အခန်း ၂၇၉
Vol. 19 Ch. 279
အပိုင်း ( 279 )
အခွင့်အလမ်း
ရေကန်က အလင်းတန်းတစ်ခုနှင့်အတူ တလက်လက် တောက်ပနေလျက်ရှိ၏။
လူနှစ်ဦးက ၎င်းကို ငေးကြည့်နေခဲ့ကြသည်။ ထိုနေရာက ရှေးဟောင်းစစ်မြေပြင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်း ဖြစ်ခဲ့ဖူးသည်ဟု ဒဏ္ဍာရီများက ဆိုထား၏။
သို့သော် နောက်ပိုင်း နတ်ဘုရားနှင့် နတ်မိစ္ဆာတို့၏ စစ်ပွဲကာလတွင် ပင်လယ်ပြင် ပြိုကွဲသွားခဲ့ကာ ရေများ အငွေ့ပျံသွားခဲ့သည်။ ကုန်းမြေများ ပွင့်ထွက်သွားပြီး ထိုနေရာတွင် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော သက်ရှိသတ္တဝါများ မြှုပ်နှံခံလိုက်ရကာ ဤပင်လယ်မျက်လုံးတစ်ခုသာလျှင် ကျန်နေခဲ့၏။
အစွမ်းထက် ပညာရှင်တစ်ဦးက ပင်လယ်မျက်လုံး၏ အောက်တွင် နတ်ဘုရားများနှင့် နတ်မိစ္ဆာများကို ဖိနှိပ်၍ မြှုပ်နှံထားခဲ့ပြီး နတ်မိစ္ဆာဝိညာဥ်များက အဆိုပါ ပင်လယ်မျက်လုံးဆီမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ပင်လယ်မျက်လုံး၏ အထက်တွင် ရွှေရောင်စာလိပ်တစ်လိပ် မျောလွင့်နေလျက်ရှိပြီး ရွှေရောင်အလင်းတန်းက ရေပြင်ကို ရောင်ပြန်ဟပ်နေလျက်ရှိ၏။ စာလိပ်၏ ဘေးတစ်ဖက်တွင် ရှေးဟောင်းဓားရှည်တစ်လက်ပါ ရှိနေခဲ့ပြီး ရှုပ်ထွေးသော ပုံစံကွက်များ ထွင်းထုထားကာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
တစ်ချက်မျှ ငေးကြည့်ရုံဖြင့် လုချန်ရှန်း၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။ ၎င်းက ဓားဝိညာဥ်ကို မွေးဖွားပေးထားသည့် နတ်ဓားတစ်လက် ဖြစ်သည်။
“ ဒီလို အခွင့်အလမ်းမျိုးကို ဒီနေရာမှာ ဖုံးကွယ်ထားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
ရှောင်ဟေးမှာလည်း အံ့ဩတကြီးဖြင့် စကားပြောလာခဲ့ကာ ၎င်းကို စိုက်ကြည့်နေခဲ့သည်။
နတ်ဓားက တန်ဖိုးကြီးလှပြီး စာလိပ်က ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတစ်ခု လွှမ်းခြုံနေသည့် ဓားတာအိုကျမ်းစာဖြစ်သည်။ ၎င်းကို မကြည့်ရသေးဘဲ ဓားဆန္ဒကို အာရုံခံကြည့်ရုံမျှဖြင့် ၎င်းက အလွန်တရာ ထူးခြားသည်ဆိုသည်ကို သိနိုင်ပေသည်။
ဒေသလေးခုရှိ ဂိုဏ်းများအနက် နတ်ပစ္စည်းများကို ပိုင်ဆိုင်ထားသော မြင့်မြတ်နယ်မြေများကပင် ထိုကဲ့သို့သော ဓားကျမ်းစာကို မပိုင်ဆိုင်ထားခဲ့ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက လောင်လျူက ဓားကျမ်းစာကို ရရှိခဲ့သည့် အချိန်တွင် သူက တစ်ကမ္ဘာလုံး၏ ပစ်မှတ်ဖြစ်လာကာ နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းသို့ ထွက်ပြေးသွားရပြီး ထိုနေရာမှာပင် နှစ်ငါးရာကျော်အထိ ပိတ်မိနေခဲ့လိမ့်မည် မဟုတ်ပေ။
ထိုစဥ် တစ်စုံတစ်ဦးရောက်ရှိလာခဲ့ပြီး ပင်လယ်မျက်လုံးကို စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။ အနီးအနားတွင် မည်သူမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အရှေ့သို့ ခုန်တက်သွားကာ ပင်လယ်မျက်လုံးအနားသို့ ချဥ်းကပ်သွားပြီး ပစ္စည်းနှစ်ခုလုံးကို ဆွဲယူရန် လက်ဆန့်တန်းလိုက်သည်။
သို့သော် အနားသို့ ရောက်ရှိသွားချိန်တွင် ပင်လယ်မျက်လုံးထံမှ ထူးဆန်းသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကို ချုပ်နှောင်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူသည် ရေအတွင်းသို့ ပြုတ်ကျသွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
အသစ်ရောက်ရှိလာသူမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူ၏မှော်စွမ်းအားဖြင့် ခုခံခဲ့သော်လည်း တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ရေကန်အတွင်းသို့ ပြုတ်ကျသွားခဲ့သည်။
သူသည် ရေပွက်ခြင်းကိုပင် မဖြစ်ပေါ်စေခဲ့ဘဲ လှိုင်းတွန့်လေးများသာ ထသွားစေခဲ့ပြီး လျင်မြန်စွာ နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
“ ရေထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုရှိတယ်။ အနားကပ်လာမှာကို တားဆီးနေတဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေတာပဲ “ လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။
ရှောင်ဟေးကမူ တစ်ခဏခန့် စိုက်ကြည့်နေခဲ့ပြီး ခြေတစ်လှမ်းလှမ်းကာ လှုပ်ရှားရန် ပြင်လိုက်သည်။
“ မင်းဘာလုပ်နေတာလဲ “
လုချန်ရှန်းက သူ့ကို အမြန်ဆွဲလိုက်သည်။
ရှောင်ဟေးက ပြန်ပြောလာခဲ့သည် “ အဲ့ကျမ်းစာနဲ့ နတ်ပစ္စည်းက မင်းနဲ့ကွက်တိပဲလေ။ မင်းအတွက် သွားယူပေးမယ် “
“ အဲ့လူ ဘာဖြစ်သွားလဲဆိုတာကို မင်းမမြင်ဘူးလား “
“ ငါ့ရဲ့ ကောင်းကင်ဝါးမျို မျိုးနွယ်စုက ဝါးမျိုခြင်းစွမ်းရည်ရှိတယ်။ ငါက ဝိညာဥ်အားလုံးကို ဝါးမျိုနိုင်တယ်။ ခဏလောက် တောင့်ခံထားဖို့ပဲ လိုတာ။ အဲ့တာတွေကို ငါယူနိုင်တယ် “
ရှောင်ဟေးက ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။ သူသည် တူညီသော အခြေအနေမျိုးကို ယခင်က ကြုံတွေ့ထားခဲ့ပြီးပြီ ဖြစ်ပြီး ထိုနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ ခဏလောက် ထပ်စောင့်နေဦး။ ရှေ့ကနေ ခေါင်းအရင်မခံမိစေနဲ့ “
ထို့နောက်တွင် လူနှစ်ဦးသည် မြေပြင်ပေါ်သို့ လှဲချလိုက်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေကြတော့သည်။
သိပ်မကြာခင် အချိန်မှာပင် တစ်ခြားသော သက်ရှိသတ္တဝါများစွာ ရောက်ရှိလာခဲ့သည်။ ယခင်ကကဲ့သို့ပင် သူတို့သည် စာလိပ်နှင့် မှော်ပစ္စည်းကို မြင်လိုက်ရသောအခါတွင် လောဘတကြီး ဖြစ်သွားခဲ့သည်။
၎င်းက မိုးကြိုးငှက်နှစ်ကောင်ဖြစ်ပြီး ၎င်းတို့သည် တောင်ပံများကို ခတ်ကာ သူတို့၏ ပတ်ပတ်လည်တွင် မိုးကြိုးများ ဖြစ်တည်လာစေခဲ့၏။ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာခဲ့ပြီး အလင်းတန်းများ လိမ်ယှက်လာကာ ထိုနေရာကို လင်းထိန်သွားစေခဲ့၏။ ငှက်နှစ်ကောင်သည် တစ်ကောင်ပြီးတစ်ကောင် လှုပ်ရှားလာခဲ့ကာ ထိုနေရာသို့ ချဥ်းကပ်သွားရန် ကြိုးပမ်းနေကြတော့သည်။
သူတို့က ပင်လယ်မျက်လုံး အရှေ့သို့ပင် ရောက်ရှိသွားခဲ့သည်။ ထိုစဥ် အနက်ရောင်ချီတစ်ခု ပေါက်ထွက်လာခဲ့၏။
အနက်ရောင်ချီများ များပြားလာသည်နှင့်အမျှ ၎င်းက ကြောက်မက်ဖွယ်ရာ နတ်ဆိုးဝိညာဥ်များအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ မိုးကြိုးငှက်နှစ်ကောင်ကို မြင်လိုက်ရသောအခါတွင် သူတို့က သူတို့၏ သွေးသံတရဲရဲ ပါးစပ်များကို ဖွင့်ဟကာ ငှက်နှစ်ကောင်ဆီသို့ ခုန်အုပ်နေကြတော့သည်။
“ မင်းတို့ မိစ္ဆာကောင်တွေ “
မိုးကြိုးငှက်များက ဟိန်းဟောက်ကာ ရန်သူနှင့် တိုက်ခိုက်နေကြပြီး စွမ်းအင်လှိုင်းများ ပေါ်ထွက်လာစေခဲ့၏။ ရေကန်မျက်နှာပြင်ပေါ်တွင် မိုးကြိုးလျှပ်စီးတန်းပေါင်းများစွာ ပေါက်ကွဲလာခဲ့ပြီး နှစ်ဖက်စလုံးက ကြောက်မက်ဖွယ်ရာ စွမ်းအားကို ကိုင်ဆောင်ထားကြသည်။
အဆိုပါ နတ်မိစ္ဆာဝိညာဥ်များက အသိဉာဏ်ကင်းမဲ့နေသော်လည်း သူတို့ အသက်ရှိခဲ့စဥ် အချိန်က နည်းစနစ်များကို အလိုအလျောက် အသုံးပြုနေခဲ့ကာ စည်းတံဆိပ်များကို ဖန်တီး၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချက်ချင်းတိုက်ခိုက်နေကြတော့သည်။
ဘုမ်းးးး
ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့ကာ နတ်မိစ္ဆာဝိညာဥ်များ လွင့်ထွက်သွားခဲ့သည်။ မိုးကြိုးငှက်နှစ်ကောင်က သူတို့၏ အားသာချက်ကို အသုံးပြုကာ ဖိနှိပ်ရန် ကြံရွယ်လိုက်သည်။ တစ်ကောင်က ၎င်းတို့ကို ဖိနှိပ်သတ်ဖြတ်ရန်အတွက် ၎င်း၏ တောင်ပံများကို ခတ်နေခဲ့ပြီး ကျန်တစ်ကောင်ကမူ ပင်လယ်မျက်လုံးဆီသို့ ချဥ်းကပ်သွားကာ အခွင့်အလမ်းကို သိမ်းယူရန် ကြံရွယ်လိုက်သည်။
နတ်မိစ္ဆာဝိညာဥ်များကို တားဆီးပိတ်ဆို့ထားသည့် မိုးကြိုးငှက်တစ်ကောင်က နောက်လှည့်ကြည့်လိုက်ပြီး ၎င်း၏ အဖော်က ရေထုအတွင်းသို့ ကျဆင်းသွားကာ အစအနပင် ရှာမရတော့ဘူးဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဘာကြီး “
ထိုစဥ် နတ်မိစ္ဆာဝိညာဥ်တစ်ကောင်က တိုက်ခိုက်လာခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ချေမွသွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်က နောက်သို့လွင့်ထွက်သွားကာ အဆုံးတွင် ရေပြင်အတွင်းသို့ ပြုတ်ကျသွားခဲ့သည်။
ပတ်ပတ်လည်တွင် မည်သည့်သက်ရှိမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် အဆိုပါ နတ်မိစ္ဆာဝိညာဥ်များက ကောင်းကင်ထက်သို့ ခုန်တက်ကာ အဝေးသို့ ဦးတည်သွား၏။
သူတို့ထံတွင် အသိဉာဏ်မရှိသောကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သို့သော် ၎င်းတို့က မကျေနပ်ချက်များကို ထမ်းပိုးထားသောကြောင့် မြင်တွေ့ရသမျှ သက်ရှိသတ္တဝါတိုင်းကို မသေမချင်း တိုက်ခိုက်ခဲ့ကြသည်။
သို့ရာတွင် ဤနေရာရှိ ဖြစ်ရပ်များက ပိုမိုပြင်းထန်လာခဲ့ပြီး လူများက ပင်လယ်မျက်လုံးရှိ အခွင့်အလမ်းကို ရှာဖွေတွေ့ရှိသွားကြသည်။ အင်အားစုအားလုံး ဤနေရာတွင် စုပြုံလာကြ၏။
ယှဥ်ပြိုင်မှုများက ပိုမိုပြင်းထန်လာသည်နှင့်အမျှ တိုက်ပွဲကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
အင်အားစုအားလုံးက ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးတွင် ရှိနေခဲ့ပြီး လူတစ်ချို့ကမူ ဆက်လက်၍ ကြိုးပမ်းနေကြသေး၏။
ပင်လယ်မျက်လုံး၏ ထူးခြားမှုကို သိထားကြသော်လည်း လူတိုင်းက အရှေ့သို့ တစ်ဦးပြီးတစ်ဦး ပြေးတက်သွားကြသည်။ ကျမ်းစာနှင့် မှော်ပစ္စည်းနှစ်ခုစလုံးက သေစေလောက်သော ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။ မည်သူကမှ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုပစ္စည်းများကို ရရှိရန်မလွယ်ဘူးဆိုသည်ကို လူတိုင်းက သိနေကြသော်လည်း သူတို့က တွေဝေတုံ့ဆိုင်းမှုမရှိဘဲ ရှေ့ဆက်နေကြသေး၏။
အားလုံး၏ အမြင်တွင် အဆိုပါ ပစ္စည်းများကို ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းက လူတစ်ဦး၏ လက်ကျန်ဘဝတစ်လျှောက်လုံးကို အကြီးအကျယ် ပြောင်းလဲသွားစေမည် ဖြစ်သည်။ သူတို့က ဂိုဏ်းတစ်ဂိုဏ်းကို လွှမ်းမိုးနိုင်မည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။
မြင့်မြတ်နယ်မြေများကပင် ဖင်တကြွကြွ ဖြစ်နေကြ၏။
ချက်ချင်းဆိုသလိုပင် ပင်လယ်မျက်လုံးက ကသောင်းကနင်း ဖြစ်သွားခဲ့သည်။ သူတို့က မှော်ပစ္စည်းများကို အသုံးပြုကာ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း သူတို့က ယခင်ကအတိုင်းပင် ရေကန်အတွင်းသို့ ပြုတ်ကျကာ ပျောက်ကွယ်သွားခဲ့သည်။ လူတစ်ချို့ကမူ ကမ်စပ်မှတစ်ဆင့် ရေပြင်အတွင်းသို့ ခိုးဝင်ရန်ပင် ကြိုးပမ်းခဲ့ကြသည်။ သို့သော် မည်သူမှ ပြန်မလာနိုင်ခဲ့ပေ။
ထိုနေရာတွင် ဘာရှိနေလဲဆိုသည်နှင့် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေရလဲဆိုသည်ကို မည်သူမှ မသိကြပေ။
ရှေးဟောင်းဂိုဏ်းများထံတွင် ဤနေရာနှင့် ပတ်သက်သည့် မှတ်တမ်းများ ရှိနေသော်လည်း သူတို့က ယခုလက်ရှိ အခြေအနေနှင့် သက်ဆိုင်သည့် မည်သည့်အချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ဤအခြေအနေမျိုးက ယခင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။
ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ လူတစ်ချို့က ဝိညာဥ်ကျောက်တုံးများကို စတေး၍ တက်တက်ကြွကြွ ပူဇော်နေခဲ့ကြသည်။ ၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ပေါင်ရိုက်ကာ အသုံးအဖြုန်းကြီးလွန်းသည့် မြည်းများဟု ကျိန်ဆဲနေခဲ့၏။
အဆုံးတွင် သူတို့အားလုံးက ပုံစံကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
ပင်လယ်မျက်လုံးမှ ပေါ်ထွက်လာသည့် စွမ်းအားများက ဆက်တိုက်ပြန့်ကားလာခဲ့ပြီး ကမ်းစပ်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် နောက်ပြန်ဆုတ်သွားခဲ့ကာ ထိုအတိုင်းပင် ထပ်ခါတလဲလဲ လည်ပတ်နေခဲ့သည်။
လူတိုင်းက တိတ်တဆိတ် စောင့်ဆိုင်းနေရင်းဖြင့် ထိုနေရာသို့ စူးစူးရဲရဲ စိုက်ကြည့်နေလျက်ရှိ၏။
အဆိုပါ စွမ်းအားက အသေးငယ်ဆုံး အခြေအနေမျိုးအထိ သေးကျုံ့သွားသည့် အချိန်တွင် ပုံရိပ်အများအပြားက ပင်လယ်မျက်လုံးဆီသို့ တဟုန်ထိုး ပြေးတက်သွားကြသည်။ ဟင်းလင်းပြင်အတွင်းတွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော မှော်စွမ်းအားစီးကြောင်းတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ အင်အားစုတိုင်းက ယှဥ်ပြိုင်ရင်ဆိုင်ကြကာ သူတို့က ခြေတစ်လှမ်းနောက်ကျသွားမည်ကို ကြောက်လန့်နေကြ၏။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့၏။ မြင့်မြတ်နယ်မြေသုံးခုက တိုက်ပွဲများအတွင်းသို့ ဝင်လာခဲ့ပြီဖြစ်ပြီး စစ်မြေပြင်ကို ပိုမိုရှုပ်ထွေးသွားစေခဲ့ကာ လူတိုင်းက ရတနာများကို သိမ်းယူရန်အတွက် အပြေးအလွှား ဖြစ်နေခဲ့ကြသည်။
လူတစ်ချို့သည် ရေကန်အတွင်းသို့ ပြုတ်ကျကာ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ဟေးက စိုးရိမ်တကြီး စောင့်ကြည့်နေလျက်ရှိ၏။ ၎င်းမှာ ယခင်က လုချန်ရှန်း ဖန်တီးခဲ့သည့် ဖြစ်ရပ်များထပ် ပိုမိုကြီးမားနေခဲ့သည်။
၎င်းက ဒေသလေးခု၏ သက်ရှိများအကြားရှိ ရတနာ လုယက်ခြင်း တိုက်ပွဲကြီးတစ်ခုကိုပင် ဖြစ်ပွားစေခဲ့၏။
လူတစ်ချို့ကမူ အဝေးတစ်နေရာမှ အေးအေးလူလူ စောင့်ကြည့်နေကြသည်။ သို့သော် သူတို့က လူကောင်းများ မဟုတ်ပေ။ သူတို့က အင်အားစုအားလုံး မောပန်းသွားကာ အားအင်ကုန်ခမ်းသည့် အချိန်အထိ စောင့်ဆိုင်းနေကြမည်ဖြစ်ပြီး ထိုအချိန်မှသာ ပွဲကို အပြတ်ဖြတ်ရန်အတွက် လှုပ်ရှားကြမည် ဖြစ်သည်။
ပုစဥ်းက ပရစ်များကို ချောင်းမြောင်းနေချိန်၌ ၎င်းတို့၏ နောက်တွင် စာငှက်တစ်ကောင် ရှိနေသည်ဆိုသည်ကို မည်သူမှ မသိကြပေ။
သို့ရာတွင် ရှောင်ဟေးကမူ စိုးရိမ်တကြီး ဖြစ်နေလျက်ရှိသည်။ သူသည် အဆိုပါ အခွင့်အလမ်းက လုချန်ရှန်းအတွက် သေချာပေါက်အသုံးဝင်မည်ဆိုသည်ကို သိနေခဲ့သည်။
အကယ်၍ ကျမ်းစာက သူ့အတွက် အသုံးမဝင်ဘူးဆိုလျှင်တောင်မှ နတ်ဓားတစ်လက် ရှိနေသေးသည်။
လုချန်ရှန်းကမူ ထိုအရာများကို အေးအေးလူလူ စောင့်ကြည့်နေလျက်ရှိ၏။ သို့သော် သူသည် ၎င်းနှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေခဲ့ရသည်။
“ ငါတို့က ဘယ်အချိန်ကျမှ လှုပ်ရှားကြမှာလဲ “ ဟု ရှောင်ဟေးက မေးမြန်းလိုက်သည်။
လုချန်ရှန်းကမူ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ တုံ့ပြန်လိုက်သည် “ ခဏလောက် စောင့်နေဦး “
“ ဘာကိုစောင့်ရမှာလဲ “
“ ငါကျင့်ကြံဖို့ လိုအပ်တဲ့ ကျမ်းစာတစ်ခု ရှိတယ်လေ “
ရှောင်ဟေးက တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အခုကျင့်ကြံမလို့လား။ အချိန်ရှိလို့လားဟ “
မင်းက ပါရမီရှင်တစ်ယောက်ဆိုပင်မဲ့ နောက်ဆုံးမိနစ်မှာ ဘယ်လောက်များ ပြွတ်သိပ်ထည့်နိုင်မှာမို့လို့လဲဟ။ အခုကျင့်ကြံပြီးတော့ နောက်မှ လှုပ်ရှားမယ်ဆိုတော့ ရတနာတွေ သူများလက်ထဲ ရောက်သွားမှာ မဟုတ်ဘူးလားဟ။
လုချန်ရှန်းမှာ သူ့ကို လျစ်လျူရှုနေတော့သည်။ လက်ဟန်တစ်ခုပြုလိုက်ရာ သူ၏စိတ်ထဲတွင် ကျမ်းစာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကျမ်းစာအသက်ဝင်လာမှုနှင့်အတူ ခမ်းနားသော ကျမ်းစာရွတ်ဖတ်သံတစ်သံ အဆက်မပြတ် ပဲ့တင်ထပ်လာခဲ့၏။
ရှောင်ဟေးက စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။ ဒီကောင်က တကယ်ကြီး ကျင့်ကြံနေတာပဲ။
သို့သော် ရုတ်တရက်ဆိုသလိုပင် လုချန်ရှန်းက မျက်လုံးများ ရုတ်တရက် ပြန်ဖွင့်လာခဲ့သည်။
“ ကျင့်ကြံတာ ပြီးသွားပြီလား “
ရှောင်ဟေးမှာ အမြန်နှုန်းကြောင့် အံ့ဩတုန်လှုပ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ရုတ်တရက် မတ်တပ်ထရပ်ကာ ပင်လယ်မျက်လုံးကို ငေးကြည့်၍ စကားလှည့်ပြောလာခဲ့၏ “ သွားမယ်။ ဒီကနေ ထွက်သွားရမယ် “
“ သွားမှာလား။ မင်းက အခွင့်အလမ်းကို မလိုချင်တော့ဘူးလား “
“ မဟုတ်ဘူး “
လုချန်ရှန်းသည် လူတိုင်းက အဆုံးသတ်နှင့် ကြုံတွေ့သွားရကာ ရေကန်အတွင်းသို့ တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။
--
…………………………………………………………………………………………………………………………………..