အခန်း (၁၆၉၅-၁၆၉၆)
Vol. 121 Ch. 1695-1696
အခန်း (၁၆၉၅) အနောက်ဘက်သူတော်စင်ဘုံဆီသို့
ထိုက်ယီကျန်းရန်က ခေါင်းညိတ်ရင်း...
“မင်းပြောတာကို လုံးဝ သဘောတူတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါဖြင့် ငါ့တပည့်ရဲ့ စိန်ခေါ်ပွဲအတွက် မင်းနဲ့ ယန်ကျန်းကိုပဲ အားကိုးလိုက်တော့မယ် ၊ ငါတော့ အပြင်မှာစောင့်ရင်း မမငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ဘာတွေကြံစည်နေလဲ လေ့လာလိုက်ဦးမယ်”
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ အစ်ကိုယန်ကျန်းကို စောင့်ရဦးမလား”
ထိုက်ယီကျန်းရန်က ရယ်မောလိုက်ပြီး...
“မစောင့်နဲ့တော့... မင်းတို့တွေက ငါတို့တွေထက် အများကြီးသာနေကြပြီပဲ ၊ ကိုယ့်သဘောအတိုင်းသာ လုပ်ကြ ၊ အင်း... ငါ့တပည့်လည်း မငယ်တော့ဘူး ၊ ဒါပေမဲ့ သူနဲ့ပတ်သက်ရင်တော့ စိတ်ပူစရာတွေက ရှိနေတုန်းပဲ”
ထိုစကားကြားတော့ ဘေးနားတွင်ရှိနေသည့် နီကျားက အနည်းငယ်ရှက်သွားပြီး...
“ဆရာ... ကျွန်တော်က ဆရာပြောသလောက်လည်း မညံ့ပါဘူး”
ထိုက်ယီကျန်းရန်က ခေါင်းခါယမ်းရင်း...
“သတိတော့ ထားရမယ်လေ”
သူက ဆက်ပြောလိုက်သည်။
“မင်း အခုသွားရမှာက အနောက်ဘက်သူတော်စင်ဘုံ ဖြစ်နေတယ်လေ ၊ မင်းစွမ်းအားရှိသလောက် အကောင်းဆုံး တိုက်ခိုက်ခဲ့ပါ ၊ အခြေအနေမဟန်ရင်တော့ မိတ်ဆွေလေး’ရန်’ နဲ့ ပူးပေါင်းပြီး အပြင်ကို အမြန်ဆုံး ပြန်ထွက်လာခဲ့ ၊ နောက်မှ ထပ်ပြီး ကြည့်စီစဉ်ကြတာပေါ့”
“ဒီစိန်ခေါ်ပွဲက ဘာမှ သိပ်အရေးမကြီးဘူး ၊ နောက်ဆိုလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်ဖို့ အခွင့်အရေး ထပ်ရဦးမှာပါ”
ထိုက်ယီကျန်းရန်၏ စကားကို ကြားတော့ နီကျား စိတ်တိုသွားသည်။
“ဆရာက ဘယ်သူ့ဘက်ကလဲ ၊ ရန်သူကိုတော့ အားပေးပြီး ကျွန်တော့်ကိုကျတော့ အထင်သေးနေတာလား”
“ဘာပဲဖြစ်ဖြစ် သတိတော့ထားဟေ့”
ထို့နောက် ထိုက်ယီကျန်းရန်က နီကျားနှင့် ရန်ကျောက်ကဲတို့အုပ်စုအား လက်ဝှေ့ယမ်းပြရင်း ထွက်ခွာသွားသည်။
ထိုက်ယီကျန်းရန် ထွက်သွားပြီးနောက် နီကျားက အနောက်ဘက်သူတော်စင်ဘုံဘက်သို့လှည့်ကာ ကြုံးဝါးလိုက်သည်။
"အော်မီတော်ဖော်ဗုဒ္ဓနဲ့ မဟာမာရူယိသာ ဝင်မပါရင် အနောက်ဘက်သူတော်စင်ဘုံဆိုတာ သားရဲတွင်း မဟုတ်ပါဘူး”
ရန်ကျောက်ကဲက...
"ဒါပေမဲ့ တခြားပြိုင်ဘက်တွေနဲ့လည်း တွေ့နိုင်သေးတယ်လေ”
ထို့နောက် သူက နီကျားကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒါနဲ့ တာအိုရောင်းရင်း'နီကျား'၊ ပင်လယ်ငြိမ်သက်ပုလဲတွေကို ဘယ်လိုတန်ပြန်ရမလဲဆိုတာ နည်းလမ်းရှိလား”
နီကျားက...
“ငါက ရတနာကြာပန်းနတ်ဘုရားခန္ဓာ ရပြီးကတည်းက ပင်လယ်ငြိမ်သက်ပုလဲရဲ့ စူးရှတဲ့အလင်းရောင်တွေကို မကြောက်တော့ဘူး ၊ အဲဒီအလင်းရောင်က ငါ့ရဲ့တိုက်ကွက်တွေကို မဟန့်တားနိုင်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ပင်လယ်ငြိမ်သက်ပုလဲရဲ့အလေးချိန်က အရမ်းလေးလံတယ် ၊ ဒါကြောင့် အခြေအနေကြည့်ပြီး တိုက်ခိုက်ရမှာပဲ ၊ သူ့မှာ အရင်က ပင်လယ်ငြိမ်သက်ပုလဲ (၂၄) လုံးရှိတာ ၊ အခု (၆) လုံးက ပျောက်သွားပြီဆိုတော့ ငါ့အတွက် အခွင့်အရေး အများကြီးပိုရှိပါတယ်”
နီကျားက ဒေါသကြီးသူဖြစ်သော်လည်း တိုက်ပွဲအတွေ့အကြုံများသူဖြစ်သည်။ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ရင်ဆိုင်ရာတွင်လည်း သူ့ထက်အတွေ့အကြုံသာသူ မရှိပေ။
ယနေ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် စိန်ခေါ်ပွဲတွင် နီကျားက ဒေါသကြောင့် မျက်ကန်းတစ္ဆေမကြောက်ဖြစ်နေသော်လည်း သူက ပြိုင်ဘက်အကြောင်း ကောင်းကောင်းသိထားသည်။
နီကျားက...
“ဒါပေမဲ့ လီကျင်းလက်ထဲက 'ရူယိရွှေစေတီ' က ဗုဒ္ဓဘာသာဂိုဏ်းဘက်က ပစ္စည်းပဲ ၊ အဲဒီ မငြိမ်းသောမီးအိမ်ဆိုတဲ့ ကတုံးကို အတော်လေး သတိထားရမယ် ၊ သူ့မှာ ငါ့ရဲ့ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ထိန်းချုပ်နိုင်တဲ့ ရတနာပစ္စည်းတစ်ခုခု ဒါမှမဟုတ် သိုင်းပညာတစ်ခုခု ရှိနေမလား မပြောနိုင်ဘူး”
နီကျားက စေတီရှင်’လီကျင်း’ ကို သတ်လိုက်စဉ်က သူ့ကိုထိန်းချုပ်နိုင်သည့် ရူယိရွှေစေတီကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
သို့သော် ဗုဒ္ဓဘာသာကျင့်ကြံသူမျး သို့မဟုတ် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတွင် အလားတူ ထိန်းချုပ်နိုင်သည့် မှော်ဝင်ပစ္စည်းတစ်ခုခု ရှိနေနိုင်သည်။
ရန်ကျောက်ကဲကလည်း ဤဖြစ်နိုင်ခြေကို သတိထားသင့်သည်ဟု ခံစားမိသည်။
အကယ်၍ ပြိုင်ဘက်က နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို အနိုင်ယူနိုင်လျှင် နီကျားအနေဖြင့် ပင်လယ်ငြိမ်သက်ပုလဲ၏ ခြိမ်းခြောက်မှုကို ခဏတာမျှဖြစ်စေ ကြုံတွေ့ရပေလိမ့်မည်။
ပင်လယ်ငြိမ်သက်ပုလဲ၏ အလင်းရောင်နှင့် ထိတွေ့မိပါက စိတ်ဝိညာဉ်ထိုင်းမှိုင်းသွားစေသည်။
တစ်ဆက်တည်းပင် ပင်လယ်ငြိမ်သက်ပုလဲဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပါက နီကျားအနေဖြင့် ရှောင်တိမ်းနိုင်မည်မဟုတ်ဘဲ ဦးခေါင်းတည့်တည့်သို့ အကြီးအကျယ်ထိခိုက်သွားနိုင်၏။
နီကျားက ထပ်ပြောလိုက်သည်။
“ငါ ရူယိရွှေစေတီကို ဖျက်ဆီးလိုက်တုန်းက အဲဒီသိုင်းပညာရဲ့ အဓိကအချက်တွေကို သဘောပေါက်လိုက်သလိုပဲ”
သူက ဆက်ပြောလိုက်သည်။
“သူတို့ဘက်က ငါ့ကို ထိန်းချုပ်နိုင်တာက အဲဒီသိုင်းပညာနဲ့ ဆက်စပ်နေမယ်ဆိုရင်တော့ ငါ့အတွက် အနိုင်ရဖို့အခွင့်အရေး အများကြီးရှိတယ်”
နီကျား၏ ယုံကြည်ချက်အပြည့်ရှိသော စကားများကိုကြားသည်နှင့် ရန်ကျောက်ကဲတို့အုပ်စု ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
(၇၀)ရာနှုန်း အနိုင်ရနိုင်ခြေဆိုသည်က ပြီးပြည့်စုံသည့်အနေအထားမျိုး မဟုတ်သည့်တိုင် ကျင့်ကြံခြင်းအဆင့် တူညီသူအချင်းချင်း တိုက်ခိုက်ကြသည့်အခါမှာတော့ အတော်လေး အားတက်စရာ အခြေအနေတစ်ခု ဖြစ်၏။
နီကျားက အံတင်းတင်းကြိတ်လိုက်ပြီး...
“အဲဒီတုန်းက မငြိမ်းသောမီးအိမ် အဘိုးကြီးက ရူယိရွှေစေတီကိုသုံးပြီး ငါ့ကိုဖိနှိပ်ခဲ့တယ် ၊ ပြီးတော့ အဲဒီပစ္စည်းကို လီကျင်းလက်ထဲ ထည့်ပေးလိုက်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီနေ့တော့ သူ့ကို သွေးကြွေးဆပ်ရတာပေါ့”
ထိုအချိန် ဟင်းလင်းပြင်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“အခု တိုက်ပွဲမှာ မင်းတတ်နိုင်သလောက် အစွမ်းကုန်တိုက်ခိုက်ပါ ၊ ဒါပေမဲ့ ရန်သူကိုတော့ ဘယ်တော့မှ အထင်မသေးပါနဲ့”
စကားသံဆုံးသည်နှင့် တိမ်တိုက်သရဖူကိုဆောင်းနှင်းပြီး ရှေးဟောင်းတာအိုဝတ်ရုံကိုဝတ်ဆင်လျှက် လျှော်ကြိုးဖိနပ်ကိုစီးနင်းထားသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။
အခြားသူမဟုတ် ၊ တာအိုသခင်’ယန်ကျန်း’ ပင် ဖြစ်၏။
ယန်ကျန်းကိုတွေ့တော့ နီကျားက စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်သည်။
“ဒီနေ့တော့ အစ်ကိုကြီးကို ဒုက္ခပေးရတော့မှာပဲ ၊ ကဲ... ငါတို့ တိုက်ပွဲ စတင်လိုက်ရအောင်”
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ ရန်တိနှင့် ယန်ကျန်းတို့ အပြန်အလှန်နှုတ်ဆက်လိုက်ကြသည်။
ဖန်းယွင်ရှန်းက...
“ဒါဖြင့်လည်း ဂရုစိုက်ကြပါ ၊ ကျွန်မက အပြင်မှာပဲ စောင့်နေပါ့မယ်”
“ကျေးဇူးပါပဲ တာအိုရောင်းရင်း”
နီကျားက ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားပြီး အနောက်ဘက်သူတော်စင်ဘုံရှိရာသို့ ဦးတည်ထွက်ခွာသွားသည်။ ရန်ကျောက်ကဲက ရန်တိနှင့် ယန်ကျန်းတို့လည်း သူနှင့်အတူ လိုက်ပါသွားသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်နှင့် ပြောဆိုဆွေးနွေးခဲ့သည်များကို ယန်ကျန်းအား အတိုချုံ့ ရှင်းပြလိုက်သည်။
ယန်ကျန်းက ခေါင်းညိတ်ရင်း...
“မင်း စိုးရိမ်တာတွေက မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အကြီးအကဲ’ထိုက်ယီ’ နဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တို့ ရှိနေကြမယ်ဆိုရင်တော့ ပြဿနာကြီးကြီးမားမား မဖြစ်လောက်ပါဘူး”
ရန်ကျောက်ကဲက...
“ဖြစ်နိုင်ပါတယ် ၊ ကျွန်တော် အတွေးလွန်နေတာ ဖြစ်မှာပါ”
သူတို့အုပ်စု အနောက်ဘက်သူတော်စင်ဘုံသို့ ချဉ်းကပ်သွားချိန် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာပြီး ဗောဓိသတ္တတစ်ပါး ပေါ်လာသည်။
လာရောက်သူက ကွမ်ယင်ဗောဓိသတ္တ ဖြစ်၏။
သူက နီကျားကို ကရုဏာသက်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး...
“ဘာလို့များ ဒီလိုပြဿနာတွေကို ထပ်ရှာနေရတာလဲ”
နီကျားက တည်ငြိမ်စွာဖြင့်...
“အခြေအနေက ဒီအထိရောက်လာပြီပဲ ၊ ဗောဓိသတ္တအနေနဲ့ ကျွန်တော့်ကို ထပ်ပြီး မတားဆီးပါနဲ့တော့”
သူက ဆက်ပြောလိုက်သည်။
"မုကျားက ကျွန်တော့်ဆရာလက်ချက်နဲ့ သေဆုံးခဲ့ရတယ် ၊ ဖူရှန်ဗောဓိသတ္တက ဒါကို အငြိုးထားကောင်း ထားနိုင်ပါတယ် ၊ ဗုဒ္ဓဘာသာထဲဝင်သွားပြီးတဲ့နောက် မုကျားက ဖူရှန်ဗောဓိသတ္တရဲ့ တပည့်ဖြစ်လာတယ် မဟုတ်လား ၊ အခု သူက လက်စားချေချင်တယ်ဆိုရင်လည်း ကျွန်တော်ပဲ တာဝန်ယူပါ့မယ် ၊ ဆရာ့ကို ထပ်ပြီး အလုပ်ရှုပ်မခံခိုင်းတော့ဘူး”
ကွမ်ယင်ဗောဓိသတ္တက ခေါင်းခါယမ်းလျှက် သက်ပြင်းချလိုက်ပြီး...
"မင်းတို့ မိသားစုကလည်း ရှုပ်ထွေးလှချည်လား..."
နီကျားက...
"ကျွန်တော် သူတို့နဲ့ မိသားစုမတော်တော့တာ ကြာပါပြီ"
သူက ဆက်ပြောလိုက်သည်။
“မဟာကပ်ဘေးကြီးတုန်းက ကိစ္စမှာ ဗောဓိသတ္တနဲ့ မုကျားတို့ ပါဝင်ခဲ့တာ မဟုတ်ပါဘူး ၊ ဒါကြောင့် ဗောဓိသတ္တအနေနဲ့ ဆက်ဆံရေးကို ဂရုစိုက်ကောင်းစိုက်ပါလိမ့်မယ် ၊ ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ လီကျင်းဆိုတဲ့ ဆရာတပည့်နှစ်ယောက်ကတော့ ပြဿနာတွေကို အစပျိုးခဲ့တာပါ"
"မုကျားနဲ့ ကျွန်တော့်ကြားမှာ ပဋိပက္ခမရှိခဲ့ပေမဲ့ ကျွန်တော် လီကျင်းကို သတ်လိုက်တဲ့နောက် သူ့ကို အစ်ကို(၂)လို့ ခေါ်ဖို့ မဖြစ်နိုင်တော့ပါဘူး ၊ ဒါကြောင့် သူလုပ်တာမှန်တယ်ဆိုရင် ကျွန်တော်လုပ်တာက ပိုပြီးတော့တောင် မှန်ပါသေးတယ်”
နီကျားက အေးစက်သည့်လေသံဖြင့်...
“ဒါတွေအားလုံးရဲ့ ပြဿနာရင်းမြစ်ကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူက မီးစမွှေးလဲသလဲဆိုတာ ဗောဓိသတ္တ သိမှာပါ ၊ ဒီနေ့တိုက်ပွဲကလည်း အဲဒီအကြောင်းရင်းတွေအတွက်ပါပဲ”
နီကျားစကားကြောင့် ကွမ်ယင်ဗောဓိသတ္တ နှုတ်ဆိတ်သွားသည်။
သို့သော် သူက ဒေါသထွက်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်...
“မင်းလည်း ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါပြီ ၊ အစွဲအလန်းတွေ အရမ်းနက်ရှိုင်းတာက မကောင်းဘူးဆိုတာ မင်းနားလည်မှာပါ”
နီကျားက မလျှော့စတမ်းပင် တုံ့ပြန်လိုက်သည်။
“ဒါဆိုရင်တော့ ဒီနေ့က ကျွန်တော့်ရဲ့ အစွဲအလန်းတွေအတွက် ဖြေရှင်းရမယ့် အချိန်ပါပဲ”
စကားပြောဆိုရင်းဖြင့်ပင် သူတို့အုပ်စု အနောက်ဘက်သူတော်စင်ဘုံနယ်မြေထဲသို့ ခြေချလိုက်ကြသည်။
ရန်ကျောက်ကဲ၏ မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည့် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာလေရာ ဤနေရာက ဧရာမရေကန်ကြီးပမာ ထင်မှတ်ရသည်။
ရေကန်က အဆုံးအစမရှိကျယ်ပြန့်ပြီး အစိမ်းရောင်ကြာပန်းများ ဖူးပွင့်လျှက် ရှိသည်။
ဤသည်ကား ဗုဒ္ဓနယ်မြေများစွာတည်ရှိသည့် “သူတော်စင်ဘုံ” ပင် ဖြစ်သည်။
ကိုယ်ပိုင်ဗုဒ္ဓနယ်မြေများကို အသီးသီးတည်ထောင်ထားကြသည့် ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူများအားလုံး အနောက်ဘက်သူတော်စင်ဘုံတွင် စုဝေးနေထိုင်လျှက် ရှိကြသည်။
ကွမ်ယင်ဗောဓိသတ္တက ရန်ကျောက်ကဲ၊ ရန်တိနှင့် ယန်ကျန်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး...
“တာအိုရောင်းရင်းတို့ကတော့ အနောက်ဘက်သူတော်စင်ဘုံနဲ့ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယန်ကျန်းက ပြုံးလိုက်ပြီး...
“ကျုပ်ကတော့ ဗောဓိသတ္တနဲ့ အဆင်ပြေနိုင်ဖို့ မျှော်လင့်ပါတယ်”
ယန်ကျန်း၏စကားထဲတွင် အဓိပ္ပါယ်တစ်ခုဖုံးကွယ်ထားသည်မှာ ထင်ရှားသည်။
ကွမ်ယင်ဗောဓိသတ္တသည်လည်း ထိုစကားကို အသေအချာ သဘောပေါက်ပေလိမ့်မည်။
သူမက ခေါင်းခါယမ်းလိုက်ပြီး စကားထပ်မပြောတော့ဘဲ နီကျားတို့အုပ်စုအား အစိမ်းရောင်ကြာပန်းများဖြင့် ပြည့်နက်နေသည့် ဟင်းလင်းပြင်ထဲသို့ ခေါ်ဆောင်သွားလေသည်။
ရန်ကျောက်ကဲတို့အုပ်စု ကြာပန်းများကြားတွင် လမ်းလျှောက်နေကြရင်း ဗုဒ္ဓနယ်မြေများမှ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ အကြည့်များက သူတို့ထံသို့ ကျရောက်နေကြောင်း မသိမသာ အာရုံခံမိလိုက်ကြလေသည်။
အခန်း (၁၆၉၆) စိန်ခေါ်ပွဲ
ယခုတိုက်ခိုက်မည့်စိန်ခေါ်ပွဲ နေရာအား အနောက်ဘက်သူတော်စင်ဘုံ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေထဲတွင် တည်ဆောက်ထားသည်။
ဤတိုက်ပွဲအား အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များသည်လည်း အာရုံစိုက် စောင့်ကြည့်နေကြပေမည်။
တိုက်ပွဲက မစသေးသော်လည်း စောင့်ကြည့်နေကြသည့် ဗုဒ္ဓဘာသာကိုယ်တော်များ၏ အကြည့်များက ရန်ကျောက်ကဲတို့အုပ်စုအပေါ် ဖိအားတစ်ခုသဖွယ် သက်ရောက်နေခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် နီကျားတို့၏ တိုက်ပွဲရလဒ်ပေါ်မူတည်၍ ဤဗုဒ္ဓဘာသာကိုယ်တော်များက နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ်ကြပေမည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်း စောင့်ကြည့်နေသူများစွာ၏ အကြည့်များကို အာရုံခံမိကြသည်ပင်။
ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးဖြစ်သော နီကျား ၊ ယန်ကျန်းတို့နှင့် ယှဉ်လျှင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသော ရန်ကျောက်ကဲတို့သားအဖက အနည်းငယ်ထူးခြားနေသည်။
ရန်တိက ‘ကောင်းကင်နင်းချေဧကရာဇ်’ ဆိုသော ဘွဲ့အမည်ကို ရရှိထားပြီး ရန်ကျောက်ကဲကလည်း ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဟူ၍ ကျော်ကြားသည်။
ဤသို့သော ဘွဲ့အမည်များက လူတိုင်း လက်ခံယူနိုင်သည့် ဘွဲ့အမည်များ မဟုတ်ပေ။
သို့သော် ထူးဆန်းသည်မျာ သူတို့နှစ်ယောက်၏ ဘွဲ့နာမည်များကို မည်သူမှ မေးခွန်းထုတ်ခြင်းမရှိသလို ထိုဘွဲ့အမည်များနှင့် ထိုက်တန်မှု ရှိ မရှိ စမ်းသပ်ကြည့်ရန်လည်း မည်သူမှ မကြိုးစားခဲ့ကြပေ။
ဟုတ်ပေ၏။
အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများသည်ပင်လျှင် ရန်ကျောက်ကဲတို့သားအဖအား သူတို့၏ နာမည်ဂုဏ်သတင်းက ထိုက်တန်ကြောင်း သဘောတူထားကြသည်။
အထူးသဖြင့် ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးနောက်ပိုင်း ထွက်ပေါ်လာသည့် သိုင်းကျင့်ကြံသူများထဲတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။
သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးသော်လည်း မဟာကပ်ဘေးကြီးအပြီး လမ်းမှန်တာအိုဝါဒ ပြန်လည်ရှင်သန်လာရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
သူ၏ သြဇာအရှိန်အဝါကို မည်သူမျှ လျစ်လျူရှု၍ မရနိုင်ပေ။
ထိုသို့သောပုဂ္ဂိုလ်မျိုးကို ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူများအားလုံး စိတ်ဝင်တစား အာရုံစိုက်ကြသည်မှာ မဆန်းပေ။ ထို့အတူ မည်သူမှလည်း အလျင်စလို မလှုပ်ရှားရဲကြပေ။
ထို့ပြင် ရန်ကျောက်ကဲနှင့်အတူ တာအိုဝါဒ၏ ထိပ်တန်းအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော ယန်ကျန်းလည်း အတူပါရှိလာသည် မဟုတ်လား။
မဟာမာရူယိသာ ပေါ်မလာပါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပင်လျှင် ယန်ကျန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက 'ချီထျန်းမဟာသူတော်စင်' ၏ ရွှေခန္ဓာကို ဆင့်ခေါ်နိုင်စွမ်းရှိသူဖြစ်သဖြင့် ပိုပြီး သတိထားရန် လိုအပ်သည်။
ဤနေရာက အော်မီတော်ဖော်၏ ဗုဒ္ဓနယ်မြေဖြစ်လေရာ မျောက်မင်းစွန်းဝူခုန်းနှင့် ယန်ကျန်းတို့အနေဖြင့် မွှေနှောက်ဖျက်ဆီးရန် မလွယ်ကူသော်လည်း ယနေ့တိုက်ပွဲမှာတော့ ဘိုးဘေးဗုဒ္ဓဖြစ်သည့် အော်မီတော်ဖော်ဗုဒ္ဓက ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ဗုဒ္ဓဘာသာကိုယ်တော်အားလုံး သိရှိထားပြီးဖြစ်သည်။
တရားအလင်းရရှိပြီးဖြစ်သော ဗုဒ္ဓဘာသာ ကျင့်ကြံသူများက အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက် အဆုံးမရှိ ဗလာနယ်ထဲတွင် ပုန်းကွယ်နေသည့် အလွန်ကြီးမားသော စွမ်းအားကြီးတစ်ခုကို မသိမသာ အာရုံခံလိုက်မိကြသည်။
ထိုစွမ်းအားက ထုတ်ဖော်ပြသထားခြင်းမရှိသော်လည်း ၎င်း၏ထက်ရှသည့်အငွေ့အသက်က အနောက်ဘက်သူတော်စင်ဘုံဆီသို့ ဦးတည်နေသည်။
ထိုအရာက ဓားအိမ်ထဲမှ အချိန်မရွေးထွက်ပေါ်လာမည့် ဓားတစ်ချောင်းနှင့်ဆင်တူလှ၏။
သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာ ကျင့်ကြံသူများက ရန်ကျောက်ကဲတို့အုပ်စုကို အာရုံစိုက်နေစဉ်မှာပင် အခြားသောအင်အားစုများကလည်း အခြေအနေကို စောင့်ကြည့်နေကြသည်။
'နတ်ဘုရားသုတ်သင်အစီအရင်'...
ဤအစီအရင်က တာအိုဝါဒ၏အခြေအနေကို မြင့်မားလာစေသည့် ဝှက်ဖဲတစ်ခု ဖြစ်သည်။
နတ်ဘုရားသုတ်သင်အစီအရင် ပြန်လည်ထွက်ပေါ်လာရခြင်းက ရန်ကျောက်ကဲနှင့် အများဆုံး ပတ်သက်နေသည်။
ထို့ကြောင့်ပင် ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ရန်ကျောက်ကဲ ဤနေရာသို့ ရောက်ရှိလာခြင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်တော့ အမှန်ပင်။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
သူတို့အုပ်စုကို လူအများက အာရုံစိုက်နေကြောင်း အာရုံခံမိသော်လည်း သူတို့လာရာလမ်းတစ်လျှောက် မည်သည့်ဗုဒ္ဓဘာသာကျင့်ကြံသူကမှ တားဆီးခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲက တိုက်တိုင်းအောင်ဗုဒ္ဓနှင့် တွေ့ဆုံရမည်လားဟု တွေးမိသေးသည်။ အဘယ်ကြောင့်ဆိုသော သူ့အခြေအနေက အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များနှင့်မတူဘဲ ထူးခြားသောကြောင့် ဖြစ်၏။
တိုက်တိုင်းအောင်ဗုဒ္ဓ၏ ဆရာဖြစ်သူ စန္ဒကူးဗုဒ္ဓက ရန်ကျောက်ကဲ၏ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်မဟုတ်လား။
သို့သော် ယခုချိန်ထိ တိုက်တိုင်းအောင်ဗုဒ္ဓသည်လည်း ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
နီကျားနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့၏ စိန်ခေါ်ပွဲ အနိုင်အရှုံးဆုံးဖြတ်ပြီးမှ တိုက်တိုင်းအောင်ဗုဒ္ဓ ထွက်ပေါ်လာမည်ဟု ရန်ကျောက်ကဲ ခန့်မှန်းလိုက်မိသည်။
ဗုဒ္ဓနယ်မြေများစွာကို ဖြတ်ကျော်လာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုက ကွမ်ယင်ဗောဓိသတ္တ၏ လမ်းပြမှုဖြင့် ဗုဒ္ဓနယ်မြေတစ်ခုသို့ ဆင်းသက်လို်ကြသည်။
ထိုနေရာတွင် ဘုံကျောင်းများ ၊ ကြာပန်းများ ၊ ဗောဓိပင်များ ၊ တောက်ပသောမီးအိမ်များဖြင့် ပြည့်နက်နေသည်။
ထိုနေရာတွင် အမှောင်ထု မရှိ၊ ထာဝရအလင်းရောင်သာ ရှိသည်။
ရန်ကျောက်ကဲတို့အုပ်စု၏နားထဲသို့ ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ဝင်ရောက်လာပြီး စန္ဒကူးနံ့သာရနံ့များက လေထုထဲတွင် လွင့်ပျံနေကာ စိတ်ကိုငြိမ်းချမ်းစေသည့်စွမ်းအားများ ထုတ်လွှတ်လျှက် ရှိ၏။
ထိုဗုဒ္ဓနယ်မြေထဲတွင် ကျောင်းတော်တစ်ခု ရှိနေသည်။
ထိုကျောင်းတော် အဝင်ဝတွင် ရှေးဟောင်းဗုဒ္ဓတစ်ပါး မတ်တတ်ရပ်နေပြီး ရန်ကျောက်ကဲနှင့် နီကျားတို့အုပ်စုအား ပြုံးလျှက် ကြိုဆိုလိုက်သည်။
ထိုဗုဒ္ဓက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပင် ဖြစ်၏။
“ဝေးလံတဲ့အရပ်က ကြွရောက်လာတဲ့ ဧည့်သည်တွေကို ကြိုဆိုပါတယ်”
သူ့ပုံစံက အလွန်တည်ငြိမ်နေပြီး နီကျားက နှစ်ပေါင်းနှစ်ရာနီးပါး အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက်တွင် သူ့ကို လှောင်ပြောင်ရန်စနေခြင်းအား မသိသကဲ့သို့ပင် ဖြစ်၏။
နီကျားက ရှေ့ထွက်လာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စူးစိုက်ကြည့်လိုက်သည်။
“အဘိုးကြီး... ငါတို့ကြားက ကိစ္စတွေကို မင်း အသိဆုံးနေမှာပါ ၊ ဒါကြောင့် အပိုစကားတွေ ပြောမနေနဲ့တော့”
ထို့နောက် သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ နံဘေးတွင်ရှိသော ဗုဒ္ဓဘာသာကိုယ်တော်အချို့ကို လှမ်းကြည့်လိုက်သည်။
ထိုအုပ်စုကို ဦးဆောင်သူက မိုးကြိုးလျှပ်စီးဗုဒ္ဓ ဖြစ်၏။
သူတို့အုပ်စုက ငြိမ်သက်စွာ မတ်တတ်ရပ်နေကြပြီး ရန်ကျောက်ကဲ၊ ယန်ကျန်း၊ နီကျားနှင့် ရန်တိတို့ကို စိတ်မပါဟန်ဖြင့် ဝတ်ကျေတန်းကျေသာ နှုတ်ဆက်လိုက်ကြသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျက် နီကျားကို ကြည့်လိုက်ပြီး...
“ဖြစ်လာမယ့်အရာက ဖြစ်လာမှာပါပဲ ၊ အလျင်လိုစရာ မရှိပါဘူး”
ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး...
“ဒီဘက် ကြွပါ”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ နောက်သို့လှည့်ပြီး ကျောင်းတော်ထဲ ဝင်သွားသည်နှင့် နီကျားကလည်း မကြောက်မရွံ့ပင် နောက်မှလိုက်သွားသည်။
ရန်ကျောက်ကဲတို့ အုပ်စုကလည်း တည်ငြိမ်စွာပင် လိုက်ပါသွားပြီး ကျောင်းတော်ထဲသို့ ဝင်ရောက်လိုက်ကြသည်။
ဧည့်သည်များအားလုံး ဝင်ရောက်ပြီးနောက် စိန်ခေါ်ပွဲကို သက်သေပြုမည့်သူများအဖြစ် အိမ်ရှင်များဖြစ်သော ကွမ်ယင်ဗောဓိသတ္တနှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓတို့ ဝင်ရောက်လာကြသည်။
ကျောင်းတော်ထဲဝင်ရောက်လိုက်သည်နှင့် ရန်ကျောက်ကဲမျက်လုံးထဲတွင် စူးရှတောက်ပသည့် အလင်းရောင်တစ်ခုသာလျှင် မြင်တွေ့ရသည်။
ထိုအလင်းရောင်က ဖော်ပြ၍မရနိုင်လောက်အောင် အလွန်အမင်း တောက်ပနေပြီး အလွန်တရာ သန့်စင်လှသည်။
အလင်းရောင်ရှိနေသော်လည်း ပူပြင်းမှုကို မခံစားရပေ။
ထိုအလင်းရောင်က အရံအတားတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။
ရန်ကျောက်ကဲက တန်ခိုးစွမ်းအားကို တိတ်တဆိတ်လှည့်ပတ်လိုက်ရာ သူ့မျက်စိရှေ့မှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကျယ်ပြန့်သော နယ်မြေတစ်ခု ထွက်ပေါ်လာသည်။
ထိုနယ်မြေက အဆုံးအစမရှိ ဗလာနတ္ထဖြစ်ပြီး ကမ္ဘာလောက အစပျိုးချိန်ပမာ ခံစားရစေသည်။
ထိုနယ်မြေထဲတွင် မီးအိမ်တစ်လုံးသာ ရှိနေပြီး မီးအိမ်မှအလင်းရောင်က ခပ်ဖွဖွ လှုပ်ခတ်လျှက် ရှိသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မီးအိမ်ဆီသို့ လျှောက်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ၏ဦးခေါင်းအနောက်ဘက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းက ပိုမိုတောက်ပလာပြီး မီးအိမ်၏ပုံရိပ်ကလည်း ပိုမိုထင်ရှားလာသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...
“နီကျား... ငါတို့ကြားက ရေစက်ဆိုးကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ လက်ရှိမှာ အခြေအနေတွေက ပြောင်းလဲနေပြီဆိုတာ မင်းသိသင့်တယ် ၊ အခုက မဟာကပ်ဘေးကြီး မတိုင်ခင်ကနဲ့ ကွာခြားသွားပြီ ၊ ငါတို့နှစ်ယောက် အပြင်းအထန်တိုက်ခိုက်မယ်ဆိုရင် မင်းတို့ စန်းချင်းသုံးပါးအဆက်အနွယ်နဲ့ ငါတို့သုခဘုံကြားမှာ အကြီးအကျယ် စစ်မက်ဖြစ်ပွားလာနိုင်တယ် ၊ အဲဒါဆိုရင် ကြားထဲက တခြားသူတွေပဲ အမြတ်ထွက်သွားလိမ့်မယ်”
“နီကျား... မင်းဘက်က အဆင်ပြေမယ်ဆိုရင် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ငါ့ဘက်က လျော်ကြေးပေးပြီး ဖြေရှင်းလို့ရပါတယ် ၊ တိုက်ခိုက်စရာမလိုပါဘူး ၊ ဘယ်လိုသဘောရလဲ”
နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိုက်ကြည့်ရင်း အေးစက်စွာ စကားဆိုလိုက်သည်။
"မင်းက တာအိုအဆင့်ကို ရောက်ဖို့အတွက် ရွှမ်တုကိုယ်တော် ၊ တာအိုသခင်'လုယာ'တို့နဲ့ ယှဉ်ပြိုင်နေရတာ ၊ ငါက ဘာမှယှဉ်ပြိုင်စရာမရှိဘူး”
သူက ဆက်ပြာလိုက်သည်။
“အဲဒီတော့ မင်းပေးမယ့်လျော်ကြေးကိုလည်း အရေးစိုက်စရာ မလိုဘူး ၊ ငါလိုချင်တာကို ငါ့လက်ထဲကလှံနဲ့ပဲ ရအောင်ယူမယ်”
“အချိုသပ်တဲ့စကားတွေ လာပြောမနေနဲ့ ၊ ငါကတော့ လက်သီးနဲ့ပဲ အဖြေရှာမယ်”
ပြောပြီးသည်နှင့် နီကျားက လေမီးလျှံဘီးကိုနင်းကာ မီးတောက်လှံရှည်ကို ကိုင်မြှောက်လျှက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအား အရှိန်အဟုန်ဖြင့် ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲ၊ ယန်ကျန်း၊ ကွမ်ယင်ဗောဓိသတ္တနှင့် အခြားပွဲကြည့်ပရိသတ်များ ထိုင်ခုံတွင် မထိုင်ရသေးခင်မှာပင် ဤအဖြစ်အပျက်များ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျက် ခေါင်းခါရင်း နီကျား၏နဖူးကို လက်ညှိုးဖြင့်ထိုးလိုက်သည်။
“နှစ်တွေ ဒီလောက်ကြာခဲ့ပြီ ၊ မင်းကတော့ အရင်အတိုင်း ကြမ်းတမ်းနေတုန်းပဲ”
ထို့နောက် သရီရဓာတ်တော်များဖြင့် စီခြယ်ထားသည့် တောက်ပသည့် ရွှေရောင်ဘုံခုနစ်ဆင့် စေတီတစ်ခု ထွက်ပေါ်လာပြီး နီကျားထံသို့ ပြုတ်ကျလာသည်။
ရန်ကျောက်ကဲ စိုးရိမ်ခဲ့သည့်အတိုင်း ဖြစ်လာခဲ့ပေပြီ။
စေတီရှင်’လီကျင်း’ ၏ ရူယိရွှေစေတီ ပျက်ဆီးသွားခဲ့သော်လည်း ဗုဒ္ဓဘာသာ ကျင့်ကြံသူများထံတွင် နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ထိန်းချုပ်နိုင်သည့် တခြားသော နည်းလမ်းများ ရှိနေသေးသည်မှာ ထင်ရှားသည်။