← Chapters

ကောင်းကင်နတ်မင်းအဆင့်ရှိသော စက္ကူကိုယ်ပွားတစ်ရုပ် ဖွားမြင်ခြင်း

Vol. 11 Ch. 153

ကောင်းကင်နတ်မင်းအဆင့်ရှိသော စက္ကူကိုယ်ပွားတစ်ရုပ် ဖွားမြင်ခြင်း

Vol. 11 Ch. 153

ဆယ့်နှစ်နှစ် ကြို၍ ပြင်ဆင်ခြင်း...

‘ အဲဒါက တမင်လုပ်တာမလား ’

‘ ဒီအကြောင်းကို သိတဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတချို့က တမင် ငါ့ကို အရူးလုပ်နေတာမလား ’

အစတွင် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ၏ သတင်းကိုရခဲ့သောသူသည် ဂိုဏ်းချုပ် ကျိဝူယုံပင်။

လီချန်ရှို့သည် ထိုအကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်က သိရှိခဲ့ခြင်းပင်။ တိမ်ခွင်းဝိညာဉ်ဓားတစ်ချောင်းသည် လေကိုခွင်း၍ ဂိုဏ်းထံသို့ ပျံသန်းလာခဲ့၏။ ဂိုဏ်းချုပ်သည် အကြီးအကဲအချို့ကို စုဝေးကာ ဆွေးနွေးတိုင်ပင်ခဲ့သည်။

လီချန်ရှို့သည် နတ်ရေတံခွန်တောင်အား စောင့်ကြည့်နေရခြင်းကြောင့် ဂိုဏ်းတွင်းမှ ကိစ္စများကိုလည်း တစ်လက်စတည်း စောင့်ကြည့်နေခြင်းပင်။

သို့သော် သူသည် လေလှိုင်းအသံဖမ်းအတတ်ကို သုံး၍လည်း ထောက်လှမ်းနေလေသည်။ သူကြားခဲ့ရသော သတင်းမှာ ပိုင်ဖန်ခန်းတွင် တပည့်များကို စုဝေး၍ ဆွေးနွေးမည်ဆိုသည်သာ ဖြစ်သည်။

သူမည်သို့ပင် သုံးသပ်စေကာမူ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားရန် ကြိုတင်ဆွေးနွေးမှု လုပ်ရန်ဖြစ်မည်ဟုသာ ကောက်ချက်ချနိုင်ခဲ့၏။

သူမည်သို့ပင် တွေးစေကာမူ တပည့်များကို ကြိုတင်ပြင်ရန် ခေါ်၍ ပြောပြီဆိုလျှင် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားမည့်အချိန်သည် အများဆုံး နောက်နှစ်နှစ်၊ သုံးနှစ်အတွင်း၌ ဖြစ်ရမည်ဟုသာ ထင်ခဲ့မိ၏။

သူတို့သည် တပည့်များကို စုဝေးရန်ခေါ်ရခြင်းမှာ ဂိုဏ်း၏ စည်းမျဉ်းများကို ဖတ်ရန်ပြော၍ ဂိုဏ်းပြင်တွင် ဂိုဏ်းအရှက်ရမည့် ကိစ္စများကို မှာကြားရန်ပင် မဟုတ်ပါလော။

ထို သတိပေးမှာကြားချက်များကို ဆယ့်နှစ်နှစ် ကြိုပြောထားလျှင် တပည့်များသည် ထိုအချက်များကို မေ့သွားမည်ကို သူတို့ မစိုးရိမ်ပေသလော။

နဂါးနန်းတော်တွင် ကျင်းပခဲ့သော မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲသည် မည်မျှပင်ကြာခဲ့ပေပြီနည်း။

ယခုမှ အဘယ်ကြောင့် ထိုကိစ္စကို ပြန်၍ ပြောဆိုနေရသနည်း။

“ ထားလိုက်ပါတော့... ”

လီချန်ရှို့သည် အရာအားလုံးအတွက် ကြိုတင်တွက်ချက်ပြင်ဆင်ခဲ့သော်လည်း လူသားနှလုံးသား၏ နက်ရှိုင်းမှုကို အတွက်မှားခဲ့လေသည်။

ဂိုဏ်းချုပ်နှင့် ဂိုဏ်းတွင်းရှိ အကြီးအကဲများသည် ကျောင်းတော်သုံကျောင်းတွေ့ဆုံပွဲကို များစွာအလေးထားလိမ့်မည်ဟု သူမထင်ခဲ့၏။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပွဲသို့ တက်သည်ဆိုရုံသာတက်ရသော ဂိုဏ်းအသေးလေးပင် မဟုတ်ပေလော။

သို့သော် သူတို့သည် ဤမျှအလေးထားလိမ့်မည်ဟု လီချန်ရှို့မထင်ခဲ့ပေ။ လီချန်ရှို့ အံ့အားသင့်ခဲ့ရ၏။ လီချန်ရှို့ ကောက်ရိုးအိပ်ရာပေါ်တွင် လှဲလျောင်းနေ၏။ သူ၏ စိတ်သည် ဖြည်းဖြည်းချင်း ပြန်၍ တည်ငြိမ်လာပြီဖြစ်ပြီး ထိုကိစ္စကို ဖြေရှင်းရန်နည်းလမ်းအား လျင်မြန်စွာ စဉ်းစားလိုက်လေသည်။

ထိုဖြစ်စဉ်လေးသည် ဘဝတွင် ကြုံတွေ့ရလေ့ရှိသော ဒုက္ခအသေးစားလေးသာဖြစ်သည်။

သူ၏ တာ့လော်နတ်မင်းအဆင့်အထိ တက်လှမ်းမည့်လမ်းစဉ်သည် ပန်းခင်းလမ်းမဟုတ်မည်မှာ သေချာပေသည်။

ကျိုးဝူနှင့် ယုံချင်ရွှမ်းယာတို့ ပြန်သွားသောအခါ လင်းအယ်သည် ဘေးတွင် အချိန်အတော်ကြာသည်အထိ ရပ်၍နေလေ၏။ သူမသည် နှုတ်ခမ်းကိုက်မလိုအထိဖြစ်နေပြီး နောက်ဆုံးတွင် အောင့်မထားနိုင်‌တော့ဘဲ ပါးစပ်ကိုအုပ်၍ ရယ်လိုက်လေတော့သည်။ လီချန်ရှို့သည် သူမကို စိုက်ကြည့်လိုက်၏။ လင်းအယ်သည် ချက်ချင်းပင် မျက်နှာပိုးသတ်၍ စိတ်မကောင်းသည့် မျက်နှာထားပြန်ထားလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်မကောင်းမှုများဖြင့် ပြည့်နှက်နေလေသည်။

လင်းအယ် တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး... ညီမ အစ်ကိုကြီးအတွက် စိတ်မကောင်းပါဘူး ”

လီချန်ရှို့ တည်တည်ငြိမ်ငြိမ်ပင် အသံပို့လွှတ်လိုက်သည်။

“ သွားပြီး ကျင့်ကြံနေတော့... မဟုတ်ရင် အစ်ကိုရဲ့ အစီအစဉ်ကိုပြောင်းပြီး ညီမလေးကိုပဲ ဒီအိပ်ရာပေါ်မှာ လှဲခိုင်းလိုက်မယ် ”

“ အဲ...ဟဲဟဲ..သွား..သွားပြီနော်။ အစ်ကိုကြီး တစ်ခုခုလိုရင် ညီမလေးကို ခေါ်လိုက်ပါ ”

လင်းအယ် လက်နှစ်ဖက်ဆုပ်၍ အရိုအသေးပေးလိုက်ပြီး တဲအိမ်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ သူမသည် ပါးစပ်ကိုအုပ်၍ တခွိခွိဖြင့် ရယ်နေ၏။

ထို့နောက် သူမသည် သူမ၏ တဲအိမ်ဆီသို့ လေ၏အဟုန်ဖြင့် ပျံသန်းသွားလိုက်လေသည်။

သူမအနေဖြင့် အစ်ကိုကြီး ဒုက္ခခံနေရခြင်းကို မြင်နိုင်ရန် အမှန်ပင် မလွယ်ပေ။

သူမ ဆက်၍ သရုပ်ဆောင်နေရပေမည်။

******

လီချန်ရှို့သည် သူ့ကိုယ်သူ ဖိအားပေး၍ အိပ်ရာပေါ်တွင် သုံးနှစ်လှဲလျောင်းနေပြီးနောက် ထကာ ဆေးဖော်ဆောင်သို့ ပြန်သွားလိုက်လေသည်။ ထို့နောက် သူသည် ကိုယ်ပွားအတတ်အကြောင်းကို စတင်တွေးတောလိုက်၏။

ကျောင်းတော်သုံကျောင်းတွေ့ဆုံပွဲသည် အတော်အသင့်လုံခြုံပေလိမ့်မည်။ တာအိုဂိုဏ်းများမှ စွမ်းအားကြီးပညာရှင်များလည်း အများအပြားရှိနေမည် ဖြစ်ပြီး အဓိက ပဋိပက္ခဖြစ်နေသော ကျောင်းတော်နှစ်ခုမှာလည်း ကျဲကျောင်းတော်နှင့် ချန်ကျောင်းတော်သာဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် ဘေးမှ ပွဲကြည့်သူသာသာ ဖြစ်သည်။

သို့ရာတွင် အာဒိကပ္ပလောကအတွင်းရှိ ထိုနေရာသည် နောင်ဆယ့်နှစ်နှစ်ကြာလျှင် ကမ္မနှောင်ကြိုးများ စုဝေးမည့် နေရာဖြစ်လေသည်။

စွမ်းအားကြီးပညာရှင်တစ်ဦး၏ အသေးအဖွဲ အပြုအမူတစ်ခုသည်ပင် အနာဂတ်တွင် နောက်ဆက်တွဲကိစ္စများ အမြောက်အမြားဖြစ်သွားနိုင်၏။

လီချန်ရှို့အနေဖြင့် ‌ကျောင်းတော်သုံးကျောင်းမှ အခြားပညာရှင်များကို မျက်နှာလိုမျက်နှာရ လုပ်ရန်မလိုတော့ပေ။ သူ၏ နောက်ကွယ်တွင် အရှင်ရွှမ်းဒူရှိနေပြီဖြစ်သည်။ သူသည် အရှင်ထိုက်စန့်လောင်ကျွင်းပေးသော တာဝန်ကို ထမ်းရွက်ရန်သာ ‘ တည်တည်ငြိမ်ငြိမ်နေ၍ မည်သည့်ကိစ္စတွင်မှ ဝင်မရှုပ်ဘဲ ပြဿနာများကို ရှောင်ရှားရမည် ’ ဟူသော စကားအတိုင်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

တွေ့ဆုံပွဲသို့ ချန်ကျောင်းတော်၏ အာကာသနတ်မင်းဆယ့်နှစ်ပါးထဲမှ အချို့လည်း လာနိုင်လေသည်။

ထို့ပြင် ရန်ကျောင်းတော်မှ အတွင်းစည်းဂိုဏ်းတပည့်အချို့နှင့် အပြင်စည်းဂိုဏ်းတပည့်အချို့လည်း အလယ်ကျွန်းသို့ ရောက်ရှိလာနိုင်၏။

ထိုတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်သည် ကျောင်းတော်သုံးကျောင်းအကြားတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်း၍ တာအိုဂိုဏ်းများကို ပို၍တိုးတက်ကြွယ်ဝလာစေရန်ဖြစ်သည်။

ထိုအကြောင်းသည် လီချန်ရှို့ တွေ့ဆုံပွဲသို့ မသွားချင်ရသည့် အကြောင်းပင်။ ထိုတွေ့ဆုံပွဲတွင် ကြီးမားသော ကမ္မနှောင်ကြိုးများ ဖြစ်ပေါ်လာမည်ကို သူကြိုသိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

တန်ခိုးရှင်မှလွဲ၍ ကျန်သည့်မည်သည့်ပညာရှင်ထက်မဆို လီချန်ရှို့သည် ပို၍ကြိုတင်သိမြင်ခဲ့သည်ဆိုသော စကားသည် ချဲ့ကား၍ပြောခြင်းမဟုတ်ပေ။

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် ဂိုဏ်းများ၏ ဇစ်မြစ်အထိလိုက်၍ အတိတ်ဆိုးများကို ပြန်တူးဆွခြင်းနှင့် အတိတ်ကောင်းများကို စားမြုံ့ပြန်မည့် ပွဲဖြစ်သည်။ ထိုတွေ့ဆုံပွဲသည် ကျောင်းတော်သုံးကျောင်းကို သူတို့၏ ပဋိပက္ခများကို ဘေးဖယ်၍ သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်းနေနိုင်စေရန် ဖြစ်သည်။ သူတို့၏ လက်အောက်ခံဂိုဏ်းများကို ချဲ့ထွင်ရန် ကိုယ်ပိုင်နယ်မြေများ သတ်မှတ်ကြမည်ဖြစ်ပြီး သူတို့၏ နည်းလမ်းအတိုင်း တပည့်များကို လက်ခံ၍ တာအိုတရားကို သင်ပြ‌ပေးရန် သဘောတူညီချက်ယူကြစေရန် ဖြစ်သည်။ ထိုသို့ဖြင့် ကျောင်းတော်သုံးကျောင်းသည် ပို၍ တိုးတက်သောအခြေအနေသို့ ရောက်လာမည်ဖြစ်သည်။

ထို့နောက် ကျောင်းတော်သုံးကျောင်းသည် အင်အားတောင့်တင်းလာပြီး လောကကြီး၏ မျှချေကို ခြိမ်း‌ခြောက်လာပေလိမ့်မည်။ ထိုအခါ ကောင်းကင်တာအိုသည် အတိုင်းအဆမရှိသေဆုံးခြင်း ပြစ်ဒဏ်ကို ပြင်ဆင်ပေလိမ့်မည်။

ထိုမှတဆင့် နတ်ဘုရားဘွဲ့စစ်ပွဲကြီး ဖြစ်ပေါ်မလာနိုင်ပေလော။

နတ်ဘုရားဘွဲ့စစ်ပွဲကြီးအတွက်မူ လီချန်ရှို့သည် နောက်ခံရှာတွေ့ထားပြီးဖြစ်သည်။ သူ့အတွက် ထိုကိစ္စတွင် ဝင်ပါရန်မလိုပေ။

ထို့ကြောင့် လီချန်ရှို့သည် ချီငြိမ်မန္တရားကို လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း သုံးဆင့် မြှင့်တင်ခဲ့ခြင်းပင်။ သူသည် ထိုမန္တရားကို ချို့ယွင်းချက်မရှိသည်အထိ ပြင်ဆင်ခဲ့လေသည်။

သူသည် များစွာကြိုးပမ်း၍ ဒဏ်ရာရဟန်ဆောင်ခဲ့၏။

သို့သော် မည်သူသိနိုင်မည်နည်း...

‘ ထားလိုက်ပါ‌တော့... အဲဒါကို ပြန်တွေးနေလို့လည်း အကျိုးမရှိပါဘူး ’

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ ကျင်းပရန် အချိန်ကိုးနှစ် လိုသေးပေသည်။

‘ ငါအခု ဆုံးဖြတ်ချက်ချမှ ရမယ်။ ငါ သွားမလား..မသွားဘူးလား... ’

ထိုမေးခွန်းသည် အတော်လေး လေးနက်သော မေးခွန်းပင်။

လီချန်ရှို့သည် လွန်ခဲ့သည့်သုံးနှစ်အတွင်းမှာလည်း အလကားမနေခဲ့ပေ။

စက္ကူကိုယ်ပွားအချို့သည် ပိုက်ဆံရှာခြင်းနှင့် ဂိုဏ်းအပြင်တွင် “ လုံခြုံရေးအဆောက်အဦး ” တည်ဆောက်ခြင်းတို့ကို ပြုလုပ်နေကြ၏။

ကျန်စက္ကူကိုယ်ပွားအချို့မှာမူ တောင်သမုဒ္ဒရာကမ်းရိုးတန်းဒေသတွင် ၎င်းတို့၏ ကာကွယ်ရေးအစီအစဉ်များကို ပြောင်းလဲနေပေသည်။ ၎င်းတို့သည် အနောက်ကျောင်းတော်၊ နဂါးမျိုးနွယ်နှင့် စစ်သူကြီးတုံမုတို့နှင့် တွေ့ဆုံရန် အသင့်ပြင်ထား၏။

သူ၏ ကျင့်ကြံခြင်းတွင်လည်း နှောင့်နှေးမှုမရှိပေ။

လွန်ခဲ့သည့် သုံးနှစ်အတွင်း လီချန်ရှို့သည် ကျင့်ကြံခြင်းအပြင် သူ၏ ကိုယ်ပွားအတတ်ကိုလည်း အဆင့်မြှင့်ခဲ့၏။

“ အရှင်ရွှမ်းဒူ ပေးခဲ့တဲ့ မှော်အတတ်နဲ့ဆိုရင် ငါ စက္ကူကိုယ်ပွားတွေကို ပြီးပြည့်စုံအောင် လုပ်နိုင်ပြီ ”

ထိုလမ်းစဉ်သည် လျှောက်ရန် မလွယ်ပေ။ လီချန်ရှို့အနေဖြင့် သူယခင်က တတ်မြောက်ပြီးသား အတတ်တစ်ခု၏ မှော်စွမ်းရည်များကို အသစ်ပြန်၍ကျင့်ကြံရန် လွန်စွာခက်ခဲပေသည်။ သို့သော် လီချန်ရှို့သာ စိတ်ဆုံးဖြတ်ထားပါက စက္ကူကိုယ်ပွားများသည် ပို၍ အရည်အသွေးကောင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

လီချန်ရှို့တွင် စည်းမျဉ်းတစ်ခုရှိ၏။

လုံခြုံမှုရှိစေရန် စက္ကူကိုယ်ပွားများတွင် မည်သည့် ကိုယ်ပိုင်အသိစိတ်မှ မရှိရပေ။ ၎င်းတို့သည် မှော်စွမ်းရည်များရှိသော ဓမ္မရတနာသပ်သပ်သာ ဖြစ်ရပေမည်။

ထိုမှသာ လီချန်ရှို့အတွက် မည်သည့် မမြင်နိုင်သောအန္တရာယ်မှ ရှိမလာမည်ဖြစ်သည်။

ထိုကိစ္စတွင် လီချန်ရှို့ မှီငြမ်းခဲ့သောအရာမှာ သူ၏ယခင်ဘဝတွင် အကြိမ်များစွာကြည့်ခဲ့သော ဂန္တဝင် “ ရုပ်သံဇာတ်လမ်း ”တစ်ခုဖြစ်ပင်။ ထိုဇာတ်လမ်းတွဲ၏ အမည်မှာ ‘ ကျွန်တော့်ရဲ့ဆရာ ခေါင်းတုံးဘုန်းကြီးက အလွန်ပျော့ညံ့ပေမယ့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပဲ ’ ဟူ၍ ဖြစ်၏။

ထိုဇာတ်လမ်းတွဲတွင် ဂန္တဝင်ဇာတ်ကွက်တစ်ခု ပါ၏။ ထိုဇာတ်ကွက်မှာ အရိုးဖြူမိစ္ဆာမသည် အစ်ကိုကြီးကို စနောက်နေသဖြင့် ကျောက်မျောက်သည် ဒေါသလည်းထွက်၊ ရှက်လည်းရှက်ဖြင့် သူ၏တုတ်ကို မြှောက်ကာ လိုက်ရိုက်သည့်အခန်းပင်။

ထိုဇာတ်ကွက်တွင် အရိုးဖြူမိစ္ဆာသည် သူမ၏ ခန္ဓာကိုယ်ကို အမျိုးမျိုး ပြောင်းလဲခဲ့၏။ သူမသည် မိစ္ဆာအတတ်များကို အသုံးပြု၍ သေမျိုးများကို သတ်ဖြတ်ခဲ့လေသည်။

လီချန်ရှို့သည် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် စက္ကူကိုယ်ပွားမျိုးကို ပြုလုပ်လို၏။ သူသည် အဝတ်ပြောင်းသကဲ့သို့ စက္ကူကိုယ်ပွားများကို ပြောင်းလဲလို၏။

သူ၏ ခန္ဓာကိုယ်အစစ်သည် လှုပ်ရှားစရာမလိုဘဲ စိတ်နှင့် အသိအာရုံတစ်ခုသည်သာ ဟိုသည်ကူးပြောင်းနေရမည်ဖြစ်သည်။

ထို့ကြောင့် လီချန်ရှို့သည် ရုပ်ပြောင်းရုပ်လွဲမှော်အတတ်ကို တိုက်ရိုက်မကျင့်ကြံလိုက်ဘဲ သူ၏ စက္ကူကိုယ်ပွားများကိုသာ ပို၍အချိန်ပေးကာ အဆင့်မြှင့်တင်ခဲ့ခြင်းပင်။

သူသည် အိပ်ရာပေါ်တွင် လှဲနေရသော သုံးနှစ်အတွင်း များစွာခရီးပေါက်ခဲ့လေသည်။

ဆေးဖော်ဆောင်အောက်ရှိ မြေအောက်လျှို့ဝှက်ခန်းထဲတွင် လီချန်ရှို့သည် ကုလားထိုင်အဝိုင်းတွင် ထိုင်၍ သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို ခေါက်နေလေသည်။

သူ့အနေဖြင့် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ ရန်ကျောင်းတော်လက်အောက်ခံ မထင်မရှားတာအိုဂိုဏ်းလေးမှ သာမန်တပည့်တစ်ဦးအဖြစ်သွားရမည်လော သို့မဟုတ် ကျောင်း‌တော်သုံးကျောင်းတွေ့ဆုံပွဲသို့ မသွားရရန် ပြဿနာအချို့ဖန်တီးရမည်‌လောဟု တွေးတောနေ၏။

ဂိုဏ်းသည် ဆယ့်နှစ်နှစ်ကြို၍ အစည်းအဝေးခေါ်ထား၏။ ထို့ကြောင့် တစ်စုံတစ်ခုသည် မူမမှန်ဟု လီချန်ရှို့ ခံစားနေရလေသည်။

တစ်ဂိုဏ်းလုံးသည် သူ့ကို ပစ်မှတ်ထားနေသကဲ့သို့ပင်။ လီချန်ရှို့သည် ထိုဆုံးဖြတ်ချက်ကို မချရန် ဆုံးဖြတ်လိုက်သည်။

လေးနှစ်ကြာပြီးလျှင် သူသည် ပိုင်ဖန်ခန်းမသို့သွား၍ အမွှေးတိုင်ထွန်းညှိကာ တန်ခိုးရှင်ကို ပူဇော်ကန်တော့ပေမည်။

အကယ်၍ တန်ခိုးရှင်သာ တုနတ်ဝိဇ္ဇာဂိုဏ်းကို လျှို့ဝှက်ထိန်းချုပ်၍ ထိုကိစ္စကို စီစဉ်ခဲ့ခြင်းဖြစ်လျှင် အခြားသဲလွန်စများလည်း ရှိရပေမည်။

ထိုသို့ဖြင့် လေးနှစ်ကြာပြီးနောက် နေ့လယ်ခင်းတစ်ခုတွင်...

“ ရာသီဥတုက မဆိုးဘူးပဲ ”

လီချန်ရှို့သည် တိမ်စီးကာ သုံးချောင်းထောက်ဆေးတောင်မှနေ၍ ခပ်ဖြည်းဖြည်း ပျံသန်းလာ၏။ သူသည် နတ်အာရုံသုံး၍ အာရုံခံလိုက်ရာ လင်းအယ်နှင့် ဆရာဒေါ်လေးတို့သည် ဝိညာဉ်သားရဲမွေးမြူရေးခြံထဲတွင် ပုန်းအောင်းနေကြောင်း သိလိုက်ရ၏။

လင်းအယ်သည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားရန်မလိုပေ။ ဆရာဒေါ်လေးသည် ဂိုဏ်းတွင်းရှိ အတုမဲ့နတ်ဝိဇ္ဇာများ၏ မျက်နှာဖုံးဖြစ်သဖြင့် တွေ့ဆုံပွဲသို့ လိုက်ရပေမည်။

တုနတ်ဝိဇ္ဇာဂိုဏ်းတွင်းတွင် အားကောင်းသော တင်းမာမှုတစ်ခုရှိနေလေသည်။ ထိုတင်းမာမှုသည် ဂိုဏ်းတွင်းပြိုင်ပွဲမစခင်ကထက်ပင် ပို၍ ပြင်းထန်နေ၏။

ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် ကျင်းပတော့မည်ဖြစ်သည်။ နောက် သုံးနှစ်၊ လေးနှစ်အတွင်း တုနတ်ဝိဇ္ဇာဂိုဏ်းသည် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့သွားရန် ထွက်ခွာတော့မည် ဖြစ်သည်။

ထိုနေ့သည် လီချန်ရှို့ ပြန်ကောင်းလာသောနေ့ပင်။

သူသည် သုံးချောင်းထောက်ဆေးတောင်သို့သွား၍ တစ်ဦးတည်းဖြစ်နေသော အကြီးအကဲဝမ်လင်းယွမ်ထံသို့ အလည်သွားလိုက်လေသည်။ သူသည် အကြီးအကဲဝမ်လင်းယွမ်နှင့် နာရီအနည်းငယ် စကားပြောကာ အတူလမ်းလျှောက်ပြီးနောက် ချုံတောင်လေးသို့ ပြန်လာခြင်းပင်။

အကြီးအကဲဝမ်သည် သူ၏ ဟန်ဆောင်မှုကို မသိခဲ့ပေ။

လီချန်ရှို့သည် ခေတ္တမျှ သူ့ဘာသာရေရွတ်လိုက်၏။ သူသည် ခေါင်းငုံ့၍ သူ၏လက်ကိုကြည့်လိုက်သည်။ သူ အခြားအတွေးတစ်ခု ရသွား၏။

သူသည် ချုံတောင်လေးကို ကျော်၍ ကောင်းကင်ခွင်း‌တောင်ရှိ တာအိုပစ္စည်းသိုလှောင်ခန်းသို့ သင့်တော်သော အမြင့်မှ ပျံသန်း၍သွားလိုက်လေသည်။ တစ်နာရီကြာပြီးနောက်... လီချန်ရှို့သည် တာအိုပစ္စည်းသိုလှောင်ခန်းမှ ပြန်လာ၏။ သူသည် ချုံတောင်လေးသို့ပြန်ရာလမ်းတွင် ပြုံး၍နေလေသည်။ သူသည် အကြီးအကဲချီလင်းထံသို့ သွား၍ သူဒဏ်ရာရနေချိန်တွင် လာရောက်စစ်ဆေးပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားသွားပြောခြင်းပင်။

ထို့နောက် လီချန်ရှို့သည် အကြီးအကဲချီလင်းနှင့် အရှက်မရှိ စကားပြော၍ နောက်ဆုံးတွင် သူ၏ဖုံးကွယ်ထားမှုကို အကြီးအကဲချီလင်း သိရှိမသွားကြောင်း အတည်ပြုလိုက်လေတော့သည်။

“ အရှင်ရွှမ်းဒူ ပေးခဲ့တဲ့ မှော်အတတ်က တကယ့်ကို အစွမ်းကြီးတာပဲ ”

လီချန်ရှို့သည် စက္ကူကိုယ်ပွားအသစ်ကို နှစ်ဝက်မျှ အချိန်ပေး၍ လုပ်ခဲ့ရ၏။ ထိုအခိုက်တွင် ယင်းစက္ကူကိုယ်ပွားသည် သက်ရှိလူသားတစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါများ ရှိနေပြီဖြစ်သည်။ ၎င်းသည် ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို အောက်ဆုံးအဆင့်၊ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အမြင့်ဆုံးအဆင့်အထိ ကြိုက်ရာကို ဖော်ပြနိုင်ပြီဖြစ်သည်။ ၎င်းသည် အချိန်မရွေး တစ်ပိုင်းစီ ဖြုတ်ပစ်၍ရသော ချပ်ဝတ်တစ်ခုကဲ့သို့ပင်။

လီချန်ရှို့ စက္ကူကိုယ်ပွား၏ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်သည် ထိုစက္ကူကိုယ်ပွား ထုတ်ဖော်ပြနိုင်သည့် အဆုံးစွန်သော အဆင့်ပင်။ စက္ကူကိုယ်ပွားသည် ကောင်းကင်နတ်မင်း အစောပိုင်းအဆင့်အထိ ဖော်ပြနိုင်ပြီဖြစ်သည်။

ထို့ပြင် လီချန်ရှို့သည် တစ်ပြိုင်တည်းတွင် ကိစ္စအများအပြားလုပ်နိုင်သည့် စွမ်းရည်ကိုလည်း တိုးတက်အောင်လုပ်ခဲ့၏။ သူသည် ကောင်းကင်နတ်မင်းတစ်ပါးကဲ့သို့ အစွမ်းရှိသော တိုက်ခိုက်ရေး စက္ကူကိုယ်ပွား သုံးရုပ်မှ လေးရုပ်အထိ တစ်ပြိုင်တည်းထိန်းချုပ်နိုင်ပြီဖြစ်သည်။

ထို့ကြောင့် လီချန်ရှို့သည် မကြာသေးခင်က အဆင့်မြင့်စက္ကူကိုယ်ပွားအုပ်စုကိုသုံး၍ တိုက်ခိုက်ခြင်း၊ ကူညီခြင်း၊ အဆိပ်ခတ်ခြင်း၊ ရန်သူ၏ စိတ်အခြေအနေကို ပျက်ပြားအောင်လုပ်ခြင်းနှင့် စွမ်းအားကြီးသော ကောင်းကင်နတ်မင်းအချို့ကို ကိုယ်တိုင်ဒဏ်ရာရမခံဘဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ရန် တွေးထားလိုက်၏။

သူသည် လက်ဦးမှုရအောင် လုပ်ရပေမည်။

ထိုစက္ကူကိုယ်ပွားတွင် အရေးကြီးသော ပြစ်ချက်တစ်ခုရှိနေသေး၏။ ထိုပြစ်ချက်သည် လီချန်ရှို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် မဖြေရှင်းနိုင်သေးသော ပြစ်ချက်ပင်။

၎င်း၏ နတ်တန်ခိုးသည် ၎င်းဘာသာ ပြန်၍မပြည့်လာနိုင်ပေ။

ထို့ပြင် သူသည် ထိုစက္ကူကိုယ်ပွားအသစ်ကို ပြုလုပ်ရန် ယခင်က စက္ကူကိုယ်ပွားများကို ပြုလုပ်ရန်အသုံးပြုခဲ့သည့် ဝိညာဉ်သစ်စေးထက် သုံးဆပို၍ သုံးခဲ့ရလေသည်။ သူသည် စက္ကူကိုယ်ပွားများ သူ့မူလဝိညာဉ်၏ အစွမ်းများကို ပို၍သယ်ဆောင်နိုင်ရန် ဝိညာဉ်သားရဲသွေးများကိုလည်း အများအပြားသုံးခဲ့ရ၏။

အကယ်၍ စက္ကူကိုယ်ပွားသည် ၎င်းကို၎င်း ဖျက်ဆီးလိုက်သည်ဖြစ်စေ သို့မဟုတ် အခြားသူ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ဖြစ်စေ လီချန်ရှို့၏ နှလုံးသားသည် အတန်ငယ် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

သို့သော် သူသည် လိုအပ်သော တံဆိပ်တော်များကို ပြင်ဆင်ရန် လိုသေးပေသည်။

လီချန်ရှို့သည် မိမိကိုယ်မိမိ တိုးတက်အောင်လုပ်ခြင်း၏ အသီးအပွင့်များကို ခံစားခဲ့ဖူးပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသို့ဆက်လုပ်ဆောင်ရန်သာ တွေးတောထားခြင်းပင်။

ကောင်းကင်ခွင်းတောင်မှနေ၍ ချုံတောင်လေးသို့ ပြန်ရောက်ပြီးနောက် နေ့ဝက်ကြာသောအခါ လီချန်ရှို့သည် ကောင်းကင်ခွင်းတောင်သို့ ထပ်မံသွားလိုက်၏။

ဤအကြိမ်တွင် လီချန်ရှို့သည် သူ၏ခန္ဓာကိုယ်အစစ်ကိုသာ သုံးလိုက်ပြီး တန်ခိုးရှင်၏ ရုပ်ပုံတော်အရှေ့တွင် အမွှေးတိုင်ရှည်ကြီးသုံးတိုင်ကို ထွန်းညှိပူဇော်လိုက်လေသည်။

သူက နူးညံ့စွာ ပြောလိုက်၏။

“ ကျွန်တော့်မှာ သံသယတချို့ရှိနေပါတယ်။ ကျွန်တော် အလယ်ကျွန်းကိုသွားရမယ့် ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်ပါ့မလားဆိုပြီး တွေးမိနေပါတယ်... ”

အကြီးအကဲများသည် ထိုရေရွတ်မှုကို ကြားလိုက်သောအခါ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူတို့သည် လီချန်ရှို့ကို ပို၍ အထင်ကြီးသွားကြလေသည်။

တန်ခိုးရှင်၏ ရုပ်ပုံတော်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ မည်သည့် တာအိုသင်္ကေတများမှလည်း ထွက်ပေါ်မလာပေ။

သို့သော် လီချန်ရှို့၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက်ပေါ်လာ၏။ ထိုခံစားချက်သည် ရိုးရှင်းသောစာလုံးများအဖြစ် ပြောင်းလဲသွား၏။ ထိုစာလုံးများသည် သူ၏နှလုံးသားထဲတွင် ဖြည်းဖြည်းချင်းပေါ်လာပြီး မည်သည့်အခါကမှ မပေါ်လာခဲ့သည့်ပမာ လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

“ တိတ်တဆိတ်နေပြီး စိတ်တည်ငြိမ်မှုကို ကျင့်ကြံပါ။ တည်တည်ငြိမ်ငြိမ် စတင်ပြီး တည်တည်ငြိမ်ငြိမ် အဆုံးသတ်ပါ ”

ထိုအရာသည် တန်ခိုးရှင်၏ လမ်းညွှန်ချက်ပင်။

‘ တန်ခိုးရှင်က ငါ့ကိုမှတ်မိရုံတင်မကဘူး ကိုယ်တိုင်တောင် လမ်းညွှန်ချက် ပေးလိုက်သေးတယ်... ’

လီချန်ရှို့သည် ရုတ်ခြည်း စိတ်လှုပ်ရှားသွား၏။ သူ ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူသည် သုံးကြိမ်ကန်တော့ပြီးနောက် ထရပ်ကာ ထွက်ခွာသွားလေ‌တော့သည်။

ထိုတချိန်တည်းမှာပင် တုသိတာနန်းတော်၏ အနောက်ခြံဝန်းအတွင်းရှိ သစ်ပင်အောက်မှ အရှင်ရွှမ်းဒူသည် ရေရွတ်လိုက်၏။

“ ဆရာ့ရဲ့ ဉာဏ်အလင်းပွင့်အောင်လုပ်ပြီး ပြောတဲ့နည်းက... တကယ်အသုံးဝင်တာပဲ ”

*****

အလယ်ကျွန်းရှိ ရန်ကျောင်းတော်လက်အောက်ခံ တာအိုဂိုဏ်းအနည်းငယ်အတွင်းမှ ဂိုဏ်းတစ်ခုတွင်...

ထူထဲသော်လည်း ချောမွေ့သည့် တောင်ကာမန္တန်အစီအရင်ကြီးတစ်ခုသည် လူသူရှုပ်ထွေးနေသော တောင်တစ်တောင်ကို ကာရံထားလေသည်။ တာအိုရသေ့အိုကြီးသည် မြင်းမြီးနှင်တံကို ကိုင်၍ သူနေ့စဉ်ကျင့်ကြံသည့်နေရာဖြစ်သော သူ့ချစ်တပည့်၏ ကျောက်တုံးတဲသို့ ပျံသန်းသွားလိုက်၏။

သူ ကျောက်တုံးတဲနှင့် နီးကပ်လာသောအခါတွင် ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးသည် တုန်လှုပ်သွားပြီး သူ့ပတ်ပတ်လည်တွင် နတ်တန်ခိုးအကာအရံအလွှာ အများအပြားကို အလိုလို ဖန်ဆင်းမိသွား၏။

ခေတ္တမျှဆက်တွေးတောပြီးသောအခါ တာအိုရသေ့အိုကြီးသည် နှလုံးကာကွယ်ကြေးမုံကိုထုတ်၍ သူ၏ရင်ဘတ်တွင် ကာလိုက်သည်။ သူသည် နတ်အလင်းများတောက်ပနေသော ချပ်ဝတ်တစ်စုံကိုထုတ်လိုက်ပြီး ဝတ်ဆင်လိုက်လေသည်။

ထို့နောက် ချပ်ဝတ်တန်ဆာအပြည့်အစုံဖြင့် တာအိုရသေ့အိုကြီးသည် ကျောက်တုံးတဲ၏ တံခါးကိုတွန်းဖွင့်၍ အော်ပြောလိုက်သည်။

“ လင်လီ... ငါ မင်းကို ပြောစရာတစ်ခုရှိတယ် ”

ဝီ...

တံခါးဝမှနေ၍ လေထုကို လျင်မြန်စွာပွတ်တိုက်နေသော အသံတစ်ခုကို ကြားလိုက်ရလေသည်။ သံမျှော်စင်ကြီးကဲ့သို့ ထွားကျိုင်းသော လူတစ်ယောက်သည် တုတ်ရှည်တစ်ချောင်းကို ဝှေ့ယမ်းနေ၏။

ထို ပိဿာ(၁၅၀၀)လေးသော တုတ်ရှည်ကြီးသည် မှော်မြေဝိညာဉ်သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း သူ၏ လက်ထဲတွင်မူ သစ်ချောင်းတစ်ချောင်းကဲ့သို့သာ ထင်ရလေသည်။

တာအိုရသေ့အိုကြီးသည် ထပ်မံ၍ အော်ပြောလိုက်၏။ ဤအကြိမ်တွင် သူသည် သူ၏နတ်တန်ခိုးကို အသုံးပြုခဲ့၏။

“ လင်လီ... ငါ မင်းကို ပြောစရာတစ်ခုရှိလို့... ”

တုတ်ခိုင်သောလူသည် နောက်သို့လှည့်လိုက်ရာ မိန်းမပျိုလေးတစ်ဦးနှင့်တူသော ချစ်စဖွယ်မျက်နှာလေးပေါ်လာလေတော့သည်။ သူမသည် တာအိုရသေ့အိုကြီးကို မြင်လိုက်သဖြင့် ပျော်သွား၏။

“ အာ...ဆရာ.. လင်လီကို လာတွေ့တာလား ”

သူမ၏ စကားပင်မဆုံးသေးခင် သူမ၏ လက်အတွင်းရှိ တုတ်ရှည်ကြီးသည် တာအိုရသေ့အိုကြီးထံသို့ ပျံထွက်သွားလေ၏။ တာအိုရသေ့အိုကြီး၏ မျက်နှာထားသည် ရုတ်ခြည်းပြောင်းလဲသွားလေတော့သည်။

All Chapters