အခန်း ၂၈၂
Vol. 19 Ch. 282
အပိုင်း ( 282 )
ငါ့ကို အထင်သေးနေတာလား။ မဖြစ်နိုင်ဘူး
လုချန်ရှန်း၏ အကြည့်အောက်မှာပင် ယွင်ခုန်းက တစ်ခဏခန့် အတွေးနက်သွားခဲ့ကာ သူ့အရှေ့တွင် ပေါ်ထွက်လာသည့် အနက်ဝတ်လူကို ငေးကြည့်နေမိတော့သည်။ သူတောင်ကောင်းယောင်ဆောင်နေတာလားဟ။
သို့ရာတွင် သူသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်း မင်းက ဘာကို တွေ့ချင်နေတာလဲ “
“ မင်းတို့ မြင့်မြတ်နယ်မြေရဲ့ ဆက်ခံသူတွေက ဘယ်လောက်စွမ်းလဲဆိုတာကိုပေါ့ “
လုချန်ရှန်း၏ အဖြေက အလွန်ပင် တည့်တိုးဆန်နေခဲ့၏။ ထို့ကြောင့် ရှောင်ဟေးကပင် အံ့အားသင့်သွားခဲ့ကာ ယွင်ခုန်းမှာလည်း မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ဒီလောက်တောင် ပွင့်လင်းတာလားဟ။ ထူးဆန်းတဲ့ ဒီခံစားချက်ကြီးက ဘာကြီးလဲဟ။ သူက ပြဿနာရှာနေတယ်လို့ ခံစားနေရတယ်ဆိုပင်မဲ့ အမှားရှာလို့ မရဘူး။
ယွင်ခုန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ တာအိုရောင်းရင်း မင်းက ငါ့ကို တိုက်ခိုက်မလို့ ကြံနေတာလား “
“ အမှန်ပဲ “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။
ယွင်ခုန်းက တပြုံးပြုံး ဖြစ်သွားခဲ့သည်။ သူသည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ယုံကြည်မှုအပြည့် ရှိနေခဲ့ကာ သူ့အရှေ့တွင် ရှိနေသည့်လူကို မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။
“ တာအိုရောင်းရင်း မင်းက အဲ့လုပ်ရပ်ကို သေချာစဥ်းစားခဲ့ပြီလား။ အရာအားလုံးက ကံကြွေးနဲ့ သက်ဆိုင်နေတယ်။ မင်းလှုပ်ရှားလာတာနဲ့ အဲ့ကိစ္စကို အလွယ်တကူ ပြန်ရှင်းနိုင်မှာ မဟုတ်ဘူးနော် “
ယွင်ခုန်းက အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ သို့သော် သူ၏ စိတ်အတွင်းတွင်မူ သူက ထိုလူများကို အထင်သေးနေခဲ့ပြီး ထိုကဲ့သို့သော လူများနှင့် ဤနေရာတွင် အချိန်မဖြုန်းလိုခဲ့ပေ။
ဤကမ္ဘာပေါ်တွင် မြင့်မြတ်နယ်မြေ၏ ဆက်ခံသူများကို စိန်ခေါ်ကာ အောင်မြင်ကျော်ကြားမှုကို ရယူလိုသူများများစွာ ရှိနေခဲ့သည်။ ထိုလူများက သူတို့ကို ခြေနင်းတုံးများအဖြစ် အသုံးပြုချင်ခဲ့ကြသည်။ သို့သော် သူ၏ အမြင်တွင်မူ ထိုလူများက လူသိများချင်နေသည့် လူရွှင်တော်များသာ ဖြစ်နေခဲ့သည်။
အောင်မြင်ကျော်ကြားမှုကအတွက် ထိုကဲ့သို့ ယုံကြည်မှု လွန်ကဲနေခြင်းမှာ အမှန်ပင် ရယ်ရွှင်ဖွယ်ကောင်းလှသည်။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ အများကြီး တွေးပူနေဖို့ မလိုပါဘူးကွာ။ တကယ်လို့ ငါမင်းကို မရိုက်နိုင်ဘူးဆိုရင် ထွက်ပြေးမှာပါ “
“ ဟက် “
ယွင်ခုန်းမှာ အပြုံးဖြင့် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ သူ၏ အမူအရာ မပြောင်းလဲသွားခဲ့သော်လည်း ၎င်းကပင် တော်တော်များများကို ပြောနေခဲ့ပြီးပြီ ဖြစ်သည်။
ထိုအခိုက်အတန်တွင် လုချန်ရှန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။ သူ၏ ပုံရိပ်က ဟင်းလင်းပြင်ကို ကျော်ဖြတ်သွားကာ အနားသို့ ရောက်ရှိသွား၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏လက်ကိုမြှောက်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ယွင်ခုန်းကမူ ကြာပန်းပုလ္လင်ပေါ်တွင်သာ အေးအေးလူလူ ထိုင်နေလျက်ရှိပြီး မတ်တပ်ထရပ်မည့်ပုံ မပေါ်ချေ။
သူ၏ ဓမ္မပုံရိပ် ပျောက်ကွယ်သွားသည်မှာ အတော်ပင် ကြာနေခဲ့ပြီဖြစ်သည်။ လုချန်ရှန်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအချိန်တွင် သူသည် ၎င်းကို တားဆီးပိတ်ဆို့ရန်အတွက် သူ၏လက်ကို အသာအယာ မြှောက်လိုက်သည်။ သူသည် သူ့စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ကာ သူတို့နှစ်ဦးကြားတွင် ရှိနေသည့် ကွာဟချက်အား လုချန်ရှန်းကို ခံစားသွားရစေချင်ခဲ့၏။
သို့ရာ၌ သူတို့၏ လက်နှစ်ဖက် တွေ့ဆုံသွားသည့် အချိန်တွင် သူ၏ အမူအရာပြောင်းလဲသွားကာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့သည်။
လုချန်ရှန်း၏ လက်သီးထိုးချက်က သူ့ကို လွှမ်းခြုံထားသည့် မှော်စွမ်းအားကို ပြိုကွဲသွားစေကာ ချက်ချင်းဆိုသလိုပင် သူ၏လက်ဝါးနှင့် ထိတွေ့သွားခဲ့သည်။
ဘုမ်းးးးး
ထို့အတူ ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်လာခဲ့၏။ ယွင်ခုန်းသည် အငိုက်မိကာ ကြာပန်းပုလ္လင်ထက်မှ လွင့်ထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က အောက်ဘက်ရှိ တောင်တန်းနှင့် တိုက်မိသွားကာ မြေပြင်ပေါ်တွင် ဖြောင့်တန်းသော လမ်းကြောင်းတစ်ခု ကျန်ရှိစေခဲ့သည်။
ရှောင်ဟေးကမူ မီးဖိုအတွင်းမှ စောင့်ကြည့်နေလျက်ရှိပြီး ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယွင်ခုန်းက သူ၏ စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းမျှသာ အသုံးပြုခဲ့သော်လည်း ၎င်းက အထင်သေးနေခြင်း မဟုတ်ပေ။ သူ၏ အမြင်တွင် လုချန်ရှန်း၏ အရှိန်အဝါက မွေးရာပါ ဝိညာဥ် အဆင့်၃(သို့) အဆင့်၄တွင်သာ ရှိနေခဲ့ပြီး ယုတ္တိရှိရှိ ပြောရမည်ဆိုပါက သူ၏ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းက ထိုအဆင့်မှ လူများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သင့်ပေသည်။
ရွှပ်
ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့၏။ ယွင်ခုန်းက မြေပြင်မှတစ်ဆင့် ဟင်းလင်းပြင်အတွင်းသို့ ခုန်တက်လာခဲ့ပြီး ကြာပန်းပုလ္လင်က သူ့ဆီသို့ ပျံသန်းလာခဲ့၏။ သို့ရာတွင် သူသည် ထပ်မံ၍ မထိုင်ချလိုက်ပေ။ ထို့အစား သူသည် ၎င်း၏ အထက်တွင် မတ်တပ်ရပ်နေကာ မျက်မှောင်တကြုတ်ကြုတ်ဖြင့် ထိုနေရာကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
လုချန်ရှန်းမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကာ မထီမဲ့မြင်ပြုနေသော အကြည့်မျိုးဖြင့် စကားလှမ်းပြောနေတော့သည် “ မင်းက တော်တော်လေးကို ကြောက်ဖို့ကောင်းနေမယ်လို့ ငါထင်နေခဲ့တာ။ ဒါပဲလားဟ။ ကြည့်ရတာတော့ မြင့်မြတ်နယ်မြေရဲ့ ဆက်ခံသူတွေကလည်း သာမန်ပါပဲ “
ယွင်ခုန်း၏ မျက်နှာထားက ပိုမိုတင်းမာသွားခဲ့သည်။ သို့သော် သူ၏အကြည့်များ ပြောင်းလဲသွားခဲ့သည်။
“ ကျုပ်က တာအိုရောင်းရင်းကို လျှော့တွက်မိတယ် “
“ ဘာကြီး။ ငါ့ကို လျှော့တွက်ခဲ့တာလား “
လုချန်ရှန်းမှာ မပျော်မရွှင်ဖြစ်သွားခဲ့သည်။ ငါ့ကို လျှော့တွက်ခဲ့တယ်ပေါ့။ အဲ့တာက ငါ့ကို အထင်သေးနေတာ မဟုတ်ဘူးလား။
ငါ့ကို အထင်သေးတာက လက်ခံပေးလို့မရဘူးကွ။
ယွင်ခုန်းမှာ အံ့ဩမှင်သက်ကာ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက ထပ်မံ၍ လှုပ်ရှားလာခဲ့ပြီး သူ၏လက်သီးကို လွှဲရမ်းကာ ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြန်သည်။
“ အမိတက္ဘ “
ယွင်ခုန်းက ဗုဒ္ဓဂါထာကို ရွတ်ဆိုနေတော့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အလေးအနက်ထားနေခဲ့ပြီဖြစ်သည်။ ဗုဒ္ဓရောင်ခြည်တော်များ ပွင့်လန်းလာခဲ့ကာ သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ သိပ်သည်းလှသော ဗုဒ္ဓအရှိန်အဝါတစ်ခု ဖြစ်တည်လာခဲ့ပြီး ပြိုင်ဘက်က အနားသို့ ချဥ်းကပ်လာသည့် အချိန်တွင် သူသည် အရှေ့သို့ ထိုးချလိုက်သည်။
ဘမ်းးး
တိုးညှင်းသော အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။ လက်သီးနှင့် လက်ဖဝါးတို့ ထပ်မံ၍ တွေ့ဆုံသွားကာ ဟင်းလင်းပြင်ကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။ ယွင်ခုန်းမှာ ထပ်မံ၍ လွင့်ထွက်သွားကာ သူ၏မျက်လုံးများ အတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။
သူသည် အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရကာ တောင်တစ်လုံးနှင့် တိုက်မိပြီးမှသာလျှင် ရပ်တန့်သွားခဲ့သည်။ သူ့ကို လွှမ်းခြုံထားသည့် ဗုဒ္ဓရောင်ခြည်ကပင် ပေါက်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။
သူသည် သူ့အရှေ့တွင် ရှိနေသည့် အနက်ဝတ်လူကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ငေးကြည့်မိနေတော့သည်။
ယခင်က သူလျှော့တွက်မိခဲ့သည်က ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် တစ်ဖက်လူကို မည်သို့မျှ လျှော့မတွက်ဘဲ အလေးအနက်ထားထားခဲ့သည်။ သို့သော် သူသည် တစ်ဖက်လူ၏ တိုက်ကွက်ကို မခုခံနိုင်သေးပေ။
သို့ရာတွင် သူများများစားစား မစဥ်းစားရသေးခင် အချိန်မှာပင် လုချန်ရှန်းက လိုက်မှီလာခဲ့ကာ မည်သည့်နည်းစနစ်မှ အသုံးမပြုထားသော ရိုးရှင်းသည့် လက်သီးထိုးချက်များကို ပစ်လွှတ်လာခဲ့သည်။
ဓားတာအိုမပါ နည်းစနစ်မပါသော်လည်း ကြောက်မက်ဖွယ်ကောင်းနေသေး၏။ အမှန်တိုင်းပြောရမည်ဆိုပါက သူသည် သူ၏ ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာကိုယ်၏ စွမ်းအားကို တစ်ကြိမ်တစ်ခါမှ မချပြခဲ့ဖူးချေ။
ဝရုန်းးးးး
အသံများ အဆက်မပြတ် ပျံ့လွင့်လာခဲ့၏။ ယွင်ခုန်း၏ ဝတ်ရုံပျက်စီးသွားကာ လက်အုပ်မချီထားတော့ဘဲ ရန်သူကိုသာ တိုက်ခိုက်နေတော့သည်။ လုချန်ရှန်း၏ အမြန်နှုန်းက အလွန်တရာ မြန်ဆန်နေခဲ့ကာ လူတိုင်းကို အငိုက်မိသွားစေခဲ့၏။
နောက်ဆက်တွဲ စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့ပြီး တောင်တန်းများနှင့် မြစ်ပြင်တို့ကို ပြိုကွဲသွားစေကာ အလင်းတန်းများကို လွင့်ပျယ်သွားစေခဲ့၏။
ရှောင်ဟေးက ၎င်းတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓသားတော်က အနောက်ဒေသတစ်လုံး၏ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် ယခုတွင်ကား ထိုလူက လုချန်ရှန်းက ဆော့ကစားနေခြင်းကို ခံခဲ့ရသည်။
၎င်းက သူ၏ အစစ်အမှန် ခန္ဓာကိုယ်မဟုတ်သော်လည်း ထိုဖြစ်ရပ်ကပင် အံ့ဖွယ်ကောင်းနေသေး၏။
သူက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာ ကျလိမ့်မည် မဟုတ်ပေ။ အဆိုပါ ဗုဒ္ဓသားတော်က မြင့်မားသော ကျင့်ကြံရေးနှင့် အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားတို့ကို ပိုင်ဆိုင်ထားခဲ့သည်။ ၎င်းက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့် ရလဒ်ဖြစ်သည်။ သို့သော် လုချန်ရှန်းကမူ နို့နံ့ပင် မစင်သေးသည့်ပုံပင်။ ထို့အပြင် သူသည် သူ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးထားပုံမရချေ။
သူသည် သက်ပြင်းချနေရင်းဖြင့် အနားသို့ တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို အာရုံခံမိသွားခဲ့သည်။
မလှမ်းမကမ်းတွင် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ဟင်းလင်းပြင်ကို ကျော်ဖြတ်လာခဲ့သည်။ သူမ၏ အသားအရည်က ကြည်လင်ကာ တောက်ပနေခဲ့ပြီး သူမ၏ ဆံသားများက လေထုအတွင်းတွင် မျောလွင့်နေခဲ့သည်။ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေရင်းဖြင့် သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်ရဲ့ နတ်ဘုရားမ ဝမ်ရန် “
ရှောင်ဟေးက လုချန်ရှန်းကို သတိပေးလိုက်သည်။
လုချန်ရှန်းကမူ တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို သိနေခဲ့ကာ တစ်ချက်မျှ ငေးကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်းတွင် လေးစားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
အမျိုးသမီးက အလွန်တရာ လှပကာ ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားခဲ့သည်။ သူမက စကားမပြောလာခဲ့ပေ။ သို့သော် သူမသည် မီးလျှံများမှ မွေးဖွားလာခဲ့သည့် လူတစ်ဦးကဲ့သို့ ပူလောင်သော ခံစားချက်အား လူတိုင်းကို ခံစားသွားရစေခဲ့သည်။
လုချန်ရှန်းသည် သူ၏ အတွေးများကို စုစည်းကာ ဆက်လက်၍ တိုက်ခိုက်နေတော့သည်။ ယွင်ခုန်း၏ အမူအရာက ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ပြိုင်ဘက်က ပုံမှန်မဟုတ်ဘဲ အလွန်တရာ စွမ်းလွန်းနေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။ လုချန်ရှန်းက အလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့ကာ ပုံရိပ်နှစ်ခုစလုံး လွင့်ထွက်သွားခဲ့သည်။
ယွင်ခုန်းသည် ကိုယ့်ကိုကိုယ် တည်ငြိမ်သွားစေလိုက်ပြီး ထပ်မံ၍ လက်အုပ်ချီနေခဲ့ကာ လုချန်ရှန်းကို ငေးကြည့်၍ တစ်စုံတစ်ခုကို နားမလည်နိုင်ဖြစ်နေပုံရကာ စကားလှမ်းပြောလာခဲ့သည် “ မင်းက ထျန်းကျီစံအိမ်နဲ့ ထျန်းရီ မြင့်မြတ်နယ်မြေက ပညာရှင်ကို ချောင်းတိုက်ပြီးတော့ သတ်ခဲ့တဲ့လူလား”
ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားနှင့် ထိုကဲ့သို့သော ကျင့်ကြံရေးမျိုးကို သာမန် မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးက ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သိပ်မကြာခင် အချိန်ကမှ ပေါ်ထွက်လာခဲ့ကာ ပညာရှင်တစ်စုကို ချုံခိုတိုက်ခိုက်ခဲ့ပြီး စုမူယွဲ့ကိုပင် ရိုက်နှက်ခဲ့သည့် လူတစ်ဦးကို အမှတ်ရသွားခဲ့သည်။
“ အဲ့တာက ငါပဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။
ယောကျာ်းပီသသော လူတစ်ဦးက လုပ်ရဲလျှင် ခံရဲရပေသည်။ သူသည် ထိုကဲ့သို့သော အသေးအမွှားကိစ္စလေးကို ဝန်ခံရဲပေသည်။
ယွင်ခုန်းကမူ ဘာမှထပ်မပြောလာတော့ပေ။ သူသည် ထပ်မံ၍ ဂါထာရွတ်ဆိုနေတော့သည်။ ဗုဒ္ဓရောင်ခြည်များ လင်းလက်လာခဲ့ကာ ဤနေရာရှိ သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာစွမ်းအင်များကို ဖယ်ရှားချင်နေပုံရ၏။ ဓမ္မပုံရိပ်တစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
စောင့်ကြည့်နေသော နတ်ဘုရားမ ဝမ်ရန်က တအံ့တဩဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ အဲ့လူက ဘယ်သူလဲ။ ယွင်ခုန်းကိုတောင် ဓမ္မပုံရိပ်ထုတ်သုံးအောင် တွန်းအားပေးနိုင်တယ်ပေါ့ “
သူမ၏ စိတ်ခံစားချက်များ လှုပ်ခတ်သွား၏။ သူသည် ဝမ်ခုန်းက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။ ထိုလူကို ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားစေခြင်းက တစ်ဖက်လူ၏ စွမ်းရည်ကို သက်သေပြရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။ ထိုလူက မြင့်မြတ်နယ်မြေများ၏ အမည်ခံသူတော်စင်များထပ်ပင် သာလွန်နေခဲ့သည်။
လုချန်ရှန်း၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး လက်သီးထိုးချက်များ ပစ်သွင်းလိုက်ရာ ရွှေရောင် အလင်းတန်းများ ပြိုကွဲသွားခဲ့သည်။ ထို့ကြောင့် သူမမှာ အံ့ဩတကြီး ဖြစ်သွားခဲ့ရပြန်သည်။ သူမသည် လုချန်ရှန်းက ယွင်ခုန်း၏ ဓမ္မပုံရိပ်အား ပုံပျက်သွားစေသည်ကို အမှန်တကယ် မြင်တွေ့ခဲ့ရသည်။
ထိုစဥ် အက်ကြောင်းများ ပေါ်ထွက်လာခဲ့ကာ ဓမ္မပုံရိပ်က စွမ်းအားကို မည်သို့မျှ တောင့်မခံနိုင်တော့ပေ။ ၎င်းက မည်သို့မျှ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
သူမသာလျှင် မဟုတ်ဘဲ ယွင်ခုန်းကပါ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်နေသည့်် အရိပ်အငွေ့များ ရှိနေခဲ့ကာ အချိန်အတော်ကြာသည်အထိ ဂယောင်ခြောက်ခြား ဖြစ်သွားခဲ့သည်။
--
…………………………………………………………………………………………………………………………………………..