အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆)
ချေမှုန်းခြင်း (၈)
ကျိန်းအူမြို့အတွင်း၌ လေထုမှာ လေးလံထိုင်းမှိုင်းကာ ဖိစီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယွီဝူမျိုးနွယ်စု၏ အဆင့်မြင့်ခေါင်းဆောင်အားလုံးသည် မြို့စားမင်းအိမ်တော်တွင် စုဝေးရောက်ရှိနေကြ၏။
သူတို့၏ မျက်ဝန်းအစုံမှာ သွေးကြောများ ယှက်သန်းလျက် နီမြန်းနေကြပြီး နာကျည်းမုန်းတီးစွာဖြင့် သွားကြိတ်ရင်း ကျဆုံးသွားခဲ့သော မိမိတို့၏ ဆွေမျိုးသားချင်းများအတွက် ကလဲ့စားပြန်ချေရန် မြို့ပြင်သို့ ထွက်၍ တိုက်ခိုက်ကြစို့ဟု အော်ဟစ်ဆန္ဒပြနေကြသည်။
ပင်မထိုင်ခုံတွင် ထိုင်နေသော ဟယ်ရယ်မှာမူ တစ်ညတာအတွင်း သူ၏ ကျောရိုးကို ထုတ်ယူခံလိုက်ရသည့်အလား ခန္ဓာကိုယ်မှာ ကိုင်းညွတ်နေပြီး မျက်နှာတစ်ခုလုံးလည်း ပြာနှမ်းနေခဲ့ပြီ ဖြစ်သည်!
၎င်းမှာ သားကြီးဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းပူဆွေးမှုကြောင့်တင် မဟုတ်ဘဲ သူ၏ အမြော်အမြင်အရ နောက်တစ်ရက်အကြာတွင် ကျိန်းအူမြို့ခြေရင်း၌ ဖြစ်ပွားလာမည့် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်ကိုလည်း ကြိုတင်မြင်ယောင်နေခြင်းကြောင့် ဖြစ်ပေသည်!
သူ စေလွှတ်ထားသော ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ၏ သတင်းပေးပို့ချက်အရ ကျင်းစစ်တပ်သည် စစ်ရှုံး၍ ထွက်ပြေးလာသော စစ်သည်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ရှေ့သို့ မောင်းနှင်လာနေပြီး ကျိန်းအူမြို့နှင့် တစ်ရက်စာ ခရီးသာ ကွာဝေးတော့ကြောင်း သိရသည်။ သူတို့က ဘာဖြစ်လို့ ထိုစစ်ရှုံးစစ်သည်တွေနဲ့ အမျိုးသမီး၊ ကလေးတွေကို မောင်းနှင်လာရသလဲဆိုတာကို သူ ကောင်းကောင်းကြီး နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ဤနည်းဗျူဟာကို အသုံးပြုခဲ့ဖူးသောကြောင့် ဖြစ်၏!
ထိုကဲ့သို့သော အရာမျိုးကို ကိုယ်တိုင် ပြုလုပ်ခဲ့ဖူးသည့်အတွက်ကြောင့်ပင် ယင်းက မြို့အတွင်းရှိ စစ်သည်များ၏ စိတ်ဓာတ်အပေါ် မည်မျှပြင်းထန်သော ရိုက်ခတ်မှုမျိုး ဖြစ်ပေါ်စေမည်ကို သူ ပို၍ ရှင်းလင်းစွာ သိရှိနေခြင်း ဖြစ်သည်။
ဒေါသမာန်ဟုန် ပြင်းထန်နေကြပြီး ကျင်းစစ်တပ်နှင့် အသက်အသေခံကာ တိုက်ခိုက်ရန် မြို့ပြင်သို့ အလုအယက် ထွက်ခွာချင်နေကြသော သူ၏ လက်အောက်ခံများကို ကြည့်ရင်း ဟယ်ရယ်၏ သွေးများ ထပ်မံဆူပွက်လာကာ ခေါင်းတစ်ခုလုံး မူးဝေလာခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ် အားတင်းကာ ထရပ်လိုက်ပြီး ရှေ့ရှိ စားပွဲကို ရိုက်လှန်ပစ်လိုက်တော့သည်! သူ၏ လှုပ်ရှားမှုကြောင့် အကြည့်များအားလုံး ရောက်ရှိလာသော လူအုပ်ကြီးကို ကြည့်ရင်း သူသည် စကားလုံးများကို တစ်လုံးချင်းစီ အားစိုက်၍ ပြောလိုက်သည်။
"မြို့ကိုပဲ အသေအလဲ ကာကွယ်ထားကြ! ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ မြို့တံခါးကို ဖွင့်ခွင့်မရှိဘူး။"
သူသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီးနောက်...
"ပိုနာကို အမြန်ဆုံး ပြန်ခေါ်လိုက်ကြ။"
ထိုသို့ပြောပြီးနောက် သူသည် မိမိကိုယ်ကိုယ် ဆက်လက်မထိန်းနိုင်တော့ဘဲ လဲကျသွားခဲ့ရာ လူအုပ်ကြီးမှာ ဆူပွက်နေသော အိုးတစ်လုံးပမာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"မျိုးနွယ်စုခေါင်းဆောင်ကြီး။"
"မြန်မြန်... သမားတော်ကို သွားခေါ်ကြစို့။"
...အန္တရာယ်များ နီးကပ်လာသည်နှင့်အမျှ ယွီဝူမျိုးနွယ်စုဝင်များ၏ အပြည့်အဝ ယုံကြည်လက်ခံခြင်းကို မခံရသေးသော ထော့ရှန်းနှင့် ယန်ဖူရှန်းတို့သည် ယခုအခါ ကွန်ရက် အဖွဲ့၏ အခြေစိုက်စခန်းဖြစ်သော အရက်ဆိုင်၏ မြေအောက်ခန်းထဲတွင် ပေါ်လာခဲ့ကြသည်။
ထိုနှစ်ဦးသည် ဝိုင်မြေအောက်ခန်းအတွင်းရှိ ရေနံဆီအိုးကြီးများကို ကြည့်ရင်း သူတို့၏ မျက်ဝန်းများတွင် မကြာမီ ကလဲ့စားပြန်ချေရတော့မည့် ဝမ်းမြောက်မှု အရိပ်အယောင်များ လျှပ်ပြတ်သကဲ့သို့ တောက်ပနေခဲ့သည်။ အထူးသဖြင့် ထော့ရှန်းပင် ဖြစ်ပေသည်။
ထော့ရှန်းအတွက်မူ ယွီဝူမျိုးနွယ်စုအပေါ် ထားရှိသော သူ၏ မုန်းတီးမှုမှာ အထူးသဖြင့် ပိုမိုပြင်းထန်လှသည်။ ၎င်းမှာ ယွီဝူမျိုးနွယ်စုဝင်များ၏ လက်ချက်ကြောင့် သူ၏ လက်အောက်ခံများနှင့် ညီအစ်ကိုမြောက်မြားစွာ သေဆုံးခဲ့ရသည့် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သွေးကြွေးများကြောင့်သာမက ကျိန်းအူမြို့ အသိမ်းပိုက်ခံရပြီးနောက် သူ အမြဲတမ်း အထင်သေးခဲ့ဖူးသော တောင်ပေါ်လူရိုင်းများ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည့် အရှက်ကွဲမှုများကြောင့်လည်း ဖြစ်ပေသည်။
ဝေကျွယ်သည် သူ၏ ရှေ့မှောက်ရှိ လူနှစ်ဦးကို ကြည့်ကာ စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။
"လူကြီးမင်းတို့... ကျေးဇူးပြုပြီး ကြည့်ပေးကြပါဦး၊ ဒါက ကျွန်တော် လူလွှတ်ပြီး ဆွဲခိုင်းထားတဲ့ မြို့တွင်းက ရိက္ခာသိုလှောင်ရုံမြေပုံနဲ့ လှုပ်ရှားရမယ့် လမ်းကြောင်းတွေပါပဲ။ လိုအပ်ချက် ဒါမှမဟုတ် လွဲမှားတာမျိုး ရှိနေသေးလား။"
ထော့ရှန်းသည် ထိုစကားကို ကြားသောအခါ စက္ကူကို လှမ်းယူ၍ သေချာစွာ စစ်ဆေးကြည့်ရှုရင်း စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရသည်။ သူတို့တွင် အတွင်းလူ၏ အကူအညီ ရှိနေခဲ့လျှင်ပင် ဤမျှ တိုတောင်းလှသော အချိန်ကာလအတွင်း မြို့တွင်းရှိ ရိက္ခာသိုလှောင်ရုံများကို စူးစမ်းထောက်လှမ်းကာ လှုပ်ရှားမှုလမ်းကြောင်းများကို စီမံချက်ချနိုင်ရန်မှာ ဘယ်လိုမှ မလွယ်ကူလှပေ။
"ဘယ်လိုမှ မလွဲမှားပါဘူး။ တကယ်ကို လေးစားမိပါတယ်။"
ဝေကျွယ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း...
"ဒါဆိုရင်တော့ မနက်ဖြန်ကျရင် ငါတို့ အစီအစဉ်အတိုင်း စတင်လှုပ်ရှားလို့ ရပါပြီ။"
"ကောင်းပါပြီ..."
ဝိုင်မြေအောက်ခန်းထဲမှ အမိန့်များကို တစ်ဆင့်ပြီးတစ်ဆင့် ပေးပို့လိုက်ရာ ကျိန်းအူမြို့တစ်ခွင်တွင် ပုန်းအောင်းနေကြသော ကွန်ရက် အဖွဲ့ဝင်များသည် စတင်လှုပ်ရှားလာကြတော့သည်။ ညအမှောင်ထုအောက်ရှိ ကျိန်းအူမြို့သည် ခြောက်ကပ်ငြိမ်သက်ကာ လေးလံထိုင်းမှိုင်းနေပြီး မြောက်မြားစွာသော လျှို့ဝှက်လှိုင်းတံပိုးများကလည်း အပြင်းအထန် ဆူပွက်နေခဲ့ကြပြီ ဖြစ်သည်။
ဝမ်ကျင်းသည် သူ၏ စစ်တဲအတွင်း၌ ဝေကျွယ်ထံမှ 'ပြင်ဆင်မှုအားလုံး ပြီးမြောက်ပါပြီ' ဟု ရေးသားထားသော စာကို လက်ခံရရှိလိုက်သောအခါ သူ၏ မျက်ဝန်းအစုံမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားခဲ့သည်။
"မင်းတို့တွေ ဘယ်လို ရွေးချယ်မလဲဆိုတာကို ငါ စောင့်ကြည့်ရသေးတာပေါ့..."
...နံနက်စောစောအချိန်တွင် စူးရှတုန်ရီသော အော်ဟစ်ညည်းတွားသံများက ထွက်ပြေးတိမ်းရှောင်နေကြသော ယွီဝူမျိုးနွယ်စုဝင်များကို နှိုးလိုက်ကြသည်။ သူတို့၏ ကြားထဲတွင် လှံရှည်များကို ကိုင်ဆောင်ထားသော ကျင်းစစ်တပ်ကြီးသည် တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။ လူအချို့မှာမူ လှံများဖြင့် အထိုးခံထားရပြီးဖြစ်ရာ သူတို့သည် နာကျင်မှုကို လျှော့ချရန်အတွက် လှံများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူတို့သည် ခေါင်းကို ရက်စက်စွာ ကန်ကျောက်ခြင်း ခံလိုက်ရပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ ဒဏ်ရာရထားသော ခန္ဓာကိုယ်များမှာ အနည်းငယ်မျှ တုန်ခါသွားပြီးနောက် လုံးဝ ငြိမ်သက်သွားခဲ့ကြတော့သည်။ ကျန်ရှိနေသော လူအုပ်ကြီးမှာ ဤမြင်ကွင်းကို မြင်သောအခါ အထိတ်တလန့် ဖြစ်သွားကြပြီး အမြန်ထကာ အသည်းအသန် ဆက်လက် ထွက်ပြေးကြတော့သည်။
ထွက်ပြေးနေကြသော ယွီဝူလူမျိုးများကို ကြည့်ရင်း ဝမ်ကျင်းသည် အမှန်တကယ်ပင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ အကယ်၍ သူသာ ထိုထွက်ပြေးနေသော လူအုပ်ထဲတွင် ရှိနေခဲ့လျှင် ပင်ပန်းဆာလောင်မှုကြောင့် ဤနေရာတွင် ငြိမ်ငြိမ်လေးထိုင်ပြီး သေမည့်ရက်ကို စောင့်ဆိုင်းနေမည့်အစား သေလျှင်သေပါစေ ပြီးခဲ့သည့်ညကတည်းက တိတ်တဆိတ် ထွက်ပြေးပုန်းအောင်းမိလိမ့်မည် ဖြစ်သည်။ တောင်ပေါ်တွင် ပုန်းအောင်းကာ တောရိုင်းတိရစ္ဆာန်များနှင့် တိုက်ခိုက်ရဦးမည် ဖြစ်သော်လည်း အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အလင်းတန်းလေးကို ရှာဖွေမိပေလိမ့်မည်။
သို့သော် ဤလူများမှာမူ ထောက်လှမ်းရေးသမားများ၏ အကြမ်းဖျင်း ရေတွက်ချက်အရ ပါးနပ်ပြီး ထွက်ပြေးသွားကြသော လူနည်းစုမှလွဲ၍ လူအများစုမှာ မူလနေရာ၌ပင် ရှိနေခဲ့ကြသည်။ ဝမ်ကျင်းသည် လူအုပ်ကြီး၏ တစ်ဝက်ခန့် ထွက်ပြေးလိမ့်မည်ဟု ကြိုတင်တွက်ဆထားပြီး တင်းကြပ်စွာ စောင့်ကြပ်ရန် လူများ စေလွှတ်ထားခြင်း မရှိခဲ့ချေ။ ထိုလူများအနေဖြင့် အသက်ရှင်သန်ခွင့် အခွင့်အရေး ရရှိပါလျက်နှင့် ၎င်းကို တန်ဖိုးမထားကြလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။
ကျိန်းအူမြို့သို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ထွက်ပြေးနေကြသော ယွီဝူလူမျိုးများသည် သူတို့၏ နောက်ဆုံးကျန်ရှိနေသော အလားအလာများကို ညှစ်ထုတ်လိုက်ကြသည့်အလား လူတိုင်းက မြို့တံခါးဆီသို့ ရူးသွပ်စွာ တိုးဝှေ့ပြေးလွှားခဲ့ကြသည်။
သို့သော်လည်း သူတို့ကို စောင့်ကြိုနေသည်မှာ တင်းကြပ်စွာ ပိတ်ထားသော မြို့တံခါးကြီးများသာ ဖြစ်ပေသည်။ သူတို့ မည်မျှပင် အော်ဟစ်ငိုယိုကာ တောင်းပန်နေပါစေ မြို့တံခါးကြီးမှာ ပွင့်မလာခဲ့ချေ။
ကျင်းစစ်တပ်က အဆက်မပြတ် တိုးကပ်လာနေသဖြင့် လူအုပ်ကြီး၏ အော်ဟစ်သံများနှင့် ဆဲဆိုကျိန်ဆဲသံများမှာ ပိုမို ကျယ်လောင်လာခဲ့တော့သည်။
သို့သော်လည်း မြို့တံတိုင်းပေါ်တွင်မူ ယခုလေးတင် နိုးထလာပြီး မိမိကိုယ်ကိုယ် အတင်းအကျပ် အားတင်းကာ လာရောက်ကြည့်ရှုနေသော ဟယ်ရယ်သည် သူတို့၏ နောက်ကွယ်ရှိ 'ကျင်း' ဟူသော စာလုံး ရေးထိုးထားသည့် စစ်အလံများကို စိုက်ကြည့်နေခဲ့သည်။
သူ၏ ဘေးနားရှိ ယွီဝူမျိုးနွယ်စု၏ အဆင့်မြင့်ခေါင်းဆောင်အချို့သည်လည်း သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်များကို ဖိနှိပ်ထားရင်း ဟယ်ရယ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည့်အလျောက် ဤကဲ့သို့သော အခြေအနေမျိုးတွင် မြို့တံခါးကို ဘယ်လိုမှ ဖွင့်ပေး၍ မရကြောင်း သူတို့ ကောင်းစွာ သိရှိကြသည်။ သို့မဟုတ်ပါက ရန်သူက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လာလျှင် မြို့ကျဆုံးသွားနိုင်မည့် အန္တရာယ် အမြဲတမ်း ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် အကယ်၍ မြို့အောက်ရှိ မိမိတို့၏ ဆွေမျိုးသားချင်းများကို ပစ်ပယ်ထားမည်ဆိုလျှင်လည်း ၎င်းမှာ သူတို့ကိုယ်တိုင်အတွက် ဤမျှ ရက်စက်လှသော ဆုံးဖြတ်ချက်မျိုး ချမှတ်ရန် ခက်ခဲစေရုံသာမက သူတို့၏ ရဲစွမ်းသတ္တိရှိသော စစ်သည်များလည်း လက်ခံနိုင်ကြမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မြို့အောက်တွင် ရှိနေကြသူများမှာ သူတို့၏ မိဘများ၊ ဇနီးမယားများ၊ သားသမီးများနှင့် ညီအစ်ကို မောင်နှမများ ဖြစ်နေကြသောကြောင့်ပင်။
အမှန်တကယ်တွင် ဝမ်ကျင်းအနေဖြင့် မြို့ကို ချက်ချင်း တိုက်ခိုက်ရန် သို့မဟုတ် ဤအခွင့်အရေးကို အသုံးပြု၍ မြို့ကို တစ်ကြိမ်တည်းဖြင့် သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျိန်းအူမြို့ကို ရရှိရုံမျှသက်သက်က ဝမ်ကျင်း၏ ဤစစ်ချီထွက်ရခြင်း ရည်ရွယ်ချက် မဟုတ်သောကြောင့် ဖြစ်သည်။
သူ အလိုရှိသည်မှာ မြို့ကိုတင် မဟုတ်ဘဲ လော့နန်နိုင်ငံ ပြည်သူလူထု၏ နှလုံးသားများကိုပါ ရရှိရန် ဖြစ်ပေသည်။
တင်းကြပ်စွာ ပိတ်ထားသော မြို့တံခါးများကို ကြည့်ရင်း ဝမ်ကျင်းသည် ကျန်းလျောင်ကို ချက်ချင်း အမိန့်ပေးကာ စစ်သည်များအား အစိတ်အပိုင်းများ ဖြုတ်လာခဲ့သော မြို့ဖျက်ယန္တရားပစ္စည်းများကို ပြန်လည် တပ်ဆင်စေလိုက်သည်။ ယင်းက မြို့တံတိုင်းပေါ်ရှိ ယွီဝူလူမျိုးများ၏ စိတ်အပေါ် ပိုမိုပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးဆောင်စေခဲ့သည်။
နောက်ဆုံးတွင် မျိုးနွယ်စုခွဲခေါင်းဆောင်ငယ်တစ်ဦးမှာ ဤဖိအားကို ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ဟယ်ရယ်၏ ရှေ့သို့ လျှောက်လှမ်းလာကာ ဝုန်းခနဲ ဒူးထောက်လိုက်တော့သည်။
"မျိုးနွယ်စုခေါင်းဆောင်ကြီး... အဟီး... ကျေးဇူးပြုပြီး မြို့တံခါးကို ဖွင့်ပေးပါဦးဗျာ၊ ကျွန်တော်တို့ရဲ့ မိသားစုတွေအကုန်လုံး မြို့အောက်မှာ ရှိနေကြတာပါ။"
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားလူအချို့လည်း ချက်ချင်းပင် ရှသို့ တိုးလာကြပြီး ဟယ်ရယ်၏ ရှေ့တွင် ဒူးထောက်ကာ ငိုယိုတောင်းပန်ကြတော့သည်။ ခဏမျှအတွင်း မြို့တံတိုင်းတစ်ခုလုံးတွင် ငိုကြွေးသံများ ပြည့်နှက်သွားခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ဟယ်ရယ်သည် ရုတ်တရက် ထရပ်လိုက်ရာ သူ၏ မျက်နှာမှာ ထပ်မံ၍ နီမြန်းလာပြီး နဖူးပေါ်တွင်လည်း အကြောများ ပြထွက်လာခဲ့သည်။
ဘေးတစ်ဖက်တစ်ချက်ရှိ ကိုယ်ရံတော်များက ဟယ်ရယ်ကို ချက်ချင်း လှမ်း၍ တွဲပေးကြသော်လည်း သူက လက်ကို ဝှေ့ယမ်းကာ သူတို့ကို ဖယ်ထုတ်ပစ်လိုက်၏။
ဒေါသအရှိန်အဟုန် ပြင်းထန်နေသော ဟယ်ရယ်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး လေထဲတွင် တလူလူ လွင့်ပျံနေသော 'ကျင်း' စစ်တပ်၏ အလံများကို ညွှန်ပြကာ ဟိန်းဟောက်လိုက်တော့သည်။
"ငါတို့ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တွေ ကျိန်းအူမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ဘယ်လောက်တောင် အသက်ပေးဆပ်ခဲ့ရလဲဆိုတာ မင်းတို့မသိကြဘူးလား။ ဒီအဆင့်အထိ ရောက်လာဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ မင်းတို့မသိကြဘူးလား။ အကယ်၍ ငါတို့ မြို့တံခါးကို ဖွင့်ပေးလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ မင်းတို့ နားမလည်ကြဘူးလား။"
"နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာတွေနဲ့ ကြိုးစားခဲ့သမျှ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်။ အကယ်၍ အခု ကျိန်းအူမြို့ကို ဆုံးရှုံးလိုက်ရရင် ငါတို့ ယွီဝူမျိုးနွယ်စုမှာ နေစရာအိမ် ရှိတော့မှာ မဟုတ်ဘူး။"
"အဟွတ်... အဟွတ်... အဟွတ်... ဖွတ်"
ဟယ်ရယ်၏ ပါးစပ်မှ လတ်ဆတ်သော သွေးတစ်လုတ် ရုတ်တရက် ပန်းထွက်လာခဲ့ရသည်။
"ငါ... ငါ တကယ်ကို မကျေနပ်နိုင်ဘူး..."