အခန်း (၁၆၈၉-၁၆၉၀)
Vol. 121 Ch. 1689-1690
အခန်း (၁၆၈၉) နီကျား၏စိန်ခေါ်ခြင်း
ရန်ကျောက်ကဲက ယွဲ့ကျန့်ပေကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပါ့မယ်"
ထို့နောက် အားလုံး နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြသည်။
ယွီယဲ့သည် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံစကြာဝဠာမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်သွားပြီး စောမင်ကျန့်က ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံသို့ ပြန်သွားသည်။
ရန်ကျောက်ကဲတို့အုပ်စုလည်း ကျူတောပင်လယ်ကောင်းကင်ဘုံမှ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်ခဲ့ကြသည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယွီယဲ့အားလိုက်ပို့ပြီး ထိုမိန်းမပျို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားသည်ကို တိတ်တဆိတ် စောင့်ကြည့်ပြီးနောက်မှ စိတ်အေးစွာဖြင့် လှည့်ထွက်ခဲ့သည်။
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိပြီးနောက် ယွဲ့ကျန့်ပေက ကျောက်စိမ်းကျောက်ဆောင်သို့ ပြန်သွားခဲ့ပြီး ရန်ကျောက်ကဲတို့အုပ်စုကတော့ ဝါဒတောင်သို့ ပြန်ခဲ့ကြသည်။
ဖြစ်ပျက်ခဲ့သမျှကို ကြားသိရပြီးနောက် ဝါဒတောင်မှလူတိုင်းက နျဲ့ကျင်းရှန်အတွက် စိုးရိမ်ပူပန်သွားကြသည်။ သို့သော် လက်ရှိမှာတော့ နျဲ့ကျင်းရှန်အတွက် အစီအစဉ်ဆွဲရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း လူတိုင်းနားလည်ထားကြသည်။
ရန်ကျောက်ကဲ တောင်ပေါ်သို့ ပြန်ရောက်ပြီးနောက် ကျင့်ကြံခြင်း စတင်လိုက်သည်။
ဖန်းယွင်ရှန်းက ကျူတောပင်လယ်ကောင်းကင်ဘုံမှာပင် နေထိုင်ပြီး ရွှီဖေးကလည်း ဝါဒတောင်အတွင်းရေးကိစ္စများကို တာဝန်ယူထားသည်ဖြစ်ရာ ရန်ကျောက်ကဲအတွက် စိတ်ပူစရာမရှိလှပေ။
သူက ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ရရှိအောင်ကျင့်ကြံရန် အာရုံစိုက်လိုက်သည်။ ပန်းသုံးပွင့်သရဖူရရှိရန်အတွက် စိတ်ဝိညာဉ်သရဖူကို အရင်ဆုံး သိပ်သည်းအောင် ကျင့်ကြံရပေမည်။
ပန်းတစ်ပွင့်ပေါင်းစည်းခြင်းသရဖူ ရရှိပြီးနောက်ပိုင်း ရန်ကျောက်ကဲက ပတ္တမြားတံခွန်ဗုဒ္ဓ၊ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ပြိုင်ဘက်များစွာတို့ကို တိုက်ခိုက်ခဲ့သည်။
သူတို့က အလွန်စွမ်းအားကြီးမားသော ပြိုင်ဘက်များဖြစ်သည်။
ပတ္တမြားတံခွန်ဗုဒ္ဓက တရားအလင်း ရရှိပြီးသူဖြစ်ပြီး ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ပြင် သမိုင်းတစ်လျှောက် အကြောင်းရင်းများစွာကြောင့် လမ်းမှန်မှ သွေဖည်သွားခဲ့သည့်တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာလည်း ရှိသေးသည်။
တင်ကွမ်းဗုဒ္ဓက ကောင်းကင်နတ်ဘုရားအဆင့် ပြင်ပကျင့်ကြံသူများထဲတွင် တိုက်စစ်စွမ်းအား မသေးလှသူ ဖြစ်၏။
ရန်ကျောက်ကဲအနေဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲများမှတစ်ဆင့် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့သည့် ဖန်းယွင်ရှန်းကဲ့သို့ အတွေ့အကြုံမျိုးမရှိသော်လည်း ထိုသို့ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ခဲ့ပြီးနောက် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ဤအကျိုးအမြတ်များက ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းတိုးတက်ရန်အတွက် အထောက်အကူ ဖြစ်စေပေမည်။
သူ့အနေဖြင့် ထိုအကျိုးအမြတ်များကို နားလည်သဘောပေါက်ပြီး ကိုယ်ပိုင်အသုံးချနိုင်သည်အထိ ကျင့်ကြံရန် အချိန်လိုအပ်သည်။
ရန်ကျောက်ကဲက စန်းချင်း(၃)ပါး ကျင့်စဉ်အားလုံးကို ကျင့်ကြံသည့်လမ်းစဉ်ကို လျှောက်လှမ်းသူဖြစ်သဖြင့် အလားအလာများပြားသည့်တိုင် ကျင့်ကြံခြင်းအဆင့်မြင့်မားလေ လျှောက်ရသည့်လမ်းက ပိုမိုရှုပ်ထွေးခက်ခဲလေ ဖြစ်သည်။
ထို့ပြင် သူတွင် ကိုးကားစရာ စံနမူနာမရှိသဖြင့် သိုင်းပညာ၏ သဘောတရားများကို ကိုယ်တိုင်သာ နားလည်သဘောပေါက်အောင် ကြိုးစားရသည်။
သိုင်းပညာကို လေ့လာလိုက်စားရတွင် နေ့ညဟူ၍ မရှိပေ။
ကျင့်ကြံခြင်းထဲ စိတ်နစ်မြုပ်သွားပါက အချိန်ကုန်မှန်းမသိ ကုန်သွားတတ်သည်။
ရန်ကျောက်ကဲမှာလည်း ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်သည်နှင့် ပြင်ပလောက၏ အဖြစ်အပျက်များကို သတိမပြုမိလောက်အောင် ဖြစ်သွားရသည်။
ဝါဒတောင်ဂိုဏ်းမှလူများက ရေးကြီးကိစ္စ သို့မဟုတ် ထူးခြားဖြစ်စဉ်တစ်ခုခုရှိမှသာ သူ့ကို လာရောက်အကြောင်းကြားလေ့ ရှိ၏။
ဥပမာအားဖြင့် ထာဝရသစ္စာကောင်းကင်ဘုံတွင် ထိုက်ယီကျန်းရန်က တတိယမင်းသား 'နီကျား' ကို လွှမ်းမိုးထားသည့် မိစ္ဆာချီဆိုးများကို သန့်စင်ပေးနိုင်ခဲ့ပြီး မဟာကပ်ဘေးကြီးတွင် ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးကြီးကို ကျော်ဖြတ်ကာ ဤလောကသို့ တစ်ဖန်ပြန်လည် လမ်းပြခေါ်ဆောင်နိုင်ခဲ့ပြီဆိုသော သတင်းမျိုး ဖြစ်သည်။
ထိုသတင်းကိုကြားတော့ ရန်ကျောက်ကဲ အတော်လေး ဝမ်းသာသွားသည်။
ထိုက်ယီကျန်းရန်နှင့် နီကျားတို့က ရန်ကျောက်ကဲတို့အား နှုတ်ဆက်ရန်အတွက် ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ရောက်ရှိလာကြသည်။
နီကျား ပြန်လည်သက်သာလာပြီဖြစ်ရာ ဆရာတပည့်နှစ်ယောက် ထာဝရသစ္စာကောင်းကင်ဘုံတွင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့ပေ။
ထို့ပြင် သူတို့တွင်လည်း သွားစရာ လာစရာကိစ္စများ ရှိနေသေးသည် မဟုတ်လား။
သူတို့က ရန်ကျောက်ကဲကို နှုတ်ဆက်ရန်အပြင် ကျေးဇူးတင်စကားပြောရန်လည်း ရောက်လာကြခြင်း ဖြစ်၏။
ရန်ကျောက်ကဲကိုတွေ့သည်နှင့် နီကျားက စကားဆိုသည်။
“ဖြစ်ပျက်သမျှအားလုံးကို ဆရာ့ဆီက ကြားပြီးပါပြီ ၊ ငါလည်း လုံးဝ အသိစိတ်လွတ်အောင် ဖြစ်သွားမိတယ် ၊ ကြည့်ရတာ မင်းတို့ရှေ့မှာ အတော်လေး အရှက်ကွဲစရာတွေ ဖြစ်ခဲ့တဲ့ပုံပဲ ၊ ဘာပဲဖြစ်ဖြစ် ငါ့ကို ဒီလိုအခြေအနေကနေ လွတ်မြောက်အောင်ကူညီပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့အောင် စွမ်းဆောင်ပေးခဲ့တဲ့ တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”
ကြာပန်းပင်လယ်သုံးစင်းအရှင်က မာန်မာနအပြည့်ရှိသည့် ကလေးဆန်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သို့သော် သူက ရန်ကျောက်ကဲအပေါ်မှာတော့ ရိုးသားသိမ်မွေ့စွာပင် စကားဆိုသည်။
မဟာကပ်ဘေးကာလတွင် အန္တရယ်ကြုံတွေ့ခဲ့ပြီး ဘဝသစ်ပြန်စရန်နှင့် အသိစိတ်နိုးထရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီးနောက် နီကျားက ပိုပြီးရင့်ကျက်တည်ငြိမ်လာဟန် ရှိသည်။
ရန်ကျောက်ကဲ သိရှိထားသလောက် နီကျားက အလွန်တည်ကြည်လေးနက်သည့် ပညာရှိတစ်ဦးတော့ မဟုတ်ပေ။
သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက် အသင်္ချေစကြာဝဠာတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည့်တိုင် ကလေးဆန်သော စိတ်နေသဘောက ကျန်ရှိနေပြီး စိတ်ဓာတ်ပြင်းထန်ကာ ခေါင်းမာသည့်အပြုအမူများကြောင့် နာမည်ကျော်ကြားသူ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် တစ်ခါတစ်ရံ သူက အလိုလိုက်ခံထားရသည့် ကလေးဆိုးတစ်ယောက်နှင့် ဆင်တူပေသည်။
ကလေးဆိုးတစ်ယောက်နှင့် ဆင်တူရုံသာမက သူက ကြီးမားသောပျက်ဆီးခြင်းများကို ဖန်တီးနိုင်စွမ်းရှိပြီး ထိန်းချုပ်ရန် ခက်ခဲသူလည်း ဖြစ်၏။
ယခုတော့ ထိုလူငယ်လေးသည် ရန်ကျောက်ကဲကို ပုံမှန်ထက်ပိုပြီး စိတ်ရင်းမှန်ဖြင့် ဆက်ဆံနေခဲ့သည်။
ရန်ကျောက်ကဲက...
“ကြာပန်းပင်လယ်သုံးစင်းအရှင်က ယဉ်ကျေးလွန်းနေပါပြီ ၊ ငါတို့က အဆက်အနွယ်အတူတူပဲလေ ၊ ဒါကြောင့် တတ်နိုင်သမျှ ကူညီပေးရမှာပါ”
ဘေးတွင်ရှိနေသည့် ထိုက်ယီကျန်းရန်က ရယ်မောလိုက်ပြီး...
“ကျေးဇူးတင်စကားတော့ ပြောရမှာပေါ့ တာအိုရောင်းရင်း’ရန်’ ရာ....”
သူက ဆက်ပြောလိုက်သည်။
“ငါတို့လည်း နှုတ်ဆက်ဖို့ အချိန်တန်ပါပြီ ၊ နောက်နောင် အပြန်အလှန် ကူညီစရာတွေ ပေါ်လာနိုင်ပါသေးတယ် ၊ တာအိုရောင်းရင်း’ရန်’ အကူအညီလိုတဲ့အခါ ငါတို့ကို အားမနာဘဲ ဆက်သွယ်လိုက်နိုင်ပါတယ်”
ရန်ကျောက်ကဲက...
“သေချာပေါက် ဆက်သွယ်ရမှာပေါ့”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“ဒါနဲ့ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စီစဉ်ထားပါသလဲ”
နီကျားက...
“ငါက အနောက်ဘက်သူတော်စင်ဘုံကိုပြန်ဖို့ စီစဉ်ထားတယ်”
သူက ဆက်ပြောလိုက်သည်။
“ငါနဲ့ လီကျင်းကြားက ရန်ငြိုးတွေ အဆုံးသတ်ခဲ့ပြီဆိုပေမယ့် ဒီကိစ္စရဲ့ရင်းမြစ်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓလေ ၊ ဒီတော့ သူနဲ့ စာရင်းရှင်းရဦးမယ်”
ထိုစကားပြောချိန်မှာတော့ နီကျားက အရင်ကအတိုင်း ခေါင်းမာပြင်းထန်သည့် အမူရာကို ပြသလာခဲ့သည်။
"လီကျင်းရဲ့ လုပ်ရပ်တွေက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ ဆက်စပ်နေတယ် ၊ ငါ အရင်ကလည်း လီကျင်းနဲ့ တိုက်ခိုက်ခဲ့ဖူးတယ် ၊ အဲဒီကတုံးက ငါ့ကိုစိန်ခေါ်ပြီး စေတီနဲ့ဖိနှိပ်ခဲ့တာလေ ၊ မဟာကပ်ဘေးတုန်းက ဖြစ်တဲ့ကိစ္စကလည်း သူနဲ့ပတ်သက်နေမှာ သေချာတယ် ၊ ဒီတော့ လက်စားမချေရမချင်း ငါကတော့ ရပ်မှာမဟုတ်ဘူး”
နီကျား၏ မျက်ဝန်းထဲတွင် အမုန်းတရားနှင့်ဒေါသတို့ အထင်းသား ပေါ်လွင်နေသည်။
ရန်ကျောက်ကဲက မေးစေ့ကို လက်ဖြင့်ပွတ်သပ်လိုက်သည်။
သူက နီကျား စိတ်လောနေသည်ဟု မတွေးခဲ့ပေ။
"ကြာပန်းပင်လယ်သုံးစင်းအရှင်... မင်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို သွားပြီးစိန်ခေါ်မလို့လား”
နီကျား ခေါင်းညိတ်လိုက်သည်။
“သေချာပေါက်ပေါ့ ၊ အဲဒါ ငါ့ဆန္ဒပဲ”
နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်နိုင်စွမ်းက လမ်းမှန်တာအိုဝါဒ အဆက်အနွယ်များ၏ ရပ်တည်ချက်ကို လုံးဝပြောင်းလဲပစ်လိုက်သည်။
နတ်ဘုရားသုတ်သင်အစီအရင်သာ မရှိခဲ့ပါက နီကျားအနေဖြင့် ယခုကဲ့သို့ ပွင့်လင်းစွာ စိန်ခေါ်ဝံ့မည် မဟုတ်ပေ။
သူက ယန်ကျန်းပြီးသည့်နောက် ယွိချင်အဆက်အနွယ်၏ တတိယမျိုးဆက်တပည့် ဖြစ်သော်လည်း နောက်ခံမကောင်းဘဲ တစ်ယောက်တည်းထင်တိုင်းကျဲပါက အဆုံးသတ်မလှနိုင်ကြောင်း နားလည်ထားသည်။
ယခုအချိန်မှာတော့ သူ့အနေဖြင့် အနောက်ဘက်သူတော်စင်ဘုံသို့ သွားရောက်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်မည်ဆိုပါက အဆိုးဆုံးဖြစ်လျှင်တောင်မှ စိန်ခေါ်ပွဲတွင် ရှုံးနိမ့်သွားခြင်းသာ ဖြစ်ပေမည်။
သူ့ကို မည်သူမှ အသက်သေသည်အထိ ဝိုင်းဝန်းတိုက်ခိုက်ကြမည် မဟုတ်ဘဲ သူနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့ကြားမှ ပဋိပက္ခသာလျှင် ကျန်ရှိပေမည်။
နီကျားက တောင်ပိုင်းချန်စန်းဧကရာဇ်၊ ဝူတန့်မယ်တော်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့နှင့် အခြေအနေမတူညီပေ။
ထိုသူများ လူမြင်ကွင်းသို့ ထွက်လာပါက အလွန်ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် သို့မဟုတ် ဘုရားလောင်းကဲ့သို့သော တာအိုအဓိပတိများနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်၏။
ဟုတ်ပေ၏။
ဤသည်က ယန်ကျန်း ၊ စောမင်ကျန့် ၊ ဖန်းယွင်ရှန်းနှင့် နီကျားတို့ကဲ့သို့သော တာအိုဝါဒမှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက သူတို့လောက် စွမ်းအားမကြီးသော အခြားအင်အားစုမှ ကောင်းကင်နတ်ဘုရားများကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ပြီး သတ်ချင်တိုင်းသတ်ဖြတ်ပစ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
တာအိုအဓိပတိများကလည်း ဤသို့သောလုပ်ရပ်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။
မဟာမာရူယိ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တာအိုသခင်'လုယာ'တို့သည်လည်း အလားတူလုပ်ရပ်မျိုးကို ပြုလုပ်ကြမည် မဟုတ်ပေ။
အကယ်၍ ထိုသို့ပြုလုပ်ပါက ကြီးမားသည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
သို့ဖြစ်ရာ တရားဝင်စိန်ခေါ်သည်ဆိုရာတွင် အဆင့်အတန်းတူညီသည့် ပြိုင်ဘက်နှစ်ယောက် သို့မဟုတ် အားနည်းသူက အားကြီးသူကို စိန်ခေါ်ခြင်းသာလျှင် လက်ခံနိုင်သည်။
နီကျားနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကတော့ ထိုသို့ မဟုတ်ပေ။
သူတို့က ရှည်လျားသောသမိုင်းကြောင်းနှင့်အတူ နက်ရှိုင်းသည့်ရန်ငြိုးရှိသူများ ဖြစ်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ကြားမှရန်ငြိုးက ပြေလျော့သွားခြင်းမရှိဘဲ ပို၍ပင် များပြားလာခဲ့သည်။
ထို့ပြင် နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထက် အသက်အရွယ်အားဖြင့် အဆပေါင်းများစွာ ငယ်ရွယ်သည်။
ငယ်သူက ကြီးသူကို စိန်ခေါ်ခြင်းသည် အနိုင်ကျင့်ခြင်းမျိုး မဟုတ်ပေ။
ပြီးတော့ သူတို့နှစ်ယောက်လုံးက အတိတ်ကတည်းက ရင်ဆိုင်ခဲ့ဖူးကြသူများဖြစ်ကြလေရာ ဤသို့စိန်ခေါ်ခြင်းက မယဉ်ကျေးခြင်း သို့မဟုတ် ရိုသေလေးစားမှု မရှိခြင်းလည်း မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ သမိုင်းကြောင်းအရ ယှဉ်ကြည့်ပါက သူတို့၏ တိုက်ရည်ခိုက်ရည်က တူညီနေခြင်း ဖြစ်သည်။
ထို့ကြောင် တကယ်တမ်း တိုက်ခိုက်မှသာလျှင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်ပေမည်။
ထို့ပြင် လူအများစုက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသာ အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့် နီကျား၏ စိန်ခေါ်မှုသည် "သတ္တိရှိသူ၏ စိန်ခေါ်မှု" အနေအထားမျိုးတွင်သာ ရှိနေသည်။
အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ နီကျားကို အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်၍ သတ်ဖြတ်ပစ်နိုင်ရန် ကြိုးပမ်းနိုင်ခြေရှိသည်မှာ အမှန်ပင် ဖြစ်၏။
သို့သော် လမ်းမှန်တာအိုဝါဒက နီကျား၏ အသက်ကို ကာကွယ်ရန်နှင့် နီကျားတစ်ခုခုဖြစ်ပါက လက်စားချေနိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲက နီကျားကိုကြည့်ရင်း...
“ငါ့အထင်တော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မင်းရဲ့စိန်ခေါ်မှုကို လက်မခံလောက်ဘူး”
အခန်း (၁၆၉၀) အိမ်တံခါးဝအထိသွားပြီး လှောင်ပြောင်စိန်ခေါ်သူ
နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံ စိန်ခေါ်စာပေးပို့ခြင်းအား ရန်ကျောက်ကဲက ထောက်ခံပေးလိုက်ခြင်းမှာလမ်းမှန်တာအိုဝါဒ၏ အကျိုးစီးပွားအတွက်သာမက သူ၏ ကိုယ်ပိုင်အမြင်အရလည်း ပါဝင်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူသိရှိထားသော ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူများတွင် တာအိုအဆင့်နှင့် အနီးစပ်ဆုံး ဖြစ်သည်။
သူက မဟာမာရူယိလောက် စွမ်းအားမကြီးသော်လည်း ကျင့်ကြံခြင်းအဆင့်တက်ရန် လမ်းကြောင်းမှာတော့ မဟာမာရူယိထက်ပိုပြီး တာအိုအဆင့်တက်လှမ်းရန် နီးစပ်သူ ဖြစ်သည်။
သို့ပေသိ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် နီကျားကို အနိုင်ရရှိသွားခဲ့လျှင်ပင် သူသည်လည်း ဘေးကင်းလိမ့်မည် မဟုတ်ပေ။
သူ့အနေဖြင့် နီကျားကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်မှသာလျှင် အဆင်ပြေပေမည်။
မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ထိခိုက်သွားပြီးတာအိုအဆင့်သို့ တက်လှမ်းမှုကို ပြန်လည်သက်ရောက်မှု ရှိသွားနိုင်သည်။
နီကျားကို ရှုံးနိမ့်သွားလျှင်တော့ ရလဒ်က ပြောစရာပင် မလိုတော့ပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် တိုက်ပွဲအနိုင်ရပါကလည်း အကျိုးအမြတ် သိပ်မရှိလှပေ။
အများဆုံး နီကျားကို သတ်ဖြတ်ပြီး လမ်းမှန်တာအိုဝါဒမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ကို ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။
သို့ပေသိ နီကျားက တန်ခိုးစွမ်းအား ကြီးမားသည်မှန်သော်လည်း လမ်းမှန်တာအိုဝါဒ၏ အဓိကထောက်တိုင် မဟုတ်သေးပေ။
ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် နီကျားနှင့် တိုက်ခိုက်ခြင်းက အကျိုးသိပ်မရှိလှပေ။
သို့ရာတွင် နီကျားကတော့ သူ့ကို ရန်ငြိုးထားသည်ဖြစ်ရာ လာရောက်တိုက်ခိုက်မည်သာ ဖြစ်၏။
ဟုတ်ပေ၏။
တိုက်ပွဲမှရှောင်လွှဲမည်ဆိုပါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် မည်သည့်အနှောက်အယှက်မှ မဖြစ်နိုင်သော်လည်း ဂုဏ်သိက္ခာကိုတော့ ထိခိုက်ပေမည်။
ဗုဒ္ဓဘာသာ ကျင့်ကြံသူများက ဇင်ဗုဒ္ဓဘာသာကို ကျင့်ကြံကြခြင်း ဖြစ်သည်။
သူတို့က စိတ်တည်ငြိမ်မှုနှင့် ငြိမ်းချမ်းခြင်းကို အဓိကထားကြပြီး ဒေါသတရားကို ရှောင်ကြဉ်ကာ ကြည်လင်သည့်ကောင်းကင်ပြာပမာ အေးချမ်းစေရန် ကြိုးစားလေ့ရှိကြသည်။
ထို့ကြောင့် တာအိုအဆင့်သို့တက်လှမ်းရန် ကြိုးစားရာတွင် သူတို့၏စိတ်ထဲတွင် ကြောက်ရွံ့ခြင်းနှင့် တွန့်ဆုတ်ခြင်းမျး ဖြစ်ပေါ်လာပါက အစွဲအလမ်းနှင့် အတ္တများ ကြီးထွားလာနိုင်သည်။
ထိုသို့ဖြစ်လာပါက စိတ်၏လွတ်လပ်မှုဆုံးရှုံးပြီး အဆင့်နိမ့်ကျသွားသည့် အခြေအနေသို့ ဦးတည်သွားနိုင်၏။
ဤရှုပ်ထွေးသော အခြေအနေက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် ပြင်းထန်သော စမ်းသပ်မှုတစ်ခု ဖြစ်သည်။
သူ့အားစိန်ခေါ်သူက အခြားသူတစ်ယောက်ဖြစ်သည်ဆိုလျှင် လျစ်လျူရှုနိုင်သော်လည်း နီကျားကတော့ သူနှင့် အတော်လေး ရန်ငြိုးကြီးမားသူ ဖြစ်သည်။
နီကျားက သူ့ထံသို့လာရောက်ပြီး နေ့စဉ်ရက်ဆက် စကားစစ်ထိုး လှောင်ပြောင်စိန်ခေါ်နေပါက အလွန်ပင် အနှောက်အယှက် ကြီးမားပေမည်။
နီကျားက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း...
“အဲဒီအဘိုးကြီး ငါစိန်ခေါ်တာကို လက်မခံလို့ကတော့ ငါက အနောက်ဘက်သူတော်စင်ဘုံ တံခါးဝကိုသွားပြီး သူ့ကို နေ့တိုင်းလှောင်ပြောင်ရန်စနေမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“သူက သူ့ဂုဏ်သိက္ခာအတွက် အရေးမစိုက်ဘူးဆိုရင်တောင် အနောက်ဘက်သူတော်စင်ဘုံက တခြားသူတွေ အဲဒီလောက် မျက်နှာပြောင်နိုင်မလား ကြည့်တာပေါ့”
ရန်ကျောက်ကဲက နီကျားကို လက်မထောင်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ၊ ဒါပေမဲ့ သူတို့ဘက်က လှည့်ကွက်တွေရှိနိုင်တာကိုတော့ သတိထားပါ ၊ အထူးသဖြင့် ဒီကိစ္စမှာ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ ငရဲကိုးထပ်က ဝင်ရောက်စွက်ဖက်လာနိုင်တယ်”
ထိုက်ယီကျန်းရန်က ပြုံးလိုက်ပြီး...
“ငါက ဂိုဏ်းတူအစ်ကို ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နဲ့ ယန်ကျန်းကို ဆက်သွယ်ထားပြီးပါပြီ ၊ ငါ့တပည့်ကို သူတို့က လျှို့ဝှက်ပြီး စောင့်ရှောက်ပေးကြမှာပါ”
သူက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်း’ရန်’ တို့လည်း ပွဲလာကြည့်ချင်ရင် ကြည့်လို့ရတာပဲလေ ၊ ပြီးတော့ နတ်ဘုရားသုတ်သင်အစီအရင်ကို တာဝန်ယူထားတဲ့ တာအိုရောင်းရင်း'ဝူတန့်မယ်တော်'နဲ့ တာအိုရောင်းရင်း'ယွင်ရှောင်း'တို့လည်း ဒီကိစ္စကို အာရုံစိုက်ပေးကြမယ်ထင်ပါတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“ခင်ဗျားသာ ခွင့်ပြုရင် သူတို့တွေ ကူညီပေးကြမှာပါ ၊ ကျွန်တော်လည်း အချိန်ရရင် ပွဲလာကြည့်မယ် ၊ ကြာပန်းပင်လယ်သုံးစင်းအရှင်က ကျွန်တော်တို့ကို တိုက်ပွဲလာကြည့်ဖို့ ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်”
နီကျားက...
"တာအိုရောင်းရင်း လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့ ၊ ဒါပေမဲ့ ဒီအဘိုးကြီး ငါစိန်ခေါ်တာကို လက်မခံမှာပဲ စိုးရိမ်နေမိတာ”
စကားစမြည်ပြောဆိုပြီးနောက် နီကျားနှင့် ထိုက်ယီကျန်းရန်တို့ ရန်ကျောက်ကဲအားနှုတ်ဆက်ပြီး ကျူတောပင်လယ်ကောင်းကင်ဘုံမှ ထွက်ခွာသွားကြလေသည်။
နယ်ပယ်အပြင်ဘက်ရှိ အဆုံးမဲ့ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကြသည်။
နီကျားက ဒေါသအလျောက် ပြုမူတတ်သူဖြစ်ရာ ပြောသည့်အတိုင်း လုပ်မည့်သူ ဖြစ်၏။
မကြာမီပင် ရန်ကျောက်ကဲထံသို့ သတင်းတစ်ခု ရောက်ရှိလာသည်။
ကြာပန်းပင်လယ်သုံးစင်းအရှင်’နီကျား’ က အနောက်ဘက်သူတော်စင်ဘုံမှ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ တရားဝင် စိန်ခေါ်စာ ပေးပို့လိုက်ပြီဆိုသော သတင်းဖြစ်၏။
ထိုစိန်ခေါ်စာတွင် တိုက်ပွဲနေရာကို အနောက်ဘက်သူတော်စင်ဘုံမှ ရွေးချယ်နိုင်ပြီး စိန်ခေါ်မှုကို အမြန်ဆုံးလက်ခံရန် တောင်းဆိုထားသည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် အနောက်ဘက်သူတော်စင်ဘုံသာမက ချန်စန်းရှင်းဟိုင်၊ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့မှာလည်း အံ့အားသင့်သွားကြပြီး ဤကိစ္စကို အထူးဂရုစိုက် စောင့်ကြည့်နေကြတော့သည်။
ဤသို့သောကိစ္စမျိုး မဖြစ်ပွားသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။
အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသော်လည်း ယခုကဲ့သို့ တစ်ဦးချင်းစိန်ခေါ်ပွဲမျိုး တစ်ခါမှ မရှိခဲ့ကြပေ။
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံကတော့ လူအများ၏ယုံကြည်မှုကို ယှဉ်ပြိုင်ရယူရန်နှင့် ဂုဏ်သိက္ခာတည်ဆောက်ရန်အတွက် ဤသို့သောတိုက်ပွဲမျိုး ရံဖန်ရံခါ ပြုလုပ်လေ့ ရှိကြသည်။
ယခု နီကျားက ရုတ်တရက် စိန်ခေါ်လာသည့်အခါ လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။ သို့သော်သေချာစဉ်းစားကြည့်လျှင်တော့ ဤစိန်ခေါ်မှုက ကျိုးကြောင်းဆီလျော်ပေသည်
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက်တော့ ဤသည်က ကြီးမားသောပြဿနာ မဟုတ်ပေ။
***
ချန်စန်းရှင်းဟိုင် ၊ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ။
တာအိုသခင်’လုယာ’ က ခေါင်းခါယမ်းရင်း ပြုံးလိုက်သည်။
“ငရဲကိုးထပ်နဲ့ကစားပွဲက အစပဲရှိသေးတယ် ၊ အခု စန်းချင်းသုံးပါးအဆက်အနွယ်တွေက တန်ပြန်တိုက်စစ်ရဲ့ ပထမခြေလှမ်းစတင်လာပြီ”
သူက ဆက်ပြောလိုက်သည်။
“သူတို့လက်ထဲမှာ နတ်ဘုရားသုတ်သင်အစီအရင်သာ မရှိဘူးဆိုရင် ဒီလိုကိစ္စမျိုး ဘယ်ဖြစ်လာနိုင်ပါ့မလဲ”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က...
“နီကျား အသက်ရှင်နေတာကတော့ သတင်းကောင်းပါပဲ ၊ မဟုတ်ရင် စန်းချင်းသုံးပါး အဆက်အနွယ်မှာ ဒီလိုအရည်အချင်းရှိတဲ့သူမျိုး ရှိမှာမဟုတ်ဘူး”
ထုံးတမ်းဓလေ့အရဆိုလျှင်တော့ ကျင့်ကြံခြင်းအဆင့်တူသူများကြားတွင် စိန်ခေါ်ခြင်းကို လက်မခံပါက ရန်ငြိုးမရှိခြင်း၏လက္ခဏာဖြစ်ပြီး ဝါစဉ်ငယ်သူက ဝါစဉ်ကြီးသူကို စိန်ခေါ်ခြင်းအား လက်မခံပါက သဘောထားကြီးခြင်းဖြစ်သည်ဟု ဆိုကြသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က သိပ်တော့ မျက်နှာမကောင်းလှပေ။
သူ၏သားဖြစ်သူ ဖုလော်ကျီက ရန်ကျောက်ကဲတို့အုပ်စုလက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဖြစ်ရာ သူက ဤစိန်ခေါ်ပွဲကို အသုံးချပြီး လက်စားချေချင်ခဲ့သည်။
သို့သော် သူ့တွင် ရန်ကျောက်ကဲအားစိန်ခေါ်ရန် သင့်တော်သည့်ပြိုင်ဘက် မရှိပေ။
ပြီးပြည့်စုံခြင်း မရှိသေးသော နတ်ဘုရားသုတ်သင်အစီအရင်ဖြင့် ဖုလော်ကျီကိုသတ်ဖြတ်ခဲ့သည့် ရန်ကျောက်ကဲက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးပေ။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်လေရာ သူသာ ရန်ကျောက်ကဲကို သွားရောက်စိန်ခေါ်ပါက ကောင်းကင်နတ်ဘုရားတစ်ပါးက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးကို စိန်ခေါ်သည်ဆိုကာ လူအများ၏လှောင်ပြောင်ခြင်းကို ပြင်းထန်စွာခံစားရပေမည်။
တာအိုသခင်’လုယာ’ က ပြုံးလိုက်ရင်း...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စိန်ခေါ်မှုကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့အပေါ်မူတည်ပြီး ကိစ္စရပ်တွေ ကွဲပြားသွားလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“ငါတို့ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်ရမယ် ၊ အဲဒီကနေ အကျိုးအမြတ်တစ်ခုခု ရကောင်းရလာနိုင်တယ်”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ခေါင်းညိတ်သဘောတူလိုက်သည်။
သို့သော် နောက်ပိုင်းသတင်းများအရ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျား၏စိန်ခေါ်မှုကို လက်မခံနိုင်ခဲ့ပေ။
အချို့က သူ့အား ဆင်ခြင်တုံတရားရှိသူဟု ချီးကျူးကြသော်လည်း အချို့ကတော့ သူရဲဘောကြောင်သူဟု လှောင်ပြောင်ကြသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာပေါ်ရှိ သက်တမ်းအရှည်ဆုံး ဗုဒ္ဓတစ်ပါးသည် နီကျား၏ စိန်ခေါ်မှုကို ငြင်းပယ်လိုက်ပြီဖြစ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လူငယ်များကို ခွင့်လွှတ်ပေးတတ်သည့် သဘောထားကြီးသူတစ်ယောက်ပမာ ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူနှင့်နီကျားကြားမှ ရန်ငြိုးရန်စများနှင့် ရှုပ်ထွေးမှုများကို သိရှိကြသည့် အတွင်းသိများကတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏လုပ်ရပ်က လေးစားစရာမကောင်းခဲ့ပေ။
နီကျားကတော့ ရန်ကျောက်ကဲကို ပြောခဲ့သည့်အတိုင်းပင် အနောက်ဘက်သူတော်စင်ဘုံ၏ တံခါးဝတွင် နေ့စဉ်နေ့တိုင်း လှောင်ပြောင်စိန်ခေါ်သည့်စကားများကို ပြောဆိုလျှက် ရှိ၏။
ထိုသတင်းကြားတော့ ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုကြည့်ပြီး ပြုံးလျှက် စကားဆိုလိုက်သည်။
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေနဲ့ ဒီကိစ္စမှာကူညီပေးဖို့ မဟာမာရူယိကို အကူအညီတောင်းနိုင်မှပဲ ဒီခေါင်းကိုက်စရာကိစ္စက လွတ်မြောက်နိုင်မှာ ၊ မဟုတ်ရင်တော့ သူ စိတ်ညစ်နေရလိမ့်မယ်”
ဗုဒ္ဓဘာသာဘက်တွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစွာ ရှိကြပြီး အားလုံးက နီကျားကို ကြောက်ရွံ့ကြသည်တော့ မဟုတ်ပေ။
သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ နေရာတွင် ဝင်ရောက်ဖြေရှင်းပေးနိုင်မည့်သူက အနည်းမျှသာ ရှိသည်။
ဝင်ရောက်ဖြေရှင်းပေးသူမှာလည်း စိန်ခေါ်ပွဲ သရေကျရုံမျှဖြင့် အလကားသာ ဖြစ်သည်။ နီကျားကို ပြတ်ပြတ်သားသား အနိုင်ယူပြီး နှင်ထုတ်နိုင်မှသာလျှင် အဆင်ပြေပေလိမ့်မည်။
တာအိုအဓိပတိတစ်ပါးဖြစ်သည့် အော်မီတော်ဖော်ဗုဒ္ဓကို ဘေးဖယ်လိုက်မည်ဆိုလျှင် အနောက်ဘက်သူတော်စင်ဘုံတစ်ခုလုံးတွင် နီကျားကို အနိုင်ယူနိုင်မည့်သူဆို၍ မဟာမာရူယိ’ခုန်ရွှမ်း’ တစ်ယောက်သာ ရှိသည်။
ထိုသို့မဟုတ်လျှင်တော့ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်မှသာ ရပေလိမ့်မည်။
အုပ်စုလိုက်တိုက်ခိုက်မည်ဆိုလျှင်တော့ အနောက်ဘက်သူတော်စင်ဘုံနှင့် တာအိုဝါဒအဆက်အနွယ်တို့ကြား စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားလာနိုင်ပြီး ကြားထဲမှ နတ်မိစ္ဆာမျိုးနွယ်များက အကျိုးအမြတ် ရရှိသွားပေလိမ့်မည်။
ထို့ကြောင့် အဆုံးသတ်မှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျား၏စိန်ခေါ်မှုကို မတုံ့ပြန်ဘဲ နှုတ်ဆိတ်၍သာ နေလေတော့၏။
ကွမ်ယင်ဗောဓိသတ္တက ထိုက်ယီကျန်းရန်နှင့် နီကျားတို့အား လျှို့ဝှက်စွာ ဆက်သွယ်ပြီး ဆက်ဆံရေး ပြေလည်စေရန်နှင့် နီကျားအား ထွက်ခွာသွားစေရန် စည်းရုံးခဲ့သည်။
သို့သော် နီကျားက သူ၏စကားကို လုံးဝအရေးမစိုက်ခဲ့ပေ။
သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် စာရင်းရှင်းလိုစိတ် ပြင်းထန်နေသည်ဖြစ်ရာ ကွမ်ယင်ဗောဓိသတ္တ၏ ကြိုးပမ်းမှုက အလကားဖြစ်သွားခဲ့ရသည်။
နောက်ဆုံးမှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုယ်စား ကွမ်ယင်ဗောဓိသတ္တက နီကျား၏စိန်ခေါ်မှုကို လက်ခံလိုက်သည်။
ကွမ်ယင်က လှည့်ကွက်အနည်းငယ်အသုံးပြုကာ နီကျား ခဏမျှဆုတ်ခွာသွားစေရန် ဖိအားပေးနိုင်ခဲ့သည်။
နီကျား အတော်လေး မကျေမနပ် ဖြစ်သွားသည်။
ထို့နာက် သူက ဦးနှောက်ပေါက်ထွက်မတတ်စဉ်းစားပြီး ကွမ်ယင်ဗောဓိသတ္တ၏ လှည့်ကွက်များကို ကျော်လွှားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားသည်။
ထိုလှည့်ကွက်များကို ဖြေရှင်းပြီးသည်နှင့် နီကျားက အနောက်ဘက်သူတော်စင်ဘုံတံခါးဝသို့ ထပ်မံသွားရောက်ကာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို လှောင်ပြောင်စိန်ခေါ်ပြန်လေသည်။