← Chapters

ဒဏ်ရာရဟန် ဟန်ဆောင်ခြင်း- အစပိုင်းအဆင့်မှ အရှုံးပေးသည်အထိ

Vol. 11 Ch. 152

ဒဏ်ရာရဟန် ဟန်ဆောင်ခြင်း- အစပိုင်းအဆင့်မှ အရှုံးပေးသည်အထိ

Vol. 11 Ch. 152

လီချန်ရှို့ ရုတ်တရက် နေမကောင်းဖြစ်လာ၏။

ထိုနေ့သည် ပိုင်ဖန်ခန်းမက ဂိုဏ်းတွင်းပြိုင်ပွဲမှ ထိပ်ပိုင်းတပည့်သုံးဆယ့်ခြောက်ယောက်နှင့် အကြီးအကဲဆယ့်နှစ်ဦးတို့၏ ထောက်ခံချက်ကိုရရှိသော သူများသည် ပိုင်ဖန်ခန်းမရှိ အစည်းအဝေးပွဲသို့ လာရန် ဖိတ်ခေါ်လိုက်သည်။

လီချန်ရှို့သည် အချိန်ကိုက် ဟန်ဆောင်နိုင်ခဲ့၏။

အမှန်တွင် လီချန်ရှို့သည် ဂိုဏ်းထဲတွင် လေလှိုင်းအသံဖမ်းအတတ်သုံး၍ စောင့်ကြည့်နေခဲ့သဖြင့် သတင်းအတိအကျ ရထားခြင်းဖြစ်သည်။ တပည့်များကို မနက်ဖြန်တွင် စုဝေးမည်ကို သူသိရှိခဲ့၏။

ကျောင်းတော်သုံးကျောင်းတွေဆုံပွဲကို နောက်နှစ်ဝက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း သူသိခဲ့ရ၏။

‘ သူတို့က ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ချင်နေတာလား ’

‘ သူတို့က ငါ့ကို အရှေ့ကနေရင်ဆိုင်ခိုင်းပြီး ပြဿနာတွေအကုန်လုံးကို ဖြေရှင်းစေချင်နေတာလား ’

လီချန်ရှို့အနေဖြင့် လှည့်ကွက်တစ်မျိုးတည်းကို နှစ်ခါအမိခံမည်မဟုတ်ပေ။

ဤအကြိမ်တွင် လီချန်ရှို့သည် ကြိုတင်၍ “ ဖျားနာ ” ထား၏။ သူသည် အဖက်ဖက်မှ တွေးတော၍ တုံ့ပြန်ရမည့်အစီအစဉ်များကိုလည်း ပြင်ဆင်ထားလေသည်။

လင်းအယ်သည် ကျိုးကျိုးကို အလျင်အမြန်ခေါ်လိုက်သည်။ ကျိုးကျိုးသည် သူမ၏ အခန်းအောင်းမကျင့်ကြံသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော အစ်ကိုငါးကို ချုံတောင်လေးဆီသို့ ခပ်သွက်သွက် ခေါ်လာ၏။

တဲအိမ်အတွင်း၌ လီချန်ရှို့၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏အသက်ရှူသံသည် အားနည်းနေလေသည်။ သူသည် ကောက်ရိုးအိပ်ရာပေါ်တွင် လှဲ၍ သူ၏တစ်ကိုယ်လုံးသည် ချည့်နဲ့နေ၏။

ကျိုးဝူတစ်ယောက် အသေးစိတ်စစ်ဆေးပြီးသွားသောအခါ သူသည် စိတ်အေးသွားဟန် သက်ပြင်းချ၍ ပြောလိုက်သည်။

“ ဒါက စိုးရိမ်ရတဲ့ ဒဏ်ရာမဟုတ်ပါဘူး။ အဲဒါက မင်းအဆင့်တက်ဖို့ အားသုံးပြီး အတင်းလုပ်လိုက်လို့ အဆင့်မတက်ဘဲ မင်းရဲ့ မူလဝိညာဉ်ကို ထိခိုက်သွားတာပါ။ အဲဒါကြောင့် မင်းရဲ့ တာအိုအခြေခံက နည်းနည်း မတည်မငြိမ်ဖြစ်သွားတာ။ ဒီလိုအခြေအနေမှာ မင်းရဲ့ ဓမ္မတန်ခိုးတွေနဲ့ မူလဝိညာဉ်ကို မင်း အသုံးပြုလို့မရဘူး။ ဒါပေမဲ့ မင်း ခုနှစ်နှစ်၊ ရှစ်နှစ်လောက် အားပြန်ဖြည့်ပြီးရင်တော့ တဖြည်းဖြည်းပြန်ကောင်းလာမှာပါ။ တခြား စိုးရိမ်စရာတွေတော့မရှိပါဘူး။ မပူပါနဲ့... ”

လင်းအယ်သည် သူမ၏ အစ်ကိုသည် တမင်ဟန်ဆောင်နေခြင်း ဖြစ်ရမည်ဟု သိသော်လည်း ကျိုးဝူ၏ စကားများကို ကြားလိုက်ရသောအခါ သူမသည် မမေးဘဲမနေနိုင်ဖြစ်သွား၏။

“ အစ်ကိုကြီးက သူ့ရဲ့ ဓမ္မတန်ခိုးတွေကို သုံးလိုက်ရင် ဘာဖြစ်သွားမှာလဲ ”

“ အဲဒီလိုဆို သူ့ရဲ့ တာအိုအခြေခံကို အလွယ်တကူ ထိခိုက်သွားမှာပဲ... ”

ကျိုးဝူ သူ့ဘာသာရေရွတ်လိုက်သည်။

“ မသုံးတာ အကောင်းဆုံးပါပဲ ”

အိပ်ရာပေါ်ရှိ နှုတ်ခမ်းများ ဖျော့တော့နေသော လီချန်ရှို့က ပြောလိုက်၏။

“ ဟူး... ကျွန်တော်က အဆင့်နည်းနည်းလောက် တက်ချင်ရုံပါ ဒါပေမဲ့ အတင်းအကြပ်လုပ်သလို ဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး...အဟွတ်..အဟွတ်... ”

ကျိုးဝူ သူ့ဘာသာ ထပ်ရေရွတ်လိုက်၏။

“ ငါ အကြီးအကဲဝမ်ဆီသွားပြီး မင်းရဲ့ တာအိုအခြေခံကို ပြန်တည်ငြိမ်အောင်လုပ်နိုင်မယ့် ဆေးလုံးသွားတောင်းလိုက်ပါမယ်။ ငါဖော်ထားတဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးက သိပ်မကောင်း‌တော့ စိတ်မချရဘူး... ”

လင်းအယ် ခပ်သွက်သွက် မေးလိုက်၏။

“ အဲဒီလိုဆို အစ်ကိုကြီးက ပိုပြီးစောစော သက်သာလာမှာလား ”

လီချန်ရှို့ စိတ်ထဲတွင် ပြုံးလိုက်သည်။ သူ၏ ညီမလေးကို ပြုစုပျိုးထောင်ခဲ့ရသည်မှာ အလကားမဖြစ်ဟု သူတွေးလိုက်မိ၏။

ကျိုးဝူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ လွယ်တော့မလွယ်ဘူး... ဒီလိုဒဏ်ရာမျိုးက ပျောက်ဖို့ဆိုရင် အနားယူပေးမှရမယ်။ ဆေးလုံးတွေက သူအားပြန်ဖြည့်နေတဲ့အချိန် တခြားဒဏ်ရာတွေ မရအောင်ဘဲ ကာကွယ်ပေးနိုင်မှာ ”

လင်းအယ် သက်ပြင်းဖွဖွချလိုက်၏။ အမှန်တွင် သူမသည် စိတ်အေးသွားသဖြင့် သက်ပြင်းချလိုက်ခြင်းပင်။

ကျိုးဝူတစ်ယောက် အလုပ်များသွား၏။ သူသည် ဆေးလုံးများသွားတောင်းပြီး‌နောက် ပိုင်ဖန်ခန်းမသို့သွားကာ သတင်းပို့လိုက်သည်။ သူသည် လင်းအယ်မလုပ်ရစေရန် ထိုကဲ့သို့ လိုက်လုပ်ပေးနေခြင်းပင်။

လီချန်ရှို့သည် အိပ်ရာပေါ်တွင် လှဲနေ၏။ သူဖော်ပြထားသော ဓမ္မတန်ခိုးများသည် အတန်ငယ် ရှုပ်ထွေးနေ၏။

မကြာခင် သူ၏ဆရာသည် ထိုအကြောင်းကို ကြားသောအခါ သူသည် လီချန်ရှို့ကို ကြည့်ရှုရန် စိုးရိမ်တကြီး ရောက်လာ၏။ သူ၏ တပည့်ကြီးသည် ကောင်းကင်ပြစ်ဒဏ်ကိုပင် ခံယူပြီးထားသူတစ်ဦးဖြစ်ကြောင်းကို သူမေ့တော့မလိုပင် ဖြစ်သွား၏။

သို့သော် ချီယွမ်သည် လီချန်ရှို့၏ ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်းသိသွားသဖြင့် ထပ်၍ မမေးတော့ပေ။ သူသည် သူ၏တဲအိမ်သို့ပြန်၍ ဆက်ကျင့်ကြံနေခဲ့သည်။

ဒဏ်ရာရနေကြောင်း ဟန်ဆောင်မှုသည် ကိစ္စသေးလေးသာဖြစ်သော်လည်း လီချန်ရှို့အတွက်မူ များစွာအရေးပါ၏။

အကြီးအကဲဝမ်လင်းယွမ် ရောက်လာနိုင်ကြောင်းကိုလည်း လီချန်ရှို့ကြိုတွက်ထားပြီး ဖြစ်သည်။

အကြီးအကဲဝမ်လင်းယွမ် ဂရုတစိုက်စစ်ဆေးပြီး‌နောက် သူသည်လည်း ကျိုးဝူကဲ့သို့ပင် ကောက်ချက်ချခဲ့၏။ ထိုကြောင့် လီချန်ရှို့၏ သရုပ်ဆောင်စွမ်းရည်သည် ပြောင်မြောက်သည်ဟု ဆိုနိုင်ပေသည်။

“ မင်း... လှုပ်လှုပ်ရှားရှား မလုပ်နဲ့ ”

အကြီးအကဲဝမ်လင်းယွမ် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ မင်း ခြောက်နှစ်၊ ခုနှစ်နှစ်အတွင်း ပြန်ကောင်းလာမှာပါ ”

“ စိတ်မလောနဲ့... မင်းရဲ့ ပါရမီက အခုကို အကောင်းဆုံးဖြစ်နေပါပြီ။ မင်းရဲ့ နားလည်နိုင်စွမ်းကလည်းမြင့်ပြီး အကျင့်စရိုက်ကလည်းကောင်းတယ်။ မင်းက ရုပ်ရည်လည်း ချောမောခံ့ညားတယ်။ မင်းသေချာပေါက် အဆင်ပြေသွားမှာပါ ”

“ နောက်မှ ငါ အဲ့ဆေးလုံးကို ဖော်ပြီးသွားရင် မင်းလေ့လာဖို့ ငါလာပေးမယ် ဟုတ်ပြီလား... ”

လီချန်ရှို့ ရင်ထဲထိသွား၏။ သို့သော် သူသည် အကြီးအကဲဝမ်ကို သတိပေးရဦးမည်ဖြစ်သည်။

‘ ဆရာဘိုးဘိုး... ဆရာဘိုးဘိုး နတ်အာရုံတုံ့ပြန် အဆိပ်ဆေးလုံးကို ဖော်တာ လမ်းလွဲနေတယ်။ ပြီးတော့ အဲဒီလိုလမ်းလွဲနေလို့ တခြား အဆိပ်ဆေးလုံတစ်မျိုးကို ဖော်စပ်မိသွားလိမ့်မယ်... ’

အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့၏ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိသွားသဖြင့် သူ့အတွက် အားဖြည့် ဆေးလုံးအများအပြား ချန်ထားပေးခဲ့ပြီးနောက် သုံးချောင်းထောက်ဆေးတောင်သို့ပြန်သွားကာ စိတ်အေးလက်အေးသာ နေ,နေလေတော့သည်။

ထို့နောက် လီချန်ရှို့သည် ပိုင်ဖန်ခန်းမမှ အကြီးအကဲအချို့သည် အတူတကွရောက်လာနိုင်ကြောင်း ခန့်မှန်းလိုက်၏။

ဂိုဏ်းတွင်မှ ကာမအားတိုးဆေးလုံးကို ရရှိထားသော အကြီးအကဲများသည်လည်း လူစု၍ ချုံတောင်လေးသို့ လာ‌ရောက် သတင်းမေးနိုင်လေသည်။

သူသည် ဤအကြိမ်တွင် ဒဏ်ရာရနေဟန် ဟန်ဆောင်လိုက်သဖြင့် ဆေးလုံးအချို့ကို ရရှိနိုင်သည်ဟု တွေးမိလိုက်၏။ နောက်မှ သူသည် စက္ကူကိုယ်ပွားကို မြို့သို့ လျှို့ဝှက်စေလွှတ်၍ ထိုဆေးလုံးများကို ရောင်းချခိုင်းရပေမည်။ ထို့နောက် သူသည် သူပြန်၍ မဖြည့်တင်းနိုင်ခဲ့သော ဝိညာဉ်သားရဲမွေးမြူရေးခြံကို ပြန်၍ ဖြည့်တင်းရမည်ဖြစ်သည်။

အမှန်တွင် သူ မဖြည့်တင်းနိုင်သည်မှာ ဝိညာဉ်သားရဲခြံမဟုတ်ဘဲ လူသားတို့၏ လိုအင်ဆန္ဒနှင့် သူတို့၏ စားချင်စိတ်သာဖြစ်သည်။

လီချန်ရှို့ ခန့်မှန်းထားသကဲ့သို့ပင် အကြီးအကဲဝမ်လင်းယွမ်ပြန်သွားသောအခါ ပိုင်ဖန်ခန်းမမှ “ ဝိညာဉ်ငါး ” အကြီးအကဲအချို့သည် အတူတကွရောက်လာကြ၏။ သူတို့သည် လီချန်ရှို့၏ လက်ကောက်ဝတ်ကို ကိုင်၍စမ်းသပ်ကြပြီး သူတို့ အေးအေးဆေးဆေးအနားယူရန် မှာကြားကြ၏။

မကြာခင် အခြား ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲများလည်း ရောက်ရှိလာ၏။

ထိုအထဲမှ ရှစ်ယောက်သည် ကာမအားတိုးဆေးလုံးကို စားထားပြီး အခန်းအောင်းမကျင့်ကြံသည်မှာ ကြာပြီဖြစ်သော သူများဖြစ်သည်။ သူတို့သည် ချုံတောင်လေးသို့လာခဲ့ခြင်းမှာ လီချန်ရှို့ထံတွင် ‌ဖော်စပ်ထားသော လက်ကျန် ကာမအားတိုးဆေးလုံးများ ကျန်နေသေးလား ပရိယာယ်သုံး၍ မေးရန်ဖြစ်သည်။

လီချန်ရှို့သည် ထိုအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် သူတို့တစ်ယောက်စီကို တစ်လုံးစီပေးလိုက်၏။

ထိုအခိုက်တွင် ဂိုဏ်းတွင်မှ အကြီးအကဲများမှာ လီချန်ရှို့က အလျင်စလို ကျင့်ကြံခဲ့သဖြင့် သူ၏ မူလဝိညာဉ်နှင့် တာအိုအခြေခံတို့ကို ထိခိုက်သွားကြောင်း သိရှိပြီးဖြစ်သည်။

သာမန်တပည့်များမှာမူ ထိုအကြောင်းကို မသိကြပေ။ ထိုကိစ္စသည် သူတို့နှင့်လည်း မည်သို့မှ မသက်ဆိုင်ပေ။

သို့သော် ယုံချင်ရွှမ်းယာရောက်လာသောအခါတွင် အခြေအနေများသည် လီချန်ရှို့မျှော်လင့်ထားသည်ထက် ကြီးထွားကုန်၏။

“ အစ်ကိုချန်ရှို့... ”

အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယုံချင်ရွှမ်းယာသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် အိပ်ရာဆီသို့ ခပ်သုတ်သုတ် လျှောက်သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော လီချန်ရှို့ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။

အိပ်ရာဘေးတွင် ရှိနေသော လင်းအယ်သည် လျင်မြန်စွာပြောလိုက်၏။

“ အစ်မယုံချင်... မစိုးရိမ်ပါနဲ့။ အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းက နည်းနည်း ထိခိုက်သွားရုံပါ။ ဂိုဏ်းထဲက အကြီးအကဲတွေလည်း အစ်ကိုကြီးကို စစ်ဆေးပြီးသွားပါပြီ။ သူ အားပြန်ဖြည့်ပြီးရင် ပြန်ကောင်းလာမှာပါ ”

ယုံချင်ရွှမ်းယာသည် သိမ်မွေ့စွာ ခေါင်းညိတ်၍ လီချန်ရှို့၏ မျက်လုံးများကို ကြည့်လိုက်သည်။

မည်သည်ကြောင့်မသိ လီချန်ရှို့သည် ကျဲကျောင်းတော်၏ အပြင်စည်းဂိုဏ်းမှ တပည့်ခေါင်းဆောင်နှင့် မျက်လုံးချင်းစုံခဲ့သည်ကိုပင် တစိုးတစိမျှ စိတ်မလှုပ်ရှားခဲ့သော်လည်း ယခုတွင် လီချန်ရှို့ အတန်ငယ် စိတ်လှုပ်ရှားသွား၏။

‘ မင်းကိုက အဆိပ်ပြင်းနေတာပဲ... ’

သူသည် ယုံချင်ရွှမ်းယာ ခပ်ဖွဖွပြောလိုက်သံကို ကြားလိုက်ရ၏။

“ အစ်ကိုချန်ရှို့... ရွှမ်းယာ သိပါတယ် ”

လီချန်ရှို့၏ လည်စလုတ်သည် နိမ့်ချည်၊ မြင့်ချည်ဖြစ်သွား၏။

‘ ဘာကိုသိတာလဲ... ’

သူမ ဆက်ပြော၏။

“ အစ်ကို အလျင်စလို ကျင့်ကြံလိုက်တယ်ဆိုတာ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲမှာ ဂိုဏ်းအတွက် ဂုဏ်တက်အောင် လုပ်ပေးချင်လို့မလား... ”

လီချန်ရှို့ ဆွံ့အသွား၏။

ထိုကဲ့သို့ အမှန်ပင် မဟုတ်ချေ။

“ အစ်ကိုချန်ရှို့... မပူပါနဲ့။ ဒီမျိုးဆက်ရဲ့ တပည့်ခေါင်းဆောင်အနေနဲ့ ရွှမ်းယာ အစ်ကိုချန်ရှို့ရဲ့ ရည်မှန်းချက်ကို ပခုံးလွှဲယူပေးမှာပါ။ တုနတ်ဝိဇ္ဇာဂိုဏ်းအတွက် ရွှမ်းယာ အစွမ်းကုန် တိုက်ခိုက်မှာပါ ”

လီချန်ရှို့ စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ သူမ ထိုသို့ စိတ်အားတက်သွားရုံသာဆိုလျှင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

“ ညီမလေးယုံချင်... ”

“ အစ်ကိုချန်ရှို့ စကားတွေ ပြောမနေပါနဲ့တော့... စိတ်အေးအေးသာထားပြီး ပြန်အားဖြည့်နေပါ ”

ယုံချင်ရွှမ်းယာသည် လျင်မြန်စွာ ရှေ့သို့ကိုင်း၍ လီချန်ရှို့၏ ပခုံးကို သိမ်မွေ့စွာ ဖျစ်လိုက်၏။ သူမ၏ ဆံပင်ရှည်ကြီးများသည် လီချန်ရှို့၏ မျက်နှာအရှေ့တွင် ဝဲကျနေလေသည်။

သူမ၏ မျက်နှာသည် လှပသော်လည်း သူမ၏ အကြည့်များသည် ပြတ်သားမှုများဖြင့် ပြည့်နှက်နေပေ၏။

“ ရွှမ်းယာ အစ်ကိုချန်ရှို့ကို သေချာပေါက် စိတ်မပျက်စေရပါဘူး ”

လီချန်ရှို့ ကျေးဇူးတင်ဟန် ပြုံးပြလိုက်၏။

ကံအားလျော်စွာပင် သူမသည် ဤအကြိမ်တွင် ကြာကြာမနေခဲ့ပေ။

ယုံချင်ရွှမ်းယာသည် ချုံတောင်လေးတွင် လေးနာရီသာနေ၍ ပြန်သွားလေသည်။ သူမသည် မပြန်ခင် ဆေးလုံးအများအပြား ပေးသွားခဲ့၏။

သို့သော် ယုံချင်ရွှမ်းယာထွက်သွားပြီး ချုံတောင်လေးမှ ထွက်သွားပြီးနောက် ပြန်မရောက်လာသေးသော ကျိုးကျိုးသည် ကောင်းကင်ခွင်းတောင်မှနေ၍ အရက်အိုးကြီးကို စီးကာ ပျံသန်းလာနေ၏။

လီချန်ရှို့ အံ့အားသင့်သွားသည့်အချက်မှာ အရက်အိုးကြီး၏ဘေးတွင် သူ မရင်းနှီးသောသူတစ်ယောက် ပါလာခြင်းပင်။

ထိုပုဂ္ဂိုလ်၏ ကိုယ်ရောင်ကိုယ်ဝါသည် တည်ငြိမ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်ချက်မျှပင် လှုပ်ရှားနေသော ကိုယ်ရောင်ကိုယ်ဝါမရှိပေ။ သူသည် အတန်ငယ် ပိန်ပါး၍ သူ၏ နဖူးသည် အတန်ငယ် မည်းမှောင်နေ၏။

သို့သော် လီချန်ရှို့သည် ထိုပုဂ္ဂိုလ်ကို မြင်လိုက်သောအခါ ရင်ခုန်သံမြန်သွား၏။ သူသည် အမြန်ပြေးထွက်သွားပြီး သူ၏ဆရာဒေါ်လေးကို တားလိုက်လို၏။

ထိုပုဂ္ဂိုလ်ကား အကြီးအကဲချီလင်းပင်။

ဂိုဏ်းတွင်းရှိ အာကာသနတ်မင်းနှစ်ပါးထဲမှ တစ်ပါးဖြစ်သော ရှေးခေတ် ချီလင်းမျိုးနွယ်မှသူပင်။

လီချန်ရှို့သည် အကြီးအကဲချီလင်း၏ ဇာတ်ကြောင်းကို မသိသေးပေ။ သို့သော် သူ၏ အမြင်နှင့် ကျင့်ကြံခြင်းအဆင့်သည် အကြီးအကဲဝမ်လင်းယွမ်ထက် အပြတ်အသတ်သာလေသည်။

လီချန်ရှို့သည် ချီငြိမ်မန္တရားကို ဆဋ္ဌမအဆင့်အထိ အဆင့်မြှင့်တင်ပြီးပြီဖြစ်သည်။ သူသည် ထိုအကြီးအကဲ၏ အရှေ့တွင် သူ၏ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားချင် ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။

သို့သော် ထိုအကြီးအကဲသည် သူ၏ ဟန်ဆောင်ထားသော ဒဏ်ရာကိုမူ သေချာပေါက်သိသွားမည်ဖြစ်သည်။

‘ ငါ ဘာလုပ်သင့်လဲ ’

‘ ဘာလို့ ဒီ‌နေ့ ယုံချင်ရွှမ်းယာရဲ့ အဆိပ်ဓာတ်က ဆရာဒေါ်လေးဆီကို ကူးပြောင်းသွားရတာလဲ ’

‘ ဆရာဒေါ်လေးက ဘယ်လိုများ အဲ့အကြီးအကဲကို တာအိုပစ္စည်းသိုလှောင်ခန်းကနေ ထွက်လာအောင် လုပ်လိုက်တာလဲ။ ဒီအကြီးအကဲက ဂိုဏ်းကြီးတစ်ဂိုဏ်းက အကြီးအကဲလား... ’

အဟမ်း... ထိုအရာများသည် အရေးမပါတော့ပေ။ လီချန်ရှို့သည် လျင်မြန်စွာ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။

ကိစ္စမရှိပေ။ လီချန်ရှို့သည် ထိုအတွက်လည်း တွေးတောထားပြီးဖြစ်သည်။

သူသည် ဂိုဏ်းအတွင်းရှိ အာကာသနတ်မင်းများ၏ အမြင်မှ ပုန်းကွယ်မနေနိုင်ဟုသာထင်လျှင် သူ၏ဝှက်ဖဲများကို အလွယ်တကူပေါ်သွားစေနိုင်သည့် ထိုကဲ့သို့ “ အန္တရာယ်များသော လုပ်ရပ် ”ကို လုပ်မည်မဟုတ်ပေ။

သူသည် အံကြိတ်၍ လက်သီးဆုပ်လိုက်၏။ သူသည် ကိုယ်ရောင်ကိုယ်ဝါ မတည်မငြိမ်ဖြစ်မှုများ၊ ချီတည်ငြိမ်မန္တရား၏ ပြောင်းလဲများနှင့် ဖုံးကွယ်ခြင်း၏ ကွဲပြားသောအဆင့်များကို တွက်ချက်လိုက်သည်။ သူသည် သူ၏မူလဝိညာဉ်ကို မတည်မငြိမ်ဖြစ်သွားအောင် ကိုယ်တိုင်လုပ်လိုက်၏။

အသံသဲ့သဲ့ထွက်သွားပြီး လီချန်ရှို့၏ မူလဝိညာဉ်သည် တုန်ခါသွားလေတော့သည်။ သူ၏ နှုတ်ခမ်းစွန်းတွင် သွေးများထွက်လာ၏။ သူသည် အမှန်ပင် အတန်ငယ် ဒဏ်ရာရသွားပေပြီ။

ယခင်က အတုအယောင်များသည် ယခုတွင် အစစ်အမှန်ဖြစ်သွားပေပြီ။

ထိုအဆင့်သည် ဒဏ်ရာရဟန် ဟန်ဆောင်ရာတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်။ အမှန်ပင် ဒဏ်ရာရခံခြင်းပင်။

အိပ်ရာ‌ဘေးတွင် ရှိနေသော လင်းအယ်သည် မည်သည့်ကိစ္စဖြစ်သွားကြောင်း မသိလိုက်ပေ။ ဆရာဒေါ်လေးသည် အကြီးအကဲကို တဲအိမ်အတွင်းသို့ ဆွဲခေါ်လာပြီဖြစ်သည်။ လင်းအယ်သည် တဲအဝမှပိတ်၍ အကြီးအကဲကို ကြိုဆိုလိုက်၏။

သူသည် ဆရာဒေါ်လေးကျိုးကျိုး၏ ခပ်သွက်သွက် ပြောလိုက်သံကို ကြားလိုက်ရ၏။

“ အကြီးအကဲ... မြန်မြန် ကြည့်,ကြည့်ပါဦး။ အကြီးအကဲမှာ ဒီလောက် မြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ရှိတာပဲ။ အကြီးအကဲသာ သူ့ကို ကုပေးလိုက်ရင် သေချာပေါက်ပြန်ကောင်းသွားမှာပါ။ သူက ဂိုဏ်းထဲက ထူးချွန်တဲ့တပည့်ပါ။ သူရဲ့တစ်သက်မှာ ဒီလို ကြီးမားတဲ့ပွဲမျိုးကို တစ်ကြိမ်လောက်ပဲကြုံရမှာ။ သူသာ မလိုက်,လိုက်ရရင် စိတ်ကောင်းမှာမဟုတ်ဘူး ”

လီချန်ရှို့ ဆွံ့အသွား၏။

“ မင်း... ”

အကြီးအကဲချီလင်း၏ သက်ပြင်းချသံတွင် အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ ဂိုဏ်းတွင်းမှတပည့်အတွက် မေတ္တာဓာတ်များဖြင့် ပြည့်နှက်နေလေသည်။

အကြီးအကဲသည် တဲအိမ်အတွင်းသို့ ဝင်လာပြီး လီချန်ရှို့၏ အိပ်ရာဘေးကို ကြည့်၍ ပြောလိုက်သည်။

“ ဒီဟာက မင်းပြောတာနဲ့ မကွာပါဘူး။ သူ့ရဲ့ မူလဝိညာဉ်က နည်းနည်းထိခိုက်သွားတာပါပဲ။ မစိုးရိမ်ပါနဲ့။ တခြားဘာကိစ္စမှ မရှိတော့ရင် ငါပြန်တော့မယ် ”

လီချန်ရှို့ အားဖျော့စွာ ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ်...အကြီးအကဲ... ”

အကြီးအကဲချီလင်းသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် ကျိုးကျိုးဘက်သို့ လှည့်လိုက်သောအခါ ကြင်ကြင်နာနာ ပြုံးလိုက်၏။

ထိုအကြီးအကဲသည် မြန်မြန်လာ၍ မြန်မြန်ပြန်သွားပေပြီ။ ကျိုးကျိုးသည် ရိုကျိုးနေပြီး အကြီးအကဲကို တာအိုပစ္စည်းထိန်းသိမ်းခန်းသို့ ပြန်လိုက်ပို့လိုက်၏။

‘ နောက်ကျရင်တော့ ငါ ဆရာဒေါ်လေးနဲ့ စကားကောင်းကောင်း ပြောဦးမှရမယ်... ’

ဆရာဒေါ်လေးသည် သူ၏ ဝှက်ဖဲများကို ပျက်ဆီးတော့အောင် လုပ်မိမလိုပင် ဖြစ်သွား၏။ ထိုအကြီးအကဲပြန်သွားသော်လည်း ပြဿနာများသည် မဆုံးသေးပေ။ သို့သော် ဤအကြိမ်တွင်မူ ပြဿနာအသေးစားလေးသာ ဖြစ်သည်။

သုံးချောင်းထောက်ဆေးတောင်မှ ခပ်ဖိုင့်ဖိုင့်တာအိုရသေ့ လျှိုဖေးရှန်းသည် ချုံတောင်လေးသို့ တိမ်စီးကာ လက်ဆောင်အချို့သယ်၍ ရောက်လာ၏။ သူသည် လီချန်ရှို့ကို အားပေးစကားအနည်းငယ် ပြောလိုက်ပြီး အလျင်အမြန်ပင် ပြန်သွား၏။ နောက်ဆုံးတွင် ဉာဉ့်နက်လာခဲ့ပေပြီ။

တစ်နေ့လုံး ပင်ပန်းထားသော လင်းအယ်သည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး နူးညံ့စွာ ညီးညူလိုက်၏။

“ အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်တုန်းက ဒီလောက်ရေပန်းစားလာတာလဲ ”

“ အင်း စိတ်ရင်းလေးက ကောင်းလို့နေမှာပေါ့... ”

လီချန်ရှို့သည် စိတ်အေးသွားဟန် ဖြည်းဖြည်းချင် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး အိပ်ရာပေါ်တွင် ဆက်လှဲနေလိုက်ပြီး စိတ်ထဲတွင် ညီးတွားနေလိုက်သည်။

သူသည် ယနေ့တွင် ဒဏ်ရာရဟန် ဟန်ဆောင်ခြင်းမှ အမှန်တကယ် ဒဏ်ရာရခြင်းအထိ မျိုးစုံကြုံတွေ့ခဲ့ရသည်။

သို့သော် သူသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ မသွားရလျှင် နောက်ဆက်တွဲဆိုးကျိုးအနည်းငယ်သာရှိပြီး အလွယ်တကူပြန်ကောင်းလာနိုင်သည့် ဒဏ်ရာအသေးစားလေးရခြင်းသည် သူ့အတွက် မပြောပလောက်ပေ။

ထိုအရာသည် တန်ပေသည်။

လင်းအယ် ပြုံး၍ ပြောလိုက်၏။

“ ဒီနေ့အတွက် တုန်လှုပ်စရာအကောင်းလူက အစ်မယုံချင်မဟုတ်ဘဲ ဆရာ‌ဒေါ်လေးဖြစ်နေတာပဲ ”

“ ဆရာဒေါ်လေးက ဂိုဏ်းထဲက အဲဒီလိုပညာရှင်ကိုတောင် ရအောင်ခေါ်လာလိမ့်မယ်လို့ အစ်ကို မထင်ထားမိဘူး။ အစ်ကိုက ဒဏ်ရာအသေးစားလေးပဲ ရနေတာပါ... ”

လီချန်ရှို့ ခေါင်းယမ်း၍ ပြောလိုက်သည်။ သူသည် ဆက်၍ ညီးတွားရန် ပြင်လိုက်စဉ်တွင် သူ၏နတ်အာရုံသည် ကောင်းကင်ခွင်းတောင်မှနေ၍ ပျံသန်းလာသော လူနှစ်ယောက်ကို အာရုံခံမိလိုက်သည်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် မကြာသေးခင်က ပြန်သွားသော ယုံချင်ရွှမ်းယာပင်။ ကျန်တစ်ယောက်မှာ ဝတ်စုံအဖြူဝတ်ဆင်ထားပြီး ကြိုးကြား ကြိုးကြား ချောင်းဆိုးနေသော သူတစ်ဦးပင်။ သူ၏ ရုပ်သွင်သည် ခံ့ညားပြီး သူ၏ခန္ဓာကိုယ်သည် ဗလာနတ္ထိဖြစ်၏။

သူကား တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ် ဗလာနတ္ထိသခင်လေး... အဟမ်း... ကျိဝူယုံပင်။

လီချန်ရှို့၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ သူသည် ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။

သူသည် ရှေးဦးစွာ စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်၏။ ထိုသို့သာ ဖြစ်ရမည်ဟု သူခံစားလိုက်ရ၏။ ဆရာဒေါ်လေးသည် တစ်ခါတရံ အဆိပ်ပြင်းတတ်သော်လည်း အဆိပ်မညီမလေး၏ အဆိပ်ဓာတ်ကို ယှဉ်နိုင်မည် မဟုတ်သေးပေ။

လီချန်ရှို့ အတန်ငယ် စိတ်သက်သာရာရသွား၏။ ထို့နောက် သူသည် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရ၏။ ယုံချင်ရွှမ်းယာတစ်ယောက် မြောက်ကျွန်း၌ သူ့ရှေ့သို့ ပြုတ်ကျလာသောအချိန်တွင် အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့သည်ကို သူ၏ ဘဝတွင် ပထမဆုံးအကြိမ် နောင်တရသွားလေသည်။

‘ တွေးကြည့်မှ ငါ့ရဲ့ ချုံတောင်လေးမှာ လာပြီး စားသောက်ဆော့ကစားနေကြတဲ့ မိန်းမလှလေးတွေအကုန်လုံးက ငါ့ကို ဒီလောက်တောင် ဂရုစိုက်နေတာလား... ’

‘ အရှင်ထိုက်စန့်လောင်ကျွင်း ကယ်တော်မူပါ ’

*****

သူသည် အကြီးအကဲချီလင်း မရိပ်မိအောင် ဖုံးကွယ်နိုင်လျှင် ဂိုဏ်းချုပ်မရိပ်မိအောင်လည်း ဖုံးကွယ်နိုင်မည်သာ။ ဂိုဏ်းချုပ်ကျိဝူယုံ မရိပ်မိအောင် ဖုံးကွယ်ပြီးလျှင် သူ၏ ဒဏ်ရာသည် ပို၍ ယုံချင်စရာကောင်းလာမည် ဖြစ်သည်။

မမျှော်လင့်ထားသည့် ကိစ္စအနည်းငယ် ဖြစ်ပွားခဲ့သော်လည်း အခြေအနေသည် လီချန်ရှို့၏ လက်ထဲမှာပင် ရှိပေသေးသည်။ ဤအကြိမ်တွင် သူ၏ ချီငြိမ်မန္တရား အဆင့်ခြောက်သည် မည်မျှ စွမ်းကြောင်း စမ်းသပ်ရပေမည်။

နောက်မှ ချီငြိမ်မန္တရားအဆင့်သုံးကို သူ၏ဆရာနှင့် ညီမလေးတို့ကို သင်ပေးရမည် ဖြစ်သည်။

သို့သော်လီချန်ရှို့သည် နောက်ထပ် ဆယ့်နှစ်နာရီမျှ စိတ်မအေးနိုင်ဖြစ်နေ၏။

ဒဏ်ရာရနေဟန် ဟန်ဆောင်နေသော ဒုတိယနေ့တွင် တပည့်(၄၆)ယောက်သည် ပိုင်ဖန်ခန်းမတွင် စုဝေးခဲ့ကြ၏။ အကြီးအကဲများသည် ခန်းမအတွင်းရှိ တံဆိပ်တော်များကို နှိုးလိုက်ကြပြီး တပည့်များကို ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲနှင့် ပတ်သက်သော အကြောင်းများကို အကျဉ်းချုံးပြောပြလိုက်ကြ၏။

သို့သော် ထိုအစည်းအဝေးပြီးသွားသောအခါ ယုံချင်ရွှမ်းယာနှင့် ကျိုးဝူတို့သည် ချုံတောင်လေးသို့ ရှေ့ဆင့်နောက်ဆင့် အူယားဖားရား ရောက်လာကြပြီး သတင်းတစ်ခုတည်းကိုပဲ လီချန်ရှို့ကို ပြောပြလိုက်ကြ၏။

ကျိုးဝူသည် သူဂိုဏ်းချုပ်ကို ပြောခဲ့သည့်စကားများကို ပြန်ပြောပြခဲ့၏။

“ ဂိုဏ်းချုပ်ခင်ဗျား... ကျွန်တော့်ကို အကြံနည်းနည်းပေးပါဦး။ လီချန်ရှို့က ဂိုဏ်းအတွက် အများကြီး ထမ်းဆောင်ပေးခဲ့ဖူးပါတယ်။ ပြီးတော့ သူက ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို တော်တော်လေး အလေးထားပါတယ်။ သူ တွေ့ဆုံပွဲမတိုင်ခင် ကြိုးစားကျင့်ကြံပြီး ဒဏ်ရာပျောက်အောင် လုပ်မှာပါ... ”

ကျိုးဝူ ထိုသို့ပြောခဲ့သဖြင့် ဂိုဏ်းချုပ်သည် လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာကို ပူးတွဲခေါင်းဆောင်ခန့်အပ်ခဲ့၏။ အခြားတပည့်များသည် သူတို့၏ ဦးဆောင်မှုကို လိုက်နာရမည်ဖြစ်သည်။

လီချန်ရှို့ အတော်လေး စိတ်ပျက်သွား၏။

သူတီးတိုးပြောလိုက်သည်။

“ ဆရာဦးလေး နားကြားများ မှားခဲ့တာလား ”

“ မမှားပါဘူး... ဒါက ဂိုဏ်းရဲ့ မင်းအပေါ်ထားတဲ့ ယုံကြည်မှုပဲ ”

ကျိုးဝူ ပြုံး၍ ပြောလိုက်၏။

“ ဘာမှ မစိုးရိမ်နဲ့ ချန်ရှို့... မင်း ဒီတစ်ခေါက်တွေ့ဆုံပွဲကို သေချာပေါက် လိုက်ရမှာပါ ”

ယုံချင်ရွှမ်းယာသည်လည်း အတန်ငယ် ခေါင်းညိတ်၍ ပြောလိုက်၏။

“ ဟုတ်ပါတယ်။ အစ်ကို သေချာပေါက် လိုက်နိုင်မှာပါ။ တွေ့ဆုံပွဲက နောက်ဆယ့်နှစ်နှစ်လောက်မှ ကျင်းပမှာပါ။ ရွှမ်းယာတို့က အဲဒီကို နှစ်ဝက်လောက်ပဲ ကြိုသွားရမှာပါ ”

‘ အဲဒီလိုဆို ဆယ်စုနှစ် တစ်ခုလောက်လိုသေးတာပေါ့... ’

လီချန်ရှို့ မျက်လုံးပြူးသွား၏။ ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်မှိတ်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အသံထွက်ရယ်မောကာ သက်ပြင်းချလိုက်လေသည်။ ဘဝသည် ကြိုတင်ခန့်မှန်း၍ မရနိုင်ပါလား။

အခန်း ( ၁၅၃ )

ကောင်းကင်နတ်မင်းအဆင့်ရှိသော စက္ကူကိုယ်ပွားတစ်ရုပ် ဖွားမြင်ခြင်း

ဆယ့်နှစ်နှစ် ကြို၍ ပြင်ဆင်ခြင်း...

‘ အဲဒါက တမင်လုပ်တာမလား ’

‘ ဒီအကြောင်းကို သိတဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတချို့က တမင် ငါ့ကို အရူးလုပ်နေတာမလား ’

အစတွင် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ၏ သတင်းကိုရခဲ့သောသူသည် ဂိုဏ်းချုပ် ကျိဝူယုံပင်။

လီချန်ရှို့သည် ထိုအကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်က သိရှိခဲ့ခြင်းပင်။ တိမ်ခွင်းဝိညာဉ်ဓားတစ်ချောင်းသည် လေကိုခွင်း၍ ဂိုဏ်းထံသို့ ပျံသန်းလာခဲ့၏။ ဂိုဏ်းချုပ်သည် အကြီးအကဲအချို့ကို စုဝေးကာ ဆွေးနွေးတိုင်ပင်ခဲ့သည်။

လီချန်ရှို့သည် နတ်ရေတံခွန်တောင်အား စောင့်ကြည့်နေရခြင်းကြောင့် ဂိုဏ်းတွင်းမှ ကိစ္စများကိုလည်း တစ်လက်စတည်း စောင့်ကြည့်နေခြင်းပင်။

သို့သော် သူသည် လေလှိုင်းအသံဖမ်းအတတ်ကို သုံး၍လည်း ထောက်လှမ်းနေလေသည်။ သူကြားခဲ့ရသော သတင်းမှာ ပိုင်ဖန်ခန်းတွင် တပည့်များကို စုဝေး၍ ဆွေးနွေးမည်ဆိုသည်သာ ဖြစ်သည်။

သူမည်သို့ပင် သုံးသပ်စေကာမူ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားရန် ကြိုတင်ဆွေးနွေးမှု လုပ်ရန်ဖြစ်မည်ဟုသာ ကောက်ချက်ချနိုင်ခဲ့၏။

သူမည်သို့ပင် တွေးစေကာမူ တပည့်များကို ကြိုတင်ပြင်ရန် ခေါ်၍ ပြောပြီဆိုလျှင် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားမည့်အချိန်သည် အများဆုံး နောက်နှစ်နှစ်၊ သုံးနှစ်အတွင်း၌ ဖြစ်ရမည်ဟုသာ ထင်ခဲ့မိ၏။

သူတို့သည် တပည့်များကို စုဝေးရန်ခေါ်ရခြင်းမှာ ဂိုဏ်း၏ စည်းမျဉ်းများကို ဖတ်ရန်ပြော၍ ဂိုဏ်းပြင်တွင် ဂိုဏ်းအရှက်ရမည့် ကိစ္စများကို မှာကြားရန်ပင် မဟုတ်ပါလော။

ထို သတိပေးမှာကြားချက်များကို ဆယ့်နှစ်နှစ် ကြိုပြောထားလျှင် တပည့်များသည် ထိုအချက်များကို မေ့သွားမည်ကို သူတို့ မစိုးရိမ်ပေသလော။

နဂါးနန်းတော်တွင် ကျင်းပခဲ့သော မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲသည် မည်မျှပင်ကြာခဲ့ပေပြီနည်း။

ယခုမှ အဘယ်ကြောင့် ထိုကိစ္စကို ပြန်၍ ပြောဆိုနေရသနည်း။

“ ထားလိုက်ပါတော့... ”

လီချန်ရှို့သည် အရာအားလုံးအတွက် ကြိုတင်တွက်ချက်ပြင်ဆင်ခဲ့သော်လည်း လူသားနှလုံးသား၏ နက်ရှိုင်းမှုကို အတွက်မှားခဲ့လေသည်။

ဂိုဏ်းချုပ်နှင့် ဂိုဏ်းတွင်းရှိ အကြီးအကဲများသည် ကျောင်းတော်သုံကျောင်းတွေ့ဆုံပွဲကို များစွာအလေးထားလိမ့်မည်ဟု သူမထင်ခဲ့၏။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပွဲသို့ တက်သည်ဆိုရုံသာတက်ရသော ဂိုဏ်းအသေးလေးပင် မဟုတ်ပေလော။

သို့သော် သူတို့သည် ဤမျှအလေးထားလိမ့်မည်ဟု လီချန်ရှို့မထင်ခဲ့ပေ။ လီချန်ရှို့ အံ့အားသင့်ခဲ့ရ၏။ လီချန်ရှို့ ကောက်ရိုးအိပ်ရာပေါ်တွင် လှဲလျောင်းနေ၏။ သူ၏ စိတ်သည် ဖြည်းဖြည်းချင်း ပြန်၍ တည်ငြိမ်လာပြီဖြစ်ပြီး ထိုကိစ္စကို ဖြေရှင်းရန်နည်းလမ်းအား လျင်မြန်စွာ စဉ်းစားလိုက်လေသည်။

ထိုဖြစ်စဉ်လေးသည် ဘဝတွင် ကြုံတွေ့ရလေ့ရှိသော ဒုက္ခအသေးစားလေးသာဖြစ်သည်။

သူ၏ တာ့လော်နတ်မင်းအဆင့်အထိ တက်လှမ်းမည့်လမ်းစဉ်သည် ပန်းခင်းလမ်းမဟုတ်မည်မှာ သေချာပေသည်။

ကျိုးဝူနှင့် ယုံချင်ရွှမ်းယာတို့ ပြန်သွားသောအခါ လင်းအယ်သည် ဘေးတွင် အချိန်အတော်ကြာသည်အထိ ရပ်၍နေလေ၏။ သူမသည် နှုတ်ခမ်းကိုက်မလိုအထိဖြစ်နေပြီး နောက်ဆုံးတွင် အောင့်မထားနိုင်‌တော့ဘဲ ပါးစပ်ကိုအုပ်၍ ရယ်လိုက်လေတော့သည်။ လီချန်ရှို့သည် သူမကို စိုက်ကြည့်လိုက်၏။ လင်းအယ်သည် ချက်ချင်းပင် မျက်နှာပိုးသတ်၍ စိတ်မကောင်းသည့် မျက်နှာထားပြန်ထားလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်မကောင်းမှုများဖြင့် ပြည့်နှက်နေလေသည်။

လင်းအယ် တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး... ညီမ အစ်ကိုကြီးအတွက် စိတ်မကောင်းပါဘူး ”

လီချန်ရှို့ တည်တည်ငြိမ်ငြိမ်ပင် အသံပို့လွှတ်လိုက်သည်။

“ သွားပြီး ကျင့်ကြံနေတော့... မဟုတ်ရင် အစ်ကိုရဲ့ အစီအစဉ်ကိုပြောင်းပြီး ညီမလေးကိုပဲ ဒီအိပ်ရာပေါ်မှာ လှဲခိုင်းလိုက်မယ် ”

“ အဲ...ဟဲဟဲ..သွား..သွားပြီနော်။ အစ်ကိုကြီး တစ်ခုခုလိုရင် ညီမလေးကို ခေါ်လိုက်ပါ ”

လင်းအယ် လက်နှစ်ဖက်ဆုပ်၍ အရိုအသေးပေးလိုက်ပြီး တဲအိမ်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ သူမသည် ပါးစပ်ကိုအုပ်၍ တခွိခွိဖြင့် ရယ်နေ၏။

ထို့နောက် သူမသည် သူမ၏ တဲအိမ်ဆီသို့ လေ၏အဟုန်ဖြင့် ပျံသန်းသွားလိုက်လေသည်။

သူမအနေဖြင့် အစ်ကိုကြီး ဒုက္ခခံနေရခြင်းကို မြင်နိုင်ရန် အမှန်ပင် မလွယ်ပေ။

သူမ ဆက်၍ သရုပ်ဆောင်နေရပေမည်။

******

လီချန်ရှို့သည် သူ့ကိုယ်သူ ဖိအားပေး၍ အိပ်ရာပေါ်တွင် သုံးနှစ်လှဲလျောင်းနေပြီးနောက် ထကာ ဆေးဖော်ဆောင်သို့ ပြန်သွားလိုက်လေသည်။ ထို့နောက် သူသည် ကိုယ်ပွားအတတ်အကြောင်းကို စတင်တွေးတောလိုက်၏။

ကျောင်းတော်သုံကျောင်းတွေ့ဆုံပွဲသည် အတော်အသင့်လုံခြုံပေလိမ့်မည်။ တာအိုဂိုဏ်းများမှ စွမ်းအားကြီးပညာရှင်များလည်း အများအပြားရှိနေမည် ဖြစ်ပြီး အဓိက ပဋိပက္ခဖြစ်နေသော ကျောင်းတော်နှစ်ခုမှာလည်း ကျဲကျောင်းတော်နှင့် ချန်ကျောင်းတော်သာဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် ဘေးမှ ပွဲကြည့်သူသာသာ ဖြစ်သည်။

သို့ရာတွင် အာဒိကပ္ပလောကအတွင်းရှိ ထိုနေရာသည် နောင်ဆယ့်နှစ်နှစ်ကြာလျှင် ကမ္မနှောင်ကြိုးများ စုဝေးမည့် နေရာဖြစ်လေသည်။

စွမ်းအားကြီးပညာရှင်တစ်ဦး၏ အသေးအဖွဲ အပြုအမူတစ်ခုသည်ပင် အနာဂတ်တွင် နောက်ဆက်တွဲကိစ္စများ အမြောက်အမြားဖြစ်သွားနိုင်၏။

လီချန်ရှို့အနေဖြင့် ‌ကျောင်းတော်သုံးကျောင်းမှ အခြားပညာရှင်များကို မျက်နှာလိုမျက်နှာရ လုပ်ရန်မလိုတော့ပေ။ သူ၏ နောက်ကွယ်တွင် အရှင်ရွှမ်းဒူရှိနေပြီဖြစ်သည်။ သူသည် အရှင်ထိုက်စန့်လောင်ကျွင်းပေးသော တာဝန်ကို ထမ်းရွက်ရန်သာ ‘ တည်တည်ငြိမ်ငြိမ်နေ၍ မည်သည့်ကိစ္စတွင်မှ ဝင်မရှုပ်ဘဲ ပြဿနာများကို ရှောင်ရှားရမည် ’ ဟူသော စကားအတိုင်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

တွေ့ဆုံပွဲသို့ ချန်ကျောင်းတော်၏ အာကာသနတ်မင်းဆယ့်နှစ်ပါးထဲမှ အချို့လည်း လာနိုင်လေသည်။

ထို့ပြင် ရန်ကျောင်းတော်မှ အတွင်းစည်းဂိုဏ်းတပည့်အချို့နှင့် အပြင်စည်းဂိုဏ်းတပည့်အချို့လည်း အလယ်ကျွန်းသို့ ရောက်ရှိလာနိုင်၏။

ထိုတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်သည် ကျောင်းတော်သုံးကျောင်းအကြားတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်း၍ တာအိုဂိုဏ်းများကို ပို၍တိုးတက်ကြွယ်ဝလာစေရန်ဖြစ်သည်။

ထိုအကြောင်းသည် လီချန်ရှို့ တွေ့ဆုံပွဲသို့ မသွားချင်ရသည့် အကြောင်းပင်။ ထိုတွေ့ဆုံပွဲတွင် ကြီးမားသော ကမ္မနှောင်ကြိုးများ ဖြစ်ပေါ်လာမည်ကို သူကြိုသိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

တန်ခိုးရှင်မှလွဲ၍ ကျန်သည့်မည်သည့်ပညာရှင်ထက်မဆို လီချန်ရှို့သည် ပို၍ကြိုတင်သိမြင်ခဲ့သည်ဆိုသော စကားသည် ချဲ့ကား၍ပြောခြင်းမဟုတ်ပေ။

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် ဂိုဏ်းများ၏ ဇစ်မြစ်အထိလိုက်၍ အတိတ်ဆိုးများကို ပြန်တူးဆွခြင်းနှင့် အတိတ်ကောင်းများကို စားမြုံ့ပြန်မည့် ပွဲဖြစ်သည်။ ထိုတွေ့ဆုံပွဲသည် ကျောင်းတော်သုံးကျောင်းကို သူတို့၏ ပဋိပက္ခမ?

All Chapters