အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂)
ချေမှုန်းခြင်း (၄)
နောက်တစ်နေ့နံနက်တွင် ချီယန်သည် စောစောစီးစီး နိုးထလာခဲ့သည်။ တစ်ညလုံး ပြည့်တန်ဆာရပ်ကွက်၌ ပျော်ပါးခဲ့သော ချီကျိမှာမူ သူစုံစမ်းရရှိခဲ့သော သတင်းများကို စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောပြနေတော့သည်။
သူ၏ တုံးအလှသော ညီငယ်လေး၏ နီရဲနေသော မျက်လုံးများနှင့် မျက်ကွင်းညိုနေသည်ကို ကြည့်ပြီး ချီယန်က ပြုံးရွှင်စွာဖြင့် နားထောင်ပေးနေခဲ့သည်။ သူက ကြားဖြတ်ကာ မေးခွန်းအချို့ မေးမြန်းခဲ့သော်လည်း ညီဖြစ်သူထံမှ မည်သည့် လျှို့ဝှက်ချက်ကိုမျှ စုံစမ်းရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ၏ ပုံပြင်များကို နားထောင်ခြင်းမှာ အချိန်ကုန်လွန်စေရန် ကောင်းမွန်သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။
မကြာမီတွင် ကိုယ်ရံတော်တစ်ဦး တံခါးကို တွန်းဖွင့်ဝင်လာပြီး “သခင်လေးချီ။ လော့နန်နိုင်ငံ နန်းတော်က လူတွေ ရောက်နေပါတယ်။” ဟု သတင်းပို့လာသည်။
ချီယန်က ခေါင်းညိတ်ပြကာ သူ၏ ဝတ်ရုံကို ဆင်ယင်ပြီး လက်ကိုင်တုတ်ကို ကိုင်လျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“အာကျိ... မင်းကို အမြင်ကျယ်သွားအောင် ငါ ခေါ်သွားပေးမယ်။”
သူတို့သည် တည်းခိုခန်းအောက်သို့ ဆင်းလာပြီးနောက် နန်းတော်ကိုယ်ရံတော်များ၏ နောက်မှ လိုက်ပါလျက် နန်းတော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ လမ်းမများပေါ်တွင် စျေးသည်၊ စျေးဝယ်များဖြင့် စည်ကားလှုပ်ရှားနေပြီး မကြာမီ စစ်ပွဲဖြစ်တော့မည့် ထိတ်လန့်တုန်လှုပ်မှုနှင့် လေးနက်တည်ငြိမ်မှုမျိုး လုံးဝ မရှိချေ။
နန်းတော်အတွင်းရှိ ရာဇပလ္လင်မှာ ဗလာဖြစ်နေသည်။ မိဖုရားခေါင်ကြီး လာကျန့်သည် ပလ္လင်၏ ဘေးနားရှိ အနည်းငယ် နိမ့်သော နေရာတွင် ထိုင်နေသည်။ ပထမမင်းသား ပိုလို နှင့် တတိယမင်းသား တူယာရွှီ တို့က ဘေးတစ်ဖက်တစ်ချက်တွင် မတ်တပ်ရပ်နေကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ရှောင်းကျန်းကမူ ညီလာခံတက်ရောက်လာကြသော အမတ်များ၏ ရှေ့ဆုံးတွင် ရပ်နေသည်။
လာကျန့်သည် တိတ်ဆိတ်နေသော အမတ်များနှင့် မင်းသားနှစ်ပါးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး “မဟာကျင်းနိုင်ငံရဲ့ သံတမန်ကို ဆင့်ခေါ်လိုက်။” ဟု အမိန့်ပေးလိုက်သည်။
အပြင်ဘက်ရှိ ကိုယ်ရံတော်များက အမိန့်ကို လက်ခံရရှိပြီးနောက် ချီယန်ကို အထဲသို့ ဖိတ်ခေါ်ခဲ့သည်။ ချီယန်သည် ယုံကြည်ချက်အပြည့်ရှိသော ခြေလှမ်းများဖြင့် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဝင်လာခဲ့ပြီး ဘေးတစ်ဖက်တစ်ချက်ရှိ လော့နန်နိုင်ငံ၏ အမတ်များကို ဘာမဟုတ်သလိုမျိုး လုံးဝ လျစ်လျူရှုထားခဲ့ကာ အင်အားကြီးနိုင်ငံတစ်ခုမှ လာသော သံတမန်တစ်ဦး၏ မြင့်မြတ်မှုနှင့် ထောင်လွှားမှု အရှိန်အဝါကို ထုတ်ဖော်ပြသနေခဲ့သည်။
နန်းတော်စင်မြင့်ခြေရင်းသို့ ရောက်သောအခါ သူသည် မိဖုရားခေါင်ကြီးကို ဦးညွှတ် ဂါရဝပြုလိုက်သည်။
“မဟာကျင်းနိုင်ငံ၊ ယွဲ့ကျိုးပြည်နယ်၊ နန်ယန်စီရင်စု နယ်စားမသ်းအိမ်တော်ရဲ့ သံတမန် ချီယန်... မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။”
သူသည် မိဖုရားခေါင်ကြီးကိုသာ ဂါရဝပြုခဲ့ပြီး သူမ၏ ဘေးရှိ မင်းသားနှစ်ပါးကိုမူ အသိအမှတ်ပင် မပြုခဲ့ချေ။
ပထမမင်းသား ပိုလိုသည် ချီယန်က ဦးညွှတ်ရုံသာ ပြုလုပ်ပြီး မိမိကို အဖက်ပင် မလုပ်သည်ကို မြင်သောအခါ မကျေမနပ်ဖြစ်ကာ နှာခေါင်းရှုံ့လျက် အေးစက်စွာ နှာမှုတ်လိုက်သည်။
အမတ်များထဲမှ ပထမမင်းသား၏ လက်အောက်ခံ တစ်ဦးက ချက်ချင်း ရှေ့သို့ တိုးထွက်လာပြီး ချီယန်ကို အော်ဟစ်ငေါက်ငမ်းလိုက်သည်။
“ကျင်းလူမျိုးတွေက တကယ် ရိုင်းစိုင်းတာပဲ။ ငါတို့ရဲ့ မိဖုရားခေါင်ကြီးနဲ့ မင်းသားတွေ ရှေ့မှာ ဒူးမထောက်ဘူးလား။ စီရင်စုနယ်စားမင်းရဲ့ သံတမန်လေး သက်သက်က ဒီလောက်တောင် ထောင်လွှားရဲတယ်ပေါ့။”
ချီယန်က လှည့်ကြည့်ကာ ထိုသို့ အော်ဟစ်လိုက်သော လူကို တစ်ချက်ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“သေးငယ်ပြီး အရေးမပါတဲ့ တိုင်းပြည်ငယ်လေးပဲ။ မျှော်လင့်ထားတဲ့အတိုင်း ယဉ်ကျေးမှုမရှိတဲ့ အရိုင်းအစိုင်းတွေနဲ့ ပြည့်နေတာပဲ။ မိဖုရားခေါင်ကြီးကတောင် စကားမပြောရသေးဘူး၊ ဟောင်တဲ့ခွေးတွေက အရင် ထွက်လာကြပြီ။”
“မင်း... မင်း...”
ထိုလူ စကား ဆက်ပြောခွင့်မရမီ မိဖုရားခေါင်ကြီး လာကျန့်က ဖြတ်ပြောလိုက်သည်။
“နောက်ဆုတ်စမ်း။”
ထိုလူသည် ပထမမင်းသားကို လှမ်းကြည့်လိုက်သော်လည်း မင်းသားက ဘာမှမပြောသဖြင့် မကျေမနပ်နှင့် နောက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။
လာကျန့်က ဆက်ပြောသည်။ “ဂုဏ်သရေရှိတဲ့ သံတမန်ကြီး... ရှင် ရောက်လာရတဲ့ အကြောင်းရင်းကို မေးပါရစေ။”
ချီယန်က သူ၏ ဝတ်ရုံကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
“ကျွန်တော်မျိုး ဤနေရာသို့ လာရောက်ရခြင်းမှာ အကြောင်းကိစ္စ နှစ်ခုကြောင့် ဖြစ်ပါတယ်။ တစ်ခုက အများပြည်သူဆိုင်ရာ ကိစ္စဖြစ်ပြီး နောက်တစ်ခုက ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်ပါတယ်။”
“ပထမဆုံးအနေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကတော့... မန်လော့မျိုးနွယ်စုဆီကို လက်ထပ်ထိမ်းမြားဖို့ သွားနေတဲ့ သင်တို့နိုင်ငံရဲ့ မင်းသမီးဟာ လမ်းခရီးမှာ ဓားပြတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ စီရင်စုနယ်စားမင်းက သူမကို ကယ်တင်နိုင်ခဲ့ပြီး လက်ရှိမှာ နယ်စားမင်းအိမ်တော်မှာ သန့်ရှင်းစွာ နေထိုင်နေပါတယ်။ ဒီစာကတော့ မင်းသမီးက ခမည်းတော်ဘုရင်ကြီးနဲ့ မိခင်အရင်းထံ ရေးသားပေးပို့လိုက်တဲ့ စာဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးကတစ်ဆင့် လွှဲပြောင်းပေးအပ်ဖို့ မျှော်လင့်ပါတယ်။”
လာကျန့်က ခေါင်းညိတ်ပြကာ ဘေးရှိ အစေခံမိန်းကလေးတစ်ဦးကို စာအား သွားရောက် ယူဆောင်ရန် မျက်ရိပ်ပြလိုက်သည်။
“ဒုတိယအချက်ဖြစ်တဲ့ အများပြည်သူဆိုင်ရာ ကိစ္စကတော့... ယွီဝူမျိုးနွယ်စုဟာ သင်တို့နိုင်ငံရဲ့ နယ်စပ်တွေကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ပြီး ယခုအခါ မြောက်ဘက်က ကျိန်းအူမြို့ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ စစ်သည်တွေကို တောင်ဘက်သို့ စေလွှတ်ကာ လုယက်ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့သူများကို ဒုက္ခပေးခြင်းများ ပြုလုပ်နေကြပါတယ်။ သင်တို့နိုင်ငံရဲ့ စစ်သူကြီးကြီး ထော့ရှန်းဟာလည်း သစ္စာဖောက်ကာ ဘက်ပြောင်းသွားခဲ့ပြီ ဖြစ်သလို၊ ဝူချီမြို့ကလည်း အန္တရာယ်ရှိနေပြီ ဖြစ်ပါတယ်။ အကယ်၍ ဝူချီမြို့သာ ကျဆုံးသွားမယ်ဆိုရင် မြို့တော်ကြီးဟာလည်း ဘေးဒုက္ခနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။”
ဤစကားကို ကြားသောအခါ ပထမမင်းသား ပိုလိုသည် မနေနိုင်ဘဲ ကြားဖြတ်ပြောလိုက်သည်။
“ဟမ်။ ဒါက ငါတို့တိုင်းပြည်ရဲ့ ကိစ္စပဲ။ မင်းတို့ ကျင်းလူမျိုးတွေနဲ့ ဘာဆိုင်လို့လဲ။”
ချီယန်က ကျယ်လောင်စွာ ပြောလိုက်သည်။
“မဟာကျင်းနိုင်ငံနဲ့တော့ သိပ်မသက်ဆိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ သခင်ကြီးဟာ သင်တို့နိုင်ငံရဲ့ မင်းသမီးမျက်နှာကို ထောက်ထားပြီး စစ်သည်တွေကို စေလွှတ်ကူညီပေးဖို့ ဆန္ဒရှိနေပါတယ်။ သင်တို့နိုင်ငံနဲ့အတူ ယွီဝူမျိုးနွယ်စုကို ပူးပေါင်းချေမှုန်းပေးမှာ ဖြစ်ပါတယ်။”
ဤစကားကို ကြားလိုက်ရသည်နှင့် နန်းတွင်းတစ်ခွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး တိတ်ဆိတ်နေသော တတိယမင်းသား တူယာရွှီပင်လျှင် အံ့သြသွားခဲ့ရသည်။ ခေါင်းငုံ့ထားသော နိုင်ငံတော်အတိုင်ပင်ခံ ရှောင်းကျန်းသည်လည်း ခေါင်းမော့ကာ ချီယန်ကို စိုက်ကြည့်လာခဲ့သည်။
ပထမမင်းသားမှာ မျက်မှောင်ကြုတ်သွားခဲ့၏။
“မင်းတို့က ဒီလောက်တောင် စေတနာကောင်းနေတာပေါ့၊ ငါတို့ မင်းတို့ရဲ့ အကူအညီကို မလိုဘူး။ ငါတို့ဘာသာ ငါတို့ ယွီဝူလူမျိုးတွေကို မောင်းထုတ်နိုင်တယ်။”
ချီယန်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့ပြီး စိတ်ထဲတွင်မူ ‘အချင်းချင်း အာဏာလုပြီး ဖရိုဖရဲဖြစ်နေတဲ့ အမှိုက်ပုံတွေ၊ မန်လော့မျိုးနွယ်စုကိုတောင် ကောင်းကောင်း မတိုက်နိုင်ဘဲနဲ့ ယွီဝူလူမျိုးတွေကို မောင်းထုတ်နိုင်မယ်လို့ စိတ်ကူးယဉ်နေကြတယ်။’ ဟု တွေးလိုက်သည်။
ထို့နောက် တတိယမင်းသား တူယာရွှီက စကားဆိုလာသည်။
“ဂုဏ်သရေရှိတဲ့ သံတမန်ကြီး... မင်းတို့ရဲ့ သတ်မှတ်ချက်က ဘာလဲဆိုတာ မေးပါရစေ။”
ဤကဲ့သို့ ကောင်းကင်က ပေးသနားသော အခွင့်အရေးမျိုးကြောင့် လူတိုင်းက သတိကြီးစွာ ထားနေကြသည်။
ချီယန်က ပြန်လည်ဖြေကြားခဲ့သည်။
“စစ်တပ်ကြီးတစ်ခုလုံးကို စစ်ချီရမှာဖြစ်တဲ့အတွက် ရိက္ခာစရိတ်တွေနဲ့ ကျဆုံးသွားမယ့် စစ်သည်တွေအတွက် နစ်နာကြေးတွေကို သင်တို့နိုင်ငံကပဲ အကုန်အကျခံပေးရင် ဘယ်လိုလဲ။”
တတိယမင်းသား တူယာရွှီနှင့် ပထမမင်းသားတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်နေသော မိဖုရားခေါင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် တတိယမင်းသား တူယာရွှီက ပြောသည်။
“သဘောတူတယ်။ ဒါဆို ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာ မေးပါရစေ။”
အမှန်စင်စစ် သူတို့သည် ယွီဝူလူမျိုးများကို အနိုင်ယူရန် မလွယ်ကူကြောင်း စိတ်ထဲက သိကြပေသည်။ ယွီဝူလူမျိုးများက အလွန်အမင်း အင်အားကြီးမားနေခြင်းကြောင့် မဟုတ်ဘဲ၊ အကယ်၍ သူတို့သာ တိုင်းပြည်တစ်ခုလုံး၏ အင်အားကို စုစည်းနိုင်ခဲ့လျှင် ထိုသူများကို မောင်းထုတ်နိုင်သည်မှာ ကြာပြီဖြစ်သည်။
သို့သော် လက်ရှိ အဓိကပြဿနာမှာ လော့နန်နိုင်ငံအတွင်း ပြင်းထန်စွာ စိတ်ဝမ်းကွဲပြားနေခြင်း ဖြစ်သည်။ မိမိတို့၏ အင်အားကို လျှော့ချလိုက်ပါက အခြားတစ်ဖက်က မိမိအား နောက်ကနေ ဓားနှင့်ထိုးမည်မဟုတ်ကြောင်း မည်သူမျှ အာမခံချက် မပေးနိုင်ချေ။
ထို့ကြောင့် ဤပြဿနာကို ငွေကြေးဖြင့် ဖြေရှင်းနိုင်မည်ဆိုပါက ပိုမိုလွယ်ကူသွားမည်ဖြစ်ပြီး၊ အများဆုံးရှိလှ တစ်ယောက်တစ်ဝက် စိုက်ထုတ်ရုံသာ ရှိသည်။
ချီယန်က ဤသည်ကို ကြားသောအခါ ပြန်ဖြေလိုက်သည်။
“ငွေပြား သန်းရှစ်ဆယ်။”
“ဘာလဲ...”
“ဓားပြတိုက်တာကမှ ပိုမြန်ဦးမယ်။”
“ကျင်းလူမျိုးတွေ... မင်းတို့ တကယ် လောဘကြီးလွန်းတယ်။”
နန်းတွင်းတစ်ဖွဲ့လုံး ပြန်လည် ဆူညံသွားခဲ့ရပြန်သည်။ မင်းသားနှစ်ပါးနှင့် မိဖုရားခေါင်ကြီးပင်လျှင် ချီယန်ကို ဒေါသတကြီး စိုက်ကြည့်လာကြသည်။ သူတို့၏ လော့နန်နိုင်ငံက ချမ်းသာသည်ဆိုသော်လည်း သူတို့က လူအများ မဟုတ်ကြချေ။ သန်းရှစ်ဆယ်ဆိုသော ပမာဏမှာ သူတို့ မျှော်လင့်ထားသည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေခဲ့သည်။
သို့သော်လည်း ချီယန်သည် လူတိုင်း၏ ဒေါသတကြီး ဖြစ်နေမှုကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“လူကြီးမင်းတို့... သင်တို့ဟာ တောင်ပေါ်က ဆင်းလာပြီး ကောင်းမွန်တဲ့ သံထည်လက်နက်တွေတောင် မရှိတဲ့ ယွီဝူလူမျိုးတွေကို ရင်ဆိုင်ရင်းနဲ့တင် မြို့ရွာနဲ့ နယ်မြေတွေကို ဆုံးရှုံးခဲ့ရပြီးပြီ။ အကယ်၍ သင်တို့သာ အချိန်ဆွဲနေမယ်ဆိုရင် ကျိန်းအူမြို့ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်က မိုင်ပေါင်းရာချီတဲ့ မြေဆီလွှာကောင်းမွန်တဲ့ နယ်မြေတွေကို ဝါးမြိုသွားမယ့် ယွီဝူလူမျိုးတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။”
“ယွီဝူလူမျိုးတွေ တောင်ဘက်ကို စတင်ကျူးကျော်တုန်းက သားရေခွံတွေ ဝတ်ဆင်ပြီး သစ်သားတုတ်တွေ၊ သားကောင်အရိုးတွေ၊ ကျောက်တုံးတွေကိုပဲ အသုံးပြုခဲ့တာကို လူတိုင်း မြင်ဖူးကြမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ယွီဝူလူမျိုးတွေဟာ သားရေချပ်ဝတ်တွေကို ဝတ်ဆင်ပြီး သံဓားတွေကို ကိုင်ဆောင်နေကြပြီ။”
“ယွီဝူလူမျိုးတွေရဲ့ အင်အားက နေ့စဉ်နဲ့အမျှ တိုးတက်နေတာမို့လို့ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ချမှတ်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။”
ဤစကားကို ကြားသောအခါ လူအများအပြား၏ မျက်နှာများမှာ ဒေါသကြောင့် ပြာနှမ်းသွားခဲ့ရပြီး အထူးသဖြင့် အခြေအနေကို သိမြင်သော ပညာရှိအချို့၏ စိတ်ထဲတွင် ပိုမို နာကျည်းမိကြသည်။ တိုင်းပြည် ဤမျှအထိ ဆုတ်ယုတ်ပျက်စီးလာရခြင်းမှာ ပုလ္လင်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသော လူသုံးဦးနှင့် လုံးဝ ကင်းကွာ၍မရချေ။
ဘုရင်ကြီး တိုင်းပြည်ကို မအုပ်ချုပ်နိုင်တော့သည့် အချိန်ကတည်းက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်ကာ အကျပ်အတည်းဖြစ်နေပြီး အင်အားစုများကို အချင်းချင်း တိုက်ခိုက်ရင်း ပြုန်းတီးစေခဲ့သည်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့ အခြေအနေမျိုးအထိ အဘယ်ကြောင့် ဆုတ်ယုတ်သွားပါမည်နည်း။
ရှောင်းကျန်းသည် လူအုပ်ထဲမှ ရှေ့သို့ တိုးထွက်လာပြီး ဆူညံနေသော လွှတ်တော်ကို တိတ်ဆိတ်စေကာ ချီယန်ကို ပြောလိုက်သည်။
“သန်းရှစ်ဆယ်ဆိုတာကတော့ ငါတို့ တိုင်းပြည်ငယ်လေးအတွက် တကယ်ပဲ မတတ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ အဲဒီပမာဏကို နည်းနည်းလောက် လျှော့ပေးလို့ ရမလား။”
“ဒါဆို သင်တို့နိုင်ငံက ဘယ်လောက်အထိ ပေးနိုင်လဲ။”
“၁၀ သန်း”
“မရဘူး။ ကျွန်တော်တို့ဘက်ကလည်း စစ်သည်တွေ ကျဆုံးမှုနဲ့ ဆုံးရှုံးမှုတွေ ရှိမှာလေ။ သင်တို့အတွက် အင်အားကြီးတဲ့ ရန်သူကို ရှင်းလင်းပေးမှာကို သန်းတစ်ဆယ်တည်းနဲ့တော့ မရနိုင်ဘူး။ ၇၅ သန်းဆိုရင်ကော။”
“သန်းနှစ်ဆယ်ဆိုရင်ကော။ ငါတို့ တိုင်းပြည်က သေးငယ်လွန်းလို့ မဟာကျင်းနိုင်ငံကြီးနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။ ၇၅ သန်းဆိုတာ ငါတို့အတွက် များလွန်းပါတယ်။”
“သန်းခုနစ်ဆယ်။...”
ချီယန်နှင့် ရှောင်းကျန်းတို့သည် ပြုံးပြုံးလေးဖြင့်ပင် စကားလုံးစစ်ပွဲ ဆင်နွှဲနေကြပြီး တစ်ဦးက ပိုမိုလိုချင်ကာ အခြားတစ်ဦးကမူ ပိုမိုသက်သာအောင် ပြုလုပ်လိုနေသည်။
ရှောင်းကျန်း၏ ဆင်းရဲချို့တဲ့ဟန်ဆောင်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းနှင့် သနားစရာကောင်းအောင် ပြုမူခြင်း စသည့် နည်းဗျူဟာများအပေါ် ချီယန်က လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ။ နောက်ဆုံးတွင် လော့နန်နိုင်ငံသည် ဝမ်ကျင်း၏ စစ်ရေးဝင်ရောက်ကူညီမှုကို ရယူရန်အတွက် ငွေပြား သန်းလေးဆယ် ပေးဆောင်ရန် သဘောတူလိုက်ကြရတော့သည်။
ကုန်ကျစရိတ်မှာ ထက်ဝက်ခန့် လျော့ကျသွားသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ချီယန်သည် ကနဦးကတည်းက သန်းရှစ်ဆယ်ဟု တမင်သက်သက် စျေးခေါ်ခဲ့ခြင်းသာ ဖြစ်သည်။ မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ချီယန်သည် ဝမ်ကျင်းထံသို့ သတင်းပို့ရန် လူတစ်ဦးကို ချက်ချင်း စေလွှတ်လိုက်တော့သည်။