← Chapters

ကပ်ဆိုးတစ်ခု မွေးဖွားလာခြင်း

Vol. 81-85 Ch. 1217

ကပ်ဆိုးတစ်ခု မွေးဖွားလာခြင်း

Vol. 81-85 Ch. 1217

“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တကယ် တောင်းပန်တာပါ”

ကျုံးဝမ်၏ မျက်နှာလေးက မျက်ရည်များဖြင့် ရွှဲရွှဲစိုနေ၏။ သူမအဘိုး သေရသည်ကို သူမ ထိုင်ကြည့်နေနိုင်စွမ်း မရှိပါ။ သို့သော် ဤသည်က ယဲ့ဖန်အတွက် မတရားကြောင်းကိုလည်း သူမ သိပါသည်။ ယဲ့ဖန်၌ သူတို့ကို သတ်ရန် အကြောင်းပြချက်များစွာ ရှိနေသည်။

“တောင်းပန်စကား မပြောနဲ့၊ ငါ့မိန်းကလေးက ဘယ်တော့မှ ငါ့ကို တောင်းပန်စရာ မလိုပါဘူး”

ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ချမ်ရှုရန်ကို လက်ညှိုးထိုးလိုက်သည်။

“ငါ ချမ်မိသားစုကို မဖျက်ဆီးဘူး ဒါပေမဲ့ သူတို့တော့ သေရမယ်”

ဤသည်မှာ သူ၏ အကြီးမားဆုံး အလျှော့ပေးမှု ဖြစ်သလို နောက်ဆုံးသော သက်ညှာမှုလည်း ဖြစ်ပေသည်။ ချမ်ပေါ်ထုံက ဝင်ပြောရန် ပြင်သော်လည်း ယဲ့ဖန်က သူ့ကို မာမာထန်ထန် ဖြတ်ပြောလိုက်သည်။

“ထပ်တောင်းဆိုဖို့ မစဉ်းစားနဲ့၊ ကျုပ် သည်းခံနိုင်စွမ်းကို လာစိန်မခေါ်နဲ့”

ယဲ့ဖန် အေးစက်စက် ပြောလိုက်သည်။ သူ၏ ဓားကဲ့သို့ စူးရှသည့် အကြည့်များက ချမ်ပေါ်ထုံ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ချမ်ပေါ်ထုံ စကားတစ်ခွန်း ဟရဲသည်နှင့် ယဲ့ဖန်၏ နုတ်နုတ်စင်းခြင်း ခံရမည့်ပုံပင်။

ချမ်ပေါ်ထုံ အောင့်သက်သက်ပြုံး၍ ပါးစပ် ပိတ်ထားလိုက်ရတော့သည်။ ကျုံးဝမ်ကြောင့်သာ မဟုတ်ပါက သူတို့ ချမ်မိသားစု ယနေ့ ပျက်သုဉ်းရမည် ဖြစ်ကြောင်း သူ သိပါသည်။ ထို့အတူ သူတို့၌ အခြေအနေကို ညှိနှိုင်းနိုင်သည့် အရည်အချင်းမျိုးလည်း မရှိပေ။

“အဖေ ကျွန်တော့ကို ကယ်ပါဦး”

ယဲ့ဖန်ရဲ့ စကားကိုကြားပြီး ချမ်ဖုန်း၏ မျက်နှာက ထိတ်လန့်စိတ်ကြောင့် ပြာနှမ်းသွားပြီး အသည်းအသန် အော်လိုက်မိသည်။

သူ အသာလေး ဖြေရှင်းနိုင်သည်ဟု ထင်မှတ်ခဲ့မိသောလူက အဆုံးသတ်၌ သူ့အား ခွေးတစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူစွာ သတ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

ယဲ့ဖန်ကို ပုရွက်ဆိတ်တစ်ကောင်သဖွယ် သူ မြင်ခဲ့မိ၍ မဆင်မခြင် ပြုမူရဲခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု အခြေအနေက ပြောင်းပြန်ဖြစ်သွားသဖြင့် သူ ဆောက်တည်ရာမရ ဖြစ်နေသည်။

“မင်းကိုကယ်ပါ ဟုတ်လား၊ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး”

ယဲ့ဖန်က အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး ချမ်ပေါ်ထုံအား တုံ့ပြန်ခွင့်မပေးတော့ပေ။ ချမ်ဖုန်းကို သူ လက်ညှိုးထိုး၍ သူ့အစွမ်းကို ပြသလိုက်သည်။

“ဝုန်း”

ချမ်ဖုန်း၏ ခန္ဓာကိုယ် တစ်စစီ ပေါက်ကွဲသွားပြီး ကြမ်းပြင်၌ အသားစများနှင့် သွေးအိုင်သာ ကျန်ရစ်ခဲ့တော့သည်။ သွေးများက ချမ်ရှုရန်၏ မျက်နှာကိုပင် လာစဉ်သဖြင့် သူမ ကြက်သေ သေသွားရသည်။

*ငါ့အဖေက ယဲ့ဖန်ရဲ့ လက်ချောင်းနဲ့ အသတ်ခံလိုက်ရတာလား*

အခြားသူများလည်း အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခြင်းက မိစ္ဆာဆန်သော နည်းလမ်းဖြစ်သလို ထိတ်လန့်စရာလည်း ကောင်းလှသည်။ ပြတ်သားစွာ သတ်ခဲ့သလို ရက်စက်လွန်းလှသည်။ လူသတ်ခြင်းက သူ့အတွက် အသက်ရှူနေသကဲ့သို့ လွယ်ကူလွန်းပုံရသည်။

ချမ်မိသားစုဝင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အသက်ပင် မရှူနိုင်တော့ချေ။ သူတို့အားလုံး သေခင်း နှုတ်ခမ်းဝမှ လက်မတင်လေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ကျုံးဝမ်ကြောင့်သာ မဟုတ်ပါက သူတို့အားလုံး သေချာပေါက် သေသွားပေလိမ့်မည်။

“အရှင်ယဲ့ဘုရင် အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”

လီကျန်းဟဲသည် ဒူးထောက်ဝပ်တွားကာ မျက်ရည်လည်ရွဲဖြင့် အော်ဟစ် တောင်းပန်လေသည်။ သူ ကြောက်ချေးပါနေမှန်း သိသာလှသည်။

“မင်းကို သတ်ချင်တာ သူတို့ သားအဖပါ၊ ငါနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါတွေအားလုံးက ချမ်ရှုရန် ခိုင်းလို့ ဖြစ်တာပါ”

“လီကျန်းဟဲ နင် ယောက်ျားမှ ဟုတ်ရဲ့လား”

သူ့စကားကြောင့် ချမ်ရှုရန် ဒေါသူပုန် ထသွားသည်။ ဤသို့ သေရေးရှင်ရေး အခြေအနေ၌ လီကျန်းဟဲက သူမကို စွန့်ပစ်လိမ့်မည်ဟု ထင်မထားမိပါ။

လင်နှင့်မယားဆိုသည်မှာ တစ်ကိုင်းတည်း နားသော ငှက်များလိုပင် ဖြစ်ပြီး ငှက်များသည် မုန်တိုင်းတိုက်လာလျင် တကွဲတပြားစီ ပျံသန်းတတ်ကြသည်။ အပေါ်ယံ လင်မယားများနှင့် အဖြစ် အတူတူပင်။

“ပါးစပ်ပိတ်ထား ခွေးမ နင် ကျုံးဝမ်ကို အမြဲ မနာလိုဖြစ်ခဲ့တာ မဟုတ်ဘူးလား၊ သူနဲ့ ခြေရာချင်း လိုက်တိုင်း နေတာလေ၊ ငါက ဘယ်လိုလုပ် ဒီလို အဖြစ်ခံရမှာလဲ”

လီကျန်းဟဲက မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။ သူ ချမ်ရျုရန်ကို သတ်ချင်စိတ်ပင် ပေါက်နေ၏။

“ငါ မင်းကို လက်ထပ်လိုက်ကတည်းက ငါ့ဘဝကြီးက ပုံစံခွက်ထဲ ရောက်သွားခဲ့တာ”

အကယ်၍ ဘုရားသခင်က သူ့ကို အခွင့်အရေး ထပ်ပေးခဲ့ပါက သူ တစ်ကိုယ်တည်းနေ၍ ချမ်ရှုရန်ကို ဘယ်တုန်းကမှ မသိခဲ့လျင် ပိုကောင်းပေမည်။

“အား….”

လီကျန်းဟဲ ရုတ်တရက် ငယ်သံပါအောင် စူးရှစွာ အော်လိုက်မိသလို သူ့မျက်လုံးတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် ထူးဆန်းသော ပုံသဏ္ဌာန်သဖွယ် တွန့်လိမ့်လာပြီး တဖြည်းဖြည်း ဖျစ်ညှစ်ခံရကာ သွေးများပန်းထွက်ကာ နေရာမှာတင် သေဆုံးသွားလေသည်။ သူ၏ သေဆုံးခြင်းက ကြောက်စရာကောင်းလှသည်။ ဤအဖြစ်ကြောင့် လူတိုင်း ထပ်မံ၍ တုန်လှုပ်သွားပြန်သည်။

*အသက်ရှင်နေတဲ့လူတစ်ယောက်ကို တကယ်ကြီး ဖျစ်ညှစ်ပစ်လိုက်တာလား*

ဤသို့သော နာကျင်မှုမျိုးကို သူတို့ တစ်ခါမှ မတွေးဝံ့ချေ။ ယင်းသည် နတ်ဆိုးတစ်ကောင်ကို ရန်စမိသည့် ကံကြမ္မာပင်။ သေခြင်းတရားသာလျင် သူ၏ ဒေါသကို ဖြေလျှော့ပေးနိုင်၏။

“ကျုံးဝမ် ငါ ရှုံးပါတယ်၊ ငါ ဆိုးဆိုးရွားရွားကြီးကို ရှုံးတာပါ”

လက်ရှိတွင် ချမ်ရှုရင်သည် သူမ၏ အဆုံးသတ်ကို ခန့်မှန်းမိသွားပြီး စိတ်ဓာတ်ကျသော အမူအရာမျိုး ဖြစ်နေသည်။

“ရုပ်ရည်အရ ငါ နင့်လောက် မချောဘူး”

“အလုပ်အကိုင်ကလည်း ငါ နင့်လောက် မတော်ဘူး”

“ပါရမီနဲ့ သင်ယူတဲ့နေရမှာလည်း ငါ နင့်လောက် မတော်ပါဘူး”

“ခင်ပွန်းသည် ရွေးတဲ့နေရာမှာတောင်မှ ငါ နင့်လောက် မတော်ပါဘူးဟာ”

သူမ ကူကယ်ရာမဲ့ကာ ကြောက်လန့်နေ၏။ သေခါနီး လူနာတစ်ယောက် မသေခင် စကားပြောသကဲ့သို့ တဖွဖွ ပြောနေသည်။

ကျုံးဝမ်၏ လူသည် ပြိုင်ဘက်ကင်း၍ စိုးမိုးနိုင်ကာ ပုဂ္ဂိုလ်ကြီးများကို လွှမ်းမိုးနိုင်၏။ သူသည် တကယ့် ဘုရင်တစ်ပါး ဖြစ်ပြီး ကျုံးဝမ်ကို အလွန် ချစ်ခင်မြတ်နိုးသည်။ ကျုံးဝမ်၏ အဘိုးကို မျက်နှာသာ ပေးလိုသဖြင့် ဟွိုင်အန်း စီရင်စုတစ်ခုလုံးမှ ပုဂ္ဂိုလ်ကြီးများကို လာရောက်ခိုင်းရန်ပင် ဝန်မလေးခဲ့ချေ။

ချမ်မိသားစု တစ်ခုလုံးကို ပုရွက်ဆိတ်အား နင်းချေသကဲ့သို့ နင်းချေနိုင်သော်လည်း ကျုံးဝမ်၏ စကားကြောင့် တစ်မိသားစုကို သတ်မည့်အတွေးကို လက်လျှော့ခဲ့သည်။

သူမ၏ အမျိုးသားကို ကြည့်မည်ဆိုလျင် ဘာမှအားမကိုးရသလို သေရေးရှင်ရေး အခြေအနေ၌ သူမကိုပင် စွန့်ပစ်ခဲ့ပြီး သူမကြောင့် ပြဿနာ ရှာခံရမည်ကိုပင် ကြောက်နေသေးသည်။

“ကျုံးဝမ် နင် ငါ့အကြောင်း သိပါတယ်၊ ငါ အကူအညီ မတောင်းချင်တဲ့လူက နင်ပါ၊ ဒါပေမဲ့ ငါ အခု နင့်ကို တောင်းပန်ပါရစေ၊ တကယ်လို့ ငါ့ကို သတ်မယ်ဆိုရင် မနှိပ်စက်ပေးဖို့ ပြောပေးလို့ ရမလား”

ချမ်ရှုရန် အောင့်သက်သက်ပြုံးကာ မေးလိုက်သည်။ ယဲ့ဖန် သူမကို အသက်ချမ်းသာပေးလိမ့်မည်ဟု သူမ မထင်ပါ။ အစောပိုင်းက ယဲ့ဖန်ကို သတ်ရန် ပြောခဲ့သူက သူမပင် မဟုတ်ပါလော။ သူမက ကျုံးဝမ်ကိုပါ ယဲ့ဖန်နှင့်အတူ သတ်ရန် ကြံစည်ခဲ့သေးသည်။ ထို့ကြောင့် သူမ သေခြင်းနှင့် ထိုက်တန်ပါ၏။

ကျုံးဝမ် သက်ပြင်းချလိုက်ပြီး ခပ်ဖွဖွ ခေါ်လိုက်သည်။

“ယဲ့ …”

“ရတယ်”

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ချမ်ရှုရင်၏ လည်ပင်း၌ သေးငယ်သော အနီရောင် အစင်းကြောင်းလေး တစ်ခု ဖြစ်ပေါ်လာပြီး ထိုအနီရောင် အစင်းကြောင်းက တဖြည်းဖြည်း ကျယ်ပြန့် လာပြီး သွေးများ ပန်းထွက်လာ၏။ သူမ အပြုံးနှင့်အတူ ထာဝရ မျက်လုံးမှိတ်သွားလေသည်။

ဤသည်ကိုကြည့်ပြီး ချမ်မိသားစုဝင်များသည် မုန်တိုင်းဝင်ပြီးနောက် အသက်ရှင်ကျန်သကဲ့သို့သော ထူးခြားသည့် ခံစားချက်မျိုး ရလာကြသည်။ သူတို့ ကျောတစ်ပြင်လုံး မအေးစိမ့်ဘဲ မနေနိုင်ကြချေ။

ကျုံးဝမ်ကြောင့်သာ မဟုတ်ပါက သူတို့၏ ကံကြမ္မာက ချမ်ရှုရန်ကဲ့သို့ ဖြစ်သွားနိုင်သည်။ ချမ်ပေါ်ထုံ မျက်ရည် ဖြိုင်ဖြိုင်ကျဆင်းနေ၏။ သူ၏ အကြီးဆုံးသားနှင့် မြေးမလေး ဤသို့အသတ်ခံရသည်က သူ့အမှားကြောင့်ပင်။

သူသာ အချိန်မီ တားခဲ့နိုင်ပါက၊ သူသာ အသရေပျက်အောင် လုပ်ကြံ ပြောဆိုခြင်းကို နားမထောင်ခဲ့ပါက။ သူသာ ယဲ့ဖန်ကို မစော်ကားခဲ့ပါလျင် ဤသို့ ဖြစ်လာမည် မဟုတ်ပါ။ အကယ်၍ဟူသော စကားက တကယ် ဖြစ်မလာနိုင်သည်က စိတ်မကောင်းစရာပင်။

“အရှင်ယဲ့ဘုရင် ဒါဆို ဒီလက်ဆောင်က …”

နလန်ရှောင်နှင့် အခြားသူများက မဝံ့မရဲ မေးလာသည်။

“ချမ်မိသားစုက ငါတို့လက်ဆောင်ကို မကြိုက်ဘူးဆိုမှတော့ ပြန်သိမ်းသွားရတာပေါ့”

ယဲ့ဖန် အေးအေးလူလူ ပြန်ပြောလိုက်သည်။ သူ့စကားကြောင့် ချမ်မိသားစုဝင်များအားလုံး ရင်ကွဲနာကျသွားသည်။ သူတို့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရကြောင်း သိလိုက်လေသည်။

“မင်း ငါနဲ့အတူ ပြန်လိုက်ချင်လား”

ယဲ့ဖန် ကျုံးဝမ်ကို ပြန်မေးလိုက်သည်။ ကျုံးဝမ် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းခါပြလေသည်။

“ဒီနေ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားတာ၊ အဘိုးတစ်ယောက်တည်း ဒါတွေကို ပြန်စဉ်းစားနိုင်မယ်လို့ ကျွန်မ မထင်ဘူး”

“ကောင်းပြီလေ”

ယဲ့ဖန် ခေါင်းညိတ်ကာ ထွက်လာလိုက်သည်။ သူ ထွက်သွားသည်နှင့် ရှိနေသည့် ပုဂ္ဂိုလ်ကြီးများကလည်း ညီညွတ်စွာ ပြန်ထွက်သွားကြပြီး မိနစ်ပိုင်းအတွင်း လူများ ရှင်းလင်းသွားပြီး ချမ်မိသားစု အိမ်တော်ထဲ၌ မည်သူမှ မကျန်တော့ပေ။

“ဘိုးဘိုး”

ကျုံးဝမ် အဘိုးဖြစ်သူ၏ အေးစက်နေသော လက်ကို စိုးရိမ်တကြီး ဆွဲကိုင်လေသည်။ ချမ်ပေါ်ထုံက သူမကို မော့ကြည့်၍ ခါးသက်စွာ ပြုံးလိုက်သည်။

“ဝမ်အာ မင်း သူ့ကို အရဆွဲထားမှ ဖြစ်မယ်၊ သူ့ကို မင်းဆီကနေ လွတ်ထွက်သွားအောင် မလုပ်နဲ့၊ သူက ငါတို့ ချမ်မိသားစုအတွက် ကံဆိုးမှုဆိုပင်မယ့် မင်းအတွက် အကြီးမားဆုံး ကံကောင်းမှုပဲ”

ယဲ့ဖန်နောက် လိုက်မည်ဆိုလျင် ကျုံးဝမ်တစ်ယောက် ဖြစ်ချင်တာမှန်သမျှ ဖြစ်လာနိုင်၏။

“ဟုတ်တယ် ကျုံးဝမ် မင်း ဒီအခွင့်အရေးကို အပိုင်ဖမ်းထားမှ ဖြစ်မယ်၊ ဒီလိုလူကောင်းမျိုးကို မင်း ဘယ်မှာမှ ရှာနိုင်မှာ မဟုတ်ဘူး”

အခြား ချမ်မိသားစုဝင်များကလည်း ဝင်ပြောလာပြီး အတတ်နိုင်ဆုံး ဖျောင်းဖျပြောဆိုကြသည်။ ယခင်က ယဲ့ဖန်နှင့် လမ်းခွဲရန် သူမကို နားချသည့်သူများကလည်း ဤလူများပင်။

ယဲ့ဖန်က သူတို့ချမ်မိသားစုကို မုန်းတီးသွားပြီ ဖြစ်သော်လည်း ယဲ့ဖန်က ကျုံးဝမ်၏ ချစ်သူ ဖြစ်နေသရွေ့ သူတို့ ချမ်မိသားစု၌ ယဲ့ဖန်ကို ဖက်တွယ်နိုင်မည့် အခွင့်အရေး ရှိနိုင်သေးသည်။

ဤသို့စဉ်းစားမိပြီးနောက် ဤလူများသည် အမူအရာ ပြောင်းလဲသွားပြီး ကျုံးဝမ်ကို နားချလာကြသည်။ ကျုံးဝမ် မချိပြုံး ပြုံး၍သာ ကြည့်နေလိုက်ရသည်။

ယနေ့မှစ၍ သူမဘဝက တည်ငြိမ်တော့မည် မဟုတ်ကြောင်း သူမ သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမအား “ယဲ့ဘုရင်၏ အမျိုးသမီး”ဟု အမည်တပ်ခံလိုက်ရသောကြောင့်ပင်။

…

သုံးရက်တာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။

“ဝုန်း”

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဖျင်အန်းတစ်မြို့လုံး ကမ္ဘာပျက်သလို ဖြစ်လာသည်။ ဖျင်အန်း တစ်မြို့လုံးမှ သင်္ချိုင်းများ၌ မြှုပ်နှံထားသော အလောင်းများသည် ညတွင်းချင်း အသက်ဝင်လာပြီး မြေကြီးထဲမှ ကုန်းထွက်လာကာ လမ်းမထက်၌ လျှောက်သွားပြီး တွေ့သမျှလူကို ကိုက်ဖဲ့ကြသည်။ ထိုအဖြစ် ဖြစ်ပေါ်ပြီး သုံးနာရီအကြာတွင် သေဆုံးမှုက သုံးထောင်အထိ ရောက်ရှိသွားသည်။

“မြေအောက် အလောင်းကောင်ဘုရင်၊ အလောင်းတွေကို အသက်သွင်းတာက သေချာပေါက် မြေအောက် အလောင်းကောင် ဘုရင်ရဲ့ နည်းလမ်းပဲ၊ ဟားဟားဟား … ဒီသိုင်းပညာရှင်တွေ နောက်ဆုံးတော့ လှုပ်ရှား တော့မှာပဲ”

“သုံးနာရီအတွင်း လူသုံးထောင် သေတယ်၊ ကျွတ် ကျွတ် ကျွတ်၊ ဒီနည်းလမ်းက တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်တဲ့ နည်းလမ်းပဲ၊ အလောင်းကောင်ဘုရင် လုပ်လိုက်စမ်းပါ၊ ဖျင်အန်း တစ်မြို့လုံးကို တစ်လအတွင်း ပျက်စီးခြင်း မြို့တော်ဖြစ်အောင် လုပ်ပစ်လိုက်စမ်းဗျာ”

နဂါးမြို့တော်၏ ဖိုရမ်ပေါ်၌ တစ်ယောက်ပြီး တစ်ယောက်၏ စိတ်လှုပ်ရှားစွာ ပြောဆိုသံများ ပေါ်ထွက်လာသည်။ ဖျင်အန်းမြို့လေး သက်ရှိလောကမှ ငရဲခန်းအဖြစ်သို့ ပြောင်းလဲသွားမည်ကို မျှော်လင့်နေသည့်ပုံပင်။

သို့သော် ဖျင်အန်းမြို့မှ တစ်ချို့သောလူများကလည်း ထုတ်ပြောလာ၏။

“ငါတို့က တစ်နိုင်ငံတည်းနေတဲ့ တစ်ပြည်တည်းသားတွေလေ၊ မင်းတို့ ဒီလိုပြောတဲ့အချိန် အပြစ်ရှိသလို မခံစား မိဘူးလား”

“ဖျင်အန်းမြို့က ကျုပ်တို့တွေက ဘာအမှားလုပ်မိလို့ ခင်ဗျားတို့က ဒီလောက် မုန်းရတာလဲ၊ ကျုပ်တို့ကို သေတွင်းထဲ ပို့နိုင်ဖို့ ဘာလို့ မစောင့်နိုင် ဖြစ်နေရတာလဲ”

သို့သော် ထိုမှတ်ချက်များ ပေါ်လာသည်နှင့် နဂါးမြို့တော်မှ ပုတ်ခတ် ပြောဆိုသော မှတ်ချက်များ ပြည့်နှက်လာ၏။

“တစ်ပြည်တည်းသားတွေ ဟုတ်လား၊ ယီးပဲ ငါတို့ နဂါးမြို့တော်က သန်မာတဲ့လူတွေ စုနေတဲ့ နေရာ ဖြစ်သလို ဂိုဏ်းတွေလည်း အများကြီးပဲ၊ သိုင်းပညာရှင်တွေက တိမ်လို ပေါနေတာ၊ မင်းတို့ ဖျင်အန်းမြို့က ဘာရှိလို့လဲ၊ မင်းတို့က ငါတို့နဲ့ ရင်းနှီးဖို့ ထိုက်တန်လို့လား”

“မင်းတို့က ငါတို့ရဲ့ တစ်ပြည်တည်းသားတွေ ဖြစ်ဖို့ မထိုက်တန်ဘူး၊ ဒါပေမဲ့ မင်းတို့က ဒူးထောက်ပြီး ငါတို့ကျွန် ဖြစ်ဖို့တော့ ထိုက်တန်ပါတယ်၊ ဟားဟားဟား …”

“မင်းတို့ လုပ်မိတဲ့ တစ်ခုတည်းသောအမှားက မင်းတို့တွေ အရမ်း အားနည်းလွန်းတာပဲ၊ အားနည်းလွန်းတာကြောင့် မင်းတို့ သေဖို့ ထိုက်တန်တာ”

နဂါးမြို့တော်မှ လူများသည် ယဲ့မိသားစု၏ သိမ်းသွင်းခြင်း ခံထားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် မောက်မာ ဝင့်ကြွား၍ သူတို့ကိုယ်သူတို့ မြင့်မြတ်သည်ဟု သတ်မှတ်ထားကြသည်။ ဖျင်အန်းမြို့ကို သနားမည့်အစား ပျက်စီးစေရန် မျှော်လင့်နေ၏။

ငါးနာရီကြာပြီးနောက် အဆောက်အဦးတစ်ခု ပြိုကျလာသည်။ ထို့နောက် ဒုတိယတစ်လုံးနှင့် တတိယတစ်လုံး ဆက်တိုက် ပြိုကျလာလေသည်။

အရိုးခေါင်း စစ်ဘုရင် လှုပ်ရှားလာလေပြီ။ ဤမိုးမျှော် အဆောက်အဆုံများကို သူ၏ သံကဲ့သို့ မာကြောသော အရိုးများဖြင့် ဝင်တိုက်သောကြောင့် အဆောက်အဦးများ ပြိုကျပျက်စီးသဖြင့် သေကြေပျက်စီးမှုများက မရေတွက်နိုင်တော့ချေ။

ရှောင်နန်ကလည်း နောက်ကောက်ကျမကျန်ခဲ့ချင်သဖြင့် သဘာဝလွန် အစွမ်းများသုံး၍ သေးငယ်သော နေလုံးအသွင် ပြောင်းကာ ဖျင်အန်းမြို့အထက်၌ နေရာယူ၍ လူအများအား ခြစ်ခြစ်တောက် ပူလာအောင် ပြုလုပ်လေသည်။

ဖျင်အန်းတစ်မြို့လုံးကို ပူလောင်လာသဖြင့် ငရဲခန်းအသွင် ပြောင်းလဲကာ ထောင်ချီသော လူများစွာတို့ တစ်ခဏအတွင်း သေဆုံးကြရသည်။

တစ်မူထူးခြားသော လူများက ဖျင်အန်းမြို့သို့ ဆင်းလာပြီး သူတို့၏ စွမ်းအားများကို ထုတ်သုံးကာ အကြမ်းပတမ်း ဖျက်ဆီးနေ၏။

ဖျင်အန်းတစ်မြို့လုံး၌ ဝမ်းနည်းပူဆွေးစွာ အော်ငိုသံများဖြင့် ပြည့်နှက်နေသည်။ မိတ်ဆွေများက မိတ်ဆွေများကို ဆုံးရှုံးရပြီး ချစ်သူများက မိမိ၏ ချစ်သူများကို ဆုံးရှုံးရလေသည်။ ညီအစ်ကိုမောင်နှမများလည်း မိမိတို့၏ မောင်နှမသားချင်းများကို ဆုံးရှုံးလိုက်ရသည်။ ဖျင်အန်းမြို့၌ တစ်နေ့တည်းနှင့် သေကြေဒဏ်ရာရသူ တစ်သိန်း ကျော် လာသည်။

“အရှင်ယဲ့ဘုရင် ကူညီပါဦး”

“အရှင်ယဲ့ဘုရင် ခင်ဗျား ဘယ်ရောက်နေတာလဲ၊ ကျုပ်တို့ကို ကယ်ပါဦး၊ ခင်ဗျားရဲ့လူတွေကို ကယ်ပါဦး”

“အရှင်ယဲ့ဘုရင်၊ ကျွန်တော့်ဆုတောင်းကို ကြားမယ်ဆိုရင် ကျေးဇူးပြုပြီး ကူညီပေးပါ … ကျွန်တော့် မိသားစုကို သတ်သွားတဲ့ ခွေးမသားတွေကို သတ်ပေးပါ”

All Chapters