← Chapters

မဟာသိုင်းသူတော်စင်အား သတ်ဖြတ်ခြင်း

Vol. 15 Ch. 169

မဟာသိုင်းသူတော်စင်အား သတ်ဖြတ်ခြင်း

Vol. 15 Ch. 169

သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာရချိန်တွင် ဝဝဖိုင့်ဖိုင့် တောင်တန်းကြီးနှင့်တူသော သိုင်းသူတော်စင်မှာ အသေအလဲ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

သူသည် အံကို တင်းတင်းကြိတ်လိုက်၏။ သူ၏ အသားနှင့် သွေးများက ပွက်ပွက်ဆူလာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အဖြူရောင်အငွေ့များ ထွက်ပေါ်လာသည်။

ဒါကတော့ တားမြစ်သိုင်းပညာ တစ်ရပ်ပင်။ သက်တမ်းကို လောင်ကျွမ်းစေခြင်းဖြင့်သာ အသုံးပြုနိုင်သည့် တားမြစ်ပညာရပ် ဖြစ်၏။ လုံးဝ မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုးတွင်သာ အသုံးပြုလေ့ရှိပြီး ရန်သူကို အဆတစ်ထောင် ထိခိုက်စေနိုင်သော်လည်း မိမိကိုယ်တိုင်ကိုလည်း အဆရှစ်ရာခန့် ပြန်လည် နာကျင်စေမည့် သိုင်းကွက်တစ်ခု ဖြစ်သည်။

“တောင်တန်းသုံးသွယ်နဲ့ တောင်ထွတ်ငါးခု... တောင်ထွတ်ခုနစ်ခုနဲ့ တောင်ကြောကိုးသွယ်...”

“ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ ငါ့အပေါ်ကို ကျရောက်လာပါစေ...”

ထိုအခိုက်အတန့်၌ သိုင်းသူတော်စင်၏ ခန္ဓာကိုယ်က ထပ်မံ ဖောင်းကားလာပြီး (၁၀) ပေ တိတိ အမြင့်သို့ ရောက်ရှိသွားကာ တောင်ကုန်းငယ်လေး တစ်ခုအလား တောင်တန်းများ၊ မြစ်ချောင်းများနှင့် သစ်ပင်ပန်းမန်များကြားတွင် ကျောက်ရုပ်ကြီးပမာ ဖြစ်သွားတော့၏။

သူက မိုးကြိုးပစ်ချလိုက်သကဲ့သို့ အက်ကွဲသော ရယ်သံကြီးဖြင့် ဟိန်းဟောက် ကြွေးကြော်လိုက်၏။

“လီယွမ်... ကူသခင်... ဒါက မင်းရဲ့ အိမ်ကွင်းဖြစ်ရုံသာမက ငါ့ရဲ့ ကောင်းချီးရထားတဲ့ မြေမြတ်လည်း ဖြစ်တယ်ကွ...”

“သိုင်းပညာကသာ အမြင့်မြတ်ဆုံးပဲ... သိုင်းပညာတွေ တည်ရှိနေသရွေ့ ကျန်တဲ့ လှည့်ကွက်တွေက အလကားပဲကွ...”

ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိသည်ထက် များစွာပိုမိုသော တောင်တန်းနှင့် မြစ်ချောင်းများမှ ဝိညာဉ်စွမ်းအင်များကို အတင်းအကြပ် စုပ်ယူလိုက်ခြင်းကြောင့် သိုင်းသူတော်စင်၏ ဆံပင်များက နှင်းခဲများအလား လျင်မြန်စွာ ဖြူဖွေးသွားခဲ့ပြီး ဇရာအရေးအကြောင်းများ ထင်နေသော်လည်း သိသိသာသာ အိုမင်းရင့်ရော်သွားစေတော့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူ၏ စွမ်းအားများက အထွတ်အထိပ် အခြေအနေသစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

"ဝုန်း"

လက်သီးတစ်လုံးကို တအားထိုးသွင်းလိုက်ပြန်ရာ လီယွမ်က ထိပ်တိုက် ရင်ဆိုင်လိုက်သော်လည်း မြေပြင်ပေါ်သို့ "ဝုန်း"ခနဲ ပစ်ကျသွားရတော့သည်။

“ကူလှည့်ကွက်... လမ်းစဉ်သိမ်လေးပါကွာ...”

သိုင်းသူတော်စင်က ဟက်ခနဲ ရယ်လိုက်ပြီး တွင်းထဲတွင် ပိတ်မိနေသော လီယွမ်အား သည်းကြီးမည်းကြီး တိုက်ခိုက်တော့သည်။ သူ၏ လက်သီးချက်များနှင့်အတူ မြင့်တက်လာသော ကောင်းကင်စွမ်းအားများ လိုက်ပါလာပြီး လီယွမ်အား လွတ်မြောက်ခွင့် မပေးတော့ပေ။

လီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးသံရဲရဲ ဖြစ်နေပြီး သူ၏ နှလုံးခုန်သံများက ပို၍ပို၍ မြန်ဆန်လာ၏။

ရစ်ပတ်နတ်ဘုရားကူ က သွေးဆာနေသော အခြေအနေသို့ အပြည့်အဝ ရောက်ရှိသွားခဲ့ချေပြီ။

သူ လက်ခံရရှိသော စွမ်းအားများက အချိန်နှင့်အမျှ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ဖော်ပြ၍ မရနိုင်သော ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိသွားသည်။

ဒါက ရစ်ပတ်နတ်ဘုရားကူ ၏ ကန့်သတ်ချက် မဟုတ်သော်ငြားလည်း လီယွမ်၏ ကန့်သတ်ချက်နှင့် အလွန် နီးစပ်နေခဲ့ပြီပင်။

ဧရာမ သွေးချီ စွမ်းအားကြီးက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံ ဝါးမြိုလုမတတ် ဖြစ်နေပြီး ဤမျှ ကြီးထွားလာနေသော စွမ်းအားအောက်တွင် ပြန်လည်ရှင်သန်ခြင်း ကူကောင်၏ ကုသနိုင်စွမ်းများပင် တဖြည်းဖြည်း မလုံလောက်တော့ဘဲ ဖြစ်လာ၏။

‘အရမ်းကို ကောင်းလွန်းတယ်...’

သို့သော်ငြားလည်း စွမ်းအားအထွတ်အထိပ်၏ စိတ်လှုပ်ရှားဖွယ် ခံစားချက်၊ မိမိ၏ အသားနှင့် သွေးများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းနှင့် အစစ်အမှန် လောကကို အုပ်စိုးသူ တစ်ဦး ဖြစ်လာရခြင်း၏ အံ့မခန်း ခံစားချက်တို့က မည်သည့် နာကျင်မှုများကိုမဆို များစွာ ကျော်လွန်နေခဲ့၏။

“ပန်ရှန်း...ခင်ဗျားက ကျုပ်ကို တကယ့်ကို ကောင်းတဲ့အချိန်လေးတစ်ခု ပေးခဲ့တာပဲ...”

သိုင်းသူတော်စင်ကြီး၏ လက်သီးချက်က နောက်တစ်ဖန် ဝီးခနဲ ကျဆင်းလာချိန်တွင် လီယွမ်က လက်နှစ်ဖက်ဖြင့် ကာကွယ်ရန် ရှေ့သို့ တွန်းထုတ်လိုက်၏။ တဆက်တည်း၌ ရှေ့သို့တိုးကာ ပန်ရှန်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး တောင်တန်းကြီးတစ်လုံးအလား ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လေထဲသို့ ပင့်မြှောက်လိုက်တော့သည်။

“ရိုက်ချေလိုက်စမ်း...”

ထို့နောက် တစ်ဖက်လူ၏ မျက်နှာကို အောက်သို့ ဖိချလိုက်ရာ မြေပြင်ပေါ်သို့ အဟုန်ပြင်းစွာ ပစ်လွှင့် ထိုးကျသွားစေတော့၏။

"ဝုန်း"

မြေကြီးမှာ သိမ့်သိမ့်ခါအောင် လှုပ်ရမ်းသွားပြီး ထိုရိုက်ခတ်မှုကြောင့် အမှတ် (၁၂) ဂူစံအိမ် နှင့် အနီးအနားရှိ တောင်တန်းများစွာ တုန်ခါသွားစေတော့သည်။

အမှတ် (၁၂) ဂူစံအိမ်မှ ကူသခင်များသည် အဝေးမှနေ၍ စောင့်ကြည့်နေကြပြီး ဆူညံသံများကြောင့် ထိတ်လန့်နေကြကာ တိုက်ခိုက်နေသူ နှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို လုံးဝ မသိရှိကြချေ။

‘ကူသခင်တွေနဲ့ သိပ်မတူဘူး...’

‘သိုင်းသူတော်စင် နှစ်ယောက်ရဲ့ တိုက်ပွဲက ဘယ်လိုလုပ် နဝမ ကူ နန်းတော် တောင်တန်းတွေပေါ် ရောက်လာရတာလဲ...’

“အစ်ကိုယွမ်...”

ဝမ်ကျောက်ကျောက် တစ်ယောက်တည်းသာ အဝေးမှ တိုက်ခိုက်နေသူများ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိပြီး သူမမှာ အံ့အားသင့် ဝမ်းသာသွားခဲ့ရသည်။

‘ငါ အရင်တုန်းက အရမ်းကို ရိုးအခဲ့တာပဲ... အစ်ကိုယွမ်ရဲ့ စွမ်းအားက ဖြစ်နိုင်တာက...’

‘ဒါကြောင့် အစ်ကိုယွမ်က အလယ်ပိုင်းလွင်ပြင်က သူရဲကောင်းလေးယောက်ရဲ့ နာမည်တွေကို မမှတ်မိတာ မဆန်းပါဘူးလေ...’

‘အခုကြည့်ရတာ အဲဒီ အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးယောက် ဆိုတာတွေက အစ်ကိုယွမ်နဲ့ ယှဉ်ဖို့တောင် အရည်အချင်း မမီတော့ဘူးပဲ... သူတို့က အဆင့်တူမှ မဟုတ်တာ...’

‘အစ်ကိုယွမ်ရဲ့ ရည်မှန်းချက်တွေက လောကကြီးမှာ အစွမ်းအထက်ဆုံး လူတွေဆီမှာပဲ ရှိတာကိုး...’

အဝေးတစ်နေရာတွင်မူ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ။

ကန့်သတ်ချက်နှင့် နီးကပ်နေသော အခြေအနေများတွင် လီယွမ်သည် သိုင်းသူတော်စင်အား အတင်းအကြပ် ဖိနှိပ်ထားပြီး နှစ်ဦးစလုံးမှာ တောင့်ခံထားနိုင်ရန် စိတ်စွမ်းအားကိုသာ အားကိုးနေရကာ တစ်ဖက်လူ အရင်ဆုံး လဲကျသွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြ၏။

နောက်ဆုံးတွင်တော့ နှစ်ဦးစလုံးမှာ အားအင် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ကာ မည်သည့် လှည့်ကွက် အဆန်းများကိုမျှ ထပ်မံ မဖန်တီးနိုင်ကြတော့ချေ။

“ဒီအတိုင်း ဆက်သွားနေရင် မင်း သေသွားလိမ့်မယ်...”

သိုင်းသူတော်စင်က လီယွမ်အား စူးစူးဝါးဝါး ကြည့်နေ၏။ ပထမဆုံးအကြိမ်အဖြစ် အရိုက်ခံရခြင်းကြောင့် ထိတ်လန့်နေခဲ့ပြီး သူ၏ ရူးသွပ်နေသော အခြေအနေက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

‘ဒီလောက်ပဲလား...’

လီယွမ်က ကောက်ကျစ်စဉ်းစားသော အပြုံး ဖြင့် ပြုံးလိုက်ပြီး...

“ခင်ဗျားက သိုင်းလောကကို ဘယ်လို ကာကွယ်ပြမှာလဲ... သိုင်းပညာရဲ့ ရွှေခေတ်မှာ ခင်ဗျားက ဘာမှ ထူးခြားတဲ့ သူ မဟုတ်ပါဘူး... ကူလှည့်ကွက် လမ်းစဉ်သိမ် ဟုတ်လား...ကျုပ်ကတော့ အဲဒီ နာမည်နဲ့ ထိုက်တန်ပါတယ်..”

“ငါ ရှုံးပြီ...”

စကားပင် မဆုံးသေးမီမှာပင် သိုင်းသူတော်စင်၏ ခန္ဓာကိုယ်က ရုတ်တရက် ကျုံ့ဝင်သွားပြီး တောင်တန်းများနှင့် မြေကြီး၏ စွမ်းအားများ ပျောက်ကွယ်သွားကာ သူက လေထဲသို့ ခုန်တက်၍ အဝေးသို့ ဒရောသောပါး ထွက်ပြေးသွားတော့သည်။

အခြားသူများ သေရေးရှင်ရေး ကို အေးစက်စွာ စောင့်ကြည့်လေ့ရှိသော လုပ်ကြံသတ်ဖြတ်သူမှာ ယခုအခါတွင်မူ မကြုံစဖူး ရှင်သန်လိုသော ဆန္ဒကို အစွမ်းကုန် ထုတ်ဖော်နေတော့၏။

“ကျုပ်… ခင်ဗျားကို စောင့်နေတာ ကြာလှပြီ...”

မျက်တောင်တစ်ခတ် အတွင်းမှာပင် လီယွမ်သည်လည်း ရစ်ပတ်နတ်ဘုရားကူ ၏ ပူးကပ်မှုမှ မိမိကိုယ်ကို လွတ်မြောက်စေလိုက်သည်။ ထို့နောက် သူ၏ ကျန်ရှိနေသော စွမ်းအားများကို အသုံးပြုကာ လောကကြီးကို ပြောင်းလဲစေလျက် ထိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားစေသော ဆန်းကြယ်ပုံရိပ်ကူ ကို အသက်သွင်းလိုက်လေတော့သည်။

“ဓားနတ်သမီး...”

ရှေ့တောင်တန်းလမ်းပေါ်တွင် လေနှင့်အတူ တဟူးဟူး လွင့်နေသော အဖြူရောင် ဂါဝန်ရှည်ဝတ် အမျိုးသမီး တစ်ဦးက ဓားတစ်လက်ကို ကိုင်ဆောင်လျက် ချဉ်းကပ်လာ၏။

သူ၏ လမ်းကြောင်း ပိတ်ဆို့ခံလိုက်ရသဖြင့် သိုင်းသူတော်စင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏ မျက်နှာပေါ်သို့ နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခု ရောက်ရှိလာတော့သည်။ တိမ်လွှာလို နူးညံ့သော အမျိုးသမီး၏ အံ့မခန်း အလှတရားကို ခံစားကြည့်ရှုရန် သူ့တွင် မည်သည့် စိတ်ဝင်စားမှုမျှ မရှိတော့ချေ။

သူ၏ အကြည့်များက အမျိုးသမီး၏ လက်ထဲမှ ဓားပေါ်သို့ စူးစိုက်ကျရောက်နေပြီး လုံးဝကို အံ့အားသင့် တုန်လှုပ်နေ၏။

“နှင်း ပွင့် ကြွေ... နတ်ဘုရားဓား..”

သူ.. နင်ဟုန်ယွီ ကို နောက်ဆုံးအကြိမ် ဖမ်းဆီးခဲ့စဉ်က ဓားသမားတစ်ယောက်က တိတ်တဆိတ် ကူညီပေးခဲ့ပြီးနောက် အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ရုတ်ချည်း ပျောက်ကွယ် သွားခဲ့သည်ကို ပန်ရှန်း ရုတ်တရက် သတိရလိုက်၏။

“မင်း... မင်းက...”

‘ငါ့ရှေ့က မိန်းကလေးက လောကီအညစ်အကြေးတွေ လုံးဝ မရှိဘဲ တိမ်လွှာလို သန့်စင်ပြီး လောကနဲ့ မသက်ဆိုင်သလိုပဲ... သူမက နှင်းပွင့်ကြွေ နတ်ဘုရားဓား ရဲ့ သခင်... သူ ဘယ်သူလဲ ဆိုတာ ရှင်းနေပြီပဲ...’

‘နှစ်ပေါင်း သုံးထောင်ကြာပြီးမှ ပြန်လည် မွေးဖွားလာတဲ့... ဓားနတ်သမီး...’

ဒဏ္ဍာရီလာ ဓားနတ်သမီး ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူ တစ်ခါမျှ ယုံမှားဖွယ်မရှိ မျှော်လင့်မထားခဲ့မိပေ။

“သူ့ကို သတ်လိုက်ပါ..”

လီယွမ်က အမိန့်ပေး လိုက်၏။

“ဝီ...”

ထူးခြားဆန်းပြားသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်.. ။

မှုန်ဝါးဝါး နတ်သမီးတစ်ပါး ကောင်းကင်ယံမှ ဆင်းသက်လာကာ ဓားတစ်လက်ကို ကိုင်ဆောင်လျက် သက်ရှိသတ္တဝါ အားလုံးကို ငေးကြည့်နေ၏။

ဓားရောင် တစ်ချက် ဝင်းလက်သွား၏။ ဓားနတ်သမီးက ဓားအား လွှဲခုတ်လိုက်တော့သည်။

“တောင်တန်းတွေနဲ့ မြစ်ချောင်းတွေ ငါနဲ့ ပေါင်းစပ်စေ... ကောင်းကင်ဖြစ်စဉ်တွေ ငါ့ကို ကာကွယ်ပါ...”

သိုင်းသူတော်စင်ကြီးမှာ သူ၏ နောက်ဆုံး ခွန်အားလက်ကျန်ကို အသုံးပြုကာ ကောင်းကင်ဖြစ်စဉ်ကို အသက်သွင်းလိုက်သော်လည်း သူ၏ အနောက်ဘက်မှ ဓားတစ်လက်က ခုတ်ပိုင်းကျဆင်းလာကြောင်းကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရတော့သည်။

နေရောင်ခြည်က တောက်ပစွာ လင်းလက်လာ၏။ နှင်းများ ကျဆင်းလာ၏။

လုံးဝ မတူညီသော ဓားစိတ်ဆန္ဒ နှစ်ခု ဖြစ်သော်ငြားလည်း ဤအခိုက်အတန့်တွင် ၎င်းတို့က ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကြ၏။

သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူ နားမလည်နိုင်သော အရာများစွာ ရှိနေခဲ့ပြီး ဓားနှစ်လက်က သူ၏ ခန္ဓာကိုယ်ကို တစ်လက်ပြီးတစ်လက် ထိုးဖောက်ဝင်ရောက် သွားခဲ့လေပြီ။

“ဝူမေ့... ရှောင်ချိုက်...”

ကြိုတင် ပြင်ဆင်ထားခဲ့သော ရှောင်ချိုက်က အဖြူရောင် ထူးဆန်းသော မီးတောက်များကို ပန်းထုတ်လိုက်ပြီး ကမောက်ကမ ဖြစ်နေသော ဝိညာဉ် စွမ်းအင်များက ပန်ရှန်း သိုင်းသူတော်စင်၏ အသိစိတ်ပင်လယ်ကို ရိုက်ခတ်သွားတော့သည်။

ထို့နောက် ဝူမေ့က ပင့်ကူမျှင် အမြောက်အမြားကို ထွေးထုတ်လိုက်ရာ ၎င်းတို့က ပန်ရှန်း သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက် သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် အရိုးများကို ချုပ်နှောင်ထားလိုက်၏။

လီယွမ်က သူ၏ ပါးစပ်ကို အတင်းဟစေပြီး အမှန်တရားကူကောင် အမြောက်အမြားကို ပန်ရှန်း သိုင်းသူတော်စင်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ကာ...

“ပြောစမ်း...ခင်ဗျားကို ဘယ်သူ ငှားလိုက်တာလဲ...”

“အား...”

ပန်ရှန်း သိုင်းသူတော်စင်က ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်၏။

သိုင်းသူတော်စင်၏ စိတ်ဆန္ဒက ဤမျှ အရှက်ရဖွယ်ကောင်းသော စစ်ဆေးမေးမြန်းမှု နည်းလမ်းများကို ခုခံရန် တွန်းအားပေးနေသော်လည်း သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက လီယွမ်၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ပြီး သူ့အား ပြန်လည်ခုခံရန် အစွမ်းအစ ကင်းမဲ့သွားစေတော့သည်။

ခန္ဓာကိုယ်က ပင့်ကူမျှင်များ၏ ထိန်းချုပ်မှုကို ခံထားရ၏။

အသိစိတ်ပင်လယ်မှာလည်း ကမောက်ကမ ဖြစ်နေလေပြီ။

ယုံကြည်မှု တစ်ခုနှင့် အလိုအလျောက် တုံ့ပြန်မှု တို့ဖြင့်သာ အပြည့်အဝ တောင့်ခံထားရလေသည်။

“ရှောင်ချိုက်... သူ့ရဲ့ အစာထဲကို ပါဝင်ပစ္စည်းတွေ ထပ်ထည့်လိုက်ပါ...”

သိုင်းသူတော်စင် တစ်ယောက်ကို အနိုင်ယူရန်မှာ မလွယ်ကူလှပေ။ လီယွမ်မှာ ဤ လျှပ်တစ်ပြက် အခွင့်အရေးကို ဆုပ်ကိုင်ကာ ကြိုးစားကြည့်နေခြင်းသာ ဖြစ်၏။

သူ၏ ဝိညာဉ်ကို လောင်ကျွမ်းစေသော ထူးဆန်းသည့် မီးတောက်များ၏ အဆက်မပြတ် တိုက်ခိုက်မှုများ၊ သူ၏ ရုပ်ခန္ဓာကို အပြည့်အဝ ချုပ်နှောင်ထားသော ဝူမေ့၏ ပင့်ကူမျှင်များနှင့် အမှန်တရားကူကောင်၏ အာနိသင်များ ပေါင်းစပ်သွားမှုက နောက်ဆုံးတွင်တော့ ပန်ရှန်းအား အရှုံးပေးသွားစေတော့သည်။

“ငါ... ငါ ပြောပါ့မယ်...”

“ဟုတ်တယ်... မုရုံစု ပဲ...”

ပန်ရှန်း သိုင်းသူတော်စင်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဤရလဒ်မှာ လီယွမ် စနစ်တကျ အကွက်ချ မျှော်လင့်ထားပြီးသား ဖြစ်နေသောကြောင့် အံ့အားသင့်ဖွယ်ရာတော့ မဟုတ်ပေ။

“မုရုံစု ဘယ်မှာလဲ...”

လီယွမ်က ခပ်ပြတ်ပြတ် မေးလိုက်၏။

“ချန်းလန် နယ်မြေ... တော်ဝင်မြို့တော်ထဲမှာ...”

ပန်ရှန်း သိုင်းသူတော်စင်ကြီးက ပြန်ဖြေ၏။

“တော်ဝင်မြို့တော်...”

လီယွမ် အံ့အားသင့်သွားပြီး သူ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု မြင့်တက်လာကာ...

“မုရုံစုရဲ့ အစစ်အမှန် သရုပ်မှန်ကို ခင်ဗျား သိလား... ကန္တာရ သံတမန်အဖွဲ့အပြင် တခြားဘယ်သူက သူ့နဲ့ ပူးပေါင်းနေသေးလဲ...”

“မသိ... မသိဘူး... အား...”

ပန်ရှန်း သိုင်းသူတော်စင်က နောက်တစ်ကြိမ် အပြင်းအထန် ရုန်းကန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပင့်ကူမျှင်များကို အားကုန် ဖြတ်တောက်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။

အရှက်ကွဲခံရမည်ကို မလိုလားတော့သဖြင့် သူ သေဆုံးသွားခဲ့လေပြီ။

လီယွမ်မှာ ထိုနေရာတွင် ရပ်နေရင်း သွေးများ နေရာအနှံ့ ကျဆင်းသွားစေလိုက်သည်။

သိုင်းသူတော်စင်၏ စကားများက သူ့အား ချန်းလန် ၏ ရှောင်မိသားစုကို သတိရသွားစေတော့သည်။

All Chapters