အခန်း (၁၆၀၁-၁၆၀၂)
Vol. 115 Ch. 1601-1602
အခန်း (၁၆၀၁) : ယာယီ နားလည်မှု
"အစ်ကိုကြီး နောက်ဆုံးတော့... ရောက်လာပြီပဲ" ယန်းအိုက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ ရောက်ပြီ... ဒါကြောင့် တောင့်ခံထားဦး" ချီယွမ်က ဆိုလိုက်ပြီးနောက် ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
သက်စောင့်မူလ ကာကွယ်ရေး
သူသည် လိုအပ်ချက်နှင့် မကိုက်ညီသဖြင့် ဝမ်ဝေ့၏ လေ့လာစောင့်ကြည့်ရေး နည်းစနစ်ကို မတတ်မြောက်ထားသော်လည်း ထိုကျင့်စဉ်ကို လေ့လာခြင်းမှ ဗဟုသုတများစွာ ရရှိခဲ့သည်။ သူ၏ အောင်မြင်မှုများထဲမှ တစ်ခုမှာ တည်ရှိမှုကို ကာကွယ်ပေးပြီး ပြိုလဲမသွားစေရန် တားဆီးပေးသည့် ဤကျင့်စဉ်ပင် ဖြစ်၏။
သူ့ညီမ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသဖြင့် ချီယွမ်သည် သူမ၏ အခြေအနေကို သက်သာစေရန် ဤကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။
"မင်းရဲ့ အခြေအနေက အတော်လေး ပျက်စီးနေပြီ"
"ကျွန်မ သိတယ်... ဒါပေမဲ့ ဒါက တန်ပါတယ်"
"တကယ်ပဲလား..."
"ဟုတ်တယ်... ဒါကြောင့် ကျွန်မ စတင်ခဲ့တဲ့အရာကို အဆုံးသတ်နိုင်ဖို့ ကျွန်မအတွက် အချိန်လုံလုံလောက်လောက် ဆွဲထားပေးပါ" ယန်းအိုက်က ဆိုသည်။
ချီယွမ်က သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းများစွာတိုင်အောင် အတူတကွ နေထိုင်ပြီး တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြတ်သန်းခဲ့ပြီးနောက် ဓားသိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် သူမကို ဖျောင်းဖျ၍ မရနိုင်မှန်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူသည် ဖန်ကလောင်ဝိဇ္ဇာ ဖျောင်းဖျဖို့ ကြိုးစားနေသည့် အတောင်ပံပါသော သားရဲကြီးထံသို့ အကြည့် ပို့လိုက်တော့သည်။
" တုကုပိုင်ထျန်း ခင်ဗျား သတိပြန်ဝင်လာဖို့ လိုအပ်နေပြီ" ဖန်ကလောင်က ထူးဆန်းသော သံစဉ် သို့မဟုတ် ကြိမ်နှုန်းတစ်ခု ထွက်ပေါ်နေသည့် ခေါင်းလောင်းတစ်ခုကို ကိုင်ဆောင်ရင်း ဆိုလိုက်သည်။ စာပေလမ်းစဉ် ကျင့်ကြံသူများသည် နတ်ဆိုး သို့မဟုတ် မိစ္ဆာများကို နှိမ်နင်းနိုင်သည့် စွမ်းရည်များကြောင့် လူသိများကြပြီး ထိုဝိဇ္ဇာသည် ထိုနည်းလမ်းများထဲမှ တစ်ခုကို အသုံးပြုကာ စာပေလမ်းစဉ်တစ်ခုလုံး၏ ကံကြမ္မာဖြင့် အားဖြည့်ထားခြင်း ဖြစ်သည်။
သားရဲကြီး၏ မျက်လုံးထဲတွင် ခဏတာ ဝေခွဲမရမှုများ ဖြတ်ပြေးသွားသည်။ ရူးသွပ်မှုများ ဆုတ်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာကာ ထာဝရ ရုန်းကန်နေရသည့် သံသရာတစ်ခု ဖြစ်ပေါ်နေသည်။
"လူသားနဲ့ သားရဲတွေက အခြေခံအဆင့်မှာ ကွဲပြားကြတယ်... ငါတို့ရဲ့ အသိဉာဏ်က အဲဒီအရာကို အကောင်းဆုံး သက်သေပြနေတာပဲ... ခင်ဗျားက လူသားလား... သားရဲလား..."
သူ၏ စကားလုံးများသည် ခေါင်းလောင်းသံနှင့်အတူ ပဲ့တင်ထပ်သွားသော်လည်း ထိုအရာက သတ္တဝါကို ပိုမိုဒေါသထွက်စေခဲ့သည်။
တောက်... သူ ဒီလိုမျိုး ပျက်စီးသွားလို့ မဖြစ်ဘူး
ဖန်ကလောင်ဝိဇ္ဇာက တွေးလိုက်သည်။ သူသည် တုကုပိုင်ထျန်းအပေါ် ဝေဖန်စရာများစွာ ရှိသော်လည်း မဟာမိတ်အဖွဲ့အတွက် ထိုသူ၏ အရေးပါမှုကိုလည်း နားလည်ထားသည်။ အကယ်၍ သူ သေဆုံးသွားပါက သို့မဟုတ် အသိဉာဏ်မဲ့သော သားရဲတစ်ကောင် ဖြစ်သွားပါက သူတို့၏ အင်အားစုမှာ ချေမှုန်းခံရပေလိမ့်မည်။ ထိုအရာမှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
အာဏာရှင်အင်အားစု အများစုမှာ သူတို့၏ ခေါင်းဆောင် သို့မဟုတ် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်များ သေဆုံးသွားပါက ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက်ရှင်သန်နိုင်ကြသော်လည်း မဟာမိတ်အဖွဲ့မှာမူ ထိုသို့မဟုတ်ပေ။ သူတို့၏ စွမ်းအားကို ခွဲဝေထားသည့် အခြားအင်အားစုများနှင့် မတူဘဲ တုကုပိုင်ထျန်းသည် မဟာမိတ်အဖွဲ့၏ ချီကံကောင်းမှုအများစုကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ သေဆုံးသွားပါက နောက်ဆက်တွဲဆိုးကျိုးမှာ ပြင်းထန်လှပေလိမ့်မည်။
ဒုတိယအချက်မှာ မြေကမ္ဘာဓားနတ်ဘုရားအနေဖြင့် မဟာမိတ်အဖွဲ့အပေါ် ဆက်လက်သစ္စာရှိနေမည့် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင် ဖြစ်၏။ သူသည် သူ၏ဆရာနောက်သို့ လိုက်ရန်အတွက် မိမိကိုယ်ကိုယ်ပင် အဆုံးစီရင်ကောင်း စီရင်နိုင်သည်။ အကောင်းဆုံး ရလဒ်မှာ သူ့ကို ဆက်လက်တည်ရှိနေရန် ဖျောင်းဖျပြီး တုကုပိုင်ထျန်းကို ပြန်လည်အသက်သွင်းမည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်သော်လည်း အောင်မြင်နိုင်မည့် အလားအလာကိုမူ မသိရသေးပေ။
နောက်ဆုံးတွင် တုကုပိုင်ထျန်းက အဓမ္မနည်းဖြင့် ပူးပေါင်းခိုင်းထားသည့် မဟာမိတ်အဖွဲ့၏ ပြင်ပအဖွဲ့ဝင်များသည် သူတို့အဖွဲ့၏ ကံကောင်းမှုမှာ အလုံးစုံသော မဟာမိတ်အဖွဲ့နှင့် ဆက်စပ်မှု မရှိတော့သည်နှင့် ချက်ချင်းပင် တော်လှန်ပုန်ကန်ကြပေလိမ့်မည်။ ဖန်ကလောင်ဝိဇ္ဇာသည် အရာနှစ်ခုကိုသာ ဂရုစိုက်သည်။ ထိုအရာများမှာ သူ၏ အစစ်အမှန်ပညာရေးကျောင်းတော် ကြီးပွားတိုးတက်ရေးနှင့် စာပေလမ်းစဉ် ပြန်လည်ဆန်းသစ်လာပြီး ဗုဒ္ဓဘာသာ၊ တာအိုဘာသာတို့နှင့် ရင်ပေါင်တန်းနိုင်ရန် ဖြစ်၏။
တုကုပိုင်ထျန်း သေဆုံးခြင်းသည် ဤအရာများအတွက် အလွန်အမင်း ထိခိုက်နစ်နာစေလိမ့်မည်။ သူ၏ ကျောင်းတော်သည်လည်း ကံကြမ္မာနောက်ဆက်တွဲဆိုးကျိုး၏ ဒဏ်ကို ခံရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အလိုအပ်ဆုံးအရာမှာ အင်အားချည့်နဲ့မသွားစေရန် ဖြစ်သည်။ ဧကရာဇ်ခုံ တည်ရှိနေခြင်းသည် ဖန်ကလောင်အနေဖြင့် စာပေလမ်းစဉ်၏ ခေါင်းဆောင်အဖြစ် သူ၏ အဆင့်အတန်းကို ဆုံးရှုံးရတော့မည့် လက္ခဏာဖြစ်ပြီး ထိုသို့သော ထိုးနှက်ချက်မျိုးက အခြေအနေကို ပိုမိုမြန်ဆန်စေရုံသာ ရှိပေလိမ့်မည်။
"ကျုပ် ထင်တာတော့ အလကားပဲ ဖြစ်လိမ့်မယ်" ချီယွမ်က သူ့အနားတွင် ပေါ်လာရင်း ဆိုလိုက်သည်။ ဖန်ကလောင်ဝိဇ္ဇာသည် သူ၏ စိတ်ပျက်မှုကို မဖုံးကွယ်ထားပေ။ သူ မတတ်နိုင်တော့ချေ။ လွန်ခဲ့သော ခဏကပင် ဤကောင်စုတ်သည် သက်ကြီးရွယ်အိုတစ်ဦးကို နှိပ်စက်နေသည့် လူငယ်တစ်ယောက်ကဲ့သို့ သူ့ကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရတော့မည်။
"ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေမဲ့အစား ကျုပ်ကို ကူညီပါဦးလား" ဖန်ကလောင်ဝိဇ္ဇာက ပြတ်သားသောအသံဖြင့် ဆိုသည်။ သို့သော် ချီယွမ်၏ အာရုံမှာမူ တုကုပိုင်ထျန်းအပေါ်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သူ၏ ညီမဘေးကင်းရေးအတွက်သာ မဟုတ်လျှင် သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ဤကောင်စုတ်ကို သေခြင်းရှင်ခြင်းကြားက နယ်နမိတ် ဖြစ်သည့် မပြီးမပြတ်အခြေအနေထဲသို့ ပို့ဆောင်လိုက်မည် ဖြစ်သည်။
"ဒီစကြာဝဠာရဲ့ အလင်းမဲ့အမှန်တရားတွေထဲက တစ်ခုက လူတိုင်းဟာ တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခုရဲ့ နယ်ရုပ်တွေ ဖြစ်နေကြတာပဲ... ခင်ဗျား ဒါကို နားလည်သင့်ရက်သားနဲ့ မသိနားမလည်တဲ့ စွမ်းအားတွေနဲ့ ဘာလို့ သွားရှုပ်နေတာလဲ" ချီယွမ် ခေါင်းခါလိုက်ပြီးနောက် သူ၏လက်ကို မြှောက်လိုက်သည်။
[စိတ်၏ မူလ]
လောကရှိ အရာအားလုံးတွင် အစပြုခြင်း သို့မဟုတ် မူလတစ်ခု ရှိကြသည်။ ချီယွမ်၏ တာအိုမှာ ဤမူလများနှင့် ဆက်သွယ်ရန်၊ လွှမ်းမိုးရန်နှင့် အသုံးပြုရန် ဖြစ်သည်။ သူ၏ လက်ဖဝါးထက်တွင် ရောယှက်နေသော အနီရောင်နှင့် အပြာရောင် စွမ်းအင်လုံးနှစ်ခု ပေါ်လာသည်။
"ဒါက ကျုပ်ထင်ထားတာထက် ပိုဆိုးနေတယ်" သူ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ..."
"သူ အသုံးပြုနေတဲ့ စွမ်းအားတစ်ခုခုက သူ့ရဲ့ စိတ်ကို ၃၅ ရာခိုင်နှုန်းကို ကူးစက်နေပြီ... အဲဒါ ၅၀ ရာခိုင်နှုန်းကို ကျော်သွားတာနဲ့ သူ ထာဝရ ကွယ်ပျောက်သွားလိမ့်မယ်"
"ဒါဆို အချိန်ရှိသေးတယ်ဆိုတဲ့ သဘောပေါ့"
"ဟုတ်တယ်... ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး"
"အခြားသူတွေကို အကူအညီတောင်းရင်ရော ဘယ်လိုလဲ" ဖန်ကလောင်ဝိဇ္ဇာက အကြံပြုလိုက်သည်။
"ကျုပ်ရဲ့ စိတ်နှိမ်နင်းရေး ခေါင်းလောင်းက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး... ကျုပ်တို့ နှစ်ယောက်တည်းနဲ့ သူ့ကို ကိုင်တွယ်နိုင်မယ် မထင်ဘူး"
ချီယွမ်က မျက်လုံးမှိတ်လိုက်သည်။ ထိုဝိဇ္ဇာ၏ ရည်ရွယ်ချက်မှာ တုကုပိုင်ထျန်းကို ကယ်တင်ရန် ဖြစ်နိုင်သော်လည်း သူ၏ ရည်ရွယ်ချက်မှာ ထိုသို့မဟုတ်ပေ။ လက်ရှိအခြေအနေသည် အသင်္ချေဂိုဏ်းမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကို သုတ်သင်ခြင်းဖြင့် ထိုအဖွဲ့ကို အဆုံးသတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်သည်။
သို့သော် သူ သေချာစွာ စီစဉ်ရန် လိုအပ်သည်။ သူ နောက်ဆုံး မလိုလားအပ်ဆုံးအရာမှာ တုကုပိုင်ထျန်း သတိပြန်ရလာပြီး ဤအနီရောင်သားရဲထံမှ စွမ်းအားအားလုံးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်၏။
မင်း အချိန်ဘယ်လောက်ကြာဦးမလဲ
ချီယွမ်က အံ့ဖွယ်အသိစိတ်မှတစ်ဆင့် မေးမြန်းလိုက်သည်။
အတိအကျတော့ မသိဘူး... ဒါပေမဲ့ ရောက်လုနီးပါး ဖြစ်နေပြီ
ယန်းအိုက်က ပြန်လည်ဖြေကြားသည်။
ဒီသားရဲကို တစ်ချက်တည်းနဲ့ သတ်နိုင်မယ်လို့ ထင်လား
သေချာပေါက် တတ်နိုင်တယ်
ကောင်းပြီ... ဒါပေမဲ့ လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲမှာ တရားမထိုင်နဲ့ဦး
သူ နောက်ဆုံး မလိုလားအပ်ဆုံးအရာမှာ လာမည့်တိုက်ပွဲတွင် သူမ ပစ်မှတ်တစ်ခု ဖြစ်သွားမည်ကို ဖြစ်၏။ ချီယွမ်သည် ဝမ်ချုံးနှင့် လီမင်တို့ထံသို့ သတင်းစကားတစ်ခု ပို့လိုက်ပြီးနောက် နောက်ဆုံးတွင် ဖန်ကလောင်အား ပြန်လည်ပြောကြားလိုက်သည်။
"မလိုအပ်ပါဘူး"
"ဒါပေမဲ့..."
"ကျုပ် သူတို့ရဲ့ ဆက်နွယ်မှုကို ခွဲထုတ်ဖို့ ကြိုးစားကြည့်မယ်"
ချီယွမ်သည် အနီရောင်နှင့် အပြာရောင် စွမ်းအင်လုံးများကို ခွဲထုတ်ရန် သူ၏ ညာဘက်လက်ကို အသုံးပြုလိုက်သည်။ ဖန်ကလောင်ဝိဇ္ဇာသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အခြားသော အဖော်များနှင့် လျှို့ဝှက်စွာ ဆက်သွယ်လိုက်တော့သည်။
ဂါး
ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခုက ချီယွမ်နှင့် ထိုဝိဇ္ဇာကို မိုင်ပေါင်းထောင်ချီအကွာသို့ တွန်းထုတ်လိုက်ပြီး စိတ်နှိမ်နင်းရေး ခေါင်းလောင်းကိုလည်း ခြေဖျက်ပစ်လိုက်သည်။
"ဘာဖြစ်တာလဲ... မင်း ဘာလုပ်လိုက်တာလဲ"
"သတင်းကောင်းကတော့ ကူးစက်မှု ၅ ရာခိုင်နှုန်း လျော့ကျသွားတာပဲ" ချီယွမ်က ပြန်လည်ဖြေကြားသည်။
"သတင်းဆိုးကကော..."
"အခြားစိတ်အသိက ပြန်လည်တိုက်ခိုက်နေတယ်"
သူ၏ စကားလုံးများ ပြီးဆုံးသွားသည်နှင့် တုကုပိုင်ထျန်း၏ ကျောဘက်တွင် နောက်ထပ် အတောင်ပံတစ်စုံ၊ ကျောဘက်သို့ ကွေးညွတ်နေသော အနီရောင်ဦးချိုနှစ်ခု၊ ခြေဖျက်လက်သည်းများ၊ စူးရှသော အစွယ်လေးခုနှင့် အပေါ်မေးရိုး၊ အောက်မေးရိုး နှစ်ခုစလုံးတွင် ဒုတိယမြောက် သွား ထွက်ပေါ်လာခဲ့သည်။
"တောက်..." ဖန်ကလောင်ဝိဇ္ဇာက ဆဲရေးလိုက်သည်။ ခေါင်းဆောင်ဖြစ်သူ လူသားသဏ္ဌာန် လက္ခဏာများ ဆုံးရှုံးနေခြင်းမှာ အဆိုးရွားဆုံး လက္ခဏာပင် ဖြစ်သည်။ ထိုအရာက သူ့ကို သံသယဝင်စေခဲ့သည်။
"သီလနဲ့ ပြည့်စုံတဲ့ စိတ်ဝိညာဉ်တစ်ခုက ကမ္ဘာကြီးရဲ့ အကာအကွယ်ကို ထိုးဖောက်မြင်နိုင်တယ်"
ဝိဇ္ဇာ၏ မျက်လုံးများသည် ထိုသားရဲကို လေ့လာကြည့်ရှုရင်း ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ချီယွမ် လိမ်ညာနေခြင်း မဟုတ်ပေ။ အခြားစိတ်အသိ သို့မဟုတ် ဆန္ဒတစ်ခုက ခေါင်းဆောင်ကို ဖြည်းဖြည်းချင်း ကူးစက်နေပြီး သူ၏နည်းစနစ်က ထိုပြဿနာကို သက်သာစေခဲ့သည်။ သို့သော် သူသည် ထိုသို့သော ပြင်းထန်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သဖြင့် အခြားစိတ်အသိထံမှ ပြန်လည်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ဝိဇ္ဇာသည် သူ့ကလောင်ကို ဝှေ့ယမ်းပြီး လေထဲတွင် စတင်ရေးသားလိုက်သည်။ သူ၏ ကဗျာသည် နတ်မိမယ်တစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ရာ အတောင်ပံပါသော သက်ရှိတစ်ခု မဟုတ်ဘဲ နတ်အဝတ်အစားများ ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်။ နတ်ဘုရားလမ်းစဉ် ကျင့်ကြံသူများအကြားတွင် အလင်းမျိုးနွယ်စုများ ရေပန်းမစားမီက နတ်မိမယ်များသည် သာမန်လူသားများနှင့် ကောင်းကင်ဘုံများအကြား ဆက်သွယ်မှုကို ကိုယ်စားပြုသည့် တမန်များ ဖြစ်ခဲ့ဖူးသည်။
ကောင်းကင်နတ်မိမယ်သည် မှန်တစ်ချပ်ကို ကိုင်ဆောင်ထားပြီး ထိုသားရဲကြီးထံသို့ ညင်သာစွာ ချိန်ရွယ်လိုက်ရာ ပြင်းထန်သော သန့်စင်ခြင်းအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုသတ္တဝါသည် မည်သည့် ကာကွယ်ရေးပုံစံကိုမျှ မပြုလုပ်ဘဲ ထိုကျင့်စဉ်ကို မိမိကိုယ်ကိုယ် ထိမှန်ခွင့်ပေးလိုက်သည်။ ထို့နောက် ၎င်းက ဖန်ကလောင်ကို မထေမဲ့မြင်ပြုစွာ စိုက်ကြည့်လိုက်ရာ ဖန်ကလောင်၏ မျက်နှာမှာ ထိုသားရဲ၏ အရှိန်အဝါထက်ပင် ပိုမိုနီမြန်းသွားခဲ့သည်။ ဤအရာမှာ သူ၏ အစွမ်းထက်ဆုံး ကျင့်စဉ်များထဲမှ တစ်ခုဖြစ်သော်လည်း အရေးမပါလှပေ။
ဖန်ကလောင်ဝိဇ္ဇာသည် ချက်ချင်းပင် တည်ငြိမ်သွားသည်။ ဤအရာမှာ လက်တွေ့ဘဝကို သတိပြုမိခြင်း ဖြစ်၏။ မဟာယန္တရား အဆင့် ၅ စွမ်းရည်များသည် ဤတိုက်ပွဲတွင် အသုံးမဝင်သလောက် ဖြစ်နေသည်။ မည်သည့် တွန့်ဆုတ်မှု သို့မဟုတ် ရှုပ်ထွေးမှုမျှမရှိဘဲ သူသည် ကလောင်နှင့် ပုရပိုက်ပုံသဏ္ဌာန်ရှိသော ရွှေရောင်တံဆိပ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုတံဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားသည်။ စာပေလမ်းစဉ်၏ ကံကြမ္မာစုစည်းမှု လက်နက်ဖြင့် ဖန်ကလောင်ဝိဇ္ဇာသည် နောက်ဆုံးတွင် နောက်ဆုံးမဟာယန္တရားအတွက် လိုအပ်ချက်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာမှာ ကံကြမ္မာမြစ်ကြောင်း ဖြစ်သည်။
ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး
သူ တွေးလိုက်သည်။ ချီယွမ်တွင် ယန်းအိုက်၏ တိုက်ခိုက်ရေးစွမ်းရည်မျိုး မရှိသော်လည်း သူ၏ စွယ်စုံအသုံးပြုမှုဖြင့် ထိုအရာကို အစားထိုးထားသည်။ သူ တာအိုကို သက်သေမပြမီက သူသည် မွေးရာပါပါရမီ ၃၀၀၀ ရှိသည့် အမျိုးသားအဖြစ် လူသိများခဲ့ပြီး အတိုင်းအတာတစ်ခုအထိ ထိုဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထို့ကြောင့် ဝိဇ္ဇာသည် ချီယွမ်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို အချိန်အကြာကြီး တိုက်ခိုက်နိုင်စေသည့် အားသာချက်ကို အသုံးပြုလိုက်သည်။ ထိုအရာမှာ တတိယအဆင့် ကုသိုလ်ရွှေခန္ဓာ ဖြစ်သည်။
ထိုအရာသည် အနိမ့်ဆုံးအဆင့်တွင် ရှိနေသော်လည်း အရေးမကြီးပေ။ ဖန်ကလောင်ဝိဇ္ဇာသည် စာပေလမ်းစဉ် ကြီးပွားတိုးတက်စေရန်အတွက် ကျောင်းတော်၏ သဘောတရားကို ဖော်ထုတ်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့သည်။ စမ်းသပ်ချက်ခေတ်ကာလ မတိုင်မီ သို့မဟုတ် ထိုအတောအတွင်းက ကျောင်းတော်များ ရှိခဲ့ဖူးသဖြင့် သူသည် ဤသဘောတရားကို အစပြုခဲ့သူ မဟုတ်သော်လည်း ၎င်းကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ တစ်ခုလုံးတွင် ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ဖန်ကလောင်ဝိဇ္ဇာသည် သူ၏ ရွှေရောင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ရာ ယခင်ကထက် ပိုမိုလုံခြုံမှုကို ခံစားလိုက်ရသည်။ ပိုမိုအရေးကြီးသည်မှာ သူသည် ယခင်မန္တန်ကြောင့် ပင်ပန်းနွမ်းနယ်မှုများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို ခံစားမိခြင်းပင် ဖြစ်သည်။ ဖန်ကလောင်၏ မျက်လုံးထဲတွင် ရည်မှန်းချက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ တစ်နေ့တွင် သူသည် နောက်ဆုံးမဟာယန္တရားကို အမှန်တကယ် ကျွမ်းကျင်လာသောအခါ ရွှေခန္ဓာ၏ စွမ်းအင်ကောင်းချီးပေးမှုဖြင့် မည်သူမျှ တားဆီးနိုင်မည် မဟုတ်တော့ချေ။
အခန်း (၁၆၀၂) : သေခြင်းရှင်ခြင်းကြားက နယ်မြေသို့ ပြန်လည်ရောက်ရှိခြင်း
ဒီကောင်... ပိုပြီးတော့ အသိဉာဏ်ရှိလာတဲ့ပုံပဲ
ချီယွမ်က အကဲခတ်လိုက်သည်။ သူ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ဤတိုက်ပွဲ၏ အစပျိုးမှုကို ခြေရာခံကာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်တွေ့ခဲ့သည်။ တုကုပိုင်ထျန်းက အသိစိတ် ပျောက်ကွယ်သွားပြီးနောက် သူ့မူလခွန်အားနှင့် ဗီဇအတိုင်းသာ သက်သက်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် သူ့တိုက်ကွက်များအားလုံးတွင် မည်သည့် ရှုပ်ထွေးမှု သို့မဟုတ် ပြောင်မြောက်မှုမျှ မရှိခဲ့ပေ။ သို့သော် သူက ဖန်ကလောင်ကို စိုက်ကြည့်လိုက်သည့် မထေမဲ့မြင်ပြုသော အကြည့်ကို အခြေခံ၍ သူ၏ အသိဉာဏ်မှာ ဖြည်းဖြည်းချင်း တိုးတက်လာနေပုံရရာ ဤသည်မှာ ဤအဖွဲ့အတွက် သတင်းဆိုးပင် ဖြစ်၏။
အကယ်၍ အံ့ဖွယ်စွမ်းအားများ ရှိသည့် ဤသားရဲကြီးသည် သူ့စွမ်းရည်များထဲတွင် အသိဉာဏ်နှင့် ပညာကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက သူတို့အားလုံး အဆုံးသတ်ရပေလိမ့်မည်။ သူ၏ အတိုင်းအတာမဲ့ စွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးပြုရန်အတွက် သူ ချက်ချင်း ဖန်တီးလိုက်နိုင်မည့် တိုက်ကွက်သည် သူတို့အားလုံးကို တစ်ကွက်တည်းဖြင့် ချေမှုန်းသွားနိုင်ပေသည်။
ဝုန်း
သူသည် ဒဿနပညာရှင်တစ်ဦးကဲ့သို့ နက်နဲစွာ တွေးတောနေစဉ် ထိုသားရဲကြီးသည် စစ်သည်တော်တစ်ဦးကဲ့သို့ လှုပ်ရှားလာသည်။ ထိုသားရဲကြီးသည် ဖန်ကလောင်၏ ရှေ့တွင် ပေါ်လာပြီး လူသားတစ်ဦးကို အပေါက်ပေါင်းများစွာ ဖြစ်သွားစေရန် သူ၏ အတောင်ပံလေးခုဖြင့် ထိုးနှက်လိုက်တော့သည်။ သို့သော် ထိုပညာရှိဝိဇ္ဇာက ရွတ်ဆိုခြင်းမပြုဘဲ မိုးမြေကြားတွင် စာသားအချို့ ပေါ်ပေါက်လာသည်။
ကလောင်သည် ဓားထက် ပိုမိုထက်မြက်၏။
သီလသည် မိုးမြေ၏ အနှစ်သာရဖြစ်ရာ သီလရှိသော ပညာရှိသည် လောက၏ ကောင်းချီးပေးမှုကို ခံရလိမ့်မည်။
ဖန်ကလောင်ဝိဇ္ဇာသည် မိုးမြေ၏ ကာကွယ်မှုကို အမှန်တကယ် ရရှိခဲ့သော်လည်း ထိုအရာမှာ ဤသားရဲကြီးအတွက် ဘာမျှမဟုတ်ပေ။ ထိုသားရဲကြီးမှာ မိမိ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသမျှ အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုပညာရှိဝိဇ္ဇာတွင် သူ၏ ကုသိုလ်ရွှေခန္ဓာမှ ထပ်ဆောင်းကာကွယ်မှု ရှိနေသည်။
"သေစမ်း... သားရဲတိရစ္ဆာန်" ထိုထိတ်လန့်ဖွယ် တိုက်ခိုက်မှုကို ပိတ်ဆို့ထားစဉ် ဖန်ကလောင်သည် ပြန်လည်တိုက်ခိုက်ရန် မမေ့လျော့ခဲ့ပေ။ သူ၏ နာမည်ကျော် ကလောင်တံမှာ အကောင်းဆုံး ဓားသမားအချို့၏ တိုက်ခိုက်မှုစွမ်းရည်မျိုး ရှိစေရန် ကောင်းချီးပေးခြင်း ခံရဖူးသည်။ သူ့ကလောင်မှ လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်မည့် တောက်ပစူးရှသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် အနီရောင်အလင်းတစ်ခုကို သူ မတွေ့ခင်အထိ သူ့မျက်နှာအထက် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
လက်သည်းများဖြင့် ပြည့်နှက်နေသော လူသားလက်တစ်ဖက်သည် သူ့ဦးခေါင်းထံသို့ တိုက်ရိုက် ဦးတည်လာလေသည်။ ရွှေရောင်ခန္ဓာက သူ့ကို ချက်ချင်း ကာကွယ်ပေးခဲ့သော်လည်း အကြွင်းမဲ့ စွမ်းအား၏ ရှေ့မှောက်တွင် အသုံးမဝင်ခဲ့ချေ။ သူ့အတွက် ကံကောင်းသည်မှာ ထိုသားရဲ၏ လက်သည်းနှင့် ထိတွေ့မိသည့်အခါ ပေါက်ကွဲသွားသည့် အနက်ရောင် စွမ်းအင်လုံးတစ်ခုကြောင့် သူ့ခန္ဓာကိုယ်မှာ နောက်ဆုံးအခိုက်အတန့်တွင် အလဲခံလိုက်ရသည်။
အလုပ်ဖြစ်သွားတာလား …
ချီယွမ်က စောင့်ကြည့်ရင်း တွေးလိုက်သည်။ မူလကျိန်စာသည် ဟွင်သွမ်းစကြဝဠာရှိ "ပထမဆုံး" ကျိန်စာအဖြစ် သတ်မှတ်နိုင်သဖြင့် အလွန်ဆိုးရွားလှသော ကျိန်စာတစ်ခု ဖြစ်ပေသည်။ ထိုအရာသည် စွမ်းအားကြီးမားရုံသာမက အထူးခြားဆုံးလက္ခဏာမှာ အမြင့်မားဆုံး အဖျက်စွမ်းအားကို သေချာစေရန်အတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်သည့် စွမ်းရည်ပင် ဖြစ်၏။
ကျိန်စာအနေနဲ့ အဲဒီသားရဲရဲ့ စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး သူ့ကို ဒဏ်ရာရစေနိုင်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲဖို့ အချိန်အနည်းငယ် ယူရလိမ့်မယ်
ချီယွမ်က သုံးသပ်လိုက်သည်။ သတင်းကောင်းမှာ ထိုကျိန်စာသည် ဤသားရဲကြီး၏ တုံ့ပြန်မှုမရှိသော ကာကွယ်ရေးကြောင့် ချက်ချင်း သန့်စင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း မခံရပေ။ သတင်းဆိုးမှာမူ ထိုအရာသည် ချက်ချင်း အသက်ဝင်လာမည် မဟုတ်ပေ။
"ကျေး... ကျေးဇူးပဲ" ဖန်ကလောင်ဝိဇ္ဇာက ဆိုလိုက်သည်။
"အခုကစပြီး ခင်ဗျားရဲ့ အလုပ်က ကျုပ်ကို ကူညီဖို့ပဲ... ခင်ဗျား တစ်ခုခု လျှောက်လုပ်နေတယ်လို့ ကျုပ် အနည်းငယ် သံသယဝင်တာနဲ့ ခင်ဗျားကို ဒီဒုက္ခထဲမှာ တစ်ယောက်တည်း ထားခဲ့မှာ" ချီယွမ်က တည်ငြိမ်စွာ သတိပေးလိုက်သည်။
"ကျုပ် ... နားလည်ပါပြီ" ထိုဝိဇ္ဇာက အံကြိတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
[မူလအရှိန်အဟုန် စွမ်းအား]
စကြာဝဠာ၏ ကနဦးတွင် ကမ္ဘာဦးဟွင်သွမ်းသည် ပုံသဏ္ဌာန်မဲ့သော အခြေအနေတွင် ရှိခဲ့သည်။ ထို့နောက် ယင်နှင့် ယန်တို့ မွေးဖွားလာခဲ့ပြီး နှစ်ပိုင်းကွဲထွက်သွားလေသည်။ ယန်သည် အထက်သို့ တက်လှမ်းကာ ကောင်းကင်ကို ဖြစ်ပေါ်စေခဲ့ပြီး ယင်သည် အောက်သို့ဆင်းကာ မြေကြီးကို ဖန်တီးခဲ့သည်။ ထိုပထမဆုံး ကွဲထွက်ခြင်းသည် စကြာဝဠာ၏ ပထမဆုံးသော လှုပ်ရှားမှု၊ ပထမဆုံးသော ရွေ့လျားမှုနှင့် ပထမဆုံးသော အရှိန်အဟုန် စွမ်းဆောင်ချက် ဖြစ်၏။
ချီယွမ်၏ ကျင့်စဉ်သည် ထိုကွဲထွက်ခြင်း၏ အရှိန်အဟုန်ကို အသုံးပြုခွင့် ပေးထားခြင်း ဖြစ်သည်။ ထိုအရာသည် သူ့အရှိန်ကို တိုးမြင့်ပေးရုံသာမက သူ့စိတ်ကို ကောင်းချီးပေးလိုက်သည်နှင့် သူ့တုံ့ပြန်မှုကိုပါ မြှင့်တင်ပေးသည်။
နောက်ဆုံးတွင် သူ့လက်ထဲ အဖြူရောင်ဓားနှစ်လက် ပေါ်ပေါက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် သားရဲကြီး၏ နောက်ကျောဘက်တွင် ပေါ်လာပြီး ဓားချက်များကို ဆက်တိုက် ထုတ်ဖော်လိုက်တော့သည်။ သူ၏ စကားလုံးများတွင် အရာအားလုံးကို ၎င်းတို့၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် စွမ်းအား ပါဝင်သော်လည်း ယနေ့တွင်မူ ဤသတ္တဝါ၏ ဒိုင်းကာရှေ့မှောက်တွင် အသုံးမဝင်ခဲ့ချေ။
လက်ပြန်တိုက်ခိုက်မှုတစ်ခုက သူ့ဦးခေါင်းထံသို့ တိုက်ရိုက်ဦးတည်လာသဖြင့် ချီယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အာရုံထဲ ထိုတိုက်ခိုက်မှု ဝင်ရောက်လာနေသည်ကို မြင်တွေ့နိုင်သော်လည်း ထိုကဲ့သို့သော မူလစွမ်းအားအရင်းအမြစ်ကို အသုံးပြုထားသည့်တိုင် သူ့တုံ့ပြန်မှုသည် ကာကွယ်ရန်အတွက် လက်ကို မြှောက်ရုံမျှသာ တတ်နိုင်ခဲ့လေသည်။ ကံကောင်းသည်မှာ သူ့ရှောင်တိမ်းရေးနည်းစနစ်သည် သူ့အရှိန်အဟုန်နှင့်အတူ အပြည့်အဝ အလုပ်ဖြစ်ခဲ့လေ၏။
ထိုလက်က သူ့ထံသို့ ချဉ်းကပ်လာစဉ် သူ့ခန္ဓာကိုယ်က ပြိုင်ဘက်၏ အရှိန်အဟုန်ကို အသုံးပြု၍ လမ်းကြောင်းမှ ဖယ်ရှားရန် ဗီဇအရ လှုပ်ရှားလိုက်သည်။ ထို့နောက် ချီယွမ်သည် ဓားတိုက်ကွက်များကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။ သူ၏ တိုက်ခိုက်မှုများသည် အသုံးမဝင်လှရာ သူက ဘာကြောင့် ဇွတ်လုပ်နေရသနည်း။ မည်သူမျှ သူ့ကို လူမိုက်ဟု ခေါ်ဆိုကြမည်မဟုတ်ရာ သူ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်နိုင်မည်နည်း။
မူလအရာများကို ကိုင်တွယ်သူတစ်ဦးအနေဖြင့် မည်သည့်အရာမျှ အကြွင်းမဲ့ပြည့်စုံခြင်း မရှိကြောင်း သူ သေချာနားလည်ထားသည်။ သဘောတရားတစ်ခု၏ မူလ သို့မဟုတ် ၎င်းတို့ကို မည်သို့ဖန်တီးခဲ့ပုံ/၎င်း၏ ကနဦး စိတ်ကူးပုံဖော်မှု အခြေအနေကို လေ့လာခြင်းအားဖြင့် အသုံးချနိုင်မည့် အားနည်းချက်တစ်ခုကို ရှာဖွေရန် ပိုမိုလွယ်ကူစေသည်။ ဓားတိုက်ကွက်များသည် ထိုအရာကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် စက္ကန့်အနည်းငယ်မျှတိုင်အောင် သူသည် သားရဲ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးကို တိုက်ခိုက်ရင်း သီသီလေး ဆက်လက်ရှောင်တိမ်းနေခဲ့သည်။
ဘုန်း
ချီယွမ်၏ ခန္ဓာကိုယ်သည် အတောင်ပံ တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းတော့မည့်အချိန်တွင် ထိုသတ္တဝါသည် တိုက်ခိုက်မှုကို ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး သူ့မျက်နှာကို တိုက်ရိုက် ရိုက်ခတ်လိုက်တော့သည်။ ကံကောင်းစွာဖြင့် ဖန်ကလောင်က သူ့ကို ကာကွယ်ရေးမန္တန် အထပ်ထပ်ဖြင့် ကာကွယ်ပေးခဲ့သည်။
ဒီသားရဲက အခု အခြေခံနည်းဗျူဟာတွေကို အသုံးပြုနေပြီ
ချီယွမ်က ဦးခေါင်းခွံထက်မှ အက်ကြောင်းများကို ပြန်လည်ကုစားရင်း တွေးလိုက်သည်။
အချိန်သည် အလွန်အရေးကြီးကြောင်း သူ ကောင်းစွာနားလည်ထားသည်။ ချီယွမ်က ကျင့်စဉ်တစ်ခုကို ထုတ်ဖော်ရန် သူ့လက်ကို မြှောက်လိုက်သည်။
ကမ္ဘာဦး စိတ်ခံစားမှု
စကြာဝဠာရှိ ပထမဆုံးသော စိတ်ခံစားမှုက မည်သည့်အရာဖြစ်သနည်း။ ထိုအရာသည် ပထမဆုံးသော သက်ရှိကို ဖန်တီးခဲ့စဉ်ကလား။ သို့မဟုတ် ထိုအရာမတိုင်မီ ကောင်းကင်တာအိုကို ပထမဆုံး ဖန်တီးခဲ့စဉ်ကလား။ ထိုအရာသည် ကမ္ဘာဦးဟွင်သွမ်း ပုံသဏ္ဌာန်မဲ့သော အခြေအနေတွင် ရှိနေစဉ်က ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုအရာ၏ အလိုဆန္ဒ သို့မဟုတ် စိတ်ခံစားမှုက ယင်နှင့် ယန်တို့အား ဖန်တီးမှုကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်နှင့် မြေကမ္ဘာတို့ ကွဲထွက်သွားခြင်း ဖြစ်သည်ဟု ပြောဆိုနိုင်သည်။
အမှန်တရားက မည်သို့ပင်ဖြစ်စေ ချီယွမ်၏ ကျင့်စဉ်သည် ပြင်းထန်လှသော ဒေါသများဖြင့် ပြည့်နှက်နေသည့် ကြီးမားလှသော အနီရောင်ပူဖောင်းတစ်ခုကို ဖန်တီးရန် စိတ်ခံစားမှုဆိုင်ရာ ကမ္ဘာဦးသဘောတရားကို အသုံးပြုထားခြင်း ဖြစ်၏။ ထိုပူဖောင်းသည် သားရဲကြီးထံမှ ဒေါသများကို ချက်ချင်း စုပ်ယူလိုက်သဖြင့် သားရဲကြီးအား ဒေါသတကြီး ဟိန်းဟောက်သွားစေခဲ့သည်။ သို့သော် ဤအရာမှာ ဒေါသထွက်ခြင်း၏ လက္ခဏာမဟုတ်ဘဲ တောင့်တခြင်း၏ လက္ခဏာပင် ဖြစ်သည်။
သားရဲကတော့ သားရဲပဲပဲ
ချီယွမ်က တည်ငြိမ်စွာ တွေးလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုသတ္တဝါသည် ပြင်းထန်လှသော ဒေါသစွမ်းအင်များကို စုပ်ယူရန်အတွက် အနီရောင်ပူဖောင်းထဲသို့ အတင်းဝင်ရောက်သွားခဲ့သည်။ သူ့အတွက် ကံဆိုးသွားသည်မှာ ထိုပူဖောင်းသည် ရုတ်တရက် အပြာရောင်အဖြစ် ပြောင်းလဲသွားပြီး ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အကြွင်းမဲ့ ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ခြင်းတို့ကို ထုတ်လွှတ်လိုက်တော့သည်။
သားရဲကြီး၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခဲ့ရာ ချီယွမ်အား ပြင်းထန်လှသော မဟာယန္တရား အဆင့်-၆ စွမ်းရည်ဖြစ်သည့် [မူလသို့ ပြန်လည်ရောက်ရှိခြင်း] ကို ထုတ်ဖော်ခွင့် ရရှိစေခဲ့သည်။ ယခုအကြိမ်တွင် သူ ရည်ညွှန်းသည့် မူလအရာမှာ ဗလာနတ္ထိ ဖြစ်သည်။ သူ့အတွက် ကံဆိုးသည်မှာ ထိုသားရဲကို ကာကွယ်ရန်အတွက် ပတ်ပတ်လည်တွင် ရွှေရောင်ဒိုင်းကာတစ်ခု ပေါ်လာခြင်း ဖြစ်၏။
"မင်း သေချင်နေတာပဲ" ချီယွမ်က ခြိမ်းခြောက်လိုက်သည်။
"သားရဲက သေရင်သေပါစေ... ဒါပေမဲ့ တုကုပိုင်ထျန်းကတော့ ရှင်သန်ရမယ်" ဖန်ကလောင်ဝိဇ္ဇာက တည်ငြိမ်စွာ ဆိုသည်။
အစီအစဉ် ပြောင်းရမယ်
ချီယွမ် ချက်ချင်း တွေးလိုက်သည်။ ထိုနှစ်ယောက် အတူတကွ မတိုက်ခိုက်ဘဲနှင့် သူသည် ဤသားရဲကြီး၏ အတိုင်းအတာမဲ့ စွမ်းအားအောက်တွင် ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ပေ။
ယန်းအိုက်ရော ...
သူ့အနေဖြင့် သူမ၏ တာအိုကို အမှန်တကယ် ဆင့်ကဲပြောင်းလဲစေလိုသော်လည်း သူမကို မည်သည့် တိုက်ခိုက်မှုမျှ ထုတ်ဖော်စေလိုခြင်း မရှိပေ။ အနည်းဆုံးတော့ ထိုကဲ့သို့သော ဆိုးရွားလှသည့် အခြေအနေတွင် ရှိနေစဉ် မဟုတ်ချေ။
"ဖန်... ကလောင်..."
"ခေါင်းဆောင် ...ခင်ဗျား အသိစိတ် ပြန်ဝင်လာပြီလား"
"မြေကမ္ဘာဓား... ကို... ခေါ်လိုက်... ဂါး ..."
"ခေါင်းဆောင် ..."
ဒါက ဘာလဲ
ချီယွမ်က တွေးလိုက်သည်။ ယခုအခါ တုကုပိုင်ထျန်းသည် သားရဲနှင့် တိုက်ခိုက်နေသဖြင့် ၎င်း၏ ကာကွယ်ရေးအများစုမှာ ပျက်ပြားနေပြီး ထိုသူ၏ အနှစ်သာရကို ကြည့်ရှုခွင့် ရရှိစေခဲ့သည်။ တုကုပိုင်ထျန်း၏ ဝိညာဉ်တွင် ကပ်ပါးကောင်တစ်ခုကဲ့သို့ တွယ်ကပ်နေသည့် ထူးဆန်းသော အနီရောင်သန္ဓေသားကို သူ မြင်တွေ့ခဲ့ရသည်။ သူသည် တုကုပိုင်ထျန်းကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သဖြင့် ဤမြင်ကွင်းကား သူ့ကို တုန်လှုပ်သွားစေသည်။
သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုများစွာတစ်လျှောက် ချီယွမ်နှင့် အခြားသူများသည် သူ့ဝိညာဉ်ကို အကြိမ်အနည်းငယ် လေ့လာခဲ့ဖူးကြသည်။ တိုက်ပွဲအချို့တွင် သူတို့သည် သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့ပြီး ဝိညာဉ်ကိုသာ ကျန်ရှိစေခဲ့သည်။ သို့သော် သူတို့အနေနှင့် သူ့ဝိညာဉ်တွင် ထိုကဲ့သို့သော အရာမျိုး တွယ်ကပ်နေသည်ကို ဘယ်သောအခါမှ မမြင်တွေ့ခဲ့ဖူးချေ။
ကြည့်ရတာတော့ ဒီအရာက သူ တာအိုကို သက်သေမပြခင်ကတည်းက သူ့ဆီမှာ ရှိနေခဲ့ပုံပဲ
ချီယွမ်က မိမိဘာသာ သက်ပြင်းချရင်း သုံးသပ်လိုက်သည်။ သူ ပြောခဲ့သလိုပင် လူတိုင်းသည် တစ်စုံတစ်ယောက်၏ နယ်ရုပ်များ ဖြစ်ကြ၏။ ထိုသို့သော စကားလုံးမှာ မည်သူမျှ ငြင်းပယ်၍မရသော အခြေခံအမှန်တရားတစ်ခု ဖြစ်ပေသည်။ ဝမ်ဝေ့တွင် ကံကြမ္မာမြစ်ကြောင်းနှင့် ကံကြမ္မာကာဒီနယ် ရှိပြီး သူတို့မောင်နှမ သုံးယောက်တွင် သုံးပါးတစ်ဆူအရှင် ရှိနေသည်။
သတင်းကောင်းကတော့ သူ့ကို သတ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်တာပဲ
သူ၏ စောင့်ကြည့်မှုအရ သားရဲ၏ စွမ်းအားသည် တုကုပိုင်ထျန်း၏ အချိန်စိတ်ဝိညာဉ်ကို ကာကွယ်ပေးနေခြင်း ဖြစ်ရာ ထိုလုပ်ငန်းစဉ်တွင် မည်သည့်အရည်အချင်းမျှ ပါဝင်ခြင်းမရှိကြောင်း ထင်ရှားစေသည်။ အကယ်၍ ချီယွမ်အနေဖြင့် ထိုတုံ့ပြန်မှုမရှိသော ကာကွယ်မှုကို ကျော်လွှားနိုင်မည်ဆိုပါက သူသည် တုကုပိုင်ထျန်း၏ အချိန်အမှတ်အသားကို ရှာဖွေတွေ့ရှိနိုင်ပြီး သူ့ကို အချိန်စီးကြောင်းထဲမှ ဖယ်ရှားပစ်နိုင်လိမ့်မည်။
[မူလ စည်းတံဆိပ်]
ချီယွမ်က သာမန်လူသားတစ်ဦး မပြောဆိုနိုင်သည့် ထူးဆန်းသောအသံတစ်ခုကို သူ၏လည်ချောင်းမှ ထုတ်ဖော်လိုက်သည်။ အယ်လ်ဖာသင်္ကေတဟု လူသိများသော သင်္ကေတတစ်ခုသည် မိုးမြေကြားတွင် ရုပ်လုံးပေါ်လာလေသည်။ အယ်လ်ဖာသင်္ကေတသည် ဟွင်သွမ်းစကြဝဠာရှိ ပထမဆုံးသော စကားလုံး သို့မဟုတ် စာလုံးဖြစ်ပြီး အတိုင်းအတာမဲ့ စွမ်းအားများ ပါဝင်သည်။ ဝူဟုန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီးနောက် ချီယွမ်သည် သူ၏ ကျင့်စဉ်အချို့ (အထူးသဖြင့် စည်းတံဆိပ်များ) အတွက် ဤသင်္ကေတ၏ စွမ်းအားကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
အယ်လ်ဖာသင်္ကေတသည် အနီရောင်သန္ဓေသားပေါ်တွင် ပေါ်လာခဲ့ပြီး တုကုပိုင်ထျန်း ယခင်က တည်ဆောက်ခဲ့သော အခြားစည်းတံဆိပ်များကို အားဖြည့်ရန် ကြိုးစားလိုက်သည်။ တုကုပိုင်ထျန်းသည် အခွင့်အရေးကို မြင်တွေ့သွားပြီး မိမိကိုယ်ကိုယ် ကူညီရန်အတွက် ချီယွမ်၏ စည်းတံဆိပ်ကို အသုံးပြုရန် ချက်ချင်း အာရုံစိုက်လိုက်တော့သည်။ သို့သော် သူ၏ အာရုံလွှဲသွားမှုကြောင့် သားရဲကြီးအား သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ချီယွမ်က တစ်စုံတစ်ခုကို ခံစားမိလိုက်သောအခါ အခြားအရာတစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ သူ့မျက်လုံးထဲ ဒေါသရိပ်များ ဖြတ်ပြေးသွားပြီးနောက် ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း စက္ကန့်အနည်းငယ် ကြာပြီးနောက် ယန်းရှစ်ရုန်နှင့် တိုက်ပွဲဝင်နေခဲ့သည့် မြေဆီလွှာနူးညံ့ ရှေးဦးမူလသည် လေဟာနယ်တိုက်ပွဲကွင်းပြင်၏ သူတို့ရှိရာနေရာတွင် ပေါ်လာခဲ့သည်။
သူ ဒီလိုအဆင့်ရှိတဲ့ တိုက်ပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ သိတယ်
ချီယွမ်က သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယန်းရှစ်ရုန်သည် သေခြင်းရှင်ခြင်းကြားရှိ နယ်မြေသို့သာ ပို့ဆောင်ခြင်း ခံခဲ့ရသဖြင့် သူ့အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။