ချုံတောင်လေးမှ သင်ကြားရေးအခန်း
Vol. 11 Ch. 151
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ရာသီဥတုသည် အများအားဖြင့် သာယာ၍ နေသာလေသည်။
တစ်ရက်နှင့်တစ်ည အနားယူသွားပြီးသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပို၍ ပေါ့ပါးလာသည်ဟု လီချန်ရှို့ ခံစားလိုက်ရလေသည်။ သူသည် မိန်းမောနေပြီး သူ၏စိတ်သည်ကြည်လင်ကာ ဉာဏ်အလင်းပွင့်မှုများနှင့် ပြည့်နေခဲ့၏။
ရာသီဥတုသည်လည်း ဉာဏ်အလင်းပွင့်မှုအတွက် အမှန်ပင်ကောင်းသော ရာသီဥတုပင်။
ယမန်နေ့က မှာကြားခဲ့သလို လင်းအယ်သည် မန္တန်အစီအရင်အပြင်သို့ နံနက်အစောကြီးရောက်ရှိလာသဖြင့် နှစ်နာရီကြာ စောင့်ဆိုင်းလိုက်ရသည်။
အမှန်တွင် လီချန်ရှို့သည် ထိုနှစ်နာရီလုံးလုံး သူ၏ ညီမလေးကို စောင့်ကြည့်နေခဲ့ခြင်းပင်။ သူ၏ စိတ်တစ်ပိုင်းတစ်စသည် အနားယူနေစဉ် သူသည် ချုံတောင်လေး ပတ်လည်ရှိ သတ်ဖြတ်မန္တန်အစီအရင်များကို ပိတ်လိုက်၏။ သူ၏ ညီမလေးကို ပြုစုပျိုးထောင်ရန် မလွယ်ပေ။ သူမ၏ ရှပ်ပြာရှပ်ပြာ အကျင့်ကြောင့် ထိခိုက်သွားမည်ကို သူ မလိုလားပေ။ သို့သော် လင်းအယ်သည် လွန်စွာ နာခံရိုကျိုးခဲ့၏။ သူမသည် မန္တန်အစီအရင်အပြင်တွင်သာ တိတ်တဆိတ်ရပ်နေခဲ့လေသည်။
လီချန်ရှို့က မန္တန်အစီအရင်များကို ပိတ်ပေးလိုက်သောအခါ သူမသည် သီချင်းလေးညီးရင်း တိမ်စီးကာ ပျံသန်းလာ၏။ သူမသည် ပြုံးတုံ့တုံ့ဖြင့် ဆေးဖော်ဆောင်ဆီသို့ ပျံသန်းလာနေ၏။
လင်းအယ်သည် ထိုနေ့တွင် လှပစွာ ဝတ်စားဆင်ရင်ထား၏။ သူမသည် ပါးလျ၍ ရှည်လျားသော အစိမ်းနုရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားလေသည်။ သူမ၏ဆံပင်ရှည်များကို ဖဲကြိုးလေးဖြင့် စည်းနှောင်ထား၏။ သူမ၏ နဂိုကတည်းက လှပကျော့ရှင်းသော မျက်နှာလေးတွင် မျက်နှာချေမှုန့်အနည်းငယ်ကို သေသပ်စွာ လိမ်းကျံထားလေသည်။
သူမ၏ ပိတုန်းရောင် ဆံသားများ လေတွင်ဝဲလွင့်သွားစဉ် သူမ၏ နွဲ့လျသောခါးလေးသည် သေးသွယ်ကြောင်းကို မြင်နိုင်ပေသည်။
လီချန်ရှို့သည် သူ၏ ညီမလေးကို ဆေးဖော်ဆောင်အတွင်းသို့ ခေါ်လိုက်၏။ သူသည် ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များကို ပြန်ပိတ်၍ သူမကို နည်းစနစ်ကျ၍ နားလည်လွယ်သော သင်ခန်းစာများ စတင်သင်ကြားရန် ပြင်လိုက်စဉ် သူ၏နတ်အာရုံသည် ဆရာဒေါ်လေးကျိုးကျိုးတစ်ယောက် ကောင်းကင်ခွင်းတောင်မှနေ၍ ပျံသန်းလာသည်ကို အာရုံခံမိလိုက်၏။
ခေတ္တမျှတွေးတောပြီးနောက် လီချန်ရှို့သည် ထိုအခွင့်အရေးကိုအသုံးချ၍ မကြာခဏ ဂိုဏ်းပြင်သို့သွားတတ်သော ဆရာဒေါ်လေး၏ စိတ်နေစိတ်ထားပြောင်းလဲမှု..အဟမ်း... စိတ်နေစိတ်ထားအထိ သူပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ သူသည် ဆရာဒေါ်လေးကို အသုံးမဝင်သော အကြံအချို့သာ ပေးနိုင်လေသည်။ သူသည် ဆရာဒေါ်လေးကို ကမ္မနှောင်ကြိုးများကို ရှောင်ရှားတတ်စေလို၏။ ထိုမှသာ သူမကြောင့် ဂိုဏ်းနှင့် ချုံတောင်လေးကို မထိခိုက်မည်ဖြစ်သည်။
အလွန်လျင်မြန်စွာပင် ကျိုးကျိုးသည် အနားသို့ ခိုးကြောင်ခိုးဝှက် ကပ်လာ၍ ဆေးဖော်ဆောင်အတွင်းသို့ ခြောက်လှန့်သည့်အသံပြုကာ ခုန်ဝင်လာလေသည်။
လင်းအယ်သည်လည်း ကြောက်လန့်သွားဟန် ရင်ဘတ်လေးကို ဖိပြလိုက်၏။ ကျိုးကျိုးသည် ချက်ချင်းပင် အလွန်အမင်း ကျေနပ်ဝမ်းသာသွားလေသည်။
လီချန်ရှို့သည် ပြုံး၍ အရက်ကောင်းအိုးအချို့ကို ကျိုးကျိုးထံ လှမ်းပေးလိုက်၏။ သူ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“ ဆရာဒေါ်လေး... ကျွန်တော် ဒီနေ့ လင်းအယ်ကို သင်ခန်းစာတွေ သင်ပေးမလို့။ ဆရာဒေါ်လေး ဘေးမှာနေပြီး နားထောင်နေမလား။ ဒါမှမဟုတ် တခြားနေရာကိုသွားပြီး ကစားနေမလား... ”
“ သင်ခန်းစာတွေ သင်ပေးမလို့ ဟုတ်လား... ”
ကျိုးကျိုးသည် မျက်တောင်ခတ်၍ သူမ၏ ရင်ဘတ်ကိုလျင်မြန်စွာ ပုတ်၍ ခေါင်းမော့လိုက်သည်။
“ အဲဒီလိုဆိုတော့လည်း ငါဒီနေ့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအပေါ်မှာ နည်းနည်းလောက် ညွှန်ပြပေးရမှာပဲ ”
လီချန်ရှို့ ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး တွေးတောလိုက်၏။
‘ ဆရာဒေါ်လေးက ဝါကြီးတယ်ဆိုတော့လည်း ပြောနိုင်တာပေါ့လေ... ’
သူ၏ လက်အတွင်းရှိ ကျောက်စိမ်းပြားလေးသည် လှုပ်ခတ်သွား၏။ ဆေးဖော်ဆောင် ပတ်လည်ရှိ မန္တန်အစီအရင်များ အသက်ဝင်သွားလေသည်။
လီချန်ရှို့က ပြောလိုက်၏။
“ ဆရာဒေါ်လေး နေမယ်ဆိုတော့လည်း ကောင်းတာပါပဲ။ ဒါပေမဲ့ ဒီနေ့သင်ပေးမယ့် အကြောင်းအရာတွေကို ကျွန်တော်တိုသုံးယောက်ပဲ သိရမယ်ဆိုပြီးတော့,တော့ ကျိန်ဆိုရမယ်။ ဒါက ... ချုံတောင်လေးရဲ့ တမူထူးခြားတဲ့ သင်ခန်းစာတွေပဲ... ”
ကျိုးကျိုး မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။
“ အပြင်လူတွေကို သင်ပေးလို့မရဘူးဆိုတော့ ဘာသင်ခန်းစာတွေမို့လို့လဲ။ ချုံတောင်လေးမှာ တမူထူးခြားတဲ့ သင်ခန်းစာတွေရှိလို့လား ”
ရုတ်တရက် သူမ၏ မျက်လုံးများ အရောင်တောက်သွား၏။
“ အဲ့သင်ခန်းစာတွေကို မင်းတို့ရဲ့ ခက်ထန်တဲ့ဆရာဘွားဘွား ပေးသွားတာလား ”
လီချန်ရှို့နှင့် လင်းအယ်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး တချိန်တည်း ပြိုင်တူပြုံးလိုက်ကြသည်။ ကျိုးကျိုးသည် ချက်ချင်းပင် စိတ်ဝင်စားသွားလေသည်။ သူမသည် ကျိန်ဆိုပြီးသွားသောအခါ တံခါးအပြင်ရှိ လှုပ်ကုလားထိုင်လေးကိုယူ၍ ထိုင်လိုက်၏။
“ သင်ပါ..သင်ပါ... ငါ ဘေးကနေ နားထောင်နေပါမယ် ”
ထိုအခိုက်တွင် လီချန်ရှို့သည် သူကြိုတင်ပြင်ဆင်ထားသော သင်ခန်းစာ သင်ရိုးများကို ပြန်လည် ပြင်ဆင်လိုက်သည်။ သူသည် ကိုယ်တွေ့အတွေ့အကြုံအချို့ကို ဖယ်လိုက်ပြီး လင်းအယ်ကို စတင်သင်ကြားလိုက်လေတော့သည်။ သူသင်ကြားခဲ့သည်မှာ အရေးကြီးသော ကိစ္စသုံးခုဖြစ်သည့် အနိုင်ရယူခြင်း၊ တည်ငြိမ်စွာနေထိုင်ခြင်းနှင့် ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ခြင်းတို့ဖြစ်သည်။
အခြား မည်သည့် အခွင့်အရေးများ၊ ရတနာများကိုမှ ရှာရန်မလိုပေ။ အသက်ရှည်ရှည်နေနိုင်မည့် တာအိုတရားကိုသာ ရှာဖွေရမည်ဖြစ်သည်။
လင်းအယ်သည် ဂရုတစိုက်နားထောင်နေပြီး အဆက်မပြတ် ခေါင်းညိတ်နေ၏။ သူမ၏ ဘေးတွင်ထိုင်နေသော ကျိုးကျိုးမှာမူ အတော်လေး အံ့အားသင့်နေ၏။
‘ ဆရာဒေါ်လေး ကျန်းလင်းအာက တကယ်ကို အပြင်လောကမှာ နေခဲ့တဲ့သူတစ်ယောက်ပဲ။ ဒီနိယာမတွေက တော်တော်လေး အသုံးဝင်မယ့်ပုံပဲ ’
ကျိုးကျိုးသည် ထိုသို့တွေးမိသဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားစွာ နားထောင်နေလိုက်တော့သည်။
လီချန်ရှို့ တစ်နာရီကြာ သင်ကြားပေးပြီးသွားအခါ သူသည် အခန်းအတွင်းမှသူများကို မေးခွန်းများ စတင်မေးခဲ့၏။
“ ညီမလေး... ညီမလေးက ညီမလေးနဲ့ အဆင့်တူတဲ့လူတစ်ယောက်ကို တွေ့တယ်ဆိုပါတော့။ ညီမလေးက အဲဒီလူရဲ့ ရည်ရွယ်ချက်ကိုလည်း မသိဘူး။ အဲဒီလိုဆို ညီမလေး အဲ့လူကို ဘယ်လိုကိုင်တွယ်မလဲ ”
လင်းအယ် ခေတ္တမျှတွေးတော၍ ပြောလိုက်သည်။
“ သူ သတိမေ့သွားအောင် အာအင်မဲ့ဆေးသုံးလိုက်မယ် ”
လီချန်ရှို့ ဆက်မေးလိုက်၏။
“ တကယ်လို့ သူက ညီမလေးရဲ့ နာမည်ကိုပဲ မေးချင်တာဆိုရင်ရော... ”
လင်းအယ်သည် တွေးတောခြင်းပင် မပြုတော့ဘဲ ချက်ချင်းဖြေလိုက်၏။
“ ဆေးပမာဏကို ပိုသုံးလိုက်မယ် ”
ဘေးမှ နားထောင်နေသော ကျိုးကျိုးသည် ယိုင်သွား၏။ သူမသည် ကုလားထိုင်ပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။
လီချန်ရှို့ ပြောလိုက်သည်။
“ ညီမလေးရဲ့ အတွေးကို အစ်ကို့ကို ပြောပါ ”
လင်းအယ် လေးလေးနက်နက် ပြောလိုက်၏။
“ တကယ်လို့ သူသာ ညီမလေးရဲ့ နာမည်ကိုသိသွားရင် သူ ညီမလေးအပေါ်မှာ စုန်းကဝေအတတ်တွေ သုံးလို့ ရသွားမှာပေါ့ ”
လီချန်ရှို့သည် သူ၏နဖူးအလယ်ကို ပွတ်ကာ ပြောလိုက်သည်။
“ အစ်ကို့ရဲ့ အယူအဆအတိုင်း မစဉ်းစားနဲ့။ ဘာအကြောင်းပြချက်မှ မရှိဘဲ သူများကို သတိမေ့အောင်လုပ်တာ အမြော်အမြင်ရှိတာမဟုတ်ဘူး။ ညီမလေးရဲ့ နှလုံးသားကပြောတဲ့ အတိုင်းပဲ လုပ်ပါ ”
လင်းအယ်သည် နှုတ်ခမ်းစေ့၍ နူးညံ့စွာရေရွတ်လိုက်သည်။
“ အစ်ကိုကြီး... ညီမလေးနဲ့ သူ့ရဲ့ကြားမှာ တစ်ခုခုရှိနေတယ်လို့ အစ်ကိုကြီးအထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ... ”
ကျိုးကျိုး ရယ်မောလိုက်၏။
လီချန်ရှို့ ပြောလိုက်သည်။
“ ထပ်စဉ်းစားကြည့်ပါဦး ”
လင်းအယ်သည် မျက်မှောင်ကြုတ်၍ အတန်ကြာစဉ်းစားလိုက်၏။ မကြာမီ သူမသည် တီးတိုးပြောလိုက်လေသည်။
“ ညီမလေး သူ သတိမေ့သွားအောင် အားအင်မဲ့ဆေးကို သုံးဦးမှာပဲ။ ပြီးတော့မှ ညီမလေး သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ရုပ်သွင်ကို ပြောင်းပစ်လိုက်မယ်။ ညီမလေး သူ့တစ်ကိုယ်လုံးအပေါ်မှာ နတ်အရက်တွေလောင်းချထားခဲ့ပြီး အဲ့နေရာကနေ အမြန်ထွက်သွားလိုက်မယ် ”
“ ညီမလေးက အောင်တယ်ဆိုရုံလေး အောင်သွားတာပဲ ”
“ ဟီးဟီး... အဲဒါက အစ်ကိုပဲ ညီမကို သင်ပေးထားတာလေ... ”
လီချန်ရှို့ ခေါင်းခါ၍ ပြောလိုက်၏။
“ ညီမလေးက ပတ်ဝန်းကျင်ကိုလေ့လာဖို့နဲ့ အဲဒီလူ အားအင်မဲ့ဆေးနဲ့ သတိမေ့သွားအောင် လုပ်ခံရပြီးတဲ့နောက်မှာ ရှင်သန်နိုင်မယ့် အခွင့်အရေးဘယ်လောက် ရှိသေးလည်းဆိုတာ သုံးသပ်ဖို့ မေ့သွားတယ် ”
လင်းအယ် မေးလိုက်သည်။
“ တကယ်လို့ ညီမလေးသာ ဂိုဏ်းပြင်ကို တစ်ယောက်တည်းသွားမယ်ဆိုရင် ညီမလေးကို ဘယ်သူမှ သတိမထားမိအောင် ရုပ်သွင်ကိုပြောင်းပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံး ကြိုးစားမှာပဲ မဟုတ်ဘူးလား... အဲဒါတွေကို ထည့်ပြောနေစရာ မလိုဘူးထင်လို့ပါ ”
လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။
“ အဲဒါတော့ မှန်တယ်။ အစ်ကို မကြာသေးခင်တုန်းက ဉာဏ်အလင်းပွင့်ခဲ့တယ်...ကဲ နောက်မေးခွန်းတွေကို ဆက်နားထောင်... ”
ထိုသို့ဖြင့် လင်းအယ်သည် ထိုင်ကာ မေးခွန်းများကို ဆက်ဖြေနေရလေသည်။ လီချန်ရှို့သည် ရှေ့နောက် လျှောက်၍ မေးခွန်းများမေးခြင်း၊ ဗဟုသုတများကို ပြောပြခြင်းနှင့် မေးခွန်းများကို ပြန်ဖြေခြင်းတို့ လုပ်ဆောင်နေ၏။
ဘေးရှိ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျိုးကျိုး၏ မျက်နှာထားသည် အံ့အားသင့်နေရာမှ ငိုင်တွေတွေဖြစ်သွားပြီး ထို့နောက်တွင် သဘောပေါက်သွားသော မျက်နှာထားဖြစ်သွားလေတော့သည်။ သူမသည်လည်း ချုံတောင်လေး၏ လျှို့ဝှက်သင်ခန်းစာအနည်းငယ်ကို သိရှိခဲ့ပေပြီ။
လေးနာရီကြာပြီးနောက်...
လီချန်ရှို့ ပြောလိုက်သည်။
“ ကဲ ... ဒီနေ့အတွက် ပြန်လှန်သင်ခန်းစာက ဒီလောက်ပဲ ”
လင်းအယ် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်လေသည်။ သူမ၏ မျက်နှာထားတွင် မျှော်လင့်ချက်များနှင့် ပြည့်နေလေသည်။
‘ ပြန်လှန် သင်ခန်းစာ... ’
ဆရာဒေါ်လေးကျိုးကျိုးသည် သူမ၏ ပါးစပ်ကိုဩ၍ တစ်စုံတစ်ခု ပြောလိုနေသော်လည်း မည်သည့်စကားကိုမှ မပြောနိုင်ပေ။ သူမ ထိုသင်ခန်းစာများအကြောင်းကို ဂရုတစိုက်တွေးတောလိုက်သည်။ ထိုနိယာမများသည်... အမှန်သာဖြစ်သည်။
ထို့နောက်...
“ ညီမလေး... တကယ်လို့ တစ်ယောက်ယောက်က ညီမလေးကို သတ်ဖို့ကြိုးစားလို့ ညီမလေးက အဲ့တစ်ယောက်ကို ပြန်သတ်လိုက်တယ်ဆိုရင်၊ ဒါမှမဟုတ် ညီမလေးက ညီမလေးရဲ့ ရန်သူတစ်ယောက်ကို သတ်လိုက်တယ်ဆိုရင် ညီမလေး ဘာဆက်လုပ်မလဲ ”
လင်းအယ်သည် တွေး၍ပင်မနေဘဲ ပြန်ဖြေလိုက်၏။
“ အဝေးကို ထွက်ပြေးမယ် ”
လီချန်ရှို့ ခေါင်းခါ၍ ပြောလိုက်၏။
“ ထွက်ပြေးတယ်ဆိုတာ မဆိုးပါဘူး။ ဒါပေမဲ့ ညီမလေး ထွက်မပြေးခင် အဲ့အလောင်းကို ဘယ်လိုလုပ်မလဲ ”
“ တကယ်လို့ အလောင်းက အကြွင်းအကျန်ဝိညာဉ်က ညီမလေးအပေါ်မှာ အမုန်းတရားတွေနဲ့ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ ”
“ ဒီလောကမှာ အကြွင်းအကျန်ဝိညာဉ်ကနေ ပြန်ဝင်စားနိုင်အောင် ကျင့်ကြံနိုင်တဲ့ ယင်ကျင့်ကြံခြင်းအတတ်တွေ အများကြီးရှိတယ် ”
လင်းအယ်သည် သူမ၏ ချောမွတ်သော မေးစေ့လေးကို ဖျစ်၍ ပြတ်ပြတ်သားသား ပြောလိုက်၏။
“ အစ်ကိုကြီး... ညီမလေးကို သင်ပေးပါ ”
“ ဒီနေ့သင်ခန်းစာရဲ့ အဓိကအချက်က ချုံတောင်လေးရဲ့ ပြာလွှင့်မျှောခြင်းအတတ်ပဲ ”
လီချန်ရှို့ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနောက်တွင် သစ်သားပြားတစ်ချပ်ပေါ်လာ၏။
ထိုသစ်သားပြားပေါ်တွင် ရိုးရှင်းသော ရုပ်ပုံဆယ်ပုံကျော်ကို ရေးဆွဲထား၏။ ရုပ်ပုံတစ်ခုစီအတွက် အသေးစိတ်ရှင်းလင်းထားမှုများလည်း ရှိ၏။
လီချန်ရှို့က စတင်ရှင်းပြလိုက်သည်။
“ အလောင်းတွေကို ကိုင်တွယ်ဖို့ ပထမအဆင့်က အဲဒါတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ နည်းလမ်းတွေကို ပြင်ဆင်တာပဲ။ ညီမလေးအနေနဲ့ အဆိပ်ဆေးလုံးတွေ၊ မီးတောက်တွေကို အသုံးပြုနိုင်တယ်။ အလောင်းတွေကို ကိုင်တွယ်တဲ့နေရာမှာ အရေးကြီးဆုံးအချက်က အဲဒီအလောင်းတွေရဲ့ ကိုယ်ပေါ်မှာ သူ့ဘာသာ မှတ်တမ်းတင်ပြီး သတင်းအချက်အလက်တွေ တခြားကိုပို့နိုင်တဲ့ ဓမ္မရတနာမျိုးတွေ ရှိလားဆိုတာ စစ်ဆေးဖို့ပဲ။ အဲဒါကြောင့် အဲ့အလောင်းတွေပေါ်က သိုလှောင်ဓမ္မရတနာတွေကို ဖျက်ဆီးပစ်ဖို့ အကောင်းဆုံးကြိုးစားရမယ်။ တစ်ယောက်ယောက်ကို သတ်ပြီးပြီဆိုရင် သူတို့ဆီက ထူးဆန်းတဲ့ ဘယ်လို ရတနာတွေများရမလဲဆိုပြီးပဲ တွေးနေလို့မရဘူး။ ဒါပေမဲ့ တကယ့် အရေးကြီးဆုံးအချက်က အဲ့အလောင်းရဲ့ ဝိညာဉ်ကို ကိုင်တွယ်ဖို့ပဲ ”
သူဆက်ပြောလိုက်သည်။
“ မူလဝိညာဉ်တာအိုက လောကသုံးပါးထဲမှာ အများဆုံးကျင့်ကြံကြတဲ့ ကျင့်ကြံခြင်းအတတ်ပဲ။ အဲဒီတာအိုကလည်း ကျင့်ကြံတဲ့သူအပေါ်မူတည်ပြီး ကွဲပြားတယ်။ ရန်သူရဲ့ ဝိညာဉ်က အလောင်းတွေကို ကိုင်တွယ်တဲ့အခါမှာ အရေးကြီးကိစ္စပဲ။ ဒီနေ့ အစ်ကို ညီမလေးကို ချုံတောင်လေးပေါ်က စွမ်းအားအကြီးဆုံး ဓမ္မအဆောင်ကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးမယ် ”
“ စွမ်းအားအကြီးဆုံး ဓမ္မအဆောင် ဟုတ်လား... ”
လင်းအယ် စိတ်ဝင်စားသွားသည်။
လီချန်ရှို့သည် အစိမ်းရောင် ပုလဲလုံးနှစ်လုံးကို ထုတ်ယူလိုက်ပြီး လင်းအယ်ထံသို့ တည်တည်ငြိမ်ငြိမ်ပေးလိုက်လေသည်။
ထိုပစ္စည်းကို မျိုးဆက် အစဉ်လိုက် လက်ဆင့်ကမ်းရပေမည်။
ထိုပစ္စည်းသည် အစ်ကိုကြီး၏ သူ့ညီမလေးအပေါ်ထားသော မေတ္တာတရားပင်။
“ အဲဒါက ဝိညာဉ်ထိန်းပုလဲလုံးလို့ခေါ်တယ်။ အဲဒါ အသုံးဝင်တာက တစ်ခုပဲရှိတယ်။ အကြွင်းအကျန် ဝိညာဉ်တွေကို ဖမ်းချုပ်ဖို့ပဲ ”
ဘေးမှနေ၍ ဆရာဒေါ်လေး၏ အသံထွက်ပေါ်လာ၏။
“ ငါ့ကိုလည်း တစ်လုံးပေး... ”
လီချန်ရှို့သည် ပြုံး၍ ဝိညာဉ်ထိန်းပုလဲလုံး နှစ်လုံးကို ထုတ်လိုက်သည်။ သူသည် ဓမ္မတန်ခိုးများကို သုံး၍ ၎င်းတို့ကို ဆရာဒေါ်လေးထံသို့ တွန်းပို့လိုက်၏။ ထို့နောက် ပြုံး၍ ပြောလိုက်သည်။
“ ဆရာဒေါ်လေး... အဲဒါက ဆရာဒေါ်လေးအတွက် လိုအပ်မယ်လို့ ထင်လို့လား ”
ကျိုးကျိုး ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။ သူမ ဝတ်ဆင်ထားသော ဖျင်ကြမ်းအင်္ကျီလေးသည် ထိုဒဏ်ကို မခံနိုင်ပေ။
ကျိုးကျိုး ပြုံး၍ ပြောလိုက်၏။
“ မင်းတို့ ဆရာဘွားဘွားရဲ့ ရွှတ်နောက်နောက် အကျင့်တွေကိုကြည့်ပြီး အရူးလုပ်မခံနေနဲ့။ သူက မကြာခဏ အားနည်းတဲ့သူတွေကို အနိုင်ကျင့်တတ်တယ်။ ဟွန်း.. သူ့ထက်ပိုကြီးတဲ့သူတွေကိုလည်း အနိုင်ကျင့်တာပဲ။ ဒါပေမဲ့ ငါ သူ့ရဲ့စွမ်းရည်တွေကို လေးစားပါတယ်။ ငါ သူ့ကို အဲ့နေ့တုန်းကလည်း တွေ့လိုက်တယ်။ ငါ့ရဲ့ ဆရာသာရောက်မလာရင်၊ အကြီးအကဲဝမ်လင်းယွမ်သာ ခက်ခက်ထန်ထန် မပြုလိုက်ရင် တခြားသူတွေက သူ့ကို တားနိုင်ခဲ့မှာ မဟုတ်ဘူး ”
လီချန်ရှို့သည် ကျေးဇူးတင်ဟန် ပြုံးပြလိုက်ပြီး သူ၏ သင်ခန်းစာကို ဆက်လိုက်လေသည်။
“ ဒါက ပထမအဆင့်ပဲ ရှိသေးတယ် ”
လီချန်ရှို့ ပြောလိုက်၏။
“ ဝိညာဉ်ထိန်းပုလဲက ဝိညာဉ်အကြွင်းအကျန် အကုန်လုံးကို စုပ်ယူချင်မှ စုပ်ယူနိုင်လိမ့်မယ်။ ဝိညာဉ်အကြွင်းအကျန် နည်းနည်းလောက် ကျန်ချင်ကျန်ခဲ့လိမ့်မယ်။ လောကသုံးပါးမှာ အကြွင်းအကျန်ဝိညာဉ်တွေကို ပျိုးထောင်ပေးနိုင်တဲ့ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်ဆိုတဲ့ ရတနာတစ်ခုရှိတယ်။ အကြွင်းအကျန်ဝိညာဉ်နည်းနည်းလေးကနေလည်း ပြန်ပြီးဝင်စားနိုင်တယ်။ အဲဒီတော့ အစ်ကိုတို့ ဒီကျမ်းစာသုံးခုကို လိုလာတယ် ”
“ ‘ ကုသိုလ်-အကုသိုလ် ကျိန်စာ ’ကို ရွတ်ပြီး ကိုယ့်မှာကပ်ညိနေတဲ့ မကောင်းတဲ့ ကမ္မနှောင်ကြိုးတွေကို ပယ်ရှားပစ်ပြီးတော့ ကျန်နေသေးတဲ့ အလောင်းရဲ့ အကြွင်းအကျန်ဝိညာဉ် အနည်းငယ်ကို ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်ကို တိုက်ရိုက်ပို့ပေးရမယ်။ ပြီးရင် အနောက်ကျောင်းတော်ရဲ့ ကျမ်းစာတွေဖြစ်တဲ့ ‘ ကယ်တင်ခြင်းသုတ္တန် ’ နဲ့ ‘ ပြန်လည်မွေးဖွားခြင်းကျိန်စာ ’ကို ရွတ်ရမယ် ”
“ အဲ့သုံးမျိုးကို ရွတ်ပြီးရင် အလောင်းရဲ့ မူလဝိညာဉ်ကို မီးတောက်အတတ်တစ်ခုသုံးပြီး မီးရှို့ပစ်ရမယ်..ပြီးတော့ ဝိညာဉ်ထိန်းပုလဲကိုသုံးပြီး အကြွင်းအကျန်ဝိညာဉ်တွေကို ဖမ်းချုပ်ရမယ်။ ညီမလေးအနေနဲ့ အဲဒါတွေကို သေချာလေ့လာရုံပါပဲ။ အချိန်တော်တော်များများမှာတော့ ညီမ အဆင့်အကုန်လုံးကို လုပ်နိုင်မှာပါ။ အဲ... အဲဒီလိုလုပ်ဖို့ကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေဖို့တော့ လိုတာပေါ့လေ။ ဒီကိစ္စတွေကိုလည်း မြန်မြန်သွက်သွက် လုပ်ရမယ် ”
လင်းအယ်နှင့် ကျိုးကျိုးတို့သည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ သူမတို့၏ လှပသောမျက်ဝန်းများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။
လီချန်ရှို့သည် နောင်တွင် လင်းအယ်ကို ရုပ်ပြောင်းစက္ကူကိုယ်ပွားအတတ်ကိုလည်း သင်ပေးမည်ဖြစ်သည်။ သို့သော် သူသည် ထိုအတတ်ကိုတော့ ဆရာဒေါ်လေးကျိုးကျိုးကို အလွယ်တကူသင်မပေးနိုင်ပေ။
တဖြည်းဖြည်းဖြင့် အချိန်သည် မိုးသောက်မှ ဆည်းဆာချိန်သို့ ရောက်ရှိခဲ့လေပြီ။
မန္တန်အစီအရင် အလွှာများဖြင့် ကာရံထားသော ဆေးဖော်ဆောင်ထဲတွင် လီချန်ရှို့သည် ရှေ့နောက် လျှောက်နေလေသည်။ လင်းအယ်သည် အဆက်မပြတ်ခေါင်းညိတ်၍ မေးခွန်းများကို မေးကာ အဖြေများကို မှတ်သားနေ၏။
လင်းအယ်နှင့်အတူ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်နေပြီဖြစ်သော ကျိုးကျိုးသည်လည်း လီချန်ရှို့ထံမှ လမ်းညွှန်မှုများကို တောင်းဆိုရသည့်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီဖြစ်သည်။
လီချန်ရှို့သည် ဆရာဒေါ်လေးကျိုးကျိုးမှာ ဂိုဏ်းတွင် သူလေးစားရသော ဆရာဒေါ်လေးတစ်ဦးဖြစ်ကြောင်း ပြောနိုင်လေသည်။ သူမသည် သူသင်ကြားနေသော အတွေးအခေါ်များကို အလွန်လျင်မြန်စွာ လက်ခံနိုင်၏။ သို့သော် ထိုအချက်သည် ဆရာဘွားဘွား ကျန်းလင်းအာ၏ ကျေးဇူးသာဖြစ်သည်။
လီချန်ရှို့သည် လောကအတွင်း လှည့်လည်သွားလာနေသော သူ၏ဆရာဘွားဘွားသည် ရုတ်တရက်ကြီး ဂိုဏ်းသို့ ပြန်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သို့သော် ထိုကိစ္စကြောင့် သူသည် ဂိုဏ်းထဲတွင် ပို၍ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနိုင်လာ၏။ အချို့ ကိစ္စသေးလေးများကို “ ဆရာဘွားဘွား သင်ပေးခဲ့တာ ”ဟူသော အကြောင်းပြချက်ကိုသုံး၍ သူ၏ စွမ်းရည်ကိုဖုံးကွယ်နိုင်ပြီဖြစ်သည်။
ကျန်းလင်းအာ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ထပ်မံထွက်သွားပြီးနောက် ခြောက်နှစ်ကြာမှ သူမ၏ ပထမဆုံး စာရောက်ရှိလာခဲ့လေသည်။
ထိုစာသည် လီချန်ရှို့အတွက် ဖြစ်ပြီး တာအိုရသေ့အိုကြီးချီယွမ်အတွက် မဟုတ်ပေ။ ထို့ကြောင့် လီချန်ရှို့သည် ထိုစာအကြောင်းကို သူ၏ဆရာ မသိစေရန် လုံလုံခြုံခြုံ သိုဝှက်ထားရ၏။
စာပါအကြောင်းများအရ ကျန်းလင်းအာသည် သူမ၏ မူလ “ နတ်ဝိဇ္ဇာအဖွဲ့ ”သို့ ပြန်ရောက်သွားပေပြီ။ သူမ၏ ဘဝသည် သက်တောင့်သက်သာ ရှိနေ၏။ သူမသည် မြေအောက်လောကသို့ သုံးကြိမ်၊ လေးကြိမ်သွား၍ အဆက်အသွယ်များကို အသုံးချ၍ စုံစမ်းရန် ကြိုးစားနေခဲ့၏။ နောက်ဆုံးတွင် သူမသည် ဝမ်ကျန်းယွီ မည်သည်အဖြစ် ပြန်ဝင်စားသွားသည်ကို သိရှိခဲ့လေသည်။
သို့သော် ကျန်းလင်းအာသည် ပြန်ဝင်စားခြင်း၏ နောက်ဆုံးအပိုင်းကိုသာ သိခဲ့ရ၏။ ဝမ်ကျန်းယွီသည် သစ်ပင်ဝိညာဉ်တစ်ခုအဖြစ် ပြန်ဝင်စားသွားခဲ့၏။ ထိုသစ်ပင်ဝိညာဉ်သည် လွန်ခဲ့သည် နှစ်ရာပေါင်းများစွာကတည်းက မွေးဖွားခဲ့သည် ဖြစ်သဖြင့် ၎င်း၏ သက်တမ်းသည် ကုန်ဆုံးခါနီးနေပေပြီ...
ထို့ကြောင့် ကျန်းလင်းအာသည် ဝမ်ကျမ်းယွီ၏ နောက်ထပ်တစ်ဘဝကို ထပ်၍စောင့်ရန် ဆုံးဖြတ်လိုက်၏။ ကျန်းလင်းအာသည် ဝမ်ကျန်းယွီကို တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်ခေါ်လာ၍ သူမ၏ နတ်ဝိဇ္ဇာကံကြမ္မာကို ပြန်၍ အသစ်ပြုလုပ်နိုင်မည်လောကို သိချင်နေ၏။
လီချန်ရှို့နှင့် လင်းအယ်သည် ထိုကိစ္စအတွက် အတော်လေး ဝမ်းသာနေကြ၏။ လီချန်ရှို့သည် သူ့ဆရာဘွားဘွား၏ ပူပန်မှုများကို ဖယ်ရှားပေးရန် နောင်တွင် လေ့လာစမ်းသပ်၍ ဆေးလုံးတစ်မျိုးကို သေချာပေါက် ဖော်စပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သူ့တွင် ကာမအားတိုးဆေးလုံးရှိနေပြီဖြစ်၍ သူသည် အခြားဆေးလုံးတစ်မျိုးကို ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် ဖော်စပ်ရပေမည်။ လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းတွင် နေ၍ အထွေထွေကိစ္စများကို သုံးသပ်ဆင်ခြင်နေသော်လည်း နတ်အာရုံတုံ့ပြန်ဆေးလုံးကို ကြည့်ရန်အတွက် အကြီးအကဲဝမ်လင်းယွမ်ထံသို့ အလည်သွားရန် မမေ့ခဲ့ပေ။
သို့သော် အကြီးအကဲဝမ်လင်းယွမ်သည် ဒွိဟဖြစ်နေပုံရ၏။ သူသည် အချိန်အတော်ကြာသည်အထိ နတ်အာရုံတုံ့ပြန်ဆေးလုံးကို မဖော်စပ်နိုင်ခဲ့ပေ။ သို့သော် လီချန်ရှို့သည် “ ကင်းထောက်ကာကွယ်ဆးလုံး ”နှင့် “ နှလုံးသားမီးလျှံဆေးလုံး ” တို့ကို တိုက်ရိုက်ထုတ်ပြလိုက်၍ မရပေ။
အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် သူ့ဘာသာ သဘောပေါက်သွားသည့် အချိန်အထိစောင့်ဆိုင်းရမည်ဖြစ်သည်။
တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည်လည်း အချိန်အတော်ကြာ အေးချမ်းနေ၏။ သို့သော် နဂါးမျိုးနွယ်သည် ပြဿနာအချို့နှင့် ကြုံခဲ့ရသည်။ သမုဒ္ဒရာလေးစင်းအတွင်း၌ အာဏာဖီဆန်မှုများသည် အဆက်မပြတ်ပေါ်ပေါက်ခဲ့၏။ နဂါးနန်းတော် လေးခုသည်လည်း ထိုအာဏာဖီဆန်သူများကို ကိုင်တွယ်နေရသဖြင့် ပန်းလာကြပြီဖြစ်သည်။
အနောက်ကျောင်းတော်သည် သူတို့ကို လှည့်စားနေခြင်းဖြစ်ကြောင်း သိသာလေသည်။
လီချန်ရှို့သည် အလျင်မလိုပေ။ ထိုပြောင်းလဲမှုများသည် သူ၏ တွက်ချက်နိမိတ်ဖတ်မှုများထဲတွင် ပါဝင်ထားပြီးဖြစ်သည်။
သူသည် သူ၏လုံခြုံရေးကို စိတ်ချရအောင်လုပ်ပြီးခါမှ သူ့အားတန်ခိုးရှင်ပေးအပ်ထားသော တာဝန်ကို အောင်မြင်အောင်လုပ်ဆောင်မည်ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးများ၏ အမိန့်ပြန်တမ်းနှင့်ပတ်သတ်၍လည်း မည်သည့်သတင်းကိုမှ မကြားရသေးပေ။ ‘ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း လှည့်ဖျားမှု ’ ဖြစ်ပွားပြီးနောက် ဆယ့်ငါးနှစ်အကြာတွင် စစ်သူကြီးတုံမုသည် အဆင့်ထက်တက်သွားခဲ့၏။ သူသည် ကျောက်စိမ်းဧကရာဇ်ထံမှ မေးခွန်းသုံးခု ယူဆောင်လာသဖြင့် လီချန်ရှို့သည် ထိုမေးခွန်းများကို တည်တည်ငြိမ်ငြိမ် ဖြေကြားပေးခဲ့ရ၏။
လီချန်ရှို့၏ အမြင်တွင် ထိုအဖြေများသည် ပြောင်မြောက်မှု မရှိသော်လည်း အလယ်အလတ်အဆင့်ထက်တော့ သာပေသည်။ ထိုအဖြေများသည် ပြဿနာများကို သေချာပေါက်ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့သော် ထိုအဖြေများသည် ပြဿနာကိုဖြေရှင်းနိုင်ရန် မလိုအပ်သော အချို့အားထုတ်မှုများကို လိုအပ်ပေသည်။
ထို့နောက် စစ်သူကြီးတုံမုသည်လည်း သူ့အား အဆင်ပြေသည်၊ မပြေသည်ကို ပြန်မပြောပြခဲ့ပေ။ ထို့ကြောင့် လီချန်ရှို့သည် သူ့အဖြေများ၏ အကျိုးသက်ရောက်မှုကို အချိန်တစ်ခုအထိ မသိရှိခဲ့ချေ။
အနောက်ကျောင်းတော်၏ နဂါးမျိုးနွယ်အပေါ် အကောက်ကြံမှုသည် ရာစုနှစ်များစွာ သို့မဟုတ် ထို့ထက်လည်း ပိုကြာနိုင်ပေသည်။
လီချန်ရှို့သည် ဂိုဏ်းတွင်း၌သာ တိတ်တဆိတ်ကျင့်ကြံ၍ တရားထိုင်နေခဲ့၏။ သူသည် စိတ်ရှည်ရှည်စောင့်ဆိုင်းနေသော်လည်း အောင်းရိကိုမူ မပြတ်ဆက်သွယ်နေခဲ့၏။ သူသည် နဂါးမျိုးနွယ်၏ ကိစ္စများထဲတွင် ဝင်ပါရန် အလျင်မလိုပေ။
နေထွက်၍ လဝင်ခဲ့ပေပြီ။ ထိုနေ့ညစက်ဝန်းသည် ဆက်၍သွားနေ၏။
ကောင်းကင်သည် လင်းတစ်ချီ၊ မှောင်တစ်လှည့်ဖြင့် လောကကြီးကို ဦးဆောင်နေပေသည်။
တဖြည်းဖြည်းဖြင့် လီချန်ရှို့၏ နဂါးမျိုးနွယ်နှင့်ပတ်သက်သော ကောက်ချက်ချမှုများသည် ကျိုးကြောင်းဆီလျော်သာ အယူအဆများစွာနှင့် တိုက်ဆိုင်ခဲ့ပေသည်။
သို့သော် သူသည် အနောက်ကျောင်းတော် ဆက်လုပ်မည့် ကိစ္စများကို မခန့်မှန်းနိုင်သေးပေ။
လက်တွေ့တွင် ပထမဦးဆုံးဖြစ်ပေါ်လာသော ကိစ္စသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲပင်။ မကြာသေးခင်က ဂိုဏ်းထဲတွင် သတင်းပေါင်းစုံ ပြန့်နှံ့နေခဲ့၏။ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို စောစီးစွာ ကျင်းပမည့်ပုံရလေသည်။ ကျောင်းတော်သုံကျောင်း၏ လက်အောက်ခံ နတ်ဝိဇ္ဇာဂိုဏ်းများသည် အလယ်ကျွန်းရှိ ရွှေနန်းတော်ဂိုဏ်းတွင် စုဝေးတွေ့ဆုံကြမည်ဖြစ်သည်။
လီချန်ရှို့သည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ပြီးသွားသည်နှင့် ကျောက်စိမ်းဧကရာဇ်ထံသို့ သူကိုယ်တိုင်စာရေး၍ နဂါမျိုးနွယ်အကြောင်းကို တင်ပြမည်ဟု ဆုံးဖြတ်လိုက်၏။ သူသည် နဂါးမျိုးနွယ် ကောင်းကင်ဘုံခုံရုံးများ လက်အောက်သို့ ဝင်မည့်ကိစ္စတွင် ပါဝင်သောလူများထဲမှ တစ်ယောက်ကို သူ့ဘက်ပါအောင် စည်းရုံးထားရမည်ဖြစ်သည်။
သူသည် ကျောင်းတော်သုံကျောင်းတွေ့ဆုံပွဲကို မလိုက်ရန် ကြံရွယ်ထားပြီးဖြစ်သဖြင့် သူ၏ ရှောင်ရှားနိုင်မည့် အစီအစဉ်ကို ကြိုတင်၍ စတင်ပြင်ဆင်ထားပြီဖြစ်သည်။
သူ့အနေဖြင့် လင်းအယ်ကို အလစ်တိုက်၍ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင်လုပ်ကာ သူမကိုပြုစုရန် ဂိုဏ်းတွင်း၌ နေခဲ့မည်ဟု အကြောင်းပြရန် မဖြစ်နိုင်ပေ။
အကယ်၍ သူ၏ဆရာသည် သူမကိုပြစုရန် ဂိုဏ်းတွင်း၌ နေခဲ့မည်ဆိုပါက သူသည် တွေ့ဆုံပွဲကို လိုက်သွားရဦးမည်သာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏အားထုတ်မှုသည် အလကားဖြစ်မသွားပေလော။