← Chapters

အခန်း (၁၅၉၇-၁၅၉၈)

Vol. 115 Ch. 1597-1598

အခန်း (၁၅၉၇-၁၅၉၈)

Vol. 115 Ch. 1597-1598

အခန်း (၁၅၉၇) : ထိန်းချုပ်ရခက်ခဲခြင်း

အကြွင်းမဲ့ အုပ်စိုးခြင်း

တုကုပိုင်ထျန်း၏ ဦးခေါင်းထက်တွင် ရွှေရောင်ပလ္လင်တစ်ခု ထွက်ပေါ်လာပြီး ... ထိုအရာ၏ တည်ရှိမှုသက်သက်ဖြင့်ပင် မိုးမြေကြားရှိ အရာအားလုံးကို ဖိနှိပ်ထားလိုက်သည်။ ပလ္လင်၏ ကျောမှီပေါ်တွင် သင်္ကေတစာလုံးများ လျင်မြန်စွာ ပေါ်ပေါက်လာရာ အတိအကျအားဖြင့် အရေအတွက် ၃၈၀၀ ရှိလေသည်။ ထိုသင်္ကေတစာလုံးများထဲမှ သံကြိုး အရေအတွက် အတိအကျ ထွက်ပေါ်လာပြီး မဟာတာအို အရင်းအမြစ်အတွင်းသို့ စိုက်ဝင်သွားကြသည်။

ထိုဧရာမဓားကြီး ကျဆင်းလာစဉ် တုကုပိုင်ထျန်းက သေခြင်းရှင်ခြင်းနယ်မြေ၏ ခေါ်ဆိုမှုကို ခံစားလိုက်ရသဖြင့် စွမ်းအားကုန် ထုတ်သုံးလိုက်တော့သည်။ သူက ပင်မတာအို ၃၀၀၀ နှင့် အရန်တာအို ၈၀၀ တို့မှ စွမ်းအားအားလုံးကို အသုံးပြုကာ သူ၏မသေနိုင်သောခန္ဓာကိုယ်အတွက် ဗဟိုချက်အဖြစ် အသုံးပြုနိုင်မည့် အံ့ဖွယ်သိုလှောင်ရာအသစ်တစ်ခုကို ဖန်တီးလိုက်သည်။

ထိုတိုက်ခိုက်မှုမှာ အလွန်ပင် ထူးခြားလှသည်။ မရွေ့လျားနိုင်သော အရာဝတ္ထုတစ်ခုနှင့် တားဆီး၍မရသော စွမ်းအားတစ်ခု ထိပ်တိုက်တွေ့လျှင် ဘာဖြစ်နိုင်မည်နည်းဟူသော မေးခွန်းအတွက် အနီးစပ်ဆုံးအဖြေကို ရှာရမည်ဆိုလျှင် ယခုရင်ဆိုင်မှုပင် ဖြစ်ပေလိမ့်မည်။ ထွက်ပေါ်လာသော အရှိန်အဝါ စွမ်းပကားကြောင့် လေဟာနယ်တိုက်ပွဲကွင်းပြင်သည်ပင် အနည်းငယ် ကွေးညွတ်သွားရသည်။

"မဆိုးဘူးပဲ"

ယန်းအိုက်က ချီးကျူးလိုက်သည်။ တုကုပိုင်ထျန်း၏ ပုံစံမှာ အလွန်ဆိုးရွားနေခဲ့လေပြီ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သွေးများစွန်းထင်နေပြီး အသက်ရှူသံမှာလည်း လွင်ပြင်ကျယ်ကြီးပေါ်တွင် အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနေခဲ့ရသော မြင်းတစ်ကောင်ကဲ့သို့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ သို့သော်လည်း ဤဒဏ်ရာအားလုံးမှာ ခြုံငုံကြည့်လျှင် အရေပြားဒဏ်ရာမျှသာ ဖြစ်၏။

"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

ယန်းအိုက်က ပြုံးလိုက်သည်။ သူမ၏ ဝါးဓားမှာ ရုပ်ပိုင်းဆိုင်ရာ သစ်သားဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူမက ဓားကို ဝှေ့ယမ်းလိုက်သော်လည်း … ထူးဆန်းစွာပင် ဓားသွားများကို အသုံးမပြုဘဲ ဓားပြားဖြင့်သာ တိုက်ခိုက်လိုက်သည်။ မဟာယန္တရားခြောက်ခုသည် ဒုတိယအကြိမ်အဖြစ် တုန်ခါသွားပြီးနောက် ယန်းအိုက်၏ ဓားအောက်တွင် တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။

ထိုအမှောင်ထုသည် အရာအားလုံးကို လွှမ်းခြုံနိုင်သော အလင်းမဲ့အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး အတိုင်းအတာမဲ့ အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားတော့သည်။ တုကုပိုင်ထျန်းသည် မိမိကိုယ်ကိုယ် ကာကွယ်ရင်း မျက်နှာပျက်သွားလေသည်။ သူက ယခင်ကာကွယ်ရေးနည်းစနစ်ကို အသုံးပြုရုံတင်မကဘဲ တန်ပြန်တိုက်စစ်ကိုပါ ထည့်သွင်းလိုက်သည်။ အမှောင်ထုသည် သူ၏ နယ်မြေသို့သာ ပျံ့နှံ့သွားခြင်းမဟုတ်ဘဲ ယန်းအိုက်အထိ ပြန့်နှံ့သွားခဲ့သည်။

တောက်ပသော ဓားချက်တစ်ခုက ထိုအရာကို ပိုင်းဖြတ်လိုက်ရာ အဝတ်အစားအချို့ စုတ်ပြဲနေပြီး ဖြူဖျော့နေသော ယန်းအိုက် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် တုကုပိုင်ထျန်း၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားနေသည်။ သူ၏ လက်နှစ်ဖက်စလုံး ပျောက်ဆုံးနေပြီး ဒဏ်ရာမှာ တစ်ခုခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည့်အလား သန့်ရှင်းနေသည်။

ဒါ မကောင်းတော့ဘူး …

သူ တွေးလိုက်မိသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုသည် ဒဏ်ရာ ပိုမိုရရှိစေရုံသာမက အစစ်အမှန်စိတ်ဆန္ဒတိုက်ပွဲတွင်ပါ သူ ရှုံးနိမ့်သွားခဲ့သည်။ လက်ရှိတွင် ထာဝရကျူးကျော်လိုစိတ် အပြည့်ရှိသော စိတ်ပျက်စရာ ကောင်းလှသည့် စွမ်းအားတစ်ခုက သူ၏ပြန်လည်ကောင်းမွန်လာနိုင်စွမ်းကို ဖိနှိပ်ထားပြီး သူ့ခန္ဓာကိုယ်အတွင်း ရှုပ်ထွေးပွေလီမှုများကို ဖြစ်ပေါ်စေနေသည်။

ဒါကို ဖယ်ရှားဖို့ ငါ အနည်းဆုံး ၁၀ စက္ကန့်လောက် လိုလိမ့်မယ်...

တုကုပိုင်ထျန်းက အမူအရာပျက်ယွင်းစွာဖြင့် သဘောပေါက်လိုက်သည်။ ထိုအချိန်မှာ အလွန်ကြာမြင့်လွန်းလှ၏။ သူက ဆေးလုံးနှစ်လုံးကို ဝမ်းဗိုက်ထဲသို့ ပြောင်းရွေ့လိုက်ပြီးနောက် သုံးစက္ကန့်အတွင်း လွတ်မြောက်သွားနိုင်ခဲ့သည်။ ထို့အပြင် ပထမအကြိမ် တိုက်ခိုက်မှုမှ ရှုပ်ထွေးနေသော စွမ်းအားများလည်း ပျောက်ကွယ်သွားပြီဖြစ်သဖြင့် ထိုတိုက်ခိုက်မှုမှ ရရှိသော ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။

ငါ ဝမ်ချောင်ရဲ့ စကားကို နားထောင်ခဲ့သင့်တာ ...

ယန်းအိုက်က တွေးလိုက်မိသည်။ ယခင်ကဆိုလျှင် သူမသည် ဤမျှအဆင့်ရှိသော ဒုတိယအကြိမ် တိုက်ခိုက်မှုအပြီးတွင် သတိလစ်လုနီးပါး ဖြစ်သွားတတ်ပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ဆေးလုံးများ လိုအပ်လာလိမ့်မည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း အောင်မြင်မှုအသစ်များကြောင့် သူမ၏ ခွန်အားနှင့် ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် မလိုဘဲ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်နိုင်ခဲ့လေပြီ။

သူမက ဓားကို ဝှေ့ယမ်းကာ မည်သည့်ရွှေတာအို ကျင့်ကြံသူမဆို မနာလိုဖြစ်ရလောက်မည့် … အရင်းအမြစ်ဟွင်သွမ်းကမ္ဘာမဟုတ်သည့် ကမ္ဘာတစ်ခုမှ မည်သည့်ကောင်းကင်တာအို၏ အသိစိတ်ကိုမဆို ဖြတ်တောက်နိုင်လောက်မည့် … အနည်းငယ်သော ဖိအားဖြင့်ပင် ပကတိအရှိတရားကို ဖြတ်တောက်နိုင်လောက်မည့် ထက်မြက်လှသော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ငါ အဲဒီကလေးရဲ့ ဝိညာဉ်လက်စွပ် နည်းစနစ်ကို သင်ယူခဲ့သင့်တာ...

ယန်းအိုက်က သူမ၏ နှလုံးသားထဲမှ နာကျင်မှုနှင့် ဝိညာဉ်ထဲမှ ကိုက်ခဲမှုကို ခံစားရင်း တွေးလိုက်မိသည်။ တုကုပိုင်ထျန်းသည် သူ့ခြေထောက်နှစ်ဖက်နှင့် မျက်လုံးတစ်လုံး ဆုံးရှုံးသွားခဲ့ရသော်လည်း ရှင်သန်နေဆဲဖြစ်ပြီး စိတ်ပိုင်းဖြတ်မှု ပြတ်သားနေဆဲပင် ဖြစ်၏။ ယန်းအိုက်က နာလန်ထူရန်အတွက် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။ သူမ၏ ပြိုင်ဘက်မှာမူ ဆေးလုံးပေါင်း ဒါဇင်ကျော်ကို မျိုချထားပြီးဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သို့သော်လည်း ဆေးလုံးများမှာ အကန့်အသတ်ရှိပြီး ဤကဲ့သို့သော အခြေအနေမျိုးအထိ တွန်းပို့ခြင်းခံရပြီးနောက်တွင် ထိုအရာတို့၏ အာနိသင်မှာ မရှိသလောက်ပင် ဖြစ်သွားခဲ့ချေပြီ။

ယန်းအိုက်က သူမ၏ ဓားကို ဝေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်များ ထွက်ပေါ်လာပြီးနောက် ဓားကို ပြန်လည်ဖမ်းဆွဲလိုက်သည်။ ကမ္ဘာကြီးသည် စက္ကန့်၏ သန်းပေါင်းများစွာပုံ တစ်ပုံမျှသာ မှောင်မိုက်သွားပြီးနောက် ပြန်လည်ကောင်းမွန်လာသည်။ ယန်းအိုက်အနေနှင့် ယခုအခါ သူမ၏ ပြိုင်ဘက်နောက်သို့ ရောက်ရှိနေပြီး လက်ကောက်ဝတ်ကို ခါထုတ်လိုက်ကာ ဝါးဓားပေါ်ရှိ သွေးများကို ဖယ်ရှားလိုက်သည်။

ဝှစ်

တုကုပိုင်ထျန်း၏ ကျန်ရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်တွင် ဓားချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ တစ်ထောင်၊ တစ်သောင်း၊ တစ်သန်း၊ ကုဋေ၊ သန်းပေါင်းများစွာနှင့် အတိုင်းအဆမရှိသော ဓားချက်များပင် ဖြစ်သည်။ ထိုဓားချက်များသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အက်တမ်တိုင်း၊ စွမ်းအားတိုင်းနှင့် သူ၏ ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်၏ အမှုန်အမွှားတိုင်းကို ဆုတ်ဖြဲပစ်လိုက်တော့သည်။

သူ့ရဲ့ အချိန်အမှတ်အသားကို ရှာမတွေ့ခဲ့တာ နှမြောစရာပဲ… ဒါပေမဲ့ သူ့ကို သေခြင်းရှင်ခြင်းနယ်မြေ (မပြီးမပြတ်အခြေအနေ)ဆီ ပို့လိုက်နိုင်တာနဲ့တင် လုံလောက်ပါပြီ

ယန်းအိုက်က စိတ်လျှော့ရင်း တွေးလိုက်သည်။ သူမက အကြွင်းမဲ့ဓားလမ်းစဉ်သို့ ကူးပြောင်းပြီးနောက် ရရှိလာသော ခွန်အားအသစ်များကို ပြသနိုင်ခဲ့သဖြင့် ဤတိုက်ပွဲအပေါ် အတော်ပင် ကျေနပ်မိသည်။ အတိတ်ကာလက တုကုပိုင်ထျန်းနှင့် တိုက်ခိုက်ရာတွင် သူမ ရှုံးနိမ့်ခဲ့သည်ထက် နိုင်ခဲ့သည်က ပိုများသော်လည်း သူမ၏ အောင်ပွဲများသည် များသောအားဖြင့် အလွန်ပင် သနားစရာကောင်းလှသည်။

ဂါး …

တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံတစ်ခုက လေဟာနယ်တိုက်ပွဲကွင်းပြင်ကိုသာမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ တော်တော်များများသော အစိတ်အပိုင်းကိုပါ တုန်ခါသွားစေသည်။

"ဒီအရှိန်အဝါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူမ၏ တိုက်ခိုက်မှုက သူ့ကို လုံးဝချေမှုန်းလိုက်ပြီဟု သေချာနေခဲ့သည်။ တုကုပိုင်ထျန်းတွင် အသက်ရှည်အရင်းအမြစ်တစ်ခု ရှိနေ၍ ဖြစ်နိုင်သည်။ တတိယအဆင့် အရင်းအမြစ်များမှာ ရှားပါးလှပြီး သူသည် အကြွင်းမဲ့တားမြစ်ချက်အတွင်း၌ ထိုအရာတို့ကို အသုံးပြုခဲ့ပြီးသားဖြစ်သင့်သော်လည်း သူ့ထံ တစ်ခုခုကျန်ရှိနေသေးသည့် ဖြစ်နိုင်ခြေတော့ ရှိသေးသည်။

သို့သော်လည်း ယန်းအိုက်အနေနှင့် ဤအရာမှာ မဖြစ်နိုင်ကြောင်း သိထားသည်။ အကြောင်းမူကား သူမ၏ တာအိုသက်သေပြလက်နက်တွင် ရှင်သန်ခြင်းကင်းမဲ့သံမဏိဖြင့် ဖန်တီးထားသော ထူးခြားသည့် သင်္ကေတစာလုံးအသေးစားများ ပါရှိနေသောကြောင့် နောက်ဆုံးပြောခဲ့သော အသက်ရှည်အရင်းအမြစ်မှာ အသုံးမဝင်နိုင်တော့ပေ။

ဒဏ်ရာအနာအဆာ လုံးဝမရှိသော တုကုပိုင်ထျန်းသည် မီတာအနည်းငယ်အကွာတွင် ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့ထံတွင် တစ်ခုခု မှားယွင်းနေကြောင်း ယန်းအိုက် သတိပြုမိဖို့ သိပ်မကြာလိုက်ပေ။ သူ့အရှိန်အဝါမှာ မကောင်းဆိုးဝါးဆန်ဆန် ခရမ်းရောင်ရင့်ရင့် ဖြစ်နေပြီး သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီနေသည်။ သူ သူမကို ကြည့်နေသည့် ပုံစံမှာ နှစ်ပေါင်းများစွာ အိပ်စက်ခြင်းနှင့် ငတ်မွတ်ခြင်းကို ခံစားခဲ့ရပြီးနောက် ပထမဆုံး တွေ့ရှိရသည့် သက်ရှိကို ခုန်အုပ်ရန် ပြင်ဆင်နေသည့် အသိဉာဏ်မဲ့တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

ဝုန်း

ယန်းအိုက် ရပ်နေသော နေရာတွင် သွေးမြူများ ထွက်ပေါ်လာသည်။

"ဒါ ဘာကြီးလဲ"

သူမက အဝေးတစ်နေရာတွင် ခန္ဓာကိုယ်ကို ပြန်လည်ကုစားရင်း ကျိန်ဆဲလိုက်မိသည်။ သူမ၏ ပတ်ပတ်လည်တွင် ထက်မြက်လှသော ဓားစွမ်းအင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စွမ်းအင်ကွင်းပြင်တစ်ခု ဝန်းရံသွားသည်။ လက်သီးတစ်ချက်က ထိုအရာထဲ ဝင်ဆောင့်လာချိန်တွင် အချိန်ကိုက်ပင် ဖြစ်သွားခဲ့သည်။ ထိုစွမ်းအင်ကွင်းပြင်သည် ယန်းအိုက် လက်မောင်းကို ကာကွယ်ရန် လုံလောက်သော အချိန်အထိ တောင့်ခံနိုင်ခဲ့သည်။

အရိုးများ ကျိုးကြေသွားသည့် အသံသည် ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် ပဲ့တင်ထပ်သွားပြီးနောက် သွေးနှင့်အသားများ ပေါက်ကွဲထွက်သွားတော့သည်။

တုကုပိုင်ထျန်း … မဟုတ်သေးဘူး … ထိုသတ္တဝါသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သဖြင့် ယန်းအိုက်ကို လွင့်စင်သွားစေနိုင်လောက်သော တုန်ခါလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

သူ့ကို တစ်ခုခုက ပူးကပ်သွားတာလား

သူမက အခြေအနေကို ပိုင်းခြားစိတ်ဖြာရန် ကြိုးစားရင်း တွေးလိုက်သည်။ သူမသည် သဲလွန်စတစ်ခုခုကို ရှာဖွေရန် သူ၏ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သော်လည်း မကြာမီမှာပင် သူမ မြင်တွေ့နေရသည်မှာ ပုံရိပ်ယောင်မျှသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ခန္ဓာကိုယ်အစစ်မှာ လွင့်စင်နေသော သူမ၏ ခန္ဓာကိုယ်ထက်သို့ ရောက်ရှိနေပြီဖြစ်ကာ သူမ၏ ကလီစာများကို ကန်ကျောက်ဖျက်ဆီးရန် ပြင်ဆင်နေလေပြီ။

ယန်းအိုက်၏ ခန္ဓာကိုယ်သည် ဗီဇအရ အလိုအလျောက်လှုပ်ရှားလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ ဓားပေါင်းရာချီကို ထုတ်လွှတ်လိုက်သည်။ ဤဓားအများစုတွင် အနည်းဆုံး မဟာယန္တရား စွမ်းရည် ၃ ခုမှ ၄ ခုအထိ ပါဝင်ပြီး တစ်ခုမှာ မဟာယန္တရား စွမ်းရည် ၆ ခု ပါဝင်ပေသည်။ ဤကာကွယ်ရေး ယန္တရားအသစ်သည် သူမ အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား အဆင့်သို့ ရောက်ရှိပြီးနောက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အတော်ပင် ဂုဏ်ယူမိသောအရာ ဖြစ်သည်။

ထိန်းချုပ်ရခက်ခဲနေသော တုကုပိုင်ထျန်းသည် ဓားအများစုကို လျစ်လျူရှုထားပြီး ထိုဓားချက်များကို မိမိကိုယ်ပေါ်သို့ ကျရောက်စေခဲ့သည်။ ယန်းအိုက် အံ့ဩတုန်လှုပ်သွားရသည်မှာ ထိုဓားများသည် သူ၏ အရေပြားပေါ်တွင် ခြစ်ရာတစ်ခုမျှပင် မထင်ကျန်စေခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် အစွမ်းထက်ဆုံး ဓားကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ လက်သီးသည် ဓားနှင့် တစ်စက္ကန့်နီးပါး ထိပ်တိုက်တွေ့ပြီးနောက် ဖယ်ရှားပစ်လိုက်သည်။

ထိုတစ်စက္ကန့်သည် ယန်းအိုက်အတွက် အလွန်အရေးကြီးလှသည်။ ထိုအရာသည် သူမအား ဤသတ္တဝါနှင့် ဝေးကွာသောနေရာသို့ ရွှေ့ပြောင်းရန်၊ ဒဏ်ရာကုသရန်နှင့် စိတ်မျက်စိ နည်းစနစ်ကို အသုံးပြုရန် လုံလောက်သော အချိန်ကို ပေးစွမ်းနိုင်ခဲ့သည်။

ကျင့်ကြံသူအားလုံးသည် တစ်ချိန်ချိန်တွင် မိုးမြေနှင့် ပေါင်းစည်းရမည် ဖြစ်သည်။ ထိုအရာသည် ကမ္ဘာ့နိယာမများကို စောင့်ကြည့်လေ့လာရန် အမှန်ကန်ဆုံးနှင့် အတိုက်ရိုက်ဆုံး နည်းလမ်းပင် ဖြစ်သည်။ စိတ်မျက်စိဆိုသည်မှာ ကျင့်ကြံသူများ သို့မဟုတ် ဓားသမားများ ဤလုပ်ငန်းစဉ်အတွက် အသုံးပြုလေ့ရှိသော သာမန်နည်းစနစ်တစ်ခု ဖြစ်၏။

သို့သော်လည်း ဓားဧကရီ၏ စိတ်မျက်စိကိုမူ သာမန်အရာအဖြစ် မည်သည့်အခါမျှ မဖော်ပြနိုင်ချေ။ သူမသည် သူမ၏ အသိစိတ်ကို မြှင့်တင်ရုံမျှ မဟုတ်ပေ။ သူမသည် မိုးနှင့်မြေ၊ အချိန်၊ ကံကြမ္မာ၊ သေခြင်းတရားနှင့် အကျိုးအကြောင်းတရားတို့ကိုပါ သူမ၏ မျက်လုံးများအဖြစ် အတင်းအကျပ် အသုံးပြုလိုက်ခြင်း ဖြစ်၏။ နောက်ဆုံးတွင် သူမက တုကုပိုင်ထျန်းတစ်ယောက် တုနှိုင်းမဲ့အရှိန်နှုန်းဖြင့် လှုပ်ရှားနေပြီး သူမ၏ လည်ပင်းကို ပစ်မှတ်ထားနေသည်ကို မြင်တွေ့လိုက်ရသည်။

ပထမတွင် ယန်းအိုက်အနေဖြင့် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိဟု ထင်ရသော်လည်း နောက်ဆုံးအချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် လမ်းကြောင်းမှ ဖယ်ရှားနိုင်ခဲ့သည်။ သူမအစ်ကို၏ ထူးကဲလှသော ရှောင်တိမ်းခြင်းစွမ်းရည်မှာ ဤကဲ့သို့သော အန္တရာယ်ရှိသည့် အချိန်များတွင် အလွန်ပင် အရေးပါလှသည်။ ထိုသတ္တဝါသည် ပထမအကြိမ် တိုက်ခိုက်မှု ပျက်ပြားသွားပြီးနောက်တွင်လည်း ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း ယန်းအိုက်သည် နောက်ဆုံးမိနစ်တွင် သူ့ကို အမြဲတမ်း ရှောင်တိမ်းနိုင်ခဲ့သည်။

"အား"

ရူးသွပ်နေသော သတ္တဝါသည် ဟိန်းဟောက်လိုက်ပြီးနောက် ရွှေရောင်စွမ်းအင်လုံးတစ်ခုကို ပေါင်းစည်းလိုက်ပြီး အလင်းနှစ်သန်းပေါင်းများစွာအတွင်းရှိ အရာအားလုံးကို ပေါက်ကွဲမှုတစ်ခုတည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။ သူသည် ထိုမနှစ်မြို့ဖွယ်သက်ရှိကို သူ၏လက်ဝါးဖြင့် မချေမှုန်းနိုင်သဖြင့် မြင်သမျှအရာအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူ အပူးခံထားရတာလား

ယန်းအိုက်က ပေါက်ကွဲမှု၏ သက်ရောက်ရာနယ်မြေမှ ဝေးရာသို့ ကူးသန်းပြောင်းရွေ့ရင်း တွေးလိုက်မိသည်။ သူမသည် တုကုပိုင်ထျန်းထံမှ သူ့ပိုင်ဆိုင်သောအရာမဟုတ်သည့် ရှုပ်ထွေးပွေလီသော ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။

မဟုတ်ဘူး … ဒါ အပူးခံရတာ မဟုတ်ဘူး။ သူ့ရဲ့ စွမ်းအားအရင်းအမြစ်က သူ့ရဲ့ အသိစိတ်ပင်လယ်ထဲကို အတင်းအကျပ် ထည့်သွင်းထားတဲ့ ကြီးမားလှတဲ့ ဒေါသတရားတွေကြောင့် ဖြစ်ပုံပဲ …

နေဦး … ဒေါသလား... အဲဒီကလေးက အသင်္ချေဂိုဏ်းမဟာမိတ်က လိုအင်ဆန္ဒနှလုံးသားနန်းဆောင်ကို စိတ်ဝင်စားနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား

သူမက အကြောင်းအရာအချို့ကို စတင်ဆက်စပ်မိသွားသည်။ တုကုပိုင်ထျန်းသည် အကြွင်းမဲ့တားမြစ်ချက်အတွင်း စိတ်ခံစားမှုများနှင့် သက်ဆိုင်သည့် အရာတစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ရမည်။ လက်ရှိ အသွင်ပြောင်းလဲမှုမှာ သူ ရှာဖွေတွေ့ရှိခဲ့သော စွမ်းအားကို တတ်မြောက်ရန် ကြိုးစားခြင်း၏ ရလဒ်ပင် ဖြစ်ပေတော့သည်။

အခန်း (၁၅၉၈) : တိုက်ခိုက်လိုစိတ်

"သူက ရည်မှန်းချက်ကြီးမားတဲ့သူ ဆိုပေမဲ့ တုကုပိုင်ထျန်းက တော်တော်လည်း သတိထားတတ်တဲ့သူပဲ။ နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်မှု မလုပ်ဘဲနဲ့ ဒီလိုစွမ်းအားမျိုးကို သူ ဘယ်လိုလုပ်ပြီး စုပ်ယူနိုင်မှာလဲ။ တစ်ခုခုတော့ လွဲချော်သွားပြီ ထင်တယ်…"

ယန်းအိုက်က နီရဲနေတဲ့ စွမ်းအားတန်းတစ်ခုကို ရှောင်တိမ်းရင်း သုံးသပ်လိုက်မိသည်။

"အခု သူ့စွမ်းအားကို ငါ နားလည်သွားပြီဆိုတော့ တကယ့်ပြဿနာက ဘာဆက်လုပ်ရမလဲဆိုတာပဲ။" သူမ၏ အခြေအနေက လုံးဝ မဟန်တော့ပေ။ အရင်သုံးခဲ့သည့် တိုက်ကွက်များကြောင့် ကုန်ခမ်းသွားသော သက်လုံကတင် ပြဿနာဖြစ်နေပြီဖြစ်ရာ ယခု ထိုရှောင်တိမ်းရေးနည်းစနစ်၏ ဝန်ထုပ်ဝန်ပိုးကပါ ထပ်တိုးလာသဖြင့် အခြေအနေမှာ တခြားအရာများထက် ပိုမိုဆိုးရွားနေတော့သည်။

"အရင်းအမြစ်ကိုပဲ တိုက်ရိုက်ပစ်မှတ်ထားရမယ်"

ယန်းအိုက်က စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူမ၏ ဝါးတုတ်ဆီတွင် အရောင်စုံ စက်ဝိုင်းခြောက်ခု ဝန်းရံလာပြီး လက်နက်ကို ဖုံးလွှမ်းသွားသည့် အရှိန်အဝါအဖြစ် ပြောင်းလဲသွားသည်။

[အကြွင်းမဲ့ပိုင်းဖြတ်ခြင်း - စိတ်ခံစားချက် ဖြတ်တောက်ခြင်း]

ယန်းအိုက်က ဝမ်ထျန်း၏ ကျင့်စဉ်ကို ဖတ်ဖူးသည်။ အဆိုပါကျင့်စဉ်မှာ ဝမ်ထျန်းတစ်ယောက် မဟာတာအို သက်သေမပြခင်က ရေးခဲ့ခြင်းဖြစ်သော်လည်း သူမအနေဖြင့် ထိုကျင့်စဉ်၏ ဆန်းကြယ်မှုကို တန်ဖိုးထားမိဆဲ ဖြစ်၏။ သူမဘဝတစ်သက်လုံးတွင် ဓားလမ်းစဉ်၏ ပိုင်းဖြတ်ခြင်း ကဏ္ဍကို လျှောက်လှမ်းနေသော သို့မဟုတ် သူမလက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသော ဓားသမား ရာနှင့်ချီ၍ ဆုံခဲ့ဖူးသည်။ သို့သော်လည်း ဝမ်ထျန်း၏ လမ်းစဉ်လောက် လှပပြီး အလားအလာ ပြည့်နှက်နေသူမျိုး တစ်ယောက်မျှ မရှိခဲ့ချေ။ သူမသည် ဝမ်ထျန်း၏ လမ်းစဉ်ကို အတုယူကာ သူမ၏ နည်းစနစ်အချို့ကို မွမ်းမံခဲ့သလို ဝမ်ထျန်း၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်းတာအိုကို အစွဲပြု၍ သူမ၏ နည်းစနစ်အမည်တချို့ကိုပါ ပြန်လည် အမည်ပေးခဲ့သည်။

ထိုသားရဲကြီးက ယန်းအိုက်ကို သားကောင်အဖြစ် အပိုင်းပိုင်းဆုတ်ဖြတ်တော့မည့်အချိန်မှာပင် ထိုအရာ၏ အသိစိတ်ပင်လယ်ထဲမှ ဓားတစ်လက်၏ မြည်ဟီးသံကို ကြားလိုက်ရသဖြင့် တုန့်ခနဲ ဖြစ်သွားရသည်။

"အခုပဲ" ယန်းအိုက်က စိတ်ထဲကနေ ရေရွတ်ရင်း နောက်ထပ် ပြင်းထန်သည့် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်ဓားစွမ်းအင် သန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ထိုမိစ္ဆာကောင်ကြီးကို ပြာကျအောင် ဝါးမြိုပစ်လိုက်တော့သည်။

"ပြီးသွားပြီလား…" ယန်းအိုက်က အနည်းငယ် မောဟိုက်ရင်း ပြောလိုက်သည်။ သူမ၏ အာရုံခံစားမှုအရ ပြီးဆုံးသွားပြီဟု ထင်ရသော်လည်း သူမ၏ ပင်ကိုယ်သိစိတ်ကမူ အန္တရာယ်ရှိနေဆဲဟု သတိပေးနေသည်။ ဖိအားများကို လျှော့ချရန်အတွက် ဆေးလုံးတစ်ဒါဇင်ခန့်က သူမ၏ဗိုက်ထဲ တိုက်ရိုက် ရောက်ရှိလာသော်လည်း မလုံလောက်သေးပေ။

"တိုက်စမ်း" ယန်းအိုက်က အသံထွက် ညည်းညူလိုက်သည့်အခါ ထိုစာလုံးက သက်ရှိတစ်ခုကဲ့သို့ ဖြစ်လာပြီး သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့် အလင်းစက်များအဖြစ် ပြောင်းလဲသွားသည်။ အဆင့် (၃) မဟာတာအိုကျင့်စဉ်များကို သုံးပြီးနောက်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြန်လည်ဖြည့်တင်းခြင်းမှာ ထိရောက်မှု လျော့နည်းသွားတတ်ပြီး အဆင့် (၄) တွင်မူ လုံးဝ အသုံးမဝင်တော့ချေ။

သို့သော် ရှားပါးသော ကျင့်စဉ်အချို့ကမူ အဆင့် (၆) တွင်ပင် အစိတ်အပိုင်းအနည်းငယ်ကို ပြန်လည်ကောင်းမွန်စေနိုင်သည်။ ကံကောင်းချင်တော့ ဝမ်ချုံးနှင့် လီမင်တို့ ပူးပေါင်းကာ သူတို့၏ ကျွမ်းကျင်မှုများဖြစ်သည့် သိုင်းပညာ/တိုက်ခိုက်ရေးစွမ်းရည်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းတို့ကို ပေါင်းစပ်၍ ယခုကဲ့သို့သော အကြွင်းမဲ့ကျင့်စဉ်မျိုးကို ဖန်တီးခဲ့ကြခြင်း ဖြစ်၏။

ဤကဲ့သို့ အရေးကြီးသည့် အချိန်မျိုးတွင် အတွေ့အကြုံက ပါရမီ သို့မဟုတ် တိုက်ပွဲဉာဏ်ရည်ထက် ပို၍ တန်ဖိုးရှိလှသည်။ သူမ ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် ဟိန်းဟောက်သံတစ်ခုက လေဟာနယ်တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေသည်။ တုကုပိုင်ထျန်း၏ အမှုန်အမွှားများက တစ်ခုပြီးတစ်ခု ပြန်လည်အသက်ဝင်လာပြီး ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းလိုက်သည့်အခါ၊ သူ၏ အရှိန်အဝါက ပိုမို၍ ကမောက်ကမဖြစ်ကာ ပိုအားကောင်းလာသည်။

"သူ့ရဲ့ ဒေါသနဲ့အတူ ခွန်အားတွေကပါ တိုးလာတာလား။ သောက်ကျိုးနည်းပဲ"

ယန်းအိုက် သုံးသပ်လိုက်မိသည်။ ထိုသားရဲကြီးက အရှိန်အဝါကို အကန့်အသတ်မရှိ ထုတ်လွှတ်ရင်း ဟိန်းဟောက်နေဆဲ ဖြစ်သည်။ သာမန်လူသားများသည် ကြောက်ရွံ့မှုကို ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်တတ်ကြပြီး ထိုအရာထဲမှ တစ်ခုမှာ နှလုံးခုန်နှုန်း မြန်လာခြင်း ဖြစ်၏။

ယန်းအိုက်၏ သက်တမ်းက မည်သည့်စံနှုန်းဖြင့် တိုင်းတာစေကာမူ ရှည်လျားလှပြီဖြစ်၍ သူမ၏ နှလုံးခုန်သံ ဤမျှအထိ ကျယ်လောင်ခဲ့သည့် နောက်ဆုံးအချိန်ကို မမှတ်မိတော့ချေ။ အကြွင်းမဲ့တားမြစ်ချက် ကာလတုန်းက ဖြစ်နိုင်သော်လည်း ထိုစဉ်က အဖြစ်အပျက်ကို သူမ ကောင်းကောင်းမမှတ်မိတော့ပေ။

"သူ့ရဲ့ ခွန်အားက ဟိုကောင်လေးပြောတဲ့ အတုအယောင်သူတော်စင်အဆင့်လောက် ရှိလိမ့်မယ်။" ဝမ်ဝေ့၏ သီအိုရီဖြစ်သော ဝိဇ္ဇာအတု သို့မဟုတ် ထူးကဲသာလွန်သူ အတုအယောင်များအကြောင်းကို သက်သေပြရန် ဘာအချက်အလက်မှ မရှိသေးသော်လည်း၊ ယန်းအိုက်အနေဖြင့် ခန့်မှန်းရလျှင် တုကုပိုင်ထျန်း၏ လက်ရှိအဆင့်မှာ ထိုကဲ့သို့သော လူများကို အမျိုးအစားခွဲခြားမည့် အဆင့်မျိုးပင် ဖြစ်သည်။

"ငါသာ အချိန်အကြာကြီး ခံနိုင်ရည်ရှိမယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်မှုက ဒီလိုအမြင့်ဆုံးအဆင့်ကို ရောက်နိုင်လောက်တယ်" ယန်းအိုက်က တွေးမိကာ သူမ၏ အကြည့်များ တောက်ပသွားသည်။ ကံဆိုးသည်က သူမတွင် ထိုသို့ဖြစ်ရန် ယုံကြည်မှု အပြည့်အဝ မရှိခြင်း ဖြစ်၏။ လူအများက ယန်းအိုက်ကို မာနကြီးပြီး ဆောင့်ကြွားတတ်သူဟု မြင်ကြသော်လည်း အမှန်တရားကမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ထိုကဲ့သို့ စရိုက်မျိုးရှိသည့် ပါရမီရှင်များသည် များသောအားဖြင့် အသက်တိုတတ်ကြရာ ယန်းအိုက်ကမူ မိမိကိုယ်ကို ယုံကြည်မှုရှိသူပီပီ ဘယ်လိုအခြေအနေမျိုးကိုမဆို မည်သို့တွက်ချက်ရမည်ကို ကောင်းကောင်းသိရှိသည်။

"အဲဒီလို ဖြစ်မလာခင် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး … ကူညီမဲ့သူ မရှိရင်ပေါ့။" သူမ ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ကံကြမ္မာဆက်နွှယ်မှုမှတစ်ဆင့် သူမ၏ ညီအစ်ကိုများထံ အကူအညီတောင်းခံသည့် အချက်ပြမှုကို ပေးပို့လိုက်သည်။

"အခုတော့ ငါ့အတွက် အချိန်နည်းနည်းလောက် ဆွဲထားရမယ်" သူမက ဆက်တွေးလိုက်သည်။ သို့သော် ပြဿနာမှာ ထိုအရာကို မည်သို့အကောင်အထည်ဖော်ရမလဲဆိုသည့် ကိစ္စ ဖြစ်၏။

ရှောင်တိမ်းရေးနည်းစနစ်က စွမ်းအင်ကုန်ခမ်းလွန်းသလို အကန့်အသတ်လည်း ရှိပေသည်။ သူတို့နှစ်ဦးကြားရှိ အမြန်နှုန်းကွာခြားချက် ကြီးမားလွန်းသဖြင့် ယန်းအိုက်အနေဖြင့် သုံးကြိမ်ထက်မနည်း သို့မဟုတ် ထိုထက်နည်းသော ရှောင်တိမ်းမှုအပြီးတွင်ပင် အမြန်နှုန်းအသာစီးဖြင့် တိုက်ခိုက်ခံရလိမ့်မည်ကို သိနေသည်။

"အဲဒီလိုဆိုရင် အကောင်းဆုံးနည်းလမ်းက သူ့ကို ချိတ်ပိတ်ရမှာပဲ။ ဒါပေမဲ့ ဘယ်လိုလဲ။ ဘယ်နေရာမှာလဲ။ ပြီးတော့ အဲဒီစွမ်းအားနဲ့လား"

အောင်မြင်မည့် အစီအစဉ်တစ်ခုကို တွက်ချက်ဖော်ထုတ်ရန် သူမ၏ အာရုံကြောများနှင့် ဝိညာဉ်မှာ အစွမ်းကုန် အလုပ်လုပ်နေတော့သည်။

"ငါ့ရဲ့ စွမ်းအားတွေနဲ့ တိုက်ခိုက်မှုတွေ အားလုံးက အလုပ်မဖြစ်ဘူး။ ဒါပေမဲ့ ဟွင်သွမ်းစကြဝဠာထဲမှာ အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ထားတဲ့ စွမ်းအားကို ငါသုံးရင် ဘာဖြစ်မလဲ။"

ယန်းအိုက်၏ မျက်ဝန်းထဲတွင် ဉာဏ်ပညာအလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

[သွေးမျိုးဆက် ဆက်နွှယ်မှု]

သူမ စိတ်ကူးလိုက်ရုံမျှဖြင့် မျိုးနွယ်စုသုံးခုစလုံး၏ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်နှင့် ချိတ်ဆက်လိုက်ပြီး ဝမ်မျိုးနွယ်စုထံ တိုက်ရိုက်အာရုံစိုက်ကာ သူတို့၏ ဗလာနတ္ထိစွမ်းအားကို ငှားရမ်းလိုက်သည်။

တုကုပိုင်ထျန်း၏ အသွင်သစ်က အားကောင်းသော်လည်း သူ့အနနှင့် လှည့်ကွက်များ၊ အရည်အချင်းများနှင့် ဖန်တီးနိုင်စွမ်းများကိုမူ လုံးဝ ဆုံးရှုံးသွားခဲ့လေပြီ။ သူ့တိုက်ခိုက်မှုများမှာ ခန္ဓာကိုယ်တိုက်ရိုက်တိုက်ခိုက်မှု သို့မဟုတ် စွမ်းအားအရှိန်အဝါဖြင့် ပေါက်ကွဲစေမှုမျှသာ ဖြစ်ပြီး၊ ဆန်းပြားသော မန္တန်များ၊ နည်းစနစ်များ သို့မဟုတ် တိုက်ကွက်များ လုံးဝမပါဝင်သဖြင့် ထိုအရာကို အလွယ်တကူ ရိပ်မိနိုင်သည်။

ထို့ကြောင့် တုကုပိုင်ထျန်းက ယန်းအိုက်၏ လည်ပင်းကို ဆုတ်ဖြတ်ရန် လက်သည်းများဖြင့် ပြေးဝင်လာသည့်အခါ သူမ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သူ့ကို အဖြူရောင်စက်လုံးတစ်ခုထဲတွင် ပိတ်လှောင်လိုက်တော့သည်။ ယန်းအိုက် အစစ်ကမူ ထိုနယ်ပယ်၏ အပေါ်၌ ပေါ်လာပြီး ချိတ်ပိတ်မည့် လုပ်ငန်းစဉ် ပြီးဆုံးရန်အတွက် သင်္ကေတများကို စတင်ရေးဆွဲနေတော့သည်။

"ဒီလောက်ဆို ရလောက်ပြီ "

အဖြူရောင်စက်လုံးက ရုတ်တရက် ပေါက်ကွဲသွားပြီး အထဲမှ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ မဟုတ်သေးဘူး …. ထိုအရာက မျက်နှာအပြည့်မဟုတ်ဘဲ တစ်ဝက်ခန့်သာ ဖြစ်၏။ ထိုမျက်နှာက ကျန်သည့်တစ်ဝက် … ခေါင်းတစ်ခုလုံးကိုပါ ပြန်လည်ဖွဲ့စည်းရန် ကြိုးစားနေသည်။ သို့သော် မမြင်နိုင်သော စွမ်းအားတစ်ခုက ထိုအရာကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။

တုကုပိုင်ထျန်း၏ မျက်နှာက ဆက်တိုက် ပြန်လည်ဖွဲ့စည်းလိုက်၊ ပြန်ပျောက်ကွယ်သွားလိုက်နှင့် မကြာခင်မှာပင် အခြေအနေမှာ နှစ်ဖက်ကြား ထူးဆန်းသော တိုက်ပွဲတစ်ခု ဖြစ်လာတော့သည်။

ယန်းအိုက်က ဤအခွင့်အရေးကို အသုံးချကာ သူမ၏ ဒိုင်မေးရှင်းထဲမှ အဆင့် (၆) မဟာယန္တရားစွမ်းရည်များ သိုလှောင်ထားသည့် အဆောင်သုံးခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် ထိတ်လန့်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

ထိုမျက်နှာတစ်ဝက်က အနီရောင်ဒိုင်းတစ်ခုကို အလွယ်တကူ ထုတ်လွှတ်ပြီး အဆောင်သုံးစောင်ကို အသာလေး တားဆီးပစ်လိုက်ခြင်း ဖြစ်၏။ ထိုမိစ္ဆာကောင်ကြီးမှာ ဗလာနတ္ထိစွမ်းအားနှင့် ရင်ဆိုင်နေရသည်ကိုပင် တုန့်ဆိုင်းမသွားခဲ့ချေ။

ထို့နောက် ယန်းအိုက်သည် ထိုသတ္တဝါက သူ့မျက်ဝန်းများကို အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းလိုက်သည်ကို ကြည့်နေခဲ့ရသည်။ ပြီးတော့ ခေါင်း၊ ကိုယ်ထည်နှင့် ခြေလက်အင်္ဂါများပါ ထွက်ပေါ်လာသည်။ ထိုသတ္တဝါက သူမကို တစ်ခွန်းမျှ မဆိုဘဲ စိုက်ကြည့်နေပြီး၊ သူ၏ အရှိန်အဝါနှင့်အတူ မျက်ဝန်းထဲမှ နီရဲမှုများက ပိုမိုပြင်းထန်လာကာ ပို၍ ဒေါသထွက်လာသည့် ပုံပေါ်သည်။

"တောက်…" ယန်းအိုက် စိတ်ထဲက ကျိန်ဆဲလိုက်မိပြီးနောက် သူမ၏ ခန္ဓာကိုယ်က သွေးမြူနှင်းများနှင့် စိတ်ဝိညာဉ်မိုးစက်များအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူမ ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းလိုက်သည့် အချိန်မှာပင် သားရဲကြီးက သူမ၏ နောက်ကွယ်မှ ရုတ်တရက် ပေါ်လာပြီး၊ သူမ၏ ကျောရိုးကို ခန္ဓာကိုယ်ထဲမှ ဆုတ်ဖြတ်ကာ အမှုန်အမွှားဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။

"ဒီကောင်စုတ်က ငါ့ကို နှိပ်စက်ချင်နေတာပဲ။" ယန်းအိုက်က ခန္ဓာကိုယ် ပြန်မဖွဲ့စည်းဘဲ ရုပ်ခန္ဓာနှင့် ဝိညာဉ်မရှိသည့် အသိစိတ်သက်သက် အခြေအနေမှာပင် နေနေသော်လည်း သားရဲကြီးက ထိုသို့ခွင့်မပြုချေ။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမကို အတင်းအကျပ် ခန္ဓာကိုယ် ပြန်ဖွဲ့စည်းစေသည်။ ထို့နောက် ပြုံးစိစိဖြင့် သူမ၏ နှလုံးသားကို ဆုတ်ဖြတ်ပစ်ပြန်ရာ ယန်းအိုက်က သူမ၏ ခန္ဓာကိုယ်ကို ထပ်မံပေါက်ကွဲပစ်လိုက်သည်။

သူမ စတုတ္ထအကြိမ်မြောက် ခန္ဓာကိုယ် ပြန်ဖွဲ့စည်းသည့်အခါတွင်မူ ကာကွယ်ရေးစွမ်းရည်ရှိသော အဆင့် (၆) မဟာယန္တရားစွမ်းရည်များပါသည့် အဆောင်ငါးခုကို အသက်သွင်းပြီး အကြွင်းမဲ့ကာကွယ်ရေးကို ဖန်တီးလိုက်သည်။ ထိုအဆောင်များကို ဖန်တီးရန် အချိန်အများကြီးယူရပြီး ကုန်ကြမ်းများကလည်း ရှားပါးလှသဖြင့် မကြာသေးခင်ကမှ ငါးခုသာ သူမ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ရေးဒိုင်းက လက်သီးချက် သုံးချက်အထိ ခံနိုင်ရည်ရှိပြီးမှ ပြိုကွဲသွားခဲ့သော်လည်း သူမအတွက်တော့ အချိန်အလုံအလောက် ရသွားစေသည်။

"ဝိဇ္ဇာတွေနဲ့ စံပြအဆင့်တွေကြား ကွာခြားချက်က ဒီလောက်တောင် ကြီးမားတာလား။"

ဒီကောင်စုတ် တုကုပိုင်ထျန်းက ဝိဇ္ဇာအတုအဆင့်ပဲ …

ဆိုလိုသည်မှာ ထူးကဲသာလွန်တက်လှမ်းခြင်းတွင် ကျရှုံးခဲ့သူ၏ ခွန်အားမျှသာ ရှိနေသေးသည်။ သူ၏ ခွန်အားက တိုင်တစ်လုံးဝိဇ္ဇာအဆင့်၏ ခွန်အားနားပင် မကပ်နိုင်သေးချေ။ ထိုသို့ဆိုလျှင်ပင် သူက ယန်းအိုက်ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို ကလေးတစ်ယောက်လို သဘောထားကာ နှိပ်စက်နေခြင်း ဖြစ်၏။

"ငါ့ကိုယ်ငါ သတ်သေပြီး မပြီးမပြတ်အခြေအနေကိုပဲ ပြန်သွားတာက ပိုကောင်းမလား" ယန်းအိုက် တွေးလိုက်မိသည်။

ထိုသားရဲ၏ လက်ချက်ဖြင့် သေဆုံးရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို သူမ မသိချေ။ တည်ရှိမှုဇယားဆိုင်ရာ သူမ၏ နားလည်မှုအရဆိုလျှင် ကမ္ဘာဦးဝိဇ္ဇာတစ်ယောက်သည် စံပြအဆင့်ရှိသူများ၏ အချိန်အမှတ်အသားကို လိုက်ရှာနေစရာမလိုဘဲ အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိသည်။

သူတို့ သတ်ပစ်လိုက်ရုံဖြင့် ထိုစံပြအဆင့်ရှိသူသည် အချိန်စီးကြောင်းထဲမှ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ တုကုပိုင်ထျန်းက ဝိဇ္ဇာတစ်ယောက် မဟုတ်သေးသော်လည်း သူမအနေဖြင့် ဤသို့သော စွန့်စားမှုကို မလုပ်ချင်ပေ။

"မဟုတ်ဘူး။ ဒါက ငါ့ကိုယ်ငါ အစွမ်းကုန်တွန်းအားပေးပြီး ငါ့ရဲ့ တာအိုကို ပိုမြင့်တဲ့အဆင့်တစ်ခုဆီ မြှင့်တင်ဖို့ အခွင့်အရေးကောင်းပဲ။" ယန်းအိုက် တွေးလိုက်သည်။

သူမ၏ ဒိုင်းကြီးက တတိယမြောက် လက်သီးချက်တွင် မပြိုကွဲခင် ခဏတာအတွင်းမှာပင် သူမ လှုပ်ရှားလိုက်တော့သည်။

ပထမဆုံးအနေဖြင့် သူမသည် တည်ရှိမှုလောင်ကျွမ်းခြင်း ဆေးလုံးတစ်လုံးကို မြိုချလိုက်သည်။ သူမ၏ တည်ရှိမှုကို လောင်စာအဖြစ် လောင်ကျွမ်းစေခြင်းဖြင့် သူမသည် ပြိုင်ဘက်ကင်းသော တိုးမြှင့်မှုကို ရရှိနိုင်သည်။ ပုံမှန်ဆိုလျှင် သူမ ဤကဲ့သို့လှုပ်ရှားမှုမျိုးကို သုံးမည်မဟုတ်သော်လည်း၊ လဲလှယ်ရေးစာရင်းကြောင့် ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးမှ အမြန်ဆုံး ပြန်လည်သက်သာလာစေမည့် နည်းလမ်းများစွာ ရှိနေသည်။

အချိန်ပြန်လည်ရယူခြင်း အဆောင်

အရင်က သုံးခဲ့သည့် ကာကွယ်ရေးစာစောင်ငါးခုကို အချိန်မြစ်ကြောင်း၏ အောက်ဘက်စီးကြောင်းမှ ပြန်လည်ရယူလိုက်ပြီး လက်ရှိအချိန်တွင် ခဏတာ တည်ရှိနေစေသည်။ ထို့နောက် ယန်းအိုက်က ထိုအဆောင်များကို သူမ၏ အရေပြားထဲဆီ အတင်းအကျပ် ပေါင်းစပ်လိုက်ပြီး သူမ၏ ကာကွယ်ရေးကို နောက်ထပ်အဆင့်တစ်ခုဆီ မြှင့်တင်လိုက်သည်။

"မဟုတ်သေးဘူး။ မလုံလောက်သေးဘူး။"

သူမက အတိတ်ကာလကထက် အနည်းငယ် ပိုဝေးသော အချိန်ဆီမှ နောက်ထပ် အဆောင်ငါးခုကို ထပ်မံဆင့်ခေါ်လိုက်ပြန်သည်။

သူမ၏ ခန္ဓာကိုယ်တွင် ချက်ချင်းဆိုသလို အက်ကွဲကြောင်းများ ပေါ်လာသည်။ ထိုအရာက ဤကဲ့သို့သော အဆောင်ဆယ်ခု၏ စွမ်းအားများ သူမ၏သွေးကြောထဲ စီးဆင်းနေသည်ကို ခန္ဓာကိုယ်က မခံနိုင်တော့သည့် လက္ခဏာ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ရုပ်ခန္ဓာက အားနည်းမနေတော့သဖြင့် တောင့်ခံနိုင်ခဲ့သည်။ နောက်ဆုံးတွင်မူ မဟာတာအိုသက်သေပြလက်နက်က ဓားရိုးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ယန်းအိုက်က ထိုဓားရိုးအတွက် ဓားသွားအဖြစ် ဗလာနတ္ထိစွမ်းအားကို အသုံးပြုရင်း လှောင်ပြုံးပြုံးလိုက်မိသည်။

"ဒီနေ့တော့ ငါ့ရဲ့ ဓားလမ်းစဉ်က အထွတ်အထိပ်ထက် ကျော်လွန်ပြီး နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းနိုင်တော့မယ်။"

All Chapters