အခန်း (၁၆၈၇-၁၆၈၈)
Vol. 121 Ch. 1687-1688
အခန်း (၁၆၈၇) အမှန်တရားက ရက်စက်တယ်
ရန်ကျောက်ကဲ၏မျက်ဝန်းတို့ မှောင်မိုက်အေးစက်လျှက် ရှိသည်။
အရင်ကလည်း ဤကဲ့သို့သောဖြစ်ရပ်များ ရှိခဲ့ဖူးသည်ပင်။
ရွှမ်တုကိုယ်တော်က ငရဲကိုးထပ်အတွက် ထိုက်စန့်လောင်ကျွင်းထံမှ ထိုက်စန့်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို ရယူပေးခဲ့သည်။
အနောက်ဘက်သူတော်စင်ဘုံကလည်း သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို ငရဲကိုးထပ်ဆီ ပြန်လည်ပေးအပ်ခဲ့ည်။
ငရဲကိုးထပ်ကစားပွဲထဲတွင် ကြိုးကိုင်ခြယ်လှယ်နေကြသည့် အင်အားစုများက ငရဲကိုးထပ်ကို အလိုလိုက်လွန်းခဲ့ကြသည်။ အမှန်တော့ သူတို့က ကိုယ်ကျိုးအတွက် ငရဲကိုးထပ်ကို ကူညီပေးခဲ့ကြခြင်းသာ ဖြစ်၏။
ယခင်က သိုးလွိနန်းတော်က နတ်ဘုရားသုတ်သင်ဓားအတွက် အပေးအယူ ပြုလုပ်ခဲ့ဖူးသည်။
အနောက်ဘက်သူတော်စင်ဘုံက နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ကူညီပေးရန်အတွက် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးအား ထိုဓားကို ထုတ်ပေးခဲ့ခြင်း ဖြစ်၏။
အရာရာတိုင်းက အပေးအယူသက်သြ်မျှသာ။
သို့သော် ယခုတော့ ကစားပွဲပြီးဆုံးကာ အဆုံးသတ်တိုက်ပွဲ စတင်ပေတော့မည်။
ဤအဆုံးသတ်တိုက်ပွဲက ငရဲကိုးထပ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာဖြစ်သလို ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်အချို့ တာအိုအဆင့်သို့တက်လှမ်းရန် အခွင့်အရေးလည်း ရရှိကြပေမည်။
ငရဲကိုးထပ်က ယွမ်စီကောင်းကင်နတ်ဆိုးကို ကန့်သတ်ထားသည့် စည်းတံဆိပ်ကို ချိုးဖျက်ချင်နေသည်။
ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို အချိန်မတိုင်ခင် ထွက်ပေါ်လာစေပြီး တစ်လောကလုံးအား လွှမ်းမိုးရန်အတွက် မိစ္ဆာနတ်ဘုရား(၁၂)ပါးအစီအရင်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေသည်။
ငရဲကိုးထပ်အတွက် အောင်မြင်မှုရရျိရန် အနီးစပ်ဆုံး ဖြစ်လာချိန်မှာပင် အခြားသူများ စောင့်ဆိုင်းနေသည့် အခွင့်အရေးသည်လည်း ထွက်ပေါ်လာပေလိမ့်မည်။
အဆုံးသတ်တွင် မည်သူ အနိုင်ရမည်ဆိုသည်ကတော့ မည်သူကပိုပြီး လိမ္မာပါးနပ်သနည်းဆိုသည့်အပေါ်သာ မူတည်သည်။
ဤဖြစ်ရပ်များမတိုင်ခင်က အခြားသောအင်အားစုများက ငရဲကိုးထပ်ဆိုသည့် စိုးယုတ်သည့်အင်အားစုကို ခုခံတားဆီးခဲ့ပြီး အခြေအနေစောင့်ကြည့်ခြင်းမျိုး ပြုလုပ်ခဲ့ကြသည်။
သို့ပေသိ တစ်ဖက်မှာလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် နျဲ့ကျင်းရှန်တို့မှတစ်ဆင့် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့အကြောင်းကိုလည်း ဆက်စပ်တွေးတောနေမိသည်။
သူ့စိတ်ထဲ အတွေးများပြေးလွှားနေရင်း ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်၏။
ယခင်က ရာဟုကြယ်စင်ထက်ယံအရှင်သခ် ကျန်းရွှင်ဟွားက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့၏ အကူအညီဖြင့် ငရဲကိုးထပ်ကိုလှည့်စားရန် သေဟန်ဆောင်ခဲ့ဖူးသည်။
ကောင်းဟန် ၊ လင်ချင်းနှင့် အခြားသူများကလည်း ဤကိစ္စကို သိရှိဟန်တူသည်။
ကံမကောင်းသည်မှာ သူတို့က အသေးစိတ်အချက်အလက်များကို အကန့်အသတ်ဖြင့်သာ သိရှိထားကြသည်။
သူတို့သိရှိသည့် အချက်အလက်များအရ ကျန်းရွှင်ဟွားက မဟာနတ်ဆိုးတစ်ပါးဖြစ်သည့် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ပစ်မှတ်ထားနေတာဟု ထင်မှတ်ထားကြသည်။
သို့သော် ကျန်းရွှင်ဟွား တကယ်တမ်းပစ်မှတ်ထားခဲ့သည်က ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး ဖြစ်နေမည်ဟု မည်သူမှ ထင်မထားခဲ့မိကြပေ။
ထို့ကြောင့် ဖန်းယွင်ရှန်း ငရဲကိုးထပ်မှ ပြန်လာသည့်အခါ လင်ချင်း အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်၏။
ရန်ကျောက်ကဲက လင်ချင်း ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း ယုံကြည်ခဲ့သော်လည်း တောင်ပိုင်းချန်စန်းဧကရာဇ်က သူမကို အစတကည်းက အမှန်အတိုင်း ပြောပြခဲ့သလားဆိုသည်ကို မည်သူ အာမခံနိုင်ပါမည်နည်း။
အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့သည်လား သို့မဟုတ် သူမဆန္ဒအတိုင်း အစီအစဉ်ပြောင်းလဲခဲ့သည်လား ဆိုသည်ကိုတော့ ကျန်းရွှင်ဟွားကိုယ်တိုင်သာ သိရှိပေလိမ့်မည်။
ကျန်လူများအတွက်တော့ ဤကိစ္စက ပဟေဠိတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည်ပင်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့၏ အခန်းကဏ္ဍမှာလည်း စဉ်းစားစရာ ဖြစ်သည်။
သူတို့က အစကတည်းက ထိုသို့ဖြစ်အောင် စီစဉ်ခဲ့ခြင်းလား ၊ သို့မဟုတ် ကျန်းရွှင်ဟွားက သူမဆန္ဒအလျောက် အစီအစဉ်ပြောင်းလဲလိုက်ခြင်းလား။
ထိုသို့မဟုတ်ပါက ငရဲကိုးထပ်ကပဲ အစီအစဉ်ကို တိတ်တဆိတ်ပြောင်းလဲလိုက်ပြီး ဤဖြစ်ရပ်ကို သူ့အလိုလို လမ်းကြောင်းပြောင်းသွားအောင် ပြုလုပ်လိုက်ခြင်းလား မပြောနိုင်ပေ။
အတွင်းလူများအနေဖြင့် ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး မည်မျှအထိ သိရှိထားကြသနည်း။
ဖန်းယွင်ရှန်းက သူမ၏ရာဟုကြယ်ဓားကြောင့် မထင်မှတ်ဘဲ ဤဖြစ်ရပ်နှင့် ပါဝင်ပတ်သက်မိသွားသည်။ ဤသည်ကလည်း ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းလား သို့မဟုတ် မတော်တဆဖြစ်ခြင်းလား မပြောနိုင်ပေ။
ဖန်းယွင်ရှန်း၊ ကျန်းရွှင်ဟွားနှင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးတို့ကိစ္စအပြင် အရင်ကတည်းက နျဲ့ကျင်းရှန် ၊ ယွမ်စီကောင်းကင်နတ်ဆိုး ၊ သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့နှင့် ပတ်သက်သည့်ကိစ္စများကို တာအိုဝါဒ ထိပ်တန်းပုဂ္ဂိုလ်များ မည်မျှအထိ သိရှိထားကြပါသနည်း။
အထူးသဖြင့် ရွှမ်တုကိုယ်တော် ဖြစ်သည်။
သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ' တို့နှင့် အဆင့်အတန်းတူညီသူ ဖြစ်သည်။
သူတို့အားလုံးက ငရဲကိုးထပ်ကစားပွဲမှတစ်ဆင့် တာအိုအဆင့်သို့တက်လှမ်းရန် လမ်းကြောင်းရှာဖွေနေသူများ ဖြစ်ကြသည်။
ပြီးတော့ သူတို့အားလုံးက လက်ရှိတွင် တာအိုအဆင့်သို့တက်လှမ်းရန် အနီးစပ်ဆုံးလူများလည်း ဖြစ်ကြသည်။
ဤထိပ်တန်းပုဂ္ဂိုလ်ကြီးများက သန်းနှင့်ချီသည့် နှစ်ပေါင်းများစွာသက်တမ်းကို ဖြတ်သန်းလာခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် ငရဲကိုးထပ်ကစားပွဲ အခွင့်အရေးက သူတို့အတွက် တစ်သက်တွင် တစ်ခါသာ ကြုံရမည့်အခွင့်အရေးဖြစ်ကြောင်း အားလုံး သိရှိထားကြသည်။
အခွင့်အရေး ရောက်လာချိန်တွင် ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်အတွက် သူတို့က မည်သည့်အရာကိုမဆို စတေးနိုင်ကြသည်။
ရှေးခေတ်က ဖြစ်ရပ်များဖြစ်သော မီလဲ့ကိုယ်တော် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ၊ အလယ်ပိုင်းသုခဘုံကပ်ဘေးနှင့် မဟာကပ်ဘေးကြီးကို ကြည့်မည်ဆိုလျှင် ဤသို့သော သဘောထားများကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။
ထိုကပ်ဘေးကြီးနှစ်ခုတွင် အသက်ပေါင်းများစွာ မည်မျှပျက်ဆီးခဲ့ရပြီး ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ မည်မျှဆုံးရှုံးခဲ့ရကြောင်း ဘုရားသာလျှင် သိပေမည်။
ဟုတ်ပေ၏။
မရေမတွက်နိုင်သော အသက်များ စတေးခဲ့ကြရသည်ပင်။
သို့ပေသိ သူတို့၏အစီအစဉ်ကို သိရှိသူနည်းလေ စတေးခံရမည့်သူအရေအတွက်လည်းနည်းလေ ဖြစ်သည်။ ပိုမိုသိရှိလာလေ အမှန်တရားက မည်မျှရက်စက်တတ်ကြောင်း ပိုမိုနားလည်လာလေ ဖြစ်သည်။
တာအိုအဆင့်နှင့် နီးကပ်လာလေ ပို၍ရှုပ်ထွေးလာလေ ဖြစ်သည်။
တစ်ဖက်မှကြည့်လျှင်တော့ လမ်းမှန်တာအိုဝါဒ ပြန်လည်ရှင်သန်လာရန်နှင့် မည်သို့သော ပေးဆပ်မှုမျိုး ပြုလုပ်ရပါစေ လမ်းမှန်တာအိုဝါဒအတွက် တာအိုအဓိပတိတစ်ပါး ထွက်ပေါ်လာရန် အလွန်အရေးကြီးနေသည်။
တာအိုဝါဒမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် တာအိုအဆင့်သို့ တက်လှမ်းနိုင်ခြင်းက လမ်းမှန်တာအိုဝါဒ၏ အနေအထားကို ပိုမိုမြှင့်တင်ပေးရန် တိုက်ရိုက်ပတ်သက်နေသည်။
ငရဲကိုးထပ်ကစားပွဲတွင် တာအိုဝါဒမှ တာအိုအဓိပတိတစ်ပါး ထွက်ပေါ်မလာပါက တာအိုဝါဒကိုဆန့်ကျင်မည့် တာအိုအဓိပတိ အသစ်တစ်ပါး ထပ်မံထွက်ပေါ်လာပေလိမ့်မည်။
သို့ဖြစ်ရာ ဤဖြစ်စဉ်တွင် လိုချင်သောရလဒ်ကို ရရှိရန်အတွက် ပေးဆပ်မှုအချို့က ရှောင်လွှဲမရနိုင်ပေ။
တစ်ဦးချင်းစီအနေဖြင့် အခြေအနေကို အပြည့်အဝသိရှိပြီး ကြီးမားသော အကျိုးကျေးဇူးအတွက် မိမိကိုယ်ကို ဆန္ဒအလျောက် စတေးသူများလည်း ရှိကြသည်။
အချို့ကတော့ ကံမကောင်းစွာဖြင့် ဘာမှန်းပင်မသိလိုက်ဘဲ စစ်တုရင် နယ်ရုပ်တစ်ရုပ်ပမာ အသုံးချခံလိုက်ရသည်များလည်း ရှိသည်။
ထို့ကြောင့် ရလဒ်တစ်ခုတည်းမှာပင် ပါဝင်ပတ်သက်သူများအတွက် ခံစားချက်ချင်း ကွဲပြားခြားနားသွားရတော့သည်။
“အကြောင်းပြချက်တွေကို ဘေးဖယ်ပြီး အမှန်တရားကို ရှာဖွေရမယ် ၊ စိတ်ခံစားချက်တွေကြောင့် ရှုပ်ထွေးသွားလို့ မရဘူး”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးဘူးထင်တယ်”
ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်တို့ နှစ်ယောက်လုံး တိတ်ဆိတ်နေကြသည်။
ရန်ကျောက်ကဲ၏စကားထဲတွင် ပါဝင်နေသော ခံစားချက်များကို သူတို့နားလည်သည်ပင်။
ရန်ကျောက်ကဲအဖြေင့် ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်တို့ကို အပြည့်အဝ ယုံကြည်နိုင်သည်မှာ ပြောစရာပင်မလိုပေ။ ပြီးတော့ သူတို့နှစ်ယောက်က ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်ဘုရားများထဲတွင် ထိပ်တန်းအဆင့် ဖြစ်ကြသည်။
သူတို့ (၃)ယောက်လုံးက အခုလေးတင် စစ်တုရင်ခုံပေါ်မှ ထွက်ခွာလာနိုင်သည့် နယ်ရုပ်လေးများ ဖြစ်ကြသည်။
သူတို့အနေဖြင့် ကိုယ်ပိုင်အစီအစဉ်များ ရေးဆွဲချင်သည်ဆိုပါက ငရဲကိုးထပ်နှင့်ကစားပွဲကို ဦးစွာ ရင်ဆိုင်ဖြေရှင်းရပေလိမ့်မည်။
ရန်ကျောက်ကဲက မှိုင်းညို့သောမျက်ဝန်းများဖြင့် အဆုံးမရှိ မှောင်မိုက်နေသော ဗလာနယ်ထဲသို့ ငေးမောကြည့်နေသည်။
ဤကိစ္စများတွင် ရွှမ်တုကိုယ်တော်က မည်မျှအထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေပြီး မည်မျှအထိ သိရှိထားသည်ကို သူ မသိရှိပေ။
ထိုက်စန့်လောင်ကျွင်းက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
သို့ပေသိ ရွှမ်တုကိုယ်တော်က ထိုက်စန့်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို ငရဲကိုးထပ်ထံ ပြန်ပေးခဲ့သည်။
ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးနှင့် ယွမ်စီကောင်းကင်နတ်ဆိုးတို့အကြောင်း ရွှမ်တုကိုယ်တော် ဘာမှမသိရှိဟုဆိုပါက ရန်ကျောက်ကဲအနေဖြင့် ယုံကြည်ရန် ခက်ခဲလှသည်။
အကျိုးအမြတ်များနှင့် ပါဝင်ပတ်သက်သူများကြားတွင် မည်သူမှ သံသယဖြစ်ဖွယ်ရှိသူအဖြစ် ကင်းလွတ်ခွင့် မရှိနိုင်ပေ။
ဤကိစ္စတွင် ပါဝင်ပတ်သက်သူများအနေဖြင့် သူတို့ မည်မျှအထိ ပါဝင်ပတ်သက်နေခဲ့သနည်း။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့ခြင်းလား သို့မဟုတ် ဖြစ်ပျက်လာမည့်အရာများကိုသာ လျစ်လျူရှုကာ ခွင့်ပြုခဲ့သလား။
ဟိုစဉ်အချိန်က ငရဲကိုးထပ်နှင့်ပတ်သက်ပြီး ကျန်းရွှင်ဟွား လျှို့ဝှက်ကြံစည်ခဲ့သည်ကို တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ သိရှိခဲ့ကြသလားဆိုသည်က ပြောရန် ခက်ခဲလှသည်။
ကျန်းရွှင်ဟွားတစ်ယောက်တည်း သို့မဟုတ် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကျန်းရွှင်ဟွားတို့ ထိုကစားပွဲကို လျှို့ဝှက်ကြံစည်ခဲ့ခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။
ရွှမ်တုကိုယ်တော်ကို ကူညီရန်လား သို့မဟုတ် ငရဲကိုးထပ်နှင့်ကစားပွဲထဲမှ တစ်စုံတစ်ခုကို ရှာဖွေလိုခြင်းလား။
တာအိုအဆင့်သို့ ချဉ်းကပ်နေသူတစ်ယောက်ယောက်က နောက်ဆုံးအခွင့်အရေးကို လျှို့ဝှက်စွာ စောင့်ဆိုင်းနေခြင်းမျိုး ဖြစ်နိုင်ပါသလား။
ထိုသူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မဟာမာရူယိ၊ တာအိုသခင်'လုယာ'နှင့် ရွှမ်တုကိုယ်တော်တို့ကဲ့သို့ နာမည်ကျော် လူသိများသည့်လူတစ်ယောက် မဟုတ်နိုင်ပေ။
မိမိ၏ တာအိုလမ်းကြောင်းကို အခြားသူတစ်ဦးဦးက အနှောင့်အယှက်ပေးမည်ကို စိုးရိမ်သဖြင့် လူတိုင်းက လျှို့ဝှက်ထားတတ်ကြသည်။
တကယ်တော့ ဤယှဉ်ပြိုင်မှုတွင် မည်သူကမှ မည်သူ့အပေါ် သနားကရုဏာ ထားရှိမည် မဟုတ်ပေ။
အထူးသဖြင့် တာအိုအဓိပတိများက ပိုဆိုးပေမည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ၏တိုးတက်မှုကို လျှို့ဝှက်ထားသည့်တိုင် အခန့်မသင့်ပါက ချက်ချင်း ထုတ်ဖော်ခံရပေလိမ့်မည်။
သို့သော် ဤလောကတွင် ချွင်းချက်ဟူသည် အမြဲရှိနေတတ်သည်။
အပေါ်ယံတွင် တာအိုအဆင့်သို့တက်လှမ်းရန် လမ်းစမရှိသယောင် ထင်မှတ်ရပြီး နောက်ကွယ်မှ လျှို့ဝှက်ပြင်ဆင်နေသူများလည်း ရှိနိုင်သည်ပင်။
ရန်ကျောက်ကဲ သက်ပြင်းချလိုက်ပြီး ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်ကို လှမ်းကြည့်ကာ မချိပြုံးပြုံးလိုက်သည်။
“ငါ အော်ဆဲချင်နေမိပြီ”
သူ ဆက်ပြောလိုက်သည်။
“အခုတော့ ငါ့အတွေးတွေကို ရပ်တန့်လို့ မရတော့ဘူး ၊ ဒါက ငါတို့ တာအိုဝါဒမှာ အတွင်းပိုင်းပဋိပက္ခဖြစ်အောင် ငရဲကိုးထပ်က ရည်ရွယ်ချက်ရှိရှိ သတင်းပေးလိုက်တာများလား”
ဤသတင်းစကားက အမှန်တရားဖြစ်ပြီး အတုအယောင် မဟုတ်ပေ။
ဟုတ်ပေ၏။
အမှန်တရား ဖြစ်နေသောကြောင့်ပင် လမ်းမှန်တာအိုဝါဒအတွက် သေစေနိုင်လောက်အောင် အဆိပ်အတောက် ဖြစ်လာရသည်။
အခန်း (၁၆၈၈) လောကကိုကျော်လွန်နိုင်မည့်အခွင့်အရေး
ရန်ကျောက်ကဲ၏ စကားများကို နားထောင်ပြီးနောက် စောမင်ကျန့်က တိုးလျသည့်လေသံဖြင့် စကားဆိုလိုက်သည်။
“အချိန်က အဖြေပေးသွားပါလိမ့်မယ်”
အကယ်၍ တစ်စုံတစ်ယောက်က အားလုံးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်နေသည်ဆိုပါက သဲလွန်စများ ကျန်ရစ်ခဲ့မည်သာပင်။
သို့သော် သူ မည်မျှအထိ ပါဝင်ပတ်သက်ပြီး မည်မျှအထိ သိရှိထားသလဲဆိုသည်ကို ပြောပြရန် ခက်ခဲပေလိမ့်မည်။
သဲလွန်စများက နောက်ဆုံးတိုက်ပွဲတွင်သာ ထွက်ပေါ်လာပေလိမ့်မည်။
ရန်ကျောက်ကဲက အဝေးတစ်နေရာမှ ကြယ်စင်ကောင်းကင်ကို လှမ်းမျှော်ငေးကြည့်ရင်း တွေးတွေးဆဆဖြင့် စကားဆိုလိုက်သည်။
“ကြည့်ရတာ အဲဒီအချိန်က သိပ်မကြာတော့ပါဘူး”
အတန်ကြာ ငေးကြည့်နေပြီးမှ သူက အကြည့်ကို ပြန်လည်ရုတ်သိမ်းကာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“ကံကောင်းတာက... ဒီနေ့ခရီးမှာ ငါတို့ဘက်က အကျိုးအမြတ် ရလိုက်တာပဲ”
ထို့နောက် သူက လေထုထဲတွင် အင်းသင်္ကေတများရေးဆွဲလိုက်ရာ ထိုအင်းသင်္ကေတများက ဗလာနယ်ထဲတွင် လှည့်ပတ်ထွက်ပေါ်လာသည်။
အင်းသင်္ကေတများ တောက်ပလာပြီး ငရဲကိုးထပ် နတ်ဆိုးပင်လယ်ရေကို ပြန်လည်ရယူလိုက်သည်။
ဘေးနားတွင်ရှိသော ဖန်းယွင်ရှန်းက လက်ဖဝါးများကို ဖြန့်လိုက်ပြီး ပင်လယ်ရေကို စုစည်းသိမ်းဆည်းလိုက်သည်။
ထို့နောက် သူမနှင့် စောမင်ကျန့်က အင်းသင်္ကေတများကို ငေးမောကြည့်နေကြလေသည်။
ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပလာပြီး အင်းသင်္ကေတများက ဗလာနယ်ထဲတွင် ခုန်ပျံလျှက် အချင်းချင်းပေါင်းစပ်သွားကာ လျှို့ဝှက်ဆန်းကျယ်သည့် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အင်းသင်္ကေတ အစီအရင်ထဲတွင် တာအို၏ လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများနှင့် အမှန်တရားများ ပေါ်လွင်နေသည်။
ရန်ကျောက်ကဲက ထိုအင်းသင်္ကေတ အစီအရင်ကို စောင့်ကြည့်ရင်း အပြောင်းအလဲများကို အာရုံခံပြီးနောက် တိုးလျသည့်လေသံဖြင့် စကားဆိုလိုက်သည်။
"ငါ နည်းနည်းလောသွားမိတယ်”
ဖန်းယွင်ရှန်းက ဝင်ပြောလိုက်သည်။
“ကျွန်မတို့ မူလစိတ်ဝိညာဉ်နတ်ဆိုးရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကြားဖြတ်တားဆီးနိုင်ခဲ့ပေမဲ့ ငရဲကိုးထပ်မှာရှိတဲ့ တခြား မဟာနတ်ဆိုးတွေကိုတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး”
သူမက ဆက်ပြောလိုက်သည်။
“သစ်သားနတ်ဆိုးရဲ့တုံ့ပြန်မှုက အရမ်းမြန်တဲ့အတွက် ကျွန်မတို့မှာ အချိန်နည်းသွားတယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
"အင်း... ဟုတ်တယ်"
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါ တစ်ခုတော့ အတည်ပြုနိုင်ခဲ့တယ် ၊ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကြောင့် အစ်ကို’နျဲ့’ ရဲ့ ခန္ဓာကိုယ်ထဲ သတ္တုပလ္လင်နတ်ဆိုးက တည်ငြိမ်မှု မရှိသေးဘူး”
"စိတ်မကောင်းတာက အခု ငါတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က သတ္တုပလ္လင်နတ်ဆိုး မဟုတ်ဘဲ ယွမ်စီကောင်းကင်နတ်ဆိုး ဖြစ်နေတာပဲ"
ရန်ကျောက်ကဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
“အားလုံးက အဆုံးသတ်တိုက်ပွဲအပေါ်မှာပဲ မူတည်နေတော့တယ်”
ဟုတ်ပေ၏။
လမ်းမှန်တာအိုဝါဒမှ လူများသည်လည်း ကိုယ်ပိုင်အစီအစဉ်များ ရှိကောင်းရှိနေနိုင်ပေသည်။
ရန်ကျောက်ကဲအနေဖြင့် လမ်းမှန်တာအိုဝါဒ၏ အင်အားတစ်ခုလုံးကို စုစည်းပြီး ငရဲကိုးထပ်ကို အဆုံးထိ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ၊ သူ့အနေဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ ၊ နတ်မိစ္ဆာမျိုးနွယ် စသည့်အင်အားစုများကို ရင်ဆိုင်ရဦးမည် ဖြစ်၏။
ယခင်က လူတိုင်း၏ ရန်သူဖြစ်ခဲ့သော ငရဲကိုးထပ်မှာ ယခု လူတိုင်း၏ ကာကွယ်ပေးမှုအောက်တွင် ရှိနေကြောင်း ရန်ကျောက်ကဲ အံ့အားသင့်စွာပင် သဘောပေါက်ခဲ့ရသည်။
အဓိပ္ပာယ်မရှိခြင်းနှင့် အမှန်တရားဆိုသည်က မကြာခဏဆိုသလို ပါးလွှာသော ကြိုးမျှင်တစ်ခုဖြင့်သာ ခြားနားနေတတ်သည်။
လူတို့၏ရပ်တည်ချက်များကသာ အမှန်နှင့်အမှားကို ဆုံးဖြတ်ပေးသည်။
ရန်ကျောက်ကဲ ရုတ်တရက် ရယ်မောလိုက်သည်။
“ဒီကစားပွဲက ပိုပြီးအရှိန်မြင့်လာပြီ”
စောမင်ကျန့်က ဖြည်းညှင်းသည့် လေသံဖြင့်...
“တကယ်လို့ ဒါက တကယ်ပဲ မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်ဖြစ်ပြီး ယွမ်စီကောင်းကင်နတ်ဆိုးနဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးတို့ ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ တခြားသူတွေအတွက် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီပဲ"
သူက ဆက်ပြောလိုက်သည်။
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေနဲ့ တစ်စုံတစ်ခု ရယူချင်တယ်ဆိုရင် သူ့ကိုပံ့ပိုးပေးမယ့် တာအိုအဓိပတိတွေ လိုအပ်လိမ့်မယ်”
သူက ရန်ကျောက်ကဲနဲ့ ဖန်းယွင်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။
"ဒါပေမဲ့ တာအိုအဓိပတိတွေက နောက်ထပ် တာအိုအဓိပတိတစ်ယောက် ပေါ်ထွက်လာမှာကို တွေ့မြင်ချင်ကြပါ့မလား”
တာအိုအဆင့်အဓိပတိများက လောကကိုကျော်လွန်ခြင်း အခွင့်အရေးအတွက် ဤကစားပွဲထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
သူတို့၏ယှဉ်ပြိုင်မှုက တာအိုအဆင့်သို့တက်လှမ်းရန်ကြိုးပမ်းနေသည့် ကောင်းကင်နတ်ဘုရားများထက်ပိုပြီး သေချာပေါက် ရက်စက်ပြင်းထန်ပေမည်။
သို့ဖြစ်ရာ တာအိုအဓိပတိတစ်ယောက် ထပ်တိုးလာခြင်းဖြင့် ပြိုင်ဘက်တစ်ယောက် ပိုများလာမည်ဖြစ်ရာ အခြားသူများအတွက် အခွင့်အရေး လျော့နည်းသွားပေမည်။
ရှေ့မှဦးဆောင်သူက အားသာချက်ရှိသည်မှန်သော်လည်း နောက်ဆုံးမှအဆင့်တက်လှမ်းသူသည်လည်း သူ့ကို အမီလိုက်လာနိုင်ခြေ ရှိနိုင်၏။
သို့ဖြစ်ရာ တာအိုအဆင့် ထိပ်တန်းကျွမ်းကျင်သူများက အမြဲတမ်း တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေသည်မှန်သော်လည်း တာအိုအဓိပတိ အသစ်တစ်ပါးပေါ်ပေါက်လာမည်ကို တားဆီးရန်အတွက် သေချာပေါက် ပူးပေါင်းဆောင်ရွက်ကြပေမည်။
ဟုတ်ပေ၏။
သူတို့အောက်မှ ကောင်းကင်နတ်ဘုရားများတွင်လည်း တောင်းဆိုချက်များနှင့် ရည်မှန်းချက်ပန်းတိုင်းများ ရှိနေမည် အမှန်ပင်။
ကောင်းကင်နတ်ဘုရားများ၏ အဓိကရည်မှန်းချက်မှာ တာအိုအဆင့်သို့တက်လှမ်းရန် ဖြစ်သည်။
ဤပဋိပက္ခက အမြဲတမ်း တည်ရှိနေမည့်အရာ ဖြစ်သည်။
ဤစမ်းသပ်မှုတွင် အပေးအယူမျှတမှုကိုရှာဖွေရင်း နက်နဲသော စိန်ခေါ်မှုကိုလည်း ရင်ဆိုင်ရပေမည်။
ရန်ကျောက်ကဲက စောမင်ကျန့်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အကြီးအကဲလည်း ဆက်ခံသူတစ်ယောက် ရှာထားသင့်ပါတယ် ၊ ဒါမှ အကြီးအကဲ လောကကိုကျော်လွန်သွားတဲ့အခါ အကြီးအကဲနေရာမှာ အစားထိုးဖို့လူတစ်ယောက် ကျန်ရစ်ခဲ့မှာပါ”
နေရာကတစ်ခုသာရှိနိုင်ပြီး ထိုနေရာအတွက် အသင့်ဖြစ်နေသူမှာလည်း အလွန်နည်းပါးလှသည်။
ဆက်ခံသူတစ်ယောက်ရှိနေခြင်းက တူညီသောအဆက်အနွယ်များကို ခိုလှုံရာပေးနိုင်ပြီး ရှေးယခင်က တာအိုဝါဒကဲ့သို့ ကျဆုံးခြင်းမျိုးကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။
စောမင်ကျန့်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ဖန်းယွင်ရှန်းက...
“ဒါဖြင့် ငရဲကိုးထပ်နဲ့ပတ်သက်တဲ့ ကစားပွဲမှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ တခြားသူတွေက တာအိုအဆင့်ကို တက်လှမ်းဖို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသလို တာအိုအဓိပတိတွေကလည်း လောကကိုကျော်လွန်ဖို့အတွက် အခွင့်အရေးရှာနေကြတာပေါ့”
ရန်ကျောက်ကဲက...
“သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ ဒီကစားပွဲက အနောက်ဘက်သူတော်စင်ဘုံ၊ ချန်စန်းရှင်းဟိုင်နဲ့ တခြားအင်အားစုတွေအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်နေတာတော့ အမှန်ပဲ”
ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ပေါ်ထွက်လာပြီးဖြစ်ရာ အခြားသော တာအိုအဓိပတိများအတွက် နောက်ထပ် တာအိုအဓိပတိတစ်ပါးကိုလက်ခံရန် ဆန္ဒရှိကောင်းရှိနိုင်သည်။
ဤတာအိုအဓိပတိများတွင် ကိုယ်ပိုင်အစီအစဉ်များလည်း ရှိကောင်းရှိနိုင်ပြီး လက်ရှိအခြေအနေ ဖြစ်ပေါ်လာရန် တစ်ယောက်တည်းက ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲက နားထင်ကို အသာပွတ်သပ်ရင်း...
“တာအိုအဓိပတိတွေ လောကကိုကျော်လွန်ဖို့ အခွင့်အရေးက ဘာဖြစ်မလဲဆိုတာ ငါသိချင်မိတယ် ၊ အဲဒါဆိုရင်တော့ ကောက်ချက်ချဖို့ ပိုပြီးလွယ်ကူလိမ့်မယ်”
ဖန်းယွင်ရှန်းက ပြုံးလိုက်သည်၊
"အဲဒါကို သိဖို့က လွယ်မယ်မထင်ဘူး”
သူမက ရယ်မောလိုက်ပြီး တိုးလျသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။
"ငရဲကိုးထပ်ကလွဲရင်ပေါ့"
ရန်ကျောက်ကဲက...
"ငရဲကိုးထပ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ အများကြီးရှိပေမဲ့ အလျင်စလို ကောက်ချက်ချလို့တော့ မဖြစ်ဘူး ၊ သူတို့ဘက်က မိစ္ဆာနတ်ဘုရား(၁၂)ပါး အစီအရင်ကို ထုတ်ဖော်နိုင်မှာ ဒီကစားပွဲထဲမှာ ဘာတွေလုပ်ကြမလဲဆိုတာ စောင့်ကြည့်ရမယ်”
ဖန်းယွင်ရှန်းက...
“ဟုတ်ပါပြီ ၊ ဒါဖြင့် ပြန်ကြရအောင်လေ”
ရန်ကျောက်ကဲနှင့် စောမင်ကျန့်တို့ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် သူတို့ (၃)ယောက် တာအိုစကြာဝဠာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
တာအိုစကြာဝဠာအစွန်အဖျားတွင် ယွီယဲ့နှင့် ယွဲ့ကျန့်ပေတို့က ပန်ပန် ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့နှင့်အတူ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
သူတို့၏ မျက်နှာအမူအရာများက တည်ငြိမ်နေသယောင် ရှိသော်လည်း ရန်ကျောက်ကဲတို့ (၃)ယောက် ပေါ်လာသည်နှင့် သူတို့၏အကြည့်များက သူတို့ထံသို့ ချက်ချင်းရောက်ရှိသွားသည်။
ရန်ကျောက်ကဲက...
“အစ်ကို'နျဲ့'ရဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးနေပြီ”
ထိုစကားကြားတော့ အခြေအနေသစ်အတွက် မျှော်လင့်ချက်အသစ်ကို တွေ့လိုက်ရသည့်အတွက် ယွီယဲ့နှင့် ယွဲ့ကျန့်ပေတို့ အနည်းငယ် စိတ်ပေါ့ပါးသွားကြသည်။
အခြေအနေက မျှော်လင့်ချက်မဲ့နေပါက ရန်ကျောက်ကဲအနေဖြင့် ဤသို့သောစကားများကို ပြောဆိုမည် မဟုတ်ပေ။
သူတို့၏ အမူအရာကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
"အစ်ကို'နျဲ့'က နတ်ဆိုးလမ်းစဉ်ထဲကို ကျရောက်သွားပြီးပြီ ၊ ပြန်မရုန်းထွက်နိုင်တော့မလားဆိုတာ ကောက်ချက်ချဖို့တော့ စောလွန်းသေးတယ် ၊ ဒါပေမဲ့ သူ့အခြေအနေက တခြားနတ်ဆိုးတွေနဲ့ မတူဘူးဆိုရင်တောင် အားတက်စရာတော့ သိပ်မရှိဘူး”
ခဏမျှ တိတ်ဆိတ်သွားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ဒီကိစ္စက ယွမ်စီကောင်းကင်နတ်ဆိုးနဲ့ ပတ်သက်နေတယ်”
ထိုစကားကိုကြားတော့ ယွီယဲ့နှင့် ယွဲ့ကျန့်ပေတို့ အနည်းငယ်မျက်နှာပျက်သွားကြသည်။
တာအိုအဆင့်ရှိသည့် ယွမ်စီကောင်းကင်နတ်ဆိုးနှင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် သတ္တုပလ္လင်နတ်ဆိုးတို့ကြား ကွာခြားချက်က အလွန်ကြီးမားသည်။
သို့တိုင် သူတို့နှစ်ယောက်လုံး ခံစားချက်ကို အမြန်ထိန်းချုပ်လိုက်ကြပြီး မျက်နှာအမူအရာမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ယွီယဲ့က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...
"ဂိုဏ်းတူမောင်လေး'ရန်' ၊ ဂိုဏ်းတူညီမလေး'ဖန်း' နဲ့ အကြီးအကဲ'စော' တို့ အလုပ်ရှုပ်သွားရလို့ တောင်းပန်ပါတယ်”
ထို့နောက် သူမက စကားဆက်မပြောတော့ဘဲ တိတ်ဆိတ်စွာပင် မတ်တတ်ရပ်နေလေသည်။
အရင်ကဆိုလျှင် ယွီယဲ့၏မျက်ဝန်းများက အာရုံစူးစိုက်ခြင်းမရှိဘဲ ဟိုဟိုဒီဒီ လှည့်လည်နေတတ်သည်။
ယခုအချိန်မှာတော့ သူမ၏မျက်ဝန်းများက ငြိမ်သက်နေသော ကန်ရေပြင်ပမာ အလွန်တည်ငြိမ်နေပြီး အာရုံစူးစိုက်လျှက် ရှိသည်။
ရန်ကျောက်ကဲက သူမကို ခဏမျှ အကဲခတ်လိုက်သည်။
သူမ ဘာတွေးနေကြောင်း မသိရသော်လည်း ယွီယဲ့၏စိတ်ခံစားချက်များ အတော်လေး တည်ငြိမ်နေသည်ကို ခံစားရသည့်အတွက် အနည်းငယ် စိတ်အေးသွားမိသည်။
ဘေးနားတွင်ရှိနေသည့် ယွဲ့ကျန့်ပေက တိုးလျသည့်လေသံဖြင့်...
“အရာရာက သဘာဝအတိင်း စီးဆင်းနေတာပါ ၊ ငါတို့အနေနဲ့ ဘာကိုမှ အတင်းအကျပ်မလုပ်သင့်ဘူး ၊ ဒါပေမဲ့ ကျင်းရှန်အတွက်ဆိုရင်တော့ မျှော်လင့်ချက် နည်းနည်းလေးပဲရှိရင်တောင် ကြိုးစားကြည့်ချင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းတို့ ကြိုးစားပေးကြတာကို ကျေးဇူးတင်ပါတယ် ၊ ငါတို့အနေနဲ့ စိတ်ဓာတ်ကျရမယ့်အချိန်တော့ မရောက်သေးဘူး ထင်တာပဲ”