ဓမ္မရတနာကို အသုံးပြုရာတွင် ကျွမ်းကျင်သူများ
Vol. 11 Ch. 154
ယနေ့ တုသိတာနန်းတော်ရှိ လေထုသည် အတော်လေး အေးချမ်းနေ၏။ သို့သော် အဘယ်ကြောင့် နွားချေးခြောက်ကို မီးရှို့သည့်ရနံ့ရနေရသနည်း။
အရှင်ရွှမ်းဒူသည် အခြားခြံဝန်းထဲတွင် ထိုင်၍ ဆေးဖော်နေသော လူငယ်လေးနှစ်ဦးကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သစ်ပင်တစ်ပင်အောက်ရှိ အသက်ပြင်းစွာရှူနေသော နွားအိုကြီးကို ကြည့်လိုက်သည်။ သူသည် ထူးဆန်းသောမျက်နှာထားဖြင့် ခေါင်းခါ၍ ပြောလိုက်၏။
“ ရှောင်ကျင်း၊ ရှောင်ယင်း ရုတ်တရက်ကြီး ဆေးထမဖော်နဲ့... မင်းတို့က ငါအနားယူတာကို အနှောင့်အယှက်ဖြစ်စေတယ် ”
လူငယ်လေးနှစ်ဦးသည် လျင်မြန်စွာ ထရပ်လိုက်ပြီး ရိုကျိုးစွာနာခံလိုက်၏။
အရှင်ရွှမ်းဒူသည် သူတို့ကို ဆုံးမစကားပြောမနေတော့ပေ။
သူသည် နိုးလာသည့်အချိန်မှစ၍ လက်ချောင်းများကိုထိကာ လောကအတွင်း၌ ဖြစ်ပျက်နေသော ကိစ္စများကို လေ့လာ၍ ထိုကိစ္စများသည် ရန်ကျောင်းတော်နှင့် ပတ်သက်မှုရှိ၊မရှိ စုံစမ်းခြင်းကို အချိန်မှန်လုပ်ရန် အချိန်တစ်ခုသတ်မှတ်ထားလေသည်။
သူ၏ဆရာသည် သူ့ကို သင်ကြားရေးနှင့် ပတ်သက်၍ တာဝန်ပေးထားသဖြင့် သူသည် ပို၍အလေးထားလုပ်ဆောင်ရမည်ဖြစ်သည်။
သူ ပထမဆုံး စုံစမ်း၍ ရခဲ့သော ကိစ္စမှာ သူယခင်က မကြာခဏခန့်မှန်းမိခဲ့သော ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲပင်။
ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသည် မဆိုးလှပေ။ သို့သော် ထိုပွဲတွင် ရန်ကျောင်းတော်မှ တပည့်အနည်းငယ်သာ ပါမည်ဖြစ်သည်။ တွေ့ဆုံပွဲအတွင်း သူတို့ကျောင်းတော်အနေဖြင့် အင်အားနည်းသယောင် ထင်ရပေလိမ့်မည်။ သူ၏ဆရာ သဘောကျသော တပည့်ငယ်သည်လည်း ဒဏ်ရာရဟန် ဟန်ဆောင်နေသဖြင့် ထိုပွဲသို့ လိုက်ချင်မှလိုက်ရပေလိမ့်မည်။
မည်သို့ ဖြစ်ရခြင်းပေနည်း။
အရှင်ရွှမ်းဒူသည် သူ၏ဆရာသဘောကျသော တပည့်ငယ်သည် သူ့ဆရာထံ ချည်းကပ်လာမည်ကို သိ၏။ သူသည် ထိုကိစ္စအတွက် ဥပမာတစ်ခုပင်။
ကံအားလျော်စွာ အရှင်ရွှမ်းဒူသည် ထိုတပည့်ငယ် ဒဏ်ရာရဟန်ဆောင်နေခြင်းကို အချိန်မီသိခဲ့၏။ ထိုတပည့်ငယ် ပြင်ဆင်မှုမျိုးစုံ ပြုလုပ်နေသည်ကိုတွေ့ခဲ့ရသဖြင့် သူသည် ဒဏ်ရာရဟန်ဆောင်ရန် အတတ်တစ်ခုကို အသုံးပြုနေခြင်းဖြစ်ကြောင်း အတည်ပြုခဲ့လေသည်။ ထို့ကြောင့် အရှင်ရွှမ်းဒူသည်လည်း အလားတူ ပြင်ဆင်မှုအချို့ကို လျှို့ဝှက်လုပ်ခဲ့၏။
ထိုပြင်ဆင်မှုအချို့မှာ လီချန်ရှို့ထက်ပို၍ ပြောင်မြောက်သော အကွက်များကို ရွှေ့ခြင်းပင် ဖြစ်လေသည်။
“ ချန်ရှို့လေး... မင်းသာ တုတိသာနန်းတော်ကို မလာဘူးဆိုရင် ငါဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်မှာလဲ ”
အရှင်ရွှမ်းဒူသည် ပြုံးလိုက်ပြီး ရန်ကျောင်းတော်နှင့် ပတ်သက်သော ကိစ္စများကို ဆက်လေ့လာလိုက်သည်။ မကြာမီ အရှင်ရွှမ်းဒူသည် တစ်စုံတစ်ခုကို တွေ့ရှိသွား၏။
ဆရာဦးလေးသုံး၏တပည့် ကျောက်ကုန်းမင်သည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း ထူးထူးခြားခြား လှုပ်ရှားနေ၏။ သူသည် အပရေဂါယာနကျွန်းရှိ အခြားသူများ၏ ဂူများကို ဖျက်ဆီးနေပြီး အနောက်ကျောင်းတော်မှ ပညာရှင်များကို လိုက်လံတိုက်ခိုက်နေလေသည်။
သို့သော် ထိုကိစ္စ ကြီးထွားမလာခဲ့ခြင်းမှာ အံ့အားသင့်စရာကောင်းပေသည်။ တိုက်ခိုက်ခံရသော သူများသည် ထိုကိစ္စကို ကျေအေးလိုက်ရန်သာ ဆုံးဖြတ်ခဲ့ကြ၏။
“ အဲဒါက ရန်ကျောင်းတော်နဲ့ ဘာဆိုင်လို့လဲ ”
အရှင်ရွှမ်းဒူသည် ထိုက်ချိပန်းချီကားမှထုတ်လွှတ်နေသော မြင်ကွင်းကို သေချာအာရုံခံ၍ လေ့လာလိုက်သည်။ သို့သော် သူ များစွာမသိခဲ့ရပေ။
တန်ခိုးရှင်များ၏ တပည့်များ၏ လျှို့ဝှက်ချက်များကို တန်ခိုးရှင်များက ဖုံးကွယ်ပေးထားမည်ဖြစ်သည်။ အရှင်လင်းပေါင်ထျန်းကျွမ်းသည် တန်ခိုးရှင်သုံးပါးထဲတွင် နောက်ဆုံးအဆင့်ဖြစ်သော်လည်း ကောင်းကင်တာအိုကိုနားလည်မှုအရ ကြည့်မည်ဆိုလျှင် သူသည် တန်ခိုးရှင်အားလုံးထဲတွင် ထိပ်ပိုင်းအဆင့်သုံးအတွင်း ဝင်လေသည်။
ထိုထိပ်ပိုင်းအဆင့်သုံးအတွင်းဝင်သူများမှာ တာအိုဂိုဏ်းများ၏ တန်ခိုးရှင်သုံးပါးသာဖြစ်၏။
ထို့ပြင် နတ်ဝိဇ္ဇာနှိမ်နင်း ဓားလေးချောင်းနှင့် ချင်းဖျင်ဓားသည် ကံကြမ္မာကို မဖိနှိပ်ပေးနိုင်သော်လည်း ကောင်းကင်လျှို့ဝှက်ချက်များကို ဖြတ်တောက်ရာတွင်မူ အသုံးဝင်လေသည်။ ထို့ကြောင့် သူသည် ကျောင်းကုန်းမင်နှင့် ပတ်သက်သောကိစ္စများကို ထိုက်ကျိပန်းချီကားသုံး၍ပင် မစုံစမ်းနိုင်ခြင်းပင်။
ထို့ကြောင့်...
“ ဒီကိစ္စက ငါတို့ ရန်ကျောင်းတော်နဲ့ ဘာပတ်သက်နေလို့လဲ ”
အရှင်ရွှမ်းဒူသည် အတန်ငယ် နားမလည်နိုင်ဖြစ်သွား၏။ သူ၏ဆရာပေးထားသော တာဝန်များအရ သူလုပ်စရာရှိသည်ကို ဆက်၍လုပ်ရမည်ဖြစ်သည်။ သူကိုယ်တိုင် သွား၍ စုံစမ်းရပေတော့မည်။
ကျောက်ကုန်းမင်သည် ရှေးခေတ်နှောင်းပိုင်းတွင် ကျော်ကြားလာခဲ့သော ပညာရှင်ဖြစ်သည်။ သူသည် အရှင်လင်းပေါင်ထျန်းကျွင်း၏ လက်အောက်သို့ သူ၏ သွေးသောက်ညီမသုံးယောက်နှင့်အတူ ဝင်ရောက်ခဲ့၏။ သူတို့လေးဦးသည် အရှင်လင်းပေါင်ထျန်းကျွင်း၏ တပည့်များဖြစ်မလာခင်ကပင် အမည်ကျော်ကြားပြီးဖြစ်သည်။ သူ၏ ကိုယ်ပိုင်တာအိုရှိပြီး ဖြစ်သဖြင့် သူသည် အပြင်ဂိုဏ်းမှ တပည့်ဖြစ်လာခဲ့ခြင်းပင်။ သူသည် အရှင်လင်းပေါင်ထျန်းကျွမ်း၏ တပည့်ဖြစ်သော်လည်း သန့်စင်ခြင်းတာအိုကို မကျင့်ကြံပေ။
အရှင်ရွှမ်းဒူသည် ထိုက်ကျိပန်းချီ၏ အကူအညီဖြင့်ပင် ကျောက်ကုန်းမင်နှင့် ပတ်သတ်သော ကိစ္စများကို မစုံစမ်းနိုင်သော်လည်း သူ၏ တည်နေရာကိုမူ အတန်ငယ်စုံစမ်းနိုင်ပေသည်။
ကောင်းကင်လျှို့ဝှက်ချက်သည် ကျောက်ကုန်းမင်၏ “ခြေရာ” များဖြင့် ပြည့်နှက်နေလေသည်။
အရှင်ရွှမ်းဒူသည် ကောင်းကင်ဘုံ အနောက်ဂိတ်တံခါးမှ ထွက်၍ ခွန်းလွန်တောင်ကို ဖြတ်ကျော်လိုက်သည်။ အနောက်ကျွန်း၏အစွန်းတွင် တာအိုရသေ့တစ်ပါး ရှိနေလေသည်။ မကြာမီ အရှင်ရွှမ်းဒူသည် ထိုနေရာသို့ ရောက်လာပေပြီ။ သူသည် လီ(၁၀၀၀)ပေါင်းများစွာ အကွာမှပင် ကျောက်ကုန်းမင်၏ ကိုယ်ရောင်ကိုယ်ဝါကို အာရုံခံနိုင်ခဲ့၏။
သို့သော် ကျောက်ကုန်းမင်သည် ထိုအခိုက်တွင် မန္တန်အစီအရင်အနည်းငယ်အတွင်း၌ ပုန်းအောင်းနေ၏။ သူ မည်သည့်ကိစ္စကို လုပ်နေကြောင်း အရှင်ရွှမ်းဒူမသိပေ။ အရှင်ရွှမ်းဒူသည် မန္တန်အစီအရင်အနားသို့ တိတ်တဆိတ်ချည်းကပ်သွား၏။ ထိုက်ကျိပန်းချီကားမှ ထုတ်လွှတ်နေသော အစွမ်းကြောင့် သူသည် မန္တန်အစီအရင် ဘေးတစ်ဖက်သို့ တိတ်တဆိတ်ရောက်ရှိသွားပြီး မန္တန်အစီအရင်အတွင်းကို ဖောက်ထွင်းမြင်လိုက်ရလေသည်။
သို့သော် ထိုအခိုက်တွင် ကျောက်ကုန်းမင်သည် ပါးစပ်မှ အမြှုပ်များထွက်နေ၏။ သူ၏တာအိုခန္ဓာကိုယ်သည် အတန်ငယ် တုန်လှုပ်နေပေသည်။ သူသည် သူ့အရှေ့တွင်ရှိနေသော အနောက်ကျောင်းတော်မှ ပညာရှင်ကို လက်ညှိုးထိုး၍ အံကြိတ်ထားသည်။
“ ဒီနေ့ ကျုပ် ဘာအကြောင်းပြချက်မှမရှိဘဲ ခင်ဗျားရဲ့ နတ်ရတနာကြောင့် ဒဏ်ရာရသွားပြီ။ နောက်နှစ်တစ်သောင်းကျော်ကြာရင်တောင် ပြန်ကောင်းလာပါ့မလားဆိုတာ မသေချာဘူး။ အဟွတ်..အဟွတ်... ကျုပ်နဲ့အတူ ဝိညာဉ်တောင်ကို လိုက်ခဲ့... ဒီနေ့ ခင်ဗျားကို ကျုပ်အလွတ်ပေးမှာမဟုတ်ဘူး ”
အရှင်ရွှမ်းဒူ မျက်မှောင်ကြုတ်သွားပြီး တာအိုဂိုဏ်းမှ ပညာရှင်ကို ကာကွယ်ရန် မန္တန်အစီအရင်အတွင်းသို့ ဖောက်ဝင်ရန် ဟန်ပြင်လိုက်သည်။ သို့သော် မကြာခင်မှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူသိသွား၏။
ကျောက်ကုန်းမင်သည် ဒဏ်ရာရနေပုံ မပေါ်ချေ။
ထို့နောက် အရှင်ရွှမ်းဒူ ဂရုတစိုက်ကြည့်လိုက်၏။
မန္တန်အစီအရင်အတွင်း၌ ထိုနှစ်ယောက်သည် တစ်နာရီကြာမျှ တစ်ယောက်ကိုတစ်ယောက် ရွဲ့စောင်းပြစ်တင် ပြောဆိုနေကြ၏။ ကျောက်ကုန်းမင်သည် စကားကို ကျွမ်းကျင်စွာ လှည့်ပတ်ပြော၍ အဆိုးဆုံးအခြေအနေထိရောင်အောင် ဆွဲခေါ်သွားလေသည်။
အနောက်ကျောင်းတော်မှ ပညာရှင်သည် သူ့ကိုယ်သူ ဒဏ်ရာရအောင် အကြိမ်အနည်းငယ်လုပ်ပြီးသွားသောအခါ ကျောက်ကုန်းမင်သည် ပုံရိပ်ဖမ်းစက်လုံးတစ်လုံးကို ထုတ်လိုက်ပြီး ထိုသူကို ပြန်၍ ဖိနှိပ်ထားလိုက်၏။
ထိုဖြစ်စဉ်သည် ပထမတစ်ခေါက်ကထက် ပို၍ဒုက္ခများသော်လည်း ကျောက်ကုန်းမင်သည် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့ပေသည်။
ရန်သူသည် အခြားရွေးစရာလမ်းမရှိတော့ပေ။ သူသည် ထိုပရိယာယ်ကို ကျင်လည်စွာ အသုံးပြုတတ်နေပြီဖြစ်သည်။
ကျောက်ကုန်းမင် ယုံကြည်မှုရှိရှိ ရယ်မောလိုက်၏။
“ မိတ်ဆွေ တာအိုရသေ့... ကျုပ်တို့ ဒီကိစ္စကို သိုသိုသိပ်သိပ်ပဲ ဖြေရှင်မလား။ ဒါမှမဟုတ် ဒီကိစ္စကို အာဒိကပ္ပလောကထဲ ပျံ့သွားအောင် လုပ်လိုက်ရမလား... ”
အရှင်ရွှမ်းဒူ ဆွံ့အသွား၏။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။
‘ အဲဒီလိုများဖြစ်နေမလား... ’
အရှင်ရွှမ်းဒူသည် ရုတ်ခြည်း ကိုယ်ထင်မပြလိုက်ပေ။
ကျောက်ကုန်းမင် ပြောဆိုပြီးသွားသောအခါ အနောက်ကျောင်းတော်မှ ပညာရှင်သည် များစွာသော ကျိန်စာများကို ဆို၍ ထွက်ခွာသွားလေတော့သည်။
အရှင်ရွှမ်းဒူသည် ကျောက်ကုန်းမင်နှင့် မတော်တဆတွေ့ဆုံဟန်ဆောင်လိုက်သည်။
သူတို့နှစ်ဦးသည် အတန်ကြာစကားပြောဆိုပြီးနောက် အရှင်ရွှမ်းဒူသည် သူ၏ရင်ထဲရှိ မေးခွန်းကို မေးလိုက်၏။
“ ညီလေးကျောက်... မကြာခင်တုန်းက ညီလေး ရန်ကျောင်းတော်က တပည့်တစ်ယောက်နဲ့ တွေ့ခဲ့သေးလား ”
ကျောက်ကုန်းမင် ခေတ္တမျှ အံ့အားသင့်သွား၏။ ထို့နောက် သူသည် တာအိုဂိုဏ်းများ၏ ဝါအကြီးဆုံး အစ်ကိုကြီးနှင့် တွေ့ဆုံနေရသဖြင့် မည်သည့်ကိစ္စကိုမှ ဖုံးကွယ်မထားနိုင်ကြောင်း သဘောပေါက်သွားလေသည်။
ကျောက်ကုန်းမင် မျက်နှာပူသွားပြီး ရှက်ရွံ့စွာ ရှင်းပြလိုက်သည်။
“ အစ်ကိုကြီး... အထင်မလွဲပါနဲ့။ အဲဒီလူက ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ကို မူလခြောက်ပါးတွေ့ဆုံပွဲ မတိုင်ခင်တုန်းက အနိုင်ကျင့်ခဲ့ဖူးပါတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့ သူ့ကို လာရှာတာပါ ”
မူလခြောက်ပါးတွေ့ဆုံပွဲ...
အရှင်ရွှမ်းဒူ ပြုံး၍ ခေါင်းညိတ်ကာ မေးခွန်းကို တစ်မျိုးပြောင်းလိုက်လေသည်။
“ ညီလေးကျောက်... ညီလေး မကြာသေးခင်တုန်းက ပင်လယ်စောင့်နတ်မင်းနဲ့ တွေ့ခဲ့သေးလား ”
“ အစ်ကိုကြီး ... အစ်ကိုကြီးက တကယ်ဉာဏ်ကောင်းတာပဲ ”
“ အဲ့ပင်လယ်စောင့်နတ်မင်းက ရန်ကျောင်းတော်ကသူပဲ ”
အရှင်ရွှမ်းဒူ သက်ပြင်းချ၍ ပြောလိုက်၏။
သူမြင်ခဲ့ရသော မြင်ကွင်းနှင့် အနောက်ကျောင်းတော်မှ ပညာရှင် ရွတ်ဆိုခဲ့ရသော ရှုပ်ထွေးသည့်ကျိန်စာအရ အရှင်ရွှမ်းဒူသည် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပြီးဖြစ်သည်။
သူသည် ထိုတပည့်ငယ် သူ၏ ညီလေးဖြစ်လာစေရန် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။
အကယ်၍ ထိုတပည့်ငယ်သာ ရန်ကျောင်းတော်၏ တရားဝင်လမ်းစဉ်အတွင်းသို့ ဝင်ကာ အရှင်ရွှမ်းဒူ၏ နောက်လိုက်တစ်ဦးဖြစ်လာပါက သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်လာသောအခါတွင် ရန်ကျောင်းတော်၏ ဆရာတစ်ဦးဖြစ်လာနိုင်ပေသည်။ ထိုသို့ဖြစ်လာလျှင် ဝါအကြီးဆုံးအစ်ကိုကြီးဖြစ်သော သူသည် မည်သို့မှ ဆက်လက်လုပ်ဆောင်ရန် လိုတော့မည်မဟုတ်ပေ။
“ အစ်ကိုကြီး... ”
ကျောက်ကုန်းမင်သည် ပြောစရာကိစ္စတစ်ခုကို တွေ့ရှိသွားပေပြီ။
“ အစ်ကိုကြီး ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို တက်မှာလား ”
အရှင်ရွှမ်းဒူသည်လည်း တစ်စုံတစ်ခုပြောရန် ပြင်နေခြင်းပင်။
သူသည် သူ၏ “ အနာဂတ်ညီလေး ”ကို ထိုကရိကထများသော တွေ့ဆုံပွဲကို သွား၍တက်ရောက်ခိုင်းရန် ကြံထားသဖြင့် သူကိုယ်တိုင် တက်ရန်မလိုတော့ပေ။
သူသည် သူ၏ “အနာဂတ်ညီလေး”ကို စွမ်းဆောင်ရည်များ ပြသနိုင်ရန် အခွင့်အရေးပေးရပေမည်။ ထိုမှသာ သူ၏ဆရာသည် သူ၏ “အနာဂတ်ညီလေး”ကို တပည့်အဖြစ် လက်ခံလိုစိတ် ပေါ်လာမည်ဖြစ်သည်။
အရှင်ရွှမ်းဒူသည် တစ်စုံတစ်ခု ပြောရန်လုပ်လိုက်စဉ်တွင် အောက်ပါအတိုင်းသာ ပြောလိုက်ရလေသည်။
“ အစ်ကိုလည်း... ”
သူ၏နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ပေါ်ပေါက်လာ၏။ ထို့ကြောင့် အရှင်ရွှမ်းဒူသည် သူပြောမည့်စကားကို ပြောင်း၍ ပြောလိုက်ရ၏။
“ အစ်ကို့မှာ တခြားလုပ်စရာကိစ္စလေးတွေ ရှိသေးတယ်။ အဲ့ကိစ္စတွေလုပ်ပြီးရင် အစ်ကိုအဲဒီကို တစ်ချက်လောက် သွားကြည့်မှာပါ ”
ကျောက်ကုန်းမင်၏ မျက်လုံးများ အရောင်တောက်လာ၏။ သူသည် အရှင်ရွှမ်းဒူကို ဦးညွှတ်၍ ပြောလိုက်သည်။
“ ကျွန်တော် သူတို့ကို ကြိုပြင်ဆင်ထားဖို့ ပြောထားလိုက်ပါမယ်။ ကျွန်တော်တို့ အစ်ကိုကြီး ရောက်လာမှာကို စောင့်နေပါ့မယ် ”
အရှင်ရွှမ်းဒူ ဆွံ့အသွား၏။
သူ ဝဋ်လည်ပေပြီ။
*******
ထိုအချိန်တွင် လီချန်ရှို့သည် ပိုင်ဖန်ခန်းမမှနေ၍ ချုံတောင်လေးဆီသို့ မနိမ်မမြင့် အမြင့်တစ်ခုမှ ပျံသန်း၍ ပြန်လာနေ၏။
တန်ခိုးရှင်သည် သူ့ကို လမ်းညွှန်ချက်အချို့ ပေးခဲ့သဖြင့် သူ့အနေဖြင့် ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ သွားရတော့မည်ဖြစ်ကြောင်း သိလေသည်။ သူသည် ဂိုဏ်းတွင်းရှိ အကြီးအကဲများကို လျှို့ဝှက်၍ လှည့်ဖျားရန် မလိုတော့ပေ။
လီချန်ရှို့သည် သူ၏ရင်ထဲရှိ အတွေးများကို လျင်မြန်စွာ ဖယ်ရှားလိုက်၏။ သူ့အနေဖြင့် တန်ခိုးရှင်ကို စိတ်ထဲမှ အတင်းပြောခြင်းသည် အမှန်ပင် အန္တရာယ်များလှပေသည်။
လီချန်ရှို့၏ ယခင်ဘဝမှ ကျော်ကြားသောအဆိုတစ်ခုဖြစ်သည့် “ ဘယ်သူက တကယ်မကြိုက်ဘဲနဲ့တော့ အရံလူအဖြစ်ခံပါ့မလဲ ”ဟူသော စကားကဲ့သို့ပင်။
အာဒိကပ္ပလောကသာ အလွန်အန္တရာယ်များသော နေရာတစ်ခု မဟုတ်လျှင် မည်သူက...
‘ မဟုတ်ဘူး... ငါက တန်ခိုးရှင်အတွက် လက်တိုလက်တောင်း လုပ်ပေးနေရတာကို အရမ်းပျော်ပါတယ် ’
‘ တန်ခိုးရှင်က ငါ့ကို ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို သွားခိုင်းတာ အကြောင်းတစ်ခုတော့ ရှိမှာပါ... ’
‘ ဒါပေမဲ့ သေချာတွေးကြည့်တော့လည်း အဓိပ္ပာယ်မရှိပြန်ဘူး.... ’
‘ နဂါးမျိုးနွယ်နဲ့ အနောက်ကျောင်းတော်က တာအိုဂိုဏ်းတွေနဲ့ မပတ်သက်ဘူးလို့ ထင်ရပေမယ့် အမှန်တော့... ’
“ အဲ့တွေ့ဆုံပွဲက ဘာအကျိုးရမှာ မို့လို့လဲ။ အဲ့ပွဲကြောင့် တာအိုဂိုဏ်းတွေက ပိုပြီး တိုးတက်ကြွယ်ဝလာမှာမို့လို့လား။ အဲ့လိုဆို အနောက်ကျောင်းတော်က နဂါးမျိုးနွယ်ကို သူတို့လက်အောက် သိမ်းသွင်းမယ့်ကိစ္စကို အမြန်လုပ်လာမှာလား။ ဒါမှမဟုတ် အနောက်ကျောင်းတော်က ဒီတွေ့ဆုံပွဲကို ပျက်အောင် အကောက်ကြံမှာလား... ငါလို့ ရန်ကျောင်းတော်က တပည့်ငယ်လေးက တစ်ယောက်တည်း ဘာများ လုပ်နိုင်မှာ မို့လို့လဲ ”
လီချန်ရှို့သည် ရေရွတ်၍ မြေအောက်လျှို့ဝှက်ခန်းထဲတွင် လူးလာခေါက်တုန့် လျှောက်နေလေသည်။
သူသည် အဆက်မပြတ်တွေးတောနေသော်လည်း ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ကို မစဉ်းစားနိုင်ဖြစ်နေ၏။ ထိုကိစ္စသည် တန်ခိုးရှင်၏ အစီအစဉ်ဖြစ်၍ သူ အစွမ်းရှိသ၍ လုပ်ဆောင်ပေးရန်သာ ရှိလေသည်။ သူမမြင်နိုင်သော အခြားအကြောင်းများ ရှိရပေမည်။
လီချန်ရှို့တစ်ယောက် သူသည် သစ်သားတံတားတစ်ခုမှ သပ်တစ်ချောင်းကဲ့သို့သာ ဖြစ်သည်ဟု ခံစားနေရ၏။ သူသည် အရေးပါသော နေရာတစ်ခုတွင် ရှိနေသည် မဟုတ်ပေ။ သူမရှိလျှင်လည်း သစ်သားတံတားသည် ဆက်အသုံးပြု၍ ရနေဦးမည်သာဖြစ်သည်။ သို့သော် အတန်ငယ် မတည်မငြိမ်တော့ ဖြစ်သွားနိုင်၏။
လီချန်ရှို့သည် ‘ သန့်စင်ခြင်းတာအို ’ ကို တစ်ဝက်ခန့် ဖတ်ရှုပြီးသွားပြီ ဖြစ်သည်။ ထိုသုတ္တန်၏ အကြောင်းအရာများမှာ တည်ငြိမ်ခြင်း၊ အိမ်တွင်းအောင်း ဖြစ်ခြင်းနှင့် ပျင်းရိခြင်းတို့ဖြစ်သည်။
အဟမ်း... ထိုသုတ္တန် ဖြန့်ဝေလိုသော အကြောင်းများမှာ တည်ငြိမ်မှု၊ သဘာဝအတိုင်းစီးမျောမှုနှင့် ကမ္မနှောင်ကြိုးများကို ရှောင်ရှားမှုတို့ဖြစ်သည်။
တစ်နည်းဆိုရလျှင် အေးအေးဆေးဆေးဖြင့် မည်သည့်ကိစ္စမှ မလုပ်၊ မည်သူနှင့်မှ ပေါင်းသင်းမဆက်ဆံဘဲ ပျင်းရိစွာ နေထိုင်ခြင်းပင်။
လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်း၏ နံရံကို ကြည့်လိုက်ရာ ချိတ်ဆွဲထားသော ‘ သတိကြီးမှု ’ဟူသော စာလုံးကြီးကို တွေ့လိုက်ရလေသည်။ သူအတန်ငယ် ရင်ထဲထိသွား၏။
တာအိုအရကြည့်မည်ဆိုလျှင် သူသည် အရှင်ထိုက်စန့်လောင်ကျွင်းထက် များစွာ နိမ့်ကျ၏။
သူသည် တွေ့ဆုံပွဲသို့ သွားရတော့မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားရပေတော့မည်။
ဂိုဏ်းပြင်ပသို့ သွားရာတွင် အဆိပ်ဆေးလုံးအမျိုးမျိုးနှင့် အိတ်ဆောင်မန္တန်အစီအရင်ပြားလေးများသည် မရှိမဖြစ်လိုအပ်သော အရာများပင်။
သူသည် စက္ကူကိုယ်ပွားများကိုလည်း အနည်းငယ်ထပ်ပြုလုပ်ရပေမည်။ သူသည် ‘လူ’ စက္ကူကိုယ်ပွားကို သူ၏ဆရာထံတွင် တစ်ရုပ်၊ သူ၏ညီမလေးထံတွင် တစ်ရုပ်ထားခဲ့ရမည်ဖြစ်သည်။
သူသည် နှစ်ရုပ်ထပ်၍ ပြုလုပ်ရပေမည်။ သူသည် ‘ပင်လယ်’ ဟုရေးထိုးထားသည့် စက္ကူကိုယ်ပွားကိုလည်း ထပ်မံပြုလုပ်၍ တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ကာကွယ်ရန် စေလွှတ်ရပေမည်။
သူသည်လည်း အန္တရာယ်များနှင့်ကြုံလာရလျှင် အဆင့်သင့်ဖြစ်နေစေရန် သူနှင့်အတူ ‘နတ်ဘုရား’ စက္ကူကိုယ်ပွားနှစ်ရုပ်ကို ယူဆောင်သွားရမည်ဖြစ်သည်။
စက္ကူကိုယ်ပွားများကို ပြုလုပ်ရန် အချိန်များစွာပေးရသည့်အပြင် လီချန်ရှို့သည် ‘ သန့်စင်ခြင်းတာအို ’ကို ဖတ်ရှုရန်နှင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ရန် အချိန်တော်တော်များများ ပေးနေရသဖြင့် စိတ်ရှိသကဲ့သို့ မလုပ်နိုင်ဖြစ်နေလေသည်။
သူ အပြင်သို့မသွားမီ သူ၏လုံခြုံရေးကို တိုးမြှင့်ရန် သူ၏အစွမ်းကို မြှင့်တင်ရပေမည်။
သူ့ကိုယ်ပေါ်တွင် ရှိသော နိမိတ်ဖတ်ကာကွယ် ပစ္စည်းများကို စစ်ဆေးပြီးနောက် ဝိညာဉ်ကာကွယ် ပြန်လည်ဝင်စားခြင်းပစ္စည်းများ၊ အဆိပ်ပယ်ပုလဲများ၊ နတ်ရတနာဓားများနှင့် အခြား ကာကွယ်နတ်ရတာများကို စစ်ဆေးလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရတနာအိတ် အကြီး၊အသေးများကို တစ်ခုချင်းဆီ ယူ၍ အထဲရှိ သူ၏ဝှက်ဖဲများဖြစ်သော ပစ္စည်းအမျိုးမျိုးကို စစ်ဆေးလိုက်၏။ နောက်ဆုံးတွင် သူသည် စိတ်အေးမှုကို ခံစားလိုက်ရလေတော့သည်။
အရှင်ရွှမ်းဒူ ပေးခဲ့သည့် အရှင်ရွှမ်းဒူ၏ ကိုယ်ရောင်ကိုယ်ဝါများ ရှိနေသည့် ကျောက်စိမ်းပြားနှစ်ပြားသည် အသက်ကယ် ပစ္စည်းများပင်။ လီချန်ရှို့သည် ထိုကျောက်စိမ်းပြားနှစ်ပြားကိုလည်း ယူသွားရန် မမေ့ခဲ့ပေ။
မကြာသေးခင်က သူ၏ ကိုယ်ပိုင်ကုသိုလ်များကို အသုံးပြု၍ ရွှေကုသိုလ်ခန္ဓာကိုယ် ရှိသယောင် မည်သို့ဟန်ဆောင်ရမည်ဆိုသည့် နည်းလမ်းကို တွေ့ရှိခဲ့၏။ သူ၏ အသက်ကယ် ဝှက်ဖဲများထဲတွင် အခြားတစ်ခု ထပ်ပေါင်းထည့်နိုင်ခဲ့ပေပြီ။
လီချန်ရှို့သည် သူနှင့်အတူ ယူဆောင်သွားမည့် ပစ္စည်းများကို စီစဉ်ပြီးသွားသောအခါ ရိုးရှင်းသော “ တည်ငြိမ်မှုကို စစ်ဆေးခြင်းမေးခွန်း ” တစ်ခုကို တွေးမိသွား၏။
မေးခွန်းမှာ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရသောအခါနှင့် ရန်သူတစ်ထောင်ကို ရင်ဆိုင်ရသောအခါတွင် သင်၏တုံ့ပြန်မှုသည် မည်သို့ကွဲပြားမည်နည်း ဟူ၍ ဖြစ်သည်။
အဖြေမှန်ကား သင် မြင်သမျှ၊ ကြားသမျှ အရာအားလုံးသည် ကွဲပြားပေလိမ့်မည် ဟူ၍ ဖြစ်သည်။
“ တည်ငြိမ်မှု နိယာမ ”အရ အသိုသိပ်ဆုံးဖြစ်သည့် မြေကိုယ်ယောင်ဖျောက်အတတ်နှင့် ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးမည်လော သို့မဟုတ် အမြန်ဆုံးဖြစ်သည့် လေကိုယ်ရေယောင်ဖျောက်အတတ်နှင့် မီးကိုယ်ယောင်ဖျောက်အတတ်ကို သုံးမည်လော ရွေးချယ်ရပေမည်။
လီချန်ရှို့ ရယ်မောလိုက်ပြီး စိတ်ပြန်စုစည်းကာ ဆက်၍ ပြင်ဆင်လိုက်လေသည်။
ရက်အနည်းငယ် ကြာပြီးနောက် သူသည် တရားထိုင်၍ ‘ သန့်စင်ခြင်းတာအို ’ အကြောင်းကို ပြန်တွေးကာ ဉာဏ်အလင်းဖွင့်လိုက်၏။ သူသည် သူ၏ကျင့်ကြံခြင်းအဆင့်တက်နှုန်းကို တွက်ချက်ကာ အောက်ခြေအဆင့်များအားလုံးကို ခိုင်မာအောင်လုပ်လိုက်သည်။
တာအိုအခြေခံသည် မျှော်စင်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။
လီချန်ရှို့ နတ်ဝိဇ္ဇာဖြစ်မလာခင် သူ၏မျှော်စင် အုတ်မြစ်သည် (၉.၉၀) ရာခိုင်နှုန်း တည်ငြိမ်ခဲ့၏။ သို့သော် သူနတ်ဝိဇ္ဇာဖြစ်လာသောအခါ သူ၏ အဆင့်သည် ခုန်ကျော်တက်သွားပြီး မူလနတ်ဝိဇ္ဇာအဆင့်နှင့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို ကျော်သွားလေသည်။
လီချန်ရှို့၏ အမြင်တွင် သူရောက်ရှိနေသော အဆင့်၏ တာအိုအခြေခံသည် မတည်ငြိမ်သေးပေ။ သူသည် အပေါ်ပိုင်းအဆင့်များကို တည်ငြိမ်အောင်လုပ်နေရင်းမှာပင် အောက်ပိုင်းအဆင့်များကို ပြန်၍ အခြေခိုင်အောင် လုပ်ရမည်ဖြစ်သည်။
သူ ရင်ဆိုင်ရမည့် ကောင်းကင်ပြစ်ဒဏ်တစ်ခု ကျန်သေးပေသည်။ သူသည် ထိုကောင်းကင်ပြစ်ဒဏ်ကို မကျော်လွှားနိုင်ခဲ့လျှင် ပြာပုံဘဝရောက်ရှိသွားမည် ဖြစ်သည်။
လီချန်ရှို့သည် ထိုကောင်းကင်ပြစ်ဒဏ်အတွက် စတင်၍ ကြိုတင်ပြင်ဆင်နေပေပြီ။ ထိုကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ရန် အားအထားနိုင်ဆုံး နှစ်ခုထဲမှ တစ်ခုသည် ကုသိုလ်များ၏ ကာကွယ်ပေးမှုနှင့် ရန်ကျောင်းမှ ကုသိုလ်များဖြစ်သည်။
ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအဆင့်တက်ရန် အလျင်စလို ဖြစ်မနေခြင်းပင်။
သူသည် ရောက်နေသည့် အဆင့်၌ပင် ဆက်၍နေလိုသေးသည်။
‘ ငါ တာအိုပေါင်းစည်းခြင်းအဆင့်ပဲရှိတဲ့ စက္ကူကိုယ်ပွားတစ်ရုပ် ထပ်လုပ်ပြီးတော့ အဲ့စက္ကူကိုယ်ပွားကိုပဲ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို ပို့လိုက်ရမလား ’
လီချန်ရှို့ လေးလေးနက်နက် တွေးတောလိုက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ဆင်ခြင်သုံးသပ်လိုက်ပြီး ထိုအကြံကို ခေါင်းထဲမှ ထုတ်လိုက်လေတော့သည်။
‘ အဲဒီလိုဆို တန်ခိုးရှင် ပေးအပ်တဲ့တာဝန်ကို တမင်ရှောင်လွှဲသလို ဖြစ်သွားမှာပေါ့ ’
‘ ငါ အဲဒီလို အဆင်ခြင်မဲ့တဲ့ ကိစ္စမျိုးကို လုပ်ရဲအောင် ဟင်းပွဲ ဘယ်နှစ်ပွဲလောက်စားရမလဲ၊ ဇာတ်လမ်းတွေ ဘယ်နှစ်ပုဒ်လောက်ပြောရမလဲ၊ အရက်တွေ ဘယ်လောက်တောင် သောက်ရမလဲ... ’
လီချန်ရှို့သည် သူ၏လုံခြုံရေးအတွက် ပြင်ဆင်ပြီးသွားသောအခါ အခြား ပြင်ဆင်မှုအချို့ကိုလည်း လုပ်လိုက်၏။
ဥပမာအားဖြင့် သူသည် သူမသိရှိသေးသော ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းများအတွက် လေ့လာမှတ်တမ်း စာရင်းတစ်ခုပြုလုပ်လိုက်၏။ ထိုလေ့လာရမည့်အချက်များထဲတွင် ပင်ကိုစရိုက်၊ ကျင့်ကြံခြင်းအဆင့်၊ ဝါသနာများ စသည်ဖြင့် ပါဝင်လေသည်။ ထိုအခိုက်တွင် သူသည် လေလှိုင်းအသံဖမ်းအတတ်မှရသော သတင်းအချက်အလက်များကို အခြေခံရပေမည်။
ဒုတိယအနေဖြင့် လီချန်ရှို့သည် သူ၏ဆရာဒေါ်လေးအတွက် “ လက်ဝတ်တန်ဆာ အသေးလေးများ ”ကို ပြင်ဆင်လိုက်ပြီး အကြီးအကဲများအတွက် “ အရေးပေါ်ဗျူဟာ ” အချို့ကိုလည်း ပြင်ဆင်လိုက်သည်။
လီချန်ရှို့သည် တပည့်ခေါင်းဆောင်ဟူသော သူ၏တာဝန်ကို ကျေပွန်ရေးအတွက် တုနတ်ဝိဇ္ဇာဂိုဏ်းအနေဖြင့် မည်သည့်ပြဿနာမှ မလုပ်မိစေရန် ‘ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲသို့ တက်ရောက်မည့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များ လိုက်နာရမည့် စည်းမျဉ်းများ ’ဟူသော စာအုပ်ကိုပင် အားစိုက်ထုတ်၍ ရေးသားခဲ့လေသည်။
ထိုစာအုပ်ကို မကြာခင် ဆရာဦးလေးကျိုးဝူကို ပေးမည်ဖြစ်သည်။ သူသည် ထိုစာအုပ်ကို ဆရာဦးလေးကျိုးဝူ၏ အမည်ခံ၍ ဂိုဏ်းသို့ ပေးရန် ကြံထားခြင်းပင်။
ပုံမှန်အတိုင်းပင် သူတို့နှစ်ဦးသည် ရရှိသော ဆုလာဘ်များကို ဝေပုံကျခွဲ၍ ယူမည်ဖြစ်ပေသည်။