← Chapters

လောဘကြီး၏ အတွေးများ

Vol. 012 Ch. 563

လောဘကြီး၏ အတွေးများ

Vol. 012 Ch. 563

ဓားသူတော်စင် လင်းထျန်ဟူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဘယ်လိုအရာမျိုးမလို့ မင်းကို ဒီလောက်ထိ ဂရုစိုက်စေတာလဲ…”

လောဘကြီးက အနည်းငယ် စဉ်းစားလိုက်၏။ထို့နောက် သူက ဓားသူတော်စင်ထံသို့ လက်နှစ်ဖက်ယှက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဓားသူတော်စင်… ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ပစ္စည်းတစ်ခုရှာဖွေခဲ့တာနဲ့ ပတ်သတ်ပြီး မှတ်မိသေးလား။ ဒီပစ္စည်းကတော့ ပုတီးစေ့ပဲ။ ဒီပစ္စည်းအတွက် ဆုလဒ်က ထိပ်တန်း ကောင်းကင်ဘုံမန္တာန်ပဲ၊ ဒီ ဆုလဒ်က ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံး ကမ်းလှမ်းတဲ့ ဆုလဒ်လည်း ဖြစ်တယ်။ ငါ သိသလောက် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းမှာတောင် ဒီလို ပြည့်စုံတဲ့ ထိပ်တန်းကောင်းကင်ဘုံမန္တာန်က ဆယ်ခုကျော်လောက်တောင် ရှိမှာ မဟုတ်ဘူး…”

လင်းထျန်ဟူ မျက်လုံးက အလေးအနက် ဖြစ်သွားကာ သူက ဖြည်းညင်းစွာ မေးလိုက်၏။ “မင်း ဒဏ်ရာရခဲ့တာက ဒီပုတီးစေ့နဲ့ ပတ်သတ်နေတာလား…”

လောဘကြီးက ခေါင်းညိတ်ကာ ခါးသီးစွာ ပြုံးလိုက်၏။ “အတိတ်ကို ပြန်မပြောကြစို့။ ဒါက ငါ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မသန်မာခဲ့လို့ပဲ။ ဒါပေမဲ့ ဓားသူတော်စင်သာ လုပ်ဆောင်မယ်ဆိုရင်တော့ ကျိန်းသေပေါက် လွယ်ကူမှာ…”

ဓားသူတော်စင် လင်းထျန်ဟူက ခေါင်းမော့ကာ လေဟာနယ်ထဲသို့ ကြည့်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက ပြောလိုက်သည်။ “အရှေ့ဘက်နတ်ဆိုး စိတ်ဝိညာဉ်ပင်လယ်ကိစ္စ ပြီးမှာပဲ အဲ့ကိစ္စကို ပြောလည်း နောက်မကျ သေးပါဘူး။ အဲ့မတိုင်ခင် မင်းက ငါ့ကို ကိစ္စတစ်ခု ကူညီပေးရမယ် လောဘကြီး…”

လောဘကြီး မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလိုက်သည်။ “ဓားသူတော်စင်က ငါ့ကို ဘာများ လုပ်ပေးစေချင်တာလဲ…”

ဓားသူတော်စင်က အလေးအနက် ပြောလိုက်၏။ “အရှေ့ဘက်ပင်လယ်ထဲကို လိုက်ဝင်ပြီး ငါ့တပည့် ဆယ့်နှစ်ယောက်ကို သူတို့ရဲ့ လျှို့ဝှက်ဆောင်ရွက်စရာကိစ္စမပြီးသေးခင်ထိ ကာကွယ်ပေးရမယ်။ မင်းက ဒီလို လုပ်မယ်ဆိုရင် ငါ မင်းကို ပြန်ကူညီပေးမယ်…”

လောဘကြီးအသွင်က ရှုံ့တွသွား၏။ “လင်းထျန်ဟူ…မင်းက ငါ့ကို ဘယ်လိုပုံစံ ကူညီခိုင်းရတာလဲ…” သူက ထိုသို့ မေးလိုက်၏။

လင်းထျန်ဟူက လောဘကြီး ဘက်သို့ လှည့်ကြည့်၏။ သူ့မျက်နှာက တည်ငြိမ်နေဆဲပင်။ သူက ပြောလိုက်၏။ “လောဘကြီး…ငါက ငါ့နာမည်ကို ကြယ်တွေကြားထဲမှာ သိရှိစေတုန်းက မင်းက ကျင့်ကြံခြင်းကို အစမပြုရသေးဘူး။ မင်း အကြံအစည်က ငါ့မျက်စိ ရှေ့မှာ ရှင်းလင်းနေတာပဲ။ မင်းက ဒီပုတီးစေ့ပိုင်ရှင်ရဲ့ အတင်းအကြပ် တွန်းထုတ်ခြင်းကြောင့်သာ မဟုတ်ရင် ဒီကိုလာပြီး ငါ့ဆီကို ခုလို အလောတကြီး လာရှာပါ့မလား။ ငါက ခု မင်းကို အဝေးကို တွန်းထုတ်လိုက်ရင် သိပ်မကြခင်မှာ ငါတို့ နှစ်ယောက်က သေကွဲကွဲရမှာ စိုးရိမ်မိတယ်..."

လောဘကြီးက စဉ်းစားနေ၏။ ခဏအကြာတွင် သူက ပြုံး၍ ပြောလိုက်၏။ “ဓားသူတော်စင် စိုးရိမ်တာ များနေပြီ။ ငါ ဒီမှာ ရှိနေသ၍ မင်း တပည့်တွေကို လုံခြုံစေဖို့ ကတိပေးတယ်။ ဒါပေမဲ့ ငါက ဒီအရှေ့ဘက် နတ်ဆိုး စိတ်ဝိညာဉ် ပင်လယ်က ထူးဆန်းတယ်လို့ ကြားခဲ့ဖူးတော့ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဒီထဲကို ဝင်နိုင်ပါ့မလားတော့ ငါမသိဘူး…”

လင်းထျန်ဟူက တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ဒါနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မလိုဘူး။ မင်းက ဒဏ်ရာရထားတယ်။ ပြီးတော့ ခုတစ်ခေါင် ဝင်ပေါက်ကို ဖွင့်ရမှာက ငါ ဖြစ်တယ်။ အဲ့အတွက် ငါက မင်းကို ခွင့်ပြုပေးလို့ရတယ်…”

လောဘကြီးက ခေါင်းညိတ်ကာ မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် အကွာအဝေးတစ်ခုထံကနေ ရောင်စုံခုနစ်ခု တိမ်ထု တစ်ခုက ထွက်ပေါ်လာနေ၏။

လောဘကြီး၏မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက လုံးဝ ပျောက်ကွယ်လို့သွားလေသည်။ လူတစ်ယောက်က အနီးကပ်ကြည့်လျှင်တော့ သူက ဓားသူတော်စင်ဘေး၌ အရိပ်တစ်ခုလို ပြောင်း၍တည်ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ရောင်စုံခုနစ်ခု တိမ်ထု နီးကပ်လာခဲ့ကာ ထိုတိမ်ထုထဲကနေ အဖြူရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူက ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့သည်။

ရှေ့ဖြစ်ဟောသူက လှမ်းလျှောက်ထွက်လာရင်း သူက ပြုံး၍ သူနှင့်သိသည့်လူများကို ခေါင်းညိတ်ပြလိုက်သည်။ သူ့နောက်တွင်တော့ လူကိုးယောက် ရှိလို့နေ၏။

ထိုလူကိုးယောက်က မတူညီသည့် အရောင်ရှိသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးများက ထက်ရှနေကာ အားကောင်းသော ကျင့်ကြံခြင်းအဆင့်များလည်း ရှိကြ၏။ သူတို့ထဲတွင် ဝမ်လင်းနှင့် ခရမ်းရောင်အုပ်စုခွဲနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့် ဝမ်လင်းအကိုခြောက် ချန်ထောင်လည်း ပါဝင်ပေ၏။

ခုလက်ရှိတွင် ချန်ထောင်က ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အားကောင်းသော ဖိအားကို ပေးစွမ်းနေ၏။ သူက ဓားတစ်လက်နှင့်ပင် ဆင်တူက ထက်ရှမှုကို ထုတ်လွှတ်နေသည်။

ရှေ့ဖြစ်ဟောသူတို့ ဆယ်ယောက်အုပ်စုက ဝင်ပေါက်နားသို့ ရွှေ့လျားလာခဲ့ကြ၏။ ကျင့်ကြံသူတိုင်းက လေးစားစွာဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ သည်မြင်ကွင်းက ဓားသူတော်စင် ရောက်ရှိလာသည့်အချိန်ထက်ပင် ကြီးကျယ်လို့နေသေး၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့ဖြစ်ဟောသူတို့ အုပ်စုက ဝင်ပေါက်ရှေ့သို့ ရောက်ရှိသွားကြ၏။ သူတို့က လင်းထျန်ဟူတို့အုပ်စုနှင့် ပေတစ်ထောင်ခန့်အကွာတွင် ရှိလို့နေသည်။ လူတိုင်းအကြည့်က သည်အုပ်စုနှစ်ခုပေါ်သို့ ကျရောက်နေကြ၏။

ထိုလူများအပြင် များစွာသောမွန်းစတားအိုကြီးများကလည်း လင်းထျန်ဟူနှင့် ရှေ့ဖြစ်ဟောသူတို့ကို ကြည့်လို့နေကြ၏။

သည်အခိုက်တွင် ထျန်ယွမ်ဂြိုဟ်နှင့် အနီးနားပတ်လည်ရှိ ဂြိုဟ်များ၏ အားကောင်းသော ကျင့်ကြံသူများက သည်နေရာတွင် ရောက်ရှိနေကြသည်ဟု ပြော၍ ရပေသည်။

နှစ်ငါးထောင်ကြာမှ တစ်ကြိမ် ပွင့်သည့် ကြီးမားသည့်အဖြစ်အပျက်ကြီး ဖြစ်လာရန် တစ်ရက်သာ ကျန်တော့ပေသည်။

ဝင်ပေါက်က ဒီရေလှိုင်းအဖြစ် ပွင့်သည့်အခါ ပထမဆုံးအကြိမ်အဖြစ်တွေ့မြင်ဖူးသည့်လူများ အဖို့တော့ မမေ့နိုင်သည့် မြင်ကွင်း ဖြစ်သွားပေလိမ့်မည်။သည့်နောက် ထိုဝင်ပေါက်သို့ ဝင်၍ အထဲသို့ သွားရောက်ခြင်းကလည်း ရက်စက်သည့်စမ်းသပ်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ရှေ့ဖြစ်ဟောသူ အသွင်က သဘာဝကျစွာ မတ်တပ်ရပ်လျက် ရှိနေကာ ကျင့်ကြံသူများစွာက သူ့ကို လာရောက်နှုတ်ဆက်ကြလေ၏။ သူက စကားပြောနေရင်းဖြင့် အကွာအဝေးတစ်ခုရှိ တစ်စုံတစ်ရာကို ရှာဖွေလို့နေသည်။

သူ့နောက်ရှိ တပည့်ကိုးယောက်ကတော့ ကိုယ်နှင့်သိသည့်လူနှင့် စကားပြောဆိုနေကြ၏။ ချန်ထောင်ကတော့ တစ်စုံတစ်ခုကို ရှာဖွေလို့နေ၏။

“သူက ဘာလို့ ဒီကို ရောက်မလာသေးတာလဲ…” ချန်ထောင်က အနည်းငယ် မျက်မှောင်ကြုတ်မိနေသည်။

အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ပွင့်မည့်နောက်ဆုံးနေ့က တဖြည်းဖြည်း ရောက်ရှိလာတော့၏။

ယနေ့က အရှေ့ပင်လယ်၏ ဝင်ပေါက်ပွင့်လာတော့မည့် နေ့ဖြစ်လေသည်။

အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်လို့ ခေါ်တွင်သည့် မြေလွင့်နေသည့်ပစ္စည်းပင်လယ်ကြီးက စတင်ပြောင်းလဲလာခဲ့သည်။ မြောလွင့်နေသည့်အရာများက ပို၍ မြန်ဆန်စွာ လှုပ်ရှားလာခဲ့၏။

သည်ပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်နိုင်ခဲ့သည်။

ထိုအခိုက်မှာပင် ချန်ထောင်မျက်လုံးက ရုတ်တရပ် လက်ခနဲ ဖြစ်သွားကာ သူက အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ရင်း တဖြည်းဖြည်း ပြုံးလာခဲ့၏။

အကွာအဝေးတစ်ခုကနေ အလင်းတန်းများ ပျံသန်းလာ၏။ သူတို့ ရောက်ရှိလာမှုက အခြားကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်နိုင်ခြင်း မရှိပေ။ သို့သော် ချန်ထောင် အကြည့်ကတော့ ခရမ်းရောင်ပုံရိပ်ပေါ်၌သာ ရောက်ရှိနေသည်။

“ညီခုနစ်…” ချန်ထောင်မျက်လုံးက ထူးဆန်းသောအလင်းကို ဖြစ်ပေါ်သွား၏။

ရှေ့ဖြစ်ဟောသူကလည်း ထိုခရမ်းရောင် ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်၏။ သို့သော် သူက စကားတစ်ခွန်းမှတော့ မဆိုချေ။

ဝမ်လင်းက ရှေ့ဖြစ်ဟောသူတို့ အုပ်စုကို အကွာအဝေးတစ်ခုကနေ လှမ်းမြင်လိုက်သည့်အခါ သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “အကိုရှု…ငါက ငါ့ဆရာကို သွားနှုတ်ဆက်ဖို့ လိုတယ်။ ဒါ့ကြောင့် ငါတို့က ဒီမှာပဲ လမ်းခွဲကြတာပေါ့။ အခွင့်ရေးရမယ်ဆိုရင် ငါတို့ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်မှာ ပြန်ဆုံကြတာပေါ့…”

ရှုယွမ်ရှန်မျက်နှာက ဖုန်မှုံ့များနှင့် ဖုံးလွှမ်းနေသည်။ သူတို့က အချိန်မီ ရောက်ရန် အလျင်စလို လာခဲ့ရမှန်း သိသာနေ၏။ သူက ပြုံး၍ ပြန်ပြောလိုက်သည်။ “ငါတို့ အထဲဝင်ပြီးရင် ငါအတွက်တော့ အကိုဝမ်ရဲ့ ကြည့်ရှုမှုအပေါ် မူတည်နေပြီ…”

“ပြသနာမရှိပါဘူး…” ဝမ်လင်းက ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ခရမ်းရောင်တိမ်ထု အဖြစ်သို့ ပြောင်း၍ ရှေ့ဖြစ်ဟောသူထံသို့ ပျံသန်းသွားတော့သည်။

ဝမ်လင်းက လျှပ်စီးတန်းအလား ရှေ့ဖြစ်ဟောသူထံသို့ ရွေ့လျားသွား၏။ သူ့အသွင်က တည်ငြိမ်နေကာ သူ့မျက်လုံးထဲ၌လည်း မီးခိုးရောင်အငွေ့အသက်တို့ ရှိလို့နေသည်။ သူ့အသွင်က ခုချိန်၌ ခုလက်ရှိ ချန်ထောင်ထက် မည်သို့မျှ အားနည်းဟန် မရှိသည့်ပုံ ပေါက်လို့နေ၏။

သူ့လှုပ်ရှားမှုက အချို့ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားလိုက်နိုင်၏။ သူတို့က ခရမ်းရောင်ဝတ်ရုံနှင့် တုန်ကင်ကို မြင်သည့်အခါ ဝမ်လင်း၏အဆင့်အတန်းကို သိရှိလိုက်ကြ၏။

“ကောင်းကင်ကံကြမ္မာကလန်၊ ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနစ်ယောက်မြောက်တပည့် ဝမ်လင်း…”

ကြီးမားသည့် သွေးနီကျောက်ပြားပေါ်၌ ထိုင်နေသည့် ယောင်ရှင်းရွယ်က မျက်လုံးဖွင့်လာကာ ဝမ်လင်းကို ကြည့်လိုက်၏။ သူက အနည်းငယ် ကြည့်ရှုပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ယောင်ရှင်းရွယ်က စိတ်ထဲ၌ တွေးနေမိသည်။ “ကောင်းကင်ဘုံကံကြမ္မာကလန်ရဲ့ တပည့်အသစ်ပေါ်မှာ အာရုံစိုက်ဖို့ အဖေက ငါ့ကို ဘာလို့ ပြောခဲ့လဲမသိဘူး။ ဒီလူ့ကျင့်ကြံမှုအဆင့်ကလည်း သာမန်ပါပဲ။ သူနဲ့ ပတ်သတ်လို့ ဘာမှ ထူးချွန်နေတာလည်း မတွေ့ရဘူး။ ဒါပေမဲ့ ကောင်းကင်ကံကြမ္မာကလန်ကို ဝင်ရောက်ဖို့ ရှေ့ဖြစ်ဟောသူ ခေါ်လာတဲ့လူတိုင်းက အမှန်တကဘ် တုန်လှုပ်ဖွယ် ကောင်းကြတယ်…”

ဝမ်လင်းက တန်းတန်းမတ်မတ်ပျံသန်းသွားကာ ရှေ့ဖြစ်ဟောသူ ရှေ့သို့ ရောက်ရှိသွား၏။ သူက လေးစားစွာ ပြောလိုက်သည်။ “တပည့် ဝမ်လင်းက ဆရာ့ကို နှုတ်ဆက်ပါတယ်…”

ရှေ့ဖြစ်ဟောသူက ပြုံး၍ ပြောလိုက်သည်။ “ဆရာ့နောက်မှာ ရပ်နေပါ။ နှစ်ငါးထောင်မှာ တစ်ခါသာ ဖြစ်ပေါ်တဲ့ အဖြစ်အပျက်ကြီးက မကြာခင် ပြန်ဖြစ်ပေါ်တော့မယ်။ ဒါ့ကြောင့် အာရုံစိုက်ထားပါ။ မင်းအတွက် သင့်တော်တဲ့ လက်နက်တစ်ခုတောင် ပေါ်လာနိုင်တယ်…”

ရှေ့ဖြစ်ဟောသူက စကားဆုံးသွားပြီးနောက် သူ ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့်ကြည့်လိုက်၏။ ထို့နောက် ဘာစကားမှ ထပ်မံ မပြောတော့ချေ။

ဝမ်လင်းက တုန့်ပြင်သောအားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သူက ရှေ့ဖြစ်ဟောသူနောက်၌ အခြားတပည့်ကိုးယောက်နှင့်အတူ တစ်တန်းတည်း ရပ်လိုက်၏။

ထိုအခါ အခြားလူကိုးယောက်၏ အကြည့်များက ဝမ်လင်းထံသို့ ကျရောက်လာ၏။

ဝမ်လင်းက သည်လူကိုးယောက်ကို ဂရုစိုက်ခြင်း မရှိချေ။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကိုးယောက်ထဲ၌ ယောက်ျား ခြောက်ယောက်နှင့် မိန်းမ သုံးယောက် ပါဝင်မှန်း သိလိုက်၏။

ဝမ်လင်း ရောက်ရှိလာသည့်အခါ ဓားသူတော်စင် လင်းထျန်ဟူ မျက်လုံးက အနည်းငယ် အလေးအနက် ဖြစ်လာခဲ့သည်။ သူက သည်ကောင်လေးကို ရှေ့ဖြစ်ဟောသူ၏ မွေးနေ့ပွဲမှာ တွေ့မြင်လိုက်ကတည်းက ဟိုအရင်တည်းက တွေ့ဖူးသလို ခံစားမိနေသည်။ သို့သော် သူက မည်မျှကြိုးစားသည် ဖြစ်စေ မမှတ်မိနိုင် ဖြစ်နေ၏။

“အာ…” လောဘကြီး၏ အာမေဍိတ်အသံက ဓားသူတော်စင်နောက်ကနေ ထွက်ပေါ်လာသည်။ လင်းထျန်ဟူက တိုးညင်းစွာ မေးလိုက်သည်။ “မင်းက ဒီကောင်လေးကို သိလို့လား…”

“ ငါက ဒီကောင်လေးကို မသိဘူး။ ဒါပေမဲ့ သူထံကနေ ရင်းနှီးတဲ့ ခံစားချက် ရနေတယ်။ ဖြစ်နိုင်တာက သူက ငါ့မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ မျိုးဆက် ပဲနေမယ်…”

လောဘကြီး၏ မျက်လုံးများက တောက်ပသွား၏။သို့သော် သူက ချက်ခြင်း ဖုံးကွယ်လိုက်၏။

ဝမ်လင်းအသွင်က အခြားကျော်ကြားသည့် မွန်းစတားအိုကြီးများကိုပင် ဆွဲဆောင်နိုင်ခဲ့၏။ ဝမ်လင်းနှင့်ပတ်သတ်၍ သူတို့ကို စိတ်ဝင်စားသွားစေသည့် အကြောင်းရင်းကတော့ ရှေ့ဖြစ်ဟောသူသည် အကြောင်းရင်းတစ်ခုမရှိမှန်း တပည့်အသစ်လက်မခံသည်ကို သိရှိသောကြောင့်ပင်။

သည်အချိန်မှာပင် တိုးညင်းသော တုန်ခါသံက အရှေ့ပင်လယ်ကနေ ထွက်ပေါ်လာ၏။ သည်တုန်ခါသံက လှိုင်းတွန့်များကို ဖြစ်ပေါ်စေသည်။

ထိုအခိုက်မှာပင် ကျင့်ကြံသူတစ်သောင်းကျော်၏ အကြည့်က မြောလွင့်နေသောအရာများ၏ ပင်လယ်ပေါ်၌ အာရုံစိုက်ထားကြသည်။ သည်ဧရိယာတစ်ခုလုံးက တိတ်ဆိတ်လို့နေလေ၏။

သည်ကျင့်ကြံသူများကြားထဲတွင် အချို့က သည်နှစ်ငါးထောင်ကြာတိုင်း တစ်ခု ဖြစ်ပေါ်သည့် ဒီရေလှိုင်းကို မြင်တွေ့ခဲ့ဖူးကြသည်။ သို့သော် ထိုသို့ တွေ့ဖူးသည့်အတွက် သူတို့နှလုံးသားကို တည်ငြိမ်စေရမည် ဖြစ်သော်လည်း ထိုအစား သူတို့နှလုံးက ပိုတုန်ယင်မိကြပေသည်။

သည်ဒီရေလှိုင်းကို တွေ့မြင်ဖူးသည့် ကျင့်ကြံသူတိုင်းနီးပါးက သည်အရှေ့ပင်လယ်က ခုလိုပုံစံအသွင်မျိုး မပြောင်းလဲခင် ထူးဆန်းအံ့ဖွယ်နေရာတစ်ခု ဖြစ်ကြောင်းကို သေချာ ယုံကြည်ထားကြ၏။

မဟုတ်လျှင် ခုလိုမျိုး တုန်လှုပ်ဖွယ် ဒီရေလှိုင်းကို ဖန်တီးနိုင်ရန် နည်းလမ်း မရှိချေ။ သည်ထူးဆန်းမှုက ထျန်ယွမ်ဂြိုဟ်၏ လူများ၏ ခေါင်းထဲ၌ ရစ်ဝဲနေသည့် အရာတစ်ခုကဲ့သို့ပင် ရှိနေသည် မဟုတ်လား။

All Chapters