အခန်း ၂၇၁
Vol. 19 Ch. 271
အပိုင်း ( 271 )
တကယ်လို့ ငါ့ဆီမှာ အခွင့်အရေး ရှိမယ်ဆိုရင် လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါကွာ
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားကာ အနက်ရောင် ဝတ်စုံအောက်တွင် ရှိနေသည့် သူ၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။
အဘိုးအိုက စကားဆက်ပြောလာခဲ့၏ “ မင်းဒဏ်ရာရထားသေးလား။ ဒဏ်ရာတွေက ပြင်းလား။ ခုနက မင်းတော်တော် ကြောက်သွားလောက်တယ် “
အဆိုပါ ရုတ်တရက် ဂရုစိုက်မှုကို ခံစားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အငိုက်မိသွားခဲ့သည်။ အကယ်၍ သူကသ ထိုလူများက မည်ကဲ့သို့သော လူမျိုးလဲဆိုသည်ကို မသိရှိထားဘူးဆိုပါက သူက သူတို့ကို ယုံမိလုနီးပါး ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် အလကားရသော နံနက်စာ မရှိနိုင်ပေ။ တစ်ချို့တစ်လေ ရှိနိုင်သော်လည်း ၎င်းကို ထိုလူများထံမှ မည်သို့မျှ ရရှိလိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး “
အဘိုးအိုမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
သူသည် ယခုလက်ရှိ အခြေအနေကို ငေးကြည့်ကာ စကားဆက်ပြောလာခဲ့၏ “ မိတ်ဆွေလေး ကြောက်နေဖို့ မလိုပါဘူးကွာ။ ငါတို့က အရှေ့ပိုင်းဒေသရဲ့ ထျန်းကျီစံအိမ်နဲ့ ထျန်းရီ မြင့်မြတ်နယ်မြေက လူတွေပါ။ ငါတို့က ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိတယ်။ ငါတို့က မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ မင်းဒုက္ခရောက်နေတာကို အခုလေးတင် တွေ့လိုက်ရလို့ လာကူညီတာပါ “
လုချန်ရှန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုစကားကို သရဲတစ္ဆေများကပင် ယုံကြည်လိမ့်မည် မဟုတ်ပေ။ သူတို့ရဲ့လက်ထဲမှာ ငါခံစားခဲ့ရတာတွေက မလုံလောက်သေးဘူးလား။
သူတို့ တွေးတောစဥ်းစားနေသည့် အရာများက သူ့ကို မည်ကဲ့သို့ သတ်ဖြတ်ရမလဲဆိုသည်သာ ဖြစ်သော်လည်း ယခုတွင်မူ သူတို့က သူ့ကို လိမ်လည်လှည့်ဖျားရန် ကြိုးပမ်းနေကြ၏။ ထိုလူများက လူမည်မျှကို လှည့်စားခဲ့ပြီးပြီလဲဆိုသည်ကို ဘယ်သူက သိမည်နည်း။
သို့ရာတွင် သူသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ အင်းးး “
အဘိုးအိုသည် မျက်မှောင်ကြုတ်သွားကာ အမှန်တကယ် အံ့ဩသွားခဲ့သည်။ အနက်ရောင် ဝတ်စုံက သူ့ကို တားဆီးပိတ်ဆို့ထားသော်လည်း သူသည် ၎င်းက လူငယ်လေးတစ်ဦးဖြစ်သည်ဆိုသည်ကို အာရုံခံနေနိုင်သေး၏။
ဒါပင်မဲ့ ဒီလူငယ်လေးက ဘာဖြစ်လို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲဟ။ ထျန်းကျီစံအိမ်နဲ့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ စိတ်စေတနာကောင်းနဲ့ ရင်ဆိုင်နေရတာတောင်မှ ဘာတုံ့ပြန်မှုမှ မရှိဘူး။ တုံ့ပြန်မှု မရှိဘူးဆိုရင်တောင်မှ စကားနည်းနည်းလောက်တော့ ပြောသင့်တယ်လေ။ အင်းဆိုတာကက ဘာသဘောလဲ။
“ လူငယ်လေးက သတ္တိအရာမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကို ငါမြင်ခဲ့ရတယ်လေ။ မင်းက ဘယ်ကလဲဆိုတာကို ငါမေးလို့ရမလား။ မင်းရဲ့ ဆရာက ဘယ်သူလဲ “
“ တစ်ကိုယ်တော် ကျင့်ကြံသူပါ “
လုချန်ရှန်းက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ကာ ထွက်သွားရန် အလျင်မလိုခဲ့ပေ။ သူသည် ထိုလူများက ဘာလုပ်ချင်နေလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့၏။ သူသည် ယခင်က သူ၏ခွန်အားကို များများစားစား ထုတ်မပြလိုက်ဘဲ နောက်ဆုတ်နိုင်မည့် လမ်းတစ်လမ်းကို ချန်ထားခဲ့သည်။
ဤကဲ့သို့သော နေရာမျိုးတွင် လုံခြုံဘေးကင်းအောင် နေနေခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေသည်။
အဘိုးအိုသည် မှင်သက်နေခဲ့ပြီးမှ သတိပြန်ဝင်လာကာ စကားထပ်ပြောလာခဲ့၏ “ ဒီနေရာကို ရောက်လာတဲ့ လူတွေက အမှတ်အသားတွေ ရှာဖို့အတွက်ပဲလေ။ မိတ်ဆွေလေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ထူးခြားတယ်။ မင်းက ငါတို့နဲ့ ပူးပေါင်းချင်လားဆိုတာကို သိချင်မိတယ် “
“ ပူးပေါင်းတာလား။ ဘာကို ဆိုလိုတာလား “
“ ငါတို့နဲ့ ပူးပေါင်းပြီးတော့ အတူတူ လှုပ်ရှားကြတာပေါ့။ အောင်မြင်နိုင်ခြေကလည်း ပိုမြင့်လာမှာပဲလေ။ ပြီးတော့ မင်းက တစ်ယောက်တည်း တိုက်ခိုက်နေရပြီးတော့ မထင်မှတ်ထားတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရမှာကို တွေးပူနေစရာ မလိုတော့ဘူး “ အဘိုးအိုက အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကျွန်တော့်ကို အမှတ်အသားတွေပေးမယ်လို့ ပြောချင်နေတာလား “
အဘိုးအို : “ ??? “
ဘာကိုဆိုလိုတာလဲဟ။ ဘာလို့ အဲ့လိုမျိုး အဓိပ္ပါယ်ကောက်လိုက်ရတာလဲဟ။
“ အမှတ်အသားတွေက ကိုယ်တိုင်သတ်ဖြတ်ပြီးမှ ရတဲ့ဟာတွေလေ။ ဒါပင်မဲ့ မိတ်ဆွေလေးက စစ်မြေပြင်မှာ အခွင့်အလမ်းတွေ ဖလှယ်ဖို့အတွက် အများစုရမှာပါ။ တူညီတဲ့ အမှတ်အသားတွေအတွက် ငါတို့က မိတ်ဆွေလေးကို ပစ္စည်းပိုပေးမှာပါ။ အဲ့တာက မိတ်ဆွေလေးအတွက် သေချာပေါက် ပိုကောင်းမှာပါ “
လုချန်ရှန်းမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ မင်းတို့ကလည်း ကောင်းကင်ဘုံ အကယ်ဒမီလို အမှတ်အသားတွေ စုနေတယ်ပေါ့။
မင်းတို့က ဘာကို လဲချင်နေကြတာလဲဟ။
ထို့အပြင် တစ်ခြားပြဿနာတစ်ခု ရှိနေသေး၏။ သူက ထိုလူများ၏ စရိုက်ကို မယုံကြည်နိုင်ပေ။ ထိုလူများက မြစ်ကို ကျော်ဖြတ်ပြီးလျှင် တံတားဖျက်ခြင်း (သို့)အလုပ်ပြီးလျှင် မြည်းကို သတ်ခဲ့ခြင်း (သို့) သစ္စာဖောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်က အကြိမ်ပေါင်းမည်မျှ ရှိနေပြီလဲဆိုသည်ကို သူမသိပေ။
ထိုလူများကို ယုံကြည်လိုက်ခြင်းက ကောင်းကင်ဘုံ အကယ်ဒမီကို ယုံကြည်လိုက်ခြင်းထပ် ပိုဆိုးနေလိမ့်မည် ဖြစ်သည်။ အနိမ့်ဆုံးအနေဖြင့် ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂုဏ်သတင်းက ထိုလူများထပ် ပိုမိုကောင်းမွန်နေခဲ့သည်။
သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် အဘိုးအိုက စကားထပ်ပြောလာခဲ့သည် “ မိတ်ဆွေလေး ဘယ်လိုလဲ။ စဥ်းစားပြီးပြီလား။ မိတ်ဆွေလေးရဲ့ စွမ်းရည်က တကယ်ကို ထူးခြားတယ်။ ကျုပ်ရဲ့ ထျန်းကျီစံအိမ် ဒါမှမဟုတ် ထျန်းရီ မြင့်မြတ်နယ်မြေက မိတ်ဆွေလေး ပူးပေါင်းလာမှာကို ကြိုဆိုဖို့အတွက် တော်တော်လေး စိတ်အားထက်သန်နေတာ “
သူသည် သံလွင်ခက်ကို ကမ်းပေးလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ပို၍ပင် သတိတကြီး ဖြစ်သွားခဲ့သည်။ ယခုလေးတင် သူတို့က သူ့ကို လိမ်လည်လှည့်ဖျားရန် ကြိုးပမ်းခဲ့ကြပြီး ယခုတွင်မူ သူ့ကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် တိုက်ရိုက်ကြိုးပမ်းလာကြသည်။
သူတို့၏ အမြင်တွင် အဆိုပါ အင်အားစု နှစ်ခုနှင့် ပူးပေါင်းခြင်းက ကြီးမားသော ကောင်းချီးတစ်ခုဖြစ်နေခဲ့သည်။ လူမည်မျှက ၎င်းကို ငြင်းပယ်နိုင်မည်နည်း။
သို့သော် လုချန်ရှန်းကမူ သူတို့က သူ့ကို အမြတ်ထုတ်ရန် ကြိုးပမ်းနေသည်ဟု ခံစားနေခဲ့ရ၏။ အကယ်၍ သူကသာ ထိုလူများနှင့် ပူးပေါင်းလိုက်မည်ဆိုပါက သူက သူတို့၏ လူဖြစ်သွားကာ ထိုလူများအတွက် မလွဲမသွေ အလုပ်လုပ်ပေးရတော့မည် ဖြစ်သည်။
“ တစ်ယောက်တည်းပဲ နေတော့မယ်။ အဲ့လိုနေရတာကိုပဲ ကျင့်ကြံသားရနေပြီလေ “ ဟု လုချန်ရှန်းက တိုက်ရိုက်ငြင်းပယ်လိုက်၏။
အဘိုးအိုမှာ အလိုအလျောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် တစ်ဖက်လူက ထိုမျှကြီးမားသော ကမ်းလှမ်းမှုမျိုးကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မိတ်ဆွေလေး သေချာစဥ်းစားသင့်တယ်နော် “
“ ဘာကို သေချာစဥ်းစားရမှာလဲ “
“ ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတွေကို မြှုပ်နှံထားတဲ့ ရှေးဟောင်း စစ်မြေပြင်လေ။ ဒီနေရာမှာ အဆုံးမဲ့ အန္တရာယ်တွေရှိတယ်။ တကယ်လို့ တစ်ယောက်တည်းသွားမယ်ဆိုရင် မင်းဘာဖြစ်လဲဆိုတာကို ဘယ်သူကမှ ဂရုစိုက်ကြမှာ မဟုတ်ဘူး “
အဘိုးအို၏ အသံက အေးဆေးတည်ငြိမ်သော်လည်း အသံအနေအသံထားမှာ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းမှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ငါ့ကို မလှည့်စားနိုင်တော့ ခြိမ်းခြောက်တာကိုပါ လုပ်လာကြပြီလားဟ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တွေးပူနေဖို့ မလိုပါဘူး။ တကယ်လို့ အပြင်မှာ သေသွားမယ်ဆိုရင် အဲ့တာက ကျွန်တော် ကံဆိုးနေလို့ပဲပေါ့ “
“ အဲ့လိုလား “
“ ငါမင်းကို ဘာမှ ထပ်မပြောတော့ဘူး။ အဲ့ဒီ မိစ္ဆာစွမ်းအင်တွေကို မင်းအတွက် ချန်ပေးထားခဲ့မယ်။ ငါသွားပြီ “
ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် လှည့်ထွက်သွားပြီး အရာအားလုံးကို လျစ်လျူရှုထားလိုက်သည်။
နောက်လှည့်သွားသည့် အခိုက်အတန့်တွင် အဘိုးအို၏ အမူအရာမှာ ပုတ်သိုးသိုးဖြစ်သွားခဲ့သည်။ သို့သော် သူလှုပ်ရှား၍ မရပေ။
အကယ်၍ သူကသာ လှုပ်ရှားရန် ပြင်ဆင်လာခဲ့မည်ဆိုပါက လုချန်ရှန်းမှာ ထိုလူများကို ကြိုတင်ရှင်းထုတ်ပစ်မည် ဖြစ်သည်။
ထိုလူများက သူ့ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး သူ၏တန်ဖိုးကို အတည်ပြုခဲ့ကာ သူက အမှတ်အသားများ ရရှိရန်အတွက် နတ်ဆိုးချီများကို သတ်ဖြတ်နိုင်သည်ဆိုသည်ကို သိနေခဲ့၏။ ထို့ကြောင့် သူတို့က အခွင့်အရေးကို ဖမ်းဆုပ်ကာ သူဒုက္ခရောက်နေသည့် အချိန်တွင် ကယ်ဆယ်လိုကြခြင်း ဖြစ်သည်။
၎င်းမှာ လုချန်ရှန်းက သူတို့ကို ကျေးဇူးတင်သွားကာ သူတို့၏ တောင်ပံအောက်သို့ ခိုနားလာစေရန်နှင့် အခမဲ့လုပ်အားပေးသူကို ရရှိစေရန်အတွက် ဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်က မအောင်မြင်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ထိုလူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
နတ်ဆိုးချီများကို ကိုင်တွယ်ခဲ့ပြီးသည့်နောက်တွင် လူတိုင်း ပြန်ရောက်လာကြသည်။ သို့သော် လူတော်တော်များများက ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ကြရသည်။ မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်ကပင် သေဘေးနှင့် နီးကပ်သွားခဲ့သည်။
သူ၏လက်မောင်းမှ အသားပိုင်းကြီးများ စုတ်ပြတ်ပွင့်ထွက်နေကာ အရိုးဖြူကိုပင် မြင်တွေ့နေခဲ့ရသည်။ အကယ်၍ တစ်ခြားလူများ၏ ကူညီကယ်ဆယ်မှုသာ မရှိဘူးဆိုပါက သူက ထိုနေရာတွင်သာ သေဆုံးသွားနိုင်ပေသည်။
အဆိုပါ နတ်ဆိုးချီများ၏ တိုက်ခိုက်ရေး စွမ်းအားက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆင့်တူ/နယ်ပယ်တူတို့၏ တိုက်ပွဲတွင် လူနည်းစုကသာ သူတို့နှင့် ယှဥ်နိုင်ပေသည်။ အဆင့်ပိုမြင့်သည့် လူများကပင် အနိုင်ရလိမ့်မည် မဟုတ်ပေ။
ဝိုင်းရံခံလိုက်ရသည်နှင့်တစ်ပြိုင်နက် မလွဲမသွေ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။
သို့သော် ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းက ထွက်ခွာသွားခဲ့သည်။
“ ချီးပဲ “
မွေးရာပါ ဝိညာဥ် အဆင့်၈ ပညာရှင်၏ အမူအရာမှာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။ သူက ထိုနေရာတွင် သေလုနီးပါး ဖြစ်သွားခဲ့သော်လည်း တစ်ဖက်လူက ၎င်းကို ကျေးဇူးတင်ပုံမရပေ။
“ အခု ငါတို့က ဘာလုပ်ကြမှာလဲ “ ဟု တစ်စုံတစ်ဦးက မေးမြန်းလာခဲ့၏။
အဘိုးအိုက ပြန်ပြောလိုက်သည် “ နတ်ဆိုးချီတွေကို အမဲဆက်လိုက်ပြီးတော့ သူတော်စင်အတွက် အမှတ်အသားတွေ စုရမှာပေါ့။ ငါတို့က နတ်မိစ္ဆာ အရင်းအမြစ်နဲ့ နတ်မိစ္ဆာ ကောင်းမှုကံအတွက် လုံလုံလောက်လောက်ရမှဖြစ်မယ် ”
“ ဟိုလူကရော “
“ သူ ……. “ အဘိုးအို၏ မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့၏ “ သူ့ဆီမှာ အမှတ်အသားတွေ အများကြီး ရှိနေပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း ထူးခြားတယ်။ သူက ဉာဏ်လည်းပြေးတယ်။ အဲ့တာကြောင့် အမှတ်အသားတွေ သေချာပေါက် ပိုရလာမှာပဲ “
“ မင်းဆိုလိုတာက။ ငါက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ အဲ့တာကို တန်ဖိုးမထားတတ်တာကတော့ သူ့အမှားပဲလေ “
အဘိုးအို၏ အသံနေအသံထားမှာ အလွန်တရာ အေးစက်နေခဲ့ပြီး ယခင်ကကဲ့သို့ ဟုတ်မနေတော့ပေ။
သူသည် လုချန်ရှန်း၏ တည်နေရာကို အချိန်မရွေးရှာဖွေရန်အတွက် သူ့ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုကို တိတ်တဆိတ် ချန်ထားခဲ့သည်။ သူသည် သင့်တော်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး တိုက်ခိုက်ကာ တစ်ဖက်လူ၏ အမှတ်အသားအားလုံးကို ယူဆောင်မည်ဖြစ်သည်။
အဝေးတစ်နေရာ၌ လုချန်ရှန်းမှာ မထွက်သွားခဲ့ဘဲ တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိ၏။
ထိုစကားများကို ကြားလိုက်ရသောအခါတွင် သူသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။ ၎င်းတို့အားလုံးက သူ၏ မျှော်မှန်းထားသည့် အတိုင်းအတာအတွင်းတွင်သာ ရှိနေခဲ့သည်။
“ ခွေးတစ်ကောင်က သူအန်ထားတာတွေကို အမြဲပြန်စားနေမှာပဲ “
ထိုလူများက သူ့ကို အမှန်တကယ် စိတ်မပျက်သွားရစေခဲ့ပေ။
သူသည် ထိုလူများ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း မှန်းဆမိနေခဲ့သည်။ ကောင်းမှုကံက စုမူယွဲ့အတွက် ဖြစ်ဖို့များကာ အရင်းအမြစ်ကမူ ထျန်းရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်အတွက် ဖြစ်ပုံရသည်။
လူတိုင်းက ကိုယ်ပိုင် ရည်မှန်းချက်များဖြင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ မြင့်မြတ်နယ်မြေတစ်ခုကပင် ဤမျှလောက်အထိ တိုင်းတာတွက်ချက်နေခဲ့၏။ ၎င်းမှာ ဤနေရာက မည်မျှတန်ဖိုးကြီးလဲဆိုသည်ကို ပြသရာရောက်နေခဲ့သည်။
ထိုအတွေးနှင့်အတူ လုချန်ရှန်းသည် သူ့ပခုံးပေါ်တွင် ရှိနေသည့် အမှတ်အသားကို ဘေးတိုက်လှည့်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့၏။
“ အစကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတွေကြောင့် ရခဲ့တဲ့အပျော်တွေကို ခံစားကြည့်မလို့ပဲ။ ဒါပင်မဲ့ မင်းတို့က ငါ့ကို ဒီလိုမျိုး တွန်းအားပေးနေကြတော့ ငါ့ဆီမှာ ရွေးစရာလမ်းမရှိတော့ဘူး “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ စိတ်ညစ်သွားခဲ့သည်။ သူတို့က ငယ်ရွယ်ကာ ပျော်ပျော်နေတတ်သည့် လူငယ်လေးတစ်ဦးအား သူမလုပ်ချင်သည့် အရာကို လုပ်အောင် အတင်းအကြပ် တွန်းအားပေးနေခဲ့သည်။
သူ့စိတ်ထဲတွင် ရှိနေသည့် ကူရာကယ်ရာမဲ့နေသည့် ခံစားချက်ကို သူတစ်ဦးတည်းကသာလျှင် နားလည်နိုင်ပေသည်။
“ တကယ်လို့ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ငါက လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါကွာ “
--
………………………………………………………………………………………………………………………………………