← Chapters

ငါ ဒီမှာ

Vol. 81-85 Ch. 1219

ငါ ဒီမှာ

Vol. 81-85 Ch. 1219

သူသည် ရက်စက်မှုဖြင့် ကျော်ကြားသော ပင်လယ်နက်သခင် ဖြစ်သည်။ သူသည် အရွယ်ရောက်ပြီးသူများကို အိမ်တွင်း၌ ပုန်းနေရအောင် လုပ်နိုင်သလို ငိုနေသော ကလေး များအား အငိုတိတ်အောင် လုပ်နိုင်သည်။ သို့သော် ဤဘာမဟုတ်သော လူများက သူ့ကို အထင်သေး ရဲသည်တဲ့လား။ သူ ဒါကို သည်းမခံနိုင်ပါ။

“သေစမ်း၊ သေ … မင်းတို့အားလုံး သေကြ”

သူ အလွန်အမင်း ဒေါသထွက်နေသည်။ သူ့လက်ထဲမှ ဓားကို ဆက်တိုက် ဝှေ့ယမ်းကာ သည်းကြီးမည်းကြီး သတ်ဖြတ်နေ၏။ သူ့ကို အထင်သေးရဲသည့် ဤလူများအား သူ့ရှေ့၌ ဒူးထောက်၍ ခွင့်လွှတ်ပေးပါဟု တောင်းဆိုစေချင်နေသည်။

ပင်လက်နက် သခင်၏ မျက်လုံးများ စူးရဲတောက်ပနေပြီး ယခင်ကတည်းက ခက်ထန်သော သူ့မျက်နှာက ပို၍ခက်ထန်ကာ ကြောက်စရာ ကောင်းနေလေသည်။

“ယဲ့ဘုရင်က ငကြောက်လို့ ပြောစမ်း၊ မင်းတို့ မပြောရင် သေရမယ်”

“ဒါဆိုလည်း ငါ အသေခံမယ်ကွ”

“ယဲ့ဘုရင်က ငကြောက်လို့ မြန်မြန်ပြောစမ်း၊ မင်း ပြောသရွေ့ မင်းကို လွှတ်ပေးမယ်”

“ယဲ့ဘုရင်က ငကြောက်မဟုတ်ဘူး”

သူ လူတစ်ယောက်ကို ဖမ်းမိတိုင်း ယဲ့ဖန်ကို ပုတ်ခတ်သော စကားများ အတင်းပြောခိုင်းပြီး ပင်လယ်နက် သခင်ဟူသော သူ၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှ ပြန်ဆယ်နိုင်အောင် ကြိုးစားလေသည်။

သို့သော် ဤလူများသည် သူ့ပြောခိုင်းသည့်အတိုင်း လိုက်ပြောမည့်အစား ဓားဖြင့်သာ အခုတ်ခံကြပြီး ယဲ့ဖန်ကို မစော်ကားဘဲ အသေခံနေကြသည်။

ထို့ကြောင့် သေဆုံးမှုက တစ်ဟုန်ထိုး မြင့်တက်လာပြီး တစ်ခဏအတွင်း လူထောင်ချီ သေဆုံးသွားလေသည်။ သို့သော်ငြားလည်း သူတို့သည် အညံ့မခံကြသေးပေ။ ကြောက်ရွံ့သော်လည်း သူတို့၏ ယုံကြည်မှုကို နောက်ဆုံးချိန်အထိ မစွန့်လွှတ်ကြချေ။

“ယဲ့ဘုရင်က ငကြောက်၊ အမှိုက်ကောင်၊ သူ့က သေသင့်တယ်၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်ကို မသတ်ပါနဲ့”

သို့ပါသော်လည်း အသက်ရှင်ချင်သဖြင့် ပင်လယ်နက်သခင် ပြောခိုင်းသလို ပြောကြသည့် သွေးကြောင်သော လူတစ်ချို့လည်း ရှိပေ၏။ ပင်လယ်နက်သခင် ဘာမှမပြောနိုင်ခင်မှာပင် ထိုလူ၏ နှလုံးက ထိုးဖောက်ခံ လိုက်ရသည်။

ထိုလူ၏ အနောက်၌ အသက်ခြောက်ဆယ်အရွယ် အဘွားအိုတစ်ယောက် ရပ်နေပြီး လက်ထဲ၌ ကတ်ကြေး တစ်လက်ကို ကိုင်ထားကာ မုန်းတီးသော မျက်နှာထားဖြင့် ပြောလာ၏။

“အရှင် ယဲ့ဘုရင်ကို စော်ကားတဲ့အတွက် နင် သေသင့်တယ်”

ဤသည်ကိုကြည့်ပြီး ပင်လယ်နက်သခင် ကျောပြင်တစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

*ဒီလူတွေ ရူးနေတာလား*

*ယဲ့ဘုရင်က သူတို့ကို ဘယ်လိုတောင် ဦးနှောက်ဆေးလိုက်တာလဲ*

*အဘွားကြီးတစ်ယောက်က ယဲ့ဘုရင်ကို အခြားလူတစ်ယောက်က စော်ကား ပြောဆိုတာနဲ့ပဲ ကတ်ကြေးကိုင်ပြီး လူသတ်ရဲတယ်တဲ့လား*

*မယုံနိုင်စရာပဲ*

ပင်လယ်နက်သခင်သည် ဘဝ၌ ပထမဆုံးကြိမ်အဖြစ် ကြောက်လန့်သော ခံစားချက်ကို ခံစားမိလာ၏။

*အဲ့ယဲ့ဘုရင်က တော်တော် ကြောက်စရာကောင်းတဲ့ လူမို့လို့လား*

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေကြပေါ့”

ပင်လယ်နက်သခင်က သူ ကြောက်လန့်ရသည်ဟူသော အချက်ကို လက်မခံနိုင်ပေ။

*ငါ့ကို မလေးမစားလုပ်တဲ့ သောက်ကောင်တွေ သေကိုသေရမယ်*

ပင်လယ်နက်သခင် ဒေါသတကြီး ဓားကိုဝှေ့ယမ်း၍ မြင်မြင်သမျှကို လိုက်သတ်လေတော့သည်။ ထိုအခိုက်တွင် သေဆုံးမှုက ထပ်မံ၍ ရာချီဖြစ်ပေါ်လာသည်။

“ချီးထုတ် ပင်လယ်နက်သခင်၊ အားနည်းတဲ့လူတွေကိုပဲ အနိုင်ကျင့်ပြီး ငါတို့လို သာမန်လူတွေကို တိုက်ခိုက်တယ်၊ မင်း သတ္တိရှိရင် ဘာလို့ ယဲ့ဘုရင်ကို သွားမချတာလဲ”

လူတစ်ချို့သည် ဒေါသထွက်လွန်းသဖြင့် ပင်လယ်နက်သခင်အား ကြောက်ရွံ့ခြင်းမရှိဘဲ စူးစူးရဲရဲ စိုက်ကြည့် လေသည်။

“ကောင်းပြီလေ၊ မင်းတို့က သိပ်ဟုတ်နေတယ်ပေါ့”

ပင်လယ်နက်သခင်သည် ရင်ထဲမှ ဒေါသကို ထိန်းမထားနိုင်တော့သဖြင့် အသံပင် တုန်လာလေသည်။

“သေ သေ သေကြ”

သူ ထပ်မံ၍ ရှေ့သို့တက်ကာ ပိုကြမ်းတမ်းစွာ သတ်ဖြတ်လေတော့သည်။

*ယဲ့ဘုရင်ရဲ့လူတွေ သေရမယ်*

*ယဲ့ဘုရင်ရဲ့ နောက်လိုက်အားလုံး အသတ်ခံရမယ်*

*ယဲ့ဘုရင်နဲ့ ပတ်သက်တဲ့ အရာအားလုံး ဒီလောထဲမှာ မကျန်ခဲ့စေရဘူး*

ပင်လယ်နက်သခင်သည် ယနေ့ ပထမဆုံးအကြိမ် အရှက်ရသော ခံစားချက်မျိုးကို ခံစားလိုက်ရသဖြင့် အရူးသဖွယ် ဖြစ်နေလေသည်။ သူ့ကို အရှက်ရအောင် လုပ်သည့်လူများကလည်း ဘာမဟုတ်သော ယဲ့ဘုရင်၏ မြို့မှ သာမန်လူများ ဖြစ်နေပြန်သည်။

“အမျိုးသမီးတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုခေါ်ပြီး အရင်သွားကြ၊ ယောကျ်ားသားအားလုံးက ငါနဲ့အတူ ခုခံကြမယ်”

ထိုစဉ် ခေါင်းစည်းပုဝါ ပတ်ထားသည့် လူတစ်ယောက်က ရှေ့ထွက်လာပြီး ပင်လယ်နက် သခင်အား စူးစူးရဲရဲ စိုက်ကြည့်လာသည်။

“တာအိုသခင် ဖန့်ယွင်”

ဤလူကိုမြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှလူသည် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသော သိုင်းပညာရှင် ဖြစ်နေသောကြောင့်ပင်။

လူတိုင်း အံ့ဩနေပြီးနောက် ပြန်လည်၍ စိတ်ပျက်သွားကြသည်။ ဤမျှနှင့် အခြေအနေက မတိုးတက်နိုင်ပါ။ တစ်ဖက်လူသည် ချွန်းယန်အဆင့်သို့ ရောက်နေသူ ဖြစ်နေ၏။ တစ်ဖက်လူက ဖန့်ယွင်ကို ခွေးသတ်သလို သတ်နိုင်ပေသည်။

ဤသည်ကို ခန့်မှန်းမိဟန်ဖြင့် ဖန့်ယွင်ကလည်း မချိပြုံး ပြုံးလိုက်သည်။

“မင်းတို့ မျှော်လင့်နေတာ ငါ မဟုတ်မှန်း သိပါတယ်၊ ပြီးတော့ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာလည်း သိတယ်”

“ဒါပေမဲ့ ငါ နည်းနည်းလေးတော့ အချိန်ဆွဲထားပေးနိုင်မယ်လို့ ယုံတယ်၊ ပြီးတော့ အရှင် ယဲ့ဘုရင် ငါတို့ကို သေချာပေါက် လာကယ်လိမ့်မယ်လို့လည်း ယုံကြည်တယ်”

ထိုစကား၌ မှော်စွမ်းအင်တစ်မျိုး ပါနေသည်ဟု ထင်မှတ်မှားရပြီး လူတိုင်းအား စိတ်အေးသွားစေသည်။ တစ်ယောက်ပြီးတစ်ယောက် ဖန့်ယွင်ကို နောက်ဆုံးသော အားထားရာသဖွယ် ကြည့်လာကြသည်။

“ဟုတ်တယ်၊ အရှင် ယဲ့ဘုရင်က ငါတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး၊ ငါတို့ အချိန်ဆွဲထားနိုင်သရွေ့ အရှင် ယဲ့ဘုရင် ရောက်လာရင် ဒီမိစ္ဆာကောင်ကို သတ်နိုင်ပြီ”

“ယောကျ်ားအားလုံး ထွက်လာကြဟေ့၊ ဒီမိစ္ဆာကောင် ငါတို့ကို အထင်မသေးစေနဲ့”

လူအုပ်ထဲမှ သိုင်းပညာရှင်များ ထွက်လာကြသည်။ စုစုပေါင်း ဆယ့်နှစ်ယောက် ရှိပြီး သုံးယောက်က ဈာန်ဝင်စားခြင်း အဆင့်ဖြစ်ကာ ကျန်လူများက ဈာန်ဝင်စားခြင်းအဆင့်သို့ပင် မရောက်သေးပေ။

ဤသည်ကိုမြင်ပြီး ပင်လယ်နက်သခင်က စိတ်ပျက်နေသော မျက်နှာနှင့် အော်ငေါက်လေသည်။

“မင်းတို့ကို ငါ ဘယ်နှစ်ခေါက် ပြောရမလဲ၊ မင်းတို့ယဲ့ဘုရင်က ထွက်ပြေးသွားပြီ၊ အခု မင်းတို့ကို ဘယ်သူမှ လာမကယ်ဘူး”

သူ ယဲ့ဘုရင်ဟူသော နာမည်ကို ထပ်မကြားချင်တော့ပါ။ ဤဘာမဟုတ်သော လူများက ယဲ့ဘုရင်နှင့် ပတ်သက်၍ ကြွားဝါးနေသည်ကိုလည်း မကြားလိုတော့ပေ။

“တက်ကြဟေ့”

ဖန့်ယွင်က လူတိုင်းကို ညာသံပေးလိုက်ပြီး အသေခံမည်ဟု စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများဖြင့် ပင်လယ်နက် သခင်ရှေ့၌ ပိတ်ရပ်လေသည်။

“တက် ဟုတ်လား၊ မင်းတို့ လုပ်နိုင်လို့လား”

ပင်လယ်နက် သခင်က ကြမ်းကြုတ်စွာ ပြုံး၍ လက်တစ်ဖက်ကို ဆန့်ကာ လူတစ်ယောက်ကို ဖမ်းချုပ်ပြီး ခြေထောက်များကို ခုတ်ဖြတ်လိုက်သည်။

“အဖေ”

“ယောကျ်ား”

ကောင်လေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ မျက်ရည်လည်ရွဲဖြင့် အော်ခေါ်ကြသည်။ ပင်လယ်နက် သခင်က အားရသလို ပြုံးလိုက်ပြီး ဓားအား ထိုလူ၏ လည်ပင်းပေါ် တင်ကာ ပြောလိုက်သည်။

“အခု မင်း ယဲ့ဖန်ကို စော်ကားတဲ့ စကား ပြောတာကို ကြားချင်တယ်၊ မင်း ခပ်ကြမ်းကြမ်း ဆဲဆိုပြောလေ ငါ ပျော်လေပဲ၊ မင်းစကားကြောင့် ငါ ပျော်ရမယ်ဆိုရင် မင်းကို ငါ အသက်ချမ်းသာပေးဖို့ စဉ်းစားပေး နိုင်လောက်တယ်”

*ဒီလူတွေက သူတို့ကိုယ်သူတို့ သေရမှာ မကြောက်ဘူးဆိုပင်မယ့် သူတို့မိသားစုရဲ့ လုံခြုံရေးကိုရော သူတို့ ဂရုမစိုက်ဘဲ နေနိုင်မှာလား*

“မင်းက တော်တော် စက်ဆုပ်စရာကောင်းတယ်”

ဖန့်ယင် အံကြိတ်ထားမိသလို ဒေါသကြောင့် မျက်လုံးများ အရောင်လက်နေ၏။ ကျန်လူများအားလုံးသည်လည်း ပင်လယ်နက် သခင်ကို အလွန် မုန်းတီးသော အကြည့်များဖြင့် ကြည့်လာကြသည်။

“မပြောနဲ့၊ ရှောင်ဝူ မျက်လုံးမှိတ်ထား မကြည့်နဲ့နော်”

ထိုလူ၏ မျက်နှာက သွေးဆုံးရှုံးမှုများနေသဖြင့် ဖြူရော်နေသော်လည်း ပြုံးဖြစ်အောင် ပြုံးလိုက်သည်။

“သေချင်နေတာပဲ”

ပင်လယ်နက် သခင် ဒေါသူပုန်ထသွားပြီး ထိုလူကို ခေါင်းဖြတ်လိုက်သည်။ ထို့နောက် မြေကြီးပေါ်မှ အလောင်းကို လွှင့်ပစ်၍ ဟားတိုက် ရယ်လေသည်။

“ကောင်စုတ်လေး သေချာကြည့်ထား၊ မင်းအဖေကို ငါ ခုတ်လိုက်တာ၊ ဟားဟားဟား”

“ဓားတစ်သောင်းနဲ့ အခုတ်ခံရသင့်တဲ့ကောင်၊ နင် သေကိုသေရမယ်၊ နင် အပြစ်ပေးခံရမှာ”

အမျိုးသမီးက ရှောင်ဝူ၏ မျက်လုံးကို အုပ်ထားရင်းနှင့် ခါးသက်စွာ ကျိန်ဆဲလေသည်။

“ရှောင်ဝူ မကြည့်နဲ့”

“သား ဝမ်းမနည်းဘူး၊ သား ဝမ်းမနည်းဘူး၊ အရှင် ယဲ့ဘုရင်က သူ့ကို သေချာပေါက် သတ်ပစ်မှာ သား သိတယ်၊ ပြီးတော့ သူ့ကံက အဖေ့ထက် အဆတစ်သောင်း ပိုဆိုးမှာ”

ရှောင်ဝူက တစ်လုံးချင်း ပြောလေသည်။ ဆယ်နှစ်အရွယ် ကောင်လေးက လက်ရှိတွင် ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်နေ၏။

“ဒီတစ်ခေါက် ကလေးတစ်ယောက်ကို ရွေးရင် ကောင်းမလား”

ပင်လယ်နက် သခင်က အပြုံးကြီး ပြုံးကာ ကလေးမလေးတစ်ယောက်ကို ဖမ်းလေသည်။

“မလုပ်ပါနဲ့”

သူမမိဘများက သနားစရာ ကောင်းလောက်အောင် အော်ငိုလေသည်။

“အဲ့မိသားစုက ယဲ့ဘုရင်ကို မစော်ကားချင်လို့ သေသွားရတာ၊ မင်းတို့ကရော ဘယ်လိုလဲ”

ပင်လယ်နက် သခင်က ခနဲ့ပြုံး ပြုံးလိုက်သည်။ ယခုအဖြစ်က မိမိကိုယ်တိုင် အသတ်ခံရသည့် အစောပိုင်းက အဖြစ်ထက် ပို၍ အဆတစ်ရာ နာကျင်ဖွယ် ကောင်းမှန်း သူ သိနေသည်။

“ငါ့သမီးကို ချမ်းသာပေးပါ၊ ကျေးဇူးပြုပြီး ငါ့သမီးကို ချမ်းသာပေးပါ”

“အဖြေ မှားနေတယ်”

ပင်လယ်နက် သခင်က ရက်စက်စွာ ပြုံးလိုက်ပြီး ထိုကလေးမလေးကို ကိုက်စားလိုက်သည်။ ထိုကလေးမလေး၏ မိဘများသည် နေရာမှာတင် သွေးပျက်ကာ သတိလစ်သွားကြသည်။

“သူ့ကိုချကွာ”

ဖန့်ယွင်နှင့် အခြားသူများသည် ထပ်၍ သည်းမခံနိုင်တော့သဖြင့် ပင်လယ်နက်သခင်ထံ ပြေးဝင်သွားသည်။ ဓားရောင်များ လက်လာပြီး ပင်လယ်နက် သခင်အား ဓားစွမ်းအင်များ ဖုံးလွှမ်းလာသည်။

အခြားသူများသည် ဤသည်ကိုကြည့်ပြီး ချက်ချင်း နောက်ကလိုက်၍ သူတို့ တတ်သမျှ အစွမ်းကုန် ထုတ်သုံး၍ ပင်လယ်နက် သခင်ကို တိုက်ခိုက်လာကြသည်။

“ဟမ်”

ပင်လယ်နက် သခင် မျက်မှောင်ကြုတ်မိသွားသည်။ တစ်ဖက်လူများ၏ ဓားရေးက သူ့အား အံ့ဩသွားစေသည်။ သိုင်းအဆင့်ချင်းသာ ကွာဟမနေလျင် တစ်ဖက်လူ၏ တိုက်ကွက်ကို သူ ကြောက်ရလောက်သည်။

“သနားစရာပဲ”

ပင်လယ်နက်သခင်က အထင်သေးစွာ ပြုံးလိုက်ပြီး လက်ကို အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့အပေါ် ကျရောက်လာသည့် ဓားစွမ်းအင်များက ချက်ချင်း ပျက်စီးသွားပြီး ပူဖောင်းသဖွယ် အစအနမကျန်ဘဲ ပျောက်ကွယ် သွားလေသည်။

“ခွေးသားတွေ၊ အဲ့ခွေးမသား မင်းတို့ကို လာကယ်လိမ့်မယ်လို့ ယုံနေတုန်းလား၊ မင်းတို့ အိပ်မက်က ဘယ်လောက် အဓိပ္ပာယ်မရှိလဲဆိုတာကို ငါ ပြမယ်”

သူ ကြုံးဝါးလိုက်ပြီး လက်ကို ရေပြင်ညီ ဝှေ့ယမ်းလိုက်သဖြင့် သူ့အရှေ့၌ ဧရာမ လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုရေလှိုင်းက ဆူနာမီ ရေလှိုင်းသဖွယ် လူတိုင်းကို ရိုက်ခတ်လာသည်။ ဤအဖြစ်ကြောင့် သူတို့အားလုံး မှင်တက် သွားကြသည်။

*ချွန်းယန်အဆင့်ရဲ့ နည်းလမ်းတွေက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတဲ့ နည်းလမ်းတွေပဲ*

*ဒီလိုလူမျိုးရဲ့ လက်အောက်မှာ ငါတို့ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ*

*သေရတော့မှာပဲ*

“ရွှစ်”

ထိုအသံနှင့်အတူ ရှေ့ဆုံးမှ သိုင်းပညာရှင်တစ်ယောက် ရုတ်တရက် တစ်ကိုယ်လုံး အက်ကွဲကာ အမှုန့်သဖွယ် ဖြစ်သွားပြီး လေနှင့်အတူ လွင့်ပြယ်သွားသည်။

ဤမြင်ကွင်းက ကြောက်စရာကောင်းလှသည်။ ကြောက်စရာကောင်းလှသော ဤလှိုင်းလုံးအောက်၌ မည်သူမဆို အမှုန့်ဖြစ်သွားနိုင်သည်။

သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် လှိုင်းလုံးနှင့် ထိတွေမိ့သည်နှင့် ခြေလက်များ ပျက်စီးကာ ကိုယ်တွင်းအင်္ဂါများ ပေါက်ထွက်လာပြီး အက်ရာထင်ကာ လုံးဝ ပျောက်ကွယ်သွားလေသည်။

ဖန့်ယွင် မုန်းတီးစိတ်ကြောင့် အံကြိတ်ထားမိသည်။ သူ အစက အချိန်ဆွဲထားချင်ရုံမျှ ဖြစ်ပြီး တစ်ဖက်လူက အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားမိပေ။ တစ်ဖက်လူက သူတို့ကို အသာလေး သတ်နိုင်နေ၏။

ပင်လယ်နက် သခင်က အပြုံးကြီးပြုံး၍ ကိုယ်တွင်းကလီစာများကို နင်းကာ ရှေ့တိုးလာသည်။

“အခု ပြောစမ်းပါဦး၊ မင်းတို့ ယဲ့ဘုရင်က ဘယ်မှာလဲ”

အားလုံး၏ မျက်နှာထက်တွင် ကြောက်စိတ်များ ထင်ဟပ်လာလေသည်။ သူတို့အားလုံး မျှော်လင့်ချက် မဲ့လာကြသည်။ တစ်ဖက်လူက ဘယ်လိုနည်းနှင့်မှ အချိန်ဆွဲခွင့် မပေးချေ။

“အရှင် ယဲ့ဘုရင်က သေချာပေါက် လာမှာ”

ဖန့်ယွင် ကြုံးဝါးလိုက်ပြီး သူ၏ နောက်ဆုံးသိုင်းကွက်ကို ထုတ်သုံးလေသည်။

“အာကျယ်နေတဲ့ကောင်”

ပင်လယ်နက် သခင်က လှောင်ပြောင်၍ လက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။ ဖန့်ယွင်၏ ရင်ဘတ် ချိုင့်သွားပြီး သွေးများ ပန်းထွက်လာကာ မျက်နှာတစ်ပြင်လုံး ဖြူရော်သွားသည်။ ဤဒဏ်ရာက အလွန် ဆိုးရွားလှပြီး သူ့ကိုယ်၌ အရိုးပေါင်း နှစ်ဆယ်ကျော် ကျိုးသွားရသည်။

“အရှင် ယဲ့ဘုရင် သေချာပေါက် လာမှာ”

သို့သော် သူသည် သေရမည်ကို မကြောက်ဘဲ ပြန်ထရပ်ပြီး ပင်လယ်နက် သခင်ထံသို့ လျှောက်သွားလေသည်။

“အားတင်းထား ဖန့်ယွင်”

“တာအိုသခင် ဖန့်ယွင်၊ မင်း လုပ်တာ ကောင်းတယ်ကွ”

လူတိုင်းသည် ဖန့်ယွင်၏ စွဲလမ်းယုံကြည်မှုကြောင့် စိတ်လှုပ်ရှားသွားပြီး အော်ဟစ် အားပေးလာ၏။

“ပုရွက်ဆိတ်ကောင်၊ သေပေတော့”

သူ၏ အပြုအမူကြောင့် ပင်လယ်နက်သခင် ဒေါသူပုန် ထသွားပြီး သူ့လက်ထဲမှဓားအား ဖန့်ယွင်ထံ အားကုန် လွှဲချလိုက်သည်။

ဖန့်ယွင်က မျက်လုံးကိုမှိတ်ကာ ဝမ်းနည်းစွာ ပြုံးလိုက်သည်။

“အရှင်ယဲ့ဘုရင် သေချာပေါက် လာမှာ”

“အား…”

အော်သံ ထွက်ပေါ်လာသဖြင့် လူတိုင်းသည် သွေးသံတရဲရဲ အဖြစ်ကို မကြည့်ချင်သောကြောင့် အသည်းအသန် မျက်လုံးမှိတ် လိုက်မိသည်။

“ချွင်”

သို့သော် သံသံချင်း ထိမိသည့်အသံက နားကွဲမတတ် ထွက်ပေါ်လာသည်။ ဖန့်ယွင်၏ ရှေ့၌ လူတစ်ယောက်က ဓားအား လက်တစ်ဖက်ဖြင့် တားဆီး ပိတ်ဆို့ထားသည်။ သူ့ပုံစံက နတ်ဆိုးတစ်ကောင်လိုပင်။ သူက အသာပြုံး၍ ပြောလိုက်သည်။

“ငါ ဒီမှာ”

All Chapters