← Chapters

အခန်း (၁၆၉၃-၁၆၉၄)

Vol. 121 Ch. 1693-1694

အခန်း (၁၆၉၃-၁၆၉၄)

Vol. 121 Ch. 1693-1694

အခန်း (၁၆၉၃) အရေထူသူ

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဤစိန်ခေါ်ပွဲကို တိုက်ခိုက်လိုစိတ် လုံးဝ မရှိပေ။

သူ့အနေဖြင့် နီကျား ပျက်ဆီးသွားသည်ကို တွေ့မြင်ကောင်းတွေ့မြင်လိုသော်လည်း သူကိုယ်တိုင်ကတော့ နီကျားနှင့်ထိပ်တိုက်ရင်ဆိုင်လိုစိတ် အလျဉ်းမရှိပေ။

နီကျား၏တိုက်ခိုက်မှုစွမ်းအားက အလွန်ပြင်းထန်ပြီး ရင်ဆိုင်ရန် ခက်ခဲလှသည်။

ပိုပြီးအရေးကြီးသည်မှာ တိုက်ပွဲတွင် နီကျားအနိုင်ရရှိသွားပါက ရရှိလာမည့်အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုမိုများပြားပေမည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသာ နီကျားနှင့်တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့လျှင် သူ့အနေဖြင့် ငရဲကိုးထပ်တိုက်ပွဲတွင် ဖြစ်ပေါ်လာမည့် အနာဂတ်ပြိုင်ဆိုင်မှုများကို ထိခိုက်စေနိုင်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အလယ်ခေတ် အစောပိုင်းကာလကတည်းက တာအိုအဆင့်သို့ တက်လှမ်းရန် ဤပြိုင်ဆိုင်မှုကို ကြာရှည်စွာ စောင့်မျှော်နေခဲ့သူဖြစ်၏။

သူသာ ဤအခွင့်အရေးကိုလွဲချော်သွားပါက အလွန်ပင် စိတ်ပျက်လက်ပျက် ဖြစ်ရပေမည်။ နောက်ထပ်အခွင့်အရေးတစ်ခု ရရှိပါတော့မည်လားဆိုသည်ကလည်း စိုးရိမ်စရာကိစ္စပင်။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲက အလွန်အရေးကြီးသောကြောင့်သာ မဖြစ်မနေ သူ ဝင်ပါရခြင်း ဖြစ်၏။ သို့သော် နီကျား၏စိန်ခေါ်မှုကတော့ သူ၏စိတ်အာရုံကိုပျက်ဆီးစေပြီး ပြဿနာများကို ပိုမိုရှုပ်ထွေးလာစေနိုင်သည်။

လမ်းမှန်တာအိုဝါဒကတော့ မည်သည့်နည်းနှင့်မဆို မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အနှောင့်အယှက်ပေးရသည်ကို သဘောကျသည်ပင်။

သို့သော် ရန်ကျောက်ကဲကတော့ ထိုသူ၏ အရေထူသောသဘောအရ အလွယ်တကူ လှုံ့ဆော်ခံရမည်မဟုတ်ဟု ထင်မြင်ထားသည်။

ရန်ကျောက်ကဲက...

“ဘာပဲဖြစ်ဖြစ် သတိထားပါ ၊ ဒီကိစ္စနောက်ကွယ်မှာ လျှို့ဝှက်အစီအစဉ်တစ်ခု ရှိကောင်းရှိနိုင်တယ်”

ရွှယ်ချူးချင်က ပြုံးလိုက်ပြီး...

“ဒါကြောင့်ပဲ မင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာလာချင်း အမေတို့က ပြောပြတာပေါ့ ၊ အတူတူတိုင်ပင်ရမယ်လေ”

သူမက ဆက်ပြောလိုက်သည်။

“ကံကောင်းတာက ဒီကိစ္စတွေမစခင်မှာပဲ မင်း ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာ အရမ်းကောင်းတာပဲ”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး...

“ရုတ်တရက်ကြီး နိမိတ်မကောင်းဘူးလို့ ခံစားနေရတယ်”

ဖန်းယွင်ရှန်းက သူ့ကိုပြုံးပြလိုက်ပြီး...

“အစ်ကို’နျဲ့ကျင်းရှန်’ အကြောင်း အရင်ဆုံး အာရုံစိုက်ကြရအောင်”

သူမက ဆက်ပြောလိုက်သည်။

"ရှင်ပြောသလိုပဲ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စိန်ခေါ်ပွဲကို လက်ခံလိုက်တာ သိပ်ပြီးမရိုးရှင်းဘူး”

ရန်ကျောက်ကဲက စိတ်ပျက်လက်ပျက်ဖြင့် သူမကိုကြည့်လိုက်ပြီး...

“အချိန်သိပ်မရဘူးဆိုတော့ ငါတို့နည်းငါတို့ဟန်နဲ့ပဲ လုပ်ကြတာပေါ့”

ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းပုဂ္ဂိုလ်များ၏ စိန်ခေါ်ပွဲဆိုသည်က အမှန်တကယ်ပင် ကြီးကျယ်သော တိုက်ပွဲတစ်ခု ဖြစ်သည်။

ထိုတိုက်ပွဲက အခြားသူများအတွက်လည်း အဖိုးတန်သော အတွေ့အကြုံများစွာ ရရှိနိုင်သည်။

ရန်ကျောက်ကဲတို့အုပ်စုကတော့ နီကျားကို အားပေးလိုခြင်းအပြင် တိုက်ပွဲကိုလည်း လွဲချော်သွားလိုခြင်း မရှိပေ။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အတွက် ကောင်းကင်နတ်ဘုရားအဆင့် တိုက်ပွဲတစ်ခုကို ကြည့်ရှုခွင့်ရခြင်းမှာ အလွန်ရှားပါးလှသည်။

ရွှယ်ချူးချင်နှင့် ယွမ်ကျန်းဖုန်းတို့က ဤတိုက်ပွဲကို ကြည့်ရှုလိုစိတ် ပြင်းပြနေကြသော်လည်း ကြည့်ရှုနိုင်ခြင်း မရှိကြပေ။

ထို့ကြောင့် တိုက်ပွဲသွားရောက်ကြည့်ရှုသူများ ပြန်လာမှသာ မေးမြန်းရန် စောင့်ဆိုင်းကြရပေမည်။

ရန်ကျောက်ကဲ၊ ရန်တိနှင့် ရွှီဖေးတို့က ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးသော်လည်း တိုက်ပွဲ၏ အနှစ်သာရကို နားလည်နိုင်စွမ်းရှိကြသည်။

သို့ပေသိ ရွှီဖေးက ဝါဒတောင်ဂိုဏ်းချုပ်ဖြစ်သဖြင့် ဂိုဏ်းကိုစောင့်ရှောက်ရန် ကျန်ရစ်ခဲ့ရသည်။

ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်မည့်သူတစ်ယောက် လိုအပ်သည် မဟုတ်လား။

ထို့ကြောင့် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် ရန်တိတို့သာ တိုက်ပွဲကြည့်ရှုရန် ထွက်ခွာလာခဲ့ကြသည်။

သူတို့အုပ်စု ကျူတောပင်လယ်ကောင်းကင်ဘုံမှ အဆုံးမဲ့ဗလာနယ်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။

နီကျားက စိန်ခေါ်စာ ပေးပို့စဉ်ကတည်းက တိုက်ပွဲနေရာကို မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှ ရွေးချယ်ရန် ထည့်သွင်းပြောဆိုထားသည်။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စိန်ခေါ်ပွဲကို လက်ခံလိုက်သည့်အခါ တိုက်ပွဲနေရာအား သူကိုယ်တိုင် ဆုံးဖြတ်ခွင့်ရရှိသွားသည်။

ထိုသူက အမှန်တကယ်ပင် အရှက်မရှိသလို ပွင့်လင်းရိုင်းစိုင်းလွန်းလှသည်။

သူက နီကျားသာ လာရဲမည်ဆိုလျှင် “အနောက်ဘက်သူတော်စင်ဘုံ” ကို တိုက်ပွဲနေရာအဖြစ်သတ်မှတ်မည်ဟု အကြောင်းပြန်ခဲ့သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက်တော့ မိမိအိမ်ကွင်းတွင် တိုက်ခိုက်ရခြင်းက အသာစီးရရှိစေနိုင်သလို လမ်းမှန်တာအိုဝါဒက နီကျားအား နောက်ကွယ်မှ ကူညီပေးခြင်းကိုလည်း ဟန့်တားထားနိုင်သည်။

နီကျားကတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အဆိုပြုချက်ကို ချက်ချင်းလက်ခံလိုက်သော်လည်း ရန်ကျောက်ကဲတို့အုပ်စုကတော့ ပိုပြီးအလေးအနက်ထားကာ စဉ်းစားစရာ ဖြစ်လာသည်။

ရန်ကျောက်ကဲက...

“အခြေအနေကိုကြည့်ရသလောက်ဆိုရင် အော်မီတော်ဖော်ဗုဒ္ဓကတော့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။"

အော်မီတော်ဖော်ဗုဒ္ဓ ဝင်ရောက်စွက်ဖက်ပါက တာအိုဝါဒဘက်မှ နတ်ဘုရားသုတ်သင်အစီအရင်ကို ဆင့်ခေါ်မည်ဖြစ်ရာ သေချာပေါက် စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားပေမည်။

ရန်ကျောက်ကဲက...

"ဒါပေမဲ့ သတင်းဆိုးတွေကလည်း အများကြီးပဲ။"

သူက လက်နှစ်ဖက် ဖြန့်ကားလိုက်ပြီး...

“တစ်ယောက်ချင်းစိန်ခေါ်တာက ကိစ္စမရှိဘူး ၊ သူသာ အနိုင်ရခဲ့ရင် အားလုံးအဆင်ပြေတယ် ၊ ဒါပေမဲ့ သူအနိုင်ရရင်တောင်မှ ငါတို့ဘက်ကဝင်ကူမယ်ဆိုရင် ကိစ္စတွေက ရှုပ်ထွေးသွားလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ သူ့ဘက်က အိမ်ကွင်းအားသာချက် ရှိတယ်လေ”

ရန်ကျောက်ကဲ ပြုံးလိုက်ပြီး...

“ငါသာ အနောက်ဘက်သူတော်စင်ဘုံထဲ ဝင်သွားလို့ကတော့ သူတို့ကကြာပန်းပင်လယ်သုံးစင်းအရှင်နဲ့အတူ ငါ့ကိုပါ တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့ ကြိုးစားကြမယ်ထင်တယ်”

ဖန်းယွင်ရှန်းက ခေါင်းခါလိုက်ပြီး...

“ရှင်က အခု စိတ်ဝိညာဉ်သရဖူနဲ့ ချီစွမ်းအားသရဖူ ပေါင်းစည်းထားပြီဆိုတော့ သူတို့အနေနဲ့ ရှင့်ကို ချောင်ပိတ်ဖမ်းဆီးဖို့ မလွယ်လောက်ပါဘူး ၊ ပြီးတော့ ရှင်တစ်ယောက်တည်း သွားရမှာလည်း မဟုတ်ဘူးလေ”

သူမက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အနောက်ဘက်သူတော်စင်ဘုံထဲကို ဝင်မယ်ဆိုရင်တော့ ကျွန်မအနေနဲ့ ရန်သူကို အလစ်တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်”

အနောက်ဘက်သူတော်စင်ဘုံ၏ပိုင်ရှင်က အော်မီတော်ဖော်ဗုဒ္ဓဖြစ်သည်။

နှစ်သန်းပေါင်းများစွာ ကြာရှည်ခဲ့ပြီဖြစ်သော ထိုသုခဘုံတစ်ခွင်အား ကြီးမြတ်သည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။

ထို့ကြောင့် ဖန်းယွင်ရှန်းအနေဖြင့် သူမ၏ခြေရာလက်ရာကို ဖုံးကွယ်ရန် ခက်ခဲလှ၏။

သို့သော် သူမက စိတ်ဓာတ်ကျမသွားပေ။

သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အလစ်ချောင်းမတိုက်ခိုက်ရဘဲ ထိပ်တိုက်ရင်ဆိုင်ရလျှင်လည်း ထိပ်တန်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။

သူမ၏ခြိမ်းခြောက်နိုင်စွမ်းက မြင့်မားနေဆဲသာပင်။

ရန်ကျောက်ကဲက နှမျောတသဟန်ဖြင့်...

“ကြာပန်းစိမ်းရတနာအလံကို ယူသွားလို့မရတာတော့ စိတ်မကောင်းစရာပဲ ၊ အော်မီတော်‌ဖော်ဗုဒ္ဓက ဒီအလံကို အစကတည်းက ကွမ်ယင်ဗောဓိသတ္တဆီ ပေးထားခဲ့တာ ၊ ငါတို့က အနောက်ဘက်သူတော်စင်ဘုံထဲ အတင်းဝင်တဲ့အပြင် ဒီအလံပါယူသွားမယ်ဆိုရင် အော်မီတော်ဖော်ဗုဒ္ဓကိုယ်တိုင် ပါဝင်လာအောင် တွန်းအားပေးသလို ဖြစ်သွားလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“သူက ငါတို့ကို ဒုက္ခပေးစရာတောင်မလုပ်ဘူး ၊ အလံကိုသိမ်းလိုက်ရုံနဲ့ကိစ္စပြတ်သွားမှာ”

ရန်တိက ဝင်ပြောလိုက်သည်။

“တကယ်တော့ ကြာပန်းစိမ်းရတနာအလံသာ သုံးနိုင်မယ်ဆိုရင် ကြာပန်းပင်လယ်သုံးစင်းအရှင်အနေနဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အနိုင်ရဖို့ သေချာသလောက် ရှိသွားလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ တိုက်ပွဲက အနောက်ဘက်သူတော်စင်ဘုံမှာမဟုတ်ဘဲ တခြားနယ်မြေတစ်ခုမှာဆိုရင်တောင် မဟာမာရူယိကလွဲလို့ ကျန်တဲ့ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ကြာပန်းစိမ်းရတနာအလံကို သုံးလိုက်တာနဲ့ အော်မီတော်ဖော်ကို စိန်ခေါ်သလို ဖြစ်သွားနိုင်တယ်”

ရန်ကျောက်ကဲက...

“အမှန်ပဲ”

သူက ခဏမျှစဉ်းစားလိုက်ပြီး...

“ဒီတစ်ခေါက် အစ်ကိုယန်ကျန်းရော လာမှာလား”

ဖန်းယွင်ရှန်းက...

“သူ လာမယ်လို့တော့ အကြောင်းကြားထားတယ်”

ရန်ကျောက်ကဲက နားထင်ကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်း...

“ဟုတ်လား...”

ခဏမျှစဉ်းစားပြီးမှ သူက...

“ဘယ်သူတွေအထဲဝင်မလဲဆိုတာ အဲဒီကျမှ ဆုံးဖြတ်ရမှာပဲ ၊ ငါတို့အားလုံး ဝင်သွားလို့တော့မဖြစ်ဘူး ၊ အပြင်မှာလည်း စောင့်ကြည့်ဖို့လူတွေရှိရဦးမယ် ၊ နတ်မိစ္ဆာမျိုးနွယ်နဲ့ ငရဲကိုးထပ်ကို သတိထားဖို့ လိုသေးတယ်လေ”

လက်ရှိတွင် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က စစ်ဖြစ်လျှက် ရှိသည်။

လမ်းမှန်တာအိုဝါဒက အနောက်ဘက်သူတော်စင်ဘုံကို ထိန်းချုပ်ထားလေရာ နတ်မိစ္ဆာများက အေးဆေးသည့်အခြေအနေတွင် ရှိနေကြသည်။

ဟုတ်ပေ၏။

အဖြူရောင်ကြာပန်းသုခဘုံက ဤအခွင့်အရေးကို အသုံးချကာ အမတခုံရုံးကို ဖိပြီးတိုက်ခိုက်လျှက် ရှိသည်။ နတ်မိစ္ဆာမျိုးနွယ်များကတော့ အမတခုံရုံးကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခြင်း မရှိပေ။

ထိုသို့ပြုလုပ်ပါက အနောက်ဘက်သူတော်စင်ဘုံအား တာအိုဝါဒနှင့် ခဏမျှငြိမ်းချမ်းရေးယူရန် အတင်းအကျပ်ဖိအားပေးသလို ဖြစ်သွားပေမည်။

နီကျား၏စိန်ခေါ်မှု ရပ်တန့်သွားပါက လမ်းမှန်ဗုဒ္ဓဘာသာအတွက် အသက်ရှူချောင်သွားအောင် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပေမည်။

ရန်ကျောက်ကဲတို့အုပ်စုနှင့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများက နက်ရှိုင်းသည့်ရန်ငြိုးများရှိကြသော်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုသတ်ဖြတ်ရန် အခွင့်အရေးမျိုးမဟုတ်ပါက သူတို့က အာရုံစိုက်ကြမည် မဟုတ်ပေ။

အကယ်၍ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ အသက်ရှင်ကျန်ရစ်ပြီး အမတခုံရုံးသာ ပျက်သုဉ်းသွားပါက ကောင်းကင်ဘုံအရှင်သည် မည်သူ့အချုပ်အခြယ်မှ မရှိတော့သည့် လွတ်လပ်သောပုဂ္ဂိုလ် ဖြစ်သွားပေလိမ့်မည်။

ထိုအခါ 'နတ်ဘုရားသုတ်သင်အစီအရင်'ဖြင့် သူ့ကို ထိန်းချုပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးအား ဖိနှိပ်နေသည်ကိုတွေ့မြင်ရသည်မှာ တာအိုဝါဒအတွက် ကျေနပ်စရာ ကောင်းလှသည်။

သို့ပေသိ အမတခုံရုံး လုံးဝရှုံးနိမ့်သွားပါက နောက်ဆက်တွဲပြဿနများက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေမည်။

ရန်ကျောက်ကဲတို့အုပ်စုက လုံလောက်စွာ အင်အားကြီးမားလာချိန်တွင် မည်သူကလမ်းမှန် ၊ မည်သူက လမ်းမှားဖြစ်ကြောင်း အမတခုံရုံးနှင့် ထိပ်တိုက်ရင်ဆိုင်ကာ အကြောင်းသိအောင် ပြချင်ကြသေးသည်။

နီကျား၏စိန်ခေါ်ပွဲတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အိမ်ကွင်းအသာစီးရထားသဖြင့် ရန်ကျောက်ကဲတို့အုပ်စု အလွန်သတိထားနေကြသော်လည်း စိုးရိမ်ပူပန်မှုတော့ သိပ်မရှိကြပေ။

အပြင်ဘက်တွင် အနောက်ဘက်သူတော်စင်ဘုံကို မျက်စိဒေါက်ထောက် ကြည့်နေကြသည့် နတ်မိစ္ဆာမျိုးနွယ်များလည်း ရှိနေသေးသည် မဟုတ်လား။

သူတို့က လမ်းမှန်တာအိုဝါဒနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုကြမည် မဟုတ်ပေ။

သို့သော်လည်း ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ ရုတ်တရက် ငြိမ်းချမ်းရေးရယူပြီး လမ်းမှန်တာအိုဝါဒကို ပူးပေါင်းကြံစည်လာခြင်းလည်း ဖြစ်နိုင်ခြေရှိ၏။

ထိုသို့ဖြင့် သွားရင်းလာရင်း ဆွေးနွေးတိုင်ပင်ရင်း ရန်ကျောက်ကဲတို့အုပ်စု အနောက်ဘက်သူတော်စင်ဘုံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြလေသည်။

အခန်း (၁၆၉၄) မြို့အလွတ်ဗျူဟာ

ရန်ကျောက်ကဲတို့အုပ်စု အနောက်ဘက်သူတော်စင်ဘုံ အပြင်ဘက်တွင် နီကျား ၊ ထိုက်ယီကျန်းရန်တို့နှင့် ဆုံဖြစ်ကြသည်။

နီကျားက အရင်ဆုံး ကျေးဇူးတင်စကားဆိုလိုက်၏။

“ငါ့ကို လာရောက်အားပေးတဲ့အတွက် တာအိုရောင်းရင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး”

ရန်ကျောက်ကဲက...

“ဒီလိုစကားမျိုး မပြောပါနဲ့ ၊ ကံမကောင်းတာက တိုက်ပွဲက အနောက်ဘက်သူတော်စင်ဘုံမှာ ဖြစ်နေတာပဲ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အစကတည်းက စွမ်းအားကြီးမားပြီးသား ၊ အခုတော့ သူက အိမ်ကွင်းအသာစီးပါရနေတော့ နည်းနည်းတော့ အခက်အခဲရှိမယ်ထင်တယ်”

နီကျားက အရေးမစိုက်ဟန် ရယ်မောလိုက်ရင်း...

“ဟွန်း... သူ့ကို ဘာကြောက်စရာရှိလဲ ၊ သူ့မှာရှိတဲ့ ပင်လယ်ငြိမ်သက်ပုလဲကပဲ နည်းနည်း စိတ်ညစ်စရာကောင်းတာ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး ထိုက်ယီကျန်းရန်ကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုယန်ကျန်းလည်း လာမယ်လို့ ကြားမိတယ်၊ ဟုတ်လားမသိဘူး”

ထိုက်ယီကျန်းရန်က ပြုံးလိုက်ပြီး...

"ယန်ကျန်းက လုပ်လက်စအလုပ်တွေကို လက်စသတ်ပြီးရင် လာမယ်လို့ပြောထားတယ် ၊ သိပ်မကြာခင် ရောက်လာမယ်ထင်တယ်”

ထိုက်ယီကျန်းရန်က ဆက်ပြီး မေးမြန်းလိုက်သည်။

“မင်းတို့ (၃)ယောက် အပြင်မှာပဲနေမှာလား ၊ ဒါမှမဟုတ် ငါ့တပည့်နဲ့အတူ အထဲလိုက်ဝင်မှာလား”

ရန်ကျောက်ကဲက...

“ကျွန်တော်တို့ သားအဖက အထဲဝင်ပြီး တိုက်ပွဲကြည့်မယ် ၊ ယွင်ရှန်းကတော့ အပြင်မှာပဲ စောင့်နေပါလိမ့်မယ်”

ဘေးနားတွင်ရှိသည့် ဖန်းယွင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

ယန်ကျန်းရောက်လာမှသာ သူမက အနောက်ဘက်သူတော်စင်ဘုံအတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး လောလောဆယ်တော့ အပြင်ဘက်တွင် စောင့်ကြပ်ပေးနေမည် ဖြစ်သည်။

အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက်တွင် သူမရှိနေခြင်းက အခြား‌သောအင်အားစုများအပေါ် ပိုပြီးခြိမ်းခြောက်မှုရှိနိုင်သည် မဟုတ်လား။

စောမင်ကျန့်ကတော့ လာရောက်ခြင်းမရှိဘဲ ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံ၌ပင် ကျန်ရစ်ခဲ့သည်။

သူ ကျန်ရစ်ခဲ့ခြင်းက တာအိုဝါဒစကြာဝဠာများကို အခြားသောအင်အားစုများ အခွင့်ကောင်းယူ ဒုက္ခပေးခြင်းမျိုးမရှိစေရန် စောင့်ရှောက်ပေးနိုင်မည် ဖြစ်၏။

ထိုက်ယီကျန်းရန်က...

“ယန်ကျန်းတို့ဆီက သတင်းကြားတာတော့ မင်းတို့အုပ်စု အချင်းချင်းပူးပေါင်းပြီး ချီထျန်းမဟာသူတော်စင်ရဲ့ ရုပ်ခန္ဓာ အစစ်အမှန်ကို ထုတ်ဖော်နိုင်တယ်ဆို ၊ အဲဒီမိတ်ဆွေတွေရော အတူလိုက်ပါလာနိုင်ပါ့မလား”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“အကြီးအကဲ စိတ်ချပါ”

အမှန်တော့ ရွှီဖေးနှင့် ပန်ပန်တို့နှစ်ယောက်လုံး လိုက်ပါလာခြင်း မရှိဘဲ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင်သာ ကျန်ရစ်ခဲ့ကြသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသာလျှင် ရူယိရွှေတုတ်နှင့်အတူ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၃၀၀)ခန့်က နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ (၃)ခု ပေါင်းစည်းကာ မျောက်မင်း’စွန်းဝူခုန်း’ ၏ အစစ်အမှန်ရုပ်ခန္ဓာ ထွက်ပေါ်လာခဲ့သည်။

မြေကြီးအမြုတေကျောက်တုံးနှင့်ပေါင်းစည်းလျှက် တန်ခိုးစွမ်းအားထုတ်ဖော်ပြီးနောက် သူတို့အားလုံး စွမ်းအားများ ကုန်ခမ်းသွားခဲ့ကြသည်။

ယနေ့ထိတိုင် ရွှီဖေးအနေဖြင့် မဟာသူတော်စင်၏ရွှေခန္ဓာကို တစ်ဦးတည်း ထုတ်ဖော်နိုင်သော်လည်း မြေကြီးအမြုတေကျောက်တုံးနှင့်ပေါင်းစပ်ပြီး ချီထျန်းမဟာသူတော်စင်၏အစစ်အမှန်ရုပ်ခန္ဓာကို ‌ဖော်ဆောင်ရန် အလွန်ခဲယဉ်းနေသေးသည်။

သူတို့အနေဖြင့် ကုန်ခမ်းသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အချိန်လိုအပ်နေသေး၏။

ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာက တစ်ကြိမ်အသုံးပြုပြီးတိုင်း စွမ်းအားအမြောက်အမြားကုန်ဆုံးသွားပြီး ပြန်လည်နလန်ထူရန် အချိန်ကြာမြင့်စွာ လိုအပ်ကြောင်း လူတိုင်းခန့်မှန်းမိကြသည်။

သို့သော် အသေးစိတ်အချက်အလက်များကိုတော့ မည်သူမျှ မသိရှိနိုင်ကြပေ။ ရန်ကျောက်ကဲတို့အုပ်စုသာလျှင် အတိအကျ သိရှိနိုင်ကြပေသည်။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲ ပြီးဆုံးသည်မှာ နှစ်ပေါင်း(၃၀၀) ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အပြင်လောကမှ စောင့်ကြည့်နေသူများက အခြေအနေကို မခန့်မှန်းနိုင်ကြသဖြင့် အားလုံးက သတိကြီးစွာထားနေကြရသည်။

မည်သို့ပင်ဖြစ်စေ မြေကြီးအမြုတေကျောက်တုံးဖြင့် ပေါင်းစည်းခြင်းမရှိဘဲ မဟာသူတော်စင်၏ ရွှေခန္ဓာ (၃)ခု ပေါင်းစည်းရုံမျှဖြင့်ပင် ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ရုပ်ခန္ဓာကို ထုတ်ဖော်နိုင်ခြင်းက ကြောက်ခမန်းလိလိ စွမ်းဆောင်မှုပင် ဖြစ်၏။

ထိုတိုက်ပွဲတွင် တာအိုသခင်'လုယာ'ပင်လျှင် ထိုတိုက်ပွဲတွင် အရှက်တကွဲဖြင့် ထွက်ပြေးခဲ့ရသည်မဟုတ်လား။

ရွှီဖေးနှင့် ပန်ပန်တို့က ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် ကျန်ရစ်ခဲ့ကြသည်။ သူတို့က မည်သည့်အခါမှ အလွယ်တကူ ရှေ့မထွက်ကြသလို ထင်ထင်ပေါ်ပေါ်လည်း နေလေ့မရှိကြပေ။

အခြားအင်အားစုများအနေဖြင့် သူတို့နှစ်ယောက် ရန်ကျောက်ကဲနှင့်အတူ ရှိ မရှိ မသေချာသရွေ့ အချိန်တိုင်းသတိထားနေရပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေရပေမည်။

ရန်ကျောက်ကဲ၏ “မြို့အလွတ်ဗျူဟာ” က ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်ပေ၏။

ဟုတ်ပေ၏။

ထိုက်ယီကျန်းရန်အား ဤအကြောင်းများကို အသေးစိတ်ရှင်းပြနေရန် မလိုအပ်ပေ။

ဤသည်က ထိုက်ယီကျန်းရန်အား မယုံကြည်၍မဟုတ်ပေ။ ဤကိစ္စများက သိရှိသူနည်းလေ ပိုကောင်းလေ ဖြစ်သောကြောင့်ပင်။

ထိုက်ယီကျန်းရန်က ပြုံးလိုက်ပြီး...

“ဒါဆိုရင်တော့ အဆင်ပြေပါတယ် ၊ ဒါဖြင့် ငါနဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်က အားလုံးစိတ်ချရအောင် အပြင်မှာပဲ စောင့်ကြည့်ပေးတော့မယ်”

သူက ဆက်ပြောလိုက်သည်။

“တာအိုသခင်’လုယာ’ လည်း အပြည့်အဝ ပြင်ဆင်ထားမှာပဲလေ ၊ ဒါကြောင့် နတ်မိစ္ဆာမျိုးနွယ်တွေ ငါတို့ကိုလာပြီး ပြဿနာရှာမှာ စိုးရိမ်နေမိတယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံနေစဉ်ကာလအတွင်း နီကျားက အနောက်ဘက်သူတော်စင်ဘုံ တံခါးဝတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ရန်စလှောင်ပြောင်နေခဲ့သည်။

အချိန်များကုန်လွန်သွားသည်နှင့်အမျှ ထူးခြားသော အပြောင်းအလဲများစွာလည်း ဖြစ်ပေါ်ခဲ့သည်။

ပထမအချက်မှာ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲမှ မီးပလ္လင်ကိုပိုင်ဆိုင်သည့်နတ်ဆိုးသည်လည်း အောင်မြင်စွာ ပြန်လည်မွေးဖွားလာခဲ့သည်။

သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာပြီးနောက် ထိုက်စန့်ကောင်းကင်နတ်ဆိုးနှင့် သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုးတို့၏ အခွင့်အာဏာကို ငရဲကိုးထပ်က ပြန်လည်ရယူခဲ့သည်။

ထို့နောက် မီးပလ္လင်နတ်ဆိုး မျိုးဆက်သစ်တစ်ဦးသည်လည်း ငရဲကိုးထပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နတ်ဆိုးများ၏ သြဇာအရှိန်အဝါ ပိုမိုကြီးမားလာခဲ့လေသည်။

သို့သော် မီးပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားရာတွင် အသုံးပြုခဲ့သည့် ရုပ်ခန္ဓာက နတ်မိစ္ဆာမျိုးနွယ်များထံမှ ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။

ဤသည်က ရန်ကျောက်ကဲအတွက် စိတ်ဝင်စားကောင်းနေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ထိပ်တန်းမဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာခြင်းက ရာနှုန်းပြည့် အောင်မြင်ရန် မသေချာပေ။

ခေတ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် နတ်ဆိုးများ ပြန်လည်မွေးဖွားခြင်းက အောင်မြင်ခြင်းထက် ကျရှုံးရန်သာ များပြားခဲ့သည်။

နတ်ဆိုးများက သက်ရှိတိုင်း၏ ရန်သူဖြစ်လေရာ ထိပ်တန်းမဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားရန် သင်တော်သည့်ရုပ်ခန္ဓာ ရရှိခဲ့လျှင်ပင် သိပ်မကြာခင် ချေမှုန်းခံရသည်ပဲ ဖြစ်၏။

နတ်ဆိုးများ ပြန်လည်မွေးဖွားမှု စတင်ချိန်တွင် သူတို့၏ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်ကျနေတတ်သည်။

ပုံမှန်ဆိုလျှင် ထိုသို့ ကျင့်ကြံခြင်းနိမ့်ကျနေသည့်အချိန်မှာပင် အသတ်ခံလိုက်ရလေ့ရှိသည်။ ထိုအခြေအနေဆိုးမှ လွတ်မြောက်ကာ ငရဲကိုးထပ်သို့ ပြန်လည်ရောက်ရှိရန်မှာ အလွန်ခက်ခဲပေသည်။

အနည်းငယ်ရက်စက်သည်ဟု ဆိုရမည်ဖြစ်သော်လည်း ရှေးခေတ်ကာလကတည်းကပင် မဟာနတ်ဆိုးများ ပြန်လည်မွေးဖွားရန်အတွက် သင့်တော်သည့်ခန္ဓာကိုယ်များတွေ့ရှိပါက အမြန်ဆုံး အမြစ်ပြတ်သုတ်သင်ပစ်လေ့ ရှိကြသည်။

ချန်ရွှမ်ကျုန်း၊ ချူးလီလီ၊ ယင်ယွီကျန်းနှင့် အခြားသော လူအနည်းငယ်သာလျှင် ခြွင်းချက်ရှိခဲ့သည်။

သို့သော် ယခုတစ်ကြိမ် မီးပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာခြင်းက အတော်လေး လွယ်ကူနေပုံရသည်။

ရန်တိက...

“စကြာမုနိဗုဒ္ဓရဲ့ သရီရဓာတ်တော်လုပွဲမှာ ငရဲကိုးထပ်က နတ်ဆိုးပင်လယ်ရေနဲ့ နတ်မိစ္ဆာတွေကို ကူညီပေးခဲ့တာ ၊ အပေးအယူအနေနဲ့ နတ်မိစ္ဆာတွေဘက်က မီးနတ်ဆိုးဝိညာဉ်နဲ့ သင်တော်တဲ့ရုပ်ခန္ဓာတစ်ခုကို ပြန်ပေးလိုက်ရတာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ တာအိုသခင်’လုယာ’ ကတော့ သေချာပေါက် သူလိုချင်တာကို ရသွားမှာပဲ”

တာအိုသခင်'လုယာ'သည် ငရဲကိုးထပ်ကို တိတ်တဆိတ် ကူညီသည်ဆိုသော်လည်း ငရဲကိုးထပ်မှ အကျိုးအမြတ်များ ပြန်လည်တောင်းဆိုထားမည်မှာ သေချာသည်။

ငရဲကိုးထပ်ကို ကူညီရသည့်အကြောင်းရင်းမှာလည်း တာအိုအဆင့်တက်ရန်အတွက် သူတို့၏လုပ်ငန်းစဉ် လွယ်ကူချောမွေ့ရန်သာ ဖြစ်သည်။

အမှန်တော့ တာအိုသခင်’လုယာ’ သည်လည်း ငရဲကိုးထပ် အင်အားကြီးမားလာမည်ကို လိုလားသည် မဟုတ်ပေ။

ဤသည်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ ရွှမ်တုကိုယ်တော်နှင့် အခြားသူများ၏ တူညီသည့် အခြေခံသဘောထားပင် ဖြစ်၏။

ငရဲကိုးထပ်ကို ကူညီပေးနေသည်ဆိုသော်လည်း နောင်တစ်ချိန် အခွင့်အရေးကြုံပါက ငရဲကိုးထပ်ကို ပြန်လည်ချုပ်ကိုင်ပြီး အမြတ်ထုတ်ရန်အတွက် အကွက်ချစီစဉ်ထားပြီး ဖြစ်သည်။

မီးပလ္လင်ကိုပိုင်ဆိုင်သည့်နတ်ဆိုး ပြန်လည်မွေးဖွားပြီး ငရဲကိုးထပ်သို့ အဆင်ပြေစွာ ရောက်ရှိသွားခြင်းနောက်ကွယ်မှ လျှို့ဝှက်ချက်များကို ရန်ကျောက်ကဲ အလွယ်တကူပင် ခန့်မှန်းနိုင်ခဲ့သည်။

တာအိုသခင်'လုယာ' က မီးပလ္လင်နတ်ဆိုး မျိုးဆက်သစ်ကို နောက်ကွယ်မှ ထိန်းချုပ်ထားနိုင်သလားဟုပင် ရန်ကျောက်ကဲ တွေးလိုက်မိသည်။

တာအိုသခင်'လုယာ' က ကနဦးကောင်းကင်မီးလျှံမှ မွေးဖွားလာသူဖြစ်လေရာ အခြေအနေကို အခွင့်ကောင်းယူနိုင်ရန် စနစ်တကျ အကွက်ချစီစဉ်ထားပြီး ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။

သူ၏လုပ်ရပ်များကို အခြားသူများထံမှ ဖုံးကွယ်ထားနိုင်သော်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုးကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။

မူလစိတ်ဝိညာဉ်နတ်ဆိုးကို လှည့်စားနိုင်လျှင်တောင်မှ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး၏အကြည့်မှ ကွယ်ဝှက်နိုင်မည် မဟုတ်ပေ။

ငရဲကိုးထပ်က ဤအချက်ကို သိရှိထားပြီးဖြစ်ရာ ၊ ဖြစ်နိုင်ခြေမှာ သူတို့က ဤကိစ္စကို မျက်စိမှိတ်လျစ်လျူရှုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်၏။

ငရဲကိုးထပ်မှ နတ်ဆိုးများက တာအိုသခင်'လုယာ'၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူတို့၏ အစီအစဉ်များကို ကောင်းစွာ သိရှိထားကြသည်ပင်။

အခြားအင်အားစုများက ငရဲကိုးထပ်ကို တိတ်တဆိတ်ခွင့်ပြုပေးထားသကဲ့သို့ပင် ငရဲကိုးထပ်ကလည်း သူတို့၏လုပ်ရပ်များကို သိရှိပါလျှက် တိတ်ဆိတ်စွာ သည်းခံပေးရန် ရွေးချယ်ခဲ့ကြသည်။

ဤကိစ္စတွင် အပေးအယူနှင့် ကြီးမားသော နားလည်မှုတို့ပါဝင်နေသည်။

လူတိုင်းက အဆုံးအဖြတ်ပေးမည့် နောက်ဆုံးအခိုက်အတန့်ကို စောင့်မျှော်နေကြလေသည်။

မီးပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကိစ္စတွင် ငရဲကိုးထပ်အတွက် ပထမဆုံးလုပ်ဆောင်ရမည့်အချက်မှာ ပြန်လည်မွေးဖွားလာသည့် မီးပလ္လင်နတ်ဆိုး ငရဲကိုးထပ်သို့ ပြန်လည်ရောက်ရှိစေရန်သာ ဖြစ်သည်။

ကျန်ရှိသည့်ကိစ္စများက ဒုတိယဦးစားပေးမျှသာ ဖြစ်၏။

ထို့ပြင် ဤသည်က တာအိုသခင်'လုယာ'က 'ဖုရှီဗျပ်စောင်း' ဖြင့် တာအိုဝါဒ၏ ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်မှ မီးနတ်ဆိုးဝိညာဉ်ကို လဲလှယ်ယူခဲ့သည့် အပေးအယူနှင့်လည်း သက်ဆိုင်နေသည်။

ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် တာအိုသခင်’လုယာ’ က နတ်ဆိုးများထံမှအမြတ်ထုတ်ရန် သူ၏အစီအစဉ်ကို ပြီးမြောက်အောက်လုပ်ဆောင်လိမ့်မည်ဟု ကောက်ချက်ချထားကြသည်။

သူသည်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ရွှမ်တုကိုယ်တော်တို့ကဲ့သို့ပင် ပြင်ဆင်မှုများ ရှိထားပြီး ဖြစ်လိမ့်မည်။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီး ထိုက်ယီကျန်းရန်အား ပြောလိုက်သည်။

"နတ်မိစ္ဆာမျိုးနွယ်နဲ့ ယှဉ်လိုက်ရင် အနောက်ဘက်သူတော်စင်ဘုံက 'ကြာပန်းစိမ်းရတနာအလံ'ကို ဆုံးရှုံးလိုက်ရသလို 'စကြာမုနိသရီရဓာတ်တော်'ကိုလည်း မရလိုက်ဘူး ၊ ဒီတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ့ရဲ့ ပြိုင်ဘက်တွေထက်ပိုပြီး စိုးရိမ်ပူပန်နေရလောက်တယ်”

ထိုက်ယီကျန်းရန်က မုတ်ဆိတ်မွှေးကိုပွတ်သပ်ရင်း အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။

All Chapters