နယ်စပ် ပဋိပက္ခ
Vol. 15 Ch. 170
ချန်းလန်နယ်မြေမှ ရှောင်မိသားစုသည် ယခင်မျိုးဆက် ချန်းလန်ဘုရင်နှင့် မိဖုရားမှသည် လက်ရှိမျိုးဆက် မင်းသမီးလေး ရှောင်ချင်အာအထိ အားလုံးမှာ အတုယူ လေးစားဖွယ် ကောင်းကြသည်။
သူတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ် အလုပ်အကျွေး ပြုခဲ့ကြ၏။
ပိုမိုကြီးမားသော အကျိုးစီးပွားအတွက် အသက်ကိုစွန့်ကာ သူတို့၏ ခံယူချက်များအပေါ်၌ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။
ဝမ်ကျောက်ကျောက် ထံမှတစ်ဆင့် အချို့သောအရာများကို လီယွမ် သိရှိခဲ့ရ၏။ ချန်းလန်ဘုရင်သစ် ရှောင်လျဲ့သည် ညဇီးကွက်ဘုရင်အပေါ် မကျေနပ်မှုများ ကိန်းအောင်းနေခဲ့ကြောင်း ပင်။ ရှောင်ယွမ် သေဆုံးသွားပြီးကတည်းက သူသည် ချန်းလန်နယ်မြေသို့ ဆုတ်ခွာသွားခဲ့ပြီး တောင်ပိုင်းနယ်စပ်သို့ မည်သည့် အကူအညီမျှ မပေးတော့ချေ။
ထိုမျှသာဆိုလျှင်ကား နားလည်ပေးနိုင်စရာ အကြောင်းရှိသည်။
သို့သော် ချန်းလန်ဘုရင်သစ် ရှောင်လျဲ့ သည် ပြည်သူများကို ဒုက္ခရောက်စေမည့် အရာတစ်ခုခုကို လုပ်ဆောင်လာမည်ကို လီယွမ် စိုးရိမ်နေမိ၏။ ထိုသို့ဆိုလျှင် ချင်အာကို သေချာပေါက် ထိခိုက်စေမည် ဖြစ်ပြီး ညဇီးကွက်ဘုရင် ကလည်း ထိုကိစ္စကို အလွတ်ပေးမည် မဟုတ်ပေ။
'ဒီလို မဖြစ်လာပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့'
'အခွင့်အရေး ရမယ်ဆိုရင်... နောင်လာမယ့် ပြဿနာတွေကို ကာကွယ်ဖို့အတွက် မုရုံစု ကို သေချာပေါက် သတ်ပစ်မှ ရမယ်'
သို့သော်ငြားလည်း မုရုံစု တစ်ယောက်တည်းအတွက်နှင့် ကျိုးကုန်းတောင်တန်းကြီးမှ ထွက်ခွာကာ ချန်းလန်နယ်မြေ ကဲ့သို့ သူစိမ်းပြင်ပြင် နေရာတစ်ခုသို့ သွားရောက်ရန်မှာ မဖြစ်နိုင်ပေ။ အကျိုးအမြတ်နှင့် အန္တရာယ်က မျှတမှု မရှိလှချေ။
သူတို့ ထိုနေရာသို့ သွားလျှင်ပင် အနိုင်ရနိုင်မည်ဟု အာမခံချက် မရှိကြောင်းကိုတော့ ဆိုဖွယ်ရာပင် မလိုတော့ချေ။
လီယွမ်က ထိုအကြောင်းကို ဆက်မတွေးတော့ပေ။
သိုင်းသူတော်စင် ပေါက်ကွဲသွားခဲ့သော နေရာဆီသို့ သူ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် အရာဝတ္ထုတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ရှစ်မြှောင့် သံလိုက်အိမ်မြှောင် တစ်ခုပင်။
လီယွမ်က ၎င်းကို ကောက်ယူကာ သူ၏ လက်ထဲတွင် သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
'ခြေရာခံဖို့နဲ့ ရင်းမြစ်ကို လိုက်ရှာဖို့လား'
တစ်ချက်ကြည့်လိုက်ရုံဖြင့် သံလိုက်အိမ်မြှောင်၏ ယေဘုယျ ရည်ရွယ်ချက်ကို သူ နားလည်သွားတော့၏။
'အဲဒီတုန်းက စီနီယာအစ်မကို သိုင်းသူတော်စင်က ဘယ်လိုလုပ် ခြေရာခံနိုင်ခဲ့လဲဆိုတာ မဆန်းတော့ပါဘူးလေ... ဒီအရာလေး ကျေးဇူးကြောင့်ကိုး... အခုလောလောဆယ်တော့ သိမ်းထားလိုက်ဦးမယ်... နောင်တစ်ချိန် အသုံးဝင်လာနိုင်တယ်'
ဒါက တကယ့်ကို အံ့ဖွယ် ရတနာတစ်ပါးပင် ဖြစ်သည်။
လီယွမ်၏ ပုံရိပ်က ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
တိုက်ပွဲတစ်လျှောက်လုံးတွင် အခြေအနေကို ကြိုတင်သိရှိထားသော ဝမ်ကျောက်ကျောက် မှလွဲ၍ အခြား မည်သည့် ကူသခင်ကမျှ လီယွမ်၏ အစစ်အမှန် သရုပ်မှန်ကို မသိရှိခဲ့ကြချေ။
ရက်အနည်းငယ် အတွင်းမှာပင် အမှတ် (၁၂) ဂူစံအိမ် ၌ ဖြစ်ပွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် တိုက်ပွဲအကြောင်းက ကျိုးကုန်းတောင်တန်းကြီး တစ်ခုလုံးသို့ ပေါက်ကြားသွားခဲ့ပြီး ကူသခင်များကြားတွင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဟိုးလေးတကျော် ဖြစ်သွားခဲ့လေပြီ။
ထိုနေ့က အမှတ် (၁၂) ဂူစံအိမ် တွင် အဆင့် (၈) ကူသခင် တစ်ဦးတစ်ယောက်မျှ မရှိခဲ့သော်လည်း အတွင်းစည်းမှ အဆင့် (၇) ကူသခင် အချို့ ရှိနေခဲ့ရာ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို အနည်းအကျဉ်းတော့ မြင်တွေ့ခဲ့ရသည်။
ထိုနေ့က တိုက်ပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးမှာ သူတို့၏ ကူသခင် တစ်ယောက်ဖြစ်ကြောင်းကို သူတို့ နားလည်သွားကြတော့၏။
ဝါးတောငယ်လေး အတွင်း၌ ဖြစ်၏။
လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့ အရက်အနည်းငယ် သောက်နေကြ၏။
“အစ်ကိုယွမ်... ဒီရက်ပိုင်း တောင်တန်းတွေပေါ်မှာ အဲဒီနေ့က တိုက်ပွဲအကြောင်းတွေချည်းပဲ ပြောနေကြတယ်... အစ်ကိုက ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ပြတော့မှာလား ဟင်”
ဝမ်ကျောက်ကျောက်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။
'ဒါက ဘယ်လို ထက်မြက်မှုမျိုးလဲ'
လီယွမ်က ပြုံးလိုက်ပြီး ပြောလိုက်၏။
“သက်စောင့်ကူကောင်က ထူးခြားကူကောင် အဖြစ်ကို ဆင့်ကဲတိုးတက်သွားတော့... လှုပ်ရှားမှု မလုပ်ခင် နှစ်ခါလောက် ပြန်စဉ်းစားသင့်တယ်လို့ တွေးမိတာနဲ့... တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ရဲ့ ပြိုင်ဘက်ဟောင်းက တံခါးလာခေါက်နေတာနဲ့ အံကိုက်ဖြစ်သွားတာပါ”
“ထူးခြားကူကောင်...”
ဝမ်ကျောက်ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။ ထိုနေ့ကတည်းက သူမ ခန့်မှန်းမိခဲ့လေ၏။
ထူးခြားကူကောင် မရှိဘဲနှင့် အစ်ကိုယွမ်၏ ပြိုင်ဘက်ကင်း ကူလှည့်ကွက်ဖြင့်ပင် ကြီးမားသော နယ်ပယ်တစ်ခုကို ကျော်ဖြတ်ကာ ကောင်းကင်နှင့်တစ်ပြေးညီ မဟာပညာရှင် တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ အလွန် ခက်ခဲလှသည်။
သမိုင်းတစ်လျှောက်တွင် မည်သည့် ကျင့်စဉ်လမ်းကြောင်းကို လိုက်သည်ဖြစ်စေ သူတော်စင်တစ်ပါးကို သတ်ဖြတ်နိုင်သည့် သတ္တမနယ်ပယ် အဆင့်သို့ ရောက်ရှိသူများမှာ အလွန် ရှားပါးလွန်းလှ၏။
အဲ့ဒီအချိန်တုန်းကဆိုရင် တကယ့်ကို အတောက်ပဆုံး ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်မှာ သေချာတယ်...
“အစ်ကိုယွမ်... ဒါဆို အခု အစ်ကို့ရဲ့ သက်စောင့်ကူကောင်က... စိတ်ဝိညာဉ် အထွတ်အထိပ်လို့ လူသိများတဲ့ နှလုံးသားမေးခွန်းကူကောင် နဲ့ ရုပ်ခန္ဓာ အထွတ်အထိပ်လို့ ချီးကျူးခံရတဲ့ ရစ်ပတ်နတ်ဘုရားကူ တို့နဲ့ အဆင့်တူတဲ့ ထူးခြားကူကောင် စာရင်းရဲ့ နံပါတ်လေး နေရာမှာ ရှိနေတာပေါ့နော်”
အစ်ကိုယွမ်၏ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပင်။
“အင်း”
လီယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ဝိုး...”
ဝမ်ကျောက်ကျောက်မှာ အမှန်တကယ် ဝမ်းသာသွားခဲ့ရ၏။
“အစ်ကိုယွမ်... အခုကစပြီး ကူအင်မော်တယ် ဖြစ်လာဖို့ အခွင့်အရေးရှိတဲ့ လူတစ်ယောက် ထပ်တိုးလာပြီပေါ့...”
နှလုံးသားမေးခွန်းကူကောင် နှင့် ရစ်ပတ်နတ်ဘုရားကူ နှစ်ကောင်စလုံးတွင် ကြီးမားသော အလားအလာများ ရှိကြသည်။
အဆင့်တူချင်း တိုက်ခိုက်ရေးစွမ်းရည်တွင် ရစ်ပတ်နတ်ဘုရားကူ က နှလုံးသားမေးခွန်းကူကောင် ထက် များစွာ သာလွန်၏။
သို့သော်ငြားလည်း ကူသခင် လမ်းစဉ်သည် နောက်ဆုံးတွင် စိတ်စွမ်းအား ကျင့်ကြံခြင်းကို ပိုမို အလေးထားပြီး အချိန်ကြာလာသည်နှင့်အမျှ ဤအချက်က ပို၍ မှန်ကန်လာသည်။ နှလုံးသားမေးခွန်းကူကောင် မှ ဆောင်ကြဉ်းပေးသော ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်မှုမှာ ပြိုင်ဘက်ကင်းလှပေ၏။
ဤအကြောင်းကြောင့်ပင် ၎င်းအား ကူအင်မော်တယ် နေရာနှင့် အနီးစပ်ဆုံးသော ထူးခြားကူကောင်အဖြစ် ချီးကျူးခံရခြင်း ဖြစ်သည်။
“ညီမလေးလည်း ကြိုးစားရမယ်နော်”
လီယွမ်က ပြုံးလျက် ပြောလိုက်၏။
“ကျွန်မက အရမ်း တုံးအတာပဲ”
ဝမ်ကျောက်ကျောက်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ကျွန်မက သာမန် အလုပ်ကြမ်းတွေပဲ လုပ်တတ်တာပါ... ကူလမ်းစဉ်အတွက် ကျွန်မရဲ့ ပါရမီက အဝေးကြီး လိုပါသေးတယ်”
သူမက မိမိကိုယ်ကို ကောင်းစွာ သိရှိနေသည်။
အစ်ကိုယွမ်ကို အသာထား ချင်အာ ကဲ့သို့သော ထိပ်တန်း ကူလမ်းစဉ် ကစားသမားများနှင့်ပင် ယှဉ်လိုက်ပါက... ပါရမီရှင်တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူမသည် သာမန် ပါရမီရှင် တစ်ယောက်နှင့်ပင် မယှဉ်နိုင်ချေ။
နှစ်များစွာတစ်လျှောက် သူမ တိုးတက်လာနိုင်ခဲ့ခြင်းမှာ အစ်ကိုယွမ်၏ အကူအညီကြောင့်သာ ဖြစ်သည်။
အစ်ကိုယွမ်သာ သူမအား ရှားပါးကူကောင် ရရှိရန် မကူညီခဲ့ဘဲ သက်စောင့်ကူကောင်ကို ကျွေးမွေးရန် အသားကူကောင် များစွာကို မထောက်ပံ့ပေးခဲ့လျှင် သူမသည် အစောကြီးကတည်းက ရပ်တန့်နေခဲ့ပြီပင်။
“စိတ်ဓာတ်မကျပါနဲ့”
လီယွမ်က သူမအား နှစ်သိမ့်လိုက်၏။
“ရှေ့ဆက်သွားရမယ့် အချိန်တွေ အများကြီး ကျန်ပါသေးတယ်... လူတွေက ပြောကြတယ်... ငါတို့ ကူသခင်တွေက အသက်ကြီးလာလေ ပိုပိုပြီး ကြောက်စရာ ကောင်းလာလေတဲ့... တစ်နေ့ကျရင် ညီမလေးရဲ့ သက်စောင့်ကူကောင်လည်း ထူးခြားကူကောင် ဖြစ်လာနိုင်တာပဲလေ”
“ညီမ အစွမ်းကုန် ကြိုးစားပါ့မယ်”
ဝမ်ကျောက်ကျောက်က စိတ်ဓာတ်ကျစရာ စကားများကို ဆက်မပြောတော့ချေ။
ဒါက မဖြစ်နိုင်ဘူး ဆိုတာကို သိနေရင်တောင်မှပေါ့။
သွေးဘီးကူကောင် သည် မျက်လုံးကပ်ပါးကောင်များထဲတွင် အဆင့်အမြင့်ဆုံး ရှားပါးကူကောင် ဖြစ်နေပြီ ဖြစ်သည်။ ၎င်းအထက်တွင် ထူးခြားကူကောင် ဟူ၍ မရှိတော့ဘဲ သမိုင်းတစ်လျှောက်တွင်လည်း တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးချေ။
တစ်နည်းဆိုရသော် သူမအနေဖြင့် သက်စောင့်ကူကောင်အား ထူးခြားကူကောင်အဖြစ်သို့ ပြောင်းလဲလိုပါက သူမသည် ထူးခြားကူကောင် အသစ်များကို လုံးဝ ဖန်တီးရမည်သာပင်။
ထိုအရာကား မည်မျှပင် ပါရမီရှင် ဖြစ်နေပါစေ လုပ်ဆောင်နိုင်စွမ်း မရှိသောအရာ ဖြစ်သည်။
အစ်ကိုယွမ် နှင့် ချင်အာ တို့အတွက်ပင် အလွန်ခက်ခဲလှပြီး ဤဘဝတွင် မျှော်လင့်ချက် မရှိတော့ရန် ကံကြမ္မာ ဖန်တီးခံထားရသူ ဖြစ်၏။
‘အချိန်အခါ သင့်လာတဲ့အခါ ကောင်းကင်နဲ့ မြေကြီးက သူတို့ရဲ့ စွမ်းအားတွေကို ငှားရမ်းပေးလိမ့်မယ်... အဲဒီနေ့ ရောက်လာမှာပါ’
ရှောင်ကျောက် စွမ်းအား တိုးတက်လာရန် လီယွမ် မျှော်လင့်နေမိသည်။
သူနှင့် ရှောင်ကျောက်တို့သည် ဆယ်စုနှစ်များစွာ အတူတကွ ဖြတ်သန်းခဲ့ကြပြီး ရှောင်ကျောက် တစ်ယောက်တည်းသာ သူ့ကို အမှန်တကယ် နားလည်၏။ နောင်အနာဂတ်တွင် သူမသည် သူ၏ ညာလက်ရုံး ဖြစ်လာမည်ဖြစ်ပြီး အရာများစွာကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ့ကို ကူညီပေးပါလိမ့်မည်။
“ဒါနဲ့ ရှောင်ကျောက်... နယ်စပ်စစ်ပွဲ အခြေအနေ ဘယ်လိုနေလဲ”
လီယွမ်က မေးလိုက်၏။
နဝမ ကူနန်းတော် သည်လည်း ဒုတိယအကြိမ် နယ်စပ်တန်ပြန်ထိုးစစ်တွင် ပါဝင်နေပြီး သတင်းအချက်အလက် များစွာကို ပြန်လည် ပေးပို့လာမည် ဖြစ်ရာ ဝမ်ကျောက်ကျောက် သိရှိနေမည်သာပင်။
“ယေဘုယျ တိုးတက်မှုကတော့ ချောချောမွေ့မွေ့ပါပဲ”
ဝမ်ကျောက်ကျောက်က ပြန်ဖြေ၏။
“ချင်အာက နယ်စပ်တစ်လျှောက် လီ ၈၀၀ တိုးဝင်ဖို့ ပြီးစီးသွားသင့်ပြီလို့ ပြောပေမယ့်... နယ်စပ်မြို့တချို့မှာ ပြဿနာတွေ ကြုံနေရတယ်လို့ ကြားရတယ်”
“ကျန်းဟူက လူတွေနဲ့ အင်ပါယာစစ်တပ်ကြားမှာ ပဋိပက္ခတွေ ဖြစ်နေပုံ ရတယ်”
“ရတနာတစ်ခုကြောင့်လို့ ထင်ရတာပဲ... ပထမတော့ ကျန်းဟူ ဓားသမားတစ်ယောက်က နတ်ဆိုးတစ်ကောင်ရဲ့ အလောင်းကနေ ရခဲ့တာ... အဲဒီနောက် ညဇီးကွက်အစောင့်တပ် က တစ်ယောက်က ခိုးယူချင်စိတ်ပေါက်ပြီး ရတနာအတွက် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်... ဒါပေမယ့် သူ့ရဲ့ အကြံအစည်က ပေါ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ”
“ဓားသမားက တခြား ကျန်းဟူက လူတွေဆီက အကူအညီတောင်းပြီး သူတို့ပူးပေါင်းပြီး ညဇီးကွက်အစောင့်တပ်တွေကို တိုက်ပွဲမှာ သတ်ပစ်လိုက်ကြတယ်”
“ညဇီးကွက်အစောင့်တပ်ရဲ့ အစွမ်းကို အစ်ကိုယွမ်လည်း သိမှာပါ... စစ်ပွဲက စတော့မလို ဖြစ်နေပြီး နှစ်ဖက်စလုံးက တစ်လက်မမှ အလျှော့မပေးဘဲ သွေးချင်းချင်းနီတဲ့ တိုက်ပွဲတွေ ဖြစ်နေကြရော”
ဝမ်ကျောက်ကျောက်က ဇာတ်ကြောင်းကို သေချာစွာ ရှင်းပြ၏။
“သူတို့ ကမောက်ကမ ဖြစ်နေတုန်းမှာပဲ... ရှုံးနိမ့်သွားတဲ့ နတ်ဆိုးတွေက ရုတ်တရက် ဝင်တိုက်တာနဲ့... သူတို့ ခက်ခက်ခဲခဲ သိမ်းပိုက်ထားတဲ့ မြို့လေး ပြန်ပါသွားတယ်”
“ဒီမြို့လေး ဆုံးရှုံးသွားတာက နယ်စပ်စစ်မျက်နှာပြင် တစ်ခုလုံးကို ထိခိုက်စေပြီး အခုဆို အခြေအနေက ပိုဆိုးလာနေပြီ”
“ရေနောက်အောင် တမင်သက်သက် လုပ်နေတဲ့သူများ ရှိနေမလား”
လီယွမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ကျွန်မလည်း မသိဘူး”
ဝမ်ကျောက်ကျောက်က ခေါင်းခါလိုက်ပြီး...
“အခု အခြေအနေက ဒီအထိ ရောက်လာတော့ ဇာတ်လမ်းအစအဆုံးကို ခြေရာခံဖို့ မဖြစ်နိုင်တော့ဘူး... နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီး ပိုင်ချန် ကလည်း ညဇီးကွက်ဘုရင် နဲ့ အားပြိုင်နေတော့ တပ်နှစ်တပ်က စိတ်သဘောထားချင်း မတိုက်ဆိုင်ကြဘူးလေ”
“ပြီးတော့ လောကကြီးက လူတွေက နယ်စပ်ကို ဝင်လာပြီး တစ်သားတည်း ပေါင်းစည်းသွားကြတော့ နန်းတွင်းက လျှော့တွက်လို့မရတဲ့ အင်အားစုတစ်ခု ဖြစ်လာတယ်”
“အမှားအမှန်ကို ဂရုမစိုက်တော့ဘဲ ကိုယ့်ဘက် သူ့ဘက် ဆိုတဲ့ ရပ်တည်ချက်တွေကိုပဲ စဉ်းစားကြတဲ့ အခြေအနေမျိုးအထိ ဖြစ်လာဖို့ ရာခိုင်နှုန်း အရမ်းများနေတယ်”
“သိပ်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲတော့ ဖြစ်မလာလောက်ပါဘူး”
လီယွမ်က စိုးရိမ်မနေပေ။
ညဇီးကွက်ဘုရင် က ဝင်ပါဖို့တောင် အခွင့်အရေး မရလိုက်ချေ။
ထို့အပြင် ကျန်းဟူ တွင် ဂိုဏ်းပေါင်းစုံ ရှိပြီး သူတို့ကြားတွင် အငြိုးအတေးများနှင့် ရန်ပွဲများစွာ ရှိကြ၏။ ယခုအခါ ချီစွမ်းအင် တစ်စက်အတွက်နှင့် သူတို့ စုစည်းလာခဲ့ကြခြင်းသာ ဖြစ်၏။
ဤအဆိပ်၏ အာနိသင်များ ပျောက်ပြယ်သွားသည်နှင့် သူတို့သည် နန်းတွင်း၏ အမိန့်ကို နာခံရမည်သာပင်။
“အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... နတ်ဆိုးတွေ အခွင့်ကောင်း မယူနိုင်အောင် ငြိမ်းချမ်းရေးကို အမြန်ဆုံး ရရှိဖို့ပဲ မျှော်လင့်ပါတယ်”
ကျန်းဟူ သည် နဂါးဓားကို စုစည်းကာ အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ကြောင်းကို ဝမ်ကျောက်ကျောက်လည်း သိရှိထားသည်။
စစ်ဘက်ဆိုင်ရာ အမိန့်များမှာ အကြွင်းမဲ့ဖြစ်ပြီး နယ်စပ်တပ်ဖွဲ့များ၏ အကောင်အထည်ဖော်မှုက ကျန်းဟူမှ လူများထက် များစွာ သာလွန်လှပေ၏။
ချန်းလန်နယ်မြေ။
မုရုံစုသည် ချန်းလန်ဘုရင်သစ် ရှောင်လျဲ့နှင့်အတူ ထိုင်ကာ အရက်သောက်နေကြသည်။
တစ်ယောက်မှာ ဝမ်းသာအားရ ဖြစ်နေပြီး ကျန်တစ်ယောက်မှာမူ မျက်မှောင်ကြုတ်နေ၏။
“မင်းသားရှောင်”
မုရုံစုက သူ၏ အရက်ခွက်ကို မြှောက်လိုက်ပြီး...
“ဒီအရက်ခွက်က မင်းသားအတွက်ပါ... ပြီးတော့ ကျွန်တော်တို့ရဲ့ အကြံအစည် အောင်မြင်မှု အစပျိုးခြင်းအတွက် ဂုဏ်ပြုဖို့ပေါ့... မင်းသားက အပြစ်ရှိသလိုမျိုး မျက်နှာထားနဲ့ နေစရာမလိုပါဘူး... သေသွားတဲ့ သူတွေ အားလုံးက ညဇီးကွက်ဘုရင် ရဲ့ လူတွေချည်းပဲလေ... သူတို့က သေသင့်တဲ့ သူတွေချည်းပဲ”