← Chapters

အခန်း (၁၆၉၉-၁၇၀၀)

Vol. 121 Ch. 1699-1700

အခန်း (၁၆၉၉-၁၇၀၀)

Vol. 121 Ch. 1699-1700

အခန်း (၁၆၉၉) နယ်မြေအသာစီးရရှိမှု

ရန်ကျောက်ကဲ၏ အမြင်အရတော့ နီကျားအနေဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ နယ်မြေဖြစ်သော အနောက်ဘက်သူတော်စင်ဘုံ သူ့ကို အနိုင်ယူရန် အလွန်ပင် ခက်ခဲလှသည်။

နီကျား၏တိုက်ခိုက်မှုက အလွန်ခိုင်မာပြီး အနောက်ဘက်သူတော်စင်ဘုံနှင့်လည်း လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံး ပြုလုပ်နိုင်သည်။

သို့သော် တကယ့်တိုက်ပွဲတွင် သူတတ်နိုင်သည်က ဗုဒ္ဓရောင်ခြည်အလင်းတန်းများ၏ ဖိနှိပ်မှုကို ရှောင်လွှဲပြီး တိုက်စစ်စွမ်းအားကို ထိန်းထားခြင်းသာ ဖြစ်သည်။

ဤနေရာ၌ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အားဖြည့်ပေးနေသည့် ကူညီထောက်ပံ့မှုများနှင့် တန်ခိုးစွမ်းအားများကို ဖြတ်တောက်ရန်မှာ နီကျားအတွက် ခက်ခဲလှသည်။

အနောက်ဘက်သူတော်စင်ဘုံတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ တန်ခိုးစွမ်းအားက အဆမတန် မြင့်တက်လျှက် ရှိသည်။

နီကျား၏ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်စွမ်းက နယ်မြေအသာစီးရမှုကြောင့် ဖြစ်ပေါ်လာသော ကွာခြားချက်ကို တစ်စိတ်တစ်ပိုင်းမျှသာ ဖြည့်ဆည်းပေးနိုင်သည်။

ထို့ကြောင့် နီကျားအနေဖြင့် အနိုင်ရမည့်နည်းလမ်းကိုသာ ရှာမထားနိုင်ပါက တိုက်ပွဲအခြေအနေက အလွန်ပင် စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။

ယခု မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနည်းငယ် ရုန်းကန်နေရဟန်ဖြင့် ခံစစ်တိုက်ခိုက်နေခြင်းမှာ နီကျားနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး စွမ်းအားများ အလဟသ မကုန်ဆုံးစေလိုသောကြောင့်သာ ဖြစ်သည်။

သူက နီကျား တဖြည်းဖြည်း အားအင်ကုန်ခမ်းသွားစေရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

"အနိုင်ရဖို့ ခက်ခဲတဲ့ တိုက်ပွဲပဲ"

နီကျားလိုချင်သည့် အောင်ပွဲမျိုးက တစ်ချက်တည်းဖြင့် ရရှိနိုင်သည် မဟုတ်ပေ။ ပြိုင်ဘက်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် ပြုလုပ်နိုင်ရန် လိုအပ်သည်။

လက်စားချေရန်ဖြစ်စေ ၊ သို့မဟုတ် နောက်လာမည့် ငရဲကိုးထပ်တိုက်ပွဲတွင် ရွှမ်တုကိုယ်တော်အတွက် ပြိုင်ဘက်တစ်ယောက်ကို ဖယ်ရှားပေးရန်ဖြစ်စေ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ဒဏ်ရာအပြင်းအထန်ရသွားရန် လုံလောက်သည်။

သို့ပေသိ လက်ရှိအခြေအနေကို ကြည့်လျှင်တော့ နီကျားတွင် အခြားသော လျှို့ဝှက်နည်းလမ်းများ မရှိပါက ဤသည်က စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေပေမည်။

မည်သို့ပင်ဖြစ်စေ သူ၏ပြိုင်ဘက်က လောကတွင် ရှေးအကျဆုံး ဗုဒ္ဓတစ်ပါး ဖြစ်သည်။

ထိပ်တန်းဗုဒ္ဓဘာသာကျင့်ကြံသူများဆိုသည်က သမိုင်းတစ်လျှောက် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အမြဲတမ်း နေရာတစ်ခု ရယူထားသူများ ဖြစ်ကြသည်။

သို့သော် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူအားလုံးကို ခြုံငုံကြည့်လျှင် 'မဟာမာရူယိ'က ဗုဒ္ဓဘာသာ၏ ထွန်းလင်းတောက်ပမှုကို အနည်းငယ် မှေးမှိန်သွားစေခဲ့သည်။

ဤအခြေအနေကပင် အနောက်ဘက်သူတော်စင်ဘုံ၏ လက်ရှိ နံပါတ် (၂) ခေါင်းဆောင်ဖြစ်သော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အထင်သေးစရာ ဖြစ်လာစေသည်။

ဟုတ်ပေ၏။

ဤသည်က မဟာမာရူယိ အလွန်အစွမ်းထက်လွန်းသောကြောင့်သာဖြစ်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ အားနည်းသောကြောင့် မဟုတ်ပေ။

ယခု မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံ၏ အားသာချက်ကို အသုံးချကာ နီကျားနှင့် ရင်ဆိုင်နေသည်။

နယ်မြေအသာစီးရထားသဖြင့် ရှုံးနိမ့်မည်ကို စိုးရိမ်စရာမလိုဘဲ မည်သူ့ကိုမဆို အနိုင်ယူနိုင်သည့် အနေအထားတွင် ရှိနေသည်။

အဆိုးဆုံးဖြစ်လာလျှင်ပင် သူက သိက္ခာမဲ့စွာဖြင့် ပင်လယ်ငြိမ်သက်ပုလဲ (၁၈) လုံးကို အသုံးပြုပြီး လိပ်တစ်ကောင် လိပ်ခွံထဲပြန်ဝင်သကဲ့သို့ မိမိုကိုယ်ကို အပြည့်အဝ ကာကွယ်သွားပေလိမ့်မည်။

လက်ရှိအခြေအနေတွင် နီကျားအနေဖြင့် ထိုခံစစ်စွမ်းအားကို ထိုးဖောက်ရန် မဖြစ်နိုင်သလောက်ပင်။

သူတော်စင်ဘုံ၏ ဗုဒ္ဓအလင်းတန်းများက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အဆက်မပြတ် အားဖြည့်ပေးနေသည်။ သူက ထိုအလင်းတန်းများကို လုံးဝ မတွန့်ဆုတ်ဘဲ အသုံးပြုလျှက် ရှိသည်။

အမှန်တော့ ထိုမြင်ကွင်းကိုကြည့်ရသည်မှာ အတော်လေး ရှက်စရာ ကောင်းလှသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ပြတ်ပြတ်သားသာ အနိုင်ယူရန် ဆုံးဖြတ်ထားသည့် နီကျားမှာလည်း မိမိလိုချင်သည့်ရည်မှန်းချက်ကို မရောက်နိုင် ဖြစ်နေရ၏။

သို့သော် ယနေ့ ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှေးဟောင်းဗုဒ္ဓက တန်ပြန်တိုက်ခိုက်ခြင်းမရှိဘဲ ခုခံနေသည်ဖြစ်ရာ တိုက်ပွဲအနိုင်ရသူမှာ အဖြေထွက်ပြီးသကဲ့သို့ ဖြစ်နေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ မျက်နှာပြောင်ချက်ကတော့ ပြောစရာပင် မလိုပေ။ သူက နောက်ဆုံးအချိန်ထိ လိပ်တစ်ကောင်ပမာ ခံစစ်ဗျူဟာကို အသုံးပြုပေလိမ့်မည်။

ပြောရလျှင်တော့ ဤတိုက်ပွဲတွင် သူ ဒဏ်ရာမရသရွေ့ ၊ ဤည်လည်း အောင်ပွဲတစ်ခုဟု ဆိုနိုင်၏။

နှစ်ဖက်လုံးက မတူညီသော ရည်မှန်းချက်များဖြင့် တိုက်ခိုက်နေကြသည်။

နီကျားက အစွမ်းကုန်တိုက်စစ်ဆင်ပြီး အဆုံးထိ ဖိအားပေးရန် ကြိုးပမ်းနေသည်။

အချိန်ကြာလာလျှင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် တန်ပြန်တိုက်ခိုက်လာမည်လား မဆိုနိုင်သော်လည်း လက်ရှိမြင်ကွင်းအရတော့ ရှေးဟောင်းဗုဒ္ဓက ခံစစ်ဖြင့်သာ ကာကွယ်နေသည်။

သို့သော် ရံဖန်ရံခါ တိုက်စစ်ဆင်ခြင်းဖြင့် အပြန်အလှန် တိုက်ခိုက်မှုများလည်း ရှိနေသည်။

နီကျားကတော့ ဤရလဒ်ကို သဘောမတူပေ။

ခေါင်းသုံးလုံး လက်ခြောက်ဖက် ဖန်ဆင်းလျှက် ပိုမိုရဲရင့်မြန်ဆန်သည့် တိုက်ကွက်များကို ထုတ်ဖော်လာသည်။ သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အသက်ရှူချောင်မည့် အခွင့်အရေးမျိုး လုံးဝ မပေးပေ။

သူ၏တိုက်ကွက်တိုင်းက ကမ္ဘာတစ်ခုကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်လောက်အောင် စွမ်းအားကြီးမားသည်။

သူတို့နှစ်ယောက် တိုက်ခိုက်နေသည့် ကျောင်းတော်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေ ဗဟိုချက် ဖြစ်သည်။

ယခု တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ကျောင်းတော်တစ်ခုလုံး ပေါက်ပြဲလာပြီး တဖြည်းဖြည်း ပျက်ဆီးယိုယွင်းလာသည်။

ကျောင်းတော်ထဲမှ လောကသည်ပင် ကပ်ဘေးကြုံနေရသည်မဟုတ်ပေ။ ကျောင်းတော်အပြင်ဘက်ရှိ ဘုံကျောင်းများ ၊ ဗောဓိပင်များနှင့် သစ်ပင်ပန်းမန်များသည်ပင် မှေးမှိန်ညှိုးနွမ်းလာကြသည်။

နီကျားက သူကျွမ်းကျင်သည့် သိုင်းပညာများအပြင် ကောင်းကင်ယက်ထည် ၊ ယင်ယန်စက်ဝန်း ၊ ယင်ယန်ဓားနှင့် ရွှေရောင်အုတ်ခဲကဲ့သို့သော ရတနာပစ္စည်းများကိုလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ အကြိမ်ကြိမ် ပစ်လွှတ်တိုက်ခိုက်နေသည်။

ဤရတနာပစ္စည်းများက သာမန်မဟုတ်ပေ။

အချို့က သူနှင့်အတူ မွေးဖွားလာသည့် ရတနာပစ္စည်းများဖြစ်ပြီး အချို့က သူပြန်လည်မွေးဖွားလာချိန်တွင် ရရှိခဲ့သည့် ရတနာပစ္စည်းများ ဖြစ်သည်။

ကြာပန်းရေစင်ဖြင့် ထိတွေ့ခံရပြီးသည့်နောက် ထိုရတနာပစ္စည်းများက သာမန် အမတမှော်ဝင်ပစ္စည်းများ မဟုတ်တော့ပေ။

ထိုအရာများက နီကျားနှင့်အတူ အကောင်းအဆိုး ဒုက္ခသုက္ခကို မျှဝေခံစားပြီး ကျန်ရှိသည့် ရတနာများကိုပါ ပိုမိုအားကောင်းလာစေသည်။

နီကျား၏လက်ထဲတွင် ထိုရတနာပစ္စည်းများ၏စွမ်းအားက အခြားရတနာများနှင့် လုံးဝမတူညီပေ။

ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် နီကျးက ထိုက်ရွှီးမူလနတ်ဘုရား အဆင့်တွင်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ရှိ ပြိုင်ဘက်များကိုပင် ယှဉ်ပြိုင်ခဲ့ဖူးသည်။

ထိုယှဉ်ပြိုင်ပွဲများတွင် သူ၏ ကိုယ်ပိုင်စွမ်းအားအပြင် ဤရတနာများမှာလည်း ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြ၏။

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးနောက် နီကျားက ရတနာပစ္စည်းအားလုံးကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံပြီး အဆင့်မြှင့်တင်ခဲ့သည်။

နီကျားက အားကုန်သုံးတိုက်ခိုက်နေသဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ အထူးသတိထားနေရသည်။

တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ နီကျားက ပိုမိုတက်ကြွလာပြီး ပင်လယ်ငြိမ်သက်ပုလဲ (၁၈) လုံး၏ တိုက်ခိုက်နိုင်စွမ်းက အားပျော့လာသည်။

ရန်တိက မျက်မှောင်ကျုံ့လိုက်ပြီး...

"နီကျားက အသာစီးရနေပေမဲ့ ဒီအတိုင်း ဆက်သွားရင်တော့ မကောင်းဘူး"

သူက ဆက်ပြောလိုက်သည်။

"ဒီအတိုင်းဆိုရင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အပြည့်အဝ ခုခံနေရအောင် ဖိအားပေးနိုင်ရုံပဲ ရှိလိမ့်မယ်"

နီကျားက ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်သည်ဆိုကတည်းက အနိုင်ယူရန် နည်းလမ်းကောင်းတစ်ခု ရှိလိမ့်မည်ဟု ရန်တိက ယူဆထားသည်။

ယန်ကျန်းက...

“အခြေအနေက အဲဒီလိုမျိုး ဖြစ်လာရင်တောင် နီကျားမှာ လုံးဝ အခွင့်အရေး မရှိတာမျိုးတော့ မဟုတ်ပါဘူး”

“ဟုတ်လား...”

ရန်ကျောက်ကဲနှင့် ရန်တိတို့ ယန်ကျန်းကို လှည့်ကြည့်လိုက်သည်။

သူတို့သားအဖနှစ်ယောက်က နီကျားအကြောင်းကို ယန်ကျန်းလောက် နားလည်သည် မဟုတ်ပေ။ ယန်ကျန်းကတော့ နီကျားနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ဖူးသည် မဟုတ်လား။

ယန်ကျန်းက...

"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓလက်ထဲမှာ ပင်လယ်ငြိမ်သက်ပုလဲတွေ အပြည့်အစုံရှိနေရင်တော့ နီကျားက အနောက်ဘက်သူတော်စင်ဘုံမှာ သူ့ကိုအနိုင်ယူဖို့ အခွင့်အရေး မရှိဘူး ၊ ဒါပေမဲ့ အခု ရှေးဟောင်းဗုဒ္ဓလက်ထဲက ပင်လယ်ငြိမ်သက်ပုလဲတွေက မပြည့်စုံဘူး ၊ မင်းတို့မြင်တဲ့အတိုင်းပဲ ပုလဲတွေ နေရာအနှံ့ ပျံ့ကျဲသွားတဲ့အခါ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်တော့ဘူး ၊ ဒါကြောင့် သူ့ရဲ့ ခံစစ်စွမ်းအားမှာတောင် အားနည်းချက်တွေ ရှိနေတယ်”

သူက ဆက်ပြောလိုက်သည်။

“တခြားသူတွေက ဒီအားနည်းချက်ကို မမြင်နိုင်ကြပေမယ့် နီကျားကတော့ စမ်းကြည့်လို့ ရနိုင်တယ်”

ယန်ကျန်း၏စကားကိုကြားတော့ ရန်တိက...

“ဒါဆို နီကျားအတွက် အခွင့်အရေးတစ်ခု ဆုပ်ကိုင်နိုင်ဖို့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အားကုန်သုံးခုခံရတဲ့အထိ စောင့်ဖို့လိုတာလား”

ယန်ကျန်းက...

"ဟုတ်တယ်"

သူက ဆက်ပြောလိုက်သည်။

“နီကျား အနိုင်ယူမယ့်တိုက်ကွက်က အခွင့်အရေးတချို့ လိုအပ်တယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့ ခေါင်းညိတ်လိုက်ကြသည်။

နီကျားအတွက် ရန်သူကို အနိုင်ယူရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အားကုန်သုံး ခုခံမည်ဆိုပါက အနောက်ဘက်သူတော်စင်ဘုံ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ အားဖြည့်ပေးနေသည့်တိုင် အခွင့်အရေး ရှိနေသေးသည်။

ရန်ကျောက်ကဲက...

“ဒါဖြင့် အစ်ကိုကြီးက ဘာကိုစိုးရိမ်နေတာလဲ”

ဟုတ်ပေ၏။

ယန်ကျန်းက ထိုသို့ပြောသည့်တိုင် သူ၏မျက်ဝန်းများက တည်ကြည်လေးနက်လျှက် ရှိသည်။

ယန်ကျန်းက အခြေအနေကို စောင့်ကြည့်ရင်း တစ်ချက်စဉ်းစားဟန်ဖြင့်...

"တစ်ခုခုတော့ မှားနေသလိုပဲ"

သူက ဆက်ပြောလိုက်သည်။

“နီကျားက စိတ်မရှည်ဘူးဖြစ်နေတယ် ၊ တကယ်ဆိုရင် ဒီလို မဖြစ်သင့်ဘူး”

ရန်ကျောက်ကဲနှင့် ရန်တိတို့ နှစ်ယောက်လုံး မျက်မှောင်ကျုံ့လိုက်မိကြသည်။

ယန်ကျန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် နီကျားအကြောင်း သိရှိနားလည်မှုအရ ဤခံစားချက်မှာ အကြောင်းမဲ့ ဖြစ်လာခြင်း မဟုတ်ပေ။

သို့ပေသိ နီကျားတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသည်ဆိုပါက သူ အဘယ့်ကြောင့် စိတ်ပူပန်နေရပါသနည်း။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မြေပြင်အနေအထား အားသာချက်ကြောင့် အချိန်ဆွဲတိုက်ခိုက်သည်ဖြစ်ရာ သူ့အတွက် ပိုမိုအကျိုးရှိသည် အမှန်ပင်။

သို့သော် တိုက်ပွဲက စရုံရှိသေးသဖြင့် ဤအခြေအနေတွင် ထူးခြားသည့်အသာစီးရမှုမျိုး မပေါ်ပေါက်သေးပေ။

နီကျားက စိတ်မြန်လက်မြန်ရှိသည်ဆိုသော်လည်း တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။

ထို့ကြောင့် သူက အဆင်အခြင်မဲ့ အရမ်းကာရော ဝင်ရောက်တိုက်ခိုက်မည်မဟုတ်ဟု ယူဆရလေသည်။

အခန်း (၁၇၀၀) ကျင့်ဝတ်မညီသူ

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျားကို အနိုင်ယူရန် မဖြစ်နိုင်မှန်းသိဖြင့် တိုက်ပွဲကို အချိန်ဆွဲထားရန် ကြိုးပမ်းခဲ့သည်။

မြေပြင်အနေအထား အားသာချက်ရှိသည့်အတွက် အချိန်ဆွဲတိုက်ခိုက်ခြင်းက သူ့အတွက် ပြဿနာမရှိပေ။

ထို့ပြင် ဒဏ်ရာရမည်ကို‌ ရှောင်ရှားရန်အတွက် ခံစစ်ကိုသာ ဦးစားပေး တိုက်ခိုက်ကာ နီကျား၏စွမ်းအားများ ကုန်ခမ်းသွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။

သူ၏ဗျူဟာက ယုတ္တိရှိပြီး နားလည်နိုင်စရာ ရှိသည်။

နီကျားက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။

ရေရှည်ဆွဲပြီးတိုက်ခိုက်ပါက သူ့အတွက် အခြေအနေမကောင်းနိုင်မှန်း သိရှိသည်။ သို့သော် သူသာ စိတ်မရှည်ဘဲ မျက်စိစုံမှိတ်ပြီး အရမ်းကာရော တိုက်ခိုက်ပါက ရန်သူကို အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားပေမည်။

ထိုသို့ဆိုလျှင် အနိုင်ရရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအား ဖိအားပေးတိုက်ခိုက်သည်ဆိုသော်လည်း စိတ်အေးလက်အေးဖြင့် မှန်ကန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားသည်။

သူက ရှုပ်ထွေးစွာ တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ရန်သူ၏ အားနည်းချက်ကို ရှာဖွေပြီး မိမိအားသာချက်ကို ပိုမိုကြီးမားစေကာ တိုက်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်ထားသည်။

ဟုတ်ပေ၏။

မြန်ဆန်ခြင်းက အဓိကမဟုတ်ဘဲ အနိုင်ရခြင်းသာလျှင် အဓိက ဖြစ်သည်။

ယန်ကျန်း၏ အမြင်မှာတော့ တိုက်ပွဲအစတွင် နီကျားက ထိုသို့သော အခြေအနေမျိုးတွင် ရှိနေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာသည်။

နီကျား၏ တိုက်ခိုက်မှုပုံစံသာမက စိတ်ပိုင်းဆိုင်ရာသည်ပါ စိတ်မရှည်ဘဲ စိတ်ရှုပ်ထွေးဟန်များ ရှိလာသည်။

ဤသည်က အစပိုင်း မျှော်လင့်ထားသည်နှင့် အကြီးအကျယ် ကွဲပြားနေသည်။ ဤအတိုင်းသာ ဆက်သွားပါက မျှော်လင့်သည့်ရလဒ်မျိုး ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ၊ ရန်တိနှင့် ယန်ကျန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ရန်တိက မျက်မှောင်ကျုံ့လိုက်ရင်း...

“သူက ကိုယ်တိုင်တိုက်ခိုက်နေတာဆိုတော့ ကျွန်တော်တို့လို ကြည့်နေတဲ့သူတွေ မမြင်နိုင်တဲ့ကိစ္စတစ်ခုခုကို သတိထားမိသွားတာများလား”

သူက ဆက်ပြောလိုက်သည်။

“ဒါမှမဟုတ် သူ့ကို တိုက်ပွဲမှာ အာရုံလွဲသွားအောင်လုပ်နိုင်တဲ့ လျှို့ဝှက်ဒဏ်ရာတစ်ခုခုများ ရသွားတာလား”

ရန်ကျောက်ကဲက တိုက်ခိုက်နေကြသော နီကျားနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို လှမ်းကြည့်လိုက်သည်။

“အရင်က မိစ္ဆာချီနဲ့ သတ်ဖြတ်လိုစိတ်တွေက နီကျားကို ညစ်နွမ်းစွန်းထင်းစေခဲ့ဖူးတယ် ၊ ဒါပေမဲ့ ထိုက်ယီကျန်းရန်ရဲ့ အကူအညီနဲ့ အားလုံး သန့်စင်ပြီးသွားလို့ နောက်ဆက်တွဲ ဘာပြဿနာမှ မရှိတော့ဘူးလို့ ထင်ထားခဲ့တာ ၊ ကြည့်ရတာ အဲဒီရောဂါဟောင်း ပြန်ဖောက်လာသလိုပဲ”

ထိုက်ယီကျန်းရန်၏ စကားအရဆိုလျှင် နီကျားအနေဖြင့် ရောဂါဟောင်း ပြန်ပေါ်မလာသင့်ပေ။

သို့သော် ယခု သူရင်ဆိုင်နေရသည့် ရန်သူက ထူးခြားသည်။

ပြင်းထန်သည့်တိုက်ပွဲတစ်ခုတွင် ကြိုတင်မခန့်မှန်းနိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျားကို အစွမ်းကုန် ဖိအားပေးနိုင်လောက်အောင် စွမ်းအားကြီးမားသူ ဖြစ်သည်။

နီကျားကလည်း ထိုဗုဒ္ဓကို အလွန်အမင်း မုန်းတီးနေသည်ဖြစ်ရာ ၊ ဤအကြောင်းအချက်က အရင်က မိစ္ဆာချီနှင့် သတ်ဖြတ်လိုစိတ်များကြောင့် စွန်းထင်းခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်နေသည်။

ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“ဒီနေရာမှာ ဗုဒ္ဓရောင်ခြည်အလင်းတန်းတွေက နေရာတိုင်းမှာ ရှိနေတယ် ၊ ဒီအလင်းတန်းတွေမှာ အားသာချက် ၊ အားနည်းချက် နှစ်ခုလုံးရှီတယ် ၊ ပြီးတော့ အနောက်ဘက်သူတော်စင်ဘုံရဲ့ ဗုဒ္ဓကျမ်းစာ‌တွေက မိစ္ဆာချီနဲ့ သတ်ဖြတ်လိုစိတ်တွေကိုဖိနှိပ်နိုင်တဲ့ အာနိသင်ရှိတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ ပုံမှန်ဆိုရင် နီကျားရဲ့ရောဂါဟောင်း ပြန်ဖောက်လာစရာ အကြောင်းမရှိဘူး”

ရောဂါဟောင်းပြန်ဖောက်လာရန် အခွင့်အရေးရှိသည်ဆိုလျှင်တောင်မှ အနောက်ဘက်သူတော်စင်ဘုံတွင် ဖြစ်လာစရာ အကြောင်းမရှိပေ။

ယန်ကျန်းက ငြိမ်သက်စွာ မတ်တတ်ရပ်နေရင်းမှ...

“တခြားအကြောင်းရင်းတွေ မရှိရင်တော့မ ဖြစ်နိုင်ဘူး”

ထို့နောက် သူ၏နဖူးပြင်ထက်တွင် အလင်းတန်းတစ်ခုပေါ်လာပြီး အရေပြားထက်တွင် ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်လာသည်။

ဤသည်က ယန်ကျန်း၏ မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက် တတိယမျက်လုံးပင် ဖြစ်သည်။ ယန်ကျန်းက ထိုမျက်လုံးဖြင့် စကြာဝဠာတစ်ခွင်လုံးကို ကြည့်ရှုလိုက်သည်။

ဤသည်ကိုမြင်တော့ မိုးကြိုးလျှပ်စီးဗုဒ္ဓ ၊ ကွမ်ယင်ဗောဓိသတ္တနှင့် အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“ငါတို့ ဖုံးကွယ်ထားလို့ မရနိုင်တော့ဘူး”

ယန်ကျန်းက တတိယမျက်လုံးကိုဖွင့်လိုက်ပြီး နီကျားကို စူးစိုက်ကြည့်လိုက်သည်။

သူမြင်လိုက်ရသည့်နီကျား၏ပုံစံက ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း နီကျား၏ မျက်လုံးအနောက်ဘက်တွင် ရောင်စုံလွင့်ပျံနေသည့် အလင်းတန်းတစ်ခု လှုပ်ရှားနေကြောင်း တွေ့လိုက်ရသည်။

ယန်ကျန်းက အေးစက်သည့်လေသံဖြင့်...

“မူလစိတ်ဝိညာဉ်နတ်ဆိုးပဲ...”

ထို့နောက် သူက ကြုံးဝါးအော်ဟစ်လိုက်၏။

"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မင်း တော်တော်အရှက်မရှိ သိက္ခာမဲ့တာပဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

“တာအိုရောင်းရင်း အရမ်းလျှောက်ပြီး မစွပ်စွဲနဲ့ ၊ နီကျားက မကျေနပ်ချက်တွေ ပြင်းထန်လွန်းတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးဝင်ရောက်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတာပဲ ၊ ဒီတော့ မင်း ငါ့ကို အပြစ်တင်လို့မရဘူး”

သူက ဆက်ပြောလိုက်သည်။

“နီကျား မသက်မသာခံစားနေရလို့ သူ့ကိုယ်တွင်းနတ်ဆိုးကို ဖိနှိပ်ချင်တယ်ဆိုရင် ဒီနေ့တိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြရအောင်”

နီကျားက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

“အိပ်မက်မက်မနေနဲ့”

ထို့နောက် သူက ချက်ချင်းပင် တိုက်စစ်ဆင်ခြင်းကိုလျှော့ချကာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...

"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ မင်း ဒီလို တာဝန်မယူဘဲ လွှဲချတာကတော့ သိက္ခာမဲ့လွန်းတယ်”

သူက ဆက်ပြောလိုက်သည်။

"ဒီနေရာက တခြားနေရာ မဟုတ်ဘူး ၊ အနောက်ဘက်သူတော်စင်ဘုံလေ ၊ အော်မီတော်ဖော်ဗုဒ္ဓရော မင်းရော သဘောမတူဘဲနဲ့ ဒီနေရာမှာ မူလစိတ်ဝိညာဉ်နတ်ဆိုး ပေါ်လာစရာ အကြောင်းမရှိဘူး"

နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအပေါ် မကျေနပ်မှုနှင့် ဒေါသများ ရှိနေသည့်အတွက် သူ၏စိတ်တွင် အားနည်းချက်များရှိနေသည် အမှန်ပင်။

သို့သော် သူ၏ ကိုယ်ပိုင်ထိန်းချုပ်မှုဖြင့် ကိုယ်တွင်းမိစ္ဆာကို ဖိနှိပ်ပစ်နိုင်ပြီး စိတ်အာရုံ မလွဲမှားစေရန် ပြုလုပ်ရန် လုံလောက်သည်။

သို့ရာတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးကိုယ်တိုင် ပါဝင်လှုပ်ရှားလာပါက ကြီးမားသော အန္တရာယ်တစ်ခုအဖြစ် ဖြစ်လာပေမည်။

အထူးသဖြင့် လက်ရှိတွင် နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိုက်ခိုက်နေရခြင်းက ပြဿနာကို ပိုမိုကြီးမားစေပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးက အခွင့်ကောင်းယူသွားနိုင်သည်။

နီကျားက ရှေးယခင်အချိန်က ကပ်ဘေးတစ်ခု ကြုံတွေ့ခဲ့ပြီး ကြာပန်းခန္ဓာဖြင့် ပြန်လည်မွေးဖွားလာကာ 'ရတနာကြာပန်းနတ်ဘုရားခန္ဓာ'ကို ရရှိခဲ့သည်။

ထို့ကြောင့် သူက လောကရှိ မိစ္ဆာစွမ်းအားအများစုကို မွေးရာပါ ခုခံနိုင်စွမ်း ရှိလေသည်။

သို့ပေသိ မူလစိတ်ဝိညာဉ်နတ်ဆိုးက အခြေခံအားဖြင့် မိမိကိုယ်တွင်း၌ ပေါက်ဖွားလာသည်ဖြစ်ရာ နီကျား၏ရတနာကြာပန်းနတ်ဘုရားခန္ဓာမှာလည်း မည်သို့မှ တတ်နိုင်ခြင်း မရှိပေ။

သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေမည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက မည်သည့်တိုက်ခိုက်မှုမှ ပြုလုပ်စရာမလိုဘဲ ငြိမ်သက်စွာပင် လူတစ်ယောက်၏အားနည်းချက်ကို ပိုမိုကြီးမားလာစေကာ နောက်ဆုံး မခံရပ်နိုင်သည်အထိ ဖန်တီးမည် ဖြစ်သည်။

ဤသည်က သူ၏တန်ခိုးစွမ်းအားပင် ဖြစ်၏။

နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိုက်ခိုက်ရန် အာရုံစိုက်နေချိန် မူလစိတ်ဝိညာဉ်နတ်ဆိုးက အနောက်ဘက်သူတော်စင်ဘုံ၏ အကူအညီဖြင့် နောက်ကွယ်မှ လှုပ်ရှားခြင်း ဖြစ်သည်။

ထို့ကြောင့် နီကျားအနေဖြင့် ထိုလျှို့ဝှက်ကြံစည်မှုကို သတိမပြုမိနိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် နီကျား မည်မျှဒေါသထွက်နေသည်လဲ ပြောစရာပင် မလိုပေ။

သို့သော် သူ၏ စိတ်ခံစားမှုများ ပြင်းထန်လေ မူလစိတ်ဝိညာဉ်နတ်ဆိုး၏ လွှမ်းမိုးမှုခံရရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။ သို့ဖြစ်ရာ နီကျားအနေဖြင့် စိတ်အခြေအနေတည်ငြိမ်စေရန် လုံးဝ အာရုံစိုက်ထားရန်သည်။

“မငြိမ်းသောမီးအိမ်ဗုဒ္ဓ ၊ မင်းက တစ်ယောက်ချင်းတိုက်ခိုက်တာမဟုတ်ဘဲ နှစ်ယောက်ချင်းတိုက်တာကို လိုချင်တာလား”

ယန်ကျန်း၏ အသံက ကျယ်လောင်ခြင်းမရှိလှပေ။

သို့ပေသိ သူ့အသံ ထွက်ပေါ်လာသည်နှင့် ဗုဒ္ဓနယ်မြေတစ်ခုလုံး ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြသလာသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“မင်းရဲ့စကားက မမှန်ကန်ပါဘူး တာအိုရောင်းရင်း ၊ ဘာလို့လဲဆိုတော့ ငါက အစကနေ အဆုံးထိ ဒီတိုက်ပွဲကို တိုက်ခိုက်ချင်ခဲ့တာ မဟုတ်ဘူး”

ယန်ကျန်းက အေးဆေးသည့်လေသံဖြင့်...

“ဒါပေမဲ့ တိုက်ခိုက်ဖို့ သဘောတူပြီးပြီဆိုရင် စည်းကမ်းအတိုင်း လိုက်နာရမှာပေါ့”

သူက ဆက်ပြောလိုက်သည်။

“အခု မင်းက စည်းကမ်းမလိုက်နာဘူးဆိုတော့ ဘယ်သူမှ စည်းကမ်းလိုက်နာစရာ မလိုတော့ဘူး ၊ ဒါကြေင့် နီကျား သူ့ဟာသူ စိတ်တည်ငြိမ်အောင်ကြိုးစားပါစေ ၊ ငါ မင်းနဲ့တိုက်ခိုက်မယ် ၊ အော်မီတော်ဖော်ဗုဒ္ဓလည်း ကန့်ကွက်မယ် မထင်ပါဘူး”

နီကျားက...

“ငါ့အတွက် စိတ်မပူပါနဲ့ အစ်ကိုကြီး ၊ ခဏနေရင် အဆင်ပြေသွားမှာပါ”

သူက ကောင်းကင်ယံကိုနင်းလျှောက်ရင်း မူလစိတ်ဝိညာဉ်နတ်ဆိုး၏ လွှမ်းမိုးမှုကို ခုခံလျှက် ရှိသည်။

သူက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ယန်ကျန်း ၊ ရန်ကျောက်ကဲနှင့် ရန်တိတို့ဘက်သို့လှည့်ကာ လက်ကာပြလိုက်သည်။

သူအဆင်ပြေကြောင်းနှင့် သူ့ဘာသာ ဖြေရှင်းနိုင်ကြောင်း အရိပ်အမြွက်ပြလိုက်ခြင်း ဖြစ်၏။

တိုက်ခိုက်ခြင်း ခဏရပ်နားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် နီကျား၏အခြေအနေက ပြန်လည်တည်ငြိမ်သွားသည်။

နီကျား၏ ကျောက်စိမ်းပမာ ဖြူစင်သည့်အသားအရေထက် ရောင်စုံအလင်းတန်းများ ရုတ်တရက်ဖုံးလွှမ်းသွားသော်လည်း ခဏမျှသာဖြစ်ပြီး မကြာမီ ပျောက်ကွယ်သွားသည်။

သူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူ၏ခန္ဓာကိုယ်မှ အနက်ရောင်မိစ္ဆာချီ အနည်းငယ်ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ချီများက နီကျားကို ဒုက္ခပေးခြင်း သို့မဟုတ် ရစ်ပတ်သွားခြင်းမျိုးမရှိဘဲ သူ၏ခန္ဓာကိုယ်မှ ဝေးရာသို့ ဆွဲထုတ်ခံရသည့်ပမာ ဖြစ်သည်။

နီကျား အံ့အားသင့်သွား၏။

“ဒါက...”

ထိုမြင်ကွင်းကိုတွေ့တော့ အစပိုင်းတွင် ရန်ကျောက်ကဲ နားမလည်နိုင်ခဲ့ပေ။ သို့သော် အခြားအကြောင်းတစ်ခုကို တွေးမိသည့်အခါ အမှန်တရားကို ရိပ်မိလိုက်သည်။

“နားရွက်ခြောက်ဖက်မျောက်ပဲ...”

ရန်ကျောက်ကဲ လွှတ်ခနဲ ရေရွတ်လိုက်သည်။

ရန်တိ၊ ယန်ကျန်းနှင့် နီကျားတို့လည်း အခြေအနေကို နားလည်သွားကြသည်။

သူတို့က ချီထျန်းမဟာသူတော်စင် ‘စွန်းဝူခုန်း’ ၊ တိုက်တိုင်းအောင်ဗုဒ္ဓ’စွန်းရှင်ကျေ’ နှင့် နားရွက်ခြောက်ဖက်ပါသည့်မျောက်တို့၏ ဆက်စပ်မှုကို ရန်ကျောက်ကဲပြောပြသဖြင့် ကြားဖူးထားကြသည်။

နားရွက်ခြောက်ဖက်မျောက်မှာ ယခင်က စွန်းရှင်ကျေ၏ ကိုယ်တွင်းမိစ္ဆာမှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။

ဤသည်က အကြောင်းရင်းများစွာ ပေါင်းစပ်ပြီး တစ်သက်တွင် တစ်ကြိမ်သာကြုံတွေ့ရသည့် ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်သည်။

ငရဲကိုးထပ်မှ နတ်ဆိုးများအနေဖြင့် ဤဖြစ်စဉ်ကို မကြာခဏပြုလုပ်နိုင်ရန် ခဲယဉ်းလှသည်။

သို့သော် ယခုတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက ယခင်က နားရွက်ခြောက်ဖက်ပါရှိသည့်မျောက်၏ဖြစ်ရပ်မျိုး ပြန်လည်ဖန်တီးရန် ကြိုးပမ်းနေသည်မှာ ထင်ရှားသည်။

နီကျား၏ ကိုယ်တွင်းမိစ္ဆာကိုအသုံးပြုပြီး ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ပါးကို ထပ်မံဖန်တီးရန် ကြံစည်လိုက်ခြင်းသာ ဖြစ်ပေသည်။

All Chapters