← Chapters

အခန်း (၁၆၀၃-၁၆၀၄)

Vol. 115 Ch. 1603-1604

အခန်း (၁၆၀၃-၁၆၀၄)

Vol. 115 Ch. 1603-1604

အခန်း (၁၆၀၃) : လူစုံတက်စုံ ရောက်ရှိလာခြင်း

ချီယွမ်က မြေဆီလွှာနူးညံ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"မင်းတို့လူတွေ ရောက်လာပြီဆိုတော့... မင်းပဲ ဒီအခြေအနေကို တာဝန်ယူလိုက်တော့" သူ၏နှလုံးသားထဲတွင် နာကျင်မှုကို ခံစားနေရပြီဖြစ်ရာ ဤသည်မှာ ပင်ပန်းနွမ်းနယ်မှု၏ လက္ခဏာပင် ဖြစ်၏။ ချီယွမ်သည် မပြည့်စုံသေးသော [မဟာမူလဧကရာဇ်အ (၁၃) ပါး] အစီအရင်ကြောင့် သူ၏ မောင်နှမများနှင့် ယှဉ်လျှင် သက်လုံပိုင်းတွင် အားသာချက်ရှိပေသည်။ ထိုအစီအရင် ပြည့်စုံသွားမှသာ သူသည် အခြားသူများကို ခွဲဝေပေးမည်ဖြစ်သဖြင့် သူတို့မှာ ထိုအကျိုးကျေးဇူးကို မခံစားရသေးသော်လည်း သူကမူ ခံစားနေရပြီ ဖြစ်သည်။

"ဒါက ဘာအဓိပ္ပာယ်လဲ..." ဖန်ကလောင်ဝိဇ္ဇာက အမူအရာပျက်စွာ မေးမြန်းလိုက်သည်။

"သူက မင်းတို့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား" ချီယွမ်က ပြန်လည်ပြောကြားပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ လေဟာနယ်၏ မူလအစထဲသို့ ဝင်ရောက်ခြင်းဖြင့် သူသည် လေဟာနယ်တိုက်ပွဲကွင်းပြင်နှင့် အပြည့်အဝ တစ်သားတည်း ဖြစ်သွားခဲ့ပြီး သူ၏ အရှိန်အဝါနှင့် တည်ရှိမှုအားလုံးကို ဖျောက်ပစ်လိုက်သည်။ သေချာသည်မှာ သူ ထွက်ခွာသွားခြင်း မဟုတ်ပေ။ ထို့အစား သူသည် ထိုသတ္တဝါ၏ တုံ့ပြန်မှုမရှိသော ကာကွယ်မှုကို ကျော်လွှားရန်အတွက် အချိန်စိတ်ဝိညာဉ်အပေါ်သာ အာရုံစိုက်လိုက်တော့သည်။

"တောက်..."

ဖန်ကလောင်ဝိဇ္ဇာက ဆဲဆိုလိုက်သည်။ သို့သော် ထိုပညာရှိဝိဇ္ဇာတွင် ညည်းညူနေရန် အချိန်မရှိခဲ့ပေ။ အကြောင်းမှာ ထိတ်လန့်ဖွယ် စွမ်းအားတစ်ခုက သူ့အပေါ်သို့ ကျရောက်လာသောကြောင့် ဖြစ်သည်။

"အဆင်သင့်ပြင်ထား... ငါတို့ သူ့ကို တားဆီးဖို့ လိုတယ်"

မြေဆီလွှာနူးညံ့သည် ခဏတာမျှ မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ နဖူးထက်မှ အမှတ်အသားသည် စွမ်းအားများဖြင့် တောက်ပနေပြီး မိမိကိုယ်ကိုယ် အားဖြည့်ရန်အတွက် မဟာမိတ်အဖွဲ့၏ ချီကံကောင်းမှုကို ဆက်လက်အသုံးပြုလိုက်သည်။ သူမသည် ကျင့်စဉ်တစ်ခုကို ထုတ်ဖော်ရန် လက်ကို မြှောက်လိုက်သည်။

သက်စောင့်သစ်ပင်

ညင်သာသော အစိမ်းရောင်အလင်းတစ်ခုသည် သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

ဤကျင့်စဉ်သည် သားရဲကြီး၏ ကာကွယ်ရေးကို ကျော်လွှားပြီး ၎င်း၏ နှလုံးသားထဲတွင် သစ်ပင်မျိုးစေ့တစ်ခု စိုက်ပျိုးရန် ပုံဖော်ထားခြင်း ဖြစ်သည်။ ထိုမျိုးစေ့သည် ထိုအရာ၏ အသား၊ သွေး၊ ဝိညာဉ်နှင့် သက်စောင့်စွမ်းအင်များကို စုပ်ယူကာ အထိန်းအကွပ်မဲ့စွာ ကြီးထွားလာမည် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ဤကျင့်စဉ်သည် မဟာယန္တရား အဆင့် ၄ စွမ်းရည်သာ ဖြစ်နေခြင်း ဖြစ်၏။

ဝူဟုန်၏ အမျိုးအစား ခွဲခြားမှုအရ ဤရှေးဦးမူလများ အားလုံးမှာ ပထမတန်းစားအဆင့် (A) ဖြစ်ကြပြီး သူတို့သည် မဟာယန္တရား သုံးခုကို ကျွမ်းကျင်ထားကြကာ သက်လုံကုန်ခမ်းမှု မရှိသလောက်ဖြင့် မဟာယန္တရား အဆင့် ၃ စွမ်းရည်များကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ကြသည်။ အထူးတန်းစားအဆင့် (S) ရှိ ရှေးဦးမူလများသည် သာလွန်အုတ်မြစ်တစ်ခု ရှိကြပြီး မဟာယန္တရား အဆင့် ၄ စွမ်းရည်ကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ကာ နှစ်ဆအထူးအဆင့်(SS)တွင်မူ သာလွန်အုတ်မြစ် နှစ်ခုရှိပြီး အဆင့် ၅ စွမ်းရည်ကို အသုံးပြုနိုင်သည်။ နောက်ဆုံးတွင် သုံးဆအထူးအဆင့် (SSS) ဖြစ်ပြီး အုတ်မြစ်သုံးခုရှိကာ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ယန္တရားအားလုံးကို အသုံးပြုနိုင်သည်။

သူမ အမျိုးအစား ခွဲခြားထားပုံအရ ပထမတန်းစား ရှေးဦးမူလများကြားတွင်ပင် ကြီးမားသော ကွာခြားချက် ရှိနေသည်။ ချီယွမ်၊ ယန်းအိုက်နှင့် တုကုပိုင်ထျန်း ကဲ့သို့သော ထိပ်သီး ရှေးဦးမူလအချို့သည် မဟာယန္တရား အဆင့် ၆ စွမ်းရည်များကို ကျွမ်းကျင်ထားကြသော်လည်း မြေဆီလွှာနူးညံ့မှာမူ အဆင့် ၄ စွမ်းရည်ကို ထုတ်ဖော်ရန်အတွက် ဂိုဏ်း၏ ကံကြမ္မာအပေါ်တွင် အမှီပြုနေရဆဲ ဖြစ်၏။

မြေဆီလွှာနူးညံ့၏ တိုက်ခိုက်မှုမှာ အသုံးမဝင်ခဲ့ပေ။ သူမ စွမ်းဆောင်နိုင်ခဲ့သည့် တစ်ခုတည်းသော အရာမှာ သားရဲကြီး၏ အာရုံစိုက်မှုကို ရရှိလိုက်ခြင်း ဖြစ်၏။ တိုက်ပွဲတစ်ခုအတွက် အကောင်းဆုံး နည်းဗျူဟာများထဲမှ တစ်ခုမှာ အားနည်းဆုံးသော အစိတ်အပိုင်းကို ဖယ်ရှားပစ်ရန် ဖြစ်ပြီး အသိဉာဏ် ချည့်နဲ့နေသည့်တိုင် ထိုသတ္တဝါသည် ဤကဲ့သို့သော ရိုးရှင်းသည့် အမှန်တရားကို နားလည်ထားသည်။

ဘုန်း

မြေဆီလွှာနူးညံ့ ရပ်နေသည့် နေရာမှာ ပေါက်ကွဲသွားခဲ့သည်။ ထိုလက်သီးချက်၏ စွမ်းအားမှာ ပြင်းထန်လှသဖြင့် လေဟာနယ်ကိုပင် အသံကျယ်ကြီးမြည်ဟီးသွားစေခဲ့သည်။ သူမအတွက် ကံကောင်းသည်မှာ ဖန်ကလောင်ဝိဇ္ဇာက သူမကို အချိန်မီ ကူးသန်းပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်၏။ "လျှို့ဝှက်ကျင့်စဉ်ကို သုံးလိုက်တော့"

"ဒါပေမဲ့..."

"မင်း သေချင်လို့လား" ဖန်ကလောင်ဝိဇ္ဇာက အော်ဟစ်လိုက်သည်။

မြေဆီလွှာနူးညံ့သည် အံကြိတ်ကာ အမိန့်အတိုင်း လုပ်ဆောင်လိုက်တော့သည်။ မဟာယန္တရား ခြောက်ခုစလုံးသည် သူမ၏ နောက်ကျောဘက်တွင် ရုပ်လုံးပေါ်လာခဲ့သည်။ သာမန်အခြေအနေမျိုးတွင် သူမသည် ထိုကဲ့သို့သော ကျင့်စဉ်ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ အားနည်းသော အဆင့်ရှိ ရှေးဦးမူလတစ်ဦးပင်လျှင် သူမ "မကျွမ်းကျင်သေးသော" ယန္တရားနှစ်ခုနှင့် ဆက်သွယ်မှုကို တားဆီးနိုင်ကောင်း တားဆီးနိုင်သလို သို့မဟုတ် လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်သည်။ သို့သော် ဤသားရဲကြီးတွင်မူ အသိဉာဏ်မရှိသဖြင့် ထိုကဲ့သို့သော နည်းဗျူဟာကို မသုံးနိုင်ချေ။

မြေဆီလွှာနူးညံ့၏ အရေပြားမှာ သစ်ခေါက်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဆံပင်များမှာ ပန်းပွင့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ အတွေးတစ်ချက်တည်းဖြင့် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်သည် ဤတိုက်ပွဲကွင်းပြင်တွင် ရုပ်လုံးပေါ်လာခဲ့ပြီး ၎င်း၏ အမြစ်များက သားရဲကြီးကို စတင်ရစ်ပတ်လိုက်တော့သည်။

ယန်းအိုက်၏ ပြင်းထန်လှသော တိုက်ခိုက်မှု သို့မဟုတ် ချီယွမ်၏ တိကျသေချာစွာ တွက်ချက်ထားသည့် ဓားချက်များပင် ဤသားရဲကို ဒဏ်ရာမရစေနိုင်ခဲ့ရာ ဤကဲ့သို့သော ညံ့ဖျင်းလှသည့် အဆင့် ၆ စွမ်းရည်က ဘာများလုပ်နိုင်မည်နည်း။

ကံကောင်းသည်မှာ မြေဆီလွှာနူးညံ့နှင့် ဖန်ကလောင်ဝိဇ္ဇာတို့၏ ရည်ရွယ်ချက်မှာ စိတ်အနှောင့်အယှက်ဖြစ်စေရန်နှင့် အချိန်ဆွဲရန်သာ ဖြစ်သည်။ ထို့ကြောင့် ထိုသတ္တဝါက သစ်ပင်ကို ဖျက်ဆီးပစ်ရန် စွမ်းင်တစ်ခု ထုတ်လွှတ်လိုက်သောအခါ ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာပြီး သစ်ကိုင်းတစ်ကိုင်းတည်းကိုသာ ကာကွယ်ပေးလိုက်သည်။ ထိုသစ်ပင်သည် ထိုသစ်ကိုင်းမှတစ်ဆင့် ချက်ချင်းပင် ပြန်လည်ရှင်သန်လာခဲ့ပြီး သားရဲကြီးကို ဆက်လက်ရစ်ပတ်ရန် တာဝန်ကို လုပ်ဆောင်လိုက်ပြန်သည်။

[ပန်းချီကမ္ဘာ]

ဖန်ကလောင်ဝိဇ္ဇာသည် စာသားများ သို့မဟုတ် ကဗျာများကို မရွတ်ဆိုတော့ဘဲ ကောင်းကင်ယံထက်တွင် ပန်းချီဆွဲရန်အတွက် ကြီးမားသော စာလိပ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ဤပန်းချီကားမှာ သူ၏ အကောင်းဆုံး ချိတ်ပိတ်ရေးနည်းစနစ်တစ်ခုဖြစ်ပြီး သားရဲကြီး၏ သောင်းကျန်းမှုကို တားဆီးရန်နှင့် တုကုပိုင်ထျန်းကို ကယ်တင်ရန် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။ ပန်းချီစုတ်တံသည် လျင်မြန်လှပြီး လှပသော စည်းချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ စုတ်တံက ရပ်တန့်သွားရခြင်း ဖြစ်၏။

သားရဲကြီးသည် ကူးသန်းပြောင်းရွှေ့လာသကဲ့သို့ ရုတ်တရက် အလွန်မြန်ဆန်စွာ လှုပ်ရှားလာလေသည်။ လက်သီးတစ်ချက်တည်းဖြင့်ပင် ထိုသတ္တဝါကြီးက မြေဆီလွှာနူးညံ့ကို သွေးမြူအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် ထိုအရာသည် ဖန်ကလောင်ကို ပစ်မှတ်ထားပြီး ဟိန်းဟောက်သံတစ်ချက်တည်းဖြင့် သူ့ကို ဆုတ်ဖြဲပစ်လိုက်တော့သည်။ သို့သော် ထိုနှစ်ယောက်မှာ မသေဆုံးသေးပေ။ မြေဆီလွှာနူးညံ့သည် သူမ ဆင့်ခေါ်ထားသည့် သစ်ပင်မှ ပြန်လည်ရှင်သန်လာခဲ့ပြီး ဖန်ကလောင်၏ ခန္ဓာကိုယ်အသစ်မှာမူ ယခင်က သစ်ကိုင်းတစ်ကိုင်းကို ကာကွယ်ပေးခဲ့သည့် ရွှေရောင်အလင်းမှ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။

"မြန်မြန်လုပ်စမ်းပါ... မင်း ဒီထက်ပိုပြီး အချိန်ဆွဲပေးရမယ်"

"ဒါက လွယ်တယ်လို့ ရှင်ထင်နေတာလား... ကျွန်မတို့ နေရာချင်း လဲလိုက်ရင် ဘယ်လိုလဲ"

"မင်းမှာ ဒီအရာပေါ်မှာ အလုပ်ဖြစ်မဲ့ စည်းတံဆိပ် စွမ်းရည်ရှိလို့လား... မရှိရင် ပါးစပ်ပိတ်ပြီး အာရုံလွှဲတဲ့အလုပ်ကိုပဲ လုပ်စမ်းပါ" ဖန်ကလောင်ဝိဇ္ဇာက လှောင်ပြောင်လိုက်သည်။

သူသည် ဤစည်းတံဆိပ်ကို တည်ဆောက်နေစဉ် သူ့ကုသိုလ်ရွှေခန္ဓာဖြင့် ထပ်ဆောင်းကာကွယ်မှု ပေးထားရသူ ဖြစ်ပါလျက်နှင့် ထိုအမျိုးသမီးက ညည်းညူနေသည်။

မြေဆီလွှာနူးညံ့သည် စိတ်တည်ငြိမ်စေရန် သက်ပြင်းချလိုက်သည်။ သူမ၏ စိတ်ထဲ ခဏမျှ တွေးတောပြီးနောက် တုံ့ပြန်မှုတစ်ခုကို ဖန်တီးလိုက်သည်။ သူမက လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူမ၏ ကြီးမားလှသော သစ်ပင်ကြီးမှ ကြေးခွံပုံစံများ ရှိသည့် အသီးတစ်လုံး စတင်သီးပွင့်လာခဲ့သည်။ ထူးဆန်းပြီး မသိမသာ ခံစားရသော အနံ့တစ်ခု တိုက်ပွဲကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ ထိုအနံ့က သားရဲကြီးကို ချက်ချင်းပင် လှုပ်ခတ်သွားစေခဲ့သည်။ ထို့နောက် သားရဲကြီး၏ စိတ်မှာ စတင်ရှုပ်ထွေးလာခဲ့သည်။

ဤသတ္တဝါတွင် အသိဉာဏ် မရှိသော်လည်း အချို့သော ရှင်သန်မှုဗီဇများ ရှိနေဆဲ ဖြစ်သည်။ ယန်းအိုက်နှင့် ချီယွမ်တို့သည် စိတ်/ဝိညာဉ် တိုက်ကွက်များကို အသုံးပြု၍ သူ့ကို အကြိမ်အနည်းငယ် ခံစားရစေခဲ့သဖြင့် ထိုတိုက်ခိုက်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ယူလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပုံမှန်မဟုတ်သောအရာကို သတိပြုမိသည်နှင့် ချက်ချင်းပင် သားရဲကြီးသည် သူ့လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို လောင်ကျွမ်းစေမည့် ထိတ်လန့်ဖွယ် အနီရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။

ထိုမီးတောက်သည် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ လေဟာနယ်၊ သစ်ပင်၊ အသီး၊ သစ်ကိုင်း၊ ရွှေရောင်အလင်းနှင့် ပန်းချီကားပင် ပျက်စီးသွားခဲ့သည်။ နောက်ထပ် ပစ်မှတ်မှာ ထိုရှေးဦးမူလနှစ်ယောက် ဖြစ်၏။

မိုးမြေကြားတွင် နဂါးအော်သံ ရုတ်တရက် ပေါ်ထွက်လာပြီးသည့်နောက် ခန့်ညားထည်ဝါလှသော နဂါးပြာတစ်ကောင် ရုပ်လုံးပေါ်ထွက်လာသည်။ ထိုသတ္တဝါသည် မီးတောက်ကို တိုက်ဖျက်ရန်အတွက် ကမ္ဘာဦးရေစင်ကို ထုတ်လွှတ်ရန် ပါးစပ်ကို ဖွင့်ဟလိုက်သည်။ သူ၏ ကြိုးပမ်းမှုမှာ အချည်းနှီး ဖြစ်ခဲ့သော်လည်း ထိုနှစ်ယောက် ထွက်ပြေးရန်အတွက်မူ အချိန်လုံလောက်စွာ ဆွဲထားပေးနိုင်ခဲ့သည်။

"သားရဲဘုရင်... ကောင်းကင်ဘုံကို ကျေးဇူးတင်ရမယ်။ မင်း ရောက်လာပြီပဲ" ဖန်ကလောင်ဝိဇ္ဇာက သက်ပြင်းချလိုက်သည်။

"ငါ အချိန်မီ ရောက်လာပုံပဲ" သားရဲဘုရင်က ဖြူဖတ်ဖြူရောြဖစ်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မင်း..."

"ငါ အဆင်ပြေပါတယ်" သားရဲဘုရင်က အာမခံလိုက်သည်။ သူသည် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်အနေဖြင့် သူ၏ တက်လှမ်းခြင်းဂိတ်ပေါက်ကို ပြန်လည်ဖန်တီးကာ ခန္ဓာကိုယ်ကို ပြည့်စုံအောင် လုပ်ဆောင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့တင်မကသေးဘဲ ထိုကောင်စုတ်သည် နောက်ဆုံး မဟာယန္တရားကို ကျွမ်းကျင်ရန် အလွန်နီးစပ်နေသည့်အတွက် ထိုအရာက သူ့ကို အခက်တွေ့စေသည်။

"ဝမ်ချုံးရော ..."

သားရဲဘုရင်၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။

"သူ့အကြောင်း မပြောနဲ့တော့... မင်းက အရေးပေါ်အခြေအနေ ရှိတယ်လို့ ပြောခဲ့တာပဲ။ လက်ရှိ အခြေအနေက ဘာလဲ"

…………………….

လျှို့ဝှက်လေဟာနယ်

ချီယွမ်သည် သားရဲဘုရင် ပေါ်လာသည်ကို မြင်တွေ့ပြီးနောက် ဝမ်ချုံးကို ဆင့်ခေါ်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ"

"အဲဒီကောင်စုတ်က ငါ့ကို လှည့်စားပြီး ထွက်ပြေးသွားတာ" ဝမ်ချုံးက အံကြိတ်ရင်း ပြန်လည်ဖြေကြားသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့... စက္ကန့် ၃၀ လောက်အတွင်းမှာ ငါ သူ့ရဲ့ စည်းတံဆိပ်ကို ဖျက်ဆီးပစ်မယ်"

"မင်း အကူအညီ လိုလား..."

"မလိုဘူး" ဝမ်ချုံးက လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်သည်။ သူသည် လှည့်စားခံခဲ့ရသဖြင့် အရှက်ရနေပြီဖြစ်ရာ အပြင်ထွက်ရန်အတွက် အကူအညီတောင်းရမည်ဆိုပါက ပို၍ပင် အရှက်ရပေလိမ့်မည်။

"ဒါဆိုရင်လည်း မင်း လွတ်မြောက်လာတာနဲ့ ညီလေးလီကို သွားကူညီလိုက်တော့"

"မလိုပါဘူး" နက်ရှိုင်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ပြီးသွားပြီလား..."

"ဟုတ်တယ်" လီမင်က လျှို့ဝှက်လေဟာနယ်ထဲသို့ ကူးသန်းပြောင်းရွှေ့လာရင်း ပြန်လည်ဖြေကြားလိုက်သည်။ သူသည် သူ၏ လက်ဖဝါးထဲမှ သေးငယ်သော ပုံဆောင်ခဲတစ်ခုကို ပြသလိုက်သည်။

"အရမ်းကောင်းတယ်" ချီယွမ်က တောက်ပသော မျက်လုံးများဖြင့် ဆိုလိုက်သည်။ မြေကမ္ဘာဓားနတ်ဘုရားကို ဖမ်းဆီးရမိပြီဖြစ်ရာ ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေ အခြေအနေမှာ သူတို့ဘက်မှ အသာစီးရရှိသွားလေပြီ။

"မင်း အဆင်ပြေရဲ့လား..."

"သူက အသေအလဲ ပြန်တိုက်ခိုက်ခဲ့တာ" လီမင်က သူ၏ ရင်ဘတ်ထက်မှ ဒဏ်ရာတစ်ခုကို ပြသရင်း ဆိုလိုက်သည်။ ထိုဒဏ်ရာမှာ ထိပ်သီး ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး၏ စံနှုန်းအရ အလွန်နှေးကွေးသော အရှိန်ဖြင့် ကုသနေခြင်း ဖြစ်သည်။ မိမိတို့၏ ယုံကြည်မှုကို ပုံအပ်ထားသည့် ပုဂ္ဂိုလ်ကို ကယ်တင်ရန် ကြိုးစားနေသည့် စွဲလမ်းနေသော ရှေးဦးမူလတစ်ဦးထက် ပိုမိုထိတ်လန့်ဖွယ်ကောင်းသော အရာ မရှိပေ။

"လက်ရှိ အခြေအနေက ဘာလဲ..."

ချီယွမ်က ဖြစ်ပျက်နေသမျှ အရာအားလုံးကို ထိုနှစ်ယောက်အား ရှင်းပြလိုက်သည်။

"အစီအစဉ်က ဘာလဲ... ဒီလူတွေကို ချောင်းမြောင်းတိုက်ခိုက်ပြီး ဖယ်ရှင်းပစ်ချင်တာလား" ဝမ်ချုံးက မေးမြန်းလိုက်သည်။

"မဟုတ်ဘူး... ငါတို့ အဲဒီလိုလုပ်ရင် သားရဲရဲ့ ပစ်မှတ်က ငါတို့ ဖြစ်သွားလိမ့်မယ်" ချီယွမ်က ငြင်းပယ်လိုက်သည်။

"အစီအစဉ်က သူမရဲ့ တာအိုအထွတ်အထိပ် ရောက်သွားတဲ့အထိ စောင့်ဖို့ပဲ... အဲဒီနောက်မှာ သူမရဲ့ တိုက်ခိုက်မှု အနှောင့်အယှက်မဖြစ်စေဖို့ လမ်းတစ်ခု ဖွင့်ပေးရမယ်။ တုကုပိုင်ထျန်းကို ဖယ်ရှားပြီးတာနဲ့ ကျန်တဲ့သူတွေကို ကိုင်တွယ်ဖို့ အာရုံစိုက်လို့ရပြီ... အဲဒီအတောအတွင်းမှာ သူ့ကို အပြီးတိုင် ဖယ်ရှင်းပစ်နိုင်ဖို့ သူ့ရဲ့ အချိန်အမှတ်အသားကို ရှာဖွေဖို့ ငါ့ကို ကူညီပေးကြဦး"

"ကောင်းပြီ..."

ဤသုံးယောက်က အစီအစဉ် ဆွဲနေစဉ် အသင်္ချေဂိုဏ်းမဟာမိတ်အဖွဲ့ကလည်း သူတို့၏ အစီအစဉ်ကို စတင်ခဲ့သည်။ သားရဲဘုရင်မှာ အသိအမှတ်ပြုထားသည့် အဆင့်နှစ် ပထမတန်းစား (A++) ရှေးဦးမူလတစ်ဦး ဖြစ်၏။ ဆိုလိုသည်မှာ သူသည် မဟာယန္တရား ၅ ခုကို ကျွမ်းကျင်ထားပြီး နက်နဲသော ဆက်သွယ်မှုတစ်ခု ဖန်တီးထားလေသည်။

မြေဆီလွှာနူးညံ့သည် ဂိုဏ်း၏ ချီကံကောင်းမှုကို သူ့ထံသို့ လွှဲပြောင်းပေးလိုက်သဖြင့် သူ့ကို အဆင့်သုံးပထမတန်းစား (A+++)သို့ မြှင့်တင်ပေးလိုက်သည်။ သားရဲဘုရင်၏ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် အနှိုင်းမဲ့ ကာကွယ်ရေးနှင့် အခြားနှစ်ယောက်၏ ပံ့ပိုးမှုဖြင့် ပန်းချီကမ္ဘာကျင့်စဉ်မှာ ဖြည်းဖြည်းချင်း အောင်မြင်မှုဆီသို့ ဦးတည်လာခဲ့သည်။

သို့သော် သူသည် သူ့နောက်ကျောသို့ အမြဲတစေ စောင့်ကြည့်နေရသည်။ ဤအရာမှာ အသင်္ချေဂိုဏ်းမဟာမိတ်အဖွဲ့ကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နေပြီး သူတို့၏ ရန်သူဟောင်းမှာ ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။

ငါ ဒီလောဘဇောတက်နေတဲ့ ကောင်စုတ်တွေရဲ့ ပစ်မှတ်ကို ပြောင်းလဲပြီး အကူအညီတောင်းရမလား... ဒါပေမဲ့ သူတို့က ပိုပြီးတော့ အဖိုးအခ တောင်းဆိုကြလိမ့်မယ်... ဒါမှမဟုတ် ငါ့ကို တိုက်ရိုက် ငြင်းပယ်ကြလိမ့်မယ်

သားရဲဘုရင်သည် ဤဒေါသနတ်ဆိုးကို တိုက်ခိုက်ရန်အတွက် စွမ်းအားကြီးမားသော သတ္တဝါ ထောင်ပေါင်းများစွာကို ဆင့်ခေါ်ရင်း တွေးလိုက်သည်။

ငါ သူတို့ကို လှုပ်ရှားလိုက်ရင် အစီအစဉ်က ဆက်သွားလို့ရမှာ မဟုတ်ဘူး... ကံကြမ္မာကို ဆန့်ကျင်ဖို့က တကယ်ပဲ မဖြစ်နိုင်တာလား

သားရဲဘုရင်က စိတ်ပျက်စွာ တွေးလိုက်သည်။ သူတို့၏ အကြွင်းမဲ့စွမ်းအားဖြင့် ကံကြမ္မာကို ဆန့်ကျင်နိုင်ခဲ့သင့်သော်လည်း လက်ရှိအခြေအနေအရ ကံကြမ္မာနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် အရာအားလုံးမှာ ထင်သလောက် မရိုးရှင်းကြောင်း ဖော်ပြနေပေသည်။

အခန်း (၁၆၀၄) : နောက်ဆုံးသော ကျေးဇူးကြွေး

[အသူရာ မကောင်းဆိုးဝါးနတ်ဘုရား အသွင်ပြောင်းခြင်း]

သားရဲဘုရင်၏ ခန္ဓာကိုယ်က ပေပေါင်းတစ်သိန်းကျော်အထိ ကြီးထွားလာခဲ့သည်။ သူ၏ နားထင်တစ်ဖက်စီတွင် နောက်ထပ် မျက်နှာနှစ်ခု ထွက်ပေါ်လာပြီး လက်မောင်း ကိုးဖက်လည်း ထွက်ပေါ်လာသည်။ အနီရောင် တောက်တောက် ဖြစ်နေသည့် မျက်နှာသုံးခုမှလွဲ၍ သူ၏ အရေပြားမှာ ပန်းရောင်နုရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာဦးဟွင်သွမ်း ကြာပန်း

မကောင်းဆိုးဝါးနတ်ဘုရား၏ ဦးခေါင်းထက်တွင် ပွင့်ချပ် ၁၂ ခုပါ ဧရာမ ခရမ်းရောင် ကြာပန်းဖူးကြီးတစ်ပွင့် ရုပ်လုံးပေါ်လာပြီး လှပခန့်ညားမှုကို ပြသလာသည်။ သားရဲဘုရင်၏ လက်တစ်ဖက်စီတွင် ကမ္ဘာဦးဟွင်သွမ်း၏ အနီရောင်အရှိန်အဝါများ တောက်ပလာပြီးနောက် ဒေါသသားရဲကြီးထံသို့ ထိုးနှက်လိုက်တော့သည်။ ထိုသားရဲကြီးသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားခဲ့သည်။ ဤသည်မှာ ထိုတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ ပုရွက်ဆိတ်များက သူ့ထက် ပိုမိုကြီးထွားရန် ဝံ့ရဲကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် သားရဲကြီးသည် သားရဲဘုရင်၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ မိမိကိုယ်ကိုယ်လည်း ကြီးမားအောင် လုပ်ဆောင်လိုက်တော့သည်။ အထိန်းအကွပ်မဲ့သော အကြွင်းမဲ့ဒေါသများဖြင့် ဖွဲ့စည်းထားသည့် သတ္တဝါတစ်ကောင်မှာပင် ခြောက်ခြားဖွယ် ကောင်းနေပြီဖြစ်ရာ ယခုကဲ့သို့ ကြီးမားလှသော သဏ္ဌာန်ကြီးအဖြစ် ပြောင်းလဲသွားခြင်းမှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်၏။ သားရဲဘုရင်ကို ချေမှုန်းပစ်ရန် ရည်ရွယ်ချက်ဖြင့် ထိုသတ္တဝါ၏ ပါးစပ်မှ အနီရောင်အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။ ထိုစဉ် ကမ္ဘာဦးဟွင်သွမ်းကြာပန်းဆီမှ ကာကွယ်ရေးဒိုင်းတစ်ခု အသက်ဝင်လာခဲ့သည်။

သားရဲဘုရင် အသက်ရှင်ကျန်ရစ်သော်လည်း သူ မပျော်ရွှင်နိုင်ချေ။ ကြာပွင့်လွှာ ၁၂ ခုအနက် ဆယ်ခုမှာ သူတို့၏ အရောင်အဝါများ ဆုံးရှုံးသွားခဲ့ရလေပြီ။ ဤကျင့်စဉ်မှာ သူ၏ အကောင်းဆုံး လက်ရာဖြစ်ပြီး သူ့စွမ်းရည်များတွင် အထွတ်အထိပ်ဟု သတ်မှတ်နိုင်သည်။ မဟာယန္တရား အဆင့် ၆ စွမ်းရည်တစ်ခုနှင့် ရင်ဆိုင်ရလျှင်ပင် ထိုကြာပန်းသည် ပွင့်ချပ်နှစ်ခု သို့မဟုတ် ယန်းအိုက်ကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုး ရှိသူနှင့် ရင်ဆိုင်ရပါက သုံးခုလောက်သာ ဆုံးရှုံးသင့်သည်။ သို့သော် ဤသားရဲကြီးမှာမူ ပွင့်ချပ်အားလုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့သည်။ အဆိုးရွားဆုံးအချက်မှာ သားရဲကြီးက ထိုအရာကို အလွန်ပေါ့ပေါ့ပါးပါး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သားရဲကြီးက နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေသည်ကို သားရဲဘုရင် မြင်တွေ့လိုက်ရသောအခါ သူ့မျက်နှာမှာ ဖြူလျော်သွားလေသည်။

"မြေဆီလွှာနူးညံ့" သူ အော်ဟစ်လိုက်သည်။

"ငါ လုပ်နေတယ်" သူမက ဤခရမ်းရောင်အသီးကို အားဖြည့်ပေးနေပြီ ဖြစ်ပြီး ထိုသတ္တဝါ မတိုက်ခိုက်မီ ထိုအသီးကို ကမ္ဘာဦးကြာပန်းထံသို့ ကျွေးမွေးလိုက်သည်။ ပွင့်ချပ်လေးခုမှာ သူတို့၏ အရောင်အဝါများ ပြန်လည်ရရှိလာခဲ့သော်လည်း အကယ်၍ သားရဲကြီး၏ တိုက်ခိုက်မှုကို တားဆီးရန် ပွင့်ချပ်ဆယ်ခု လိုအပ်မည်ဆိုပါက ခြောက်ခုတည်းဖြင့် ဘာလုပ်နိုင်မည်နည်း။

သူတို့အနေဖြင့် သားရဲဘုရင် ရှောင်တိမ်းရန်နှင့် အခြားစွမ်းရည်တစ်ခုကို အသုံးပြုရန်အတွက် အချိန်လုံလောက်စွာ ဆွဲထားပေးနိုင်သည်။ ကြာပန်းသည် အကြွင်းမဲ့ ကာကွယ်ရေးစွမ်းရည်တစ်ခု ဖြစ်သော်လည်း သားရဲဘုရင်၏ အဆင့်သို့ ရောက်ရှိလာသော ကျင့်ကြံသူအားလုံးသည် ယင်နှင့် ယန်၏ မျှခြေသဘောတရားကို နားလည်ကြသည်။ ထို့ကြောင့် ဤကျင့်စဉ်ကို ပုံဖော်စဉ်က ပွင့်ချပ်များအားလုံး ကွယ်ပျောက်သွားသည်နှင့် သူတို့က သူ့တိုက်ကွက် ကောင်းချီးပေးမည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားရန် သူ ဖန်တီးထားခဲ့သည်။

ဘုရင် စည်းတံဆိပ်

သားရဲဘုရင်သည် ထိုသတ္တဝါ၏ အထက်တွင် ပေါ်လာပြီး အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်မည့် သင်္ကေတတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ မိမိ၏ လက်အောက်ခံများကို လွှမ်းမိုးချုပ်ကိုင်ထားသည့် ခန့်ညားထည်ဝါသော ဘုရင်တစ်ပါးကဲ့သို့ သို့မဟုတ် မိမိ၏ တည်ရှိမှုသက်သက်ဖြင့် အခြားတိရစ္ဆာန်အားလုံးကို ဖိအားပေးနေသည့် တောဘုရင်တစ်ကောင်ကဲ့သို့ သားရဲ၏ စိတ်ကို နှိမ်နင်းရန် ကြိုးစားခြင်း ဖြစ်၏။

ထိုသားရဲကြီးသည် စတုတ္ထမြောက် သို့မဟုတ် ပဉ္စမမြောက် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် ချက်ချင်းပင် ရူးသွပ်သွားလေသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော အနီရောင်စွမ်းအင်တန်းများကို ကျပန်းစတင်ပစ်ခတ်လိုက်ရာ တစ်ခုချင်းစီတွင် မဟာယန္တရား အဆင့် ၆ တိုက်ကွက်၏ စွမ်းအား ပါဝင်နေသည်။

သားရဲဘုရင်သည် ထိုပေါက်ကွဲမှုများအားလုံးကို အသည်းအသန် ရှောင်တိမ်းနေရသဖြင့် သူ့အမူအရာ မျက်နှာထားမှာ ပျက်ယွင်းနေသည်။ ထိုသို့ဖြစ်ရသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ချီယွမ်နှင့် အခြားသူများသည်လည်း ထိမှန်ခြင်း မရှိစေရန် လျှို့ဝှက်လေဟာနယ်မှ သူတို့၏ တည်နေရာကို ပြောင်းရွှေ့ခဲ့ရသည်။

"ဖန်ကလောင်... မင်း အချိန်ဘယ်လောက် ထပ်လိုဦးမှာလဲ" သားရဲဘုရင်က အမူအရာပျက်ယွင်းစွာ မေးလိုက်သည်။ စွမ်းအင်ပေါက်ကွဲမှုတစ်ခုက သူ့လက်မောင်းကို ထိမှန်သွားခဲ့ရာ ချက်ချင်းဆိုသလို ပျက်သုန်းသွားစေသည်။ အဆိုးရွားဆုံးအချက်မှာ ဤသားရဲ၏ ရူးသွပ်မှုက သူ့ပြန်လည်ကောင်းမွန်လာနိုင်စွမ်းနှုန်းကို နှေးကွေးစေပုံရလေသည်။

"ငါ ပြီးပြီ" ဖန်ကလောင်က ပြန်လည်ပြောကြားပြီးနောက် ထိုသတ္တဝါ၏ အထက်တွင် ပန်းချီကားကို ဆင့်ခေါ်လိုက်သည်။ ထိုစာလိပ်မှ ထိတ်လန့်ဖွယ် စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး သားရဲကြီးကို ဝါးမြိုရန် ကြိုးစားလိုက်တော့သည်။

ထိုသတ္တဝါသည် ဗီဇအရ ရုန်းကန်ခဲ့သော်လည်း သူ့စိတ်မှာ ဘုရင်စည်းတံဆိပ်ကြောင့် အလုပ်ရှုပ်နေဆဲ ဖြစ်၏။ သားရဲဘုရင်သည် သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်လိုက်သည်။

ငါတို့ တစ်ခုခု လုပ်သင့်လား …

မလိုအပ်ဘူး... သူတို့ရဲ့ အစီအစဉ်က အသုံးမဝင်ဘူး …

ချီယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

ဒါကို သေချာလို့လား …

ဖန်ကလောင်က စာပေလမ်းစဉ်ရဲ့ ချီကံကောင်းမှုအတွက် စိုးရိမ်နေပြီး စည်းတံဆိပ်ကို ထိရောက်မှုရှိစေဖို့ လိုအပ်သလောက် မသုံးစွဲခဲ့ဘူး... ဒါကြောင့် သူ့ရဲ့ အစီအစဉ်က ကျရှုံးဖို့ပဲ ရှိတယ် …

မင်း ထင်တဲ့အတိုင်း ဖြစ်ပါစေ... ဟင်... အဲဒီအရှိန်အဝါက … သူမရဲ့ တာအိုက အထွတ်အထိပ် ရောက်သွားပြီထင်တယ်

သူမဆီ သွားကြည့်ရအောင် …

ထိုသုံးယောက်သည် ယန်းအိုက်ရှိရာ တည်နေရာသို့ အံ့ဖွယ်အသိစိတ် ပုံရိပ်ယောင်တစ်ခု ပို့လွှတ်လိုက်ကြသည်။ သူမသည် ပွယောင်းယောင်း အဝတ်အစားများ ဝတ်ဆင်ထားသည့် မံမီရုပ်အလောင်းတစ်ခုကဲ့သို့ ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ မျက်လုံးများမှာမူ ကြယ်တာရာများထက်ပင် ပိုမိုတောက်ပနေခဲ့သည်။

"မင်း ကြည့်ရတာ တစ်မျိုးပဲ" ဝမ်ချုံးက မှတ်ချက်ပေးလိုက်သည်။

"ဒါက သိသာပါတယ်"

"မဟုတ်ဘူး... ငါ ဆိုလိုတာက မင်း ပိုပြီးသန်မာလာတဲ့ သဘောမျိုး မဟုတ်ဘဲ မင်းရဲ့ အနှစ်သာရမှာ ထူးခြားတဲ့ အရှိန်အဝါတစ်ခု ရှိနေတာ"

ယန်းအိုက်က သူ့ကို အံ့သြစွာ စိုက်ကြည့်လိုက်သည်။

“ရှင်လည်း ရှင့်ရဲ့ သီးသန့်ကျင့်ကြံခြင်းမှာ အများကြီး တိုးတက်လာပုံရတယ်"

"ဒါက သိသာပါတယ်... ဒါပေမဲ့ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး"

"ရှင် သိချင်တယ်ဆိုရင်တော့... ကျွန်မက သာလွန်အုတ်မြစ်တစ်ခုဖြစ်တဲ့ ထူးကဲသာလွန် ဓားဆန္ဒသန္ဓေလောင်းကို စုစည်းနိုင်ခဲ့ပြီ။ ကျွန်မ အဲဒါကို မပြီးဆုံးခင် အထွတ်အထိပ် အခြေအနေကို ပြန်သွားဖို့ လိုအပ်နေသေးပေမဲ့ ဒီစွမ်းအားကိုတော့ သုံးနိုင်နေပြီ"

"သာလွန်အုတ်မြစ် ဟုတ်လား... ဒါက တကယ့်ကို သတင်းကောင်းပဲ" ချီယွမ် ပြုံးလိုက်သည်။

"ဂုဏ်ယူပါတယ် ညီမလေး" လီမင်က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မက အနည်းငယ်ပဲ ရှေ့ရောက်နေတာပါ... ရှင်တို့အားလုံးလည်း အောင်မြင်လိမ့်မယ်လို့ ယုံတယ်" ယန်းအိုက် ပြုံးလိုက်သော်လည်း သူမ၏ ရုပ်သွင်နှင့်ဆိုလျှင် ဤသည်မှာ အိပ်မက်ဆိုးတစ်ခုကို ဖြစ်ပေါ်စေရုံသာ ရှိပေလိမ့်မည်။ ကံကောင်းသည်မှာ သူတို့သုံးယောက်စလုံးသည် သူမကို ဤသို့သော အခြေအနေ သို့မဟုတ် ယခုထက် ပိုမိုဆိုးရွားသည့် အခြေအနေမျိုးတွင် မြင်တွေ့ဖူးကြလေ၏။

"ငါတို့ မင်းရဲ့ ကောင်းချီးစကားကို လက်ခံပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ လက်ရှိ ပြဿနာကိုပဲ အာရုံစိုက်ကြရအောင်"

ချီယွမ် ခေါင်းညိတ်လိုက်သည်။ ယန်းအိုက်၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

"တုကုပိုင်ထျန်းရဲ့ အခြေအနေက ဘယ်လိုလဲ"

"မင်းဘာသာပဲ ကြည့်လိုက်တော့"

ချီယွမ်၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။ သားရဲကြီးသည် ပန်းချီကမ္ဘာကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်ပြီး သူ့ခန္ဓာကိုယ် ထက်ဝက်မှာ စည်းတံဆိပ်ဒိုင်မေးရှင်းမှ ထွက်သွားခဲ့ပြီ ဖြစ်သည်။

ဖန်ကလောင်က အံကြိတ်ကာ ကံကောင်းမှုများ ထပ်မံဖြည့်တင်းရန် ကြိုးစားလိုက်သော်လည်း သားရဲကြီးက သူ့ကို အချိန်မပေးခဲ့ချေ။ သားရဲဘုရင်နှင့် မြေဆီလွှာနူးညံ့တို့က သူ့ကို ကူညီလိုကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ အထူးသဖြင့် မြေဆီလွှာနူးညံ့ ဖြစ်၏။ မဟာမိတ်အဖွဲ့၏ ချီကံကောင်းမှုကို လွှဲပြောင်းပေးပြီးနောက် သူမသည် ဤတိုက်ပွဲတွင် အသုံးမဝင်သလောက် ဖြစ်သွားခဲ့သည်။

သားရဲဘုရင်သည် နောက်ဆုံး မဟာယန္တရားကို မကျွမ်းကျင်သေးသဖြင့် သူ့စွမ်းရည်နှင့် တိုက်ကွက်များမှာ အလွန်အမင်း အင်အားကုန်ခမ်းစေသည်။ သူက လက်ရှိတွင် မောဟိုက်နေပြီး သူ၏ လှုပ်ရှားမှုအရှိန်မှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။ ခြုံငုံကြည့်ရလျှင် အခြေအနေမှာ မဟာမိတ်အဖွဲ့အတွက် အလွန်ဆိုးရွားနေပုံရ၏။

"ဒါက သားရဲကြီးအပေါ်ကို အပြည့်အဝ တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ" ဝမ်ချုံးက ဆိုသည်။

"ငါတို့ အဲဒီအရာကို အသုံးချရမလား... ဒါမှမဟုတ် ဒီကောင်စုတ်တွေကို ဆက်ပြီး နှိပ်စက်ခွင့် ပေးထားရမလား"

"ငါတို့ ..."

သားရဲကြီးသည် စည်းတံဆိပ်ကမ္ဘာထဲတွင် ကျန်ရှိနေသေးသော သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်တောက်ပစ်လိုက်သဖြင့် နာကျင်စွာ ဟိန်းဟောက်လိုက်တော့သည်။ ထို့နောက် သားရဲကြီးသည် မိမိ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်လည်ရှင်သန်စေခဲ့ပြီး မိမိကိုယ်တိုင်ကြောင့် ကြီးမားလှသော ဒေါသများကို စုဆောင်းနိုင်လိုက်ရာ သူ့ကျောဘက်တွင် နောက်ထပ် အတောင်ပံတစ်စုံ ထပ်မံထွက်ပေါ်လာပြီး စုစုပေါင်း ခြောက်ခု ဖြစ်သွားခဲ့သည်။

"မဟုတ်ဘူး... ငါတို့ ထပ်ပြီး မစောင့်နိုင်တော့ဘူး" ချီယွမ်က ဆိုလိုက်သည်။ မဟာမိတ်အဖွဲ့ကို ဒုက္ခရောက်စေလိုသော်လည်း ဤသားရဲကြီးသည် သူတို့ပင် ကိုင်တွယ်ရခက်ခဲလောက်သည်အထိ အလွန်အမင်း သန်မာသွားသည်ကို သူ မလိုလားပေ။

"ကျွန်မတော့ အဆင်သင့်ပဲ" ယန်းအိုက်က တိုက်ရိုက်ပြောဆိုလိုက်သည်။

"ငါတို့ တစ်ခုခု လုပ်ပေးဖို့ လိုလား..."

"ဒီအရာက ကျွန်မရဲ့ ဓားချက်အောက်မှာ ရှင်သန်နိုင်မယ်လို့ မထင်ဘူး... ဒါပေမဲ့ သတိထားတဲ့အနေနဲ့ ရှင်တို့ သူ့ကို ခဏလောက် လှုပ်ရှားလို့မရအောင် လုပ်ထားပေးရင် ပိုကောင်းမယ်"

"နားလည်ပြီ"

ထိုသုံးယောက်သည် တွန့်ဆုတ်မနေဘဲ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ချီယွမ်သည် ဤအချိန်အတောအတွင်း သားရဲ၏ ခန္ဓာကိုယ်ထဲတွင် စိမ့်ဝင်နေသည့် သူ၏ [မူလကျိန်စာ] ကို အသက်သွင်းလိုက်သည်။ ထို့ကြောင့် အနက်ရောင်အမှတ်အသားများသည် သားရဲကြီး၏ ခန္ဓာကိုယ် အနှံ့အပြားသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။

လီမင်သည် သားရဲကြီး၏ နောက်ကျောတွင် ပေါ်လာပြီး သတ်မှတ်ထားသည့် နေရာတစ်ခုကို ရိုက်နှက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုသည် စွမ်းအားစီးဆင်းမှုကို ချက်ချင်း ပျက်ပြားသွားစေခဲ့သည်။ ထိုသတ္တဝါ၏ သန်မာလှသော ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ် သို့မဟုတ် "စွမ်းအင်" သို့မဟုတ် "စွမ်းအား" ဟု သတ်မှတ်နိုင်သည့် အခြားအရာအားလုံးသည် ခဏတာမျှ ပျက်ပြားသွားခဲ့သည်။

ဝမ်ချုံးသည် သူ၏ ဖျက်ဆီးခြင်းသံကြိုးများ ကို ဆင့်ခေါ်လိုက်သည်။ ဤသည်မှာ ဖျက်ဆီး၍မရနိုင်ရုံသာမက လူတစ်ဦး၏ စွမ်းအင်နှင့် စွမ်းအားများကို စုပ်ယူကာ အားနည်းသွားစေနိုင်သည်။ ထိုအရာတို့က ထိုသတ္တဝါ၏ ခြေလက်များနှင့် အတောင်ပံ ခြောက်ခုစလုံးကို တုပ်နှောင်လိုက်ကြသည်။

[မိုးမြေဓား]

ကျင့်ကြံရေးစနစ် အများစုသည် တစ်ချိန်ချိန်တွင် မိုးမြေ၏ စွမ်းအားနှင့် ထိတွေ့ရမည်ဖြစ်ပြီး မူလစနစ်သည် ထိုအချက်ကို အံ့ဖွယ်ခန္ဓာအဆင့်တွင် လုပ်ဆောင်ခဲ့သည်။ သို့သော် ယန်းအိုက်၏ ဓားမှာ ထိုမျှသာ မဟုတ်ပေ။ သေမျိုးကျင့်ကြံသူများ စကြာဝဠာထံမှ ချေးယူနိုင်သည့် စွမ်းအားမှာ ကမ်းခြေတစ်ခုရှိ သဲတစ်ပွင့်နှင့်သာ တူညီသည်။ သူမ၏ ဓားမှာမူ ကမ်းခြေရှိ သဲများ၏ ရာခိုင်နှုန်းအချို့ကို အနည်းဆုံး အသုံးပြုနေခြင်း ဖြစ်သည်။ ဤဓားမှာ လက်ရှိအခြေအနေကို ကိုင်တွယ်ရန်အတွက် အစစ်အမှန်ကောင်းကင်တာအိုကိုယ်တိုင် အချိန်အနည်းငယ် ယူလိုက်သကဲ့သို့ ဖြစ်ပေသည်။

သားရဲကြီးသည် ကောင်းကင်ယံမှ ကြီးမားလှသော အနက်ရောင်ဓားကြီးတစ်လက် ဆင်းသက်လာသည်ကို စိုက်ကြည့်လိုက်ပြီး သူ့ကို ဖန်တီးစဉ်က ဘယ်သောအခါမှ မခံစားဖူးသည့်အရာတစ်ခုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ ဤသည်မှာ ကြောက်ရွံ့ခြင်း ဖြစ်၏။ ပြင်းထန်ပြီး အထိန်းအကွပ်မဲ့သော အကြောက်တရားများက သူ့စိတ်ကို လွှမ်းမိုးသွားခဲ့သည်။ သားရဲကြီးသည် ကြောက်ရွံ့သည့်အခါ မည်သည့်တိရစ္ဆာန်မဆို လုပ်ဆောင်မည့်အရာကို လုပ်ဆောင်လိုက်သည်။ ထိုအရာမှာ ထွက်ပြေးခြင်း ဖြစ်၏။

တုကုပိုင်ထျန်းသည် အသိစိတ် ပြန်လည်ရရှိလာခဲ့ပြီး ယခုအခါ ဤတည်ရှိမှုဆိုင်ရာ ထိတ်လန့်မှုကို ခံစားနေရသူမှာ သူ ဖြစ်နေသည်။ သူ့စိတ်က အဖြေတစ်ခုကို ရှာဖွေရန် ယခင်ကထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားလိုက်ပြီးနောက် အော်ဟစ်လိုက်တော့သည်။

"ငါ နောက်ဆုံး ကျေးဇူးကြွေးကို သုံးမယ်... မင်းတို့ ဒီနေ့ ငါ့ကို သတ်လို့မရဘူး"

ဓားကြီးက ရပ်တန့်သွားခဲ့သည်။

"ငါ ကျေးဇူးကြွေး သုံးခုထဲက နှစ်ခုကို သုံးပြီးပြီ... အခု ငါ နောက်ဆုံးတစ်ခုကို သုံးနေတာ"

ချီယွမ်က သူ့ကို အမူအရာပျက်ယွင်းစွာ စိုက်ကြည့်လိုက်သည်။ ဒုတိယမူလစစ်ပွဲ၏ အထွတ်အထိပ်အချိန်တွင် ဆန့်ကျင်ဘက်အဖွဲ့သည် သူကသာ အရာအားလုံး၏ သော့ချက်ဖြစ်ကြောင်း သတိပြုမိခဲ့ကြရာ သူတို့အနေဖြင့် သူ့ကို ဖယ်ရှင်းပစ်နိုင်သရွေ့ ဤစစ်ပွဲပြီးဆုံးသွားနိုင်သည့် သဘောပင် ဖြစ်သည်။ သူတို့ ဤပြဿနာကို ချဉ်းကပ်ပုံမှာ သူတို့မောင်နှမကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

လီမင်သည် ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထိုလူများသည် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြပြီး ယန်းအိုက်၏ နောက်သို့ လူများ ပိုမိုစေလွှတ်ခဲ့သဖြင့် သူမကို ပုန်းအောင်းနေစေခဲ့သည်။ ချီယွမ်သည် ထိုအချိန်က သူ၏ တာဝန်ကျနေရာမှ ထွက်ခွာသွား၍ မရနိုင်ခဲ့ဘဲ … သူ ထွက်ခွာသွားနိုင်သည့်တိုင် သူမကို တစ်ယောက်တည်း မကယ်တင်နိုင်ခဲ့ချေ။ ထို့အပြင် သူတို့ဘက်မှ စစ်မျက်နှာအမျိုးမျိုးတွင် တိုက်ခိုက်နေရသဖြင့် အခြားသူများအားလုံးသည်လည်း သက်ဆိုင်ရာ သူတို့၏ တာဝန်ကျနေရာများတွင် အလုပ်ရှုပ်နေခဲ့ကြသည်။

ကံကြမ္မာ၏ စီမံမှုအရ တုကုပိုင်ထျန်းသည် စစ်ပွဲအတွက် သူ၏ ရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ခါစ ဖြစ်သည်။ ထို့ကြောင့် ချီယွမ်အနေဖြင့် သူမကို ကယ်တင်ရန် သူ့အား တောင်းဆိုဖို့ကလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် ထိုလုပ်ရပ်တွင် ကြီးမားလှသော စွန့်စားမှုပါဝင်နေပြီး မဟာညီလာခံတွင် သူတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ စွန့်စားမှုက အလွန်မြင့်မားပြီး သိသာထင်ရှားနေပါက တုကုပိုင်ထျန်းတွင် စစ်တပ်အမိန့်ကို ငြင်းပယ်ပိုင်ခွင့် ရှိပေသည်။

အခြားရွေးချယ်စရာ မရှိလှသဖြင့် ချီယွမ်က သူနှင့် သဘောတူညီချက်တစ်ခု ရယူခဲ့သည်။ သူသည် တုကုပိုင်ထျန်းကို သုံးကြိမ် ပြန်လည်ကူညီရမည် ဖြစ်ပြီး ထိုတောင်းဆိုချက်များသည် သူ့ကို သေဘေးထဲ ပို့ဆောင်ခြင်း မရှိစေရဘဲ တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် တိုက်ရိုက်ဆိုးကျိုး မသက်ရောက်စေရပေ။

ပထမဆုံး ကျေးဇူးကြွေးအတွက် တုကုပိုင်ထျန်းသည် တစ်စုံတစ်ယောက်ကို ဖမ်းဆီးရန် အကူအညီတောင်းခဲ့သော်လည်း ချီယွမ်အနေဖြင့် နောက်ပိုင်း၌ သူ့မှတ်ဉာဏ်များကို အပြီးတိုင် ဖယ်ရှားပစ်ရန် လိုအပ်ခဲ့သည်။ ဒုတိယမြောက် ကျေးဇူးကြွေးမှာ အကြွင်းမဲ့တားမြစ်ချက်အတွင်းက ဖြစ်သည်။ ချီယွမ်သည် ဖြစ်ပျက်ခဲ့သမျှကို အတိအကျ မမှတ်မိတော့သော်လည်း တုကုပိုင်ထျန်းက စမ်းသပ်ချက်တစ်ခုအတွင်း ပစ္စည်းတစ်ခု ရရှိရန်အတွက် အကူအညီတောင်းခဲ့ပုံရသည်။

ချီယွမ်သည် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆလိုက်သည်။ ကံဆိုးစွာဖြင့် ဆိုးကျိုးမှာ ဂိုဏ်း၏ ကံကြမ္မာနှင့် အနာဂတ်ကို ပျက်စီးစေမည့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးပင် ဖြစ်သည်။ မြေကမ္ဘာဓားနတ်ဘုရားကို ဖမ်းဆီးရမိခြင်းကပင် လက်ရှိအချိန်အတွက် လုံလောက်သော အောင်ပွဲ ဖြစ်နေလေပြီ။

"ကောင်းပြီ... ဒါပေမဲ့ အခုတော့ ငါတို့ကြားက ကံကြွေးက ကျေသွားပြီ"

"ငါ သိတယ်"

ယန်းအိုက်သည် တိုက်ခိုက်မှုကို မဖျက်သိမ်းမီ အံကြိတ်လိုက်သည်။ သူမသည် သူမ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်သော ပြင်းထန်လှသည့် တိုက်ခိုက်မှုကို အတင်းအဓမ္မ ရပ်တန့်ကာ ဖျက်သိမ်းလိုက်ခြင်းကြောင့် ချက်ချင်းပင် နောက်ဆက်တွဲဆိုးကျိုးကို ခံစားလိုက်ရသည်။ သူမ၏ ယခင်ဒဏ်ရာများနှင့်အတူ သူမသည် သတိလစ်သွားခဲ့ပြီး လေဟာနယ်ထဲမှ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့သည်။

ချီယွမ်က သူမကို ချက်ချင်း ဖမ်းထိန်းလိုက်ပြီး သူမ၏ အခြေအနေ သက်သာစေရန် ကုသရေးကျင့်စဉ်များစွာကို ထုတ်ဖော်လိုက်သည်။ သို့သော် ဤအရာက မလုံလောက်သဖြင့် သူသည် သူမ၏ အခြေအနေကို တည်ငြိမ်စေရန်အတွက် အကောင်းဆုံးသော အရင်းအမြစ်များကို အသုံးပြုရန် ဂိုဏ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိုအတောအတွင်း တုကုပိုင်ထျန်းသည် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားခဲ့သည်။

"သွားကြစို့"

သူက လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်ပြီးနောက် ကူးသန်းပြောင်းရွှေ့ ထွက်ခွာသွားခဲ့တော့သည်။

All Chapters