အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၆)
ချေမှုန်းခြင်း (၉)
မြို့ပြင်၌ ရှိနေသော ဝမ်ကျင်းသည် ကျိန်းအူမြို့တံတိုင်းပေါ်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို လှမ်းမြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းအစုံတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“အမိန့်... မြို့ကို တိုက်ခိုက်ကြ။”
“ဟုတ်ကဲ့ပါ အမိန့်တော်အတိုင်းပါ။”
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်းဒုန်းဒုန်း။”
တိုက်ခိုက်ရန် အချက်ပေးသည့် စည်တော်သံများသည် အသင့်ပြင်ထားကြသော ကျင်းစစ်တပ် စစ်သည်တိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဒိုင်းကာကိုင် စစ်သည်များသည် သူတို့၏ ဒိုင်းများကို မြှင့်တင်ကာ အသင့်တပ်ဆင်ထားပြီးဖြစ်သော မြို့ဖျက်စစ်ရထားများနှင့် မြို့တက်စင်မြင့်များကို တွန်းရွှေ့ရင်း ကျိန်းအူမြို့ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြတော့သည်။
ကျောပြင်တွင် မြားတောင့်များကို လွယ်ထားကြသော မြားပစ်စစ်သည်များသည်လည်း နောက်ကွယ်မှ မြားများကို ဆွဲထုတ်ကာ လေးကြိုးတွင် တပ်ဆင်ရင်း ဒိုင်းကာကိုင် စစ်သည်များ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
ကျင်းစစ်တပ်ကြီး တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်ကို ကြည့်ရင်း မြို့ခြေရင်းရှိ ယွီဝူလူမျိုးများ၏ အော်ဟစ်တောင်းပန်သံများမှာ ပိုမို ကျယ်လောင်လာခဲ့သည်။
“မြန်မြန် တံခါးဖွင့်ပေးကြပါ။ ကျွန်တော် မသေချင်သေးဘူး။”
“မျိုးနွယ်စုခေါင်းဆောင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါဦး။”
“အဟီး... မင်းတို့တွေ တကယ်ကို ရက်စက်လွန်းကြတယ်။”
ထိုသို့ တောင်းပန်ငိုယိုသံများကြောင့် မြို့တံတိုင်းပေါ်ရှိ ယွီဝူလူမျိုးများမှာ ပိုမို၍ စိတ်လှုပ်ရှား ဂနာမငြိမ် ဖြစ်လာကြသည်။ အကယ်၍ ဟယ်ရယ်သာ မျိုးနွယ်စုအတွင်း ဤမျှအထိ ဩဇာတိက္ကမ မကြီးမားခဲ့လျှင် ယခုအချိန်တွင် ပုန်ကန်မှုကြီးတစ်ခု ပေါက်ကွဲသွားလောက်ပြီ ဖြစ်သည်။
ဟယ်ရယ်သည် ရင်ဘတ်ထဲတွင် အိုင်ထွန်းနေသော သွေးပုပ်များကို အတင်းအကျပ် အန်ထုတ်လိုက်ပြီးနောက် ကိုယ်ရံတော်များ၏ တွဲထူမှုဖြင့် မြို့တံတိုင်းအစွန်းသို့ လျှောက်လှမ်းကာ ရင်တားတံတိုင်းကို မှီလိုက်သည်။ မြို့အောက်ရှိ မိမိ၏ မျိုးနွယ်စုဝင်များကို ကြည့်ရင်း သူ၏ မျက်ဝန်းများမှ ပူနွေးသော မျက်ရည်များက စီးကျလာခဲ့တော့သည်။ ဓားချက်တစ်ချက် ထိမှန်လျှင်ပင် မျက်တောင်တစ်ချက် မခတ်မည့် ဤမျိုးနွယ်စုခေါင်းဆောင်ကြီးသည် ယခုအခါတွင်မူ ရှိုက်ကြီးတငင် ငိုကြွေးနေမိရှာသည်။
ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးကြားတွင် မြက်ပင်တစ်ပင်ပမာ အားကိုးရာမဲ့ ဖြစ်နေသည့် ထော့ဂန်း၏ ဇနီးသည်မှာ သူမ၏ ကလေးကို ပွေ့ချီထားရင်း မြို့တံတိုင်းပေါ်ရှိ ဟယ်ရယ်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
“ဖေဖေ... မြန်မြန် တံခါးဖွင့်ပေးပါဦး။ သမီးကတော့ သေရလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် အာဒိုကတော့ သေလို့မဖြစ်ဘူး။ ဒါက ထော့ဂန်းရဲ့ တစ်ဦးတည်းသော သွေးသားပါ။ ကျေးဇူးပြုပြီး ကယ်ပေးပါဦး။”
ထိုစကားကို ကြားလိုက်ရသောအခါ ဘေးနားရှိ လူများသည် မျက်နှာတစ်ခုလုံး ဖိုမီးခိုးကာရောင်များ ပေကျံနေသော ဤအမျိုးသမီးမှာ အမှန်စင်စစ် မျိုးနွယ်စုခေါင်းဆောင်ငယ် ထော့ဂန်း၏ ဇနီးဖြစ်ပြီး သူမ ပွေ့ချီထားသော ကလေးမှာ မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မြေးဖြစ်ကြောင်း သိရှိသွားကြသည်။ လူအများအပြား၏ နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းတန်းများ ချက်ချင်း ဆူပွက်လာခဲ့ကြပြီး အတူတကွ ဝိုင်းဝန်းအော်ဟစ် တောင်းပန်ကြတော့သည်။
မြို့တံတိုင်းပေါ်ရှိ ဟယ်ရယ်သည် ထိုအော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းအစုံမှာ ပြူးကျယ်သွားခဲ့ရသည်။ သူ၏ မျက်နှာထက်တွင် အပြင်းအထန် ရုန်းကန်ရခက်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။
သူ၏ ဘေးနားရှိ လူများသည်လည်း သူ တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ မနေနိုင်ဘဲ လှမ်း၍ အော်ပြောကြသည်။
“မျိုးနွယ်စုခေါင်းဆောင်ကြီး... ဒါက ထော့ဂန်းရဲ့ တစ်ဦးတည်းသော သွေးသားပဲ၊ အရှင် အာရုံအပျက်ခံပြီး စွန့်ပစ်ထားလို့ မဖြစ်ဘူး။”
ထိုသို့ ပြောလိုက်သော လူသည် စိတ်ထဲမှလည်း “ငါ ခုနက ငါ့သားကို မြင်လိုက်တယ်၊ သူ့ကို သေချာပေါက် ကယ်ရမယ်။” ဟု တိတ်တဆိတ် ရေရွတ်လိုက်သည်။
မြို့တံတိုင်းပေါ်ရှိ မိမိတို့၏ ဆွေမျိုးသားချင်းများကို မြင်လိုက်ရသော လူအများအပြားမှာ ပိုမို၍ စိတ်လှုပ်ရှား ဆူပွက်လာကြကာ တောင်းဆိုသံများကလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့တော့သည်။
ဟယ်ရယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သွားကို ကြိတ်ကာ အမိန့်ပေးလိုက်တော့သည်။
“မြို့... တံ... ခါး... ဖွင့်... လိုက်... ကြ။”
ကျိန်းအူမြို့၏ မြို့တံကါးကြီး ပွင့်သွားသောအခါ ထိုနေရာသို့ ထွက်ပြေးတိမ်းရှောင်လာကြသော ယွီဝူလူမျိုးများအားလုံးသည် မြို့တံခါးဆီသို့ အသည်းအသန် တိုးဝှေ့ဝင်ရောက်ကြတော့သည်။ ကျင်းစစ်တပ်၏ ရက်ပေါင်းများစွာ အသက်ဘေးဖြင့် ခြောက်လှန့် ညှဉ်းပန်းမှုကို ခံထားရသဖြင့် သူတို့၏ နှလုံးသားများထဲတွင် ကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ကျင်းစစ်တပ်ကြီးသည်လည်း မြို့တံခါး ပွင့်သွားသည်ကို မြင်သောအခါ အရှိန်အဟုန်ကို မြှင့်တင်လိုက်ပြီး ကျိန်းအူမြို့ဆီသို့ အပြင်းအနှင် သုတ်ခြေတင် ပြေးဝင်လာကြတော့သည်။
မြို့အောက်ရှိ ထွက်ပြေးလာသော ယွီဝူလူမျိုးများ၏ လေးပုံတစ်ပုံခန့်ပင် မြို့ထဲသို့ တိုးမဝင်ရသေးမီမှာပင် ကျင်းစစ်တပ်ကြီးသည် ကျန်ရှိနေသော လူအုပ်ကြီး၏ နောက်ကျောဆီသို့ ရောက်ရှိလာခဲ့ပြီး သူတို့၏ သားသတ်ဓားများကို ရက်စက်စွာ မြှင့်တင်လိုက်ကြတော့သည်။
ထိုသို့ ထိတ်လန့်တုန်လှုပ်နေကြသော သာမန်အရပ်သားများသည် အုပ်စုလိုက်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး လေးပစ်စစ်သည်များပါ ပူးပေါင်းလာသောအခါ သတ်ဖြတ်မှု အရှိန်အဟုန်မှာ ပိုမို မြန်ဆန်လာခဲ့သည်။
ကျိန်းအူမြို့အတွင်းရှိ ယွီဝူလူမျိုးများသည် သွားရောက်ကယ်ဆယ်လိုကြသော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် မြို့တံခါးဝတစ်ခုလုံးမှာ မြို့ပြင်မှ တိုးဝှေ့ဝင်ရောက်လာနေကြသော ယွီဝူလူမျိုးများ၏ လူအုပ်ကြီးကြောင့် ပိတ်ဆို့နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ဤအခိုက်အတန့်တွင် သူတို့သည် မိမိတို့၏ မျိုးနွယ်စုဝင်များ ကျင်းစစ်တပ်၏ သားသတ်ဓားအောက်တွင် တဖြုတ်ဖြုတ် လဲကျသေဆုံးနေရသည်ကို မတတ်သာဘဲ ဒီအတိုင်း ငေးကြည့်နေရုံသာ ရှိတော့သည်။
မြို့တံတိုင်းပေါ်ရှိ ဟယ်ရယ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသနှင့် နာကျည်းမှုတို့ကြောင့် မျက်ဝန်းများ သွေးရောင်လွှမ်းသွားပြီး နဖူးပေါ်တွင်လည်း အကြောများ ပြထွက်လာခဲ့သည်။ အတန်အသင့် စစ်ရေးအမြင်ရှိသော ဤမျိုးနွယ်စုခေါင်းဆောင်ကြီးသည် ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုတို့၏ လှုံ့ဆော်မှုအောက်တွင် နောက်ဆုံး၌ မှားယွင်းသော အမိန့်တစ်ခုကို ချမှတ်မိသွားခဲ့တော့သည်။
သူသည် မြို့တံခါးဝရှိ စစ်သည်များကို ဖယ်ရှားပေးရန် အမိန့်ပေးလိုက်ပြီး မြို့ပြင်ရှိ လူအုပ်ကြီး မြို့ထဲသို့ ဝင်ရောက်နိုင်မည့် အရှိန်အဝါကို မြှင့်တင်ပေးလိုက်သည်။
ယင်းကပင် နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကျင်းစစ်တပ်ကြီးကို မည်သည့် ဖိအားမျှ မရှိဘဲ မြို့ထဲသို့ တိုက်ရိုက် အလုံးအရင်းနှင့် စီးနင်းဝင်ရောက်နိုင်ရန် လမ်းစဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့တော့သည်။
ဤအခိုက်အတန့်တွင် မြို့တံခါး ဖြတ်သန်းရာ လမ်းကြောင်းတစ်ခုလုံးမှာ သွေးချင်းချင်းနီလျက် ရှိနေခဲ့ပြီ ဖြစ်သည်။ ထိတ်လန့်တုန်လှုပ်နေကြသော ယွီဝူလူမျိုးများသည် ကျင်းစစ်တပ်၏ ဓားလှံလက်နက်များဖြင့် တစ်ဦးပြီးတစ်ဦး အထိုးခံ၊ အခုတ်ခံနေကြရသည်။ မြို့ပြင်ရှိ ကျင်းစစ်သည်များသည် သူတို့၏ ဒိုင်းများကို မြှင့်တင်ကာ မြို့တံတိုင်းပေါ်မှ ယွီဝူလူမျိုးများ ပစ်ချလိုက်သော လှံတိုများကို ခုခံကာကွယ်နေကြ၏။ ကျင်းစစ်တပ်၏ မြားပစ်စစ်သည်များကလည်း လေးကြိုးများကို တင်းတင်းဆွဲကာ မြို့တံတိုင်းပေါ်ရှိ ယွီဝူလူမျိုးများထံသို့ ပြန်လည် တုံ့ပြန်ပစ်ခတ်နေကြသည်။
မြို့တံတိုင်းများပေါ်သို့ လှေကားများကို ထောင်လိုက်ကြပြီး စစ်သည်များသည် ပါးစပ်တွင် ဓားများကို ကိုက်လျက် ပုရွက်ဆိတ်အုံကို ဆွလိုက်သည့်အလား တရွရွနှင့် အလုအယက် တက်လာကြတော့သည်။
ခဏမျှအတွင်း ကျိန်းအူမြို့တစ်ခုလုံးသည် ကျဆုံးတော့မည့် အခြေအနေ အရိပ်အယောင်များကို ပြသနေခဲ့ပြီ ဖြစ်သည်။ ယွီဝူလူမျိုးများအနေဖြင့် မြို့စောင့်တိုက်ပွဲများတွင် အတွေ့အကြုံ အလွန် နည်းပါးလှပေသည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြို့တစ်မြို့ တည်ဆောက်နိုင်ခြင်း မရှိလောက်အောင်အထိ လွန်စွာ ဆင်းရဲလွန်းကြသောကြောင့် ဖြစ်၏။
ဓားနှင့် ဒိုင်းကို ကိုင်ဆောင်ထားသော ကျင်းစစ်သည်တစ်ဦးသည် သူ၏ နောက်ကျောကို ပေးကာ ထွက်ပြေးနေသော အဘိုးအိုတစ်ဦး၏ ကိုယ်ခန္ဓာကို လက်ထဲရှိ ဓားရှည်ဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ စူးရှသော အော်ဟစ်သံနှင့်အတူ ပူနွေးသော သွေးစက်များသည် ထိုစစ်သည်၏ ငယ်ရွယ်သော မျက်နှာထက်သို့ ပန်းထွက်သွားခဲ့ရာ သူ၏ သွေးဆာနေသော မျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သောအခါ အထူးသဖြင့် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့တော့သည်။
သူသည် အဘိုးအို၏ နားရွက်ကို ကျွမ်းကျင်စွာ ဖြတ်ယူလိုက်ပြီး ခါးကြားရှိ အိတ်ငယ်ထဲသို့ ထည့်လိုက်ကာ ဓားကို ဝှေ့ယမ်းရင်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ဆက်လက် ပြေးဝင်သွားသည်။ ယခုအချိန်တွင် စစ်သည်များ၏ မျက်လုံးထဲ၌ သူတို့ရှေ့မှ လူများသည် လူသားများ မဟုတ်တော့ဘဲ စစ်မှုထမ်းအမှတ်များသာ ဖြစ်နေကြတော့သည်။
မြို့တံခါးလမ်းကြောင်းထဲသို့ စီးနင်းဝင်ရောက်လာကြသော ဤစစ်သည်များ၏ ပြင်းထန်လှသော သတ်ဖြတ်မှုအောက်တွင် မကြာမီမှာပင် ကျိန်းအူမြို့ဆီသို့ တောက်လျှောက် ထွက်ပြေးလာခဲ့ကြသူများသည် မြို့ထဲသို့ ထွက်ပြေးလွတ်မြောက်သွားကြသူများ သို့မဟုတ် ကျင်းစစ်တပ်၏ ဓားအောက်တွင် သေဆုံးသွားကြသူများဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။
ထိုလူများအားလုံး နီးပါး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိသွားကြပြီးနောက်တွင် လူအုပ်ကြီးကြောင့် ဖရိုဖရဲ ကွဲလွင့်နေခဲ့ကြသော ယွီဝူစစ်သည်များသည် ပြန်လည် စုစည်းမိသွားကြသည်။ မိမိတို့၏ မျိုးနွယ်စုဝင်များ သွေးအေးစွာ သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ ပျက်စီးနေသော ရုပ်အလောင်းများ နေရာအနှံ့ ပျံ့ကြဲနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများသည် ချက်ချင်း သွေးရောင်လွှမ်းသွားကာ ကျင်းစစ်တပ်ဆီသို့ အပြင်းအထန် အော်ဟစ် တိုက်ခိုက်ကြတော့သည်။
မုန်းတီးမှုများဖြင့် မောင်းနှင်ခံထားရသော သူတို့သည် မိမိတို့၏ မျိုးနွယ်စုဝင်များ၏ သွေးများဖြင့် ရွှဲစိုနေသော ကျင်းစစ်တပ်ဆီသို့ အသက်ကို ပဓာနမထားဘဲ အသည်းအသန် တိုးဝင် တိုက်ခိုက်ကြတော့သည်။
ဝမ်ကျင်းသည် အဝေးတစ်နေရာမှနေ၍ ကျိန်းအူမြို့အတွင်းရှိ တိုက်ပွဲအခြေအနေကို စိုက်ကြည့်နေပြီး နှစ်ဖက်စလုံးမှ လူများ တစ်ဦးပြီးတစ်ဦး တဖြုတ်ဖြုတ် လဲကျသေဆုံးနေသည်ကို မြင်နေရသည်။ ဤအခိုက်အတန့်တွင် စစ်တလင်းပြင်ထက်၌ လူ့အသက်ဟူသည်မှာ လွန်စွာ တန်ဖိုးမဲ့လွန်းလှပေသည်။
သူသည် မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိပြီး သူ၏ ဘေးနားရှိ ကုရန်ကို လှမ်းမေးလိုက်သည်။
“အရန်... မင်းကော လူ့အသက်က တန်ဖိုးရှိတယ်လို့ ထင်သလား။”
တိုက်ပွဲအခြေအနေကို အာရုံစိုက် စောင့်ကြည့်နေပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ ထားနေသော ကုရန်သည် ဝမ်ကျင်း၏ ရုတ်တရက် မေးခွန်းကြောင့် အံ့အားသင့်သွားရပြီး ခေါင်းကို ငုံ့ကာ ခဏမျှ စဉ်းစားလိုက်သည်။
“ကျွန်တော်မျိုး ထင်တာကတော့... လူအချို့ရဲ့ အသက်က လွန်စွာ တန်ဖိုးရှိပြီး အချို့လူတွေရဲ့ အသက်ကတော့ မြက်ပင်တစ်ပင်ပမာ တန်ဖိုးမရှိပါဘူး။”
“အို... ဘာဖြစ်လို့လဲ။”
“ကျွန်တော်မျိုး ပထမဆုံးအကြိမ် လူသတ်ခဲ့တုန်းက အခြေအနေကို အခုထိ မှတ်မိနေပါသေးတယ်။ အဲဒါက ဖမ်းဆီးရမိထားတဲ့ တောင်ပေါ်ဓားပြတစ်ယောက် ဖြစ်ပြီးတော့ ရာက္ခသဂိုဏ်းက တပည့်တွေကို လူသတ်တဲ့ အတွေ့အကြုံ ရရှိစေဖို့ ခေါ်လာပေးတာပါ။ အဲဒီလို လူမျိုးကတော့ ရှင်နေရင်လည်း ဖြစ်ဖြစ်၊ သေသွားရင်ပဲ ဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာမှ သက်ရောက်မှု မရှိပါဘူး။ သူ သေဆုံးသွားပြီးတဲ့နောက်မှာလည်း သူ့ကို ဘယ်သူမှ သတိရနေမှာ မဟုတ်ပါဘူး။ အကယ်၍ သူက ကျွန်တော်မျိုး ပထမဆုံး သတ်ခဲ့တဲ့ လူသားတစ်ယောက် မဟုတ်ခဲ့ရင် ကျွန်တော်မျိုးလည်း သူ့ကို မှတ်မိနေမှာ မဟုတ်ပါဘူး။ အဲဒီလို လူမျိုးရဲ့ အသက်က ဘာအဓိပ္ပာယ်မှ မရှိပါဘူး။”
“ပြီးတော့ ကျွန်တော်မျိုးတို့ရဲ့ ရာက္ခသဂိုဏ်း ဒီလိုမျိုး ဆုတ်ယုတ် ပျက်စီးသွားရတဲ့ အကြောင်းရင်းကလည်း ပင်းပြည်နယ် ဘုရင်ခံကို လုပ်ကြံတဲ့ စီမံချက် ကျရှုံးသွားခဲ့လို့ပါပဲ။ အဲဒီအတွက်ကြောင့် လီမိသားစု ဦးဆောင်တဲ့ ပင်းပြည်နယ်က ဒေသခံအင်အားစုတွေဟာ ဘုရင်ခံနဲ့ အားပြိုင်တဲ့နေရာမှာ အရေးနိမ့်သွားခဲ့ရပြီး ကျွန်တော်မျိုးတို့ကို နယ်ရုပ်တွေလိုမျိုး စွန့်ပစ်လိုက်ကြတာပါ။ ဘုရင်ခံလိုမျိုး အဆင့်မြင့် မြင့်မြတ်တဲ့ လူတွေအတွက်ကတော့... သူတို့ရဲ့ အသက်က တန်ဖိုးရှိတယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဟာ မြောက်မြားစွာသော လူတွေရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းတွေကို သက်ရောက်မှု ရှိနေလို့ပါပဲ။”
ကုရန်၏ အဖြေကို ကြားရသောအခါ ဝမ်ကျင်း၏ မျက်ဝန်းများတွင် တွေးတောဆင်ခြင်စရာ အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ယခင်ဘဝက ပညာရှိ ကွန်ဖြူးရှပ် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို မနေနိုင်ဘဲ ပြန်လည် မြင်ယောင်လာမိသည်။ ‘ကောင်းကင်သည် မြင့်မြတ်၍ မြေကြီးသည် နိမ့်ချ၏၊ ထိုအခါ စကြဝဠာ နိယာမများသည် တည်ဆောက်ပြီး ဖြစ်၏။ နိမ့်ခြင်းနှင့် မြင့်ခြင်းတို့ ထင်ရှားလာသောအခါ မြင့်မြတ်ခြင်းနှင့် ယုတ်နိမ့်ခြင်းတို့သည်လည်း နေရာတကျ ရှိလာကြပေသည်။’
ရှေးဟောင်း ပဒေသရာဇ် လူ့အဖွဲ့အစည်းတွင် လူတိုင်း တန်းတူညီမျှမှု ရှိရန်ဟူသည်မှာ ဘယ်သောအခါမှ မဖြစ်နိုင်သော အရာပင်။ လူတိုင်းကို အဆင့်အတန်း၊ မြင့်မြတ်မှု၊ ယုတ်နိမ့်မှုနှင့် ဂုဏ်ဒြပ်တို့ဖြင့် ကွဲပြား ခြားနားထားကြခြင်း ဖြစ်သည်။
စစ်မိန့်တစ်ချက်တည်းအောက်တွင် အသက်ကို ပဓာနမထားဘဲ အသေခံ တိုက်ခိုက်ဝံ့ကြသော စစ်သည်တော်များကို ကြည့်ရင်း ဝမ်ကျင်း၏ ရင်ထဲတွင် ရှိရင်းစွဲ ဆူပွက်နေသော ရည်မှန်းချက် အာဏာမက်မောမှုများမှာ ပိုမို ပြင်းထန် အားကောင်းလာခဲ့တော့သည်။
အကယ်၍ သူသည် မိမိကိုယ်ပိုင် ကံကြမ္မာကို အပြည့်အဝ စိတ်တိုင်းကျ ထိန်းချုပ်လိုလျှင်... သူသည် သက်ရှိသတ္တဝါအားလုံးကို အထက်စီးမှ ငုံ့မိုးကြည့်ရှုနိုင်မည့် အမြင့်ဆုံးနေရာ၌ သေချာပေါက် ထိုင်နေရမည် ဖြစ်ပေသည်။