← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

ကျောက်စိမ်းအိုးမျှော်စင်သို့ ကုယွမ် ရောက်ရှိလာချိန်တွင် သူ့ထံသို့ ဦးတည်နေကြသည့် အကြည့်များမှာ ယခင်နှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားနေသည်ကို ချက်ချင်းပင် သတိပြုမိလိုက်သည်။

အံ့အားသင့်ခြင်း၊ ဝေခွဲမရဖြစ်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ရိုသေခြင်း၊ မယုံကြည်နိုင်ခြင်း...

အချုပ်အားဖြင့်ဆိုရသော် သူသည် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်မကြီး ဖြစ်လာခဲ့ပြီး သူ သွားလေရာ အရပ်တိုင်းတွင် သူ့ထံသို့ တရစပ် ရောက်ရှိလာနေသည့် အကြည့်များကို အာရုံခံမိနေသည်။

သူက ထိုအကြည့်များကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်ချိန်တွင်မူ ထိုသူတို့သည် သူတို့၏ အကြည့်များကို လျင်မြန်စွာ လွှဲဖယ်လိုက်ကြပြီး ကုယွမ်အား ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်အလား သဘောထားနေကြတော့သည်။

“ဂိုဏ်းတူညီလေးကု... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”

ထိုစဉ်၌ပင် ဖန်ရှောက်ကျဲက ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာခဲ့သည်။

“ဂိုဏ်းတူအစ်ကိုဖန်”

ကုယွမ်က လက်ဝါးချင်းယှက်၍ ဂါရဝပြုလိုက်သည်။

“အားနာမနေပါနဲ့ ဂိုဏ်းတူညီလေးကုရဲ့... ငါနဲ့အတူ လိုက်ခဲ့ပါဦး”

ဖန်ရှောက်ကျဲက ပြုံးလျက် လမ်းပြခေါ်ဆောင်သွားခဲ့သော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ ရှုပ်ထွေးလှသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူ ကုယွမ်နှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က သူ့ကို စိတ်ထဲ၌ သိပ်ပြီး ထည့်မထားခဲ့ပေ

မည်သို့ပင်ဆိုစေကာမူ စီမာယန်၏ တပည့်အဖြစ် သတ်မှတ်ခံရခြင်းသည်ပင် သူ၏ ပင်ကိုယ်ပါရမီနှင့် အသိဉာဏ်မှာ လွန်စွာ မြင့်မားကြောင်း သက်သေပြနေခြင်းပင်။

ကုယွမ်တွင် ထူးချွန်သော ပါရမီရှိသည်မှာ မှန်သော်လည်း အလွန်အမင်း ထူးဆန်းအံ့သြဖွယ်ရာမျိုးအထိ မဟုတ်ဘူးဟု သူ ထင်ခဲ့မိသည်။

ထို့ပြင် သူတို့၏ ဆရာသခင်များအကြားရှိ အဆင့်အတန်းနှင့် ရာထူးချင်းလည်း ကွာခြားသည်။

စီမာယန်သည် ဆေးဘုရင်တောင်တန်း၏ ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည့်အပြင် ဆေးဖော်စပ်ခြင်း မဟာဆရာတစ်ဦးလည်း ဖြစ်သဖြင့် သူ၏ ကျင့်ကြံခြင်း၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် အဆင့်အတန်းတို့မှာ ဆရာကြီးဟယ်လင်းထက် များစွာ သာလွန်သည်။

ထို့ကြောင့်ပင် သူသည် ကုယွမ်ကို အထင်ကြီးလွန်းခြင်း မရှိခဲ့ချေ။

ပါရမီဟူသည် တစ်ပိုင်းဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာရန်မှာ မလွယ်ကူလှပေ

အကယ်၍ ကောင်းကင်ဘုံလူသားနယ်ပယ် အောက်၌ ကျင့်ကြံခြင်းသည် ပါရမီ၊ စိတ်ရှည်မှုနှင့် ဇွဲနပဲတို့အပေါ် တည်မှီနေသည်ဆိုပါက ၎င်းနယ်ပယ်ထက် ကျော်လွန်သွားချိန်တွင်မူ ထိုထက်မကသော အရာများစွာ လိုအပ်ပေလိမ့်မည်။

ဥပမာအားဖြင့် ကျင့်ကြံခြင်း အထောက်အပံ့ ပစ္စည်းများ၊ အသိဉာဏ် ပွင့်လင်းမှုနှင့် ကံတရားတို့ ဖြစ်သည်။

ကုယွမ်က ဆေးဖော်စပ်ခြင်း အတတ်ပညာ၌ ထူးချွန်လှသော ပါရမီကို ပြသခဲ့ချိန်တွင်ပင် ဖန်ရှောက်ကျဲမှာ အနည်းငယ်မျှသာ အံ့အားသင့်ခဲ့ရသည်။

သို့သော်လည်း ကုယွမ်နှင့် ကြာမြင့်စွာ လက်တွဲလာခဲ့ရလေလေ သူ ပိုမို၍ ထိတ်လန့်တုန်လှုပ်လာရလေလေ ဖြစ်သည်။

အထူးသဖြင့် လွန်ခဲ့သော ရက်ပိုင်းက ကုယွမ်သည် ရွှေအမြုတေနယ်ပယ် မိစ္ဆာကြီးတစ်ကောင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြားသိလိုက်ရချိန်တွင်မူ သူသည် အချိန်ကြာမြင့်စွာ ကြောင်အမ်းကာ မှင်တက်သွားခဲ့ရတော့သည်။

ထိုအချိန်ကျမှသာ သူသည် ကုယွမ်ကို အလွန်အမင်း လျှော့တွက်မိခဲ့ကြောင်း အသေအချာ သဘောပေါက်သွားခဲ့တော့သည်။

သူတို့နှစ်ဦးသည် ဆေးဖော်စပ်ရာ အခန်းသို့ ရောက်ရှိလာခဲ့ကြပြီး အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက် ရိုသေစွာ ဝင်ရောက်ခဲ့ကြသည်။

အခန်းတွင်း၌မူ စီမာယန်သည် ယခင်အတိုင်းပင် စုတ်ပြဲနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာလည်း ဖရိုဖရဲဖြစ်လျက် ရုပ်သွင်ကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ ဆေးအိုးကြီး၏ ရှေ့မှောက်တွင် မလှုပ်မယှက် ထိုင်နေသည်။

“ဆရာ... ဂိုဏ်းတူညီလေးကု ရောက်လာပါပြီ”

ဖန်ရှောက်ကျဲက သတင်းပို့လိုက်သည်။

“အင်း... မင်း အပြင်ကို ခေတ္တ ထွက်နေလိုက်ဦး”

စီမာယန်က လက်ကို တစ်ချက်ဝှေ့ယမ်းလျက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

ဖန်ရှောက်ကျဲသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့ကာ တံခါးကို သေသေချာချာ ပြန်ပိတ်ပေးခဲ့သည်။

“ဆရာဦးလေး”

ကုယွမ်က ဂါရဝပြုလိုက်သည်။

“ကောင်းပြီ... အားနာစရာ အခမ်းအနားတွေ လုပ်မနေပါနဲ့ဦး”

စီမာယန်သည် ဤကိစ္စများကို စိတ်ထဲမထားဘဲ ကုယွမ်ကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။ သူသည် လတ်တလော ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မေးမြန်းခြင်း မပြုသေးဘဲ စိတ်လှုပ်ရှားစွာဖြင့် ဆေးအိုးအတွင်းရှိ ဆေးရည်ကို လက်ညှိုးထိုးပြလျက်

“ကုယွမ်... အမြန်လာစမ်း ဒီဆေးရည်ကို တစ်ချက်လောက် ကြည့်ပေးပါဦး။ မင်း အမြင်အရ ဘယ်လိုလဲဟင်”

“ဟင်...”

ကုယွမ်သည် တစ်ခဏမျှ ဆွံ့အသွားခဲ့ရပြီး စကားလုံးများမှာ လည်ချောင်းဝ၌ တစ်ဆို့သွားခဲ့သော်လည်း ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးစလုံးသည် ဆေးအိုးအတွင်းရှိ ဆေးဘက်ဝင် ပစ္စည်းများအကြောင်း၊ ဆေးဓာတ်ပြောင်းလဲမှုများနှင့် ဆေးလုံးဖော်စပ်ခြင်းဆိုင်ရာ သဘောတရားများကို အကြိတ်အနယ် စတင်ဆွေးနွေးကြတော့သည်။

“မှန်တယ်... အတိအကျပဲ... ဒီလိုမျိုးပေါ့...”

ကုယွမ်၏ စကားများကို နားထောင်ရင်း စီမာယန်က တရစပ် ခေါင်းငြိမ့်ထောက်ခံနေခဲ့ပြီး ကုယွမ်အပေါ် ပိုမို၍ စိတ်ကျေနပ်အားရမှု ရှိလာခဲ့သည်။

“အခု... ငါ့ကို သေသေချာချာ ပြောစမ်း လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့တာလဲ”

သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက်တွင်မူ အဓိကကျသော ကိစ္စရပ်သို့ ပြန်လည်ဦးတည်လိုက်ပြီး စီမာယန်က တည့်တည့်မတ်မတ်ပင် မေးမြန်းလိုက်တော့သည်။

လွန်ခဲ့သော ရက်ပိုင်းက ကုယွမ် ရောက်ရှိလာစဉ်ကပင် သူသည် စီမာယန်အား အခြေအနေအရပ်ရပ်ကို ကြိုတင်ရှင်းပြထားခဲ့ပြီး ဖြစ်သည်။

ကုယွမ်သည် ကိုယ့်ကိုကိုယ် ပစ်မှတ်ထားခံနေရသည်ကို သိရှိသဖြင့် ရန်သူကို မျှားထုတ်ရန်အတွက် တမင်တကာ ငါးစာအဖြစ် အသုံးချခဲ့ကြောင်း စီမာယန် ကောင်းစွာ သိရှိထားသည်။

ကုယွမ်၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ပါရမီကို ထောက်ထားသောအားဖြင့် စီမာယန်သည် သူ့အား အထူးကျောက်စိမ်းဆွဲပြားတစ်ခုကို ပေးအပ်ထားခဲ့ဖူးသည်။

အကယ်၍ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက စီမာယန်သည် ချက်ချင်း သတိပြုမိမည်ဖြစ်ပြီး လာရောက်ကူညီပေးမည်ပင်။

ထို့ကြောင့်ပင် ကုယွမ်သည် စိတ်အေးချမ်းသာစွာဖြင့် မြွေကို တွင်းပြင်ထွက်အောင် မျှားထုတ်ခြင်းလုပ်ငန်းစဉ်ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

ငါ့နောက်ကွယ်မှာ ယင်ဝိညာဉ်အဆင့်နဲ့ နီးကပ်နေပြီဖြစ်တဲ့ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦး ရှိနေတာပဲ... ဘာကို ကြောက်နေစရာ လိုတော့မှာလဲ...

သို့သော်ငြားလည်း ကုယွမ်သည် အလွန်အမင်း အန္တရာယ်များသောအခြေအနေနှင့် မကြုံတွေ့ခဲ့ရဘဲ ကြုံတွေ့ခဲ့လျှင်ပင် သူဘာသာ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပုံပင်။

“ဆရာဦးလေး... အခြေအနေက ဒီလိုပါ အဲဒီအချိန်တုန်းက...”

ကုယွမ်သည် ရှောင်ချင်းမှလွဲ၍ ကျန်ရှိသော ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များနှင့် ပတ်သက်သည့် အကြောင်းအရာများမှအပ ကျန်ရှိသော ကိစ္စရပ်အားလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

အားလုံးကို ကြားသိပြီးနောက် စီမာယန်သည် ခေါင်းငြိမ့်လိုက်ပြီး ကုယွမ်ကို နက်ရှိုင်းသော အကြည့်တစ်ခုဖြင့် စိုက်ကြည့်ရင်း ချီးမွမ်းရိပ်ပြည့်နှက်နေသော လေသံဖြင့် ဆိုလိုက်သည် “မင်းက တကယ်ကို မဆိုးဘူးပဲ။ ဟယ်လင်းကတော့ တကယ့်ကို တပည့်ကောင်းတစ်ယောက်ကို ရထားတာပဲ”

သူသည် ဤစကားကို ကုယွမ်နှင့် ပထမဆုံး ဆုံတွေ့စဉ်ကလည်း ပြောခဲ့ဖူးသော်လည်း ယခုအကြိမ်တွင်မူ အဓိပ္ပာယ်ချင်း လုံးဝ ကွဲပြားခြားနားသည်။

ထိုစဉ်က သူသည် ကုယွမ်၏ ဆေးဖော်စပ်ခြင်းလမ်းစဉ်ရှိ ထူးခြားဆန်းပြားသော ပါရမီကို အံ့အားသင့်သဖြင့် ချီးမွမ်းခဲ့ခြင်းပင်။

သို့သော် ယခုမူ သူ၏ ချီးမွမ်းမှုမှာ ကုယွမ် လက်တွေ့ထုတ်ဖော်ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်၊ ဆန်းကြယ်လှသော နတ်ဘုရားကျင့်စဉ်များ၊ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှုနှင့် ပြတ်သားရက်စက်မှုတို့ကြောင့်ပင်။

ကိုယ့်ကိုကိုယ် ငါးစာအဖြစ် အသုံးချလျက် ရန်သူကို မျှားထုတ်ရဲသည်အထိ သူသည် သူတစ်ပါးအပေါ်တွင်သာမက ကိုယ့်ကိုကိုယ်အပေါ်တွင်ပါ လွန်စွာ ပြတ်သားရက်စက်သူ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက သေဆုံးခြင်းသို့သာ ဦးတည်သွားမည် ဖြစ်သောကြောင့်ပင်။

အဓိကကျသောအချက်မှာ ကုယွမ်သည် ဤလောင်းကြေးကို အနိုင်ရရှိခဲ့ခြင်းပင်။

သူသည် ရန်သူကို သတ်ဖြတ်နိုင်ခဲ့ရုံတင်မကဘဲ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးအဖြစ်နှင့် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦးကို အောင်မြင်စွာ ကျော်ဖြတ်သတ်ဖြတ်နိုင်ခဲ့သဖြင့် မဟာအကျိုးကျေးဇူးများကို သိမ်းပိုက်နိုင်ခဲ့ခြင်းပင်။

“ဆရာဦးလေးကလည်း ချီးမွမ်းလွန်းနေပါပြီ”

ကုယွမ်က နှိမ့်ချစွာ ဆိုလိုက်ပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး စကားပြောရန် ပြင်လိုက်ပြီးမှ ပြန်လည်မျိုချလိုက်သည်။

စီမာယန်က ဆေးဖော်စပ်ခြင်းအတတ်ပညာမှာ နှစ်ပေါင်းများစွာ နစ်မြောနေခဲ့တာတောင်မှ အခုလို ကျင့်ကြံခြင်းအဆင့်အတန်းမျိုးအထိ ရောက်ရှိနေတဲ့သူဆိုတော့... ဘယ်လိုလုပ် သာမန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလဲ...

သူသည် ကုယွမ် ပြောချင်နေသည့်အရာကို သဘာဝကျစွာပင် ရိပ်မိလိုက်သဖြင့် ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“ကဲ... တော်ပြီ မင်းစိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ငါ့ရှေ့မှာ ဘာတွေ ထိန်းချန်ထားဖို့ လိုနေသေးလို့လဲ”

ကုယွမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။ ဤဆရာဦးလေးက သူ့ကို သူ့လူတစ်ယောက်ကဲ့သို့ ရိုးသားစွာ သဘောထားကြောင်း သိရှိသဖြင့် သူသည် မည်သည့်အရာကိုမျှ ထိန်းချန်မထားတော့ဘဲ သူ၏ သံသယများနှင့် အတွေးများကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟလိုက်တော့သည်။

“ဒီလိုပါ ဆရာဦးလေး... ယခင်က ကျွန်တော်တို့ ဆေးဘုရင်တောင်တန်းရဲ့ ကောင်းကင်ပျံနဂါးလှေပေါ်မှာတုန်းက တစ်ယောက်ယောက်က ခြောက်ပါးယင်မြေဆီလွှာ မသေမျိုးချီစွမ်းအင်ကို သုံးပြီး ကျွန်တော့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက...”

ဆက်လက်၍ ကုယွမ်သည် သူ ယခင်က မည်သို့ လုပ်ကြံခြင်း ခံခဲ့ရပုံ၊ ချုံမင်ဈေးနယ်မြေသို့ ရောက်ရှိလာပြီးနောက် ဆရာကြီးစိမ်းပြာရောင်သစ်သားနှင့် ဆုံတွေ့ခဲ့ပုံနှင့် လျှူကွမ်းက သူ့ထံသို့ မည်သို့ ချဉ်းကပ်လာခဲ့ပုံတို့ကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။

သူသည် လွန်ခဲ့သော ရက်ပိုင်းက ဆေးအိုးမျှော်စင်သို့ တမင်တကာ လာရောက်ခဲ့ခြင်းမှာ ဆရာကြီးစိမ်းပြာရောင်သစ်သားအား မြင်တွေ့စေရန် ဖြစ်ပြီး ၎င်းထံမှတစ်ဆင့် အခြားသူများကို သတင်းပေးပို့စေရန် အသုံးချခဲ့ခြင်း ဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

လက်တွေ့အခြေအနေများက သက်သေပြနေသည်မှာ သတင်းပေးပို့ခဲ့သူမှာ ဆရာကြီးစိမ်းပြာရောင်သစ်သားပင်။ တစ်နည်းအားဖြင့်ဆိုရသော် ထိုသူသည် ကုနတ်ဘုရားဂိုဏ်းနှင့် တိတ်တဆိတ် ပူးပေါင်းကာ သူဂိုဏ်းသား တပည့်အချင်းချင်းကို နောက်ကွယ်မှနေ၍ မဟုတ်မမှန် လုပ်ကြံဖန်တီးခဲ့ခြင်းပင်။

ကုယွမ် စကားပြောပြီးသွားသောအခါ စီမာယန်သည် အချိန်အတော်ကြာအောင် စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်သွားခဲ့သည်။

သူက ခေါင်းကိုသာ ခပ်ဖွဖွ ငြိမ့်လိုက်ပြီး “ကောင်းပြီ... ငါ သဘောပေါက်ပြီ” ဟု ပြောလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကုယွမ်၏ ရင်ထဲ၌ အေးစိမ့်သွားခဲ့သော်လည်း ဆက်လက်၍ မပြောတော့ဘဲ အကင်းပါးစွာဖြင့် အခြားအကြောင်းအရာတစ်ခုသို့ လွှဲပြောင်းလိုက်တော့သည်။

...

ကုယွမ် ထွက်ခွာသွားခဲ့သည့်တိုင်အောင် စီမာယန်သည် ဆရာကြီးစိမ်းပြာရောင်သစ်သား၏ ကိစ္စကို ထပ်မံ၍ ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ

သို့သော်လည်း ကုယွမ်၏ သိုလှောင်အိတ်အတွင်း၌မူ ပစ္စည်းအသေးအဖွဲအချို့ ထပ်မံတိုးပွားလာခဲ့ပြီ ဖြစ်သည်။

နောက်ထပ် ကုန်လွန်သွားသော ရက်ပိုင်းအတွင်း ကုယွမ်သည် သူ၏ အချိန်များကို အကျိုးရှိစွာ အသုံးချခဲ့ပြီး နတ်ဘုရားကျင့်စဉ်များကို လေ့လာလိုက်စားခြင်း သို့မဟုတ် ဆေးလုံးများ ဖော်စပ်ခြင်းတို့၌သာ အာရုံစိုက်နေခဲ့သဖြင့် လွန်စွာ စိတ်အေးချမ်းသာမှု ရှိနေခဲ့သည်။

ပါးစပ်ကြီးနှင့် ပတ်သက်၍မူ... ၎င်းသည် ဟေးရှောင်ဇီ၏ မိစ္ဆာဆေးတောင့်ကို မျိုချပြီးကတည်းက အလွန်အမင်း အိပ်ငိုက်နေခဲ့ပြီး အစာလွန်သွားသည့်အလား ပျင်းရိလေးတွဲနေကာ လှုပ်ရှားမှုများမှာလည်း ယခင်ကထက် များစွာ နှေးကွေးလို့နေခဲ့တော့သည်။

All Chapters