အခန်း ၂၇၂
Vol. 19 Ch. 272
အပိုင်း ( 272 )
တော်တော်ကြီးကို မြန်နေတုန်းပဲ
စစ်မြေပြင်အတွင်းတွင် လူတိုင်းက အခွင့်အလမ်းများကို ရှာဖွေနေရင်းဖြင့် အလုပ်များနေလျက်ရှိ၏။
တစ်ကမ္ဘာလုံး မှိန်ဖျော့နေသော်လည်း တိုက်ပွဲများ ထပ်မံ၍ လောင်ကျွမ်းလာခဲ့ပြန်သည်။ နတ်မိစ္ဆာ ဝိညာဥ်များက ပင်လယ်မျက်လုံးအတွင်းမှ တိုးထွက်လာကြကာ စစ်မြေပြင်ကို ကျော်ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ပြန်သွားရန် ကြံရွယ်နေခဲ့ကြသည်။
စစ်မြေပြင်၏ စိတ်ဆန္ဒက ထိုကဲ့သို့ ဖြစ်ခွင့်မပေးခဲ့ချေ။ ထို့ကြောင့် တားမြစ်ချက်များကို ဖြေလျော့လိုက်ပြီး အပြင်မှ သက်ရှိသတ္တဝါတိုင်းကို ဝင်ခွင့်ပြုကာ ၎င်းတို့ကို သတ်ဖြတ်ခိုင်းခဲ့၏။
အမျိုးမျိုးသော အခွင့်အလမ်းများ ရရှိရန်အတွက် သက်ရှိသတ္တဝါတိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
လုချန်ရှန်းက စစ်မြေပြင်တွင် လမ်းလျှောက်ကာ နတ်မိစ္ဆာဝိညာဥ်များကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ သူ၏လက်မောင်းများပေါ်တွင် ရှိနေသည့် တံဆိပ်များက တလက်လက် တောက်ပနေလျက်ရှိကာ သူ၏အောင်မြင်မှုများကို သက်သေပြုပေးနေခဲ့သည်။
၎င်းတို့ကို မှော်ပစ္စည်းအတွင်းတွင် သိုလှောင်၍ မရဘဲ လူတစ်ဦး၏ ခန္ဓာကိုယ်အပေါ်တွင်သာ သယ်ဆောင်ထားနိုင်သည်မှာ အတော်ပင် ထူးဆန်းလှသည်။
၎င်းက ဆရာကို မမှတ်မိခြင်းဖြစ်သည်။ ၎င်းကို ကိုင်ဆောင်ထားသူတိုင်းက ၎င်းနှင့် သက်ဆိုင်နေခဲ့သည်။
အချိန်များ ကျော်လွန်သွားကာ နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ လုချန်ရှန်းက တောင်ကုန်းတစ်ခုအပေါ်တွင် အနားယူနေလျက်ရှိ၏။ အဆိုပါ နတ်မိစ္ဆာ ဝိညာဥ်က သတ်ရခက်သောကြောင့် သူကိုယ်တိုင်ကပင် မောပန်းသွားခဲ့ရသည်။
မကြာသေးခင် အချိန်ကမှ သူသည် မွေးရာပါ ဝိညာဥ် အဆင့်၉ နတ်မိစ္ဆာ ဝိညာဥ်တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရ၏။ အဆိုပါ တိုက်ပွဲက သူ့ကို သွေးစွန်းသွားစေခဲ့ကာ ဒဏ်ရာရသွားစေခဲ့၏။ သူ၏ ရုပ်ခန္ဓာကပင် ချွန်ထက်သော လက်သည်းများကြောင့် ပွင့်ထွက်သွားခဲ့သည်။
“ အဲ့ဒီနတ်မိစ္ဆာ ဝိညာဥ်တွေက တကယ်ကို သန်မာတာပဲ။ တကယ်လို့ အုပ်စုလိုက်သာ မတိုက်ဘူးဆိုရင် အဆင့်တူမှာ လူဘယ်နှယောက်ကများ သူတို့ကို အနိုင်ယူနိုင်မှာလဲ “
သူ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ သို့သော် သူသည် သူ၏ စွမ်းရည်များကို သွေးရန်အတွက် အစွမ်းထက်ပြိုင်ဘက်တစ်ဦး ရရှိသွားသည့်ပမာ တစ်စုံတစ်ခုကို ရရှိသွားခဲ့သည်။
ထိုကဲ့သို့သော အခွင့်အလမ်းမျိုးမှာ အမှန်ပင် ရှားပါးလွန်းလှသည်။ သူကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များက အလွန်တရာ အားနည်းနေခဲ့ကာ သူနှင့် မည်သို့မျှ မယှဥ်ပြိုင်နိုင်ခဲ့ပေ။
“ အဲ့တာတွေရဲ့ ဇစ်မြစ်က ဘာလဲဟ “
သူသည် ကိုယ့်ကိုကိုယ် တိတ်တဆိတ် မေးခွန်းထုတ်နေခဲ့၏။ ၎င်းမှာ နတ်မိစ္ဆာ ဝိညာဥ်များအကြောင်းများ မဟုတ်ဘဲ ထူးခြားသော ဇစ်မြစ်များနှင့် ကြီးမားသော ကံကြွေးကို သယ်ဆောင်ထားပုံရသည့် အတိတ်က နတ်ဘုရားနှင့် နတ်မိစ္ဆာဟု ခေါ်ဆိုကြသည့် အရာများအကြောင်း ဖြစ်သည်။
သူ၏ဒဏ်ရာများ ပြန်လည်သက်သာပျောက်ကင်းသွားသည့် အချိန်တွင် သူကပါ ထပ်မံ၍ လှုပ်ရှားနေတော့သည်။
လမ်းလျှောက်နေခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် ယမန်နေ့က သတင်းများကို ကြားသိခဲ့ရ၏။ ကောင်းကင်ဘုံ အကယ်ဒမီ၏ တပည့်များက စစ်မြေပြင်အတွင်းသို့ ဝင်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် အစွမ်းထက် ပညာရှင်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲများကို တစ်ကိုယ်တော် တိုက်ခိုက်ကာ အသူရာတောင်ထွတ်သခင်၏ ဝိညာဥ်ခန္ဓာတစ်ခုကို ဆွဲထုတ်ကာ မြေပြင်ပေါ်တွင် အချိန်အတော်ကြာ ပွတ်ဆွဲဖိနှိပ်ကာ တိုက်ရိုက်သတ်ဖြတ်လိုက်သည်။
အဆုံးတွင် သူသည် စစ်သဘော်ကို ပြောင်းပြန်လှန်ကာ အောင်ပွဲခံ၍ ထွက်သွားခဲ့သည်။
ထိုသတင်းက အင်အားစုတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။ ရက်စက်ကြမ်းကြုတ်ကာ သတ္တိကောင်းသည့် ထိုလူက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို မည်သူမှ မသိကြပေ။
သူ၏လုပ်ရပ်များက အတော်ပင် မောက်မာနေခဲ့ပြီး ၎င်းမှာ သူက ကောင်းကင်ဘုံ အကယ်ဒမီကိုပင် မျက်လုံးထဲ မထည့်သည့် လူဆိုးတစ်ဦးဖြစ်သည်။ ပို၍အရေးကြီးသော အရာမှာ အသူရာတောင်ထွတ်သခင်က တစ်စုံတစ်ဦးကို ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံ၍ ရှုံးနိမ့်သွားခဲ့ကာ ဝိညာဥ်ခန္ဓာနှစ်ခုစလုံး သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
ထိုသတင်းကို ကြားလိုက်ရသောအချိန်တွင် လုချန်ရှန်းမှာ စိတ်လှုပ်ရှားတကြီး ဖြစ်သွားခဲ့သည်။ သူ၏ဆရာဖြစ်သူက အမှန်တကယ် ကတိတည်ခဲ့ကာ ကျင်းဝူရွှေ့၏ ကိုယ်ပွားနှစ်ခုကို ဖယ်ရှားမည်ဟု ပြောခဲ့သည့်အတိုင်းပင် သူ၏ ဝိညာဥ်နှစ်ခုကို အမှန်တကယ် ရှင်းထုတ်ခဲ့လေသည်။
အချိန်ကာလအရ ၎င်းတို့က လုချန်ရှန်းထွက်သွားခဲ့သည့်နောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် အခွင့်ကောင်းကိုပင် စောင့်မနေဘဲ တိုက်ရိုက်ပြေးဝင်သွားခဲ့ကာ ထိုလူ့ကို တိုက်ရိုက်ချေမှုန်းလိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်မျှရက်စက်လိုက်သနည်း။
သူ့ကို တားဆီးရန် ကြိုးပမ်းခဲ့သူတိုင်းက ကြီးကြီးမားမား ရိုက်နှက်ခံလိုက်ရသည်။
ယခုတွင်မူ လုချန်ရှန်းက ဆရာဖြစ်သူအကြောင်းကို တွေးမိသွားသည့် အချိန်တိုင်းတွင် စိတ်ရင်းအမှန်ဖြင့် လေးစားနေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ကန့်လန့်တိုက်နေနိုင်ခဲ့သည်။
တစ်ခါတစ်ရံတွင် သူသည် ကူချန်ကျွင်း၏ အကန့်အသတ်ကိုပင် အမှန်တကယ် သိချင်သွားခဲ့သည်။
တစ်ခဏခန့် အတွေးများနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ အရှေ့သို့ ဆက်သွားနေတော့၏။ အစတွင် သူသည် လမ်းတစ်လျှောက်လုံး သတ်ဖြတ်သွားကာ ဒဏ္ဍာရီလာ ပင်လယ်မျက်လုံးက မည်ကဲ့သို့ ဖြစ်နေလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့၏။ သို့သော် သူသည် အသွားလမ်းတွင် နတ်မိစ္ဆာဝိညာဥ်နှင့် တိုက်ခိုက်နေသည့် လူတစ်ဦးကို မတော်တဆ မြင်တွေ့သွားခဲ့သည်။
ထိုလူ့ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်း၏ အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ် ရှိနေခဲ့ပြီး သူ၏ မျက်ဝန်းများမှာ ကြက်သွေးရောင် ဖြစ်နေခဲ့ကာ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
သိပ်မကြာခင် အချိန်ကမှ သူသည် ကျင်းဝူရွှေ့၏ အရှိန်အဝါနှင့် တူညီသည့် အရှိန်အဝါတစ်ခုကို ခံစားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ထိုလူက မွေးရာပါ ဝိညာဥ်အဆင့်၆ နတ်မိစ္ဆာလေးကောင်ဖြင့် တိုက်ခိုက်နေလျက်ရှိ၏။ သူ၏ အဝတ်အစားများက သွေးတို့ဖြင့် စွန်းထင်းနေပြီဖြစ်ပြီး သူ၏ သတ်ဖြတ်လိုစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုတို့မှာလည်း သတ်ဖြတ်ခြင်းကြောင့် ရူးသွပ်နေသကဲ့သလို့ အဆက်မပြတ် အားကောင်းလာနေခဲ့သည်။
သို့သော် သွေးနီရောင် အလင်းတန်းတစ်ခု ပွင့်လန်းလာသည့် အချိန်တွင် သူ့လက်တွင် ရှိနေခဲ့သည့် ကောင်းကင်ဘုံဓားက တောက်ပနေသေးကာ သူ၏ မှော်စွမ်းအား မြင့်တက်လာခဲ့ပြီး နတ်မိစ္ဆာလေးကောင်နှင့် တိုက်ခိုက်နေတော့၏။
သူက အောက်စည်းသို့ စတင်၍ ကျရောက်နေခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အမှန်တကယ် အံ့ဖွယ်ကောင်းနေခဲ့သည်။
သူက အသူရာလမ်းစဥ်ကို ကျင့်ကြံထားပုံရ၏။ သို့သော် သူက ၎င်းကို မကျွမ်းကျင်သေးဘဲ အသေအချာ ကျင့်ကြံရဦးမည် ဖြစ်သည်။
“ ကြည့်ရတာတော့ သူက အဲ့လိပ်အိုကြီး ကျင်းဝူရွှေ့ရဲ့ တပည့်တစ်ယောက် ဖြစ်ဖို့များတယ် “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ အစောပိုင်း အချိန်များအတွင်းက ကြားသိခဲ့ရသည့် သတင်းများကို ပြန်၍အမှတ်ရသွားခဲ့သည်။ ကျင်းဝူရွှေ့၏ တပည့်များက ရှောင်ဟေးတစ်ဦးတည်းသာလျှင် မဟုတ်ပေ။ သူသည် ယခင်က ကောင်းကင်ဘုံ အကယ်ဒမီ ဖွင့်လှစ်ခဲ့သည့် အချိန်တိုင်းတွင် အတော်တော်များများ ခေါ်ယူခဲ့လေသည်။
သို့ရာတွင် ထိုတပည့်အများစုက အချင်းချင်း သတ်ဖြတ်နေရင်းဖြင့် သေဆုံးသွားခဲ့သည်။ ၎င်းက အသူရာလမ်းစဥ် ဖြစ်ပြီး အလောင်းတောင်များနှင့် သွေးပင်လယ်များအတွင်းမှ ပေါ်ထွက်လာခဲ့ကာ သက်ရှိသတ္တဝါတို့၏ အဆုံးမဲ့ သွေးများဖြင့် လူတစ်ဦး၏ ကိုယ်ပိုင်သတ်ဖြတ်ခြင်းတာအိုကို ပုံဖော်ထုဆစ်ခြင်း ဖြစ်သည်။
၎င်းက ပိုးကောင်မွေးမြူခြင်းနှင့် တူညီနေလျက်ရှိ၏။ အချင်းချင်း အဆက်မပြတ် သတ်ဖြတ်ဝါးမြို၍ အသန်မာဆုံး/အစွမ်းဆုံးလူကသာ ကျန်ရစ်ခဲ့သည့် ဖြစ်စဥ်တစ်ခုဖြစ်သည်။
လုချန်ရှန်းသည် ရှေ့ထွက်၍ ကူညီသင့်လား(သို့) အဆိုပါ နတ်မိစ္ဆာဝိညာဥ်က ထိုလူ့ကို အားအင်ချည်နဲ့အောင် လုပ်ဆောင်နိုင်သည့် အချိန်အထိ စောင့်ဆိုင်းနေသင့်လား(သို့) ထိုလူ့ကို တိုက်ရိုက်သတ်ဖြတ်သင့်လားဆိုသည်တို့ကို တွေးတောစဥ်းစားနေတော့၏။
သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် သူသည် သတ်ဖြတ်လိုစိတ်တစ်ခု ချဥ်းကပ်လာသည်ကို အာရုံခံမိသွားခဲ့သည်။
ထိုလူကလည်း သူ့ကို သတိပြုမိနေခဲ့ပြီဖြစ်သည်။ ထိုလူက အပေါ်သို့ မော့ကြည့်လာခဲ့ပြီး လုချန်ရှန်းကို မြင်တွေ့သွားသောအခါတွင် သူ၏ နှုတ်ခမ်းထောင့်များက ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး နတ်မိစ္ဆာ ဝိညာဥ်လေးကောင်မှာလည်း သူ့အနောက်သို့လိုက်ကာ လုချန်ရှန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့၏။
“ ဟဲဟဲ မင်းရောက်လာပြီဆိုမှတော့ ငါ့ရဲ့ အခက်အခဲတစ်ချို့ကို မျှဝေခံစားလိုက်။ တကယ်လို့ မင်းမသေသွားဘူးဆိုရင် ငါမင်းကို ကျေးဇူးတင်လိုက်မယ် “
ထိုလူအသံက ယုတ်မာကောက်ကျစ်သည့် အရိပ်အငွေ့များကို သယ်ဆောင်ထားခဲ့သည်။
လုချန်ရှန်းက မျက်မှောင်ကြုတ်သွားသော်လည်း အထိတ်တလန့် မဖြစ်သွားဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါ့ကို ဘယ်လိုမျိုး ကျေးဇူးတင်ချင်နေတာလဲ “
ထိုလူမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူသည် တစ်ဖက်လူက ထိုကဲ့သို့ မေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ မင်းကို မသတ်တာက အကောင်းဆုံး ကျေးဇူးတင်လိုက်တာပဲလေ “
ထိုကဲ့သို့သော ပြောဆိုမှုက လူတစ်ဦးကို မှင်သက်ဆွံ့အသွားစေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် ငါမင်းကို သတ်လိုက်မယ် “
“ ဟားဟားဟား “
ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့၏။ သူက အနားသို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါ နတ်မိစ္ဆာ ဝိညာဥ်များက နာကျည်းမှုချီမှ ဖွဲ့တည်လာခြင်းဖြစ်ပြီး အသိစိတ်ကို မပိုင်ဆိုင်ထားခဲ့ပေ။ ထို့ကြောင့် လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် ၎င်းတို့က သူ့အပေါ်သို့ ခုန်အုပ်နေကြတော့သည်။
၎င်းမှာ ထိုလူလိုချင်သည့် အရာပင်ဖြစ်သည်။
အကယ်၍ လုချန်ရှန်းကသာ ၎င်းတို့ကို နှောင့်နှေးသွားစေခဲ့မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် အကယ်၍ သူကသာ ချက်ချင်းသုတ်သင်ခံလိုက်ရမည်ဆိုပါက သူက ထိုအခိုက်အတန့်ကို အသုံးချကာ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် နတ်မိစ္ဆာ ဝိညာဥ်နှစ်ကောင် တိုက်ခိုက်လာခဲ့ပြီး ထိုလူမှာလည်း ထပ်မံ၍ ပြုံးပြလာခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူ၏ အပြုံးက အေးခဲတောင့်တင်းသွားခဲ့ရသည်။
သူသည် နတ်မိစ္ဆာက ဝိညာဥ်များက အနားသို့ ရောက်ရှိသွားသည့် အချိန်တွင် မှော်စွမ်းအားတို့ဖြင့် ပြုလုပ်ထားသော ဧရာမလက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့ကာ ၎င်းတို့၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်ကို မြင်တွေ့သွားခဲ့သည်။ ဧရာမလက်ကြီးက လက်သီးဆုပ်လိုက်ရာ အဆိုပါ နတ်မိစ္ဆာ ဝိညာဥ်က ချက်ချင်းပြိုကွဲပျက်စီးကာ မှင်ကဲ့သို့သော မည်းနက်နေသော မိုးရေများအဖြစ် အသွင်ပြောင်း၍ ပျောက်ကွယ်သွားခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် လုချန်ရှန်းက လက်သီးတစ်လုံး ပစ်သွင်းကာ နောက်ထပ် နတ်မိစ္ဆာဝိညာဥ် တစ်ကောင်ကို ချေမှုန်းလိုက်သည်။
အလင်းတန်းများက တံဆိပ်ပြားတို့နှင့် ပေါင်းစည်းသွားသည်ကို စောင့်ကြည့်နေရင်းဖြင့် ထိုလူက ကြောက်လန့်တကြားဖြင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားခဲ့ကာ သူ၏ စိတ်နှလုံးသားအတွင်းတွင် အကြောက်တရားများ ကြီးစိုးလာခဲ့၏။
သူသည် သူက အစွမ်းထက် ပညာရှင်တစ်ဦးနှင့် ကြုံတွေ့နေရသည်ဟု သိရှိသွားကာ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ ယခုတွင် နတ်မိစ္ဆာဝိညာဥ်နှစ်ကောင်သာ ကျန်ရှိနေသောကြောင့် သူထွက်ပြေးရန် လုံလောက်နေခဲ့ပြီဖြစ်သည်။
သို့သော် သူမထွက်သွားရသေးခင် အချိန်မှာပင် သူ့အနောက်တွင် ရှိနေသည့် နတ်မိစ္ဆာ ဝိညာဥ်နှစ်ကောင်က ချေမှုန်းခံလိုက်ရသည့် အသံကို ကြားသိလိုက်ရ၏။ သူသည် မအောင့်ထားနိုင်တော့ဘဲ နောက်လှည့်ကြည့်လိုက်ရာ ဧရာမလက်ကြီးက တိုက်ခိုက်လာခဲ့ပြီး ၎င်း၏ လက်ချောင်းငါးချောင်းက အနားသို့တိုးလာခဲ့ကာ သူ့အား ဖမ်းဆုပ်လာသည်ကိုသာ မြင်တွေ့သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းနေခဲ့သော်လည်း ထိုလူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အမူအရာတစ်ခု ဆင်မြန်းထားခဲ့သည် “ ငါ့ကို လွှတ်ပေးလိုက်။ ငါက ကောင်းကင်ဘုံ အကယ်ဒမီက အသူရာ တောင်ထွတ်သခင်ရဲ့ တပည့်ပဲ။ တကယ်လို့ မင်းငါ့ကို သတ်လိုက်မယ်ဆိုရင် သူက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး “
“ မင်းပြောပုံအရဆိုရင် သူက ပြိုင်ဘက်ကင်းနေတဲ့ပုံပဲ။ ဒါပင်မဲ့ သူ့ရဲ့ ဝိညာဥ်ခန္ဓာနှစ်ခုက ဆက်တိုက် သတ်ဖြတ်ခံနေရတုန်းပဲလေ “
“ မင်းက တောင်ထွတ်သခင်ကို ဒေါသထွက်သွားစေခဲ့ပြီ။ အဲ့အတွက် မင်းရင်ဆိုင်ရမဲ့ဟာက ……… “
သူ့စကားမဆုံးခင် အချိန်မှာပင် တစ်ဖက်လူ၏ မျက်ခုံးများအကြားမှ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး သူ့ကို ချက်ချင်းဖိနှိပ်လာကာ သူ၏ နတ်ဝိညာဥ်ကိုပါ ချုပ်နှောင်သွားခဲ့သည်။
လုချန်ရှန်းက ထိုလူ့ကို သတ်ဖြတ်ရန် အလျင်လိုမနေခဲ့ပေ။ သူက အသူရာ တာအိုလမ်းစဥ်နှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိဘဲ ရှောင်ဟေးကလည်း ထိုလူ့ကို လိုအပ်နေမလားဆိုသည်ကို တွေးမိသွားကာ တစ်ခဏခန့် ထိန်းသိမ်းချုပ်နှောင်ထားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ မလိုအပ်ဘူးဆိုပါက နောက်ပိုင်းမှ သတ်ဖြတ်မည် ဖြစ်သည်။
သို့ရာတွင် သူက ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အမှတ်အသားများကို အရင်ဦးဆုံး လွှဲယူနိုင်ပေသည်။ ပမာဏက အတော်ပင် များပြားနေခဲ့ပြီး စုစုပေါင်းအနေဖြင့် သုံးဆယ်နီးပါး ရှိနေခဲ့သည်။
“ ကောင်လေး မင်းဆီမှာ တစ်ခုခုရှိနေတာပဲ။ မင်းက အဆင့်တူ နတ်မိစ္ဆာ ဝိညာဥ်လေးကောင်ကိုတောင် တစ်ပြိုင်နက် ရင်ဆိုင်နိုင်ခဲ့တယ်။ မင်းက တကယ့်ဖိုက်တာပဲကွ “
လုချန်ရှန်းကမူ သူဖမ်းဆီးချုပ်နှောင်ထားသည့် လူကို ကြည့်ကာ ပြုံးစိစိဖြစ်သွားခဲ့သည်။ လုယက်တာက အကျိုးအမြတ်ရဖို့အတွက် အမြန်ဆုံးနည်းလမ်းဆိုတာက တကယ်ကြီးကို မှန်နေတာပဲ။
တစ်ချိန်တည်းမှာပင် သူသည် အားနည်းသူကို ပေါ်တင်အနိုင်ကျင့်ရသည့် ခံစားချက်မျိုးကိုပါ ခံစားသွားခဲ့ရ၏။
ဘာလုပ်ရမလဲဆိုသည်ကို သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် သူသည် ထိုလူ၏ မျက်ခုံးများအကြားတွင် သွေးနီရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းကို စူးစမ်းကြည့်လိုက်ရာ တစ်စုံတစ်ဦးက ထိုလူ့ကို ဆင့်ခေါ်နေပုံရကြောင်းကို သိရှိသွား၏။
“ အခွင့်အလမ်းတစ်ခုခု မင်းကို လှမ်းခေါ်နေတာလား။ ဘယ်တပည့်လေးလဲဆိုတာကို သွားကြည့်လိုက်တာပေါ့ကွာ “
လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းကာ အမှတ်အသားက ညွှန်ပြနေသည့် လမ်းကြောင်းအတိုင်း ဦးတည်သွားတော့သည်။
--
……………………………………………………………………………………………………………………………………….