုကြည့်ပြီး ကျုံးဝမ်အား ဇဝေဇဝါဖြင့် ကြည့်လိုက် မိသည်။

“ယဲ့ဖန်ကို အဘိုးက သိက္ခာရှိပြီး မျက်နှာပန်းလှတာကို သဘောကျတယ်လို့ ပြောခဲ့လို့ သူက ဒီနည်းကို သုံးပြီး အဘိုး ဂုဏ်တက်အောင် လုပ်ပေးချင်ခဲ့တာ”

ကျုံးဝမ် မချိပြုံး ပြုံးလိုက်မိသည်။ ယဲ့ဖန်က အရာအားလုံးကို ပြင်ဆင်ထားမှန်း သူမ မသိခဲ့ပါ။ ယဲ့ဖန်ဘက်က ဘာမှမမှားမှန်း သူမ သိပါသည်။ ယဲ့ဖန်က သူမအတွက် ပေးဆပ်ပေးထားသည်က များပင် များနေသေး၏။ ဘာမှမသိသည်က သူမ၏ ဆွေမျိုးများသာ ဖြစ်လေသည်။

ကျုံးဝမ် မချိပြုံး ပြုံးနေမိသလို ချမ်ပေါ်ထုံကလည်း အောင့်သက်သက် ပြုံးလိုက်မိသည်။ အစ၌ ယနေ့ မွေးနေ့ပွဲက အဆင်ပြေ ချောမွေ့ခဲ့သည်။ ယဲ့ဖန်၏ မျက်နှာပေးမှုကိုသာ ရခဲ့လျင် သူတို့၏ ချမ်မိသားစုသည် ဟွိုင်အန်း စီရင်စု၌ မြင့်မားသော နေရာတစ်နေရာ ရနိုင်ပေ၏။

အဘယ်ကြောင့်ဆိုသော် ချမ်ပေါ်ထုံဟူသော သူက ယဲ့ဘုရင်၏ မိန်းကလေးဘက်မှ အဘိုးဖြစ်သည်ကို လူတိုင်း သိလာနိုင်သောကြောင့်ပင်။ ယဲ့ဖန်က သူ့ကို မျက်နှာသာ ပေးခဲ့သည်။ ယဲ့ဖန်က ချမ်မိသားစုကို အခွင့်အရေးကြီး ပေးခဲ့သည်။

ဟွိုင်အန်းစီရင်စု၏ ထိပ်တန်း အင်အားစုကြီးများက သူ့မွေးနေ့ပွဲသို့ ကိုယ်တိုင် လာရောက်၍ ဆုမွန်ကောင်း တောင်းပေးသဖြင့် ယခုမှစ၍ မည်သူက သူတို့ ချမ်မိသားစုကို မလေးမစား လုပ်ရဲပါမည်နည်း။

သို့ရာတွင် အရယ်ရဆုံး အချက်မှာ သူတို့ ချမ်မိသားစုက အခွင့်အရေးကို ကိုယ်တိုင် လက်နှင့် ဖျက်ခဲ့မိခြင်းပင်။ ယဲ့ဖန်က မျက်နှာသာပေးခဲ့သော်လည်း သူတို့ဘက်က အရှက်မရှိ ပြုမူခဲ့ကြသည်။ မည်မျှ ရယ်စရာကောင်း၍ အဓိပ္ပာယ် မဲ့ခဲ့လေသနည်း။

ယခု သူတို့သည် အခွင့်အရေးကြီးကို လွဲခဲ့ရုံမကသည့်အပြင် သူတို့ကိုယ်တိုင် လက်ဖြင့် ချောက်ထဲသို့ တွန်းချမိ ခဲ့ကြသည်။

ချမ်ပေါ်ထုံ မျက်ရည် မကျနိုင်သည်အထိ ဝမ်းနည်းပူဆွေးနေ၏။ ချမ်ဖုန်းနှင့် အခြားသူများလည်း အခြေအနေ မကောင်းပေ။ သူတို့ အထင်သေး၍ လှောင်ပြောင်ခဲ့သောလူက ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ အင်အားအကြီးဆုံးလူ ဖြစ်နေသည် မဟုတ်ပါလော။

သူတို့ ကြက်သီးတဖြန်းဖြန်းထကာ ရင်ကွဲနာကျနေကြသည်။ သူတို့ ထွက်ပြေးချင်သော်လည်း ခြေထောက်များက ထိန်းချုပ်မရအောင် တုန်နေသည်။

*ဘယ်လိုဖြစ်တာလဲ*

*ဘာလို့ ဒီလို ဖြစ်ရတာလဲ*

*မြတ်စွာဘုရား ငါတို့ ဘာအမှားလုပ်မိလို့ မင်း ငါတို့ကို ဒီလို အကြီးအကျယ် အရူးလုပ်ရတာလဲ*

သူတို့ ပွဲသိမ်းပြီဟု ကျိန်းသေပေါက် ရိပ်မိနေသည်။ ဤနတ်ဆိုးက သူတို့ကို ပုရွက်ဆိတ်ကို ဖိသတ်သကဲ့သို့ အသာလေး သတ်နိုင်၏။

“ချမ်သခင်ကြီး ပျော်စရာ မွေးနေ့ပွဲ ဖြစ်ပါစေ၊ ခင်ဗျား တစ်နယ်လုံးမှာ ပျော်စရာ အကောင်းဆုံး မွေးနေ့ပွဲ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပါတယ်”

နလန်ရှောင်က သူ့ကို မျက်နှာချိုသွေးကာ နှုတ်ဆက်၍ လက်ဆောင် ပေးလိုက်သည်။ သို့ရာတွင် ချမ်ပေါ်ထုံ မချိပြုံး ပြုံးကာ လက်ဆောင်ကို လက်မခံလိုက်ပေ။ ဤလက်ဆောင်ကို လက်ခံရအောင် သူ့၌ ဘာအရည်အချင်းများ ရှိနေသလဲ။

“နလန်ရှောင် မင်း ရူးနေလား”

ထန်မင်လီက ချက်ချင်း နလန်ရှောင်ကို ကြိမ်းမောင်းလေသည်။

“အာ … ဒီအဘိုးကြီးအတွက် မွေးနေ့ဆုတောင်းပေးတာလေ”

နလန်ရှောင် မှင်တက်သွားသည်။ သူတို့ အလာနောက်ကျသွားသဖြင့် ဘာဖြစ်နေသလဲ မသိကြချေ။

“ဆုတောင်းစကား ပြောတာ ဟုတ်လား၊ မလိုဘူး ခဏနေရင် သူ့ကို အသေသတ်လိုက်ရုံပဲ”

ထန်မင်လီ ရယ်လိုက်သည်။ ထန်မင်လီနှင့် အခြားသူများ ဘာဖြစ်နေသလဲ မသိသော်လည်း ချက်ချင်း မျက်နှာများ မည်းမှောင်လာသည်။

“ဘာဖြစ်နေတာလဲ”

“ဘာမှတော့ မဟုတ်ပါဘူး၊ တစ်ချို့လူတွေက ငါတို့ ယဲ့ဘုရင်ကို အထင်သေးပြီး လှောင်ရုံနဲ့တင် မလုံလောက်ဘဲ သတ်ဖို့ပါ ကြံစည်တယ်လေ”

ထန်မင်လီ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“ဖြောင်း”

ထိုအခါ ချမ်ပေါ်ထုံ ပါးရိုက်ခံလိုက်ရလေသည်။ ချမ်မိသားဝင်များ ထိတ်လန့်ကာ ဒေါသထွက်သွားသော်လည်း ရိုက်သည့်သူကို မြင်သောအခါ ချက်ချင်း ဒေါသကို ရုတ်သိမ်းလိုက်ပြီး ဘာမှမပြောရဲတော့ပေ။

ရိုက်လိုက်သည့်သူမှာ နလန်ရှောင် ဖြစ်သည်။ သူ့လက်ထဲမှ လက်ဆောင်ကိုလည်း တစ်နေရာရာသို့ သူ လွှင့်ပစ်လိုက်သဖြင့် လက်ရှိတွင် ဒေါသတကြီး ကျိန်ဆဲနေသော သူ့ကိုသာ တွေ့နိုင်ပေ၏။

“လူအိုကြီး မင်းကိုယ်မင်း ဘာမှတ်နေလဲ၊ ငါတို့တွေက မင်းကို လက်ဆောင်ပေးတယ်ဆိုပြီး ဘာအဆင့်အတန်း ရှိတယ် ထင်နေလဲ၊ မင်း သေချင်နေတာလား”

စကားလုံးတိုင်း၌ ပြင်းထန်သော လူသတ်လိုစိတ်များ ပါဝင်နေသည်။ သူ နောက်ပြောင်နေခြင်း မဟုတ်ပေ။

“ဘိုးဘိုး”

ဤသည်ကိုမြင်ပြီး ကျုံးဝမ် ထပ်သည်းမခံနိုင်တော့ဘဲ ငိုကြွေးမိသဖြင့် မျက်လုံးများပင် နီရဲလာသည်။ ချမ်ပေါ်ထုံ အရိုက်ခံလိုက်ရပြီးနောက် မူးဝေကာ မျက်နှာ ပြာနှမ်းနေသော်လည်း ငြိမ်နေမိသည်။ သူ ဤသို့ အရိုက်ခံရ ထိုက်ကြောင်း သူ သိနေပါသည်။

ဤသည်ကိုမြင်ပြီး ချမ်မိသားစုဝင်များအားလုံး ငိုမတတ် ဝမ်းနည်းသွားကြသည်။ “စိတ်မကောင်းပါဘူး ကျုပ်မျက်လုံးထဲမှာ ခင်ဗျားတို့ ချမ်မိသားစုက အမှိုက်ပဲ” ဟူသော ယဲ့ဖန်၏ မောက်မာစွာ ပြောခဲ့သည့် စကားကို မရည်ရွယ်ဘဲ ပြန်အမှတ်ရသွားသည်။

ထိုအပိုင်းက ထိုစကားကြောင့် သူတို့ ဒေါသထွက်ခဲ့သော်လည်း ယခု သူတို့ စိတ်ဓာတ်ကျနေကြသည်။ ယဲ့ဖန်ကမူ လက်ပိုက်၍ မျက်လုံးကို တင်းနေအောင် မှိတ်ထားပြီး ဤကိစ္စ၌ ဝင်ပါလိုစိတ် ရှိပုံမရပေ။

ယခု သူ ဘာမှလုပ်ရန် မလိုပါ။ သူ၏ လက်အောက်ငယ်သားများက ဤကိစ္စကို ဖြေရှင်းပေလိမ့်မည်။ ဤသည်မှာ အဆင့်အတန်း ကွာခြားချက်ပင်။

“ချမ်ပေါ်ထုံ မင်းက အရမ်း မျက်နှာလိုချင်တယ်လို့ ငါ ကြားဖူးတယ်၊ ဒါပေမဲ့ ကြည့်ရတာ မင်းက တော်တော် အရှက်မဲ့တဲ့ပုံပဲ”

“သောက်အဘိုးကြီး အရှင်ယဲ့ဘုရင်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို လက်ဆောင်တောင် မပေးဘူး၊ မင်းကို လက်ဆောင် လာပေးဖို့ တစ်နာရီကျော်တောင် ကားစီးလာရတာကွ၊ မင်းအတွက် ကြည့်လို့ကောင်းတယ် ထင်နေလား”

“မင်း ဘာလို့ လေကုန်ခံနေတာလဲ၊ ဒီနေ့ ငါတို့အကုန် စုဝေးနေတာပဲကို ချမ်မိသားစုကို သတ်လိုက်တာပေါ့”

“ငါ ထောက်ခံတယ်၊ အဆင့်ကိုး မိသားစုလေးကများ ငါတို့ အရှင်ယဲ့ဘုရင်ရှေ့ လာခုန်ဆွခုန်ဆွ လုပ်နေတယ်၊ မြန်မြန် ဖျက်ဆီးလိုက်တာ အကောင်းဆုံးပဲ”

ခက်ထန်သော မျက်နှာထားများဖြင့် ပုဂ္ဂိုလ်ကြီးများက ထောက်ခံလာကြသည်။ ထို့အတူ သူတို့အနောက်မှ သက်တော်စောင့်များကလည်း ဓားတပြင်ပြင်နှင့် သတ်ဖြတ်ရန် မစောင့်နိုင်တော့ချေ။

ထိုအခါ ချမ်မိသားစုဝင်များအားလုံး ကျင်ငယ်ရည်များ ထွက်ကျလုမတတ် ကြောက်လန့်လာ၏။

“ကျုံးဝမ် နင့်ချစ်သူကို တောင်းပန်ပေးပါဟာ၊ သူ့ကို ခွင့်လွှတ်ပေးဖို့ ပြောပေးပါ၊ ငါတို့က မိသားစုလေ”

ချမ်ဖုန်းက အက်ကွဲနေသော အသံဖြင့် အော်ပြောလေသည်။ သူ အသက်ရှင်ရသည်မှာ မလုံလောက်သေးသဖြင့် သေချင်စိတ် မရှိသေးပါ။

အခြားသူများ၏ အသက်ကို နုတ်ယူခဲ့သော်လည်း ယခု သူ ပြန်ဝဋ်လည်သောအခါတွင်မှ ကြောက်ရကောင်းမှန်း သိလာ၏။

“ကျုံးဝမ် ငါ မှားမှန်း သိပါပြီ၊ ငါ နင့်ကို ရန်မစသင့်တာ၊ ငါ နင့်ကို နေရာတိုင်း လိုက်မပြန်သင့်တာပါ၊ ငါတို့ သွေးသား တော်စပ်တာကို ထောက်ပြီး ခွင့်လွှတ်ပေးပါ”

ချမ်ရှုရန် ကြောက်လန့်ကာ ဒူးထောက်၍ ကျုံးဝမ်ကို ဆက်တိုက် တောင်းပန်လာသည်။

“ယဲ့ဖန် ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ချမ်မိသားစုဝင် မဟုတ်ဘူး၊ သူတို့က ငါ့ကို ဒီလို လုပ်ခိုင်းတာ၊ မင်း ငါ့ကို လွှတ်ပေးပါ”

လီကျန်းဟဲကလည်း အော်ပြောလာ၏။ သူ ချမ်မိသားစုနှင့်အတူ မြေမြှုပ်မခံလိုပါ။ သူ့မိန်းမကို လိုချင် ယူသွားနိုင်၏။ သူ့အသက်တော့ မပေးလိုပါ။

“ဝမ်အာ မင်းအဘိုးက မင်းကို တောင်းပန်လို့ရမလား”

ချမ်ပေါ်ထုံကလည်း ကျုံးဝမ်ကို မချိတရိ ပြုံးကာ ကြည့်လာ၏။

“ငါ့ကိုပဲ သတ်ပြီး ငါ့မျိုးဆက်တွေကို လွှတ်ပေးဖို့ မင်းချစ်သူကို ပြောပေးလို့ ရမလား၊ ဒါမှ ငါတို့ ချမ်မိသားစု ဆက်တည်ရှိနေနိုင်မှာလေ”

“ဟင့်”

ကျုံးဝမ် ချက်ချင်း မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာပြီး ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။ ယဲ့ဖန် သက်ပြင်းရှည် ချကာ မျက်လုံးပြန်ဖွင့်၍ ကျုံးဝမ်ကို မတတ်သာဟန်ဖြင့် ကြည့်ပြီး အက်တက်တက် အသံဖြင့် ပြောလေသည်။

“မင်းက ငါ့ကို ဖိအားပေးနေတာပဲ”

All Chapters