အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း ၂၁၄
ဤအချက်ကြောင့် ဟေးရှောင်ဇီမှာ ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားခဲ့ရသည်။
ဒီကုယွမ်ဆိုတဲ့ကောင်က ကမ္ဘာဦး သားရဲတွေနဲ့ ဝိညာဉ်သားရဲ မျိုးဆက်တွေကို ဘယ်နေရာကနေ ဒီလောက်အများကြီး ရှာဖွေလာခဲ့တာလဲ။
သူ အံ့အားသင့်နေမိသော်လည်း ရင်ထဲ၌ လောဘရမ္မက်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာခဲ့ပြန်သည်။
အကယ်၍ သူ့ရှေ့မှောက်ရှိ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် အားလုံးကိုသာ ဖမ်းဆီးနိုင်ခဲ့မည်ဆိုပါက စိမ်းပြာရောင် ဓားလိပ်ပြာမှာ သခင်လေး၏ ပစ်မှတ်ဖြစ်၍ သူ လက်ဖျားနှင့်မျှ ထိရဲမည်မဟုတ်သော်လည်း ငွေကျောကင်းခြေများ၊ ထူးဆန်းသော ရွှေရောင်မြွေကြီးနှင့် အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်ကြီးတို့ကိုမူ သူကိုယ်တိုင် သတ်ဖြတ်ကာ သိမ်းပိုက်နိုင်ပြီး ဝါးမြိုဖော်စပ်ပစ်နိုင်သည်။
၎င်းတို့ကိုသာ ဖော်စပ်နိုင်ခဲ့မည်ဆိုပါက သူသည် မဟာအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး သူ၏ မျိုးနွယ်စု သံခြေကျင်းများကို ရိုက်ချိုးလျက် သွေးမျိုးဆက်ကို နတ်ဘုရားသားရဲများ၏ မျိုးဆက်အဆင့်အထိ မြှင့်တင်နိုင်မည်မှာ သေချာသည်။
ဤသို့ တွေးတောမိလိုက်သည်နှင့် ဟေးရှောင်ဇီ၏ နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပူလောင်ပြင်းပြလာခဲ့တော့သည်။
သူသည် မူလက တောင်တန်းများကြားရှိ အနက်ရောင် သရဲဇီးကွက်တစ်ကောင်မျှသာ ဖြစ်ခဲ့ပြီး မတော်တဆ ကံကောင်းထောက်မမှု အချို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ယနေ့တိုင် ကျင့်ကြံလာခဲ့ကာ နောက်ဆုံးတွင် မိစ္ဆာဆေးတောင့်ကို သိပ်သည်းစေနိုင်ခဲ့ပြီး အာကသရိုးကို ဖယ်ရှားလျက် လူသားအသွင်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းပင်။
သူ သိပ်သည်းစေခဲ့သော မိစ္ဆာဆေးတောင့်မှာ ကျင့်ကြံခြင်း နယ်ပယ်အဆင့်အတန်းအရ ပဉ္စမအဆင့် ရွှေအမြုတေနှင့် ညီမျှသဖြင့် အတော်အတန် ခန့်ညားသည်။ ထာဝရတည်တံ့သော တာအိုလမ်းစဉ်အတွက် အာမခံချက်မရှိသော်လည်း အကယ်၍ ပါရမီ၊ ကံတရားနှင့် အခွင့်အရေးများသာ လုံလောက်ခဲ့မည်ဆိုပါက ယင်ဝိညာဉ် တာအိုအသီးအပွင့်ကို ရရှိရန် အခွင့်အလမ်း အနည်းငယ်မျှ ရှိနေဆဲပင်။
သို့သော်လည်း ဟေးရှောင်ဇီကိုယ်တိုင် ကောင်းစွာ သိရှိထားသည်မှာ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ တကယ်တမ်းတွင် လွန်စွာ သေးငယ်မှေးမှိန်လွန်းသည်။
သို့သော် ယခုမူ မဟာအခွင့်အရေးကြီးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ကုယွမ်၏ ဤဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကိုသာ သူ ဝါးမြိုနိုင်ခဲ့မည်ဆိုပါက သေချာပေါက် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာနိုင်မည် ဖြစ်ပြီး သူ၏ မိစ္ဆာဆေးတောင့် အဆင့်အတန်းကိုပါ မြှင့်တင်နိုင်ကာ နောင်အနာဂတ်တွင် တာအိုလမ်းစဉ်ကို အောင်မြင်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာပေလိမ့်မည်။
ဟေးရှောင်ဇီသည် စိုးစဉ်းမျှ တွန့်ဆုတ်မနေတော့ဘဲ စိမ်းပြာရောင် ဓားလိပ်ပြာ၊ ငွေကျောကင်းခြေများ၊ ဝါးမြိုခြင်းမြွေနဂါးနှင့် အနက်ရောင် သံချပ်ကာ ဝိညာဉ်အော်လိပ်ကြီးတို့ကို တစ်ပြိုင်နက်တည်း တစ်ကိုယ်တော် ရင်ဆိုင်လျက် တိုက်စစ်ဆင်လိုက်တော့သည်။
ထိုအထဲတွင် ကုယွမ်လည်း အပါအဝင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်းများနှင့် အမွေးအတောင် ဓားများ စုပြုံပျံသန်းသွားကြပြီး အမျိုးစုံလှသော နတ်ဘုရားကျင့်စဉ်များနှင့် မှော်ပညာရပ်များ ထိပ်တိုက်ရိုက်ခတ်မိကြရာ မိုးကြိုးပစ်သံပမာ ကျယ်လောင်လှသော မြည်ဟီးသံများနှင့်အတူ စူးရှတောက်ပ ခန့်ညားလှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့တော့သည်။
အကယ်၍ ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့ကာ ဤနယ်မြေတစ်ခုလုံးကို အလုံပိတ်ထားသည့် နဂါးချုပ်ဗျူဟာသာ မရှိခဲ့ပါက ဘေးပတ်ပတ်လည်ရှိ တောင်တန်းများမှာ သေချာပေါက် ပြာကျသွားခဲ့ရမည်ဖြစ်ပြီး ဤတိုက်ပွဲ၏ လှုပ်ခတ်မှုများမှာလည်း ဝေးလံလှသော အရပ်ဆီသို့ ကြာမြင့်စွာကတည်းက ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
တိုက်ပွဲက ကြာလာသည်နှင့်အမျှ ဟေးရှောင်ဇီ၏ မျက်နှာအမူအရာမှာလည်း တရွေ့ရွေ့ ပြောင်းလဲလာခဲ့ရသည်။
သူသည် ကုယွမ်ကို အထင်သေးမိခဲ့သလို သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကိုလည်း လျှော့တွက်မိခဲ့ကြောင်း ရိပ်မိသွားခဲ့သည်။
သူသည် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း မိစ္ဆာဆေးတောင့်ကို သိပ်သည်းစေခဲ့စဉ်က အဆင့်မြင့် နတ်ဘုရားကျင့်စဉ်တစ်ခု၊ အလယ်အလတ်တန်းစား အနည်းငယ်နှင့် အဆင့်နိမ့် နတ်ဘုရားကျင့်စဉ် အချို့ကိုသာ အသုံးပြု၍ သွန်းလုပ်ခဲ့ရခြင်းပင်။
ဤကဲ့သို့သော အခြေခံအုတ်မြစ်မှာ သာမန်ကောင်းကင်ဘုံလူသားများကို ကိုင်တွယ်ရန်အတွက် လုံလောက်သည်။
ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူ အနည်းငယ်၊ သို့မဟုတ် ဆယ်ဂဏန်းခန့် ရှိနေလျှင်ပင် သူ စိုးရိမ်လိမ့်မည် မဟုတ်ပေ
သို့သော်လည်း ယခုကုယွမ်နှင့် သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကို ရင်ဆိုင်ရချိန်တွင်မူ ဟေးရှောင်ဇီမှာ သိသိသာသာပင် အခြေအနေမဟန်ဘဲ အရေးနိမ့်လာခဲ့ရသည်။
ကုယွမ်၏ ဓားသိုင်းပညာ ဖြစ်စေ၊ စိမ်းပြာရောင် ဓားလိပ်ပြာ ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအင် ဖြစ်စေ၊ ပျံသန်းနိုင်သောဓားအလား လျင်မြန်ထက်မြက်လှသော ငွေကျောကင်းခြေများ၏ အဟုန် ဖြစ်စေ၊ ဝါးမြိုခြင်းမြွေနဂါး၏ ဝါးမြိုခြင်းစွမ်းအား ဖြစ်စေ၊ သို့မဟုတ် အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်ကြီး၏ ရေဓာတ်ထိန်းချုပ်ခြင်း နတ်ဘုရားကျင့်စဉ် ဖြစ်စေ... အားလုံးမှာ အဆင့်မြင့်ဆုံး သို့မဟုတ် အဆင့်မြင့် နတ်ဘုရားကျင့်စဉ်များနှင့် တန်းတူပင် ဖြစ်နေကြသည်။
ထို့တင်မကသေးဘဲ နဂါးချုပ်ဗျူဟာ၏ ဖိနှိပ်မှုအောက်တွင်မူ ဟေးရှောင်ဇီ၏ ကျင့်ကြံခြင်းစွမ်းအားမှာ ထက်ဝက်ကျော်ခန့် လျော့ကျသွားခဲ့ရသဖြင့် တိုက်ကွက်အနည်းငယ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ အနက်၊ အတိမ် ဒဏ်ရာအသစ်များစွာ ထပ်မံတိုးပွားလာခဲ့ရသည်။
နက်မှောင်သော သွေးများကလည်း စီးကျလာခဲ့သည်။
ဟေးရှောင်ဇီ၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်ခက်ထန်နေသည်။
ဤဒဏ်ရာများသည် သူ့အတွက် အလွန်အမင်း ပြင်းထန်ခြင်းမရှိသေးသော်လည်း ၎င်း၏နောက်ကွယ်ရှိ အဓိပ္ပာယ်သက်ရောက်မှုကမူ သူ့ကို ဆောက်တည်ရာမရ ဖြစ်စေသည်။
သူသည် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်ပါလျက်နှင့် ကောင်းကင်ဘုံလူသားနယ်ပယ်မျှသာရှိသော ကုယွမ်၏ လက်ချက်ဖြင့် အမှန်တကယ် ဒဏ်ရာရရှိခဲ့ခြင်းပင်။
“အားးးးး”
ငွေရောင်နဂါးကြီးနှင့် လုံးထွေးသတ်ပုတ်နေစဉ်အတွင်းမှာပင် အနက်ရောင် သရဲဇီးကွက်ကြီးသည် စူးရှလှသော အော်ဟစ်ညည်းတွားသံကြီးကို ထုတ်လွှတ်လိုက်ရသည်။
၎င်းမှာ ငွေကျောကင်းခြေများ၏ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ဦးခေါင်းတစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရခြင်းကြောင့်ပင်။
ငွေကျောကင်းခြေများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်အမင်း မာကျောလှသဖြင့် အသက်ရှိနေသော ပျံသန်းနိုင်သည့် ဓားတစ်လက်အလား လေဟာနယ်အတွင်း၌ ရှေ့တိုးနောက်ဆုတ် လျင်မြန်စွာ လှုပ်ရှားနိုင်သည်။
အနက်ရောင် သရဲဇီးကွက်ကြီး ငွေရောင်နဂါးနှင့် အကြိတ်အနယ် လုံးထွေးသတ်ပုတ်နေသည့် ထိုစက္ကန့်ပိုင်းအတွင်း၌ပင် ၎င်းသည် အားနည်းချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇီးကွက်ကြီး၏ ဦးခေါင်းကို တည့်တည့်မတ်မတ် ချင်းနင်းဖောက်ထွက်ပစ်လိုက်ခြင်းပင်။
ဤအနက်ရောင် သရဲဇီးကွက်ကြီးမှာ ဟေးရှောင်ဇီ၏ နတ်ဘုရားကျင့်စဉ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ၎င်း၏ စစ်မှန်သော ရုပ်သွင်မဟုတ်သဖြင့် အဓိကကျသော ဆေးတောင့်အနှစ်သာရကို ထိခိုက်စေရန် ခဲယဉ်းလှကာ ပြန်လည်နာလန်ထူရန်အတွက် အချိန်တစ်ခဏမျှသာ လိုအပ်သည်။
သို့သော်လည်း ကုယွမ်သည် ဟေးရှောင်ဇီအား ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ပေးမည်မဟုတ်ပေ။
ငွေရောင်နဂါးဓားမှ ပြောင်းလဲလာသော ငွေရောင်နဂါးကြီးသည် ကောင်းကင်တုန်ဟည်းမတတ် နဂါးဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး အခွင့်ကောင်းကို အသုံးချကာ အနက်ရောင် သရဲဇီးကွက်ကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်လျက် အားကုန်သုံး၍ တစ်ချက် ညှစ်ခြေလိုက်ရာ သရဲဇီးကွက်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရတော့သည်။
နတ်ဘုရားကျင့်စဉ် တိုက်ဖျက်ခံလိုက်ရသဖြင့် ဟေးရှောင်ဇီသည် ထိုနေရာ၌ပင် သွေးတစ်လုပ် အပြင်းအထန် အန်ကျလာခဲ့သည်။
သို့သော် သူ သတိပြန်မဝင်နိုင်သေးခင်မှာပင် စိမ်းပြာရောင် ဓားလိပ်ပြာ၏ အတောင်ပံများ တဖြတ်ဖြတ် လှုပ်ရှားသွားခဲ့ပြီး မရေမတွက်နိုင်သော ဓားချီစွမ်းအင်များကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
တိုက်ကွက်အများစုမှာ သူ၏ ခန္ဓာကိုယ်ကာကွယ်ရေး နတ်ဘုရားကျင့်စဉ်များကြောင့် ခုခံနိုင်ခဲ့သော်လည်း၊ အရှိန်အဟုန်ပြင်းလှသော ဓားချီစွမ်းအင်အချို့မှာမူ ထိုအကာအကွယ်များကို ဖောက်ထွက်သွားခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းသော ဒဏ်ရာအသစ်များစွာ ထပ်မံထင်ကျန်ရစ်ကာ ဒဏ်ရာများကို ပိုမိုပြင်းထန်လာစေခဲ့သည်။
မဖြစ်ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ငါတော့ ကုန်းပေါ်မှာ ရေမွန်းပြီး သေရတော့မယ်
ဟေးရှောင်ဇီသည် ရင်ထဲ၌ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်လျက် အော်ဟစ်ကာ ညည်းတွားမိတော့သည်။
ယခုအခါ အခြေအနေမှာ ကုယွမ်ကို သူ သတ်ဖြတ်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် အချက်မဟုတ်တော့ဘဲ ကုယွမ်က သူ့အား အသက်ချမ်းသာပေးမည်လော ဆိုသည့် အချက်ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
အရေးနိမ့်ရုံတင်ဆိုပါက ကိစ္စမရှိသော်လည်း အသက်ပျောက်သွားခဲ့မည်ဆိုလျှင် အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
ဟေးရှောင်ဇီသည် လက်ကို ဆန့်ထုတ်လိုက်ရာ ကြေမွပျက်စီးသွားသော အနက်ရောင် သရဲဇီးကွက်ကြီးထံမှ ထွက်ပေါ်လာသည့် အနက်ရောင် ချီစွမ်းအင်များသည် ဆေးတောင့်တစ်လုံးအသွင်သို့ ပြန်လည်စုစည်းသွားခဲ့သည်။ သို့သော် ၎င်း၏ အရောင်အဝါမှာမူ မူလကထက် သိသိသာသာပင် မှေးမှိန်လျော့နည်းနေသည်။
“ငါ့အတွက် ပေါက်ကွဲစမ်း”
ထို့နောက် ဟေးရှောင်ဇီသည် ခက်ထန်ဆိုးရွားသော မျက်နှာအမူအရာဖြင့် ထိုဆေးတောင့်ကို ကောင်းကင်ယံထက်သို့ ပစ်မြှောက်လိုက်ပြီး နဂါးချုပ်ဗျူဟာ၏ အားနည်းချက်ရှိရာ နေရာတစ်ခုသို့ ဦးတည်၍ ဖောက်ခွဲပစ်လိုက်တော့သည်။
“ဒိန်း”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ လှိုင်းတံပိုးပမာ လေပြင်းများ လိပ်တက်လာခဲ့သည်။
စူးရှတောက်ပလှသော ဝိညာဉ်အလင်းတန်းများနှင့် မိစ္ဆာချီစွမ်းအင် ကြိုးမျှင်များသည် ဘေးပတ်ပတ်လည်သို့ အဟုန်ပြင်းစွာ ပျံ့နှံ့သွားခဲ့ပြီး ၎င်းတို့ ဖြတ်သန်းရာ လမ်းကြောင်းရှိ ကျောက်တုံးများ၊ မြက်ပင်များနှင့် သစ်ပင်များကို ချက်ချင်းပင် ဖုန်မှုန့်အတိ ဖြစ်သွားစေခဲ့သည်။
အစီအရင်၏ အားလျော့စေသော ဖိအားများ ရှိနေသော်လည်း ဘေးပတ်ပတ်လည်ရှိ တောင်တန်းများမှာ တရစပ် တုန်ခါနေခဲ့ရပြီး၊ ဧရာမ ကျောက်တုံးကြီးအမြောက်အမြားမှာ တောင်စောင်းများအတိုင်း လိမ့်ဆင်းလာကာ မရေမတွက်နိုင်သော သစ်တောများကို ဖိကြိတ်ကာ ဖျက်ဆီးပစ်လိုက်ကြသည်။
ဤတိုက်ကွက်ကြောင့် နဂါးချုပ်ဗျူဟာမှာ နောက်ဆုံးတွင် ဝုန်းခနဲ ပွင့်ထွက်သွားခဲ့ရပြီး ၎င်း၏ တားမြစ်ချက်စွမ်းအား အများစုမှာလည်း ပြိုလဲပျက်စီးသွားခဲ့ရသည်။
သံမဏိတိုင်ကြီး ကိုးတိုင်မှာလည်း ဟိုတစ်စ ဒီတစ်စ စောင်းရွေ့သွားခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်အလင်းတန်းများမှာလည်း မှေးမှိန်သွားခဲ့ရသည်။
ဟေးရှောင်ဇီသည် မဟာအစီအရင်အတွင်းမှ ရုန်းထွက်လာခဲ့ပြီးနောက် ကုယွမ်ကို ရက်စက်ခြင်းနှင့် နာကျည်းခြင်းတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
သူသည် ဆက်လက်၍ တိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်းဟ စိမ်းပြာရောင် ဓားလိပ်ပြာ၊ ငွေကျောကင်းခြေများနှင့် အခြားသော ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကို မြင်လိုက်ရသောအခါတွင်မူ ထိုဆွဲဆောင်မှုရှိသော အတွေးကို နောက်ဆုံး၌ လက်လျှော့လိုက်ရတော့သည်။
သူသည် ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင်၊ အဓိကအကျဆုံးမှာ သူ၏ အခြေခံအုတ်မြစ် ဖြစ်သော အဆင့်မြင့် နတ်ဘုရားကျင့်စဉ်တစ်ခုမှာ ဖျက်ဆီးခြင်း ခံလိုက်ရသဖြင့် သူ၏ စွမ်းအား ထက်ဝက်နီးပါးခန့် ဆုံးရှုံးသွားခဲ့ရခြင်းပင်။
ခုနက တိုက်ကွက်မှာ မဟာစွမ်းအားများ ပြည့်နှက်နေသည်မှာ မှန်သော်လည်း ၎င်းမှာ သူ၏ တစ်ခုတည်းသော အဆင့်မြင့် နတ်ဘုရားကျင့်စဉ်ကို အရင်းအနှီးပြု၍ အနစ်နာခံကာ ထုတ်လွှတ်ခဲ့ရခြင်းပင်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကုယွမ်နှင့် ဆက်လက်တိုက်ခိုက်နေခြင်းမှာ တကယ့်ကို အမြော်အမြင်မရှိသော လုပ်ရပ်ဖြစ်သဖြင့် လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူက ထွက်ပြေးရန် ကြံရွယ်နေသော်လည်း ကုယွမ်၌မူ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိပေ
ကုယွမ်သည် ယခုအကြိမ်တွင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ပြီး ဖြစ်သည်။
သူတို့အထဲတွင် မှန်ထဲကပန်း ရေထဲကလနတ်ဘုရားကျင့်စဉ် အပါအဝင် သူ၏ ဝိညာဉ်
အိမ်မွေးတိရစ္ဆာန် လေးကောင်ဖြစ်ကြသည့် ရှောင်ချင်း၊ ပါးစပ်ကြီး၊ အားဝူနှင့် အောင်းကြီးတို့ ပါဝင်နေကြသည်။
ရှောင်ချင်းတစ်ကောင်တည်းနှင့်ပင် လျှူကွမ်းကဲ့သို့သော ပြဿနာကြီးကို ဆွဲဆောင်နိုင်ခဲ့ရာ အကယ်၍ ဤအရာအားလုံးသာ လူသိရှင်ကြား ပေါ်ထွက်သွားခဲ့မည်ဆိုပါက ပိုမိုကြီးမားလှသော ဘေးဒုက္ခများကို ဆွဲဆောင်မိလာပေလိမ့်မည်။
အနည်းဆုံးတော့ ကုနတ်ဘုရားဂိုဏ်းမှ တပည့်များ၊ စီမံခန့်ခွဲသူများနှင့် အကြီးအကဲများစွာတို့က သူ့ကို သေချာပေါက် ပစ်မှတ်ထားလာကြပေလိမ့်မည်။
စိမ်းပြာရောင် ဓားလိပ်ပြာတစ်ကောင် ရှိနေခြင်းကို ကုယွမ်၏ ကံကောင်းမှုဟု ဆိုနိုင်သော်လည်း ၎င်းအပြင် ငွေကျောကင်းခြေများနှင့် ဝါးမြိုခြင်းမြွေနဂါးကဲ့သို့သော အခြားဆန်းပြားသည့် မိစ္ဆာအင်းဆက်များကိုပါ ပိုင်ဆိုင်ထားသည်ဆိုပါက ထိုသူတို့သည် ကုနတ်ဘုရားဂိုဏ်း၏ တပည့်များ ဖြစ်နေကြတာလားသို့မဟုတ် ကုယွမ်ကသာ ထိုဂိုဏ်း၏ တပည့်စစ်စစ် ဖြစ်နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
ကုနတ်ဘုရားဂိုဏ်း၏ အမွေဆက်ခံသူများနှင့် အကြီးအကဲအများအပြား မွေးမြူထားကြသော ကျိုင်းကောင်ဝိညာဉ်များသည်ပင်လျှင် ကုယွမ်၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် တစ်ကောင်ချင်းစီကို မှီရန် ခဲယဉ်းသည်။
ထို့ကြောင့် ဤလျှို့ဝှက်ချက်ကို ဟေးရှောင်ဇီထံမှတစ်ဆင့် ပြင်ပသို့ လုံးဝ ပေါက်ကြားသွားခွင့် မပြုနိုင်ပေ