← Chapters

အခန်း ၂၈၁

Vol. 19 Ch. 281

အခန်း ၂၈၁

Vol. 19 Ch. 281

အပိုင်း ( 281 )

မင်းတို့က ငါ့ကို ကြည့်ခွင့်မပေးကြသေးဘူးလား

စစ်မြေပြင်မှာ ဖရိုဖရဲသာ ဖြစ်နေခဲ့သည်။

သို့သော် လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အချိန်အတော်ကြာ စိုက်ကြည့်နေလျက်ရှိ၏။

လုချန်ရှန်း၏ အကြည့်များက ဝူရို့ထံတွင်သာ ရှိနေခဲ့ပြီး ဝူရို့ကလည်း သူ့ကို ပြန်စိုက်ကြည့်နေခဲ့ကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။

“ ဆက်ပြောလော “ လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ စကားစပြောနေတော့သည်။

ဝူရို့က ပြန်ပြောလာခဲ့၏ “ ဘာကိုပြောရမှာလဲ “

“ မှော်နတ်ကိုယ်ပွား “

“ မင်းမသိဘူးလား “ ဝူရို့က စကားထောက်လာခဲ့သည်။

လုချန်ရှန်းမှာ စိတ်ရှုပ်ထွေးသွားရတော့သည်။ ငါမသိဘူးလားဆိုတာက ဘာစကားကြီးလဲ။ ငါက အဲ့တာကို သိရမှာလား။ ငါတစ်ယောက်တည်း မသိအောင် ဖုံးကွယ်ထားတဲ့ လူသိများတဲ့ လျှို့ဝှက်ချက်တစ်ခုလား။

“ တကယ်လို့ ငါသာ သိနေမယ်ဆိုရင် ဘာကိစ္စမင်းကို မေးနေရမှာလဲ “

“ မင်းဘာလုပ်ချင်နေလဲဆိုတာကို ဘယ်သူကသိမှာလဲ “

“ ငါ ……………… “

လုချန်ရှန်းမှာ နင်လုမတတ် ဖြစ်သွားခဲ့သည်။

ဝူရို့က စကားဆက်ပြောလာခဲ့၏ “ မှော်နတ်ကိုယ်ပွားက လျှို့ဝှက်ချက်မဟုတ်ဘူး။ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ။ နတ်စွမ်းအားအရင်းအမြစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လူတစ်ယောက်နဲ့ ပေါင်းစပ်ပြီးတော့ ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုပဲ။ ကိုယ်ပွားက မူလကိုယ်ကိုယ်စား အပြင်မှာ လျှောက်သွားနေလို့ရတယ်။ အတွေ့အကြုံရှာတာက ကျင့်ကြံရေးလမ်းကြောင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလေ “

“ ပြီးတော့ရော “

“ ပြီးတော့ ကိုယ်ပွားက မူလကိုယ်အတွက် အတွေ့အကြုံတွေ စုဆောင်းပေးတယ်။ မူလကိုယ်ကတော့ ကျင့်ကြံရေးအတွက် အချိန်ပိုရတာပေါ့။ အဲ့တာတွေကြောင့်ပဲ အဲ့ဒီသူတော်စင်တွေက တော်တော်ကြီးကို ကြောက်စရာကောင်းနေပြီးတော့ သက်တူရွယ်တူတွေကို ဖိနှိပ်ထားနိုင်တာ။ အံ့ဖွယ်ဖြစ်ရပ်တစ်ခုခု မရှိဘူးဆိုရင် သူတို့တွေက မြင့်မြတ်နယ်မြေတွေရဲ့ အနာဂတ်ဖြစ်လာပြီးတော့ ဒီကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လူတစ်စု ဖြစ်လာမှာပဲ “

“ အင်း “ လုချန်ရှန်းသည် အာရုံစိုက်၍ နားထောင်နေခဲ့သည်။ သို့သော် အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူသည် မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်သည် “ ဘာလဲ “

ဝူရို့သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ နတ်စွမ်းအား အရင်းအမြစ်ကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီးတော့ ကိုယ်ပွားတစ်ခုကို ဖန်တီးတာအပြင် ထူးခြားတဲ့ တစ်ခြားစွမ်းအားတွေကိုပါ သုံးလို့ရတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အနောက်ဒေသ ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓသားတော်က အဝေးထိန်းစိတ်စွမ်းအားနဲ့ သူ့ကိုယ်သူ ပေါင်းစပ်ခဲ့တယ်။ မြောက်ပိုင်းဒေသ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်ရဲ့ နတ်သမီးကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မီးတာအို အပိုင်းအစနဲ့ သူမကိုယ်သူမ ပေါင်းစည်းခဲ့တယ် “

“ ကိုယ်ပွားတွေက မူလကိုယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအား အများစုကို ပိုင်ဆိုင်ထားတယ်။ နာမည်ခံ သူတော်စင်တွေကတောင် အဲ့တာတွေကို မယှဥ်နိုင်ကြဘူး “

“ သူတို့ရည်ရွယ်ချက်က မူလကိုယ်ကိုယ်စား ခရီးထွက်ဖို့ပဲ။ သူတို့က ဟွာရှုနယ်ပယ်ကို ရောက်သွားတဲ့ အချိန်ကျရင် အဲ့ကိုယ်ပွားတွေက အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။ မင်းက သူတို့ကို ဝိညာဥ်ကျောက်တုံးတွေအတွက် လဲလှယ်နိုင်မှာ မဟုတ်ဘူး “

ဝူရို့က စကားဆက်ပြောလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက ဝိညာဥ်ကျောက်တုံးတွေအကြောင်းပဲ ဘာဖြစ်လို့ ဆက်ပြောနေရတာလဲ။ အဲ့တာက တော်တော်လေးကို ရိုင်းလွန်းတယ်။ ငါက သူတို့နဲ့ လက်ရည်ယှဥ်ပြီးတော့ တာအိုအကြောင်းကို ဆွေးနွေးချင်တာ “

“ အို့ “

ဝူရို့က တုံ့ပြန်ရန် ပျင်းရိလွန်းနေသဖြင့် ထိုကဲ့သို့သာ ပြန်ပြောလိုက်သည်။ သူက ကိုယ့်ကိုကိုယ်တော့ သိသေးသားပဲ။ ထိန်းချုပ်မှု ရှိသေးတယ်။

စစ်မြေပြင်က ဖရိုဖရဲဖြစ်နေစဲဖြစ်ပြီး လုချန်ရှန်းကမူ ကောင်းကင်ပြင်တွင် လှည့်လည်သွားလာနေလျက်ရှိ၏။ သူသည် မြင့်မြတ်နယ်မြေများက ပြုစုပျိုးထောင်ပေးထားသည့် အစစ်အမှန် သူတော်စင်များဟု ခေါ်ဆိုသည့် လူများကို တွေ့ချင်နေခဲ့သည်။

သို့ရာ၌ သူသည် ထူးဆန်းသော အရာတစ်ခုကို သွားနေရင်းဖြင့် ခံစားမိလာရသည်။ စစ်မြေပြင်အတွင်းရှိ သတ်ဖြတ်လိုစိတ်က ပိုမိုအားကောင်းလာပုံရပြီး ပင်လယ်မျက်လုံးရှိ သတ်ဖြတ်မှုများက ဆက်လက်၍ ဖြစ်ပွားနေခဲ့သည်။

ထိုကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရခြင်းမှာ အမှန်ပင် ကံဆိုးလှပေသည်။

မိုချင်ဟုတ်ဟုတ် မဟုတ်ဟုတ် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်လွန်းသော လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့သည့်လူက အတော်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ လုချန်ရှန်းသည် ၎င်းက သားရဲတစ်ကောင်ဖြစ်သည်ဟုပင် ထင်သွားခဲ့သည်။

သို့ရာတွင် သူက တစ်ခြားလူများ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် မိမိ၏ ဘေးကင်းလုံခြုံခြင်းကို ဦးစားပေးရန်အစရှိသည့် မူတို့ကို လိုက်နာသောကြောင့် ထိုကိစ္စများက သူနှင့်မည်သို့မျှ မသက်ဆိုင်ပေ။ သူက သူ၏ကိုယ်ပိုင်အရေးကိစ္စများကိုသာ ကောင်းစွာပြုလုပ်ရမည် ဖြစ်သည်။

ယခုလက်ရှိ အချိန်တွင် သူက အဆိုပါ သူတော်စင်များနှင့် နတ်သမီးများကို တိတ်တဆိတ် ရှာဖွေနေလျက်ရှိသည်။ ၎င်းက သူလုပ်သင့်လုပ်ထိုက်သည့် ကိစ္စတစ်ခုဖြစ်သည်။

တောင်တန်းသေတစ်ခုကို ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်၌ သူ၏အရှေ့တွင် သဲကန္တာရတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက လူသူကင်းမဲ့နေသင့်သော်လည်း လေထုအတွင်းတွင် ရောင်ခြည်တန်းများ စိမ့်ဝင်နေခဲ့ကာ နတ်မိစ္ဆာဝိညာဥ်များ ပြန့်ကျဲနေလျက်ရှိ၏။

နတ်ဆိုးချီနှင့် သတ်ဖြတ်လိုစိတ်များက ၎င်းတို့ကို ဝိုင်းရံနေလျက်ရှိပြီး နှစ်ပေါင်းများစွာတိုင်အောင် စုစည်းနေခဲ့သည့် မိစ္ဆာစွမ်းအင်များ ပြည့်နှက်လျှံထွက်နေခဲ့၏။

အဆိုပါ နတ်မိစ္ဆာဝိညာဥ် အကုန်လုံး အစွမ်းထက်နေခဲ့ပြီး နှစ်ကောင်က မွေးရာပါ ဝိညာဥ်အဆင့်၈သို့ ရောက်ရှိနေကာ သုံးကောင်က မွေးရာပါ ဝိညာဥ်အဆင့်၇ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး အများစုက မွေးရာပါ ဝိညာဥ်အဆင့်၆သို့ ရောက်ရှိနေကာ ၎င်းတို့၏ အောက်အဆင့် အကောင်အနည်းငယ် ရှိနေခဲ့သည်။ ၎င်းတို့အားလုံးက သေစေနိုင်သော တိုက်ခိုက်မှုများကို ပြုလုပ်နေခဲ့ကြသည်။

သို့ရာတွင် ၎င်းတို့၏ အလယ်ဗဟိုရှိ ဟင်းလင်းပြင်အတွင်းတွင် ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။ ၎င်းက အသက်နှစ်ဆယ့်ငါး(သို့) နှစ်ဆယ့်ခြောက်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး အဖြူရောင် သက်န်းကို ဝတ်ဆင်ထားကာ နူးညံ့သိမ်မွေ့ကာ ဖော်ရွေသော မျက်နှာမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။

အထင်ရှားဆုံးမှာ တောက်ပနေသော သူ၏ ခေါင်းတုံးဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင် ဗုဒ္ဓရောင်ခြည်တော်တစ်ခု ပေါ်ထွက်နေခဲ့သည်။ ဆံပင်မွှေးများ ကင်းမဲ့နေသည့် အဆိုပါ ခေါင်းတုံးက အလင်းတန်းကိုရောက်ပြန်ဟပ်နေခဲ့ကာ ၎င်းကို ပိုမိုတောက်ပသွားစေခဲ့၏။

နတ်မိစ္ဆာဝိညာဥ်များက အဆက်မပြတ် တိုက်ခိုက်နေခဲ့သော်လည်း ငယ်ရွယ်သော ဘုန်းကြီးက မလှုပ်မယှက်သာ ရှိနေခဲ့သည်။ သူ၏အောက်ဘက်တွင် ရွှေရောင်အလင်းတန်းတို့ဖြင့် ဖွဲ့စည်းထားသည့် ရွှေရောင်ကြာပန်းပုလ္လင်တစ်လုံး ရှိနေခဲ့ပြီး သူက ထိုအပေါ်တွင် ထိုင်နေခဲ့သည်။

ဗုဒ္ဓအလင်းတန်းက သူ့ကို လွှမ်းခြုံထားကာ တည်ငြိမ်အေးချမ်းမှုကို ထုတ်လွှတ်နေခဲ့သည်။ နတ်မိစ္ဆာဝိညာဥ်များက ဒေါသတကြီး တိုက်ခိုက်နေသည်နှင့်အမျှ ရဟန်းငယ်က လက်အုပ်ချီကာ ဗုဒ္ဓဂါထာတစ်ပုဒ်ကို ရွတ်ဆိုနေတော့သည်။

“ အမိတက္ဘ ”

အသံက ကျယ်လောင်နေခဲ့ကာ ဤဒေသတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ အဆုံးမဲ့ ဗုဒ္ဓအလင်းတန်းများ အဆက်မပြတ် ပွင့်လန်းကာ ပျံ့နှံ့နေခဲ့ပြီး သန့်ရှင်းစင်ကြယ်ပုံရသော်လည်း သတ်ဖြတ်လိုစိတ် တစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့၏။

အားနည်းသော မိစ္ဆာကောင်များ ချက်ချင်းသုတ်သင်ခံလိုက်ရပြီး အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ သူ့အောက်တွင် ရှိနေသည့် ကြာပန်းပုလ္လင်ထံသို့ ကျဆင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗုဒ္ဓအလင်းတန်းများ လိမ်ယှက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် သူနှင့်တူညီပြီး ခမ်းနားထည်ဝါကာ ငြိမ်းချမ်းပုံရသည့် ကြီးမားသော ဧရာမ နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းက တစ်ကမ္ဘာလုံးကို ဉာဏ်အလင်းပေးလိုသော မဟာဗုဒ္ဓတစ်ပါး ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

လှုပ်ရှားမှုတိုင်းက ဗုဒ္ဓသဘာဝကို ထုတ်လွှတ်နေကာ မွေးရာပါ ဝိညာဥအဆင့်၆နှင့် ၎င်း၏အထက်မှ နတ်မိစ္ဆာဝိညာဥ်များသာလျှင် ကျန်နေခဲ့သည်။ သို့သော် မွေးရာပါ ဝိညာဥ်အဆင့်၆ နတ်မိစ္ဆာဝိညာဥ်များကပင် မြောက်များစွာသော ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေကာ ခြေလက်များပင် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်။

ဧရာမ နတ်ဘုရားပုံရိပ်ကြီးက ယခင်က လုချန်ရှန်း မြင်တွေ့ခဲ့ဖူးသည့် ဝူရို့နှင့်တူညီနေလျက်ရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဝူရို့က ရှေးဟောင်းဗုဒ္ဓကို ရောင်ပြန်ဟပ်နေခြင်းဖြစ်ပြီး သူ့အရှေ့တွင် ရှိနေသည့် လူကမူ ကိုယ့်ကိုကိုယ်သာ သက်ဝင်ယုံကြည်နေခြင်းပင် ဖြစ်သည်။

( ဝူရို့က စွမ်းအားကို ထုတ်လွှတ်ရင် ဗုဒ္ဓတစ်ပါးရဲ့ ပုံရိပ်ပေါ်လာတယ်။ အခုတွေ့နေရတဲ့ လူကတော့ သူနဲ့တူတဲ့ ပုံရိပ်ပဲ ပေါ်လာတယ်ဆိုတဲ့သဘောပါ )

သူက ဝူရို့ထပ် အဆပေါင်းများစွာ ပိုမိုသန်မာအားကောင်းပေသည်။

လုချန်ရှန်း မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ ဒီဘုန်းကြီးကတုံးက တော်တော်လေးကို စွမ်းတာပဲ “

“ သူက အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓသားတော် လေဟာနယ်တိမ်တိုက်လေ(ယွင်ခုန်း )။ အဲ့လူက တော်တော်လေးကို သန်မာတယ်။ ဗုဒ္ဓလမ်းစဥ်ရဲ့ နှစ်တစ်ထောင်အတွင်းမှာ ပေါ်လာခဲ့တဲ့ ပါရမီရှင်တစ်ဦးပဲလေ။ သူ့ရဲ့ နားလည်နိုင်စွမ်းက တော်တော်လေးကို မြင့်တယ်။ သူက ရွှေရောင်ဓမ္မပုံရိပ်ကို ကျင့်ကြံထားခဲ့တယ်။ အသက်၁၀၀တောင် မပြည့်သေးဘဲနဲ့ ရှေးလူကြီးတွေနဲ့ အကြီးအကဲတွေထပ်တောင် ပိုစွမ်းနေပြီ “

ဝူရို့က မိတ်ဆက်ပေးလာခဲ့၏။ သူက ဗုဒ္ဓသားတော်ကို အကြိမ်အနည်းငယ်မျှ မြင်ခဲ့ဖူးသည်။

သူသည် ထိုအခိုက်အတန့်တွင် ကိုယ်ထင်မပြဘဲ မီးဖိုအတွင်းတွင်သာ နေနေခဲ့သည်။

လုချန်ရှန်းကမူ ဘာမှမပြောဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ ရဟန်းငယ်က လှုပ်ရှားလာသည့် အချိန်တွင် သူ၏ ဓမ္မပုံရိပ် လှုပ်ခတ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး မှော်ဆန်သွားကာ အလင်းတန်းများ ပေါက်ထွက်လာခဲ့၏။ ဧရာမလက်တစ်ဖက် ဖြစ်တည်လာကာ အရာအားလုံးကို ရှင်းလင်းနေတော့၏။

ရွှေရောင်လက်ကြီးနဲ့ ထိတွေ့သွားသည့် အချိန်တွင် နတ်မိစ္ဆာဝိညာဥ်များ ကျွတ်လွတ်သန့်စင်သွားကာ ပြာမှုန်များနှင့် အလင်းတန်းတို့သာလျှင် ကျန်နေခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့်၇ ပညာရှင်များလည်း လွင့်ထွက်သွားကာ မြေပြင်နှင့် တိုက်မိသွားခဲ့သည်။ တောင်တန်းများ လှုပ်ရမ်းသွားပြီး ဖုန်မှုန့်နှင့် မီးခိုးများ လွင့်စင်သွားကာ တောင်တန်းဒေသတစ်ခုလုံး တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၈ နတ်မိစ္ဆာဝိညာဥ်နှစ်ကောင်သာလျှင် အဆိုပါ တိုက်ကွက်ကို တောင့်ခံနေနိုင်ခဲ့သည်။

လုချန်ရှန်းက ကွဲပြားမှုကို ခံစားနေခဲ့သည်။ အဆိုပါ လက်ကြီးက ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုသာ ဖြစ်ပုံရပြီး ကြောက်မက်ဖွယ်ရာ နတ်စွမ်းအားများ ပါဝင်နေကာ တောင်တန်းနှင့်မြေပြင်ကို လှုပ်ခါသွားစေရန် လုံလောက်နေခဲ့သည်။

ဝူရို့၏ ပြောစကားများအရ အဆိုပါ ကတုံးက မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ရှိနေဖို့များပြီး အဆိုပါ ကိုယ်ပွားက သူ၏တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ မပိုင်ဆိုင်ထားသည့်ပုံပင်။ သို့တိုင်အောင် သူက မွေးရာပါ ဝိညာဥ်အဆင့်၈ နတ်မိစ္ဆာနှစ်ကောင်နှင့် ရင်ဆိုင်နေနိုင်သေး၏။

အဆိုပါ မိစ္ဆာနှစ်ကောင်က များစွာမသန်မာသော်လည်း လုချန်ရှန်း ကြုံတွေ့ခဲ့သည့် မိစ္ဆာများထပ် မည်သို့မျှ အားနည်းမနေခဲ့ပေ။ ၎င်းကပင် သူ၏ စွမ်းအားကို ပြသရန် လုံလောက်နေခဲ့သည်။ အကယ်၍ ၎င်းတို့က မွေးရာပါ ဝိညာဥ်အဆင့်၉ နတ်မိစ္ဆာဝိညာဥ်များဖြစ်နေမည်ဆိုပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

“ ကြည့်ရတာတော့ အပြင်ဘက်က ကောလဟာလတွေက ရာနှုန်းပြည့်မမှန်တဲ့ပုံပဲ “

လုချန်ရှန်းက ရေရွတ်ပြောဆိုကာ မေးစေ့ကို ပွတ်သပ်နေတော့သည်။ ယခင်က ဝူရို့သည် သူက ဗုဒ္ဓသားတော်နှင့် ယှဥ်နိုင်ရန်အတွက် အနည်းငယ်မျှသာ လိုအပ်တော့ပြီး ချီယန်က သူတော်စင်ရာထူးကို ကျဥ်းမြောင်းသော ရလဒ်ဖြင့် လက်လွှတ်ခဲ့ရသည်ဟု ကောလဟာလများ ရှိခဲ့ဖူးကြောင်း ပြောဆိုခဲ့သည်။

သို့သော် ယခုမြင်တွေ့ရသလောက်အရဆိုပါက ဝူရို့က အဆိုပါ ဗုဒ္ဓသားတော်ကို မည်သို့မျှ ယှဥ်နိုင်ပုံမရပေ။ ကွာဟချက်က အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။

ထို့အပြင် အကယ်၍ မြင့်မြင်နယ်မြေ၏ သူတော်စင်ကသာ အဆိုပါ ကတုံးနှင့် တူညီနေမည်ဆိုပါက ချီယန်၏ ကွာခြားချက်က အနည်းငယ်မျှသာ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

မည်သူက ချဲ့ကားပြောဆိုမှုများကို ဖြန့်ဝေနေခဲ့သနည်း။ သူတို့က မည်ကဲ့သို့ ထိုမျှလောက် အလွန်တရာ ချဲ့ကားပြောဆိုနိုင်ရသနည်း။

အကယ်၍ သူကသာ ဤနေရာသို့ မရောက်လာခဲ့ဘူးဆိုပါက သူကပင် လှည့်စားခံလိုက်ရလိမ့်မည် ဖြစ်သည်။

အဲ့လိုသာဖြစ်နေမယ်ဆိုရင် မင်းတို့က ဟွာရှုနယ်ပယ် ပညာရှင်တွေကို တုတ်နှစ်ချောင်းနဲ့ အမှောက်သိပ်နိုင်တယ်လို့ပဲ ပြောလိုက်ပါတော့လား။

သူသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ရမှ ယုံကြည်ရမည့် အရာများစွာ ရှိနေသေးသည်။ ကြွားလုံးထုတ်သူများ အလွန်တရာ များပြားလာခဲ့သည်။

သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် နတ်မိစ္ဆာဝိညာဥ် နှစ်ကောင်လုံး ရှင်းလင်းခံလိုက်ရသည်။ ကြာပန်းပုလ္လင်ဆီသို့ အလင်းတန်းများ စီးဆင်းလာခဲ့ပြီး ရဟန်းက အဝေးသို့ လှည့်ကြည့်ကာ စကားလှမ်းပြောလာခဲ့၏ “ တာအိုရောင်းရင်း မင်းကြည့်တာ တော်တော်ကြာနေပြီ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ “

ထိုအခိုက်အတန့်တွင် သူတို့၏ အကြည့်များ ဆုံသွားခဲ့သည်။

လုချန်ရှန်းကမူ သူ၏ အရှိန်အဝါကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။ သူသည် ဘုန်းကြီးကို ကြည့်ကာ တုံ့ပြန်လိုက်သည် “ ငါက ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း လေ့လာခဲ့တာလေ။ မင်းက အဲ့တာကို ခွင့်မပြုဘူးလား “

--

………………………………………………………………………………………………………………………………………

All Chapters