ငါ့အလှည့်ပဲ
Vol. 81-85 Ch. 1220
“ငါ ဒီမှာ”
ထိုစကားသံက မကျယ်သော်လည်း မှော်စွမ်းအင်များ ပါနေသကဲ့သို့ လူတိုင်းအား ထိတ်လန့် သွားစေသည်။ တစ်ခဏအတွင်း ထောင်သောင်းချီသော လူများက ပြိုင်တူ တစ်ဖက်လှည့်၍ အသံလာရာသို့ ကြည့်လာကြသည်။ အားလုံးက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို သံသယအပြည့်ဖြင့် စုံချည်ဆန်ချည် ကြည့်နေလေသည်။
သူတို့အားလုံး ဇဝေဇဝါ အမူအရာဖြင့် ရှိနေကြပြီး ယခုအချိန်အထိ မယုံနိုင်ကြသေးပေ။
*အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမယ့် ဒီလူငယ်လေးက အရှင် ယဲ့ဘုရင်လား*
*မဖြစ်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား*
*ဒါပေမဲ့ မဟုတ်ဘူးဆိုရင် ခုနက ပင်လယ်နက် သခင်ရဲ့ တိုက်ကွက်ကို ဘယ်လို တားလိုက်နိုင်မှာလဲ*
ယဲ့ဖန်၏ပုံစံက အလွန် သာမန်ဆန်လွန်းသဖြင့် သူတို့ ထင်ထားသည့် လွှမ်းမိုးနိုင်စွမ်း၊ နတ်ဆိုးဆန်မှုနှင့် ကြောက်စရာ ကောင်းမှုတို့က ယဲ့ဖန်တွင် ရှိမနေပေ။
သူသည် စာအုပ်ထဲတွင်သာ ခေါင်းနှစ်ထားတတ်သည့် တက္ကသိုလ်ကျောင်းသား တစ်ယောက်နှင့် တူနေပြီး နူးညံ့သော လူငယ်လေးပုံ ပေါက်နေ၏။ ဤသည်က သူတို့စိတ်ထဲမှ ယဲ့ဘုရင်နှင့် လုံးဝ မတူသလို ကောလာ ဟလများထဲမှနှင့်လည်း ကွဲပြားနေလေသည်။
“ဪ … နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်ပါလား၊ ဒါပေမဲ့ မင်းက ငါ့ကို တားဆီးနိုင်တယ်ဆိုတော့ မင်းက သူတို့ထက် နည်းနည်း သန်မာတဲ့ပုံပဲ”
ပင်လယ်နက်သခင်သည်လည်း မသိမသာ မှင်တက်သွားပြီး ယဲ့ဖန်ကို တအံ့တဩ ကြည့်ကာ ပြန်ပြောလိုက်သည်။ သို့သော် သူသည် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်မှ တစ်မူထူးခြားသော အရှိန်အဝါမျိုး မခံစားမိသဖြင့် အနည်းငယ်မျှသာ အံ့အားသင့်သွားလေသည်။
ထို့ကြောင့် သူ၏ မျက်လုံး၌ သွေးဆာသော အရိပ်အယောင်သာ ပြနေပြီး ဓားအား ယဲ့ဖန်ထံသို့ အားဖြင့် လွှဲယမ်း လိုက်သည်။
ထိုဓားချက်တွင် အတောမသတ်နိုင်သော ယန်စွမ်းအင်များ ပါဝင်နေပြီး အားအကုန်ထည့်ထားသဖြင့် ဓား တစ်လက်လုံး တုန်နေသည်။
ထိုဓားကြီးထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ဖိအားက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ လူတိုင်း ဤမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့၏ မျက်နှာ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။
“ချွင်”
ရှေ့ဆက်ဖြစ်ပေါ်လာသော မြင်ကွင်းက … သူတို့၏အိပ်မက်ကို တကယ် ဖြစ်လာစေ၏။ သူတို့အားလုံး စိတ်လှုပ်ရှားကာ မျက်ရည်များ ကျလာသည်။ ပျော်လွန်းသဖြင့် ပြုံးပင် ပြုံးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ပင်လယ်နက်သခင်၏ ဓားကို ထပ်မံ၍ တားဆီးလိုက်နိုင်သောကြောင့်ပင်။ ထို့အပြင် သူ၏ တားဆီးမှုက အလွန် လွယ်ကူ၍ သက်တောင့်သက်သာ ရှိလှသည်။
*ဒီလူငယ်လေးက ကြောက်စရာကောင်းလောက်အောင် သန်မာတာပဲ*
“ဘယ်လို”
ထိုအခိုက်တွင် ပင်လယ်နက် သခင် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ သူ့မျက်နှာ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက် လာ၏။ သူ၏ ဓားတွင် ယန်စွမ်းအင် တစ်ရာရာခိုင်နှုန်း ပါဝင်နေပြီး သူ၏ တိုက်ပွဲဝင်ခွန်အားကိုပါ တစ်ရာရာခိုင်နှုန်း ထုတ်သုံးထားသဖြင့် တောင်နှင့် ပင်လယ်တို့ကိုပင် ဖြတ်တောက်ရန် မခက်ခဲပေ။
လက်ရှိတွင် ဖန့်ယွင်သည် ဇဝေဇဝါဖြင့် မျက်လုံးပြန်ဖွင့်ကြည့်လိုက်မိသည်။ သူ့ထက်ပင် နှစ်အနည်းငယ်လောက် ပိုငယ်နေသည့် လူငယ်လေးကို ကြည့်ပြီး တအံ့တဩ မေးလိုက်သည်။
“မင်း ဘယ်သူလဲ … မင်းက ဘယ်သူလဲ”
ပင်လယ်နက်သခင်၏ ဆက်တိုက် တိုက်ခိုက်မှု နှစ်ခုကို တားဆီးနိုင်သဖြင့် ထိုသို့သောလူမျိုးက သေချာပေါက် သာမန်ထက် ထူးခြားသည့်ပုံပင်။
ထိုအခါ ဖန့်ယွင်၏ နှလုံးသားက တဒိန်းဒိန်း ခုန်ပေါက်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။ အဘယ်ကြောင့်ဆိုသော် သူ ဖြစ်နိုင်ချေကို တွေးမိသော်လည်း မယုံနိုင်ခဲ့ပေ။ ယခု ထိုဖြစ်နိုင်ချေက အမှန်တရား ဖြစ်နေလေသည်။
“ယဲ့ဘုရင်”
ထိုစကားနှစ်လုံး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် အားပေးသံများက မိုးကြိုးပစ်ချသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကယ်ဆယ်ရေး စခန်းအနှံ့ ပဲ့တင် ထပ်ကာ မိုးပွင့်မတတ် ဖြစ်သွားလေသည်။
လူတိုင်းနီးပါး ဝမ်းသာအားရ အော်ဟစ်နေကြသည်။ သူတို့ မျှော်လင့်ထားမိသော်လည်း တကယ်တမ်း ဖြစ်လာ သောအခါ ထိတ်လန့်မိကြသည်။
အရှင်ယဲ့ဖန် သေချာပေါက် ရောက်လာမည်ဟု ပြောခဲ့ပြီး ယခုအခါ၌ သူ တကယ် ရောက်လာလေပြီ။
“အရှင်ယဲ့ဘုရင်၊ ခင်ဗျား … တကယ် ရောက်လာပြီပဲ”
လူတစ်ယောက်က တုန်ယင်နေသောအသံဖြင့် ပြောလာသည်။
“အရှင်ယဲ့ဘုရင် ကျုပ်တို့ကို ကယ်ပါဦး၊ ကျုပ်တို့ မသေချင်ဘူး”
အခြားလူတစ်ယောက်က တောင်းပန်လေသည်။
“အရှင်ယဲ့ဘုရင် ကျေးဇူးပြုပြီး ကျုပ်မိန်းမနဲ့ ကလေးတွေအတွက် လက်စားချေပေးပါ၊ ကျုပ်မိန်းမနဲ့ ကလေးတွေကို သတ်ခဲ့လူကို သတ်ပေးပါဗျာ”
လူတစ်ချို့ကမူ နာကျည်းစွာ တောင်းဆိုကြသည်။
“အဖေ အရှင်ယဲ့ဘုရင် တကယ် ရောက်လာပြီနော်”
“ဒါပေါ့ အရှင်ယဲ့ဘုရင်က ဖျင်အန်းမြို့ရဲ့ စောင့်ရှောက်သူပါလို့ အဖေ ပြောခဲ့သားပဲ၊ သူ ရှိနေသရွေ့ ဖျင်အန်းမြို့က အမြဲ ဘေးကင်းနေမှာလေ”
“ယဲ့ဘုရင်လား”
ဖန့်ယွင်၏ လက်များ တုန်ခါလာသည်။ ယဲ့ဘုရင် တကယ် ရောက်လာပြီး သူ့မျက်စိရှေ့သို့ ရောက်နေလေ၏။ ယဲ့ဘုရင်က သူ့ကိုတောင်မှ ကယ်လိုက်သေးသည်။
*ငါ့ဆုတောင်းတွေက သူ့ဆီ တကယ် ရောက်သွားတာလား*
ချက်ချင်းဆိုသလိုပင် ဖန့်ယွင် ငိုကြွေးမိသည်။ သူ အမြဲလေးစားခဲ့ရသော ပုဂ္ဂိုလ်က တကယ် ပေါ်လာခဲ့လေပြီ။ သူ့မျက်စိရှေ့သို့ ပေါ်လာခြင်းပင်။
ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဓားကိုတား၍ ပြုံးကာ ပြောလိုက်သည်။
“မင်း … မင်း သိပ်တော်တယ်”
ဖန့်ယွင် အံ့ဩသွားသည်။ ထိုစကားက သူ့အတွက် ဆုရလိုက်သလိုပင်။ ထို့ကြောင့် သူ စိတ်လှုပ်ရှားကာ ပိုငိုမိသည်။
“အခု မင်း အရင်နောက်ဆုတ်လိုက်၊ ဒါကို ငါနဲ့လွှဲထားလိုက်တော့”
ယဲ့ဖန်က အပြုံးနှင့် ပြောလေသည်။
“ဟုတ်ကဲ့”
ဖန့်ယွင် ခေါင်းညိတ်ကာ နောက်သို့ ခပ်သွက်သွက် ဆုတ်လိုက်သည်။ အားလုံးက သူ့ကို ခေါင်းညိတ်ပြပြီး လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဖန့်ယွင်သာ သူတို့အတွက် အချိန်မဆွဲထားပေးပါက ယဲ့ဘုရင် အချိန်မီ ရောက်လာနိုင်မည် မဟုတ်ပါ။
“ယဲ့ဖန် မင်း တကယ် လာရဲတာလား”
ပင်လယ်နက် သခင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးက ဒေါသမီးကြောင့် တောက်ပကာ မုန်းတီးစိတ်နှင့် မကျေမချမ်း ဖြစ်စိတ်များ ထင်ဟပ်နေ၏။
ယဲ့ဖန်က သူ့ဘက်လှည့်ကြည့်ပြီး အသာပြုံးလိုက်သည်။
“ငါ ရောက်လာပြီဆိုတော့ မင်း သေလို့ရပြီ”
ထိုစကားက အလွန်အမင်း အထက်စီးဆန်လှပြီး ချွန်းယန်အဆင့် ရောက်နေသည့် ပင်လယ်နက်သခင်ကို ပေါ်ပေါ်ထင်ထင် မထီမဲ့မြင် ပြုခြင်းပင်။
“ကောင်းပြီလေ၊ ယဲ့ဘုရင်ဆိုတဲ့ကောင် မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့”
ထိုစကားအဆုံး၌ ဆူနာမီလှိုင်းလုံးကဲ့သို့သော ရေလှိုင်းများ ထွက်ပေါ်လာသည်။ ရေလှိုင်းတိုင်း၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေပြီး ယဲ့ဖန်ထံသို့ အရှိန်အဟန်ဖြင့် တိုးဝင်လာသည်။
ပင်လယ်နက်သခင်သည် ရေကျင့်စဉ်၌ ထူးချွန်ပြီး ပင်လယ်နေလူသားတစ်ယောက် ဖြစ်သောကြောင့် ဤစွမ်းအင်က သူ့အတွက် အလွန် အကျိုးရှိလှသည်။
သို့သော် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြုံး၍သာ ပြုံးနေသည်။ သူ့ပုံစံက အထင်သေး၍ သနားနေပုံပင်။ သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်အား သနားနေပုံနှင့် ထင်မှတ်မှားရသည်။
လှိုင်းလုံးများ နီးကပ်လာချိန်တွင် ယဲ့ဖန်က လက်ဆန့်၍ ခန်းဆီးကို ဘေးသို့ဆွဲဖွင့်လိုက်သကဲ့သို့ လက်ဟန် လုပ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် တာအိုစွမ်းအင် တုန်ခါလာပြီး လေဟာနယ်အက်ကွဲကာ ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်လာ၏။ ယဲ့ဖန်ကမူ ဟင်းလင်းပြင်ထဲ၌ နတ်ဘုရားတစ်ပါးသဖွယ် ခံစားချက်ကင်းမဲ့စွာ မတ်မတ်ရပ်နေ၏။
“ဝှစ်”
ထိုလှိုင်းလုံးများသည် ဟင်းလင်းပြင်နှင့် ထိမိသောအခါ အစအနမရှိအောင် ချက်ချင်း ပျောက်ကွယ်သွားသည်။
*ဒါက …*
ဤအဖြစ်ကြောင့် ပင်လယ်နက်သခင် ထိတ်လန့်ကာ ကြက်သေ သေသွားရသည်။
*ဒါ ဘာနည်းလမ်းလဲ၊ ဟင်းလင်းပြင်ကို စိတ်ရှိသလို ဖွင့်နိုင်တာလား*
*ဒါမျိုး တစ်ခါမှ မကြားဖူးသလို မြင်လည်း မမြင်ဖူးဘူး*
ယဲ့ဖန်သည် နေရာ၌ အေးအေးလူလူ ရပ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ရှေးဟောင်း စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် ပင်လယ်နက်သခင် တုန်လှုပ်ကာ ကြောက်လန့်လာရသည်။
“မင်း … မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
ပင်လယ်နက်သခင် ချောက်ချားနေပြီး ယဲ့ဖန်အား မယုံသင်္ကာ ကြည့်လိုက်မိသည်။
“ငါ ဘယ်လိုလုပ်လိုက်လဲ မင်း သိစရာ မလိုဘူး၊ မင်း ဘယ်လိုသေရမလဲဆိုတာပဲ သိဖို့လိုတာ”
ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်နေပြီး ပင်လယ်နက်သခင်ထံ ရုတ်တရက် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“မင်း …”
တစ်ဟုန်ထိုး တိုးပွားလာသည့် လူသတ်ချင်သော အငွေ့အသက်ကို ပင်လယ်နက်သခင် ချက်ချင်း သတိပြု မိသွားသည်။ စွမ်းအားက ကြီးမားလွန်းသဖြင့် လောကကိုပင် ပေါက်ကွဲစေနိုင်လောက်သည်။
ပင်လယ်နက်သခင်က ကြောက်လန့်တကြားဖြင့် ဓားကိုဝှေ့ယမ်းကာ ဟစ်ကြွေးလိုက်သည်။
“ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”
“ဂျွတ်”
သို့သော် ဖြစ်ပေါ်လာသော မြင်ကွင်းတစ်ခုက သူ့အား ကြောက်လန့်သွားစေသည်။ သူ၏ မာကြောသော သံမဏိ ဓားကြီးက တဖြည်းဖြည်း အက်ကွဲလာ၏။
ဤဓားသည် ပင်လယ်ဘုရင်အဆင့် သားရဲ၏ ချွန်ထက်သော သွားများဖြင့် လက်နက် ထုလုပ်ထားခြင်း ဖြစ်သော်လည်း ယခု ယဲ့ဖန်၏ လက်သီးချက်ကြောင့် ပျက်စီးသွားရသည်။
“မဟုတ်ဘူး၊ မင်းက ချွန်းယန်အဆင့် မဟုတ်ဘူး”
ပင်လယ်နက်သခင် အော်ဟစ်လိုက်မိပြီး သူ့မျက်နှာ၌ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ ချွန်းယန်အဆင့်သို့ ရောက်နေလျင်တောင်မှ သူ့လက်နက်ကို ဤမျှ အလွယ်တကူ ဖျက်ဆီးရန် မဖြစ်နိုင်ပါ။ လက်ရှိတွင် သူ နှလုံးခုန် မြန်နေပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။
“ငါက ချွန်းယန်အဆင့်ပါလို့ မင်းကို ဘယ်သူ ပြောလဲ”
ယဲ့ဖန်က လှောင်ရယ်သံနှင့်အတူ ပြန်မေးလိုက်သည်။ သူ့စကားကို ကြားသောအခါ ပင်လယ်နက်သခင် ထိတ်လန့်သွားသည်။ သူ ပြန်စဉ်းစားကြည့်မိသောအခါ မည်သူမှ ယဲ့ဖန်၏ သိုင်းအဆင့်ကို မပြောခဲ့ကြပေ။ သူတို့အားလုံး သိကြသည်မှာ သာမန် သိုင်းပညာရှင်များထက် ပို၍ သန်မာသည့်သူများ သူ့လက်ထဲ၌ တစ်ယောက်ပြီး တစ်ယောက် သေခဲ့ရသည့်သတင်းပင်။
“မဖြစ်နိုင်ဘူး၊ ဒီလောကမှာ မင်းလိုလူစားမျိုး မရှိဘူး၊ လုံးတ မဖြစ်နိုင်ဘူး”
ပင်လယ်နက်သခင် ရုတ်တရက် ဟစ်အော်လာပြီး သူ့ထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် ယဲ့ဖန်ထံသို့ လှစ်ခနဲ ပြေးဝင်ကာ အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားလေသည်။
“သေ … သေ … သေလိုက်တော့”
ပင်လယ်နက်သခင် လက်သီးဖြင့် ထိုးနှက်ရင်း ဒေါသတကြီး ကျိန်ဆဲနေ၏။ သူ ဒေါသထွက်လွန်းသဖြင့် ယဲ့ဖန်ကို အမှုန့်ဖြစ်သွားသည်အထိ ထိုးကြိတ်ချင်နေသည်။
ချက်ချင်းဆိုသလိုပင် ဤဖိအား အရှိန်အဝါကြောင့် ကယ်ဆယ်ရေး စခန်း၏ အမိုးတစ်ခုလုံး ပျက်စီးပြိုလဲ သွားလေသည်။ ကယ်ဆယ်ရေး စခန်းတစ်ခုလုံး အချိန်မရွေး ပြိုကျတော့မည့်ပုံပင်။
ဖန့်ယွင်က လူတိုင်းအတွက် အသည်းအသန် စီစဉ်ကာ လွတ်ရာသို့ ထွက်ပြေးစေပြီး အဝေးတစ်နေရာမှ ပြန်ကြည့် နေမိသည်။
ထိုအခိုက်တွင် ယဲ့ဖန်အား ထောင်ချီသော လှိုင်းလုံးများက ဝန်းရံထားပြီး ထွက်ပေါ်မရှိတော့ချေ။
“ဟားဟားဟား … လေကြီးလေကျယ် ပြောဦးမှာလား၊ အဆုံးသတ်ကျရင် ငါ့ကြောင့် သေရမှာပဲကို၊ ထွီ … သန်မာသလို လာလုပ်နေတယ်”
ဤသည်ကိုကြည့်ပြီး ပင်လယ်နက်သခင်က ရွံသလို တံတွေးထွေးပြလိုက်ပြီး သူ့မျက်နှာ၌ ဂုဏ်ယူဟန်များဖြင့် ပြည့်နှက်နေသည်။
လူတိုင်း မြင်နေရသည့် လှိုင်းလုံးများကို စိုးရိမ်တကြီး ကြည့်နေကြသည်။ ထိုနေရာမှ အဆောက်အဦးများပင် ပျက်စီးသွားသည်။
*အရှင် ယဲ့ဘုရင် ဘယ်လိုလုပ်မလဲ*
သို့သော် ထိုအခိုက်တွင် လှိုင်းလုံးများထဲမှ နတ်ဆိုးဆန်သော လက်တစ်စုံ ထွက်ပေါ်လာပြီး လှိုင်းလုံးများအား ဘေးတစ်ဖက်စီသို့ ဆွဲဖြဲလိုက်သဖြင့် ယဲ့ဖန်၏ ပုံရိပ် ပြန်ပေါ်လာသည်။
“မင်း … မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”
ပင်လယ်နက်သခင် အလန့်တကြား ဟစ်အော်လိုက်မိသည်။ သူ့ခွန်အားသည် ချွန်းယန်အဆင့်၌ ထိပ်တန်းစာရင်း ဝင်သည်။ သို့သော် ယဲ့ဖန်က မတွေးတတ်လောက်အောင် သန်မာနေ၏။
*သူ့လက်ချည်းသက်သက်နဲ့ ဆူနာမီလှိုင်းလုံးကို ဆွဲစုတ်တာလား*
*ဒါ လုံးဝကို မိစ္ဆာနည်းလမ်းပဲ*
*ဘယ်သူမှ ဒီလိုမျိုး မလုပ်ခဲ့ဖူးဘူး*
*သူ့ပုံစံက အရမ်း စိတ်အေးလက်အေးနဲ့ ပုံမှန်လိုပဲ၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ*
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်က သူ့ထံ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ့အသံက အလွန်အမင်း အေးစက်၍ နေသည်။
“ဒါဆို ငါ့အလှည့်ပဲ”
ထို့နောက် ပင်လယ်နက်သခင်ထံ ချဉ်းကပ်၍ လက်သီးဖြင့် ထိုးနှက် တိုက်ခိုက်လေသည်။ ပင်လယ်နက်သခင် ထွက်ပြေးချင်သော်လည်း လေးလံသော တောင်ကြီးတစ်လုံးက သူ့ပေါ် ပိကျလာကဲ့သို့သော ဖိအားမျိုး ခံစားမိကာ လုံးဝ မရွေ့နိုင်တော့ချေ။
“ဝုန်း”
ပင်လယ်နက်သခင်၏ ရင်ဘတ် ပေါက်ထွက်သွားပြီး သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
“အစ်”
အသက်ပင်မရှူနိုင်တော့သည့် အသံတစ်သံလည်း ထွက်ပေါ်လာ၏။