အခန်း (၁၆၉၁-၁၆၉၂)
Vol. 121 Ch. 1691-1692
အခန်း (၁၆၉၁) ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည့် ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ
ကွမ်ယင်ဗောဓိသတ္တ၏ ထူးခြားသည့်လှည့်ကွက်က နီကျားကို အခက်တွေ့စေခဲ့သည်။
သူက အလောင်းအစားတွင် ရှုံးနိမ့်ခဲ့သဖြင့် ခဏဆုတ်ခွာပေးခဲ့ရသော်လည်း ထာဝရလက်လျှော့သွားမည် မဟုတ်ပေ။
ခဏမျှဆုတ်ခွာပြီးနောက် နီကျားက ကွမ်ယင်ဗောဓိသတ္တ၏လှည့်ကွက်ကိုဖြေရှင်းရန် ဦးနှောက်အရည်ပျော်အောင်စဉ်းစားပြီး နည်းလမ်းရှာတွေ့ခဲ့သည်။
တကယ်တော့ ဤစိန်ခေါ်ပွဲက သူ့တစ်ယောက်တည်းကိစ္စ မဟုတ်ပေ။
အပေါ်ယံတွင် နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို တစ်ယောက်ချင်းစိန်ခေါ်သည်ဆိုသော်ငြား ထိုကိစ္စနောက်ကွယ်တွင် လမ်းမှန်တာအိုဝါဒနှင့် အနောက်ဘက်သူတော်စင်ဘုံတစ်ခုလုံး ပါဝင်ပတ်သက်နေသည်။
ယန်ကျန်း၊ ထိုက်ယီကျန်းရန်၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားတာအိုဝါဒ ထိပ်သီးပုဂ္ဂိုလ်များက နီကျားကိုကူညီပေးရန် အသင့်ရှိနေသည်။
ရန်ကျောက်ကဲသည်ပင် ဤပွဲကို ပျော်ရွှင်စွာဖြင့် အကဲခတ်နေခဲ့သည် မဟုတ်လား။
ထို့ကြောင့်ပင် နီကျားက အနောက်ဘက်သူတော်စင်ဘုံသို့ ထပ်မံရောက်ရှိလာခဲ့သည်။
အနောက်ဘက်သူတော်စင်ဘုံက နီကျားကို သတ်ဖြတ်ပစ်ချင်နေပြီဖြစ်သော်လည်း နောက်ကွယ်မှစောင့်ကြည့်နေသူများကြောင့် ခေါင်းကိုက်စွာဖြင့် သည်းခံနေကြရသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုယ်စား ဆောင်ရွက်ပေးသူမှာ ကွမ်ယင်ဗောဓိသတ္တပင် ဖြစ်နေဆဲဖြစ်ပြီး သူ့ကိုထောက်ခံသူများစွာလည်း ရှိနေကြသည်။
နီကျားက ကွမ်ယင်၏လှည့်ကွက်ကို ကျော်လွှားနိုင်ပြီးနောက်တွင်လည်း ပြဿနာအသစ်များက သူ့ကို စောင့်ကြိုနေပြန်သည်။
နှစ်ဖက်အပြန်အလှန် လိမ္မာပါးနပ်မှုများဖြင့် အကွက်ဆင်တိုက်ခိုက်ကြပြီး အတော်လေး အချိန်ကြာညောင်းသွားခဲ့သည်။
နီကျားက အနည်းငယ် စိတ်မရှည်ဖြစ်နေသော်လည်း ဤအခြေအနေက လမ်းမှန်တာအိုဝါဒအတွက် အန္တရယ်မရှိကြောင်း သူ သိရှိထားသည်။
သူက အနောက်ဘက်သူတော်စင်ဘုံ တံခါးဝတွင် လာရောက်ဆဲဆိုနေသည့်တိုင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မျက်နှာထွက်ပြခြင်းမရှိဘဲ ကွမ်ယင်ဗောဓိသတ္တကသာ တားဆီးနေခဲ့သည်။
ဤကိစ္စက နီကျားနှင့် လမ်းမှန်တာအိုဝါဒအတွက် ဂုဏ်သိက္ခာထိခိုက်နိုင်စရာ အကြောင်းမရှိပေ။
အနောက်ဘက်သူတော်စင်ဘုံက အော်မီတော်ဖော်ဗုဒ္ဓ၏ သုခဘုံ ဖြစ်သည့်အတွက် နီကျားအနေဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ရင်ဆိုင်ရန် အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်၍ မရနိုင်ပေ။
သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တိုက်ပွဲကိုရှောင်လွှဲနေပြီး သူ၏ပြဿနာကို အခြားသူများအား ရင်ဆိုင်ခိုင်းနေခြင်းမှာ သိက္ခာကျသည့် လုပ်ရပ် ဖြစ်သည်။
ရေရှည်တွင် သေချာပေါက် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်၏။
နီကျားက အနိုင်ကျင့်တတ်သည့် ညာဉ်ကလေးရှိသော်လည်း မိုက်ရူးရဲဆန်စွာ ပြုမူတတ်သူ မဟုတ်ပေ။
သူက အနောက်ဘက်သူတော်စင်ဘုံမှ အခြားသော ထိပ်တန်းကျွမ်းကျင်သူများကို မပတ်သက်စေဘဲ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ တစ်ဦးတည်းကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။
ဤကိစ္စတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကတော့ အတော်လေး ငြိမ်သက်နေသည်။
အနောက်ဘက်သူတော်စင်ဘုံတွင်သာ နေထိုင်ပြီး အပြင်သို့ထွက်မလာခြင်းက သူ့အတွက် ဘာပြဿနမှာ မရှိပေ။
နီကျားက နေ့စဉ်ရက်ဆက် လာရောက်စိန်ခေါ်နေသည်ဖြစ်ရာ ကွမ်ယင်ဗောဓိသတ္တမှာလည်း အကြံကုန်လာသည်။ သူ၏ ကြားဝင်ဖြေရှင်းမှုက အရာမထင်တော့ပေ။
အဆုံးသတ်မှာတော့ ကွမ်ယင်လည်း အနောက်ဘက်သူတော်စင်ဘုံသို့ ပြန်လည်ဝင်ရောက်သွားပြီး ဤကိစ္စမှ ရှောင်ထွက်သွားတော့၏။
သူ၏နေရာတွင် ဖူရှန်ဗောဓိသတ္တက အစားထိုး ဝင်ရောက်လာသည်။
နှစ်ဦးနှစ်ဖက် အပြန်အလှန် နည်းပေါင်းစုံဖြင့် ယှဉ်ပြိုင်ကြပြီး အချိန်များလည်း လျှင်မြန်စွာ ကုန်ဆုံးသွားပြန်လေသည်။
ဤအချိန်အတောအတွင်း အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့သည်လည်း အပြန်အလှန် စစ်ပွဲဆင်နွှဲလျှက် ရျိကြသည်။
နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတစ်ဦးတည်းကိုသာ ပစ်မှတ်ထားသော်လည်း ဤဖြစ်ရပ်က အနောက်ဘက်သူတော်စင်ဘုံအား တာအိုဝါဒနှင့် ပတ်သက်ယှက်နွယ်လာစေရန် တွန်းအားပေးခဲ့သည်။
နတ်မိစ္ဆာမျိုးနွယ်များ ကျောထောက်နောက်ခံပြုထားသည့် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည်။
နောက်ဆုံးမှာတော့ အနောက်ဘက်သူတော်စင်ဘုံက နီကျားကိစ္စကို ခဏဘေးဖယ်ထားပြီး အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ ပြဿနာကိုသာ အရင်ဖြေရှင်းရတော့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကတော့ လုံးဝ ထွက်ပေါ်လာခြင်း မရှိပေ။
ထိုဗုဒ္ဓက နားမကြားသယောင် ဟန်ဆောင်ကာ တံခါးဝ၌ လာရောက်စိန်ခေါ်လှောင်ပြောင်နေသော နီကျားကို လျစ်လျူရှုထားခဲ့သည်။
နီကျားမှာလည်း ခေါင်းမာသူပီပီ အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက်တွင် ကျောက်ချနေနိုင်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို နေ့စဉ်ရက်ဆက် လှောင်ပြောင်ရန်စလျှက် ရှိပေသည်။
ရန်ကျောက်ကဲကတော့ ကျင့်ကြံခြင်းတွင် အာရုံစိုက်လျှက် အပြင်လောကမှသတင်းများကိုလည်း စောင့်ကြည့်နေခဲ့သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံပါက တခါတလေ နှစ်ပေါင်းထောင်ကျော်အထိပင် ကြာရှည်နိုင်သည်။
ထိုသို့ဖြင့် စီးဆင်းသွားသည့်ရေပမာ အချိန်များ ကုန်ဆုံးသွားခဲ့လေသည်။
နှစ်ပေါင်း (၂၀၀) ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အနှစ် (၂၀၀) ဆိုသည်က သေမျိုးလူသားလောကမှာတော့ မျိုးဆက်များစွာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲတို့အတွက်တော့ အိပ်မက်တစ်ခုပမာ ခဏမျှသာပင်။
ယခုတော့ သူတို့အတွက် အိပ်မက်မှနိုးထရန် အချိန်တန်ပေပြီ။
***
ကျူတောပင်လယ်ကောင်းကင်ဘုံ ၊ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ။
ဝါဒတောင်အနောက်ဘက်ရှိ ကျောက်ဂူအိမ်တော်။
တိတ်ဆိတ်စွာ ထိုင်နေသော လူငယ်လေးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
ထို့နောက် ကြီးမားကျယ်ပြန့်လှသည့် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။
ထိုခဏတွင် ကမ္ဘာတစ်ခုလုံးမှ ချီစွမ်းအားစီးဆင်းမှု ခဏမျှ ရပ်တန့်သွားသည်။
သာမန်လူသားများကတော့ ချက်ချင်း ချီစွမ်းအားများ တိုးပွားလာကြောင်း ခံစားလိုက်မိကြသည်။ ဤမျှ ပေါကြွယ်ဝသော ချီစွမ်းအားများက ကျင့်ကြံသူတိုင်း အမြဲတမ်းတနေကြသည့်အရာ ဖြစ်၏။
ရုတ်တရက်ပင် အဆုံးမရှိသော ဝိညာဉ်စွမ်းအားများ လွင့်ပြယ်သွားသည်။
ကြီးကျယ်ခမ်းနားလှသည့်ကမ္ဘာကြီးမှာ ရုတ်ချည်းပင် အရောင်အသွေးအားလုံး ပျောက်ကွယ်သွားသလို ဖြစ်သွား၏။
တစ်ခဏမျှသာ ဖြစ်လေသည်။
ပါရမီရှင်များဖြင့် ပြည့်နက်နေခဲ့သော ကောင်းကင်ဘုံကမ္ဘာသည် ရုတ်တရက် အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလား ခြောက်သွေ့ငြိမ်သက်သွားသည်။
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသာမက အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ သမုဒ္ဒရာကမ္ဘာအပါအဝင် ကောင်းကင်ဘုံကမ္ဘာနှင့် ဆက်နွယ်နေသည့် အခြားသော အောက်ဘုံကမ္ဘာများအားလုံးသည်လည်း ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားကြသည်။
ကျူတောပင်လယ်ကောင်းကင်ဘုံ စကြာဝဠာတစ်ခုလုံးသည်ပင် တုန်ခါလျှက် ရှိ၏။
ကျူတောပင်လယ်ကောင်းကင်ဘုံအတွင်းရှိ ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံနှင့် အခြားသော အောက်ဘုံကမ္ဘာများသည်လည်း ထိုသို့ပင် ထိခိုက်ခံစားလိုက်ရသည်။
အောက်ခြေကမ္ဘာများမှာလည်း ထိခိုက်ခံစားလိုက်ရသည်။
ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတွင် ရှိနေသည့် ထုန်ရှင်းလင် ၊ ကွမ်းထုန်ကျီနှင့် အခြားသေ ထိပ်တန်းပုဂ္ဂိုလ်များမှာ ချီစွမ်းအားများ အပြင်သို့ဆွဲယူခံလိုက်ရကြောင်း အာရုံခံလိုက်မိပြီး အလွန်အမင်း အံ့အားသင့်သွားကြသည်။
သူတို့ ချက်ချင်းပင် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံ အပြင်ဘက်သို့ ထွက်ကြည့်လိုက်ရာ ကျူတောပင်လယ်ကောင်းကင်ဘုံ စကြာဝဠာတစ်ခုလုံးတွင် အဆုံးမရှိစီးဆင်းနေသည့် ကြီးမားသော ချီစွမ်းအားစီးကြောင်းကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။
ချီစွမ်းအား အားလုံးက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ စီးဆင်းဝင်ရောက်နေခြင်းဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်အနောက်ဘက်ရှိ ကျောက်ဂူအိမ်တော်ထဲတွင် ထိုင်နေသောလူငယ်က ပင့်သက်တစ်ချက်ရှူသွင်းလိုက်သည်။
ထိုသို့ ပင့်သက်တစ်ချက်ရှိုက်လိုက်ခြင်းက ရေခဲမြစ်များ အရည်ပျော်ပြီး နွေဦးကာလသို့ ပြန်လည်ရောက်ရှိလာသည့်ပမာ စိတ်ကူးယဉ်ဆန်သော အငွေ့အသက်ကို ဆောင်ကြဉ်းလာသည်။
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်လျှံလာပြီး အလိုအလျောက် တည်ငြိမ်စွာ လှည့်ပတ်နေသည်။
အစောပိုင်းက ဝိညာဉ်စွမ်းအားများ ကွယ်ပျောက်သွားပြီး ခမ်းခြောက်သွားသည့်မြင်ကွင်းမှာ လူတိုင်းအတွက် ထင်ယောင်ထင်မှား ဖြစ်ခဲ့သယောင်သာပင်။
ကျန်ရှိသောကမ္ဘာများသည်လည်း ထို့အတူပင် ဖြစ်၏။
ထုန်ရှင်းလင်နှင့် အခြားသူများက ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံအပြင်ဘက် ကျူတောပင်လယ်ကောင်းကင်ဘုံ စကြာဝဠာ ဗလာနယ်ထဲတွင် မတ်တတ်ရပ်နေကြသည်။
တစ်ခဏအတွင်းမှာပင် ကြီးမားသည့် ချီစွမ်းအားစီးကြောင်းကြီးက အတားအဆီးမရှိဘဲ ပြောင်းပြန် ပြန်လည်စီးဆင်းလာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုချီစွမ်းအားစီးကြောင်းက နဂိုကတည်းကပင် ပြောင်းပြန်လည်ပတ်နေသည့်အလား ထင်မှတ်ရသည်။
ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံမှ ဆွဲယူခံလိုက်ရသော ချီစွမ်းအားများမှာ သူ၏ရင်းမြစ်နှင့် ဆက်နွယ်နေသော ကမ္ဘာများအားလုံးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
အရာရာတိုင်းသည် ဘာမှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
ထုန်ရှင်းလင်တို့အုပ်စုမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့အားသင့်လျှက် စကားမပြောနိုင် ဖြစ်သွားကြသည်။
အချိန်အတန်ကြာမှ ကွမ်းထုန်ကျီက...
“ဒါက... ဒါက... ကောင်းကင်နင်းချေဧကရာဇ် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီး ကောင်းကင်နတ်ဘုရားအဆင့်ကို တက်သွားတာလား”
ထုန်ရှင်းလင်က ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ဘူး... ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူကို ရယူပြီး မူလကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်တာက ဒီလိုပုံစံမျိုး မဟုတ်ဘူး”
ခဏရပ်တန့်ပြီးမှ သူမက ဆက်ပြောလိုက်သည်။
“ဒါက... ဒါက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက စိတ်ဝိညာဉ်သရဖူကို သိပ်သည်းအောင် ပြုလုပ်နေတာနဲ့ ဆင်တူတယ် ၊ ဒါပေမဲ့...”
သူမ၏မျက်နှာတွင်လည်း မရေရာမှုများဖြင့် ပြည့်နက်နေသည်။
သူမဘေးနားမှ ကျင့်ကြံသူတစ်ယောက်က...
"ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ကြီးမားတဲ့ လှုပ်ခတ်မှု ဖြစ်ရတာလဲ ၊ ဘယ်ထိုက်ရွှီးမူလနတ်ဘုရားက ဒီလောက်ကြီးမားတဲ့စွမ်းအားမျိုးကို ခံနိုင်ရည် ရှိမှာလဲ”
ထိုကျင့်ကြံသူ ရုတ်တရက် စကားရပ်တန့်သွားပြီး အသံတိတ်သွားသည်။
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
“လူငယ်ကောင်းကင်ဘုံအရှင် ‘ရန်ကျောက်ကဲ’...”
***
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်။
ရန်တိက ရွှီဖေးနှင့် စကားပြောနေပြီး ယွမ်ကျန်းဖုန်းနှင့် ရွှယ်ချူးချင်တို့သည်လည်း သူတို့ဘေးနားတွင် ရှိနေလေသည်။
မိုးနှင့်မြေမှ ချီစွမ်းအားများ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကို အာရုံခံမိပြီးနောက် ရန်တိက ရွှယ်ချူးချင်၏လက်ကို အသာအယာဆုပ်ကိုင်လိုက်ပြီး အပြန်အလှန် ပြုံးပြလိုက်ကြသည်။
သူတို့ဘေးနားတွင်ရှိနေသော ရွှီဖေးနှင့် ယွမ်းကျန်းဖုန်းက ပြုံးလိုက်ပြီး ရန်တိတို့ဇနီးမောင်နှံအား ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
"ဂုဏ်ယူပါတယ်"
ထိုအချိန်...
ဝါဒတောင်အနောက်ဘက် ကျောက်ဂူအိမ်တော်ရှိရာသို့ သဏ္ဌန်မရှိသည့် အမှောင်ထုတစ်ခု ရောက်ရှိလာသည်။
ထိုအမှောင်ထုက အဝေးမှ ရောက်လာသည့်ပမာ ထင်မှတ်ရသလို နဂိုကတည်းကပင် ထိုနေရာတွင် ရှိနေသည့်အလားလည်း ခံစားရသည်။
ထိုအမှောင်ထုထဲမှ ဖန်းယွင်ရှန်း၏ပုံရိပ် ထွက်ပေါ်လာပြီး သူမက ကျောက်ဂူအိမ်တော်တံခါးကို တွန်းဖွင့်လိုက်ရာ အထဲမှ လူငယ်က သူမကို ပြုံးလျှက် ဆီးကြိုနေလေသည်။
လူငယ်၏ဦးခေါင်းထက်တွင် တောက်ပသော အလင်းတန်းနှစ်ခု စုစည်းလျှက် ရှိ၏။
ဤသည်က ပန်းနှစ်ပွင့်ပေါင်းစည်းခြင်း သရဖူပင်ဖြစ်ပြီး ပထမသရဖူက စကြာဝဠာတစ်ခုလုံးနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်သော ထူးခြားသည့် စွမ်းအားကို ပြသထားသည်။
ဒုတိယသရဖူကတော့ ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
အခန်း (၁၆၉၂) အနှောက်အယှက်များဖြစ်သွားလား
စိတ်ဝိညာဉ်သရဖူကို သိပ်သည်းစေပြီးနောက် ရန်ကျောက်ကဲက ချီစွမ်းအားသရဖူကို ထပ်မံပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။
သူ၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့် ပွင့်လန်းလျှက်ရှိပြီး ထိုက်ရွှီးနတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအားကို ပိုပြီးသိသာထင်ရှားစေသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ပြုံးပြလိုက်ပြီး မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
ဖန်းယွင်ရှန်းက ရယ်မောလိုက်ပြီး...
“ရှင်ကတော့ တက်ကြွနေတာပေါ့နော်...”
ရန်ကျောက်ကဲက ဦးခေါင်းထက်မှ ပန်းနှစ်ပွင့်ကို ဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ၏ယင်စွမ်းအား ဝိညာဉ်ဗဟိုချက်တွင် သိမ်းဆည်းလိုက်သည်။
သူက ကောက်ရိုးဖြင့်ယက်လုပ်ထားသော အခင်းထက်တွင်ထိုင်နေပြီး ဖန်းယွင်ရှန်းကို သူ့ရင်ခွင်ထဲသို့လာရန် လက်နှစ်ဖက်ဖြန့်ကားလျှက် ကြိုဆိုလိုက်သည်။
“ကောင်မလေး... အခု အကြွေးဆပ်ရမယ့်အချိန်တန်ပြီ”
“ရှင်ကတော့လေ အမြဲတမ်း စနောက်နေတာပဲ”
ဖန်းယွင်ရှန်းက ရှက်ရွံ့နေခြင်းမရှိဘဲ ရန်ကျောက်ကဲရင်ခွင့်ထဲ ဝင်ထိုင်လိုက်ကာ သူမ၏ကျောပြင်ကို ရန်ကျောက်ကဲ၏ရင်ဘတ်ဖြင့် ကပ်ထားလိုက်သည်။
ရန်ကျောက်ကဲက သူမကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“နောက်နေတာ မဟုတ်ဘူးနော် ၊ ဒါက တကယ့် အရေးကြီးကိစ္စ”
“ဘာပဲဖြစ်ဖြစ်ပါ”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ အနားကပ်လာသဖြင့် မခံနိုင်ဘဲ လည်ပင်းကို အသာတွန့်လိုက်မိသည်။ ခဏကြာမှ သူမက ရန်ကျောက်ကဲပခုံးထက် ခေါင်းမီထားလိုက်သည်။
အနည်းငယ်နီရဲနေသည့် သူမ၏နားရွက်ဖျားလေးများကိုကြည့်ရင်း ရန်ကျောက်ကဲ မနေနိုင်ဘဲ နားရွက်ဖျားလေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွလေးကိုက်လိုက်သည်။
ရင်ခွင်ထဲမှမိန်းကလေးက အနည်းငယ် ပျော့ခွေသွားရသည်။
ရန်ကျောက်ကဲက သူမကို ဆက်ပြီးမစနောက်တော့ဘဲ ရပ်တန့်လိုက်သည်။
သူက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ဖြစ်ရာ ဝါဒတောင်မှတပည့်များ ၊ အထူးသဖြင့် သူနှင့်ရင်းနှီးသူများက သူ့ကိုဂုဏ်ပြုရန် လာရောက်တွေ့ဆုံကြဦးမည် မဟုတ်လား။
ရန်တိနှင့် ရွှယ်ချူးချင်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း အရင်ဆုံး စကားပြောဆိုနိုင်ရန် အလိုက်တသိဖြင့် ရှောင်ပေးထားခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ဖက်ထားဆဲဖြစ်ပြီး လွှတ်မပေးသေးပေ။
သူက ပြုံးလိုက်ပြီး...
“ကိုယ်တို့ကစုံတွဲတွေဆိုပေမယ့် မင်္ဂလာပွဲ မကျင်းပရသေးဘူး ၊ ပြီးတော့ အချစ်နဲ့ပတ်သက်တဲ့ နောက်ဆုံးစည်းကိုလည်း မကျော်ရသေးဘူး”
ဖန်းယွင်ရှန်းက ပြုံးလိုက်ပြီး...
“ဒါဆိုလည်း လက်ထပ်ဖို့ နောက်ပြန်ဆုတ်မယ်ဆိုလည်း နောက်မကျသေးဘူးနော်”
ရန်ကျောက်ကဲက ညစ်ကျယ်ကျယ်လေသံဖြင့်...
“ဒီကောင်မလေးကတော့လေ...”
သူက ဆက်ပြောလိုက်သည်။
“ငါသာ ကတိဖျက်ချင်ရင် အစောကြီးကတည်းက ဖျက်ပြီးနေပြီ ၊ မင်းကို တစ်ခါတည်း စွန့်ပစ်လိုက်မှာပေါ့ ၊ ဒါပေမဲ့ စည်းမကျော်ရသေးဘဲနဲ့ လွယ်လွယ်နောက်ဆုတ်လို့ ဘယ်ဖြစ်ပါ့မလဲ ၊ မဟုတ်ဘူးလား”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲရင်ခွင်ထဲ အသာမီထားရင်း...
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ရှင်က မြေခွေးတစ်ကောင်လို ကောက်ကျစ်တာပဲ။ ကိုယ့်အတွက် အကျိုးမရှိမယ့်အရာကို ဘယ်လုပ်ပါ့မလဲ၊ ဟုတ်တယ်မလား။”
ရန်ကျောက်ကဲက သူမကို နူးညံ့စွာပွေ့ဖက်လိုက်ရင်း...
“တကယ်တော့ မင်္ဂလာဆောင်တဲ့နေ့မှာ ငါကိုယ်တိုင် မင်းရဲ့ သတို့သမီးပုဝါကို လက်နဲ့ဖယ်ပေးရမယ့် အခိုက်အတန့်ကို အရမ်းမျှော်လင့်နေခဲ့တာ”
သူက ဆက်ပြောလိုက်သည်။
“အဲဒီလိုအတွေ့အကြုံက ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်ချင်မိတယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏ စနောက်ခြင်းကို ဂရုမစိုက်တော့ပေ။
သူမ၏နားရွက်ဖျားလေးများ ပို၍နီရဲလာပြီး တိုးလျသည့်လေသံဖြင့်...
“ကျွန်မလည်း သိချင်မိတယ်...”
ချစ်သူနှစ်ယောက် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ငြိမ်သက်စွာထိုင်နေကြသည်။
သူတို့ တိတ်ဆိတ်နေကြသော်လည်း နှလုံးသားချင်း ချိတ်ဆက်နေသည်ကို ခံစားမိကြသည်။
ခဏကြာမှ ရန်ကျောက်ကဲက သက်ပြင်းချလိုက်ပြီး...
“ဧည့်သည်တွေ ရောက်လာကြပြီ”
သူက ဖန်းယွင်ရှန်းကို ဆက်ပြီးဖက်ထားချင်သေးသော်လည်း ဖန်းယွင်ရှန်းက သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။
ထိုအချိန်မှာပင် ကျောက်ဂူအိမ်တော်တံခါးတွင် လူရိပ်တချို့ပေါ်လာသည်။
ရန်တိ၊ ရွှယ်ချူးချင်၊ ရွှီဖေး၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများပင် ဖြစ်၏။
ရောက်လာသည်နှင့် ယွမ်ကျန်းဖုန်းက ရယ်မောလိုက်ပြီး...
“ငါတို့တော့ အနှောက်အယှက်ပေးမိပြီထင်တယ်”
ရန်တိက...
“ဒါပေမဲ့ ငါတို့က လာရမှာပဲ ၊ မင်းနဲ့ပြောစရာကိစ္စတွေရှိနေတယ်လေ”
ရွှယ်ချူးချင်က...
“မကြာခင်မှာ ကြာပန်းပင်လယ်သုံးစင်းအရှင် 'နီကျား' နဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့ကြား အဆုံးအဖြတ်တိုက်ပွဲ ဖြစ်တော့မယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...
"အိုး... ဒါဆိုရင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီပေါ့။"
နီကျားက အနောက်ဘက်သူတော်စင်ဘုံ တံခါးဝတွင် လာရောက်နှောက်ယှက်နေသည်မှာ နှစ်ပေါင်း(၂၀၀)ခန့်ရှိပြီဖြစ်သော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တိုက်ပွဲကို လက်မခံခဲ့ပေ။
သူက နီကျား၏ စိန်ခေါ်မှုကို လက်မခံခဲ့သလို နီကျားကလည်း အနောက်ဘက်သူတော်စင်ဘုံထဲအထိ ဝင်ရောက်ပြီး ဗုဒ္ဓနယ်မြေကို အတင်းအကျပ်ဝင်ရောက်တိုက်ခိုက်ရန် မစွမ်းသာခဲ့ပေ။
နှစ်ပေါင်း (၂၀၀) ဆိုသည်က သာမန်လူများအတွက် အလွန်ကြာရှည်သော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် နီကျားတို့ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များအတွက်တော့ ခဏတာမျှသာ ဖြစ်သည်။
ဟုတ်ပေ၏။
တံခါးပိတ်ကျင့်ကြံသည့်အချိန်ကာလက ထို့ထက်ပင် ပိုမိုကြာရှည်တတ်သည် မဟုတ်လား။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံတွင်သာ ပုန်းအောင်းနေပြီး အပြင်သို့ထွက်ခွာသည်မှာ အလွန်ရှားသည်။
သူက နောက်ကွယ်မှသာ ကိစ္စရပ်များကို ကြိုးကိုင်နေခြင်း ဖြစ်၏။
လက်ရှိအခြေအနေက အနောက်ဘက်သူတော်စင်ဘုံ၏ ဂုဏ်သိက္ခာအတွက် အဆင်မပြေလှသော်လည်း သူတို့၏စွမ်းအားအမှန်က အကန့်အသတ်ရှိနေသည်။
အကောင်းဆုံးအခြေအနေမှာပင် အနောက်ဘက်သူတော်စင်ဘုံမှ အခြားဗုဒ္ဓဘာသာကိုယ်တော်များက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့်ပတ်သက်ပြီး သံသယအနည်းငယ် ရှိခဲ့ကြသော်လည်း လက်ရှိအချိန်မှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ၏နေရာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက တံခါးပိတ်ကျင့်ကြံနေသော်လည်း ဝါဒတောင်မှလူများက နောက်ဆုံးရသတင်းများကို အချိန်မှန်ပေးပို့ပေးလေ့ ရှိသည်။
ယခုတစ်ကြိမ် တံခါးပိတ်ကျင့်ကြံရာတွင် ရန်ကျောက်ကဲအနေဖြင့် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်မထားသော်လည်း ချီစွမ်းအားသရဖူး ပေါင်းစည်းသည့်ဖြစ်စဉ်တွင် အပြည့်အဝ အာရုံစူးစိုက်ထားခဲ့သည်။
ထို့ကြောင့် သူ တံခါးပိတ်ကျင့်ကြံသည့်ကာလ အနည်းငယ်ပိုကြာသွားခဲ့ပြီး ဖန်းယွင်ရှန်း ၊ ရန်တိနှင့် အခြားသူများသည်လည်း သူနှင့်အဆက်အသွယ် ပြတ်သွားခဲ့သည်။
သို့ဖြစ်ရာ အပြင်လောကတွင် နောက်ဆုံးဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး သူသိရှိသည်များ နည်းပါးသွားခဲ့သည်။
ယခု မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ရုတ်တရက် သဘောထားပြောင်းလဲပြီး နီကျား၏စိန်ခေါ်မှုကို လက်ခံလိုက်သည့်အတွက် ရန်ကျောက်ကဲ စပ်စုချင်စိတ်ပေါက်သွားမိသည်။
ဖန်းယွင်ရှန်းက သူ၏ပဟေဠိကို ဝင်ဖြေပေးလိုက်သည်။
“တာအိုရောင်းရင်းနီကျားက ပိုင်ရှုန်းကိုယ်တော်ကို သတ်လိုက်တယ်လေ”
“အင်း…”
ရန်ကျောက်ကဲ မေးစေ့ကို ပွတ်သပ်လိုက်သည်။
ပိုင်ရှုန်းကိုယ်တော်ဆိုသည်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဂုဏ်ယူရသော တပည့်တစ်ယောက် ဖြစ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ၏ကိစ္စအဝဝကို ဆောင်ရွက်စေရန် ပိုင်ရှုန်းကိုယ်တော်ကိုသာ အမြဲတမ်း စေလွှတ်လေ့ရှိသည်။
နီကျားက အနောက်ဘက်သူတော်စင်ဘုံတံခါးဝတွင် နှောက်ယှက်နေသဖြင့် ပိုင်ရှုန်းကိုယ်တော်သည်လည်း အပြင်ထွက်သည့် အကြိမ်ရေ လျှော့ချထားခဲ့သည်။
ပိုင်ရှုန်းကိုယ်တော်က နီကျား၏ 'မီးတောက်လှံရှည်’ နှင့် မည်သို့သေဆုံးသွားကြောင်း ရန်ကျောက်ကဲ မသိသော်လည်း ဤရလဒ်က အခြေအနေကို သေချာပေါက် ပြောင်းလဲသွားစေခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ မည်သို့ပင်စဉ်းစားပါစေ ယခုတစ်ကြိမ်မှာတော့ ငြိမ်ထိုင်နေရန် မဖြစ်တော့ပေ။
အရင်ကဆိုလျှင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် နီကျားတို့ကြားရှိ ရန်ငြိုးတွင် မငြိမ်းသောမီးအိမ်ဗုဒ္ဓကသာ အသာစီးရခဲ့သည်။
သူက ဘာမှဆုံးရှုံးစရာမရှိသော်လည်း နီကျားကတော့ ခါးသီးသောအဆုံးသတ်ကို ခံစားခဲ့ရသည်။ ထို့ကြောင့် နီကျားကသာ ရင်ထဲတွင်တေးမှတ်ထားပြီး သူကတော့ အရေးမစိုက်ဘဲ လျစ်လျူရှုနေခဲ့သည်။
ယခု သူ၏တပည့် ပိုင်ရှုန်းကိုယ်တော်က နီကျားလက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ရာ သူ၏ဂုဏ်သတင်းနှင့် ကျော်ကြားမှု ပိုပြီးထိခိုက်သွားခဲ့သည်။
ပိုင်ရှုန်းကိုယ်တော်နှင့် လီကျင်းတို့၏ အခြေအနေက မတူညီပေ။
လီကျင်းနှင့် နီကျားတို့၏ ဆက်ဆံရေးက ရှုပ်ထွေးလှသည်။
ပိုဆိုးသည်မှာ သူတို့က သားအဖများ ဖြစ်နေကြသဖြင့် သူတို့နှစ်ဦးကြားမှ ပဋိပက္ခကို မိသားစုကိစ္စဟု သတ်မှတ်နိုင်သည်။
နီကျားက သူ့ဖခင်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တပည့်ဖြစ်သူ လီကျင်းအတွက် ရှေ့ထွက်လာမည်ဆိုပါက ဤပြဿနာတစ်ခုလုံးကိုဖန်တီးခဲ့သော သူကိုယ်တိုင်က အစအဆုံး တာဝန်ယူရပေလိမ့်မည်။
ထို့ကြောင့် နီကျားမှလွဲပြီး ကျန်ရှိသူအားလုံးက ဤကိစ္စကို မေ့ပစ်လိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။
ယခု နီကျားလက်ချက်ဖြင့် ပိုင်ရှုန်းကိုယ်တော် သေဆုံးသွားခဲ့ပြီဖြစ်ရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ စိန်ခေါ်မှုကို လက်ခံရန် ပို၍ဖိအားပေးခံလာရသည်။
ရန်ကျောက်ကဲက...
“သူတို့တိုက်ကြတာ ကောင်းပါတယ်”
သူက ဆက်ပြောလိုက်သည်။
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ အပြည့်အစုံမဟုတ်ပေမယ့် ပင်လယ်ငြိမ်သက်ပုလဲတွေ ရှိနေသေးတယ် ၊ ကြာပန်းပင်လယ်သုံးစင်းအရှင် နီကျားရဲ့ စွမ်းအားနဲ့ဆိုရင် သူအနိုင်ရဖို့ အခွင့်အရေးများတယ်။ ရှုံးသွားရင်လည်း အသက်အန္တရယ်မရှိလောက်ဘူး ၊ ဘာပဲဖြစ်ဖြစ် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဘက်ကတော့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ထိခိုက်နစ်နာရမှာပဲ”